အခန်း (၁၃)
Vol. 1 Ch. 13
နေဝင်ဆည်းဆာ ရောက်လာချိန် ခပ်ဖျော့ဖျော့နေရောင်ခြည်ကြောင့် ကောင်းကင်တစ်ခုလုံး နီစွေးနေပြီ။ စုန့်ဝမ်ကတော့ ပတ်ဝန်းကျင်ကို သတိမထားမိဘဲ စိတ်ပျက်လက်ပျက် လမ်းလျှောက်နေတယ်။
လမ်းလျှောက်နေရင်း ဆွဲဆောင်မှုရှိရှိဝတ်ဆင်ထားတဲ့ မိန်းကလေးနှစ်ယောက် အနားကပ်လာပြီး သူ့လက်တွေကို တစ်ယောက်တစ်ဖက် ဆွဲလိုက်တော့မှ စုန့်ဝမ် သတိပြန်ဝင်လာတယ်။
"လူချောလေး ... အထဲဝင်ပြီး ပျော်ရအောင်လေ"
မိန်းကလေးတွေက စုန့်ဝမ်လက်မောင်းမှာ ရင်အစုံအပ်ပြီး ညုတုတု ပြောလာတယ်။
စုန့်ဝမ်လည်း စိတ်လှုပ်ရှားသွားတယ်။ သူတို့ပြောတဲ့နေရာ လှမ်းကြည့်တော့ သုံးထပ်အဆောက်အဦးတစ်ခု တွေ့တယ်။ အဆောက်အဦး ဝရံတာမှာ ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးတွေ အပြည့်နဲ့ ဖြတ်သွားဖြတ်လာသူတွေကို ဆွဲဆောင်နေကြတယ်။ သူ့နားက မိန်းကလေးနှစ်ယောက်လို ဆိုင်ရှေ့ထွက် မြူဆွယ်နေသူလည်း မနည်းဘူး။
သွားလာရင်း ပြည့်တန်ဆာအိမ်ရှေ့ ရောက်သွားတာကိုး။ စုန့်ဝမ်လည်း ညစ်ညူးပိတ်လှောင်နေတဲ့သူ့စိတ်ကို ဒီနေရာမှာ ထွက်ပေါက်ပေးဖို့ စဥ်းစားလိုက်မိတယ်။ လက်မောင်းအစုံက နွေးထွေးအိစက်တဲ့ အထိအတွေ့ကြောင့် သွေးတွေဆူဝေနေပြီလေ။
စုန့်ဝမ်လည်း စိတ်ပိုင်းဖြတ်ပြီး မိန်းမပျိုနှစ်ယောက်နောက် လိုက်သွားဖို့ ပြင်လိုက်တယ်။ အဲ့အချိန်မှာ ညီလေးက တရေးနိုးမလာဘဲ၊ ခါးအောက်ပိုင်းမှာ ပြင်းထန်တဲ့ဝေဒနာတစ်ခု ထွက်ပေါ်လာလို့ စုန့်ဝမ် မျက်နှာရှုံ့မဲ့သွားတယ်။ သွားပြီ .. ခုထိ အားနည်းနေတုန်းပဲ၊ ခွေးမသားကျိုးယင်လို့ စိတ်ထဲက ကျိန်ဆဲရင်း ခြေလှမ်းရပ်လိုက်ရပါတော့တယ်။ အထဲရောက်လည်း ဘာလုပ်နိုင်မှာ မှတ်လို့။
"နောက်မှနော် .. နောက်မှ"
စုန့်ဝမ် မိန်းမပျိုနှစ်ယောက်လက်က ရုန်းထွက်ပြီး အမြန်လစ်ထွက်လာခဲ့တယ်။
"ဟွန့် .. ရုပ်လေးကချော၊ ငယ်ကလည်း ငယ်နဲ့။ အားကနည်းလိုက်တာ။ အသုံးကို မကျဘူး"
မိန်းကလေးတွေရဲ့ လှောင်ပြောင်ပြောဆိုသံကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။
