အခန်း (၁၂)
Vol. 1 Ch. 12
ဆေးစမ်းသပ်ပြီး နောက်နှစ်ရက်ဆက်တိုက် သူ့အစားအသောက်တွေ သိသိသာသာ ကောင်းလာတာ စုန့်ဝမ် သတိထားမိတယ်။ အစားအသောက်တိုင်းမှာ ဂျင်ဆင်း၊ တန်ရှင်းနဲ့ ဟွမ်ချီလို အားဖြည့်ဆေးပင်တွေ ထည့်သွင်းပေးလာတယ်။ အားဖြည့်စွပ်ပြုတ်နဲ့ အားဆေးတွေလည်း ပါလာတယ်။
တတိယမြောက်နေ့မှာတော့ ခါးအောက်ပိုင်း နည်းနည်းအားနည်းတာကလွဲရင် အခြေအနေ ပြန်ကောင်းလာပြီ။ မူလကိုယ်က ကာလရှည် အဟာရချို့တဲ့သူ သူတောင်းစားငယ် ဖြစ်နေတော့ အားပြန်ပြည့်ဖို့ ထင်တာထက် ပိုကြာနေတယ်။
ဒီနေ့တော့ သက်လည်းသက်သာ၊ နေလည်းသာနေလို့ စိတ်ပြေလက်ပျောက် အပြင်ထွက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီခြံဝင်းထဲ ပိတ်မိနေတာ နှစ်လလောက် ရှိနေပြီဆိုတော့ ငြီးငွေ့နေပြီ။ ကျိုးယင်ကလည်း ခွင့်ပြုပြီးပြီဆိုတော့ ရေကန်အသင့် ကြာအသင့်ပဲလေ။
စုန့်ဝမ် ထွက်လာရင်း အိမ်ခန်းတန်းလျားတွေရှိတဲ့ ကွင်းပြင်ရှေ့အရောက် စုရုံးနေကြတဲ့ ဆယ်ကျော်သက်ရွယ် ကောင်လေး၊ ကောင်မလေးတွေကို တွေ့တယ်။ ရာနဲ့တောင် ချီမလားပဲ။
"ဟူး .. ဥပဒေစိုးမိုးမှု မရှိတဲ့ နိုင်ရာစားလောကထဲ ငါဘယ်လိုလုပ် ရောက်လာလဲ မသိဘူး"
စုန့်ဝမ် ခေါင်းတခါခါနဲ့ ရေရွတ်ရင်း ခြံပြင်ထွက်ဖို့ ပြင်လိုက်တယ်။
"စုန့်ဝမ် ... ဘယ်သွားမလို့လဲ"
ရုတ်တရက် ထွက်ပေါ်လာတဲ့ကျိုးယင်အသံကြောင့် စုန့်ဝမ် ခြေလှမ်းရပ်သွားပြီး အသံလာရာကို လှည့်ကြည့်လိုက်တယ်။
ကျိုးယင်က လူအုပ်ကြားထဲက ထွက်လာတယ်။ စုန့်ဝမ်လည်း မနက်စောစော ကျတ်သရေမရှိတဲ့မျက်နှာကို တွေ့ရကောင်းလားဆိုပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်ပေမယ့်၊ အပြင်မှာတော့ အချိုသာဆုံး ပြုံးရင်း ကျိုးယင်ဆီ အမြန်သွားပြီး ဂါရဝပြုလိုက်တယ်။
"ဆရာပါလား .. ကျနော် လမ်းလျှောက်ထွက်မလို့ပါ"
ကျိုးယင်က လူကြီးလူကောင်းဟန်နဲ့ ကြင်ကြင်နာနာပြုံးပြီး ခေါင်းညိမ့်ပြတယ်။
"လမ်းလျှောက်ထွက်တာလား။ ကောင်းတယ် .. ကောင်းတယ်"
ကျိုးယင်က စုန့်ဝမ်ကို လက်ညိုးထိုးပြရင်း ဝိုင်းကြည့်နေတဲ့လူငယ်တွေကို ပြောတယ်။
"သူက ငါ့တပည့်ကြီးစုန့်ဝမ်ပဲ။ သူက ငါနဲ့အတူ ကျင့်ကြံနေတာ ၂ လ ရှိပြီ။ မင်းတို့လည်း ကြိုးစားမယ်ဆိုရင် သူ့လိုပဲ ငါ့ရဲ့တိုက်ရိုက်တပည့် ဖြစ်လာလိမ့်မယ်။ ငါသင်ပေးမယ့် ကျင့်ကြံမှုနည်းတွေနဲ့ဆို အောင်မြင်မှု၊ ကြွယ်ဝမှုတွေ သူ့အလိုလို ရောက်လာလိမ့်မယ်"
