← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

အကိုကြီးကျောင်း .. အဲ့ကောင်ကို ခပ်ကြမ်းကြမ်း ပညာပေးလိုက်။ သတ်ပစ်လိုက်”

သူတောင်းစားလေးက နည်းနည်းလှမ်းနေတော့ မှိန်ပျပျ အလင်းရောင်ကြောင့် ဘာဖြစ်နေတယ်ဆိုတာ သေချာမသိဘဲ သူ့လူကို အော်ဟစ်အားပေးနေတယ်။

အကိုကျောင်းဆိုသူရဲ့ ခြောက်ကပ်သွားတဲ့ခန္ဓာကိုယ်ကနေ ဘာစွမ်းအင်မှ စီးဝင်မလာတော့မှပဲ စုန့်ဝမ်က ဓားမြှောင်ကို ပြန်သိမ်းရင်း တွန်းထုတ်လိုက်တယ်။ အရိုးစုလိုဖြစ်နေတဲ့ ခြောက်ကပ်ကပ်ခန္ဓာကိုယ်က အရှိန်နဲ့ လွင့်ထွက်ပြီး သူတောင်းစားလေးနား ကျသွားတယ်။

သူတောင်းစားလေးလည်း အခုမှ အခြေအနေကို သေချာမြင်လိုက်ရတယ်။ အကိုကျောင်းဆိုသူ ခန္ဓာကိုယ်က လုံးဝခြောက်ကပ်ကျုံ့ဝင်ပြီး နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရုပ်အလောင်းလို ဖြစ်နေပြီ။

“အား .. သရဲ .. သရဲ၊ သွေးစုပ်နတ်ဆိုးကြီး”

သူတောင်းစားလေးလည်း အကြောက်လွန်ပြီး ခြေထောက်တွေ ပျော့ခွေကျသွားတယ်။ ဖင်ထိုင်လဲကျသွားပေမယ့် ​ကြောက်လန့်တကြား အော်နေဆဲပဲ။

သူတောင်းစားလေးအော်သံကြောင့် စုန့်ဝမ် သတိပြန်ဝင်လာတယ်။ သူကိုယ်တိုင်လည်း ထင်မှတ်မထားတဲ့ အကိုကျောင်းဆိုသူရဲ့ မရှုမလှ ဇတ်သိမ်းသွားပုံကြောင့် အံအားသင့်ပြီး ငေးကြောင်နေခဲ့တာ။ အခုမှ သူတောင်စားလေးကို သတိထားမိသွားတယ်။

ဟုတ်တယ်၊ ဒီသူတောင်းစားလေးကို အလွတ်ပေးလို့ မဖြစ်ဘူး။ သူက လူကို ​ကောင်းကောင်းမှတ်မိတဲ့အပြင်၊ ရန်ငြိုးပါ တေးမှတ်နေသေးတယ်။ အခုလို သွေးအဆီအနှစ်ပါ စုပ်ယူနိုင်တာကို သိသွားမှတော့ လွှတ်ပေးဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဆေးစမ်းသပ်ခံရချိန် ပေါ်လာတာလည်း ဒီစွမ်းအားပဲ။ ကြည့်ရတာ ခန္ဓာကိုယ်ထဲမှာ ကြီးမားတဲ့လျှို့ဝှက်ချက် ရှိနေပုံ ရတယ်။ ဒါကို အတတ်နိုင်ဆုံး ဖုံးဖိထားရမယ်။

စုန့်ဝမ်လည်း အားကုန်သုံး ခုန်လွှားပြီး ထွက်ပြေးဖို့ ထလာတဲ့ သူတောင်းစားလေးလည်ပင်းကို ဖမ်းညစ်ချုပ်ကိုင်ရင်း နှလုံးတည့်တည့်ကို ဓား​မြှောင်နဲ့ ထိုးချလိုက်တယ်။

“မ မလုပ် .. အား”

သူတောင်းစားလေးက အော်ဟစ်ရုန်းကန်ပေမယ့် စုန့်ဝမ်ကတော့ မသနားတော့ဘူး။ ဒီကောင်လေးက အပြစ်ကင်းစင်တဲ့ကလေးသူငယ် မဟုတ်တော့ဘူး။ လောကဓံကြောင့် ကြမတမ်းခက်ထန်ပြီး ကောက်ကျစ်ရက်စက်သူ ဖြစ်နေပြီ။ လွှတ်ပေးလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားလိမ့်မယ်။