ပြည့်တန်ဆာအိမ်က ထွက်လာပြီးမှ နေဝင်ပြီး မှောင်စပျိုးနေတာကို စုန့်ဝမ် သတိထားမိသွားတယ်။ ပြန်ဖို့အချိန်ရောက်ပြီ။ မြို့ထဲက ဘယ်သမားတော်မှ အဆိပ်မဖြေပေးနိုင်တော့ မျှော်လင့်ချက်က ထျန်းရှဂိုဏ်းထဲမှာပဲ ရှိတော့တယ်။
ညမှောင်လာရင် ယန်ချန်မြို့လမ်းတွေပေါ်မှာ ဒုစရိုက်သမားတွေ လွှမ်းမိုးလေ့ရှိတာ စုန့်ဝမ် သိတယ်။ အခုရောက်နေတာ မြို့မြောက်ဘက်စွန်း၊ ထျန်းရှဂိုဏ်းက တောင်ဘက်အစွန်မှာ ရှိတာ။ မြို့တစ်ခုလုံးဖြတ်ပြီး ပြန်ရဦးမယ်။ ကျင့်ကြံမှု တိုးတက်လာတည်းက မှတ်ဥာဏ်ကောင်းလာလို့ တစ်မြို့လုံးကလမ်းတွေကို မှတ်မိနေပြီ။ ဒါနဲ့ အတိုဆုံးလမ်းကို ရွေးပြီး ခပ်သွက်သွက် လျှောက်လာခဲ့တယ်။
လုံးဝမှောင်သွားချိန်မှာ ထျန်းရှဂိုဏ်းနား ပြန်ရောက်လာတယ်။ ဒီလမ်းကြားအဆုံးက တောင်ကုန်းလေး ကျော်လိုက်ရင် ဂိတ်ဝရောက်ပြီ။ လမ်းကကျဥ်းပြီး၊ လမ်းဘေးမှာ ရေနှုတ်မြောင်းကြီးတွေ ရှိတယ်။ အလင်းရောင် အားနည်းလွန်းတော့ ဖြေးဖြေးပဲ လျှောက်လာခဲ့တယ်။
လမ်းတစ်ဝက်အရောက် မျက်နှာချင်းဆိုင်က လူနှစ်ယောက် လျှောက်လာတာ တွေ့လိုက်ရတယ်။ အလင်းရောင်အားနည်းလို့ သဲသဲကွဲကွဲ မမြင်ရဘူး။ တစ်ယောက်က အရပ်ရှည်ရှည်၊ တစ်ယောက်က ကလေးအရွယ် အရပ်ပုပု။ သားအဖတွေဖြစ်မယ်။ လူစိမ်းမြင်ရင် သတိထားတဲ့အကျင့်ကြောင့် စူးစမ်းလိုက်ပေမယ့် ထူးထူးခြားခြား မဟုတ်လို့ ဆက်လျှောက်လာခဲ့တယ်။
စုန့်ဝမ်က ကျင့်ကြံသူဖြစ်ပြီး ချီသန့်စင်ခြင်း ပထမအဆင့် နှောင်းပိုင်းကို ရောက်နေပြီး၊ သာမန်လူထက် ခွန်အားသာလွန်ပေမယ့် တိုက်ခိုက်ရေးပညာ မသင်ဖူးလို့ အရာရာကို သတိထားနေရတယ်။
ဆယ်မီတာအကွာလောက်ရောက်တော့ ရှေ့ကလူနှစ်ယောက်ရဲ့ပုံစံကို စုန့်ဝမ် ပီပီပြင်ပြင် မြင်လာရတယ်။ အရပ်ရှည်ရှည်လူက အရပ်တင်မက၊ ဗလလည်း ကောင်းတယ်၊ တကယ့်လူထွားကြီးပဲ။ အဝတ်အစား ဝတ်ထားတာတောင် ကြီးမားတဲ့ကြွက်သားထုကြီးတွေက အထင်းသား။ ခန္ဓာကိုယ်ကျင့်ကြံမှုကို အားပြုတဲ့ သိုင်းသမား ဖြစ်ရမယ်။ ထျန်းရှဂိုဏ်းမှာ ဒီလိုလူတွေကို သူခဏခဏ မြင်ဖူးတယ်။ အဲဒီလူတွေဆို ကီလိုရာချီတဲ့အလေးတွေ အလွယ်တကူ မနိုင်သလို၊ ကျောက်တုံးတွေကိုလည်း လက်သီးနဲ့ အလွယ်တကူ ထိုးခွဲနိုင်တယ်။
