← Chapters

ချိတ်တံဆိပ်၏ သဘောတရား

Vol. 138 Ch. 1773

ချိတ်တံဆိပ်၏ သဘောတရား

Vol. 138 Ch. 1773

ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ် ခန်းမသခင်နှစ်ဦး ကျောက်စိမ်းမြို့တော်ထဲသို့ ဆုတ်ခွာသွားပြီးနောက် ခိုင်ဧကရာဇ်ချင်ယဲ့က ကျောက်စိမ်းမြို့တော်အပြင်ဘက်တွင် ဆင်းသက်လာရန် ကြိုးစားနေကြသော မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များကို ချက်ချင်း တိုက်ခိုက်လိုက်သည်။

ခန်းမသခင်နှစ်ဦး၏ အကာအကွယ် မရှိတော့သည့်အခါ ဤမီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များမှာ သူ၏ ဓားတာအိုကို မတားဆီးနိုင်ကြသဖြင့် လျင်မြန်စွာ ရှင်းလင်းခံလိုက်ရသည်။ သူတို့ထဲမှ တာအိုသိုင်းပညာရှင်အချို့မှာမူ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ချက်ချင်းပင် ဆင်းသက်လာနေသည်ကို ရပ်တန့်ကာ ၁၆ စင်းမြောက် စကြဝဠာသို့ ပြန်သွားကြသည်။

မြို့အတွင်းနှင့် မြို့အပြင်ဘက်တွင် တည်ငြိမ်သွားချေပြီ။

လောကပေါင်းကူးရွှေသင်္ဘောသည် မြို့အပြင်ဘက်တွင် တိတ်ဆိတ်စွာ ပျံဝဲနေပြီး အားလုံး သင်္ဘောပေါ်တွင် ထိုင်နေကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ ကြာရှည်စွာ နာမကျန်း ဖြစ်ခဲ့ဖူးသောကြောင့် ဆေးပညာတွင် အနည်းငယ် ကျွမ်းကျင်၍ သူတို့၏ ဒဏ်ရာများကို ကုသပေးနေသည်။ သို့သော် အရှင်း ပျောက်ကင်းအောင်တော့ မကုနိုင်ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်အားလုံးနီးပါး ဤနေရာတွင် စုဝေးနေကြသည်။ ခိုင်ဧကရာဇ်ကို မေးမြန်းလိုသော စကားများစွာ ရှိသော်လည်း မည်သည့်နေရာမှ စတင်မေးမြန်းရမည်ကို မသိကြပေ။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ရုံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “ချင်ယဲ့၊ မင်း ဒီလေးဆယ့်နှစ်နှစ်အတွင်း ဘယ် ရောက်နေခဲ့တာလဲ”

ခိုင်ဧကရာဇ်ချင်ယဲ့က ဖြေသည်။ “အဲ့ဒီတုန်းက ကျုပ် ကျောက်စိမ်းမြို့တော်ကနေတစ်ဆင့် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ပြီး မီလော့နန်းတော်ဆီ သွားခဲ့တယ်… မီလော့နန်းတော် ဖရိုဖရဲခန်းမမှာ သခင်လေးခုနစ်နဲ့ တွေ့ဆုံခဲ့တယ်… သခင်လေးခုနစ်က ကျုပ်ကို ကိစ္စတချို့ ပြောပြပြီး ကျုပ်ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နတ်သိုင်းတစ်ခု ထည့်သွင်းပေးခဲ့တယ် … အဲ့ဒါက သခင်လေးလေး ကျစ်ရှောင်ရဲ့ ကောင်းကင်နတ်သိုင်းကို တန်ပြန်ချေဖျက်ပေးမှာတဲ့လေ...

“လွန်ခဲ့တဲ့ လေးဆယ့်နှစ်နှစ်တုန်းက ကောင်းကင်နတ်အရှင်လင်ကို သေချာပေါက် သတ်ဖြတ်မယ့် သခင်လေးလေးကျစ်ရှောင်ရဲ့ တိုက်ကွက်ကို ကျုပ် တားဆီးလိုက်တဲ့အခါ သခင်လေးခုနစ်ရဲ့ ကောင်းကင်နတ်သိုင်းကို လှုံ့ဆော်မိသွားခဲ့တယ်… အဲ့ဒီအချိန်ကစပြီး ကျုပ်ဟာ ဒီသင်္ဘောပေါ်မှာပဲ အမြဲတမ်း ရှိနေခဲ့တာ”

“သင်္ဘောပေါ်မှာ ဟုတ်လား”

လူတိုင်း ကြောင်အသွားကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က မေးလိုက်သည်။ “ဒီသင်္ဘောပေါ်မှာပဲလား”

