ချင်မိသားစုက ဘယ်တော့မှ မလိမ်ဘူး
Vol. 138 Ch. 1772
ခိုင်ဧကရာဇ်၏ စကားကြောင့် ဟယ့်ဟွမ်ခန်းမသခင်နှင့် နေသူရိန်ခန်းမသခင်တို့ ဘိုးဘေးနန်းတော်၏ ကောင်းကင်ကို မော့ကြည့်မိကြသည်။ ချင်မူသာ ဘိုးဘေးနန်းတော်၏ ဟင်းလင်းပြင်အလွှာ ၃၆ လွှာကို အမှန်တကယ် ချိပ်ပိတ်လိုက်ပါက မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာလျှင်ပင် ၁၇ စင်းမြောက် စကြဝဠာတွင် တာအို အောင်မြင်နိုင်တော့မည် မဟုတ်ပေ။
ချင်မူ၏ ရည်ရွယ်ချက်ကား မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များကို ရင်ဆိုင်ရန်အတွက်သာ မဟုတ်ဘဲ အနန္တအဘိုးအိုနှင့် သူ၏နောက်လိုက်များကိုပါ ရင်ဆိုင်ရန် ဖြစ်ကြောင်း ထင်ရှားလှသည်။
အနန္တအဘိုးအိုသည် မီလော့နန်းတော်မှ သခင်လေးများနှင့် အစွမ်းအစချင်း မကွာသော်လည်း နောက်လိုက်အင်အားက များပြားလှသည်။ လောကသစ်ပင်၏ အမြစ်များက အတိတ်စကြဝဠာတစ်ခုချင်းစီ၏ ဖရိုဖရဲမြစ်များထဲသို့ ဖြန့်ကျက်ပေးထားသည့်အတွက် တာအိုမအောင်မြင်သေးသော အင်အားကြီးသိုင်းပညာရှင်များစွာက သူ၏အမြစ်များမှတစ်ဆင့် ၁၇ စင်းမြောက် စကြဝဠာသို့ ဝင်ရောက်အသက်ရှင်ရန် ကြိုးစားနေကြသည်။
ထို့ကြောင့် အနန္တအဘိုးအို၏ မဟာမိတ်အင်အား မည်မျှကြီးထွားမည်ကို မှန်းကြည့်နိုင်သည်။ သူ့ကို မှီခိုနေသော အင်အားကြီးသိုင်းပညာရှင်အများစုမှာ တာအို မအောင်မြင်ကြသေးသဖြင့် ၁၇ စင်းမြောက် စကြဝဠာတွင် တာအိုအောင်မြင်နိုင်ရန် မျှော်လင့်နေကြသေးသည်။
ချင်မူ ဘိုးဘေးနန်းတော်ကိုသာမက ဘိုးဘေးနန်းတော်၏ ဟင်းလင်းပြင်ကိုပါ တံဆိပ်ခတ်လိုက်ပါက အနန္တအဘိုးအို၏ လက်အောက်ခံ သိုင်းပညာရှင်များအနေဖြင့် ၁၇ စင်းမြောက် စကြဝဠာသို့ ဝင်ရောက်ပြီး တာအိုအောင်မြင်နိုင်မည့် မျှော်လင့်ချက်အား လက်လွှတ်လိုက်ရပေလိမ့်မည်။
“သခင်လေးခုနစ်မှာ ဒီလိုလုပ်နိုင်စွမ်း ရှိလို့လား”
ဟယ့်ဟွမ်ခန်းမသခင်က လှောင်သလို ရယ်မောလိုက်သည်။ သူမသည် မီလော့နန်းတော်၏ ခန်းမ ၇၂ ခုတွင် အလှဆုံး အမျိုးသမီး ဖြစ်၏။ သူမ၏ အပြုံးတစ်ချက်၊ မျက်စောင်းတစ်ချက်က ပုရိသအပေါင်း၏ နှလုံးသားကို လှုပ်ခတ်သွားစေနိုင်သည်။ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းအသွယ်သွယ်ဖြင့် အလွန်တရာ ညှို့အားပြင်းချေသည်။ ‘’အတိတ်ကို ပြန်သွားပြီးတဲ့နောက်ပိုင်းဆိုရင်တော့ သခင်လေးခုနစ်မှာ ဒီလိုအစွမ်းမျိုး ရှိကောင်းရှိနိုင်လိမ့်မယ်… ဒါပေမဲ့ အခုအချိန်မှာ သခင်လေးခုနစ်ရဲ့ အောင်မြင်မှုက ခန်းမသခင်အဆင့်တောင် မရောက်သေးဘူး… တာအိုသိုင်းပညာရှင်တောင် မဟုတ်သေးဘူး… ဘိုးဘေးနန်းတော်ကို ခေါက်သိမ်းနိုင်တာက သူ့ရဲ့အကန့်အသတ်ပဲ… ဟင်းလင်းပြင်ကို ချိပ်ပိတ်ဖို့ သူ မလုပ်နိုင်ဘူး”