​ကောင်လေးရင်ဘတ်ကို ဓားနဲ့ ထိုးမိတာနဲ့ သွေးအဆီအနှစ်တွေ စုန့်ဝမ်ဆီ ဒလဟော စီးဝင်လာပြန်တယ်။ ခုနကလိုပဲ၊ သွေးတွေ စီးဝင်လာတာ မဟုတ်ဘဲ၊ သွေးအဆီအနှစ်စွမ်းအင်တွေ စီးဝင်လာပြီး ပိုင်ရှင်ခန္ဓာကိုယ်က သွေးတွေ အငွေ့ပျံ ခြောက်ကပ်သွားတာ။ ကောင်လေးခန္ဓာကိုယ်လည်း အကိုကျောင်းလိုမျိုး ချက်ချင်းခြောက်ကပ်ပြီး သေဆုံးသွားတယ်။

အဖြစ်အပျက်က စက်ဆုပ်စရာ ကောင်းပေမယ့် စုန့်ဝမ်ခန္ဓာကိုယ်က အံအားသင့်စရာကောင်းလောက်အောင် သက်တောင့်သက်တာ ဖြစ်နေတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ လူလတ်ပိုင်းတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ဆီက သွေးအဆီအနှစ်တွေ ဆက်တိုက်စုပ်ယူလိုက်လို့ အားပြည့်ရုံမက ပိုလျှံနေသလို ခံစားနေရတယ်။ ဆာလောင်နေသူတစ်ယောက် ဗိုက်ကားအောင် အလွန်အကျွံစားလိုက်လို့ စားပိုးနင့်သလိုမျိုးပဲ။

ခန္ဓာကိုယ်ထဲက ကြွက်သားနဲ့ အဂ်ါအစိတ်အပိုင်းတွေ တက်ကြွနေပြီး တကိုယ်လုံး တုန်ခါနေသလို ခံစားမိနေတယ်။ ခေါင်းကလည်း အရက်မူးသလို ရီဝေဝေ ဖြစ်နေတယ်။ ခြေလှမ်း လှမ်းလိုက်တိုင်း တိမ်တွေပေါ် လမ်းလျှောက်ရသလိုမျိုး။ သွေးကြောထဲမှာလည်း ဝိညာဥ်ချီစွမ်းအင်တွေ လှိုင်းတံပိုးထန်သလို ဆူပွက်စီးဆင်းနေတယ်။

ဒါပေမယ့် စုန့်ဝမ်က ခန္ဓာကိုယ်ထဲ ဗြောင်းဆန်နေတာကို အရေးမစိုက်နိုင်သေးဘူး။ အလောင်းနှစ်လောင်းကို အရင်ရှင်းဖို့ လုပ်နေရတယ်။ ဒီတိုင်းထားခဲ့ရင် လူတွေထိတ်လန့်ပြီး အာဏာပိုင်တွေကို ဆွဲဆောင်သလို ဖြစ်သွားနိုင်တယ်။ တစ်ယောက်ယောက်က ခြေရာခံမိရင် ပြဿနာရှင်းလို့ရမှာ မဟုတ်တော့ဘူး။ သွေးစုပ်နတ်ဆိုးဆိုပြီး အရှင်လတ်လတ် မီးတင်ရှို့ခံရမှာ ကျိန်းသေပဲ။

စုန့်ဝမ်လည်း ခြေရာခံမရအောင် ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ရတယ်။ အဓိကက ခေါင်းနဲ့ အဝတ်အစားပဲ။ မှတ်မိသူမရှိရင် ယန်ချန်မြို့က အာဏာပိုင်တွေအကျင့်နဲ့ဆို ခြောက်ကပ်နေတဲ့ရုပ်ခန္ဓာကိုယ်ကို ကြည့်ပြီး ဂူဖောက်သူတွေ သချိုင်းတစ်ခုက တူးပြီး စွန့်ပစ်ခဲ့တဲ့ရုပ်အလောင်းတွေလို့ ကောက်ချက်ချ အမှုပိတ်လိုက်မှာ သေချာတယ်။

စုန့်ဝမ်လည်း အဝတ်တွေ ချွတ်ယူဖယ်ရှားပြီး ဦးခေါင်းကို မမှတ်မိအောင် ခြေပစ်လိုက်တယ်။ ပြီးတာနဲ့ ထျန်းရှဂိုဏ်းဆီ အပြေးပြန်လာခဲ့တယ်။

