အခန်း (၁၀)
Vol. 1 Ch. 10
ဆေးလိုဏ်ဂူထဲက ထွက်လာတာနဲ့ ကျိုးယင်က ဝိညာဥ်ဆေးပင်စိုက်ခင်းကို လာကြည့်တယ်။ အပင်တွေ ကောင်းကောင်းကြီးထွားနေတာ မြင်တော့မှ စိတ်ကျေနပ်သွားတယ်။
“မဆိုးဘူး … ဆက်ကြိုးစားထား”
စုန့်ဝမ်ကို ချီးကျူးပြီးတာနဲ့ အိမ်ကို တန်းပြန်သွားတယ်။ သူ့မှာ အရေးတကြီး လုပ်စရာ ရှိသေးတယ်၊ ဒီတစ်ခေါက် ဆေးဖော်တာ ချောချောမွေ့မွေ့ ပြီးသွားပြီး၊ သွေးချီဆေး ၂ လုံး ရလာခဲ့တယ်။ အရင်က တစ်လုံးပဲ ဖော်နိုင်တာဆိုတော့ ကျွမ်းကျင်မှု တိုးတက်လာတဲ့သဘောပဲ။ ဒီတစ်ကြိမ် ဖော်စပ်ခဲ့တဲ့ဆေးလုံးတွေက အရင်အကြိမ်တွေနဲ့ မတူကွဲပြားပြီး အော်ရာပိုပြင်းတာကြောင့် အစစ်အမှန်သွေးချီဆေးလုံး ဖော်စပ်နိုင်ခဲ့ပြီလားလို့တောင် တွေးနေမိတယ်။
“အားနို၊ ကျန်းချန် .. အပေါ်ထပ်ကို လိုက်ခဲ့။ မင်းတို့အတွက် အကျိုးရှိတာတစ်ခု ငါပြင်ဆင်ထားတယ်”
ကျိုးယင်က အိမ်ရောက်တာနဲ့ အော်ပြောပြီး၊ အားနိုတို့ကို မစောင့်ဘဲ အပေါ်ထပ်ကို ချက်ချင်းတက်သွားတယ်။
ချက်ချင်းဆိုသလို ကျန်းချန်က အခန်းတံခါးကို အလောတကြီး တွန်းဖွင့်ပြီး အပေါ်ထပ်ကို အပြေးလိုက်တက်သွားတယ်။ သူက ဆရာကျိုးယင် ဆေးဖော်ပြီးမယ့်အချိန်ကို စောင့်နေတာ။ သွေးချီဆေးလုံး သောက်ပြီးရင် ချီစုစည်းခြင်း ဒုတိယအဆင့် ရောက်မယ်။ ရောက်တာနဲ့ ထျန်းရှဂိုဏ်းမှာ လစာကောင်းတဲ့ အဆင့်မြင့်ရာထူးတစ်နေရာ ရမယ်။ အပြင်ကို လွတ်လွတ်လပ်လပ် သွားလာပြီး၊ မိသားစုနဲ့ တွေ့ခွင့်ရမယ်လို့ ကျိုးယင်က ကတိပေးထားတာကြောင့် အရမ်းတက်ကြွနေတယ်။
တစ်ခါဆေးသောက်ဖူးထားတဲ့ အားနိုကတော့ လေးကန်တဲ့ခြေလှမ်းတွေနဲ့ ဖြည်းဖြည်းချင်း တက်သွားတယ်။ ပထမအကြိမ်က အသေအလဲ ခံစားခဲ့ရတာကို သူမမေ့နိုင်ဘူး။ ဆေးသောက်ပြီးတာနဲ့ သွေးချီကုန်ခမ်းပြီး သေမလို ဖြစ်ခဲ့တာ၊ ကျိုးယင်က အားဖြည့်ဆေးတွေ မတိုက်နိုင်ခဲ့ရင် အသက်ရှင်မှာ မဟုတ်ဘူး။ အခုမှ သက်သာခါစပဲ ရှိသေးချိန်၊ တစ်လမပြည့်ခင် နောက်တစ်ကြိမ် ထပ်သောက်ရမယ်လို့ ထင်မထားဘူး။ သောက်ချင်စိတ်လည်း မရှိဘူး။