ခိုင်ဧကရာဇ်ချင်ယဲ့က ရွဲ့ပြုံးလိုက်သည်။ “ဒါက ကျုပ်ရဲ့ အားသာချက်ပဲ… ကျုပ်က သခင်လေးခုနစ်ရဲ့ စကားတွေကတဆင့် အနာဂတ်ကို သိခွင့်ရခဲ့တယ်… ကျုပ်ဟာ အနာဂတ်က အရာအားလုံးကို သိနိုင်တယ်… မီလော့နန်းတော်ရဲ့ ရှုံးနိမ့်မှု၊ အနန္တအဘိုးအိုရဲ့ ရှုံးနိမ့်မှုတွေကို ကျုပ် သိတယ်… ခင်ဗျားတို့ သုံးယောက်ရဲ့…”
သူ၏အကြည့်များသည် နေသူရိန်ခန်းမသခင်၊ ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်မတို့၏ မျက်နှာတို့ကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် နွေးထွေးသော အပြုံးတစ်စက သူ့နှုတ်ခမ်းထက်တွင် ဖြစ်ထွန်းလာသည်။ “ခင်ဗျားတို့ရဲ့ ကျရှုံးမှုကိုလည်း သိတယ်…. ဒီတိုက်ပွဲမှာ ခင်ဗျားတို့ အသုံးပြုမယ့် တိုက်ကွက်တွေအပြင် ခင်ဗျားတို့ ကျုပ်ရဲ့ ဓားကို ရင်ဆိုင်တဲ့အခါ တုံ့ပြန်မယ့် နည်းလမ်းတွေကိုတောင် ကျုပ် သိတယ်”
ဟယ့်ဟွမ်နှင့် ဖုန့်ဟွမ်တို့မှာ မျက်နှာအကြီးအကျယ် ပျက်သွားကြပြီး နေသူရိန်ခန်းမသခင်မှာတော့ မူးဝေရှုပ်ထွေးနေသည်။ သူ၏ဓားဒဏ်ရာများက ပိုမိုပြင်းထန်လာနေသည်။ သူ့မှာ ခွန်အားအလုံးစုံဖြင့် ဓားဒဏ်ရာကို ချုပ်ထားရသောကြောင့် ချင်ယဲ့၏ စကားကို ရှင်းလင်းစွာ မကြားလိုက်ရပေ။
“ခင်ဗျားတို့ ဘယ်တိုက်ကွက်ကြောင့် သေရမယ်… ဒဏ်ရာ ဘယ်နှချက် ရှိမယ်ဆိုတာတောင် ကျုပ်သိတယ်”
ခိုင်ဧကရာဇ်ချင်ယဲ့၏ မျက်ဝန်းများက နေသူရိန်ခန်းမသခင်အပေါ်သို့ ကျရောက်သွားပြီး သူက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ခင်ဗျားတို့ ဒီတိုက်ပွဲမှာ သေဆုံးကြလိမ့်မယ်… ကျုပ်ရဲ့ ဓားတာအို ပထမဆုံးသတ်ဖြတ်မှာက နေသူရိန်ခန်းမသခင်ပဲ… သူ့ရဲ့ မူလဝိညာဉ်ကို ကျုပ် ဖယ်ရှားပစ်ပြီး သူ့ရဲ့ အသိစိတ်အလျဉ်ကို လန်ဝူက ချေမှုန်းပစ်လိမ့်မယ်”
လန်ဝူမှာ ဤစကားကို ကြားသည်နှင့် စိတ်အားတက်ကြွလာတော့သည်။
“ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ နေရာဟင်းလင်းပြင်တာအိုက ကျုပ်ရဲ့ မဟာဓားတာအို ခင်ဗျားတို့သုံးယောက်ထဲက ဘယ်သူ့ကိုမဆို တစ်ပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်အောင် ကူညီလိမ့်မယ်… ဓားတာအိုက အထက်ဆုံး ကမ္ဘာခေတ်နှောင်း မဟာတာအိုဖြစ်ပြီး သတ်ဖြတ်တဲ့နေရာမှာ အမြန်ဆုံးပဲ… နေသူရိန်ခန်းမသခင်က အမြန်ဆုံး သေရမယ်… ဒုတိယ သေမှာက ဟယ့်ဟွမ်ခန်းမသခင်ပဲ”
