← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

စုန့်ဝမ် အသင့်ပြင်ဆင်ပြီးလို့ ညရောက်တာနဲ့ အစီအစဥ်စဖို့ ကြံရွယ်ထားချိန် ညနေစောင်းမှာ ထင်မှတ်မထားတဲ့အဖြစ်နဲ့ ကြုံလိုက်ရတယ်။ ညနေစောင်းမှာ ထျန်းရှဂိုဏ်းသားလေးယောက် ခြံဝင်းထဲ ဝင်လာတယ်။ ဘာလာလုပ်တာလဲလို့ စုန့်ဝမ် စဥ်းစားနေချိန် နှစ်ယောက်က အိမ်ရှေ့မှာ နေရာယူပြီး၊ နှစ်ယောက်က စုန့်ဝမ်အခန်းတံခါးနားမှာ နေရာယူလိုက်ကြတယ်။

ထင်မှတ်မထားတဲ့အဖြစ်ကြောင့် စုန့်ဝမ် ကြောင်သွားတယ်။ ကျိုးယင်များ သူထွက်ပြေးဖို့ ကြံစည်နေတာ ရိပ်မိသွားလို့လား ထင်လိုက်ပေမယ့် အစောင့်တွေက ပုံမှန်အတိုင်း စောင့်ကြပ်တဲ့ပုံပဲ ရှိပြီး၊ သူ့ကို အထူးတလည် စောင့်ကြည့်တာ မရှိလို့ စိတ်သက်သာရာ ရသွားတယ်။

ဒါပေမယ့် ထွက်ပြေးမယ့်အစီအစဥ်ကတော့ လုံးဝပျက်သွားပြီ။ နောက်ဆုံး တိုက်ခိုက်မယ်ဆိုရင်တောင် အစောင့်တွေက သိုင်းသမားတွေဖြစ်နေလို့ လေးယောက်၊တစ်ယောက်နဲ့ မနိုင်မှာ သေချာတယ်။

တကယ်တော့ ကျိုးယင်က စုန့်ဝမ် ထွက်ပြေးဖို့ ကြံစည်နေတာ လုံးဝမသိဘူး။ သူမရှိချိန် စုန့်ဝမ်ကို တစ်ယောက်တည်း ထားခဲ့ရင် သိမ်းထားတဲ့ လျှို့ဝှက်ချက်တွေ၊ ကျင့်စဥ်တွေ ခိုးမှာကြောက်လို့ စီစဥ်ခဲ့တာ။

ကျိုးယင်သတိကြီးတာက စုန့်ဝမ်ကို စိတ်ဓာတ်ကျသွားစေတယ်။ ထွက်ပြေးဖို့ ကြံလိုက်၊ အစောင့်တွေ ကြည့်ပြီး စိတ်လျှော့လိုက်နဲ့ လူတောင် ကြောင်စီစီဖြစ်လုနီးပါးပဲ။ ၃/၄ ရက်နေတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ တွေးရင်း စိတ်လျှော့ပြီး ဝိညာဥ်ဆေးပင်တွေ ပျိုးထောင်လိုက်၊ ကျင့်ကြံလိုက်နဲ့ အချိန်တွေ ကုန်ဆုံးနေရပါတော့တယ်။

တစ်ပတ်လောက်အကြာ မနက်ခင်းမှာ ခြံဝင်းထဲက အိမ်တန်းလျားတွေဆီက ဆူဆူညံ့ညံ့အသံတွေ ကြားရတာနဲ့ စုန့်ဝမ် ထွက်ကြည့်လိုက်တယ်။ လက်စသတ်တော့ သူတို့လို စမ်းသပ်ဖို့ လူငယ်နောက်တစ်သုတ် ရောက်လာတာပဲ။ သူတို့ကံကြမ္မာကို သိနေတဲ့ စုန့်ဝမ်လည်း ခေါင်းယမ်းရင်း ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နေခဲ့တယ်။

ဆယ်ရက်ပြည့်တဲ့နေ့မှာ ကျိုးယင် ဆေးလိုဏ်ဂူထဲက ပြန်ထွက်လာတယ်။ ပုံစံက တက်ကြွနေတော့ ဆေးဖော်တာ အောင်မြင်တဲ့သဘောပဲ။ ကျိုးယင်က အိမ်ပြန်ရောက်တာနဲ့ စုန့်ဝမ်ကို ချက်ချင်းခေါ်တယ်။

“စုန့်ဝမ် .. အပေါ်ထပ်ကို လိုက်ခဲ့”

