နောက်ဆုံးသော စစ်မြေပြင်
Vol. 138 Ch. 1771
ဘိုးဘေးနန်းတော်၏ အပြင်တွင် တပ်ချထားခဲ့သော ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်များနှင့် အခြားကမ္ဘာလောကအပေါင်းမှ စစ်တပ်များသည် စနစ်တကျ တပ်ခေါက်နေကြဆဲ ဖြစ်သည်။ ဧကရာဇ်ယန်ဖုန်း၊ လင်ယွိရှို့၊ ရွာလူကြီး နှင့် အခြားသူများကတော့ နောက်ဆုံး၌ ကျန်ရစ်ခဲ့ကြသည်။
နောက်ဆုံး စစ်သည်တော်အသုတ် ဆုတ်ခွာပြီးသည့်အခါမှသာ သူတို့ ထွက်ခွာကြပေမည်။
ထိုအချိန်မှာပင် ဧရာမ "နံရံ" ကြီး ဘွားခနဲ ထောင်မတ်လာသည်ကို တွေ့လိုက်ကြရသည်။
ဘိုးဘေးနန်းတော်၏ အရှေ့ဘက်၌ ထောင်မတ်နေသော ထို "နံရံ" ကြီး၏ အမြင့်မှာ ရင်သပ်ရှုမောဖွယ်ရာပင်။ အလျားမှာလည်း စိတ်ကူးဖြင့်ပင် မှန်းဆကြည့်မရပေ။ အကျယ်မှာလည်း မှင်သက်စရာဖြစ်နေသည်။
၎င်းသည် သာမန်နံရံ မဟုတ်တော့။ ကောင်းကင်နံရံကြီးဟုသာ ဆိုရပေမည်။
"နံရံမျက်နှာပြင်" ပေါ်ရှိ တောင်တန်းမြစ်ချောင်းများနှင့် ပထဝီအနေအထားမှာ ပြောင်းလဲနေသည်။ တစ်စုံတစ်ယောက်သည် သိပ်သည်းအားကောင်းလှသော မှော်စွမ်းအင်ဖြင့် ပထဝီအနေအထားကို ပြောင်းလဲရင်း ဤကောင်းကင်နံရံကြီးအား ဧရာမချိတ်တံဆိပ်ကြီး ဖြစ်လာနေစေ၏။
"သားရဲကမ္ဘာ"
နဂါးချီလင်က ရုတ်တရက် ထိတ်လန့်တကြား အော်လိုက်သည်။ "သားရဲကမ္ဘာလည်း ခေါက်သိမ်းခံလိုက်ရပြီ”
သူ့ဘေးတွင် ရပ်နေသည့် ယန်အာလည်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်ကို ခေါက်သိမ်းနေသည့် အရာမှာ ရိုးရှင်းသော နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း မဟုတ်ကြောင်း သတိထားမိလိုက်၏။ အကယ်၍ သာမန် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ဖြစ်ခဲ့ပါက သားရဲကမ္ဘာသည် ခေါက်သိမ်းခံရမည် မဟုတ်ပေ။
ဤသိုင်းကွက်ကား စစ်မှန်သော မှော်စွမ်းအင်ဖြင့် ဘိုးဘေးနန်းတော်ကို အဓမ္မခေါက်သိမ်းလိုက်ခြင်း ဖြစ်ရာ ဘိုးဘေးနန်းတော်၏ ပြောင်းပြန်ဘက်ခြမ်း၌ တည်ရှိသော သားရဲကမ္ဘာကိုပင် ထွက်ပေါ်လာစေခဲ့ချေပြီ။
နဂါးဟန်ခေတ်မတိုင်မီ ရှေးကျသောခေတ်များကတည်းက ရှေးဟောင်းနတ်ဘုရား ကောင်းကင်ဧကရာဇ် ထိုက်ချူသည် ကမ္ဘာမြေပေါ်ရှိ ရှေးဟောင်းနတ်ဘုရားအားလုံးနှင့် နတ်ဘုရားတစ်ပိုင်းများထဲမှ အစွမ်းထက်ဆုံးသော သိုင်းပညာရှင်တို့အား ဦးဆောင်၍ လောကပေါင်းစုံ၏ ကျောဘက်ခြမ်း၌ တည်ရှိသော ဘိုးဘေးနန်းတော်ကို ချိတ်ပိတ်ခဲ့၏။ ချိတ်ပိတ်ခြင်းဖြင့် ကောင်းကင်ဘုံများနှင့် လောကများဆီမှ သီးခြားခွဲထုတ်ထားခဲ့သည်။
နောက်ပိုင်းတွင် ချင်မူ နှင့် ကောင်းကင်နတ်ဆယ်ပါးတို့ ဤနေရာသို့ ရောက်လာပြီး ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်ကို ချိုးဖျက်ခဲ့ကြသော်လည်း လုံးလုံးလျားလျား မချိုးဖျက်နိုင်ခဲ့ပေ။ ချိပ်ပိတ်ခံထားရသော ကမ္ဘာအနောက်ခြမ်းများသည် ကမ္ဘာဦးသားရဲကြီးများ နေထိုင်လာသည်နှင့်အမျှ သားရဲကမ္ဘာအဖြစ် ပြောင်းလဲတိုးတက်သွားခဲ့၏။