လူထွားကြီးဘေးက ကလေးကို မြင်တော့ စုန့်ဝမ် မျက်မှောင်ကြုတ်ပြီး ခြေလှမ်းရပ်သွားတယ်။ ဒီကောင်လေးကို မြင်ဖူးသလိုလိုပဲ ... ဘယ်မှာလဲ၊ ဟုတ်ပြီ၊ ထျန်းရှဂိုဏ်းဆီ မရောက်ခင် လမ်းကြားထဲမှာ ပေါက်စီလုရင်း ရန်ဖြစ်ခဲ့ဖူးတဲ့ သူတောင်းစားလေးပဲ။
ကောင်လေးကလည်း တစ်ချက်တော့ တွေဝေသွားပေမယ့် စုန့်ဝမ်ကို မှတ်မိသွားတယ်။ သူက ဘေးမှာပါလာတဲ့ လူထွားကြီးလက်ကို ကိုင်ယမ်းပြီး၊ စုန့်ဝမ်ကို လက်ညိုးထိုးပြတယ်။
"အကိုကြီးကျောင်း .. အဲဒီလူပဲ၊ အရင်တစ်ခေါက် ကျနော့်ကို အနိုင်ကျင့်ပြီး အိပ်ယာထဲလဲအောင် လုပ်သွားတာ အဲဒီကောင်ပဲ"
အကိုကြီးကျောင်းဆိုတဲ့ လူထွားကြီး ဒေါသထွက်ပြီး စုန့်ဝမ်ကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်လာတယ်။ သူက သူတောင်းစားလေး ၁၂ ယောက်ပါအဖွဲ့ကို ထူထောင်ခိုင်းစားနေတဲ့ ဒေသခံလူမိုက်တစ်ယောက်။ ဒီကောင်လေးက အကျွမ်းကျင်ဆုံးနဲ့ ငွေအရှာနိုင်ဆုံး။ သူ့လက်ထောက်လည်း ဖြစ်တယ်။ ဒါကြောင့်လည်း ကိုယ်လက်အဂ်ါ စုံစုံလင်လင်ထားတာ၊ ကျန်တဲ့ကလေးတွေဆို ဒုက္ခိတဖြစ်အောင် လုပ်ပြီးမှ ခိုင်းစားတာ။
ဒီကောင်လေး တစ်လလောက် အိပ်ယာထဲလဲပြီး အလုပ်မလုပ်နိုင်တော့ ဝင်ငွေအရမ်းထိုးကျသွားတယ်။ သောက်နေကျ ကျားအားဖြည့်ဆေးတောင် မဝယ်နိုင်တော့ဘူး။ သူက မရီးဖြစ်သူနဲ့ ငြိစွန်းနေတာ၊ အခု သိပ်မစွမ်းဆောင်တော့လို့ ဟိုတစ်ယောက်က စိတ်ပျက်ပြီး တခြားအသစ်တစ်ယောက် ရှာနေပြီ။ သူ့အစ်ကိုက အိမ်နဲ့အဝေးမှာ အလုပ်လုပ်တော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဆိုပြီး သူက ထိန်းထားတာ။ အခု အပြင်လူနဲ့ဆို မျိုးရိုးသိက္ခာပါ ထိပါးတော့မယ်။
ဒါတွေ အားလုံးက သူ့ကောင်လေးကို တိုက်ခိုက်သွားသူကြောင့် ဖြစ်ရတာဆိုပြီး လက်စားချေဖို့ ရှာနေခဲ့တာ။ ခုတော့ မမျှော်လင့်ဘဲ လူပြတ်တဲ့လမ်းမှာ လာဆုံနေပြီ။
"ဟေ့ကောင် .. မင်းက ငါ့လူကို ထိပါးရဲတာလား။ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"