ခိုင်ဧကရာဇ်ချင်ယဲ့က ဟယ့်ဟွမ်ခန်းမသခင်အား ကြည့်၍ အေးဆေးစွာ ပြောလိုက်သည်။ “ဟယ့်ဟွမ်ခန်းမသခင်မရဲ့ တာအိုသစ်သီးနှစ်လုံးက ကျုပ်ရဲ့ ဓားတာအိုကြောင့် ပျက်စီးသွားလိမ့်မယ်… တာအိုသစ်ပင်ကို ရှုရှန်းဟွာနဲ့ လန်ယွီတျန်းတို့က အဆုံးသတ်မြို့ပျက် အရာချောက်နက်ထဲ ပို့ဆောင်ပြီး ဘာမှ မရှိတော့တဲ့အထိ ချေဖျက်ပစ်လိမ့်မယ်… ခင်ဗျားရဲ့ ခန်းမက ကျုပ်ရဲ့ ဓားတာအိုနန်းဆောင်နဲ့ တိုက်ခိုက်ရင်း ပျက်စီးသွားလိမ့်မယ်… ခင်ဗျား ဒဏ်ရာ ရသွားတဲ့အခိုက်အတန့်မှာ ကောင်းကင်နတ်အရှင်ရုံက ခင်ဗျားရဲ့ မူလဝိညာဉ်ကို ခန္ဓာကိုယ်အပြင်ဘက်ကို ထုတ်ပစ်လိမ့်မယ်… ကျုပ်ရဲ့ဓားတာအို တာအိုသစ်သီးက ခင်ဗျားရဲ့ မျက်ခုံးနှစ်ဖက်ကြားကို ဝင်ရောက်ပြီး အသိစိတ်အလျဉ်အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်”
ဟယ့်ဟွမ်ခန်းမသခင်၏ မျက်နှာရှိ အပြုံးမှာ တောင့်တင်းသွားပြီး ထိတ်လန့်မှုတို့ ထင်ဟပ်လာသည်။
ခိုင်ဧကရာဇ်ချင်ယဲ့၏ အကြည့်သည် ဖုန့်ဟွမ်ခန်းမသခင်အပေါ်သို့ ကျရောက်သွားပြီး အေးစက်စွာ ပြောလိုက်၏။ “ဖုန့်ဟွမ်ခန်းမသခင်ကတော့ သခင်လေးခုနစ်ရဲ့ လက်ချက်နဲ့ သေဆုံးမှာပဲ... တိုက်ပွဲ စတင်တဲ့ အခိုက်အတန့်မှာ ခင်ဗျားက ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ နေရာဟင်းလင်းပြင်ကို ဖြိုခွင်းပြီး လူတိုင်းကို ဒဏ်ရာရစေလိမ့်မယ်… ဒါပေမဲ့ ခင်ဗျား ကျုပ်တို့ကို ဒဏ်ရာရစေပြီးတဲ့နောက်မှာ သခင်လေးခုနစ်က ဘိုးဘေးနန်းတော် အကျဉ်းလှောင်အိမ်ကို တည်ဆောက်ပြီးသွားပြီ … ခင်ဗျားက အသာစီး ရနေပုံရပေမယ့် အောင်မြင်တော့မယ့် အခိုက်အတန့်မှာပဲ သခင်လေးခုနစ်က ခင်ဗျားရဲ့ အသက်ကို ယူသွားလိမ့်မယ်…. ခင်ဗျားရဲ့ သေစေနိုင်တဲ့ ဒဏ်ရာက မျက်ခုံးနှစ်ဖက်ကြားမှာပဲ… သူက မီလော့နန်းတော်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ခင်ဗျားရဲ့ မူလဝိညာဉ်ကို တိုက်ရိုက်ထိုးဖောက်ပြီး ခင်ဗျားရဲ့ မဟာတာအိုကို ဖျက်ဆီးပစ်လိမ့်မယ်”
ဖုန့်ဟွမ်ခန်းမသခင်မှာ အကြီးအကျယ် ချောက်ချားသွားသည်။
ဤအခိုက်အတန့်တွင် ခိုင်ဧကရာဇ်ချင်ယဲ့၏ မျက်လုံးများမှ ဓားတာအိုအလင်းတန်းများ ဖြာထွက်လာပြီး သူက ရုတ်တရက် ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ “တိုက်ခိုက်ကြ”
သူ၏အသံ ဟိန်းထွက်သွားလျှင်ချင်း ဓားအလင်းတန်းတို့ ဖြန့်ကျက်သွားသည်။ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်တို့က မဟာခြုံလွှမ်းကောင်းကင်ဘုံ၊ တာအိုသစ်ပင်၊ တာအိုသစ်သီးနှင့် ဓားတာအိုနန်းဆောင်တို့နှင့်အတူ ရိုက်ခတ်သွား၏။ ဓားတာအိုကား မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ မြှင့်တင်ခံလိုက်ရချေပြီ။