ဤကောင်းကင်နံရံကြီး ထွက်ပေါ်လာသည်နှင့် ရှေးဟောင်းနတ်ဘုရားများ ချန်ထားရစ်ခဲ့သော ချိပ်တံဆိပ်များ တစ်ခုပြီးတစ်ခု ကျိုးပေါက်သွားသည်ကို နဂါးချီလင် အာရုံခံလိုက်မိသည်။ ဘိုးဘေးနန်းတော်၏ နောက်ကျောဘက်ခြမ်းရှိ သားရဲကမ္ဘာပေါ်မှ ချိပ်တံဆိပ်သည် ချက်ချင်းပင် လေးပုံတစ်ပုံ ကျိုးပေါက်သွားခဲ့ချေပြီ။
နဂါးချီလင်သည် သားရဲကမ္ဘာ၏ အရှင်သခင်သစ် ဖြစ်သည်နှင့်အညီ သားရဲကမ္ဘာနှင့် ပတ်သက်ပါက အလွန်လျင်မြန်စွာ အာရုံခံနိုင်၏။ ဘိုးဘေးနန်းတော်၏ နောက်ကျောဘက်ခြမ်းရှိ သားရဲကမ္ဘာကား ကမ္ဘာလောကများအကြား စည်းကားတိုးတက်သော နေရာဖြစ်သည်။ ယခုလို ရုတ်တရက် အပြောင်းအလဲဖြစ်သွားသည့်အခါ သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကာ မည်သို့လုပ်ရမည်ကို မသိတော့ပေ။
နံရံသည် မြင့်တက်လာရင်း အဆက်မပြတ် ပြောင်းလဲနေဆဲပင်။ လောကသစ်ပင်ကိုပင် ကျော်လွန်သွားကာ ကောင်းကင်၏ အပြင်သို့ ရောက်သွားချေပြီ။
အဘွားစစ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဦးတည်နေသော စွမ်းအင်အကူးအပြောင်းတံတားကို အလျင်အမြန် ဖြတ်တောက်လိုက်ရင်း အော်ဟစ်လိုက်သည်။ "သံလိုက်စက်ကွင်း ပေါက်ကွဲမှု ဖြစ်နေပြီ... ကူးပြောင်းနေတာ ရပ်လိုက်"
သူမက ကျန်စွမ်းအင်အကူးအပြောင်းတံတားများဆီသို့ ချက်ချင်း ပြေးသွားသည်။ ဧကရာဇ်ယန်ဖုန်း၊ လင်ယွိရှို့ နှင့် ရွာလူကြီးတို့လည်း ပြေးထွက်သွားကြကာ တံတားများအား ရပ်တန့်လိုက်ကြသည်။
နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးမှ ကျန်ရစ်ခဲ့သည့် စစ်သည်တစ်သန်းမှာ တံတားများထဲ မဝင်ရတော့သဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။
အဘွားစစ်က အော်ဟစ်လိုက်သည်။ "အားလုံး၊ အသင့်နေရာယူထားကြ... သံလိုက်စက်ကွင်း ပေါက်ကွဲမှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြတော့"
အားလုံး စစ်တပ်များကို ကပျာကယာ စုစည်းပြီး ဝင်္ကပါအခင်းအကျင်းများ နေရာချလိုက်ကြသည်။ အဘွားစစ်က အရှေ့ဆုံးတွင် ရပ်ကာ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်၏။ လက်အောက်ငယ်သားများကိုလည်း ဦးဆောင်ရင်း ရိုက်ခတ်လာမည့် လှိုင်းဂယက်များအတွက် အသင့်ပြင်ထားသည်။
ကြယ်တာရာကောင်းကင်သည် တိတ်ဆိတ်နေ၏။
လူအုပ်ကြီးမှာ ဘိုးဘေးနန်းတော် ခေါက်သိမ်းခံလိုက်ရသည့် နေရာကို လှမ်းကြည့်ကြသော်လည်း မူမမှန်သည့်အရာ မမြင်ရပေ။ မြောက်မှ တောင်သို့ သွယ်တန်းနေသော ကောင်းကင်နံရံကြီးက ပို၍ပင် ခန့်ညားထည်ဝါလာသည်ဟုသာ ခံစားလိုက်ရသည်။