ကျိုးယင်စကားကြောင့် လူငယ်တွေ အားကျတဲ့အကြည့်နဲ့ စုန့်ဝမ်ကို ဝိုင်းကြည့်နေကြတယ်။ အားလုံးက လူငယ်ပီပီ စိတ်လှုပ်ရှားပြီး တက်ကြွနေကြတယ်။ သူတို့ကို ကြည့်ရင်း သူနဲ့အတူ ရောက်လာခဲ့တဲ့သူတွေတောင် စုန့်ဝမ် ပြန်သတိရမိသွားတယ်။ ခုတော့ သူတစ်ယောက်ပဲ ကျန်တော့တယ်။
"လာလေ ... မင်းရဲ့ အနာဂတ်ညီတွေ၊ ညီမတွေကို နှုတ်ဆက်စကားလေး ပြောလိုက်ဦး"
ကျိုးယင်က စုန့်ဝမ်ကို အတင်းတွန်းပို့တယ်။
စုန့်ဝမ်လည်း စိတ်မပါပေမယ့် ဟန်ဆောင်အပြုံးနဲ့ နှုတ်ဆက်အားပေးလိုက်ရတယ်။
"ညီလေး၊ ညီမလေးတို့ .. မင်းတို့အားလုံး ဆရာသွန်သင်တဲ့အတိုင်း စိတ်ရင်းမှန်နဲ့ လိုက်နာကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။ ချီကို စုစည်းနိုင်တာနဲ့ နဂါးတံခါးကို ကျော်ဖြတ်တဲ့ငါးလို ခမ်းနားတဲ့ဘဝသစ်တစ်ခု ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဆရာ့လမ်းညွှန်မှုကို လိုက်နာခွင့်ရတာ ဘဝပေါင်းများစွာ စုဆောင်းခဲ့တဲ့ ကောင်းမှုတွေကြောင့်ပဲ။ ဒီဘဝမှာ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့်အခွင့်အရေး ကြုံလာပြီဆိုတော့ တန်ဖိုးထားပြီး အကောင်းဆုံး ကြိုးစားကြပါ"
အရောင်းသမားလုပ်ခဲ့ဖူးသူပီပီ စကားလှလှလေးတွေနဲ့ မိန့်ခွန်းချွေလိုက်ပေမယ့် စိတ်ထဲမှာ တောင်းပန်နေမိတယ်။ "အားလုံးကို တောင်းပန်ပါတယ်ကွာ။ အားအကောင်းဆုံးလူပဲ ရှင်သန်နိုင်မှာ မဟုတ်လား၊ မင်းတို့ ကျင့်ကြံမှု မြန်မြန်တိုးတက်လေ၊ ငါ့အတွက် စမ်းသပ်ခံဖြစ်ဖို့ အလားအလာနည်းလေပဲလေ"
ကျိုးယင်ကတော့ စုန့်ဝမ်ပြောတာတွေကို အရမ်းသဘောကျသွားတယ်။
"ကောင်းလိုက်တဲ့စကား၊ ရော့ .. ဒီတံဆိပ်တစ်ခု ထပ်ယူထား။ ဂိုဏ်းဘဏ္ဍာတိုက်ကနေ တစ်လကို ငွေသားငါးရာ ထုတ်လို့ရတယ်"
"ကျေးဇူးပါဆရာ၊ ခွင့်ပြုပါဦး"
စုန့်ဝမ်လည်း တံဆိပ်ပြားကို လက်ခံယူပြီး အမြန်ထွက်လာခဲ့တယ်။
လမ်းမှာ အစောင့်ဂိတ်တွေ ရှိပေမယ့် ကျိုးယင်ပေးထားတဲ့တံဆိပ်ကြောင့် အတားအဆီးမရှိ သွားလာလို့ ရတယ်။ အစောင့်တွေက လေးလေးစားစား ဆက်ဆံကြလို့ ကျင့်ကြံသူတစ်ယောက် ဘယ်လောက်အရှိန်အဝါ ကြီးမားတယ်ဆိုတာ စုန့်ဝမ် သဘောပေါက်သွားတယ်။
လမ်းမှာ မေးမြန်းစုံစမ်းပြီး ဘဏ္ဍာတိုက်ကို ရောက်သွားတယ်။ ရောက်တာနဲ့ ကျိုးယင်ပေးတဲ့တံဆိပ်ပြား ထုတ်ပြပြီး ငွေသားငါးရာ ထုတ်ယူလိုက်တယ်။ ဒီပမာဏက လူလတ်တန်းစားမိသားစုတစ်ခု တစ်လအသုံးစရိတ်လောက် ရှိတယ်။ ငွေထုတ်ပြီးတာနဲ့ ယန်ချန်မြို့ထဲ ထွက်လာခဲ့တယ်။
......
