← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

"ဆရာ .. အထဲမှာ ရှိပါသလား၊ တပည့်စုန့်ဝမ် ကျင့်ကြံတဲ့နေရာမှာ အခက်ကြုံနေလို့ ဆရာ့လမ်းညွှန်မှု ခံယူချင်ပါတယ်"

စုန့်ဝမ် စကားပြောနေရင်း ​အပေါ်ထပ်ဝရံတာကို ရောက်တာနဲ့ အခွင့်ကောင်းယူပြီး ပတ်ဝန်းကျင်အနေအထားကို လေ့လာနေတယ်။ နှစ်ထပ်အိမ်က တောင်အနီးနားမှာ ဆောက်ထားတာ။ အနောက်ဖက် ခပ်လှမ်းလှမ်းမှာ ချောက်ကမ်းငယ်တစ်ခု ရှိတယ်။ သစ်ပင်တွေ မရှိသလို မျက်နှာပြင်က ချောမွတ်နေတော့ တက်ရတာ အတော်ခက်မယ်။

ချောက်ကမ်းပါးနောက်မှာ ပေတစ်ရာကျော်မြင့်တဲ့ တောင်ကုန်းတစ်ခု ရှိတယ်။ မက်စောက်သလို သစ်ပင်၊ နွယ်ပင် အရမ်းထူထပ်လို့ တက်ဖို့ ခဲယဉ်းပြန်တယ်။ ကျန်တဲ့ မျက်နှာစာ ၃ ဖက်က ဆယ်ပေ​လောက်မြင့်တဲ့နံရံတွေ ကာရံထားပြီး အစောင့်တွေလည်း ရှိတယ်။ ကျော်လွှားနိုင်ရင်တောင် ထျန်းရှဂိုဏ်းနယ်မြေထဲမှာပဲ ရှိဦးမယ်။ အဲဒီနေရာတွေက လူသွားလူလာများပြီး လုံခြုံရေးတင်းကြပ်လို့ ထွက်ပြေးဖို့ ခက်တယ်။ ထွက်ပြေးဖို့ တစ်ခုတည်းသောလမ်းကြောင်းက အနောက်ဖက်တောင်ကုန်းကို ဖြတ်ကျော်ဖို့ပဲ ရှိတော့တယ်။

စုန့်ဝမ် အတွေးများနေချိန် အခန်းထဲက ကျိုးယင်အသံ ထွက်ပေါ်လာတယ်။

"စုန့်ဝမ်လား .. ဝင်ခဲ့"

စုန့်ဝမ် တံခါးတွန်းဖွင့် ဝင်လာတော့ ဖျာပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း စာဖတ်နေတဲ့ကျိုးယင်ကို တွေ့လိုက်တယ်။ ကျိုးယင်က စာအုပ်ကို လှန်လှောရင်း တစ်ခုခုကို ရှာနေသလိုပဲ။ စုန့်ဝမ်လည်း အနားတိုးသွားပြီး အရိုအသေ ပေးလိုက်တယ်။

"ထိုင် .. ဘာပြဿနာ ကြုံနေတာလဲ"

ကျိုးယင်က ခေါင်းညိမ့်အသိအမှတ်ပြုရင်း ထိုင်ခိုင်းတယ်။

စုန့်ဝမ်လည်း ဝင်ထိုင်လိုက်တယ်။

"ဒီလိုပါ ဆရာ၊ မကြာသေးခင်က ကျနော့်ကျင့်ကြံမှု တိုးတက်နှုန်း နှေးလာသလို ခံစားနေရလို့ပါ"

"အင်း .. ဘယ်နေရာမှာ အခက်ကြုံနေတာလဲ"

"ဝိညာဉ်ချီက သွေးကြောထဲကတဆင့် ဒန်တန်ကို ရောက်လာချိန် သန့်စင်တဲ့အခါ နည်းနည်းလေးပဲ သန့်စင်နိုင်တယ်။ အများစုက လေလွင့်ဆုံးရှုံးသွားလို့ပါ"