ရုတ်တရက် ဘိုးဘေးနန်းတော်နှင့် အနီးဆုံး ကြယ်တာရာကောင်းကင်ရှိ ကောင်းကင်ဘုံတစ်ဘုံမှာ တစ်စုံတစ်ခုက တွန်းလိုက်သကဲ့သို့ မဆိုစလောက် ရွေ့သွားသည်။
ဝေစွေ့ဖုန်း၏ ဆံပင်များက ဖြူကောင်၏ ဆူးချွန်များသဖွယ် ချက်ချင်း ထောင်ထလာသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အားလုံး၊ အသင့်ပြင်ထား... မှော်စွမ်းအင်တွေ ထုတ်သုံးကြ... ဘိုးဘေးနန်းတော်ရဲ့ သံလိုက်စက်ကွင်း ပေါက်ကွဲမှုက ငါတို့ ထင်ထားတာထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ်"
အကုန်လုံး စိုးရိမ်ထိတ်လန့်ကုန်ကြသည်။
ကောင်းကင်ဘုံတစ်ဘုံလုံး အတွန်းခံလိုက်ရပြီမဟုတ်လော။
မျက်စိဖြင့် ကြည့်လျှင် ကြီးကြီးမားမား ရွေ့သွားခြင်း မဟုတ်သော်လည်း ထိုအတိုင်းအတာသည် မျက်စိဖြင့် မြင်ရသော အတိုင်းအတာလေးသာ ဖြစ်သည်။ အမှန်တွင် ကြယ်တာရာကောင်းကင်ထဲရှိ သံလိုက်စက်ကွင်းကြောင့် ရွေ့သွားသည့် အတိုင်းအတာက အတိုင်းထက်အလွန် ကြောက်စရာကောင်းလှ၏။
ဘိုးဘေးနန်းတော်၏ ပထဝီအနေအထား အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော သံလိုက်စက်ကွင်း ပေါက်ကွဲအားလှိုင်း၏ ပြင်းထန်မှုသည် စိတ်ကူးဖြင့်ပင် မှန်းဆကြည့်မရသော အတိုင်းအတာအထိ ချောက်ချားဖွယ်ရာကောင်းသည်။
ကြယ်တာရာကောင်းကင်တွင် ကြယ်တာရာများက ရုတ်တရက် လှိုင်းထသွားသကဲ့သို့ အရပ်လေးမျက်နှာသို့ ပြန့်ကြဲသွားသည်။ တစ်ချက်တစ်ချက်တွင် ပါးလွှာသွားပြီး၊ တစ်ချက်တစ်ချက်တွင် မယုံနိုင်လောက်အောင် ရှည်လျားသွား၏။ တစ်ချက်တစ်ချက်တွင်မူ ကျုံ့ဝင်သွားပြီး၊ တစ်ချက်တစ်ချက်၌ အဆပေါင်း ရာနှင့် ချီ၍ ကြီးမားလာသည်။ အလွန်တရာ ထူးဆန်းလှပေသည်။
ကြယ်စင်စုတစ်စု လှုပ်ခတ်သွားသည်။ မမြင်ရသော ဘီလူးကြီးတစ်ကောင်က ပြင်းထန်စွာ ထိုးနှက်လိုက်သကဲ့သို့ ၎င်း၏ အသွင်သဏ္ဍာန်မှာ ကွေးညွတ်သွား၏။ ကုဋေပေါင်း ရာနှင့်ချီသော ကြယ်များ ထူးဆန်းစွာ ပရမ်းပတာ ဖြစ်ကုန်ကြလေသည်။
အားလုံး၏ မျက်ဝန်းထောင့်စွန်းများ လှုပ်ခတ်လာသည်။ သံလိုက်စက်ကွင်း ပေါက်ကွဲမှုကား နောက်ဆုံးတော့ သူတို့ဆီ ရောက်လာချေပြီ။
ဘုန်း
သူတို့၏ မျက်စိရှေ့တွင် အဆုံးမဲ့သော အလင်းရောင်တို့ လင်းထိန်တောက်ပလာသည်။ သံလိုက်စက်ကွင်း ပေါက်ကွဲမှု၏ စွမ်းအား ရောက်လာသည်နှင့် နေရာဟင်းလင်းပြင်မှာ ချက်ချင်း ပုံပျက်သွား၏။ မယုံနိုင်ဖွယ် အားလှိုင်းအမျိုးမျိုးက သူတို့ကို ဆွဲဆန့်ကာ ဖိချလိုက်သည်။