ဒါပေမယ့် အားနိုမှာ ကျိုးယင်ကို လွန်ဆန်နိုင်စွမ်းလည်း မရှိပြန်ဘူး။ ဒုတိယမိဘလို့ မှတ်ယူထားတဲ့ ဆရာဖြစ်သူက သူ့အသက်ကို ထိခိုက်အောင်တော့ လုပ်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေတယ်။ နောက်ဆုံးတော့ အားနိုလည်း ဒုတိယထပ်က ကျိုးယင်ရှေ့ ရောက်သွားတယ်။
အားနိုတို့ ရောက်လာတာနဲ့ ကျိုးယင်က သွေးချီဆေးလုံးကို တစ်ယောက်တစ်လုံးစီ ပေးတယ်။
“ရော့ … အဲဒါ မင်းတို့အတွက် ငါပြင်ဆင်ပေးထားတဲ့ဆေးလုံးတွေ။ သောက်ပြီးရင် ခွန်အားတိုးပြီး ကျင့်ကြံမှုအဆင့်ပါ မြင့်တက်လာလိမ့်မယ်။ ငါ့ရှေ့မှာ တခါတည်း သောက်လိုက်။ သောက်ပြီးတာနဲ့ ဆေးအစွမ်းကို ချက်ချင်းသန့်စင် ရမယ်။ မင်းတို့ကို ငါစောင့်ကြည့်ပြီး ကူညီပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
စိတ်လှုပ်ရှားနေတဲ့ကျန်းချန်က ကျေးဇူးစကားဆိုရင်း ထိုင်ချလိုက်ပြီး ချက်ချင်းပဲ ဆေးလုံးကို မျိုချလိုက်တယ်။
တစ်ခါခံထားရဖူးတဲ့ အားနိုက ခဏလောက် တုံ့ဆိုင်းနေပေမယ့် ကျိုးယင်ကို မလွန်ဆန်ရဲတာကြောင့် ထိုင်ချပြီး ဆေးသောက်လိုက်ရတယ်။
ခဏနေတော့ ဆေးစွမ်းအင်ကို သန့်စင်နေရင်း အားနိုနဲ့ ကျန်းချန် ခေါင်းပေါ်မှာ အငွေ့တလူလူ ထွက်လာတယ်။ မျက်နှာတွေကလည်း ပြင်းထန်တဲ့ နာကျင်မှုဒဏ် ခံစားနေရသလို မဲ့ရွဲ့ရှုံ့တွလာတယ်။
ကျိုးယင်လည်း စိတ်ပူသွားတယ်။
“တင်းထား .. သန့်စင်နေတာကို မရပ်နဲ့။ ရပ်လိုက်ရင် ကြိုးစားထားသမျှ အလဟသ ဖြစ်သွားလိမ့်မယ်။ မင်းတို့ ကျင့်ကြံမှုပါ ထိုးကျသွားလိမ့်မယ်”
ကျိုးယင်ရဲ့ သတိပေးသံကြောင့် အားနိုတို့နှစ်ယောက်လည်း မရပ်ရဲဘဲ အားတင်းပြီး ဆက်ကြိုးစားနေရတယ်။ ခဏနေတော့ ခန္ဓာကိုယ်အပူချိန် တရှိန်ထိုးတက်လာပြီး အရေပြားတွေ နီရဲလာတယ်။ ပုစွန်မီးကင်အလား မှတ်ရတယ်။
ကျိုးယင်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတယ်။
“အား …”
ချက်ချင်းဆိုသလို နာနာကျင်ကျင် အော်ဟစ်သံနဲ့အတူ အားနို နောက်ပြန်လဲကျသွားတယ်။ ခန္ဓာကိုယ်ကလည်း အထိန်းအကွပ် မရှိ၊ တဆတ်ဆတ် တုန်ယင်ပြီး အကြောဆွဲနေပြီ။ မျက်စိတမှိတ်အတွင်းမှာ ကျန်းချန်လည်း အားနိုလို လဲကျပြီး သတိမေ့သွားတယ်။