စုန့်ဝမ် မျက်နှာပျက်သွားပေမယ့် ငြင်းဆန်နိုင်စွမ်းလည်း မရှိခဲ့ဘူး။ တကယ်တော့ သူ့ဘဝက ကုံးဟန်နဲ့ တွေ့ပြီးတည်းက စဥ်းနှီတုံးပေါ်က အသားတုံးလို ဖြစ်နေခဲ့ပြီးသားပဲ မဟုတ်လား။ စုန့်ဝမ်လည်း တုံ့ဆိုင်းမနေဘဲ လာမယ့်ပြေးတွေ့ဖို့ ကျိုးယင်နောက်က လိုက်ခဲ့တယ်။

အခန်းထဲ ရောက်တာနဲ့ ကျိုးယင်က ဆေးလုံးတစ်လုံး ထုတ်ပေးတယ်။

“ရော့ .. ဒီဆေးကို သောက်လိုက်၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့် အများကြီး မြင့်တက်လာလိမ့်မယ်။ ဒုတိယအဆင့် ရောက်တာနဲ့ ထျန်းရှဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသား ဖြစ်လာလိမ့်မယ်။ လွတ်လွတ်လပ်လပ် နေလို့ရမယ်”

ရှောင်လွှဲမရတဲ့အချိန် ရောက်လာပြီဆိုတော့ စုန့်ဝမ် ဆက်ဟန်ဆောင်မနေတော့ဘူး။ ကျိုးယင်ကို မုန်းတီးမှုအပြည့်နဲ့ စိုက်ကြည့်ရင်း အံကြိတ်လိုက်မိတယ်။ ဖြစ်နိုင်ရင် သူသေကိုယ်သေ တိုက်ခိုက်ချင်ပေမယ့် လက်ဖျားနဲ့ထိအောင်တောင် မလုပ်နိုင်မှန်းလည်း သိနေတယ်။ တစ်ခုခုလုပ်မယ် ကြံလိုက်တိုင်း လူသားမီးရှူးတိုင်လို ဖြစ်သွားတဲ့ ဝတုတ်ကောင်လေးအဖြစ်ကို မြင်ယောင်ပြီး တွန့်သွားတယ်။ အားနည်းခြင်းက အပြစ်ပဲဆိုတဲ့ လောကသဘာဝ ခါးသီးတဲ့အမှန်တရားကို စုန့်ဝမ် နားလည်ခဲ့ပြီ။

စုန့်ဝမ်ကို ကြည့်နေရင်း ကျိုးယင်မျက်နှာမှာ အေးစက်တဲ့အပြုံးတစ်ခု ပေါ်လာတယ်။

“ငါ့တပည့်တွေထဲ ဒီလိုထက်မြက်တဲ့သူ ပါလာလိမ့်မယ်လို့ ထင်မထားဘူး။ မင်းက အခြေအနေမှန်ကို အတော်လေး သိထားပြီးပုံ ရတယ်။ ဒါပေမယ့် ခုခံဖို့ မကြိုးစားနဲ့လို့ ငါသတိပေးချင်တယ်။ အမိန့်နာခံပြီး ဆေးသောက်လိုက်။ မင်းမသေခဲ့ရင် လွတ်လပ်ခွင့် ပေးမယ်လို့ ငါကတိပေးတယ်”

ပြောနေရင်း ကျိုးယင်က ကလေးလက်ဖဝါးအရွယ် တံဆိပ်ပြားတစ်ခု အိတ်ထဲက ထုတ်ယူပြီး စုန့်ဝမ်ရှေ့ ပစ်ချလိုက်တယ်။

“ချွမ်”

“အဲဒါ ငါ့ရဲ့တံဆိပ်ပဲ။ ဒါနဲ့ဆို ထျန်းရှဂိုဏ်းထဲမှာ ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်”

စုန့်ဝမ်လည်း ​ကြမ်းပြင်ပေါ်က တံဆိပ်ပြားနဲ့၊ ဆေးလုံးကို တစ်လှည့်စီ ကြည့်ရင်း ခဏတော့ တွေဝေနေတယ်။ နောက်တော့ သက်ပြင်းချရင်း တံဆိပ်ပြားရော၊ ဆေးလုံးပါ ယူလိုက်တယ်။ ခွန်အားမရှိမှတော့ ကံကိုပဲ အားကိုးရုံ ရှိတော့တာပေါ့။ အားနိုတောင် ပထမအကြိမ်မှာ မသေဘူးလေ။

“ဆရာ .. ကတိတည်ဖို့ မျှော်လင့်ပါတယ်”