တချို့မှာ ကြိုးမျှင်များသဖွယ် ရှည်ထွက်ကုန်သည်။ အချို့သည် အဆုံးမဲ့သော စွမ်းအားကြောင့် အစက်အပြောက်လေးများအဖြစ် ကြေမွသွားကြသည်။ အချို့က ခန္ဓာကိုယ်များ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ထောင်ပေါင်းများစွာအဖြစ် ပိုင်းဖြတ်ခံလိုက်ရပြီး အပိုင်းအစတစ်ခုစီသည် မတူညီသော နေရာဟင်းလင်းပြင်များသို့ သီးခြားစီ ကွဲထွက်ကုန်သည်ကို ရုတ်တရက် တွေ့လိုက်ကြရ၏။
ပို၍ပင် ထူးဆန်းသည်မှာ သူတို့အားလုံး အသက်ရှင်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရခြင်းပင်။ ဤသို့ ဖြစ်နေသော်လည်း မသေဆုံးကြသေးပေ။
သံလိုက်စက်ကွင်းက အားကောင်းလွန်းသောကြောင့် နေရာဟင်းလင်းပြင်များအား ကွဲထွက်ကုန်စေသည်။ မတူညီသော နေရာဟင်းလင်းပြင်များတွင် ရှိနေသော်လည်း သူတို့၏ ရုပ်ခန္ဓာများသည် အမှန်တကယ်တွင် ချိတ်ဆက်နေဆဲ ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝင်္ကပါအခင်းအကျင်းမျိုးစုံ အသက်ဝင်လာသည်။ အားလုံးသည် ဖြာထွက်လာသော သံလိုက်စက်ကွင်း ပေါက်ကွဲအားလှိုင်းကို ရင်ဆိုင်ရန် သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်လိုက်ကြ၏။ သို့သော် ပေါက်ကွဲအားလှိုင်းက သူတို့ထင်ထားသည်ထက် ပြင်းထန်အားကောင်းသောကြောင့် စစ်တပ်အသီးသီးမှ စစ်သည်များအကြားတွင် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာသည်။
ထိုအချိန်မှာပင် ကြယ်တာရာကောင်းကင်ယံရှိ ကြယ်များက ပို၍ ပို၍ တောက်ပလာသည်။ ကြယ်အလင်းရောင်များ စုဝေးလာကာ ကောင်းကင်နယ်စားမင်း၏ မျက်နှာကြီးအဖြစ် ဖွဲ့တည်သွားသည်။
ဝေါ
မယုံနိုင်လောက်အောင် သိပ်သည်းအားကောင်းသော ကြယ်အလင်းတန်းတစ်တန်း ကျဆင်းလာသည်။ ၎င်းသည် မရေမတွက်နိုင်သော ကြယ်များဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်နယ်စားမင်း၏ လက်ဖြစ်ပြီး စစ်သည်တစ်သန်းရှိသော စစ်တပ်ကြီး၏ ရှေ့မှ ကာဆီးပေးလိုက်၏။
အားလုံး စိတ်သက်သာရာရသွားသော်လည်း ကောင်းကင်နယ်စားမင်း၏ လက်ဖဝါးမှာ သံလိုက်စက်ကွင်း ပေါက်ကွဲမှုထဲတွင် အဆက်မပြတ် ပြိုကွဲနေသည်ကို တွေ့လိုက်ရ၏။ မကြာမီပင် လက်ဖဝါးကြီးမှာ လွင့်စင်သွားပြီး အရိုးစုတစ်စုသာ ကျန်ခဲ့သည်။
သို့သော် ကောင်းကင်နယ်စားမင်း၏ ကာကွယ်ပေးမှုကြောင့် သူတို့အားလုံး ဤသံလိုက်စက်ကွင်း ပေါက်ကွဲအားလှိုင်းကို နောက်ဆုံးတွင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။
အဘွားစစ်မှာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ စစ်တပ်များ လုံးဝ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတွင် ကျွမ်းကျင်သူများက ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှိုင်းဂယက်များတွင် ပိတ်မိနေသော နတ်ဘုရားများနှင့် မိစ္ဆာများကို ကူညီပေးနေကြသည်။