ဒီပြဿနာက စုန့်ဝမ် လုပ်ကြံပြောတာ မဟုတ်ဘူး၊ အမှန်တကယ် ရင်ဆိုင်နေရတာ။

"ကျမ်းထဲက ရွှံစေးလုံးထဲ ဝင်ရောက်ခြင်းနဲ့၊ အကြောဆုံသို့ ဆင်းသက်ခြင်းဆိုတဲ့ စကားစုတွေကို မင်းဘယ်လို နားလည်ထားလဲ"

ကျိုးယင်က တိုက်ရိုက်အဖြေမပေးဘဲ သက်ရှည်နည်းစနစ်ကျမ်းထဲက စကားစုတွေကို ပြန်မေးလာတယ်။

"တပည့် နားလည်ထားတာက ရွှံစေးလုံးထဲ ဝင်ရောက်ခြင်းဆိုတာ နီဝမ်နန်းတော်ဆိုတဲ့ ဉီးခေါင်းကို ရည်ညွှန်းတာဖြစ်လို့ ဝိညာဉ်ချီကို စိတ်ပိုင်းဆိုင်ရာနေရာမှာ သန့်စင်ပြီး စိတ်ဝိညာဉ်ကို အားဖြည့်ခိုင်းတာပါ။ အကြောဆုံသို့ ဆင်းသက်ခြင်းဆိုတာ သန့်စင်ပြီးသား ဝိညာဉ်ချီကို ဒန်တန်ဆီ ပို့လွှတ်ထိန်းသိမ်းစေတာပါ"

ကျိုးယင်က ခေါင်းညိမ့်ပြပြီး အသေးစိတ် ဆက်ရှင်းပြပေးတယ်။ ၁၅ မိနစ်လောက် ရှင်းပြပြီးချိန်မှာ စုန့်ဝမ်လည်း သူနားလည်မှု လွဲမှားနေတာတွေကို တွေ့သွားပြီး ပြင်ဆင်လိုက်နိုင်တယ်။

ကျိုးယင် သင်ပြပြီးတာနဲ့ စုန့်ဝမ်လည်း နှုတ်ဆက်ပြီး ပြန်ထွက်ဖို့ ဟန်ပြင်လိုက်တယ်။ ထဖို့လုပ်ရင်း ကျိုးယင်ကိုင်ထားတဲ့ စာအုပ်မျက်နှာဖုံးကို အမှတ်မထင် မြင်လိုက်လို့ ဖတ်ကြည့်မိသွားတယ်။ "အဆင့်နိမ့်ဝိညာဉ်ဆေးပင် စိုက်ပျိုးရေးလက်စွဲ"။ စာအုပ်က စာမျက်နှာ သိပ်မများလှဘူး၊ ခပ်ပါးပါးပဲ ရှိတယ်။

ကျိုးယင်က စုန့်ဝမ်အကြည့်ကို သတိထားမိသွားတယ်။

"မင်း ဒီစာအုပ်ကို စိတ်ဝင်စားလား"

စုန့်ဝမ်လန့်သွားပြီး ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။ စပ်စုတယ်လို့ ကျိုးယင် ထင်သွားမှာကိုလည်း စိုးရိမ်သွားတယ်။

ကျိုးယင်က အဲ့လောက်ထိ တွေးမနေဘူး။ စာဖတ်တတ်တဲ့လူငယ်က စာအုပ်မြင်လို့ စိတ်ဝင်စားတယ်ပဲ ယူဆပြီး စာအုပ်ကို လှမ်းပေးတယ်။

"ရော့ .. ဖတ်ချင်ရင် ယူသွားလိုက်"