ကျိုးယင် ထိတ်လန့်သွားတယ်။
“ဒါ .. ဒါက ဘယ်လိုဖြစ်ရတာလဲ”
ကျိုးယင်အနေနဲ့ အားနိုတို့ဆီက တရိပ်ရိပ်တက်လာတဲ့ ဝိညာဥ်စွမ်းအင်နဲ့ တရှိန်ထိုး ကျဆင်းလာနေတဲ့ သွေးချီတို့ကို ခံစားမိနေတယ်။ ကျင့်ကြံမှုအဆင့် တဟုန်ထိုး တက်သွားပေမယ့်၊ တဖက်မှာ သွေးချီဝါးမျိုနှုန်းကလည်း ပိုပိုပြင်းထန်လာနေတယ်။
အားနိုတို့ သတိမေ့သွားပြီး ဆေးစွမ်းအင်ကို မသန့်စင်နိုင်တော့တာကြောင့် သွေးချီတွေ အလျင်အမြန် ဝါးမျိုခံနေရပြီး၊ ဝိညာဥ်ချီအဖြစ် ပြောင်းကုန်တယ်။ ထိန်းချုပ်လည်ပတ်တာ မရှိတော့လို့ ခန္ဓာကိုယ်ပြင်ပကို ယိုစီးထွက်လာပြီး အခန်းထဲမှာရှိတဲ့ ဝိညာဥ်ချီကို သိသိသာသာ တိုးလာစေတယ်။
အားနိုတို့ သွေးချီ ကုန်ခမ်းလာတာနဲ့အမျှ အသက်ဓာတ်လျော့ပါးပြီး ခန္ဓာကိုယ်ပါ ယိုယွင်းလာတယ်။ အရေပြားတွေ ခြောက်ကပ်လျော့ရဲပြီး အရေးအကြောင်းတွေ ပေါ်လာတယ်။ ဒုတိယအကြိမ် စမ်းသပ်ခံရတဲ့ အားနိုဆို လူအိုကြီးလိုဖြစ်ပြီး အရေပြားမှာ အစက်အပြောက်တွေပါ ပေါ်လာနေပြီ။ အသက်ရှူသံတွေလည်း တဖြည်းဖြည်း အားနည်းလာတယ်။
ကျိုးယင်က အသက်ဆုံးပါးခါနီးနေတဲ့ အားနိုတို့ကို ကြည့်ရင်း နောင်တရနေတယ်။
“လောသွားတယ်ကွာ၊ တစ်ယောက်တည်းပဲ အရင်စမ်းလိုက်ရင် ကောင်းသား။ အေးလေ .. ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ အပြင်က ကျန်နေတဲ့ကောင်နဲ့ပဲ စမ်းသပ်ရတော့မှာပေါ့။ ဒီကောင့်ကို ကြာကြာထားဖို့ စဥ်းစားပေမယ့် ကံကြမ္မာကမှ လက်မခံတာ။ နောက်ထပ်လူသစ်တွေလည်း မြန်မြန်ရှာရမယ်။ စမ်းစရာလူ ပြတ်လပ်လို့ နောက်ကျရင် အရင်တစ်ခါလို ဒုက္ခများနိုင်တယ်”
ကျိုးယင်လည်း ဆုံးဖြတ်ပြီးတာနဲ့ အသက်ငင်နေတဲ့အားနိုတို့ကို ကြည့်မနေတော့ဘဲ တံခါးဖွင့်ပြီး ဝရံတာဆီ ထွက်ခဲ့တယ်။ အပြင်ရောက်တော့ အပေါ်ထပ်ကို လှမ်းကြည့်နေတဲ့ စုန့်ဝမ်နဲ့ အကြည့်ချင်းဆုံသွားတယ်။
စူးစိုက်ကြည့်နေတဲ့ ကျိုးဝမ်အကြည့်ကြောင့် သားရဲတစ်ကောင်က စိုက်ကြည့်နေသလို ခံစားလိုက်ရလို့ စုန့်ဝမ် ကျောထဲထိ စိမ့်သွားတယ်။ တုန်လှုပ်နေတဲ့သိတ်ကို မနည်းထိန်းပြီး ကျိုးယင်ကို ဆက်မကြည့်တော့ဘဲ ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ အလုပ်ဆက်လုပ်နေခဲ့တယ်။
ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ အလုပ်လုပ်ရင်း အားနိုတို့နှစ်ယောက် ပြန်ဆင်းလာမလာဆိုတဲ့ မျှော်လင့်ချက်နဲ့ စုန့်ဝမ် မသိမသာ စောင့်ကြည့်နေတယ်။ ဒါပေမယ့် လှုပ်ရှားမှုတစ်ခုတောင် မမြင်ရဘူး။ ညနေစောင်းတော့ ထျန်းရှဂိုဏ်းသားနှစ်ယောက် ပိတ်စနဲ့ချုပ်ထားတဲ့ အိတ်အရှည်ကြီးတွေ ကိုယ်စီကိုင်ပြီး အပေါ်ထပ် တက်သွားတယ်။ ခဏနေတော့ တစ်ခုခုထည့်ထားသလိုမျိုး လေးလံနေတဲ့ အိတ်ကြီးတွေကို ထမ်းပိုးပြီး ထွက်သွားကြတယ်။
နောက်ဆုံးတော့ အားနိုနဲ့ ကျန်းချန် အသက်မရှိတော့ဘူးဆိုတာ စုန့်ဝမ် သိလိုက်ရပြီ။ နောက်တစ်ကြိမ်သားကောင်က သူပဲဆိုတာရောပေါ့။ ညရောက်တော့ တစ်ညလုံး အိပ်မပျော်တော့ဘူး။
နောက်နေ့မနက်စောစော အိပ်ချင်မူးတူးဖြစ်နေတဲ့စုန့်ဝမ်ကို ကျိုးယင် လာတွေ့ပြီး ကိစ္စတစ်ခုရှိလို့ သူဆေးလိုဏ်ဂူထဲ ဝင်လိုက်ဦးမယ်၊ စုန့်ဝမ်ကို ဝိညာဥ်ဆေးပင်တွေ သေချာကြည့်ထားဖို့ မှာသွားတယ်။
ကျိုးယင်ကို ဆေးလိုဏ်ဂူဆီ လိုက်ပို့အပြီး စုန့်ဝမ် စိတ်လှုပ်ရှားနေတယ်။ ကျိုးယင် ဆေးဖော်ရင် အနည်းဆုံး ၁၀ ရက် ကြာမယ်၊ ဒါက လွတ်မြောက်ဖို့ နောက်ဆုံးအခွင့်အရေးပဲ။ သေဖို့တော့ ထိုင်စောင့်မနေနိုင်ဘူး။
ကျိုးဝမ်ကို လိုက်ပို့ပြီးတာနဲ့ အချိန်မဆွဲတော့ဘဲ ဂိုဒေါင်ထဲက ပေါက်တူးကို ယူတယ်။ ရသမျှကြိုးတွေ စုတယ်။ လုံလောက်တဲ့အရှည်ရှိတဲ့ သစ်ပင် ၄ ပင်ကို ရှာဖွေပြီး မှတ်သားတယ်။ ညရောက်ရင် ဒီသစ်ပင်တွေကို ခုတ်လှဲပြီး လှေကားလုပ်ရမယ်။ ခြံထဲမှာ တခြားလူလည်း မရှိသလို၊ ခြံပြင်က အစောင့်တွေနဲ့ နည်းနည်းအလှမ်းဝေးတော့ ဂရုတစိုက်လုပ်ရင် မသိနိုင်လောက်ဘူး။
ခုချိန် သူ့ကျင့်ကြံမှုအဆင့်က ပထမအလွှာ အစောပိုင်းအဆင့်ကို ရောက်နေလို့ ခွန်အားရော၊ လျင်မြန်မှုပါ အများကြီး တိုးတက်နေပြီလို့ စုန့်ဝမ် သူ့ကိုယ်သူ အားပေးသုံးသပ်လိုက်တယ်။ လွတ်မြောက်ဖို့ အခွင့်အလမ်း အတော်အသင့် ရှိလာပြီ မဟုတ်ပါလား။
……………