← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

ခဏလောက် စဥ်းစားနေပြီးမှ ကျိုးယင်က တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်နဲ့ ခေါင်းတစ်ချက်ဆက်ရင်း သူ့ဝတ်ရုံထဲက စာအုပ်ငယ်တစ်အုပ် ထုတ်ယူပြီး စုန့်ဝမ်ဆီ ပစ်ပေးလိုက်တယ်။

“အဲဒါ ငါ့ရဲ့ ဝိညာဥ်ဆေးပင် စိုက်ပျိုးတဲ့အတွေ့အကြုံတွေ ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်ပဲ။ ဒီနေ့ကစပြီး အရှေ့ဖက်ခြမ်းက ဝိညာဥ်ဆေးပင်စိုက်ခင်းကို မင်းတာဝန်ယူရမယ်။ သေချာကိုင်တွယ်နိုင်ရင် လဝက်လောက်ဆို စိုက်ခင်းအားလုံး စီမံခွင့်ရမယ်။ အဲဒီအချိန်ကျရင် မင်းကို အခွင့်အရေးကြီးတစ်ခု ပေးမယ်”

အရှေ့ဖက်စိုက်ခင်းမှာ မြားနီဆေးပင်နဲ့ ယွမ်ကျန်းဆေးပင်တွေ စိုက်ပျိုးထားတယ်။ ဒီဝိညာဥ်ဆေးပင်တွေက ချီသွေးဆေးလုံး ဖော်စပ်ရာမှာ အသုံးပြုတဲ့ တွဲဖက်ဆေးပင်တွေ၊ သိပ်တော့ မရှားဘူး။ ယန်ချန်မြို့နားက တောတောင်တွေမှာ အလွယ်တကူ တွေ့နိုင်တယ်။ ဒါကြောင့် စုန့်ဝမ်ကို စမ်းသပ်ကြည့်ဖို့ ကိုင်တွယ်ခိုင်း​လိုက်တာ။

စုန့်ဝမ်ကို စမ်းသပ်တာဝန်ပေး​လိုက်ရလို့ ကျိုးယင် အချိန်ကုန်သက်သာ၊ ဝန်ပေါ့ပြီး စိတ်သက်သာရာရသွားတယ်။ သူကတိပေးခဲ့တဲ့ အခွင့်အရေးက မက်လုံးသက်သက်ပါ၊ စုန့်ဝမ်လိုလူကို နောက် ၂ နှစ်လောက် အသက်ရှင်ခွင့် ပေးထားမယ်ဆိုရင်တောင်၊ အဲဒါက အခွင့်အရေးကြီးတစ်ခုပဲလေ။

စုန့်ဝမ်လည်း စာအုပ်ကို လက်ခံရယူပြီး အရိုအသေပြုလိုက်တယ်။

“ကျေးဇူးတင်ပါတယ် ဆရာ။ တပည့်အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ ဆရာ့ကို စိတ်မပျက်စေရပါဘူး”

စာအုပ်နှစ်အုပ်နဲ့အတူ အပေါ်ထပ်က ပြန်ဆင်းလာချိန်ထိ ဝိညာဥ်ဆေးပင် စိုက်ပျိုးရေးတာဝန်ယူရတာ အခွင့်အရေးတစ်ခု ဟုတ်၊ မဟုတ် စုန့်ဝမ် ဝေခွဲမရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဝိညာဥ်ဆေးပင်တွေကို ဂရုတစိုက် ပျိုးထောင်ရမယ်။ အနည်းဆုံးတော့ စမ်းသပ်ခံဖြစ်မှာကို အချိန်ဆွဲထားနိုင်ရင် အမြတ်ပဲ။

စုန့်ဝမ်လည်း အခန်းထဲ ပြန်ရောက်တာနဲ့ တံခါးပိတ်ပြီး ကျိုးယင်ရဲ့ အတွေ့အကြုံမှတ်စုကို အရင်ဖတ်ကြည့်တယ်၊ ကျိုးယင်က ချီသွေးဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ဝိညာဥ်ဆေးပင် ၈ မျိုးပဲ စိုက်တာ။ အဆင့်နိမ့်ဝိညာဥ်ဆေးပင် စိုက်ပျိုးနည်းလက်စွဲမှာပါတဲ့ ဝိညာဥ်ဆေးပင် ၈ မျိုးအကြောင်းလည်း သေချာဖတ်ရှု မှတ်သားတယ်။ နောက်ပြီး မှတ်မိသမျှ စိုက်ပျိုးရေးဗဟုသုတကို ဘယ်လိုအသုံးချရမလဲ တွက်ဆချင့်ချိန်တယ်။