စုန့်ဝမ်လည်း စာအုပ်ကို ယူပြီး ကြည့်လိုက်တယ်။ ပထမဆုံး စာမျက်နှာမှာ ရီသွေးနွယ်ပင်ဆိုတဲ့ ဝိညာဥ်ဆေးပင်အကြောင်း မိတ်ဆက်ဖော်ပြပြီး၊ စိုက်ပျိုးနည်းပါ ဖော်ပြထားတယ်။ ဆေးပင်ရဲ့ပုံလည်း ပါတယ်။ စုန့်ဝမ် အသံထွက်ပြီး ဖတ်ကြည့်လိုက်တယ်။

"ရီသွေးနွယ်ပင်က ဝိညာဥ်ဆေးပင်တစ်ပင် ဖြစ်ပြီး နွေးထွေးတဲ့ရာသီဥတုကို နှစ်သက်တယ်။ မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်တယ်။ အအေးဒဏ်ကို ခံနိုင်သော်လည်း ရေကို မနှစ်သက်"

"မင်းဘယ်လိုသဘောရလဲ"

စုန့်ဝမ်က ကူးပြောင်းမလာခင် တရုတ်တိုင်းရင်းဆေးလုပ်ငန်းတစ်ခုမှာ အတန်ကြာ အလုပ်လုပ်ခဲ့ဖူးလို့ ဆေးပင်စိုက်ပျိုးနည်းအကြောင်း နည်းနည်း သိထားတယ်။

"တပည့်အမြင်အရ ရီသွေးနွယ်ပင်ကို နေရောင်ကောင်းကောင်းရတဲ့ ဆင်ခြေလျှောမှာ စိုက်သင့်တယ်။ မြေဆီလွှာပြည့်ပြီး သဲဆန်တဲ့မြေ ဖြစ်ရမယ်။ ရေစီးရေလာကောင်းစေဖို့ ရေနုတ်မြောင်းတွေ သေချာဖောက်ပေးထားရမယ်။ အအေးဒဏ် ခံနိုင်တယ်ဆိုပေမယ့် ဒီမှာက ဆောင်းရာသီ အအေးလွန်ကဲတတ်လို့ အကာအကွယ်တစ်ခုခု စီစဥ်ထားသင့်တယ်"

စုန့်ဝမ်လည်း ဦးနှောက်ကို ဖြစ်ညစ်ထုတ်ပြီး သေချာပြောလိုက်တယ်။ သူသာ စိုက်ပျိုးရေးပိုင်းမှာ တန်ဖိုးရှိကြောင်း ပြနိုင်ရင် ဆေးစမ်းသပ်တာ မခံရဖို့ မျှော်လင့်ချက် ရှိတယ်။ အနည်းဆုံး အချိန်ဆွဲနိုင်လိမ့်မယ်။

စုန့်ဝမ် မျှော်လင့်ချက် မှန်သွားတယ်။ သူ့အဖြေ ကြားတာနဲ့ ကျိုးယင်မျက်လုံးတွေ ကျေနပ်တဲ့အရိပ်အယောင် ပေါ်လာတယ်။

"မင်းရဲ့ ကျင့်ကြံမှုပါရမီက သာမန်ပဲ။ ဒါပေမယ့် ဝိညာဥ်ဆေးပင်စိုက်ပျိုးရေးမှာ အရည်အချင်း ရှိပုံရတယ်"

ကျိုးယင်လည်း စုန့်ဝမ်ကို ကြည့်ရင်း သေချာစဥ်းစားနေတယ်။ သူက ချီစုစည်းခြင်း တတိယအဆင့်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာ၊ ချီစုစည်းခြင်း ပထမအဆင့် ၃ ဆင့်က အစောပိုင်းအဆင့်ပဲ ရှိတယ်၊ သာမန်သေမျိုးထက် သာလွန်ပေမယ့် အများကြီး မကွာခြားဘူး။ စတုတ္ထအဆင့်ရောက်မှ အင်မော်တယ်လမ်းပေါ် အမှန်တကယ် ရောက်ရှိပြီး သေမျိုးတွေနဲ့ လုံးဝကွာခြားသွားမှာ။