နတ်ဘုရားမိစ္ဆာများ၏ လက်ထဲရှိ နတ်ဘုရားလက်နက်များ ကျိုးကြေပျက်စီးသွားချေပြီ။ တချို့က အရည်ပျော်သွားသည်။ တချို့က ကြေမွသွားပြီး တချို့မှာမူ သံတုံးကြီးများ ဖြစ်သွားကြသည်။ တချို့မှာ ပါးလွှာသော ကြိုးမျှင်များအဖြစ် ဆွဲဆန့်ခံလိုက်ရသည်။ နတ်ဘုရားလက်နက်များထဲတွင် ထွင်းထုထားသော သင်္ကေတများလည်း လုံးဝနီးပါး ပြိုကွဲသွားခဲ့လေသည်။
သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း၏ စွမ်းအားကား ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဤကောင်းကင်နတ်သိုင်းသည် အမိကမ္ဘာမြေ ထိန်းချုပ်နိုင်သော အစွမ်း ဖြစ်၏။ အမိကမ္ဘာမြေ၏ မဟာတာအို ၃၆ ပါးအနက် တစ်ပါး ဖြစ်သည်။
အမိကမ္ဘာမြေ သေဆုံးသွားပြီးနောက် ဤသံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းကို ဤအတိုင်းအတာအထိ အသုံးပြုနိုင်သူ အနည်းငယ်သာ ရှိတော့သည်။ အမိကမ္ဘာမြေကိုယ်တိုင် အသက်ရှိနေစဉ်တုန်းက ဤအဆင့်အထိ မလုပ်နိုင်ခဲ့ပေ။
အဘွားစစ်က သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို ၃၀ ဘုံမြောက် ကောင်းကင်ဘုံအဆင့်အထိ ကျင့်ကြံထားနိုင်သည့် ရှားပါးသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဘိုးဘေးနန်းတော်၏ သံလိုက်စက်ကွင်း ပေါက်ကွဲမှု ဖြစ်ပွားသည့်အခိုက်တွင် အန္တရာယ်ကို အာရုံခံမိပြီး ကြိုတင်သတိပေးနိုင်ခဲ့ခြင်းပင်။
"ဘိုးဘေးနန်းတော်မှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားပြီ... ငါတို့ အမြန်ဆုံး ထွက်သွားရမယ်"
ဧကရာဇ်ယန်ဖုန်းက အော်ဟစ်လိုက်သည်။ "စွမ်းအင်အကူးအပြောင်းတံတားထဲ ချက်ချင်း ဝင်ကြ"
ဝေစွေ့ဖုန်းက ခေါင်းခါလိုက်သည်။ "အရှင်မင်းကြီး၊ စွမ်းအင်အကူးအပြောင်းတံတားတွေ ပျက်စီးသွားပြီ"
ဧကရာဇ်ယန်ဖုန်း ထိတ်လန့်သွားသည်။ သူ အလျင်အမြန် လှမ်းကြည့်လိုက်ရာ သူတို့ တည်ဆောက်ခဲ့သော စွမ်းအင်အကူးအပြောင်းတံတားအများအပြားသည် သံလိုက်စက်ကွင်း ပေါက်ကွဲမှုကြောင့် လုံးဝ ပျက်စီးသွားပြီး သံတိုသံစများပမာ ပုံနေ၏။
"ကြယ်တာရာ ကောင်းကင်ကနေ ချက်ချင်း ထွက်ခွာ"
အဘွားစစ်က ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိပြီး အော်ဟစ်လိုက်သည်။ "ခြေလျင် ချီတက်... ဒုတိယသံလိုက်စက်ကွင်း ပေါက်ကွဲလှိုင်း လာတော့မယ်"
သူမ၏ စကားသံ မဆုံးမီမှာပင် ဘိုးဘေးနန်းတော်၏ မြောက်ဘက်တွင် ကောင်းကင်နှင့် မြေကြီး ပြိုကွဲသွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ဒုတိယမြောက် ကောင်းကင်နံရံကြီးသည် တဝုန်းဝုန်း မြည်ဟည်းသံကြီးဖြင့် ထိုးထွက်လာနေချေပြီ။