ကောင်းကင်ဘုံအဆင့် ၄၀ ရှိသော မဟာဓားတာအိုသည် ပြိုင်ဘက်ကင်းသော ထက်မြက်မှုကို ဖော်ထုတ်လိုက်တော့၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်နယ်ပယ် ပျံ့နှံ့လာသည်။ ဟယ့်ဟွမ်ခန်းမသခင်ဖြစ်စေ၊ ဖုန့်ဟွမ်ခန်းမသခင်ဖြစ်စေ၊ နေသူရိန်ခန်းမသခင်ဖြစ်စေ မည်သူမဆို ရှေ့တည့်တည့်မှ ခိုင်ဧကရာဇ်ချင်ယဲ့၏ တိုက်ကွက်တို့အား ရင်ဆိုင်လိုက်ရသည်။
ဝှစ်…
ဓားအလင်းတန်းတစ်တန်းက နေသူရိန်ခန်းမသခင်ကို ဖြတ်သန်းသွားပြီး ရတနာခန်းမကိုပါ တစ်ဆက်တည်း ထိုးဖောက်သွားသည်။
ဟယ့်ဟွမ်နှင့် ဖုန့်ဟွမ်ခန်းမသခင်နှစ်ဦးမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားကာ ဆုတ်ခွာသွားကြုသည်။ ခိုင်ဧကရာဇ်ချင်ယဲ့၏ ဓားတာအိုကို မရင်ဆိုင်ဝံ့ကြတော့ပေ။
သူတို့၏ အရှေ့တွင် နေသူရိန်ခန်းမကား မဟာဓားတာအို၏ ထိုးဖောက်ခြင်းကို ခံလိုက်ရချေပြီ။ နေသူရိန်ခန်းမသခင်က ဒေါသတကြီးဟိန်းဟောက်ကာ နေသူရိန်ခန်းမ၏ တာအိုစွမ်းအားကို ထုတ်သုံး၍ ခိုင်ဧကရာဇ်ချင်ယဲ့နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ခန်းမသခင်အဆင့် သိုင်းပညာရှင်နှစ်ဦး တိုက်ခိုက်သည့် အခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်နယ်ပယ်မှာ မခံနိုင်တော့ဘဲ ချက်ချင်းပင် ပြိုကွဲသွားသည်။ သို့သော် နေသူရိန်ခန်းမသခင်၏ မျက်ခုံးနှစ်ဖက်ကြားမှ ဓားဒဏ်ရာမှာလည်း ချုပ်ထား၍ မရတော့ပေ။ ဓားတာအိုက သူ၏ ဦးနှောက်ထဲ တိုးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပြတ်ထွက်သွားသည်။
သူ၏မူလဝိညာဉ်မှာ တာအိုသစ်ပင်ပေါ်သို့ ဆင်းသက်ကာ တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် နေသူရိန်ခန်းမသည် ဝုန်းခနဲ ပြိုကွဲသွား၏။ နေသူရိန်ခန်းမကို ဖွဲ့တည်ထားသော မဟာတာအိုမှာ သူ၏မူလဝိညာဉ်နှင့် ပေါင်းစည်းလျက် သူ၏အရှိန်အဝါကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။
တစ်ချိန်တည်းမှာပင် ခိုင်ဧကရာဇ်ချင်ယဲ့နှင့် သူ တိုက်မိသွားကြသည်။
ဓားရောင်များ အရပ်လေးမျက်နှာသို့ ဖြာသွားသည်။ ကောင်းကင်မြေပြင်အား တုန်ခါသွားစေသည့် ပေါက်ကွဲသံတစ်ချက် ပဲ့တင်ရိုက်ခတ်ပြီးနောက် နေသူရိန်ခန်းမသခင်၏ မူလဝိညာဉ်မှာ ဓားတာအိုထဲတွင် ပြတ်တောက်ကြေမွသွား၏။
ထိုစဉ် ခန်းမသခင်မနှစ်ဦးမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲသို့ ဆုတ်ခွာသွားနေကြစဉ် နေသူရိန်ခန်းမသခင် ခိုင်ဧကရာဇ်ချင်ယဲ့၏ ဓားတာအိုဖြင့် အသတ်ခံလိုက်ရသည်ကို တွေ့မြင်လိုက်ကြရသည်။