ကျိုးယင်ဆီမှာ ချီစုစည်းခြင်း အလယ်အလွှာ ချိုးဖျက်ရောက်ရှိအောင် ကျင့်ကြံဖို့ နည်းစနစ် ၂ ခု ရှိတယ်။ သက်ရှည်နည်းစနစ်က ဝိညာဥ်စွမ်းအင်ကို ကျင်ကြံတာဖြစ်တော့ ဒြပ်စင်စွမ်းအင်တွေ မပါလို့ တိုက်ခိုက်တဲ့နေရာမှာ အသုံးမဝင်ဘူး။ သက်တမ်းရှည်ရုံသက်သက်ပဲ အကျိုးပြုတယ်။ ဒီနည်းစနစ် တန်ဖိုးသိပ်မကြီးလို့ ကျင့်ကြံသူလောကမှာ အများသုံးလို ပြန့်နှံ့နေတာ။ ပါရမီနည်းသူ၊ လေလွင့်ကျင့်ကြံသူတွေရဲ့ လက်စွဲလို့တောင် ဆိုနိုင်တယ်။

သက်ရှည်နည်းစနစ်ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုက သူ့နာမည်အတိုင်း လူ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တာပဲ။ မှတ်တမ်းတွေအရဆို သက်ရှည်နည်းစနစ်ကို ကျင့်ကြံသူတစ်ယောက်ဟာ ချီစုစည်းခြင်း နှောင်းပိုင်းအလွှာ နဝမအဆင့်ကို ရောက်ရှိခဲ့ပြီးတဲ့နောက် အသက် ၁၈၀ ထိ နေသွားခဲ့တယ်တဲ့။ ဒီသက်တမ်းဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့သက်တမ်းထက် နှစ် ၂၀ လောက်ပဲ လျှော့နည်းတယ်။ ဒါကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ မျှော်လင့်ချက် မရှိတဲ့ ကျင့်ကြံသူတွေက သက်ရှည်နည်းစနစ်ကို ရွေးချယ်ကျင့်ကြံကြတယ်။

ခက်တာက သက်ရှည်နည်းစနစ်ရဲ့ သက်တမ်းတိုးပေးနိုင်တဲ့ အာနိသင်က ပထမအလွှာမှာ မပေါ်သေးဘူး။ စတုတ္ထအဆင့် ရောက်တော့မှ အကျိုးသက်ရောက်မှု စခံစားရတယ်။ ပထမအလွှာက သေမျိုးတွေထက် သန်စွမ်းရုံပဲ ရှိတယ်။

ဒါကြောင့် ကျိုးယင်လို တတိယအဆင့်နှောင်းပိုင်းမှာ ကာလရှည်ကြာ ပိတ်မိနေသူအတွက် အဆင့်ချိုးဖျက်ဖို့က အသက်တမျှ အရေးကြီးနေတာ။ ချိုးဖျက်ပြီးတာနဲ့ တစ်သက်တာအတွင်း ဆဋ္ဌမအဆင့်ထိ ရောက်ရှိဖို့ မျှော်လင့်ထားတယ်။ တတိယအလွှာကိုတော့ သူမမျှော်မှန်းဝံ့တော့ဘူး။

အဆင့်ချိုးဖျက်နိုင်ဖို့က သူ့လို ပါရမီနည်းတဲ့ လေလွင့်ကျင့်ကြံသူအတွက် ပင်ကိုယ်စွမ်းရည်သက်သက်နဲ့ မဖြစ်နိုင်ဘူး။ သွေးချီဆေးလုံးလို ကျင့်ကြံမှု မြှင့်တင်ပေးနိုင်တဲ့ဆေးမျိုး လိုအပ်နေတယ်။