ခိုင်ဧကရာဇ်ချင်ယဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ဒီသင်္ဘောပေါ်မှာပဲ.. ကျုပ်က ခင်ဗျားတို့ကို မြင်နိုင်တယ်၊ ဒါပေမဲ့ မထိတွေ့နိုင်ဘူး… ခင်ဗျားတို့ရဲ့ အသံတွေလည်း ကြားနိုင်တယ်... ဒါပေမဲ့ ခင်ဗျားတို့ကို ဘာမှ ပြောပြလို့မရဘူး... ခင်ဗျားတို့က ကျုပ်ကို မမြင်နိုင်ဘူး၊ မထိတွေ့နိုင်ဘူး၊ ကျုပ်အသံကို မကြားနိုင်ဘူး... ကျုပ်လည်း ဒီသင်္ဘောပေါ်မှာ သခင်လေးခုနစ်ရဲ့ သင်ကြားပြသမှုကို နားလည်သဘောပေါက်အောင် ကြိုးစားရင်း မီလော့နန်းတော်အရှင်သခင်နဲ့ တွေ့ဆုံခဲ့သေးတယ်... သူနဲ့ အကြာကြီး စကားပြောဖြစ်ခဲ့တယ်”

“မီလော့နန်းတော်အရှင်သခင် ဟုတ်လား”

အားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန် လောကကူးရွှေသင်္ဘော၏ ရွှေရောင်ခန်းမများဆီသို့ လှည့်ကြည့်လိုက်ကြသည်။

“မီလော့နန်းတော်အရှင်သခင်ရဲ့ တာအိုအရိပ်ပါ”

ခိုင်ဧကရာဇ်ချင်ယဲ့က ရှင်းပြလိုက်သည်။ “သူ့ရဲ့ စွမ်းရည်က ကျုပ်တောင် နားမလည်နိုင်တော့တဲ့ အဆင့်အထိ ရောက်နေပြီ… သူ့ရဲ့တာအိုက ဒီသင်္ဘောပေါ်မှာ အရိပ်တွေ အများကြီး ချန်ထားခဲ့ပြီး ကျုပ်ကို အများကြီး လမ်းညွှန်ပြသပေးခဲ့တယ်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ရင်း မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ရှင့်ကို အနာဂတ်မှာ ဖြစ်လာမယ့်ကိစ္စတွေ အများကြီးပြောပြခဲ့တာလား”

အားလုံး၏ အကြည့်များ ခိုင်ဧကရာဇ်ချင်ယဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ၏ အဖြေကို စောင့်နေကြသည်။ ခိုင်ဧကရာဇ်က ခေါင်းခါလိုက်သည်။ “သူက အများကြီးမပြောခဲ့ဘူး... ခုနက အဲ့ဒီခန်းမသခင်မနှစ်ယောက်ကို တမင် လိမ်ခဲ့တာပါ … သူတို့ ကျုပ်တို့နဲ့ ထိပ်တိုက်မရင်ဆိုင်ရဲအောင် တွန်းအားပေးခဲ့တာ”

လူတိုင်း ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကြသည်။

ယခင်က သူတို့သည် ခိုင်ဧကရာဇ်ချင်ယဲ့အပေါ် စိတ်ရင်းမှန်ဖြင့် ယုံကြည်ခဲ့ကြပြီး သူ ပြောသည့် စကားတိုင်းကို နားထောင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ချင်ယဲ့မှာ ချင်မူကဲ့သို့ ပါးစပ်ဖွာသော လူစားမျိုး မဟုတ်ကြောင်း သိသောကြောင့်ပင်။

ချင်မူက လိမ်တတ်သော်လည်း ချင်ယဲ့မှာမူ ဘယ်တော့မှ လိမ်မည်မဟုတ်ပေ။

သို့သော် ယခုမှ ရိုးသားသောလူ လိမ်ညာသည့်အခါ ပို၍ ကြောက်စရာကောင်းကြောင်း သိလိုက်ရချေပြီ။ အကြောင်းမူ ရိုးသားသောလူ၏ ပါးစပ်မှ မည်သည့် စကားက အမှန်ဖြစ်ပြီး မည်သည့်စကားက အမှားဖြစ်သည်ကို လုံးဝ မသိနိုင်သောကြောင့်ပင်။

“သူက တကယ်ပဲ ကျုပ်ကို အများကြီး မပြောခဲ့ဘူး”

ခိုင်ဧကရာဇ်ချင်ယဲ့မှာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ “ကျုပ် အနာဂတ်အကြောင်း အများကြီး မသိဘူး... အဲ့ဒီတုန်းက သူ ကျုပ်ကို ကိစ္စအများကြီး ပြောပြဖို့ အချိန်မရှိခဲ့ဘူး… ပြောပြချင်ပုံလည်း မရဘူး”

