အခန်း (၁၅)
Vol. 1 Ch. 15
ကျိုးယင်တစ်ယောက် မနက်စောစော လူသစ်တွေကို သင်တန်းပို့ချဖို့ ထွက်လာချိန် အပါ်ထပ် ဝရံတာကနေပြီး ဝိညာဥ်ဆေးပင်စိုက်ခင်းထဲ အလုပ်လုပ်နေတဲ့စုန့်ဝမ်ကို မြင်သွားတယ်။
စုန့်ဝမ် လုပ်ကိုင်နေပုံကို သေချာကြည့်ပြီး ချီနဲ့ သွေး မူလအတိုင်း ပြန်ပြည့်ဝနေတာကိုလည်း သတိပြုမိသွားတယ်။ ကျိုးယင် စိတ်ဓာတ်တက်ကြွသွားတယ်။ ဒီတစ်ခေါက်ဖော်တဲ့ဆေးလုံး အောင်မြင်ပြီထင်ပြီး ဆေးလုံးအသစ်တွေ တတ်နိုင်သမျှ မြန်မြန်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျိုးယင် ဝမ်းသာလွန်ပြီး စုန့်ဝမ်အပေါ် စေတနာကောင်းလာပြန်တယ်။
“စုန့်ဝမ် .. မင်းကြည့်ရတာ ပြန်ကောင်းသွားပြီ ထင်တယ်။ ငါအရမ်းဝမ်းသာတယ်။ အလုပ်ချည်း ဖိလုပ်မနေနဲ့၊ အချိန်ရရင် စိတ်ပြေလက်ပျောက် အပြင်ထွက်လည်ပတ်လိုက်ဦး။ အဲဒါက မင်းကျန်းမာရေးအတွက် အကျိုးရှိလိမ့်မယ်”
ပြောဆိုပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ပြနှုတ်ဆက်ရင်း ထွက်သွားတဲ့ကျိုးယင်ကို ကြည့်ရင်း စုန့်ဝမ် ကြောင်တောင်တောင် ဖြစ်သွားတယ်။
“ဘာလဲဟ .. ဘိုးတော် ကျင့်ကြံရင်း ခေါင်းထိသွားတာလား”
နေမွန်းမတည့်ခင် အလုပ်ပြီးသွားတာနဲ့ စုန့်ဝမ်လည်း ရေချိုးပြီး မြို့ထဲ ထွက်လာခဲ့တယ်။ ဗိုက်လည်း ဆာနေပြီ။ ဂိုဏ်းကကျွေးတဲ့ အစားအသောက်က ပုံသေဖြစ်နေတော့ ငြီးငွေ့လာလို့ အပြင်ထွက်စားဖို့ ဆုံးဖြတ်ခဲ့တာ။
ထျန်းရှဂိုဏ်းက ယန်ချန်မြို့ရဲ့ အကြီးဆုံးဂိုဏ်းပီပီ သြဇာအာဏာသုံးပြီး စီးပွားရေးလုပ်ငန်းတွေကို လွှမ်းမိုးထားတယ်။ အစားအစာ၊ အဝတ်အထည်နဲ့ အခြားအခြားသောလုပ်ငန်းတွေပါ ရှိတယ်။ ဂိုဏ်းအနီးတဝိုက်က ဆိုင်ကြီးကြီးမားမား အများစုဆို ထျန်းရှဂိုဏ်း ပိုင်ဆိုင်တာချည်းပဲ။
စုန့်ဝမ်က ဂိုဏ်းကပိုင်တဲ့ဆိုင်မှာ မစားချင်လို့ လမ်းဘေးဆိုင်မှာပဲ ဝင်ထိုင်လိုက်တယ်။ ဆိုင်က စားပွဲ ၃ လုံးပဲ ရှိတယ်။ လူရှင်းနေပေမယ့် ချက်ပြုတ်ခင်းကျင်းထားပုံက သန့်ရှင်းသပ်ရပ်လို့ သဘောကျသွားတာ။ ဆိုင်ရှင်တွေက လူငယ်ပဲ၊ လင်မယားဖြစ်မယ်။ အမျိုးသားက ချက်ပြုတ်ပြီး အမျိုးသမီးက စားပွဲသန့်ရှင်းရေး လုပ်နေတယ်။
စုန့်ဝမ် ထိုင်လိုက်တာနဲ့ အမျိုးသမီးက သူ့နား ရောက်လာတယ်။
“ဧည့်သည်၊ ဘာသုံးဆောင်မလဲရှင့်”
“အသားကြော်တစ်ပွဲ၊ အသားပြုတ် နှစ်ပွဲ၊ အသားများများထည့်။ ဟင်းရွက်ကြော် ၂ ပွဲနဲ့ ခေါက်ဆွဲပန်းကန်လုံးအကြီးတစ်လုံး”
“ဟုတ်ကဲ့၊ ရပါတယ်။ ခဏစောင့်ပါနော်”