ဧကရာဇ်ယန်ဖုန်းလည်း အားလုံးကို ကြယ်တာရာကောင်းကင်မှတစ်ဆင့် ကမ္ဘာဦးဘုံသို့ ချီတက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှမ်တု၌ ကောင်းကင်နယ်စားမင်းလည်း သူ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ ကောင်းကင်နတ်မြစ်သည် ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြယ်တာရာကောင်းကင်မှ လမ်းကြောင်းပြောင်းကာ သူတို့၏ ရှေ့တွင် လမ်းတစ်လမ်းအဖြစ် ခင်းပေးလိုက်သည်။
နတ်ဘုရားမိစ္ဆာ တစ်သန်းတို့သည် မြစ်ပေါ်တွင် ချီတက်ကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ဦးတည်သွားကြ၏။ နဂါးချီလင်က သားရဲကမ္ဘာတွင် ကပ်ဘေးကျရောက်မည်ကို စိုးရိမ်သဖြင့် သားရဲကမ္ဘာစစ်တပ်ကို ချက်ချင်း ဦးဆောင်ကာ ပြန်သွားသည်။ ယန်အာလည်း သူ့နောက်သို့ အလျင်အမြန် လိုက်သွားသည်။
အဘွားစစ်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်နောက်သို့ မလိုက်ဘဲ နောက်ကျန်ရစ်ခဲ့သည်။
"အဘွားကြီး မူအာအတွက် စိတ်ပူနေတာလား" ရွာလူကြီးလည်း နောက်ကျန်ရစ်ခဲ့ပြီး စစ်တပ်နောက်သို့ မလိုက်ပေ။
အဘွားစစ်က သူ့ကို မျက်စောင်းထိုးကာ မဲ့ပြုံးပြုံးလိုက်သည်။ "ရှင်ကရော ဘာလုပ်ဖို့ ကျန်ခဲ့တာလဲ"
ရွာလူကြီး ခေါင်းခါလိုက်သည်။ "ကျုပ်တစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူး... သူတို့လည်း ကျန်ခဲ့ကြတယ်"
အဘွားစစ် လှမ်းကြည့်လိုက်ရာ အဘိုးကြီးမာ၊ မျက်ကန်း၊ နားကန်း၊ ဆေးဆရာ၊ ရွှေအတို့လည်း ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။ လင်ယွိရှို့သည်ပင် စစ်တပ်မှ တိတ်တဆိတ် ခွဲထွက်လာပြီး ဤနေရာသို့ လျှောက်လာနေသည်။
"ဘိုးဘေးနန်းတော်ကို ခေါက်သိမ်းတာ... လောကကြီးကို ဆန့်ကျင်ပြီး ဒီလိုအရာမျိုး လုပ်ရဲတာ တစ်ယောက်ပဲ ရှိတယ်"
လင်ယွိရှို့က ပြောသည်။ "အဲဒါ ကျွန်မရဲ့ မောင်ကြီးပဲ... ကျွန်မရဲ့ မောင်ကြီးက သတ္တိရှိပြီး... " သူမ ခဏ ရပ်လိုက်သည်။
ရွှေအ ဝင်ပြောလိုက်သည်။ "မကောင်းမှုမှန်သမျှ မလုပ်ရဲတာ မရှိဘူး... ဟုတ်တယ်၊ ဘိုးဘေးနန်းတော်ကို ခေါက်သိမ်းနေတာ ငါတို့ မူအာပဲ"
လင်ယွိရှို့က ဆက်ပြောသည်။ "ပထမနံရံ ထိုးထွက်လာတာ တွေ့တုန်းက သံသယ ဝင်နေသေးတယ်... နောက်တော့ ဒုတိယကောင်းကင်နံရံ ပေါ်လာတာ တွေ့မှ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်နေတာ မောင်ကြီးမှန်း သေချာသွားတယ် ... သူက ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်နေမှတော့ သူကိုယ်တိုင်လည်း ဘိုးဘေးနန်းတော်ကနေ ထွက်သွားမှာ မဟုတ်ဘူး... သူ့ကိုယ်သူပါ အထဲမှာ ချိပ်ပိတ်လိုက်တာပဲ.... ဇနီးတစ်ယောက်အနေနဲ့ ခင်ပွန်းနောက်ကို လိုက်ရမယ့် တာဝန်ရှိတယ် ... ဘာပဲဖြစ်ဖြစ်၊ ဒါကြောင့် ကျွန်မလည်း ကျန်ခဲ့ရမယ်"