သို့သော် ထိုနောက်ဆုံးတိုက်ကွက်တွင် ခိုင်ဧကရာဇ်ချင်ယဲ့မှာလည်း နေသူရိန်ခန်းမသခင်၏ တန်ပြန်တိုက်ကွက်အား ခံလိုက်ရသည်ကို သူတို့ တွေ့လိုက်ရသည်။ နေသူရိန်ခန်းမသခင်၏ နောက်ဆုံးတိုက်ကွက်က ခိုင်ဧကရာဇ်ချင်ယဲ့၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို ထိုးဖောက်သွား၍ ဒဏ်ရာပေါင်းများစွာ ချန်ထားခဲ့၏။
“ချင်ယဲ့၊ မင်း လိမ်နေတာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီသို့ လျင်မြန်စွာ ပြေးသွားရင်း ကျယ်လောင်စွာ အော်ဟစ်နေသည်။ “ခန်းမသခင်တို့၊ ချင်ယဲ့က ခင်ဗျားတို့ကို လှည့်စားနေတာ… သခင်လေးခုနစ်က သူ့ကို ဒီတိုက်ပွဲအကြောင်း အသေးစိတ် မပြောပြခဲ့ဘူး”
ခန်းမသခင်မနှစ်ဦးလည်း မြို့ထဲသို့ ရောက်မှ အသိစိတ်၀င်လာကြသည်။
ချင်ယဲ့ အမှန်အတိုင်း ပြောခဲ့လျှင် ချင်မူ့အနေဖြင့် ချင်ယဲ့ နေသူရိန်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်တို့ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းအား မြင်တွေ့နိုင်မည်မဟုတ်ပေ။ ချင်မူက နောက်ဆုံးအခိုက်အတန့်မှသာ ရောက်လာပြီး ဖုန့်ဟွမ်ခန်းမမသခင်ကို သတ်ဖြတ်မည်ဖြစ်သည်။
ထို့ကြောင့် ချင်မူ့အအနေဖြင့် ခိုင်ဧကရာဇ်ချင်ယဲ့အား ဤတိုက်ပွဲအကြောင်း အသေးစိတ် ပြောပြနိုင်မည်မဟုတ်ပေ။
ခိုင်ဧကရာဇ်ချင်ယဲ့က ဓားကို ပြန်သိမ်းလိုက်ရင်း တဖြည်းဖြည်း လွင့်မျောကျဆင်းလာသည်။ လောကပေါင်းကူးရွှေသင်္ဘောက သူ၏ခြေထောက်အောက်သို့ ပျံသန်းလာသည်။
ရွှေသင်္ဘောပေါ်တွင် ကောင်းကင်နတ်အရှင်ရုံ၊ ရှုရှန်းဟွာ၊ လန်ယွီတျန်းတို့မှာ သူ့ကို ကြောင်ငေးကြည့်နေမိကြသည်။ သူတို့ပင်လျှင် ချင်ယဲ့ကို ယုံကြည်သွားခဲ့ကြပြီး သခင်လေးခုနစ် ချင်မူက သူ့ကို ဤတိုက်ပွဲအကြောင်း ပြောပြခဲ့သည်ဟု ထင်ခဲ့ကြ၏။
“ခိုင်ဧကရာဇ်ချင်ယဲ့လည်း လိမ်ညာတတ်တာလား” ကောင်းကင်နတ်အရှင်ရုံမှာ လက်ခံရခက်နေသဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ခိုင်ဧကရာဇ်ချင်ယဲ့သည် အတည်ကြည်ဆုံးလူသား မဟုတ်လော။ သူ ရပ်နေပါက ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ထောက်ကန်ထားနိုင်လိမ့်မည်ဟူသော ခံစားချက်ကို ပေးနိုင်သည်။
ချင်ယဲ့ကား လိမ်ညာတတ်သူတစ်ဦးနှင့် လုံးဝမတူပေ။
“ချင်မိသားစုဝင်တွေထဲမှာ ချင်ဖုန်းကျင့်က လွဲရင် အားလုံးက လိမ်တဲ့နေရာမှာ ဆရာကြီးတွေပဲလေ”