ဆိုင်ရှင်အမျိုးသမီး ဝမ်းသာသွားတယ်။ သူတို့ဆိုင်က လမ်းဘေးဆိုင်ပီပီ ရောင်းအားသိပ်မကောင်းဘူး။ စားသုံးသူတွေကလည်း ချွေတာသုံးစွဲသူ များတယ်။ စုန့်ဝမ်ကတော့ မြင်နေကျလူတွေနဲ့ မတူဘူး။ အဝတ်အစား၊ ဟန်ပန်နဲ့ မှာတဲ့ပုံစံ ကြည့်ရတာ အကျိုးအမြတ်ဖြစ်စေမယ့်ဧည့်သည်ပဲ။
လင်မယားနှစ်ယောက် တက်တက်ကြွကြွ ချက်ပြုတ်လိုက်တာ ခဏနေတော့ အသားပြုတ် ၂ ပွဲ ပြီးသွားတယ်။ အမျိုးသမီးက ချက်ချင်း လာပို့ပေးတယ်။
“ဧည့်သည်၊ သုံးဆောင်ပါဦး၊ ကျန်တာတွေက ခဏနေရင် ရပါပြီ”
မြည်းစမ်းကြည့်ပြီးတော့ အရသာကောင်းတာနဲ့ စုန့်ဝမ် အမြန်စားမိတာ ခဏလေးနဲ့ ကုန်သွားတယ်။ အဲဒီအချိန်မှာ အမျိုးသမီးက ခေါက်ဆွဲနဲ့ ကျန်တဲ့ဟင်းတွေ လာချပေးတယ်။
“အသားပြုတ်က အရသာ ကောင်းသားပဲ၊ နောက်ထပ် ၂ ပွဲ ထပ်ယူခဲ့”
“ဟုတ်ကဲ့ရှင့်”
စုန့်ဝမ် စားသောက်နေချိန် သူ့ကျောဘက်က စားပွဲမှာ လူ ၃ ယောက် ဝင်ထိုင်တာ သတိထားလိုက်မိပေမယ့်၊ လှည့်မကြည့်ဘဲ ဆက်စားနေခဲ့တယ်။
အဲဒီလူတွေကလည်း ထမင်းဟင်းလျာတွေ မှာစားနေကြတယ်။ ခဏနေတော့ စားပြီးသွားဟန်နဲ့ ငွေရှင်းဖို့ လှမ်းအော်လိုက်တယ်။
“ဘယ်လောက်ကျလဲ”
မေးတဲ့သူက မေးလိုက်ပေမယ့် တစ်ယောက်က စောင့်မနေဘဲ ထထွက်သွားဖို့ ပြင်လိုက်တယ်။ ကျန်သူနှစ်ယောက်လည်း ကမန်းကတန်း ထရပ်ပြီး လိုက်သွားဖို့ ပြင်တယ်။
ဆိုင်ရှင်အမျိုးသမီးက လက်သုတ်ပြီးမှ သူတို့ဆီ ချဥ်းကပ်လာတယ်။
“စုစုပေါင်း ကြေးနီဒဂ်ါး ၁၅၀ ကျသင့်ပါတယ်ရှင့်”
ထထွက်သွားတဲ့ ခေါင်းဆောင်လုပ်သူက ဆိုင်ရှင်အမျိုးသမီးကို မထီမဲ့မြင် ပြန်ကြည့်လိုက်တယ်။ သူ့အကြည့်က အမျိုးသမီး တစ်ကိုယ်လုံးပေါ် ရွေ့လျားနေပြီး လုံးဝန်းပြည့်တင်းတဲ့ရင်အစုံပေါ်မှာ ရပ်သွားတယ်။
“ဟေ့ကောင်မလေး .. မင်းက တော်တော်ဆွဲဆောင်မှု ရှိတာပဲ”
သူ့စကားကြောင့် နောက်လိုက်နှစ်ယောက်က ရယ်မောရင်း မျက်နှာချိုသွေး ထောက်ခံကြတယ်။
“ဆရာကုံးက မျက်စိကောင်းတာပဲ။ ဟုတ်တယ် .. ဒီကောင်မလေးက ဆွဲဆောင်မှု ရှိသားပဲ”
“ဟား ဟား .. ကောင်မလေး၊ ဆရာကုံးနဲ့ လိုက်ခဲ့မလား။ မင်းကောင်းကောင်းနေရမှာပါ။ နေပူမိုးရွာ မရှောင်၊ ဒီလိုနိမ့်ကျတဲ့အလုပ် လုပ်စရာ မလိုတော့ဘူး။ ဘယ်လိုလဲ”
အစားအသောက်ကို အာရုံစိုက်နေတဲ့ စုန့်ဝမ်လည်း ဆရာကုံးဆိုတဲ့ အသံကြောင့် ခေါင်းထောင်သွားတယ်။ လှည့်ကြည့်တော့ ကုံးဟန်နဲ့ သူ့တပည့်နှစ်ယောက် ဖြစ်နေတယ်။
စုန့်ဝမ်စိတ်ထဲ ဒေါသတွေ အလိပ်လိုက်ထွက်လာတယ်။ ဒီကောင်ကုံးဟန် လှည့်စားတာ မခံရရင် ကျိုးယင်လက်ထဲ ရောက်ခဲ့မှာ မဟုတ်ဘူး။ ခုနှစ်ရက်နှလုံးကွဲကြေအဆိပ် မိမှာလည်း မဟုတ်ဘူး။ အားလုံးက ကုံးဟန်ဆီက အစပြုခဲ့တာ။
