← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

စုန့်ဝမ်လည်း ကျိုးယင်အ​ကြောင်း တိုက်ရိုက်မမေးသာတာနဲ့ ပတ်ဝန်းကျင်အခြေအနေကိုပဲ မေးမြန်းစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒုတိယအကို .. အိမ်အပြင်ဘက်မှာ စိုက်ခင်းတွေ အများကြီးပဲ။ ဘာပင်တွေ စိုက်ထားတာလဲ"

"အဲဒါ ဆရာစိုက်ပျိုးထားတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ။ မှန်မှန်ကန်ကန် အသုံးချတတ်ရင် ငါတို့လို ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေနိုင်တယ်တဲ့"

"ကျနော် ခုနက တောင်​ခြေရင်းမှာ ကျောက်တံခါးနဲ့ ပိတ်ထားတဲ့ဂူတစ်လုံး တွေ့မိတယ်။ အဲဒါက ...."

"အဲဒါက ရိုးရိုးဂူ မဟုတ်ဘူး။ ဆရာဆေးဖော်တဲ့ဂူ"

ပြောနေရင်း ကျန်းချန်အသံက လေးနက်လာတယ်။

"ဆေးစိုက်ခင်း၊ ဆေးဖော်တဲ့ဂူနဲ့ ဒုတိယအထပ်ကို ငါတို့သွားလာခွင့် မရှိဘူး။ ဆရာဆီက ခွင့်ပြုချက်မရဘဲ လုံးဝမဝင်ရဘူး"

"ဟုတ်ကဲ့၊ ခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် အကိုနှစ်"

စုန့်ဝမ်လည်း သူ့အပေါ် ကျန်းချန် စိတ်မကွက်အောင်နဲ့ အပေါ်ထပ်က စောင့်ကြည့်နေနိုင်တဲ့ကျိုးယင် သတိမထားမိအောင် လိုတာထက် ပိုမမေးတော့ဘဲ စကားစဖြတ်လိုက်တယ်။

ကျန်းချန်က ပြောစရာရှိတာ ပြောပြီးတာနဲ့ ပြန်ထွက်သွားတယ်။ စုန့်ဝမ်လည်း အချိန်တွေ အလဟသမဖြစ်အောင် ကျင့်ကြံမှုကို အာရုံစိုက်လိုက်တယ်။

နှစ်ထပ်အိမ်ဆီ ရောက်ပြီးတည်းက စုန့်ဝမ် ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်သွားတယ်။ ကျိုးယင်က သူ့ကို အိမ်အလုပ်တွေ မလုပ်ခိုင်းဘူး။ ခြံဝင်းထဲ သင်ကြားပို့ချချိန်လေးပဲ လိုက်ပါပေးရတယ်။ ပြီးရင် တစ်နေကုန် စားလိုက်၊ အိပ်လိုက်၊ ကျန်တဲ့အချိန် ကျင့်ကြံလိုက်နဲ့ နေ့ရက်တွေ ဖြတ်သန်းနေရတယ်။

ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လွန်ပြီး တစ်လပြည့်တဲ့နေ့ ရောက်လာတယ်။ စုန့်ဝမ်လည်း စောစောထပြီး ကျိုးယင်နဲ့အတူ ခြံဝင်းထဲ လိုက်ပါဖို့ အိမ်ရှေ့မှာ စောင့်နေခဲ့တယ်။

အဲဒီအချိန် အားနို အနားရောက်လာတယ်။

"တတိယညီငယ်၊ ဒီနေ့ကစပြီး မင်းနဲ့ ဒုတိယညီတို့ ခြံဝင်းထဲမှာ မနက်ပိုင်း သင်ခန်းစာ သင်ယူဖို့ မလိုတော့ဘူးလို့ ဆရာက ပြောလိုက်တယ်"

အားနိုစကားကြောင့် စုန့်ဝမ်လည်း ခြံဝင်းငယ်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ်။ အရင်က လူစည်ကားနေတဲ့ခြံဝင်းငယ်ထဲ ဒီနေ့ လူသူရှင်းလင်း တိတ်ဆိတ်နေပြီ။