ခိုင်ဧကရာဇ်ချင်ယဲ့က ဓားရောင်ကို ခါလိုက်ရင်း ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့ကို ကြည့်ကာ ပြောလိုက်သည်။ “ချင်မိသားစုမှာ အလိမ်အညာ အတော်ဆုံးကတော့ တည်ငြိမ်ပုံပေါ်တဲ့လူတွေပဲ … ကျုပ်က ရွှင်ပျော်ပျော်ကျေးရွာတစ်ရွာလုံး၊ ခိုင်ဧကရာဇ်ခေတ်တစ်ခေတ်လုံးကိုတောင် လိမ်ညာခဲ့ဖူးတယ်….ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျုပ် လိမ်ခဲ့တာ မဟုတ်ဘူး”
သူ၏နောက်ရှိ အားလုံး ကြောင်အသွားကြသည်။ လိမ်ညာခဲ့ခြင်း မဟုတ်ဘူးတဲ့လော။
ခိုင်ဧကရာဇ်ချင်ယဲ့က မျက်နှာထားတည်တည်ဖြင့် ဆက်ပြောနေသည်။ “သခင်လေးခုနစ်က ကျုပ်ကို ဒီတိုက်ပွဲရဲ့ အဖြစ်အပျက်နဲ့ ရလဒ်ကို တကယ် ပြောပြခဲ့တယ်… ခန်းမသခင်မသုံးယောက်ကလည်း ဒီတိုက်ပွဲမှာ တကယ်ပဲ သေဆုံးခဲ့ကြတယ်… နေသူရိန်ခန်းမသခင် သေသွားပြီ မဟုတ်ဘူးလား”
ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့မှာ ကျောက်စိမ်းမြို့တော်ထဲမှ ထွက်တိုက်ရန် ပြင်လိုက်စဉ် ဤစကားကို ကြားသည်နှင့် တုန်လှုပ်သွားပြီး တုံ့ဆိုင်းသွားကြ၏။
ခိုင်ဧကရာဇ်ချင်ယဲ့က အေးအေးလူလူ ပြောလိုက်သည်။ “ပြီးတော့ ခန်းမသခင်နှစ်ယောက်ရဲ့ သေဆုံးပုံကလည်း ကျုပ် ပြောခဲ့သလိုပဲ ဖြစ်လာလိမ့်မယ်… ဟယ့်ဟွမ်ခန်းမသခင်က ဒုတိယ သေဆုံးမှာ ဖြစ်ပြီး ဖုန့်ဟွမ်ခန်းမသခင်ကတော့ နောက်ဆုံးပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဟားတိုက်ရယ်သည်။ “ချင်ယဲ့၊ မင်း လိမ်နေတုန်းပါလား… ခန်းမသခင်တို့ သူ့ကို မယုံကြနဲ့… ကျုပ် သူ့အကြောင်းကို ကောင်းကောင်းသိတယ်…အရင်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံက ကျုပ်လက်ထဲမှာ လုံးဝပျက်စီးသွားခဲ့တာမလား”
ခိုင်ဧကရာဇ်ချင်ယဲ့က သူ့ကို တစ်ချက်ကြည့်၍ မေးသည်။ “ဟောင်၊ မင်း ဘယ်လိုသေရမလဲ သိလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင် တုန်လှုပ်သွားသည်။
“မင်းက ငါ့လက်ချက်နဲ့ သေမှာ”
ခိုင်ဧကရာဇ်ချင်ယဲ့က မှင်သေသေ ပြောလိုက်သည်။ “မင်းက သူ အန္တိမဟင်းလင်းပြင်ကို ချိပ်မပိတ်ခင် တာအိုအောင်မြင်ခဲ့တယ်… ခန်းမသခင်မနှစ်ယောက် သေဆုံးပြီးတဲ့နောက်မှာ မင်းကို ငါ ဓားတစ်ချက်တည်းနဲ့ ခုတ်သတ်လိုက်တာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အားရပါးရ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။ “ချင်ယဲ့၊ ဟန်လုပ်ချင်လည်း ပီပြင်အောင် လုပ်ကွ… မင်း နေသူရိန်ခန်းမသခင်ကို သတ်ခဲ့တာက မင်းရဲ့လိမ်ဆင် အမှန်လို ယုံအောင်လို့လေ … အခု မင်း ဒဏ်ရာ အပြင်းအထန်ရထားတယ်... မင်းနောက်က လူတိုင်းလည်း ဒဏ်ရာကိုယ်စီနဲ့… အားလုံးက ပင်ပန်းနွမ်းနယ်နေတဲ့ စစ်သည်တွေပဲ… ထပ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး… မင်းရဲ့ရည်ရွယ်ချက်က ခန်းမသခင်မနှစ်ယောက်ကို ကြောက်လန့်ပြီး ဆုတ်ခွာသွားအောင် လုပ်ဖို့ပလေ”