ယန်ချန်မြို့ကတော့ အရင်အတိုင်း စည်ကားနေဆဲပဲ။ စုန့်ဝမ်လည်း မြို့ထဲ လျှောက်သွားရင်း လမ်းဘေးဆိုင်လေးတွေက အစားအသောက်တွေ မြည်းစမ်းစားသောက်နေတယ်။ ကျင့်ကြံမှုစလုပ်တည်းက စားချင်စိတ် ပိုအားကောင်းလာပြီး၊ ပိုလည်း စားနိုင်လာတယ်။
ဗိုက်ပြည့်တော့ လမ်းမတွေမှာ ဟိုဟိုဒီဒီ လျှောက်သွားရင်း ဖျော်ဖြေမှုတွေကို အရသာခံ ကြည့်နေမိတယ်။ ဒီကမ္ဘာမှာက လမ်းဘေးဖျော်ဖြေသူ အရမ်းများတယ်။ သူတောင်းစားတွေလည်း မနည်းဘူး။ စုန့်ဝမ်လည်း ကိုယ်ချင်းစာမိတာနဲ့ အကြွေတချို့ ပေးဖြစ်ခဲ့တယ်။
မနက်ခင်းတစ်ပိုင်းလုံး လှည့်ပတ်သွားလာပြီးချိန်မှာ မြို့တစ်ဝက်လောက် နှံ့သွားတယ်။ နေ့လည်စာကို နီးရာစားသောက်ဆိုင်မှာပဲ စားလိုက်တယ်။ စားသောက်ပြီးတော့ ဆေးခန်းတစ်ခုဆီ သွားတယ်။ ခုနှစ်ရက်နှလုံးကွဲကြေဆေးအကြောင်း စုံစမ်းချင်လို့ မနက်ပိုင်း သွားလာနေချိန်တည်းက ဆေးခန်းတွေကို အကဲခတ်ပြီးပြီ။ ကျိုးယင်က နောက်ယောင်ခံသူ လွှတ်ထားမှာ စိုးရိမ်လို့ အချိန်ဖြုန်းရင်း စောင့်ကြည့်သူ ရှိ၊ မရှိ အကဲခတ်နေတာ။
နောက်ယောင်ခံလိုက်သူ မရှိတာ သေချာတော့မှ ဆေးခန်းထဲ ဝင်ခဲ့လိုက်တယ်။ ဒါပေမယ့် သိပ်တော့မမျှော်လင့်မိဘူး။ ဒီလို စိတ်ချလက်ချ လွှတ်ထားတာကိုက သူပေးတဲ့အဆိပ် ဖြေဖို့ ခက်ခဲတာကို ပြနေတာပဲ မဟုတ်လား။
ရှန်လင်ထျန်းဆိုတဲ့ ဆေးဆိုင်ထဲ ဝင်သွားတော့ ဆံပင်တွေဆွတ်ဆွတ်ဖြူနေတဲ့ သမားတော်တစ်ယောက် ထိုင်နေတာ တွေ့လိုက်တယ်။ စုန့်ဝမ် စုံစမ်းရသလောက်ဆို သူက ယန်ချန်မြို့မှာ အတော်ဆုံးသမားတော်၊ နတ်ဆေးဆရာလို့တောင် ခေါ်ကြတယ်။ နာမည်ကရွှယ်ထောင်။ တော်သလောက် လောဘကြီးပြီး ပြသဆွေးနွေးရုံတင် စျေးကြီးကြီး ယူတတ်တယ်။
အခု စုန့်ဝမ်လည်း ပြသဖို့တင် ငွေတစ်ဆယ် ပေးလိုက်ရတယ်။
"ဆရာရွှယ် .. ကျနော် အဆိပ်မိနေလို့ပါ"