အားနိုက စုန့်ဝမ်အကြည့်ကို သတိထားမိသွားတယ်။

"ဆရာက သူတို့ကို ပြန်လွှတ်လိုက်ပြီ။ သူတို့က ကျင့်ကြံသူဖြစ်ဖို့ ပါရမီ မပါဘူး။ ဝိညာဉ်ချီကို မစုစည်းနိုင်ဘူးလေ။ ဒီမှာ ဆက်နေခိုင်းလို့လည်း ဘာမှမထူးဘူး"

စုန့်ဝမ် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ်။ ဒီလူငယ်လေးတွေကို ပြန်လွှတ်ပေးလိုက်တယ်တဲ့လား၊ တကယ်က လောကကြီးကနေ လုံးဝပျောက်ကွယ်အောင် နှင်ထုတ်လိုက်တာမလား။ ဒါပေမယ့် သူ့ခံစားချက်ကို အားနို မရိပ်မိအောင် ထိန်းချုပ်ပြီး အတတ်နိုင်ဆုံး ပြုံးပြလိုက်ရတယ်။

"လာအသိပေးလို့ ကျေးဇူးတင်ပါတယ် အကိုကြီး၊ မဟုတ်ရင် ကျနော် သွားမိတော့မလို့ပဲ"

ဟန်ဆောင်ထားပေမယ့် အဲဒီလူငယ်တွေ ကြုံရတဲ့အဖြစ်ဆိုးကို တွေးမိပြီး စုန့်ဝမ် ကြောက်လာသလို၊ ကျိုးယင်ကိုလည်း ပိုမုန်းတီးလာတယ်။ ဖြစ်နိုင်ရင် တစ်အိမ်ထဲမှာ တစ်စက္ကန့်တောင် အတူမနေချင်တော့ဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ လက်တလော စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ဖို့ပဲ တတ်နိုင်တယ်။

"မနက်ခင်း လေကောင်းလေသန့်ရှူရတာ ကျန်းမာရေးအတွက် ကောင်းတယ် အကိုကြီး၊ ကျနော် ​ဒီနားလေးမှာ ခဏလောက် လမ်းလျှောက်လိုက် ဉီးမယ်"

"အေး .. ငါလည်း လိုက်ခဲ့မယ်။ ဒီရက်ပိုင်း တချိန်လုံး ကျင့်ကြံနေရတော့ နည်းနည်းပျင်းနေပြီ"

အားနို ပြောသလိုပဲ၊ ဒီရက်ပိုင်း သူက ကျိုးယင်နဲ့အတူ ဒုတိယထပ်မှာ အနေများတော့ သိပ်တောင်မတွေ့ခဲ့ရဘူး။

ဒီလိုနဲ့ စုန့်ဝမ်နဲ့ အားနိုတို့ အိမ်အနီးနားဝန်းကျင်မှာ အတူလမ်းလျှောက်ထွက်ကြတယ်။ လမ်းလျှောက်ရင်း စုန့်ဝမ်က အားနိုမိသားစုအကြောင်း မေးကြည့်တယ်။ အားနိုကလည်း စိတ်လိုလက်ရ ပြန်ဖြေတယ်။ သူက အတော်လေးခေါင်တဲ့ တောရွာလေးမှာ မွေးခဲ့တာ။ မွေးချင်း ၅ ယောက် ရှိတယ်။ မိသားစုဝင် ၇ ယောက် ရှိပြီး လယ်ကလည်း ၂ မူ (ဧကတစ်ဝက်မပြည့်တပြည့်)ပဲ ပိုင်ဆိုင်တော့ ဆင်းရဲကြပ်တည်းတယ်။ သူက သားအကြီးဆုံးဆိုတော့ ၈ နှစ်သားတည်းက မိဘတွေနဲ့အတူ လယ်လုပ်တာ၊ တောထဲ အမဲလိုက်တာတွေ လုပ်ခဲ့ရတယ်။ မိသားစုက ဆင်းရဲလို့ ပညာသင်မပေးနိုင်ပေမယ့် ရွာမှာရှိတဲ့ဆရာတစ်ယောက်က သနားပြီး သင်ကြားပေးခဲ့လို့ စာသင်ခွင့်ရခဲ့တယ်။

အိမ်နဲ့ ခပ်လှမ်းလှမ်း ရောက်လာတော့မှ စုန့်ဝမ်က သူသိချင်နေတဲ့ ကျင့်ကြံမှုအကြောင်း စမေးလိုက်တယ်။