အဘွားစစ်သည် လူအုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်၏။ "တော်တို့အားလုံး ကျန်ခဲ့ချင်မှတော့.... ကျုပ်တို့ ဘိုးဘေးနန်းတော်ဆီ ချီတက်ကြတာပေါ့... ကျုပ်တစ်ယောက်တည်း ဘိုးဘေးနန်းတော်ကို သွားရင် အန္တရာယ်များတယ်.... တော်တို့ အကူအညီနဲ့ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ အင်အားတော့ ရှိမှာပေါ့... ဒါပေမဲ့ ဘိုးဘေးနန်းတော်က ကြောက်စရာကောင်းတယ်... ကျုပ်တို့အားလုံး သတိထားပြီး သွားလာရမယ်"
ရွာလူကြီးနှင့် အခြားသူများလည်း ခေါင်းတဆတ်ဆတ် ညိတ်ကြပြီး တညီတညွတ်တည်း ပြောလိုက်ကြသည်။
"အဘွားကြီးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ်"
အဘွားစစ်က ထိုးတက်လာနေသော ဒုတိယ ကောင်းကင်နံရံကို တစ်ချက် ကြည့်လိုက်သည်။ "ဒုတိယ သံလိုက်စက်ကွင်း ပေါက်ကွဲလှိုင်း လာတော့မယ်... အမြန်ဆုံး ဘိုးဘေးနန်းတော်ထဲ ဝင်ပြီး ပုန်းကြရအောင်"
သူတို့ ကိုးယောက်သား ချက်ချင်းပင် ဘိုးဘေးနန်းတော်ဆီသို့ ပြေးထွက်သွားကြသည်။ ၎င်း၏ အထက်ကောင်းကင်ယံသို့ ဝင်ရောက်လိုက်သည်နှင့် ဒုတိယ သံလိုက်စက်ကွင်း ပေါက်ကွဲမှု ရောက်ရှိလာသည်။ သူတို့ အပေါ်သို့ မော့ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်၏ ကောင်းကင်နေရာတိုင်းတွင် သက်တံ့ရောင်များ ရောင်စုံတောက်ပကာ အလွန်တရာ လှပနေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ဘိုးဘေးနန်းတော်၏ အနောက်ဘက်တွင်လည်း ကောင်းကင်နံရံတစ်ခု ဖြည်းဖြည်းချင်း ထိုးတက်လာသဖြင့် သူတို့၏ မျက်နှာအမူအရာများ လေးနက်သွားသည်။
ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်မှာ တစ်ဝက်တစ်ပျက် ပြီးစီးနေပြီ ဖြစ်သည်။
"ငါတို့ တောင်ဘက်ဆီ သွားပြီး သူ့ကို စောင့်ကြမယ်"
အဘွားစစ်က လျင်မြန်စွာ ပြောလိုက်သည်။ "တောင်ဘက်မှာ သူ့ကို သေချာပေါက် တွေ့နိုင်မှာပဲ"
လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် ခန်းမသခင်သုံးဦးဖြစ်သော နေသူရိန်ခန်းမသခင်၊ ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့သည် ဤမြင်ကွင်းကို ကြည့်ရင်း အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများလည်း အံ့ဩတုန်လှုပ်နေကြသည်။
ရှေးဟောင်းနတ်ဘုရားများ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခဲ့ခြင်းသည် ခေတ်ဆယ့်ခုနစ်ခေတ်၏ သမိုင်းတွင် အတောက်ပဆုံးသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့၏။
ယခု ချင်မူ လုပ်ဆောင်နေသည့် အရာမှာ ဘိုးဘေးနန်းတော်၏ နေရာဟင်းလင်းပြင်ကို အတင်းအကြပ် ခေါက်သိမ်းပြီး လှောင်အိမ်ကြီးပမာ တည်ဆောက်နေခြင်း ဖြစ်သည်။ သူသည် မီလော့နန်းတော် နှင့် လောကသစ်ပင် ဟူသည့် အင်အားစုနှစ်စု၊ ကောင်းကင်နတ်အရှင်များ နှင့် တာအိုသိုင်းပညာရှင်အပါအဝင် အားလုံးကို ဤလှောင်အိမ်ထဲတွင် ချိပ်ပိတ်ရန် ကြံစည်ထား၏။