“စိတ်မပူနဲ့၊ ငါကတိတည်တာ မင်းလည်း မြင်ပြီးသားပဲ။ ခုဆို လူသစ်တွေ ထပ်ရောက်လာပြီ။ ဒီတစ်ခေါက် မင်းအသက်ရှင်ခဲ့ရင် နောက်တစ်ခါ မခိုင်းတော့ဘူး။ ငါ့အတွက် ဝိညာဥ်ဆေးပင်တွေ ဂရုစိုက်ပေးရုံပဲ”

ကျိုးယင် ကတိပေးပေမယ့် စုန့်ဝမ်ကတော့ နောင်မှာ စမ်းသပ်ဖို့ လူပြတ်လပ်ရင် သူ့ကိုပဲ စမ်းသပ်ဖို့ အသုံးချမှာ မြင်ယောင်နေတယ်။ သူကလည်း အသက်ရှင်နေသရွေ့ ထွက်ပြေးဖို့ ကြံစည်နေမှာပဲ။

စုန့်ဝမ် တင်ပျဥ်ခွေထိုင်ချရင်း စိတ်ကိုပြင်ဆင်ပြီး သွေးချီဆေးလုံးကို မျိုချလိုက်တယ်။ ဆေးအစွမ်းကို စုပ်ယူဖို့ ချီစွမ်းအင်ကိုလည်း လည်ပတ်လိုက်တယ်။ ဆေးလုံးက အစာအိမ်ထဲ ရောက်တာနဲ့ အပူလှိုင်းတွေအဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်အပူရှိန်ကို မြန်မြန်ဆန်ဆန် မြင့်တက်လာစေခဲ့တယ်။ အပူလှိုင်းတွေက သွေးကြောတလျှောက် ဖြတ်စီးပြီး အဂ်ါအစိတ်အပိုင်းအားလုံးကို ဖုံးလွှမ်းသွားတယ်။

စုန့်ဝမ်က သွေးကြောထဲစီးဆင်းနေတဲ့ အပူလှိုင်းကို သက်ရှည်နည်းစနစ်အတိုင်း သန့်စင်ရင်း ဒန်တန်ထဲကို အားဖြည့်နေတယ်။ ဒါပေမယ့် အသက်စွမ်းအင်နဲ့ သွေးကုန်ခမ်းတာက အရမ်းမြန်လွန်းလို့ အားနည်းလာတယ်။ တင်ပလ္လင်ခွေ ထိုင်နေရတာ မောပန်းလာသလို ခံစားနေရပြီး၊ လဲလျောင်းအိပ်ပစ်ချင်စိတ် ပြင်းပြလာတယ်။

​ဘေးကစောင့်ကြည့်နေတဲ့ ကျိုးယင်က ရိပ်မိပြီး ချက်ချင်း သတိပေးလာတယ်။

“လှဲလို့ မရဘူး၊ သန့်စင်တာ ရပ်လိုက်ရင် ကျန်နေသေးတဲ့ဆေးအစွမ်းက မင်းရဲ့အသက်စွမ်းအင်နဲ့ သွေးတွေကို ဝါးမျိုလိုက်လိမ့်မယ်။ အဲဒါဆို ချက်ချင်း သေသွားလိမ့်မယ်၊ သတိထားစမ်းပါ”

ကျိုးယင်လည်း စုန့်ဝမ်သေမှာကို တကယ်မလိုလားဘူး။ စေတနာရှိလို့တော့ မဟုတ်ဘူး၊ သူ့ဆေးက အောင်မြင်မှကို ဖြစ်မှာလေ။

စုန့်ဝမ်လည်း ကျိယင်စကား နားထောင်ရုံအပြင် တခြားနည်း မရှိလို့ ဆက်ကြိုးစားနေရတယ်။ အသက်စွမ်းအင်နဲ့ သွေးတွေ ကုန်ခမ်းလုနီးနီး ဖြစ်လာပြီလို့ ခံစားမိပြီး ဇတ်သိမ်းခါနီးနေချိန် သူ့ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့စွမ်းအင်တစ်ခု ထွက်ပေါ်လာတာ ခံစားလိုက်မိတယ်။

​

ကြည့်ရတာ ခန္ဓာကိုယ်ပေါ် အကန့်အသတ်ရောက်တဲ့အထိ ဖိအားတွေ ပေးလိုက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့တည်ရှိမှုတစ်ခု အသက်ဝင်ပြီး စွမ်းအင် ထွက်ပေါ်လာတာများလား။ အခြေအနေက တွေးနေဖို့ အချိန်မရှိဘူး၊ အဲဒီစွမ်းအင်ကို အသုံးချပြီး ဆေးအာနိသင်ကို အမြန်ဆုံး သန့်စင်လိုက်ရတယ်။