ခိုင်ဧကရာဇ်ချင်ယဲ့၏ နောက်တွင် ကောင်းကင်နတ်အရှင်ရုံမှာ ခန္ဓာကိုယ် မရှိတော့ဘဲ မူလဝိညာဉ်သာ ကျန်ရှိတော့သည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာမူ နယ်ပယ် ပြိုကွဲသွားပြီး အရှိန်အဝါမှာလည်း အားနည်းနေသည်။ ရွှမ်ဝူနတ်မင်းနှစ်ပါးနှင့် လန်ဝူတို့မှာ ကောင်းကင်နတ်ဧကရီ၏ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းကြောင်း ယခုအခါတွင် အားအင်ကုန်ခန်းနေကြချေပြီ။
ကျန်းပိုင်ကွေ့မှာလည်း ဟွမ်ရှီခန်းမသခင်နှင့် တိုက်ခိုက်စဉ်က ဒဏ်ရာအလွန်ပြင်းထန်ခဲ့သည်။
ရှန့်ကျွင်းမှာမူ ဟွမ်ရှီခန်းမသခင်၏ အသေသတ်သတ်ကွက်ကြောင့် သတိလစ်မေ့မြောနေပြီး သေရေးရှင်ရေး ဖြစ်နေသည်။
အမြင်ဆုံး အတိုက်အခိုက်စွမ်းအားကို ထိန်းသိမ်းထားနိုင်သူမှာ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သာ ဖြစ်သည်။ သူတို့သည် ကောင်းကင်နတ်ဧကရီကို သတ်ဖြတ်ပြီးနောက်တွင်ပင် လန်းဆန်းတက်ကြွနေဆဲဖြစ်၏။
“ဟောင်၊ မင်းက ငါ့အကြောင်း တကယ် ကောင်းကောင်း သိတာပဲ”
ခိုင်ဧကရာဇ်ချင်ယဲ့က သက်ပြင်းချလိုက်ပြီး ပြုံးလိုက်သည်။ “ဟုတ်တယ်၊ ငါ လိမ်ခဲ့တာ”
ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့ ကြောင်သွားကြသည်။
ချင်ယဲ့က ပြောသည်။ “ငါ့ရဲ့စွမ်းအားက မီလော့နန်းတော်က ခန်းမသခင်တွေကို မယှဉ်နိုင်ဘူး… ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရင် ဘယ်ခန်းမသခင်နဲ့မဆို ငါ မယှဉ်နိုင်ဘူး … အလွန်ဆုံး နှစ်ဦးစလုံး အပြင်းအထန် ဒဏ်ရာရသွားအောင်ပဲ လုပ်နိုင်မှာ… ငါ့နောက်က တာအိုမိတ်ဆွေတွေကလည်း အစွမ်းကုန်သွားကြပြီ… ဒါကြောင့် လိမ်ဆင်ထွင်ပြီး နေသူရိန်ကို သတ်ဖြတ်ဖို့ အခွင့်အရေးရှာခဲ့တာ… ခင်ဗျားတို့ ကြောက်လန့်ပြီး ဆုတ်ခွာသွားအောင်လုပ်ဖို့ မျှော်လင့်ခဲ့တာ… သခင်လေးခုနစ်က ဘာမှ မပြောခဲ့ဘူး… ဒီတိုက်ပွဲရဲ့ ရလဒ်ကိုလည်း ငါ ဘာမှမသိဘူး…. ခန်းမသခင်မနှစ်ယောက် အခုပဲ မြို့ထဲက ထွက်လာရင် ငါတို့ကို အကုန်လုံး သတ်ပစ်လို့ရပြီ”
သူ၏မျက်နှာသည် နောက်ပြောင်နေဟန်မတူဘဲ တည်ကြည်လေးနက်နေသည်။ “သခင်လေးခုနစ် ချင်မူက အခုထိ တာအိုမအောင်မြင်သေးဘူး… သူက ဘိုးဘေးနန်းတော်ကို အတင်းအကြပ် ချိပ်ပိတ်ခဲ့တာဆိုတော့ အခုဆိုရင် ချီစွမ်းအင်အကြီးအကျယ် ဆုံးရှုံးပြီး အားအင်ကုန်ခမ်းနေပြီ… ဘယ်လိုလုပ် ဒီနေရာကို အမြန်ရောက်လာပြီး ဖုန့်ဟွမ်ခန်းမသခင်ကို သတ်ဖြတ်နိုင်မှာလဲ”