သီအိုရီပိုင်း အသင့်ဖြစ်တာနဲ့ လက်တွေ့စမ်းသပ်လုပ်ကိုင်ဖို့ အရှေ့ဖက်စိုက်ခင်းထဲ ဆင်းလာခဲ့တယ်။ စိုက်ခင်းက ဧကဝက်လောက်ပဲ ကျယ်တယ်။ မြားနီနဲ့ ယွမ်ကျန်းဆေးပင် ၃၀ စီ စိုက်ပျိုးထားတယ်။ စုန့်ဝမ်လည်း စိုက်ခင်းကို သေချာလိုက်စစ်ရင်း တွေ့သမျှ ပေါင်းမြက်တွေ နှုတ်ပစ်ခဲ့တယ်။ ပြီးတာနဲ့ ဆေးပင်တစ်ပင်ဆီကို နံပါတ်တပ်ပြီး ကြီးထွားနှုန်း၊ ရေလောင်းတဲ့အကြိမ် စသဖြင့် အသေးစိတ် အချက်အလက်တွေကို မှတ်တမ်းပြုစုတယ်။

ဆယ်ရက်လုံးလုံး အားစိုက်လုပ်ကိုင်ပြီးချိန်မှာ စောင့်ကြည့်နေတဲ့ကျိုးယင် စိတ်ကျေနပ်ပြီး သူပြောခဲ့သလို လဝက်တောင် မစောင့်တော့ဘဲ ​ဆေးစိုက်ခင်းအားလုံး စုန့်ဝမ်တာဝန်ယူဖို့ လွှဲပေးလိုက်တယ်။ ဝိညာဥ်ဆေးပင်တွေကို ဂရုစိုက်ဖို့ ထပ်တလဲလဲ မှာကြားပြီး ချီသွေးဆေးလုံးတွေ ထပ်ဖော်ဖို့ ဆေးလိုဏ်ဂူထဲ ဝင်သွားတယ်။

ချီသွေးဆေးလုံး ဖော်စပ်ရာမှာ အဓိကအကျဆုံးက သွေးနီနွယ်ပင်။ ဒီဝိညာဥ်ဆေးပင်က အရမ်းရှားပါးပြီး စိုက်ပျိုးရတာလည်း ခက်တယ်။ ကျိုးယင်က ထျန်းရှဂိုဏ်းနဲ့ ပူးပေါင်းပြီး ဂိုဏ်းအင်အားကို အသုံးချ ရှာဖွေစုဆောင်းခဲ့ရတာ။ ဆေးဖော်ရင်လည်း သွေးနီနွယ်ပင် မထိခိုက်အောင် အချိန်စောင့်ပြီးမှ အကိုင်းအခက်တချို့ပဲ ယူရဲတယ်။ ဒါကြောင့် ဆေးလုံးများများစားစား မဖော်စပ်နိုင်ခဲ့ဘူး။

အားနိုဆီကနေ ကျိုးယင် တစ်ခါဆေးဖော်ဖို့ လိုဏ်ဂူထဲ ဝင်သွားရင် အနည်းဆုံး ၁၀ ရက်လောက် ကြာတတ်တယ်ဆိုတာ စုန့်ဝမ် သိထားပြီးပြီ။ အခု ကျိုးယင် ဆေးဖော်ပြီဆိုတော့ ထွက်ပြေးဖို့အခွင့်အရေး ပေါ်လာပြီ။

နောက်နေ့ရောက်တော့ စုန့်ဝမ် ဆေးစိုက်ခင်းတွေ စစ်ဆေးပြီးတာနဲ့ စိုက်ခင်းအနားက ပစ္စည်းသိုလှောင်ရာဂိုဒေါင်ငယ်ထဲ ဝင်ခဲ့တယ်။ ဒီထဲမှာ စိုက်ပျိုးရေးလုပ်ငန်းသုံးကိရိယာ အစုံအလင် ရှိတော့ ထွက်ပြေးရာမှာ အသုံးဝင်မယ့်ပစ္စည်း တစ်ခုခု ရှိမလားဆိုပြီး လိုက်ရှာတယ်။

​ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေဆိုတော့ သူလိုချင်တာနဲ့ မကိုက်ညီဘူး။ အားလုံးမွှေနှော​က်ပြီးမှ အရှည် ၇ လက်မနီးပါးရှိတဲ့ ဓားမြှောင်လေးတစ်ချောင်းပဲ ရခဲ့တယ်။ ဓားမြှောင်က သားရေဓားအိမ်နဲ။ ဓားအိမ်ထဲက ဓားဆွဲထုတ်ကြည့်တော့ မည်းနက်တောက်ပပြီး ထက်ရှနေတယ်။

“ဓားကောင်းတစ်လက်ပဲ”