မူလက ဆေးဆရာတစ်ယောက်ဖြစ်တဲ့ ကျိုးယင်က ဆေးပင်ရှာရင်း တောင်ပေါ်တစ်နေရာမှာ လေလွင့်ကျင့်ကြံသူတစ်ယောက်ရဲ့အုတ်ဂူကို မတော်တဆ တွေ့ခဲ့တယ်။ အဲဒီကနေ ကျင့်ကြံရေးနည်းစနစ်၊ မှော်အဆောင်ရေးဆွဲနည်းအခြေခံကျမ်း၊ သွေးချီဆေးလုံးဖော်စပ်နည်းနဲ့ ဝိညာဥ်ဆေးပင် စိုက်ပျိုးနည်းမှတ်စုစာအုပ်ကို ရရှိခဲ့တယ်။ ဒီလိုနဲ့ ကျင့်ကြံမှုလမ်းပေါ် ရောက်လာခဲ့တယ်။ သူ့တစ်သက် တခြားကျင့်ကြံသူတွေနဲ့ မဆုံခဲ့ဖူးတော့ စုစည်ရမိသမျှ အချက်အလက်တွေ အားပြုပြီး စမ်းတဝါးဝါး လျှောက်လှမ်းရင်း ဒီအဆင့်ထိ ရောက်လာခဲ့တာ။

ဆေးညွှန်းအတိုင်း သွေးချီဆေးလုံးကို ဖော်စပ်ခဲ့ပေမယ့် ရလာတဲ့ဆေးလုံးက ဆေးညွှန်းပါ ဖော်ပြချက်နဲ့ ကွဲလွဲနေလို့ မသောက်ရဲခဲ့ဘူး။

ဒါကြောင့် စမ်းသပ်ခံတွေကို ရှာဖွေဖို့ စိတ်ကူးရလာတယ်။ နောက်တော့ ထျန်းရှဂိုဏ်းနဲ့ ပူးပေါင်းမိပြီး ကျင့်ကြံမှုပါရမီပါသူ လူငယ်လေးတွေကို ရှာဖွေ စမ်းသပ်ခဲ့တာ။ တစ်နှစ်အတွင်း တပည့် ၇ ယောက် ရခဲ့ပေမယ့် သွေးချီဆေးလုံး စမ်းသပ်ရာက အကုန်သေဆုံးသွားခဲ့တယ်။ ဆေးသောက်ပြီးတာနဲ့ သွေးနဲ့ ချီ ကုန်ခမ်းတာ အရမ်းမြန်လာပြီး နာရီပိုင်းအတွင်း အသက်ဆုံးခဲ့ကြတယ်။

ဆေးဖော်လိုက်၊ စမ်းသပ်လိုက် လုပ်ရင်းကနေ တဖြည်းဖြည်း တိုးတက်လာတယ်။ အားနိုက ဆေးဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပေမယ့် အသက်မဆုံးရှုံးတဲ့ ပထမဆုံးစမ်းသပ်ခံ ဖြစ်ခဲ့တယ်။

ဒါက ဆေးဖော်စပ်တာ အောင်မြင်ခါနီးပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ အရင်က ဝိညာဥ်ဆေးပင် စိုက်ပျိုးရာကနေ ဆေးဖော်စပ်တဲ့အထိ ကိုယ်တိုင်လုပ်လို့ အရမ်းအလုပ်ရှုပ်ခဲ့တယ်။ အခုလို ဆေးဖော်စပ်မှု အရေးကြီးလာချိန် စိုက်ပျိုးတဲ့နေရာမှာ အချိန်အများကြီး မပေးချင်တော့ဘူး။

ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စိုက်ပျိုးရေးအကြောင်း ကျွမ်းကျွမ်းကျင်ကျင် သုံးသပ်ပြောဆိုလာတဲ့ စုန့်ဝမ်ကို မျက်စိကျသွားတယ်။

..................

All Chapters