ဖုန့်ဟွမ်ခန်းမသခင်၏ မျက်ဝန်းထောင့်စွန်းများ တဆတ်ဆတ် လှုပ်သွားသည်။
ခိုင်ဧကရာဇ်ချင်ယဲ့က တည်ကြည်စွာ ဆက်ပြောသည်။ “သူ ဖုန့်ဟွမ်ခန်းမသခင်နဲ့ ရင်ဆိုင်ရင်တောင် မနိုင်သေးဘူး… ဘယ်လိုလုပ် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်မှာလဲ… ဒါကြောင့် လိမ်ခဲ့တာ … ခန်းမသခင်မနှစ်ယောက်၊ ကျေးဇူးပြုပြီး မြို့ထဲက ထွက်လာပြီး ကျုပ်တို့ကို သတ်ဖြတ်ကြပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အလျင်အမြန် လော်ဆော်သည်။ “ခန်းမသခင်မနှစ်ယောက်၊ မြန်မြန်တိုက်ခိုက်ကြပါတော့”
ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်တို့မှာမူ ခြေတစ်လှမ်းချင်းစီ နောက်ဆုတ်သွားကြ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင် အလွန် စိုးရိမ်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “သူက ခင်ဗျားတို့ကို တကယ်လှည့်စားနေတာ… ချင်မျိုးရိုးတိုင်းက လိမ်တတ်တယ်”
ဖုန့်ဟွမ်ခန်းမသခင်က လေးနက်စွာ ပြောသည်။ “တာအိုမိတ်ဆွေဟောင်၊ သူ အမှန်ကို ပြောနေတာပဲဖြစ်ဖြစ်၊ လိမ်ညာနေတာပဲဖြစ်ဖြစ် အခုအချိန်မှာ အကောင်းဆုံးဖြေရှင်းနည်းက ကျောက်စိမ်းမြို့တော်ကို ကာကွယ်စောင့်ရှောက်ပြီး ခန်းမသခင်မတွေ ပိုများများ ဆင်းသက်လာတာကို စောင့်နေဖို့ပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသမထိန်းနိုင်တော့ဘဲ ခက်ထန်စွာ မေးသည်။ “ခင်ဗျားတို့က အခွင့်အရေးကို လက်လွှတ်ခံနေတာပဲ… တုံးလိုက်တာ… ဘယ်လိုလုပ် ခန်းမသခင်တွေ ဖြစ်လာကြတာလဲ”
ဖြောင်း…
ဟယ့်ဟွမ်ခန်းမသခင်သည် သူ၏မျက်နှာကို ရိုက်ချကာ မှင်သေသေ သတိပေး၏။ “တာအိုမိတ်ဆွေဟောင်၊ ကိုယ့်နေရာကိုယ်သိပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အရိုက်ခံလိုက်ရသဖြင့် သတိပြန်ဝင်လာသည်။ စကားဆက်မပြောတော့ဘဲ ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ခြင်းကို တိတ်ဆိတ်စွာ ဆက်လက်လုပ်ဆောင်နေလေသည်။
“ချင်ယဲ့၊ ရှင့်ရဲ့ ဘယ်စကားက အမှန်လဲ”
ချင်ယဲ့၏ နောက်တွင် ကောင်းကင်နတ်အရှင်ယွဲ့က ခပ်တိုးတိုး မေးလိုက်သည်။ “ရှင်ပြောခဲ့တာတွေက အမှန်လား လိမ်ဆင်လား”
ခိုင်ဧကရာဇ်ချင်ယဲ့က နောက်သို့ လှည့်လိုက်သည်။ သူ့မျက်နှာသည် တည်နေ၏။ “ချင်မိသားစုက ဘယ်တော့မှ လိမ်မပြောဘူး”
ခဏအကြာတွင် သူက စကားတစ်ခွန်း ထပ်ပြောပြန်သည်။ “ဒါကို ယုံလိုက်ရင် ခင်ဗျား ရှုံးပြီ”