ပြောပြောဆိုဆို အကိုကျောင်းဆိုသူက စုန့်ဝမ်ကို ပြေးထိုးပါတော့တယ်။ သူ့ထိုးဟန်က လူပြိန်းထိုးနည်းဖြစ်လို့ စုန့်ဝမ် နည်းနည်းစိတ်အေးသွားတယ်။ ဒါပေမယ့် ခွန်အားကြီးတော့ ထိလိုက်ရင် စားသာမှာ မဟုတ်ဘူး။ ခုလို အားနည်းနေချိန်ဆို ပိုတောင်အကြောင်းဆိုးသွားနိုင်တယ်။
စုန့်ဝမ်လည်း အမြန်ငုံ့ရှောင်ရင်း ခြေထောက်မှာ ဖွတ်သိမ်းထားတဲ့ဓားမြှောင်ကို ထုတ်လိုက်တယ်။ နောက်တစ်ချက် ပြေးထိုးချိန်မှာ ခေါင်းကို အသာတိမ်းရှောင်ရင်း ရင်ဝတည့်တည့်ကို ဓားမြှောင်နဲ့ ထိုးချလိုက်တယ်။
"စွပ်"
ဓားက အကိုကျောင်းဆိုသူရဲ့ နှလုံးနေရာတည့်တည့် ဖောက်ဝင်သွားတယ်။ အကိုကျောင်းလည်း တစ်ကိုယ်လုံးက အားအင်တွေ ပျောက်ကွယ်သွားပြီး၊ စုန့်ဝမ်ကို မျက်လုံးပြူးကြည့်နေရုံအပြင် ဘာမှမတတ်နိုင်တော့ဘူး။
"မင်း ..."
အကိုကြီးကျောင်း အသံတောင် ဆက်မထွက်နိုင်တော့ဘူး။ တောက်ပဝင်းလက်နေတဲ့မျက်လုံးတွေနဲ့ အရူးတစ်ယောက်လိုကြည့်နေတဲ့ စုန့်ဝမ်အကြည့်ကို ရင်ဆိုင်ရင်း တဖြည်းဖြည်း ငြိမ်ကျသွားတယ်။ သူ့ကိုယ်ထဲက အားအင်တွေ စီးထွက်နေသလိုလည်း ခံစားလိုက်ရတယ်။
စုန့်ဝမ်က အရူးတစ်ယောက် မဟုတ်သလို၊ စိတ်ကလည်း ပုံမှန်ပဲ။ ဒါပေမယ့် အကိုကျောင်းကို ဓားနဲ့ထိုးပြီးချိန် ဓားမြှောင်ကတဆင့် ပူနွေးတဲ့စွမ်းအင်တစ်ခု သူ့ကိုယ်ထဲ အဆက်မပြတ် စီးဝင်လာတာ ခံစားလိုက်မိတယ်။ အားဖြည့်ဆေးတွေထက်တောင် အားပြင်းတဲ့စွမ်းအင်စီးကြောင်းက အားနည်းနေတဲ့ သူ့ခန္ဓာကိုယ်ကို အသက်တစ်ရှိုက်စာအတွင်း အားအင်အပြည့် ပြန်ဖြစ်သွားစေခဲ့တယ်။ စုန့်ဝမ် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းက တက်ကြွလှုပ်ရှားလာသလို ခံစားနေရတယ်။ စိတ်လည်း အရမ်းလှုပ်ရှားလာတယ်။ ခံစားချက်က အရမ်းကောင်းလွန်းတော့ အရာအားလုံးကို မေ့လျော့ပြီး မိန်းမောသွားတယ်။
တစ်ဖက်မှာတော့ အကိုကျောင်းက အဆိုးဆုံးကို ကြုံလိုက်ရတာ။ ဓားချက်ကြောင့် အသက်မထွက်ခင် သူ့ကိုယ်ထဲက အသက်ဓာတ်တွေ ဒလဟော စီးထွက်သွားသလို ခံစားရလိုက်ရတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ် လုံးဝနီးပါး ပျောက်ကွယ်သွားလို့ အသက်တစ်ရှိုက်စာအတွင်း အသက်ထွက်ပြီး ခြောက်သွေ့မာကျောတဲ့ ရုပ်အလောင်းအသွင် ပြောင်းသွားပါတော့တယ်။