စုန့်ဝမ်လည်း အနားမှာရှိတဲ့ သစ်သားချောင်းကို ခုတ်ပိုင်းပြီး စမ်းကြည့်တယ်။ လက်ကောက်ဝတ်လောက်ထူတဲ့ သစ်သားချောင်း တိခနဲ ပြတ်ကျသွားတယ်။

စုန့်ဝမ် ဝမ်းသာသွားတယ်။ ဒါက အရည်​အသွေးကောင်းတဲ့ဓားပဲ။ အန္တရာယ်ကြုံရင် ကာကွယ်ဖို့ အသုံးဝင်မယ်။ ကျိုးယင်က ဘာစိတ်ကူးနဲ့ ဂိုဒေါင်ထဲ ထည့်ထားလဲတော့ မသိဘူး၊ ကျင့်ကြံသူဖြစ်လို့ ဒီဓားလောက်ကို အလေးမထားတာများလား။

စုန့်​ဝမ် အထွေအထူး မတွေးတော့ဘူး။ ဓားမြှောင်ကို ဓားအိမ်ထဲ ပြန်ထည့်ပြီး ခြေထောက်မှာ ချည်နှောင်ပြီး ဝှက်ထားလိုက်တယ်။ တခြား အသုံးဝင်တဲ့ပစ္စည်း ရှာမတွေ့တာနဲ့ ဂေါ်ပြားတစ်လက် ကောက်ယူပြီး ပြန်ထွက်လာခဲ့တယ်။

ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ အလုပ်လုပ်ရင်း အနောက်ဖက်ခြမ်းက ချောက်ကမ်းပါးကို စုန့်ဝမ် သေချာစစ်ကြည့်ခဲ့ပြီးပြီ။ ပျှမ်းမျှ ပေငါးဆယ်လောက် နက်ပြီး၊ တချို့နေရာ​တွေဆို ပေတစ်ရာလောက်ထိ နက်တယ်။ ချောက်နံရံက အတော်လေးချောမွတ်နေတယ်၊ သစ်ပင်၊ နွယ်ပင် လုံးဝမရှိဘူး။ အဆိုးဆုံးက မျက်နှာပြင်တစ်ခုလုံး ရေညှိတွေ ထူထူထပ်ထပ် ပေါက်နေတာပဲ။

ကြိုးနဲ့တွယ်ဆင်းဖို့ စဥ်းစားပေမယ့် ခြံထဲမှာ လုံလောက်အောင်ရှည်တဲ့ကြိုး မရှိပြန်ဘူး။ လှေကားလုပ်မယ်ဆိုရင်လည်း အားနိုတို့ မသိအောင် လုပ်ဖို့ ခက်တယ်။ အားနိုနဲ့ ကျန်းချန်ကို စည်းရုံးဖို့လည်း မဖြစ်နိုင်ဘူး။ သူတို့က အခြေအနေကို မရိပ်မိသလို၊ ကျိုးယင်ကိုလည်း အရမ်းကြည်ညိုတယ်။ စကားသွားစမိရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမယ်။

ကျိုးယင် တံခါးပိတ် ဆေးဖော်ချိန် ထွက်ပြေးဖို့ အခွင့်အရေး ရပြီထင်ခဲ့ပေမယ့် မြေအနေအထားကြောင့် ထွက်ပေါက်ပိတ်နေလို့ စုန့်ဝမ် အားမလို အားမရ​ဖြစ်ပြီး ဒေါသထွက်လာတယ်။ ဒေါသကြောင့် ​လက်ထဲက ဂေါ်ပြားကို လွှင့်ပစ်လိုက်တာ ဝိညာဥ်ဆေးပင်တစ်ပင်ကို ထိမိမလို ဖြစ်သွားတယ်။

အဲ့တော့မှ ထိတ်လန့်သွားပြီး သတိပြန်ဝင်လာတယ်။ ဒီလိုအခြေအနေမှာ စိတ်မထိန်းနိုင်တာ အန္တရာယ်ကြီးတယ်၊ စိတ်ရှည်ရှည်နဲ့ သည်းခံရမယ်လို့ ကိုယ့်ကိုယ်ကို ဆုံးမရင်း စိတ်တည်ငြိမ်အောင် မနည်းထိန်းလိုက်ရတယ်။

……

ညရောက်တော့ အခြေအနေ အကဲခတ်ဖို့ တံခါးဖွင့်ပြီး အပြင်ထွက်ခဲ့တယ်။ လရောင်၊ ကြယ်ရောင် မှိန်ပြပြအောက်မှာ အရာရာက မှုန်ဝါးဝါးနဲ့ မှောင်မည်းတိတ်ဆိတ်နေတယ်။ စုန့်ဝမ်လည်း ချောက်ကမ်းပါးနား ထပ်သွားပြီး အခြေအနေကို အကဲခတ်တယ်။