အလောင်းဖျောက်ရင်း အချိန်ကြာသွားလို့ သူ့ခန္ဓာကိုယ်ထဲက မတည်မငြိမ် ဖြစ်နေတာတွေက ပိုပိုဆိုးလာတယ်။ လမ်းတောင် မနည်းအားတင်းပြီး လျှောက်နေရတယ်။ ဂိုဏ်းဌာနချုပ် ပြန်ရောက်တော့ အစောင့်တွေက သူအရက်မူးလာတယ်ထင်ပြီး စစ်မနေတော့ဘဲ ဝင်ခွင့်ပေးလိုက်တယ်။ ကျိုးယင်တပည့်က နှစ်ယောက်မရှိတော့ သူ့ကို မှတ်မိနေကြပြီ။

နောက်ဆုံးတော့ စုန့်ဝမ် အခန်းထဲ ပြန်ရောက်သွားတယ်။ ရောက်တာနဲ့ ခန္ဓာကိုယ်ထဲ ဗြောင်းဆန်နေတာကို ထိန်းချုပ်ဖို့ ကျင့်ကြံမှုကို စတင်တယ်။ ဒါပေမယ့် စိတ်ရော၊ ကိုယ်ပါ ဘယ်လိုမှ တည်ငြိမ်အောင် ထိန်းမရလို့ လက်လျော့လိုက်ရတယ်။

ရွေးချယ်စရာ မရှိတော့တဲ့အဆုံး ကုတင်ပေါ်လဲချပြီး ခန္ဓာကိုယ်က သဘာဝအတိုင်း ထိန်းညှိပေးတာကိုပဲ သည်းခံစောင့်ဆိုင်းနေရတယ်။ တဖြည်းဖြည်းနဲ့ ဝေဒနာတွေ သက်သာလာပြီး အိပ်မောကျသွားတယ်။

မနက်မိုးလင်း နိုးလာချိန်မှာ မသက်မသာ ဖြစ်နေတာတွေ လုံးဝပျောက်ပြီး အားအင်ပြည့်ဝနေပြီ။ မနေ့က အရှက်ခွဲခဲ့တဲ့ညီလေးတောင် မာန်ဟုန်အပြည့်နဲ့ တက်ကြွနေပြီ။

“ဒေါက် .. ဒေါက်”

“သခင်လေးစုန့် .. မနက်စာ အသင့်ဖြစ်ပါပြီ”

တံခါးခေါက်သံနဲ့အတူ အမျိုးသမီးကြီးတစ်ယောက်အသံ ထွက်ပေါ်လာတယ်။ ဒီနှစ်ထပ်အိမ်မှာ အစားအသောက်ပို့တာနဲ့ သန့်ရှင်းရေးကို ချန်ယီဆိုတဲ့အမျိုးသမီးကြီးက တာဝန်ယူထားတာ။

မနေ့ညက သွေးအဆီအနှစ် အများကြီး စုပ်ယူခဲ့ရလို့ ချေဖျက်သန့်စင်ဖို့ စွမ်းအင်အများကြီး သုံးခဲ့ရတယ်။ မိုးလင်းတော့ ဗိုက်အရမ်းဆာနေပြီ။ ခုနေ နွားတစ်ကောင်လုံး ချက်ကျွေးရင်တောင် တထိုင်တည်း အကုန်စားနိုင်လောက်တယ်။

စုန့်ဝမ်လည်း ဗိုက်ဆာနေတာနဲ့ အမြန်ထပြီး တံခါးဖွင့်လိုက်တယ်။ အခန်းဝမှာ အစေခံချန်ယီဆိုတဲ့အမျိုးသမီးကြီး အစားအသာက်ခြင်းကို ကိုင်ရင်း ရပ်စောင့်နေတယ်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေးချန်၊ ဒီနေ့ ကျနော် ဗိုက်အရမ်းဆာနေလို့ နောက်ထပ် စားစရာ ၂ ခု၊ အဲ .. မဟုတ်ဘူး၊ ၅ ခုလောက် ထပ်ယူပေးလို့ ရမလား။

စုန့်ဝမ်လည်း အစားအသာက်ခြင်းကို လက်ခံယူပြီး ပြောလိုက်တယ်။

ချန်ယီက စုန့်ဝမ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ ခေါင်းညိမ့်ပြတယ်။