အကုန်လုံး သံသယဝင်နေကြဆဲပင်။

ခိုင်ဧကရာဇ်မှာ စကားဆက်မပြောတော့ပေ။

“အချိန်ကြာလေလေ ကျွန်တော်တို့အတွက် အခြေအနေဆိုးလေလေပဲ”

ရှုရှန်းဟွာက ရုတ်တရက် ထပြောသည်။ “မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေမှာ ဆင်းသက်လာဖို့ အချိန်အလုံအလောက် ရှိတယ်… ကျောက်စိမ်းမြို့တော်ထဲမှာ တာအိုသိုင်းပညာရှင်တွေ ပိုပိုများလာလိမ့်မယ်… မကြာခင်မှာပဲ ကျွန်တော်တို့ ချေမှုန်းခံရတော့မှာ... ကျောက်စိမ်းမြို့တော်ထဲကို သတ်ဖြတ်ဝင်ရောက်ပြီး သူတို့ဆင်းသက်လာတာကို တားသင့်သလား”

“မလိုဘူး”

ခိုင်ဧကရာဇ်ချင်ယဲ့က နောက်သို့ တစ်ချက် လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ဘိုးဘေးနန်းတော် အခုလို ပိတ်လှောင်ခံလိုက်ရတဲ့အချိန်မှာ သွေးယဇ်ပူဇော်မှုလည်း ဘိုးဘေးနန်းတော်ထဲမှာပဲ ကန့်သတ်ခံလိုက်ရတယ်… ဒီထဲမှာ သွေးယဇ်ပူဇော်ဖို့ လိုအပ်တဲ့ စွမ်းအင်ရင်းမြစ်က နှစ်ခုပဲ ရှိနိုင်တယ်… တစ်ခုက သမိုင်းတစ်လျှောက် စုဆောင်းထားတဲ့ဟာတွေ... နောက်တစ်ခုကတော့ နောက်ပိုင်းတိုက်ပွဲတွေမှာ သေဆုံးသွားမယ့် အင်အားကြီးသိုင်းပညာရှင်တွေပဲ... သမိုင်းတစ်လျှောက် စုဆောင်းထားတဲ့ စွမ်းအင်အများစုကို အနန္တအဘိုးအိုက သုံးစွဲပစ်ခဲ့တယ်… မီလော့နန်းတော် ထိန်းချုပ်နိုင်တဲ့ သွေးယဇ်ပူဇော်စွမ်းအားက မများဘူး… သူတို့ ဆင်းသက်လာနိုင်တဲ့ အင်အားကြီးသိုင်းပညာရှင်အရေအတွက်လည်း အကန့်အသတ် ရှိလာလိမ့်မယ်... သူတို့ ဒီကန့်သတ်ချက်ကို ကျော်လွှားချင်ရင် လမ်းနှစ်သွယ်ပဲ ရှိတယ်”

သူ နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်သည်။ “ကျုပ်တို့ကို သတ်ပစ်တာက ပထမလမ်း.... လောကသစ်ပင်ကို ဖျက်ဆီးပြီး အနန္တအဘိုးအိုရဲ့ လက်အောက်ခံ အင်အားကြီးသိုင်းပညာရှင်တွေကို သတ်ပစ်တာက ဒုတိယလမ်း”

ရှုရှန်းဟွာ ခဏ စဉ်းစားလိုက်သည်။ ချင်မူ၏ ချိပ်ပိတ်ခြင်း ပြီးမြောက်သွားပါက ဤသည်မှာ အမှန်ပင် မီလော့နန်းတော်၏ တစ်ခုတည်းသော ရွေးချယ်စရာနှစ်ခု ဖြစ်ပေမည်။

မီလော့နန်းတော်အအနေဖြင့် သူတို့ကို သတ်ဖြတ်လျှင်လည်း မီလော့နန်းတော်မှ အင်အားကြီးသိုင်းပညာရှင်အားလုံး ဆင်းသက်လာစေရန် လုံလောက်မည်မဟုတ်ပေ။ အနန္တအဘိုးအို၏ အင်အားစုကို ရင်ဆိုင်တိုက်ခိုက်မှသာ တာအိုသိုင်းပညာရှင်အားလုံး ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်လာနိုင်မည်ကို အာမခံနိုင်ပေမည်။

ဆိုလိုသည်မှာ ချင်မူက ဘိုးဘေးနန်းတော်ကို ပိတ်လှောင်သည့် နည်းလမ်းဖြင့် အဖွဲ့သုံးဖွဲ့ အသေအလဲ တိုက်ခိုက်ရမည့် အခြေအနေသို့ ပြောင်းလဲပစ်ခဲ့ခြင်းပင်။