ခဏနေတော့ ချောက်တစ်ဖက်က တောင်ထိပ်ပေါ်မှာ မီးရောင်တွေ တွေ့လိုက်ရတယ်။ စိတ်ထင်လို့လားဆိုပြီး သေချာကြည့်တော့ တကယ့်မီးရောင်တွေဆိုတာ သေချာသွားတယ်။ ကြည့်ရတာ တောင်ထိပ်မှာ ထျန်းရှဂိုဏ်းရဲ့ ကင်းစခန်းတစ်ခု ရှိနေတာ ဖြစ်မယ်။ ဒါက သဘာဝကျပါတယ်၊

ထျန်းရှဂိုဏ်းက ယန်ချန်မြို့မှာ ဒုစရိုက်ဂိုဏ်းတစ်ခုပုံစံနဲ့ ဗိုလ်ကျနေတော့ ရန်သူများတယ်။ ဒါကြောင့် ဂိုဏ်းဌာနချုပ်ကို ခံတပ်တစ်ခုလို တည်ဆောက်ထားတာ။ စုန့်ဝမ် ရောက်စတည်းက ဌာနချုပ်ပတ်လည်ကို ခိုင်မာတဲ့တံတိုင်းနဲ့ ကာရံပြီး အစောင့်အပြည့်ချထားတာ သတိထားမိတယ်။ ဒီတောင်က သဘာဝအကာအကွယ်လို ဖြစ်နေပေမယ့် လုံးဝလျစ်လျူရှုမှာတော့ မဟုတ်ဘူး။ မြေအနေအထားအရဆို တောင်ပေါ်ကင်းစခန်း အဝေးကြည့်မျှော်စင်လို ဖြစ်နေတယ်။ ဌာနချုပ်ကို အပေါ်စီးက လွှမ်းခြုံမြင်ရသလို၊ ရန်သူတွေ အလုံးအရင်းနဲ့ ချီတက်လာရင်လည်း အဝေးက ကြိုမြင်နိုင်တယ်။

အားလုံးခြုံငုံ စဥ်းစားပြီးချိန်မှာ အနောက်ဖက်တောင်ပေါ်က ဖြတ်ကျော်ထွက်ပြေးမယ့်အကြံကို စုန့်ဝမ် စွန့်လွှတ်လိုက်တယ်။ လက်ရှိခွန်အားနဲ့ဆို သေချာလေ့ကျင့်ထားတဲ့ အစောင့်အဖွဲ့တစ်ဖွဲ့ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သိုင်းပညာရှင်တွေပါ ပါနေရင် အကြောင်းဆိုးသွားနိုင်တယ်။

စုန့်ဝမ်လည်း စိတ်ဒုံးဒုံးချပြီး အခန်းထဲ ပြန်ဝင်ခဲ့တယ်။ ညနက်​လာပေမယ့် မအိပ်သေးဘဲ ကျင့်ကြံမှုကို စလိုက်တယ်။ ထွက်ပြေးဖို့ မဖြစ်နိုင်သေးလို့ ကျင့်ကြံမှုကို အားစိုက်ပြီး အခွင့်အရေးပေါ်တဲ့အထိ စောင့်ရုံပဲ ရှိတော့တယ်။ ခွန်အား ပိုတိုးလာရင် အခွင့်အလမ်းလည်း ပိုများလာမယ် မဟုတ်ပါလား။

စုန့်ဝမ်လည်း ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ အလုပ်လုပ်လိုက်၊ အချိန်ရသမျှ ကျင့်ကြံလိုက်နဲ့ နေလာရင်း ဆယ်ရက်တာ ကုန်လွန်သွားတယ်။ ၁၁ ရက်မြောက်နေ့မှာ အားစိုက်ကျင့်ကြံနေတဲ့စုန့်ဝမ် ချီစုစည်းခြင်း ပထမအဆင့် အစောပိုင်းကနေ အလယ်အဆင့်ကို ရောက်ရှိသွားတယ်။

နေ့လည်လောက်ရောက်တော့ ဆေးလိုဏ်ဂူရဲ့ ကျောက်တံခါး ပွင့်သွားပြီး ကျိုးယင် ထွက်လာတယ်။ စုန့်ဝမ် ရင်ထိတ်သွားတယ်။ ကျိုးယင်ကို ကြည့်ရတာ သွေးချီဆေးလုံး ဖော်စပ်ပြီးခဲ့ပုံပဲ။ ဘယ်နှစ်လုံး ရလာလဲ၊ ဘယ်သူ့ကို ရွေးချယ်စမ်းသပ်မှာလဲ၊ တွေးရင်းနဲ့ စုန့်ဝမ် စိတ်ပူလာတယ်။

……………….

All Chapters