ဤလုပ်ရပ်သည် ထိုခေတ်က ရှေးဟောင်းနတ်ဘုရားများ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခဲ့သည့် မြင်ကွင်းထက်ပင် ပို၍ ခမ်းနားထည်ဝါပြီး၊ ပို၍ ကြီးကျယ်နေသည်။ အသုံးပြုလိုက်သော အစွမ်းအစတို့သည်လည်း အဆများစွာ ပို၍လေးနက်လှသည်။
"မီလော့နန်းတော်ကို ချိပ်ပိတ်ဖို့ မဖြစ်နိုင်ဘူး"
ဟယ့်ဟွမ်ခန်းမသခင်က ခေါင်းခါလိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။ "သခင်လေးခုနစ် ဒီလိုလုပ်တာက သူ့ကိုယ်သူ ရယ်စရာဖြစ်အောင် လုပ်နေတာပဲ"
သူကား မီလော့နန်းတော်အပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေသည်။ "မီလော့နန်းတော်ကို ဘယ်သူမှ ချိပ်ပိတ်လို့ မရဘူး... မီလော့နန်းတော်ရဲ့ ခန်းမသခင် ခုနစ်ဆယ့်နှစ်ယောက်ထဲက ဘယ်သူမဆို သခင်လေးခုနစ်ရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်နိုင်တယ်... မီလော့နန်းတော်ရဲ့ သခင်လေးတွေဆို ပြောစရာတောင် မလိုဘူး"
"ဟုတ်တယ်"
ဖုန့်ဟွမ်ခန်းမသခင်က ရှေ့သို့ တစ်လှမ်းတိုးပြီး ပြုံးလိုက်သည်။ "ငါတို့ ဟင်းလင်းပြင်မှာ ကျောက်ချပြီး ဒီစကြာဝဠာမှာ ခြေကုပ်ယူနိုင်သရွေ့၊ ဒီစကြာဝဠာမှာ ငါတို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး"
နေသူရိန်ခန်းမသခင်က စကားပြောရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် ညည်းညူလိုက်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ ဒဏ်ရာများမှာ ထိန်းချုပ်မရတော့သည့် လက္ခဏာများ ပြလာသည်။
ခိုင်ဧကရာဇ်ချင်ယဲ့က အေးဆေးစွာ ပြောလိုက်သည်။ "သခင်လေးခုနစ်က ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ပြီး လှောင်အိမ်အဖြစ် ပြောင်းလိုက်တယ်.... နံရံလေးခုမှာ အပေါ်ဘက်ကိုပဲ ချန်ထားခဲ့တယ်... မင်းတို့ ထင်တာ သူက မင်းတို့ကို မျှော်လင့်ချက် အလင်းတန်းလေး ချန်ထားခဲ့တာလို့ ထင်နေတာလား”
သူ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖော်ဆောင်ရန် တံဆိပ်ခတ်ဖို့ ကြိုးစားနေဆဲ ဖြစ်၏။
"သခင်လေးခုနစ်က ကောင်းကင်ကို ချန်လှပ်ထားခဲ့တဲ့ အကြောင်းရင်းက ဟင်းလင်းပြင်အလွှာ သုံးဆယ့်ခြောက်လွှာကို ချိပ်ပိတ်ပြီး မင်းတို့ကို ကျောက်ချစရာ နေရာ မရှိအောင် လုပ်ဖို့ပဲ"
ခိုင်ဧကရာဇ်ချင်ယဲ့သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခပ်အေးအေး ပြောလိုက်၏။ "ဘိုးဘေးနန်းတော်က ငါတို့ရဲ့ စစ်မြေပြင် ဖြစ်လာလိမ့်မယ်... နောက်ဆုံး အနိုင်ရတဲ့သူပဲ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားနိုင်လိမ့်မယ်"