"ကျနော်တို့ထဲမှာ အကိုကြီးက အရင်ဆုံး ကျင့်ကြံခဲ့တာဆိုတော့ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်မယ်။ အခု ဘယ်အဆင့်ရောက်နေပြီလဲ"

"ငါလား၊ ချီသန့်စင်မှု ပထမအလွှာရဲ့ နှောင်းပိုင်းအဆင့် ရောက်နေပြီ"

စုန့်ဝမ် အံအားသင့်သွားတယ်။ သူက အားနိုနဲ့ တချိန်တည်း ချီစုစည်းမှုကို စတင်ခဲ့တာ။ ဝိညာဉ်ချီကို အာရုံခံမိတာဆို ပိုတောင်စောသေးတယ်၊ ပါရမီ ပိုကောင်းတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ခုထိ ချီသန့်စင်မှု ပထမအလွှာရဲ့ အလယ်အလတ်အဆင့် ရောက်ဖို့ အတော်လိုသေးတယ်။ အားနိုက နှောင်းပိုင်းအဆင့်တောင် ရောက်ပြီတဲ့လား။ ဘယ်လိုမှ မဖြစ်နိုင်တာ။

"ဘယ်လိုလုပ်ပြီး အဲ့လောက်မြန်မြန် တိုးတက်သွားတာလဲ"

စုန့်ဝမ်က မယုံနိုင်ဖြစ်ပြီး မေးလိုက်မိတယ်။

အားနိုမျက်နှာ တည်သွားတယ်။ ခဏလောက် တွေဝေသွားပြီးမှ ဘေးဘယ်ညာ ကြည့်​ရင်း ခပ်တိုးတိုး ပြောလာတယ်။

"ဆရာက မင်းတို့ကို မပြောဖို့ တားမြစ်ထားတယ်။ ဒီလိုကွ၊ ဆရာက သွေးချီဆေးလုံးဆိုတဲ့ ဆေးတစ်မျိုး ဖော်စပ်ခဲ့တယ်။ အဲဒီဆေးကို သောက်ပြီးတဲ့နောက်ပိုင်း ငါ့ကျင့်ကြံမှု မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပဲ။ တစ်လုံးသောက်လိုက်တာနဲ့ အစောပိုင်းကနေ နှောင်းပိုင်းအဆင့်ထိ တန်းရောက်ခဲ့တာ"

"သွေးချီဆေးလုံး"

စုန့်ဝမ် ခပ်တိုးတိုး ရေရွတ်ရင်း လွန်ခဲ့တဲ့ရက်ပိုင်းက အားနိုရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို ပြန်မြင်​ယောင်မိသွားတယ်။

"အဲဒီဆေး သောက်ပြီးတော့ ဘေးထွက်ဆိုးကျိုး ခံစားရသေးလား"

အားနိုက မချိပြုံး ပြုံးပြတယ်။

"ခံရတာပေါ့ကွာ၊ သွေးချီကုန်ခမ်းတာ အရမ်းမြန်တယ်။ သောက်ပြီးလို့ သိပ်တောင် မကြာဘူး၊ အဘိုးအိုတစ်ယောက် ဖြစ်သွားသလိုကို ခံစားခဲ့ရတာ"

ပြော​နေရင်း စကားရပ်ပြီး သက်ပြင်းချနေတယ်။ ခဏနေမှ ဆက်ပြောလာတယ်။

"ဒါပေမယ့် ဆရာက အားဆေးတွေ အများကြီးပေးခဲ့တယ်။ အခုတော့ ပြန်ကောင်းလာပါပြီ။ ဆရာ့နည်းလမ်းက ပြင်းထန်ပေမယ့် အရမ်းစွမ်းတယ်။ ကျင့်ကြံမှုအဆင့်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်တယ်။ ငါသာ ချီသန့်စင်မှု ဒုတိယအဆင့် ရောက်ရင် ထျန်းရှာဂိုဏ်းမှာ ခန်းမသခင်ရာထူး ပေးမယ်လို့ ဆရာက ကတိပေးထားတယ်။ အဲဒါဆို တစ်လ ငွေတေးလ်တစ်ရာ ရမယ်။ ငါ့မိသားစုလည်း အဆင်ပြေမှာပေါ့ကွာ"