ကုံးဟန်လည်း သူ့ကို စူးစိုက်ကြည့်နေတဲ့သူကို သတိထားမိသွားတယ်။ ရင်းနှီးသလို ခံစားရပေမယ့် ဘယ်သူဆိုတာ တွေးမရဖြစ်နေတယ်။ စုန့်ဝမ်နဲ့ တွေ့ဆုံချိန်က တိုတောင်းသလို၊ အဲဒီအချိန် စုန့်ဝမ်က စုတ်ပြတ်နေတဲ့ သူတောင်းစားလေးလေ။ အခု ကျိုးယင်တပည့်ဖြစ်ပြီး ငွေရွှင်လာတော့ အဝတ်အစား၊ အပြင်အဆင်က အတော်တိုးတက်သွားတယ်။
အဲဒီအချိန်မှာပဲ ဆိုင်ရှင်အမျိုးသမီးက အပြေးရောက်လာတဲ့ သူ့အမျိုးသားနောက် ကြောက်လန့်တကြား ဝင်ပုန်းလိုက်တယ်။ ဆိုင်ရှင်က သူ့မိန်းမကို ကာထားပြီး ပြေပြေလည်လည် ပြောလာတယ်။
“လူကြီးမင်းတို့က စနောက်နေပြန်ပြီ၊ ကျနော့်မိန်းမက သာမန်ရုပ်ရည်ပါ။ လူကြီးမင်းအာရုံကို ဘယ်လိုများဖမ်းစားနိုင်ပါ့မလဲ”
ဆိုင်ရှင်စကားကြောင့် ကုံးဟန်အကြည့်က စုန့်ဝမ်ဆီကနေ ဆိုင်ရှင်ဆီ ပြန်ရောက်သွားတယ်။
“သေချာနားထောင်၊ ငါက ထျန်းရှဂိုဏ်းက ကုံးဟန်။ မင်းတို့ လမ်းဘေးဆိုင်မှာ လာစားတယ်ဆိုတာ မင်းတို့ကတောင် ကျေးဇူးတင်ရဦးမယ်။ ဒါတောင် ငါ့ကို ပိုက်ဆံတောင်းရဲတယ်ပေါ့”
ဆိုင်ရှင် မျက်နှာပျက်သွားတယ်။ ကြေးနီဒဂ်ါး ၁၅၀ ဆိုတာ သူတို့အတွက် ရက်အတန်ကြာ သုံးစွဲဖို့ လုံလောက်တဲ့ပမာဏ။ ဒါပေမယ့် အခြေအနေအရ လက်လျှော့ရုံပဲ ရှိတော့တယ်။ ထျန်းရှဂိုဏ်းသားကို ဘယ်လိုလုပ် ထိပါးရဲမှာလဲ။
“ဟုတ်ကဲ့၊ ကျနော့်မိန်းမက ဆရာ့ကို မသိလို့ပါ။ ဆရာမပေးပါနဲ့။ ရပါတယ်”
“ကောင်းတယ်၊ မင်းက ကိုယ့်အဆင့် ကိုယ်သိသားပဲ”
ကုံးဟန်က မောက်မောက်မာမာပြောရင်း ထွက်သွားတယ်။
စုန့်ဝမ်လည်း ဆောင့်ကြွားကြွားလုပ်နေတဲ့ ကုံးဟန်ကို စိုက်ကြည့်ရင်း ဒေါသပိုထွက်လာတယ်။ ကျိုးယင်ပြီးရင် ကုံးဟန်က သူအမုန်းဆုံးလူပဲ။ ခုချိန် သူ့မှာ ကျောထောက်နောက်ခံအဖြစ် ကျိုးယင် ရှိနေပြီ။ ကျိုးယင်က သူ့ကို ဆေးစမ်းသပ်ခံအဖြစ်ပဲ သဘောထားပေမယ့် သူဒုက္ခရောက်ရင် ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူး။ သူ့ဂုဏ်သိက္ခာ ထိပါးမခံနိုင်သလို၊ စမ်းသပ်ခံလူသစ်ကလည်း ရှာရခက်တယ်လေ။
ခုနေ စုန့်ဝမ်အနေနဲ့ ကုံးဟန်လိုလူကို သတ်ပစ်ရင်တောင် ထျန်းရှဂိုဏ်းက သူ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး။ ကုံးဟန်လို သိပ်အရေးမပါတဲ့လူအတွက် ကျိုးယင်လို ကျင့်ကြံသူနဲ့ မျက်နှာပျက်ခံမှာ မဟုတ်ဘူး။
တွေးရင်း တွေးရင်နဲ့ စုန့်ဝမ် စိတ်ကူးတစ်ခု ရလာတယ်။ ညာလက်က ဖွတ်ထားတဲ့ဓားမြှောင်ကို အသာပွတ်နေမိတယ်။
…………