​

စုန့်ဝမ်ကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ကျိုးယင်လည်း အပြောင်းအလဲကို သတိထားမိပြီး အံသြဝမ်းသာသွားတယ်။ စုန့်ဝမ်ရဲ့ အသက်ဓာတ်နဲ့ ချီ လျင်လျင်မြန်မြန် ကုန်ခမ်းတာ သူသတိထားမိတယ်။ ဒါပေမယ့် အိုမင်းရင့်ရော်ပြီး အားနည်းသွားတဲ့ဟန် မပေါ်ဘဲ ဆေးကို သန့်စင်တာ ပြီးလုနီးပါးဖြစ်နေပြီ။ လက်ရှိအခြအနေအရ စုန့်ဝမ်တစ်ယောက် အသက်အန္တရာယ် မရှိတော့တာ အတည်ပြုနိုင်ပြီ။

နာရီဝက်လောက်နေတော့ ဆေးအာနိသင်ကို အပြည့်အဝ သန့်စင်ပြီးသွားလို့ စုန့်ဝမ် ကျင့်ကြံတာ ရပ်လိုက်တယ်။ မောမောပန်းပန်းနဲ့ မျက်လုံးဖွင့်လိုက် မြင်လိုက်ရတာ ကျိုးယင်ရဲ့ ဆန့်တန်းထားတဲ့လက်မှာ ကိုင်ထားတဲ့ အနက်ရောင်ဆေးလုံးတစ်လုံး။ စုန့်ဝမ် မေးမလို့ ပါးစပ်ဟချိန် ကျိုးယင်က ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။ ဆေးလုံးက လည်ချောင်းထဲ တရှိန်ထိုးဝင်သွားလို့ မောပန်းနွမ်းနယ်နေတဲ့ စုန့်ဝမ် မျိုချလိုက်မိတယ်။

စုန့်ဝမ် ဆေးလုံးကို ​မျိုချလိုက်တာ မြင်တော့မှ ကျိုးယင် ကျေနပ်သွားတယ်။

“သိပ်မစိုးရိမ်ပါနဲ့၊ အဲဒါ ထျန်းရှဂိုဏ်းရဲ့ ခုနှစ်ရက်နှလုံးကြေဆေးလုံးပဲ။ ၇ ရက် တစ်ကြိမ် ဖြေဆေးသောက်နေသရွေ့ ဘာမှမဖြစ်ဘူး”

အားလုံးပြီးသွားပြီ။ ခုခံငြင်းဆန်နေလို့လည်း အပိုပဲ။ စုန့်ဝမ်အနေနဲ့ အဆိပ်ကြောင့် ကျိုးယင် ထိန်းချုပ်သမျှ နာခံရတော့မယ်ဆိုတဲ့ အရှိတရားကို လက်ခံလိုက်ရတယ်။

နာရီဝက်လောက် အနားယူပြီး အ​မောပြေသွားမှ စုန့်ဝမ် သူ့အခန်းထဲ ပြန်လာခဲ့လိုက်တယ်။ ဒါပေမယ့် အရမ်းအားနည်းနေတော့ နံရံကိုမှီပြီး မနည်းထိန်းလျှောက်လာရတယ်။ လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီ။ ရာနဲ့ချီတဲ့အမျိုးသမီးတွေနဲ့ ဆက်တိုက်အိပ်ခဲ့လား မှတ်ရတယ်။

ကုတင်ပေါ် လှဲလျောင်းမိတော့မှ စုန့်ဝမ် နောက်ဆုံးအချိန်မှာ ထွက်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကို ပြန်စဥ်းစားနေမိတယ်။ ဒီစွမ်းအင်သာ ပေါ်မလာရင် အားနိုနဲ့ ကျန်းချန်တို့နောက် လိုက်သွားရမှာ သေချာတယ်။ စုန့်ဝမ် သေချာအာရုံခံ စစ်ကြည့်ပေမယ့် အဲဒီစွမ်းအင်ကို လုံးဝခြေရာခံမရ ဖြစ်နေတယ်။ ကုန်ခမ်းပျက်ပြယ်သွားတာလား၊ ဒါမှမဟုတ် ကာယကံရှင် မသိနိုင်လောက်အောင် ပုန်းကွယ်နိုင်စွမ်း ရှိနေတာလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။

…………………….

All Chapters