အားနိုမျက်နှာမှာ ကျိုးယင်အပေါ် လေးစားရိုသေမှုတွေအပြည့် ဖုံးလွှမ်းနေတာကြောင့် စုန့်ဝမ် အသာငြိမ်နေလိုက်တယ်။ သူ့ရင်ထဲမှာတော့ ကျိုးယင်အပေါ် သံသယ ပိုကြီးလာပြီ။ အခု အားနိုကို ကြည့်ရတာ ပုံမှန်အတိုင်းပဲ၊ အရင်ရက်တွေက မြင်တွေ့ခဲ့ရတဲ့ ဝေဒနာလက္ခဏာတွေ ကင်းစင်နေပြီ။ ဒါပေမယ့် ဆေးပညာ မတတ်တာကြောင့် အတွင်းအဂ်ါတွေမှာ ပြဿနာ ရှိသေးလားဆိုတာတော့ စုန့်ဝမ် အကဲမခတ်တတ်ဘူး။

အခြေအနေကိုတော့ စုန့်ဝမ် ရိပ်စားမိသွားပြီ။ သွေးချီဆေးလုံးမှာ ပြဿနာတစ်ခု ရှိနေတာ သေချာတယ်။ မဟုတ်ရင် ကျိုးယင်က တန်ဖိုးကြီးဆေးလုံးမျိုး တပည့်တွေကို ဘယ်လိုလုပ် ရက်ရက်ရောရော တိုက်ပါ့မလဲ။ ကျိုးယင် တပည့်စုတယ်ဆိုပြီး ကျင့်ကြံနိုင်တဲ့လူငယ်တွေကို ရှာနေတာ သူ့ဆေး စမ်းသပ်ဖို့သက်သက်ပဲ။ တပည့်ဖြစ်သွားသူတိုင်း ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံကြွက်ဘဝ ရောက်သွားတာပဲ။

ကျိုးယင်မှာ တခြားတပည့်တွေ မရှိတော့တာ ဆေးစမ်းသပ်ရင်း သေဆုံးသွားလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် လူသစ်တွေ တစ်သုတ်ပြီး တစ်သုတ် ခေါ်နေတာ။ ထျန်းရှာဂိုဏ်းသားတွေတောင် ကျိုးယင် တပည့်ခေါ်တာကို ကြောက်နေပုံထောက်ရင် ဒီအချက်က သေချာတယ်။

စုန့်ဝမ် အန္တရာယ်အငွေ့အသက်ကို ခံစားမိလာပြီ။ အားနို ချီစုစည်းနိုင်ပြီး ရက် ၂၀ အကြာမှာ ဆေးစမ်းသပ်ခံရတယ်။ ဒါဆို သူ့အတွက်လည်း ရက်သိပ်မကျန်တာ သေချာတယ်။ အားနိုနဲ့ ကျန်းချန်သာ အချိန်နည်းနည်း ပိုတောင့်ခံနိုင်ရင် လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်မယ်လို့ စုန့်ဝမ် တွေးမိတယ်။

လမ်းလျှောက်အပြီး နှစ်ထပ်အိမ်ဆီ ပြန်ရောက်တာနဲ့ အချိန်မဆွဲတော့ဘဲ ထွက်ပြေးဖို့ အစီအစဉ်ဆွဲတယ်။ အရေးအကြီးဆုံးက ကျိုးယင်ရဲ့ အချိန်ဇယားကို သိဖို့ပဲ။ ဒီရက်ပိုင်း ကျိုးယင်က အပေါ်ထပ်မှာပဲ အချိန်ကုန်နေလို့ သူဘာလုပ်နေလဲဆိုတာ သိခွင့်မသာခဲ့ဘူး။ အခုတော့ သိအောင်လုပ်ဖို့ အချိန်တန်ပြီ။

စုန့်ဝမ် အပေါ်ထပ်တတ်တဲ့ လှေကားနားအရောက် ချီတုံချီချဖြစ်ပြီး တွေဝေနေသေးတယ်။ နောက်ဆုံးတော့ စိတ်ငြိမ်ငြိမ်ထားပြီး ရှေ့ကိုခြေတစ်လှမ်း တိုးလိုက်ပါတော့တယ်။

..............

All Chapters