စုန့်ဝမ်လည် တံခါးပြန်ပိတ်လိုက်တယ်။ တံခါးပိတ်ပြီးမှ ထွက်သွားတဲ့ ချန်ယီရဲ့ ပွစိပွစိပြောသံကို ကြားလိုက်ရလို့ မျက်နှာရှုံ့မဲ့သွားတယ်။

“ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်ဆိုးတဲ့ကောင်လေးပဲ။ ဒီလောက်တောင် သောင်းကျန်းမှတော့ အဟာရပြတ်ပြီပေါ့။ ကောင်းတော့ ကောင်းပါတယ်၊ လူငယ်သဘာဝပဲလေ”

စုန့်ဝမ်လည်း သူ့အောက်ပိုင်းကို ငုံ့ကြည့်ပြီး အမြန်ဆုံး ရေပြေးချိုးရပါတော့တယ်။

မနက်စာကို ပုံမှန်စားနေကျရော၊ ထပ်ပို့ပေးတာပါ စားပြီးတော့မှ စုန့်ဝမ် ဗိုက်ပြည့်သွားတယ်။ စားပြီးတာနဲ့ ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ အလုပ်စလုပ်တယ်။

အလုပ်လုပ်နေရင်း ညကအဖြစ်အပျက်ကို သေချာစဥ်းစားကြည့်တယ်။ မနေ့ညက လူနှစ်ယောက်ရဲ့ သွေးအဆီအနှစ်ကို ဝါးမျိုလိုက်ရလို့ အလွန်အကျွံ ဖြစ်သွားပုံရတယ်။ အရင်က အားဖြည့်ဆေးတွေနဲ့တောင် အပြည့်အဝ ပြန်မပြည့်တဲ့ သွေးနဲ့ ချီက အခုတော့ လုံးဝအားပြည့်နေပြီ။ ညက ပိုလျှံလို့ မရှူနိုင် မကယ်နိုင်ခံခဲ့ရတာက လုံးဝပျောက်သွားတယ်။ ခန္ဓာကိုယ်က ကြေညက်အောင် စုပ်ယူဝါးမျိုလိုက်တာပဲ။

ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတချို့ ရှိလာတာ ခံစားမိတယ်။ စိတ်ဝိညာဥ်ပိုင်းလည်း တိုးတက်လာပုံ ရတယ်။ တွေးတောဆင်ခြင်ရတာ ပိုသွက်လက်လာသလိုပဲ။

ဝါးမျိုတာက သွေးအဆီအနှစ်အပြင် တစ်ခုခု ပါနေသလိုပဲ။ ဒီဝါးမျိုနိုင်စွမ်းက ဘယ်ကထွက်ပေါ်လာတာလဲ။ ရွှေလက်ချောင်းလား၊ ထားလိုက်ပါ ကျိန်စာနဲ့တောင် ပိုတူနေသလိုပဲ။

ဘာပဲ​ဖြစ်ဖြစ် ဒီစွမ်းရည်က သူကြုံနေရတဲ့အခက်အခဲကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်နိုင်မှန်း စုန့်ဝမ် သဘောပေါက်တယ်။ နောင်တစ်ချိန် ဒီစွမ်းအင်ကို ​ကောင်းကောင်းထိန်းချုပ်နိုင်ရင် အခွင့်အလမ်းကောင်းတွေ အများကြီး ပေါ်လာနိုင်တယ်။

အနာဂတ်အလားအလာကို တွေးမိတော့ အဆိပ်မိနေတာ၊ ဆေးစမ်းသပ်ခံရမှာတွေတောင် မေ့သွားပြီး တက်ကြွလာတယ်။ လူသတ်ဖူးပြီဆိုတော့ လက်ရဲသွားပြီ၊ ထပ်သတ်ဖို့လည်း ဝန်မလေးတော့ဘူး။ နောက်တစ်ကြိမ် လူသတ်ပြီး၊ သွေးအဆီအနှစ် စုပ်ယူဝါးမျိုခွင့်ရဖို့တောင် မျှော်လင့်နေမိတယ်။

ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရင်းပေါ့။ သွေးဆာပြီး လိုက်သတ်နေရင် လူမဟုတ်တော့ဘဲ မိစ္ဆာတစ်ကောင် ဖြစ်သွားနိုင်တယ်လေ။

……..

All Chapters