သမားတော်ရွှယ် ခေါင်းညိမ့်ပြတယ်။
"အရင်ဆုံး သွေးခုန်နှုန်း စမ်းသပ်ရမယ်၊ ဘယ်လက်ပေး"
စုန့်ဝမ်လည်း ဘက်လက်ကို ထိုးပေးလိုက်တယ်။
သမားတော်ရွှယ်က သွေးခုန်နှုန်းစမ်းပြီး မျက်မှောင်ကြုတ်သွားတယ်။
"ညာလက်ပေးဦး"
နောက်တော့ စုန့်ဝမ်လက်နှစ်ဖက်လုံးကို သွေးခုန်နှုန်း စမ်းသပ်ရုံတင်မက၊ လျှာနဲ့ မျက်လုံးတွေပါ သေချာစစ်တယ်။
"ငါမြင်ရသလောက်တော့ မကြာသေးခင်က သွေးဆုံးရှုံးများလို့ အားနည်းနေတာပဲ ရှိတယ်။ အဆိပ်မိတဲ့လက္ခဏာ မတွေဘူး။ အနားယူလိုက်ရင် ပုံမှန်ပြန်ဖြစ်မှာပါ"
စုန့်ဝမ် စိတ်ပျက်သွားတယ်။
"ဆရာရွှယ် .. ကျေးဇူးပြုပြီး ထပ်စစ်ပေးပါဦး။ ကျနော် အဆိပ်မိနေတယ်ဆိုတာ လုံးဝသေချာပါတယ်"
သမားတော်ရွှယ်က ခေါင်းခါလိုက်တယ်။
"ငါဆေးကုလာတာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး။ အဆိပ်သင့်လူနာတွေ မရေမတွက်နိုင်အောင် ကုခဲ့ဖူးတယ်။ မင်းမှာ အဆိပ်မိတဲ့လက္ခဏာ လုံးဝမတွေ့ရဘူး။ တစ်ခုတော့ ရှိတယ်၊ တကယ်အဆိပ်သင့်နေပေမယ့် ငါရှာမတွေ့တာဆိုရင် ကုသနိုင်မှာ မဟုတ်ဘူး။ ငါ့ထက်တော်တဲ့ သမားတော် ရှာဖို့ အကြံပေးချင်တယ်"
စုန့်ဝမ် သက်ပြင်းချလိုက်မိတယ်။ ကျိုးယင် စိတ်မပူတာလည်း မဆန်းဘူး။ ခုနှစ်ရက်နှလုံးကွဲကြေအဆိပ်က ကုသဖို့ မပြောနဲ့ အဆိပ်သင့်လက္ခဏာတောင် ရှာရခက်တာပဲ။
နောက်ထပ် သမားတော် ၅ ယောက် ထပ်ပြပေမယ့်၊ အားလုံးက အဆိပ်သင့်လက္ခဏာ မရှိဘူးလို့ပဲ ပြောကြတယ်။ စုန့်ဝမ် စိတ်ဓာတ်ကျသွားတယ်။ ကိုယ်တိုင်သာ မခံစားရရင် အဆိပ်မိနေတာ မဟုတ်ဘူး၊ ကျိုးယင်က လိမ်ညာခြိမ်းခြောက်တာလို့တောင် ထင်မိနိုင်တယ်။
နောက်တော့ ခုနှစ်ရက်နှလုံးကွဲကြေအဆိပ်က ထျန်းရှဂိုဏ်းရဲ့အဆိပ်ဆေးလို့ ကျိုးယင် အမှတ်တမဲ့ ထည့်ပြောမိတာ စုန့်ဝမ် သတိရသွားတယ်။ ဒါဆို ဖြေဆေးက ထျန်းရှဂိုဏ်းမှာ ရှိရမယ်။
………….