ဘိုးဘေးနန်းတော်သည် ဧရဦမ သားရဲလှောင်အိမ်ကြီး ဖြစ်လာပြီး မီလော့နန်းတော်ဖြစ်စေ၊ အနန္တအဘိုးအိုဖြစ်စေ၊ သူတို့ဖြစ်စေ အားလုံးသည် လှောင်အိမ်ထဲ၌ ပိတ်မိသောသားရဲများ ဖြစ်သွားကြချေပြီ။ နောက်ဆုံးအောင်နိုင်သူသာလျှင် ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်ပေမည်။

“ကျောက်စိမ်းမြို့တော်ထဲမှာ အန္တရာယ်တွေ အထပ်ထပ်ရှိတယ်… ကျောက်စိမ်းမြို့တော်ထဲ သတ်ဖြတ်ဝင်ရောက်စရာ မလိုဘူး... ကျောက်စိမ်းမြို့တော်ထဲ သတ်ဖြတ်ဝင်ရောက်တာက သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို ပျောက်ကွယ်သွားစေမှာ မဟုတ်ဘူး... ငါတို့ဘက်မှာပဲ သေဆုံးထိခိုက်မှုတွေ ဖြစ်စေလိမ့်မယ်”

ခိုင်ဧကရာဇ်ချင်ယဲ့က ရှင်းပြသည်။ “ငါတို့ ကျောက်စိမ်းမြို့တော်ကနေ ထွက်ခွာသင့်တယ်… ဒီနေရာမှာ ဆက်စောင့်နေစရာ မလိုတော့ဘူး.... မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာရင် အနန္တအဘိုးအိုကို သေချာပေါက် သွားရှာလိမ့်မယ်… နှစ်ဖက် အသေအလဲ တိုက်ခိုက်ကြမှာက ရှောင်လွှဲလို့မရဘူး.... ဒါပေမဲ့ ဒီမတိုင်ခင်မှာ ငါတို့ ကျောက်စိမ်းမြို့တော်က တာအိုသိုင်းပညာရှင်တွေ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာမသွားအောင် တားရမယ်… သခင်လေးခုနစ်ရဲ့ ချိပ်ပိတ်ခြင်း ပြီးမြောက်တဲ့အထိပေါ့… ဘိုးဘေးနန်းတော်ကနေ တစ်ယောက်ယောက် ထွက်သွားရင် အပြင်လောကမှာ သွေးယဇ်ပူဇော်ပလ္လင်ကို တည်ဆောက်နိုင်သွားလိမ့်မယ်”

နတ်မင်းရွှမ်းမှာ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး မေးလိုက်သည်။ “ချင်ယဲ့၊ ဒါက သခင်လေးခုနစ်က မင်းကို ပြောပြခဲ့တာလား”

ခိုင်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။

နတ်မင်း၀ူမှာ စိတ်ဓာတ်တက်ကြွလာပြီး မေးလိုက်သည်။ “သခင်လေးခုနစ်က တခြားဘာတွေ ပြောပြခဲ့သေးလဲ”

ခိုင်ဧကရာဇ်ချင်ယဲ့ ခေါင်းခါလိုက်သည်။ “သူက ကျုပ်ကို ဒီကိစ္စတစ်ခုပဲ ပြောပြခဲ့တာ… တခြားဘာမှ မပြောခဲ့ဘူး”

လန်ဝူက မေးသည်။ “တာအိုမိတ်ဆွေ၊ ကောင်းကင်နတ်အရှင်မူက ဘယ်တုန်းက သခင်လေးခုနစ် ဖြစ်သွားခဲ့တာလဲ”

ခိုင်ဧကရာဇ်က ခေါင်းခါလိုက်သည်။ “မသိဘူး”

လန်ယွီတျန်းက မေး၏။ “အစ်ကိုကြီး ဘယ်လိုလုပ် အတိတ်ကို ပြန်သွားခဲ့တာလဲ”

“မသိဘူး”

အားလုံး စိတ်ထဲတွင် ကလိကလိ ဖြစ်လာကြပြီး သူ့ပါးစပ်ကို ဆွဲဖြဲ၍ သူသိသမျှ အရာအားလုံး ကြားချင်နေကြသည်။ သို့သော် ခိုင်ဧကရာဇ်က မပြောသဖြင့် သူတို့လည်း ဘာမှမတတ်နိုင်ကြပေ။

ဘိုးဘေးနန်းတော်တောင်ပိုင်းတွင် မြေကြီးသည် ရုတ်တရက် မြင့်တက်လာပြီး လေးခုမြောက် ကောင်းကင်နံရံကြီး ဖြစ်ပေါ်လာသည်။ သို့သော် မြင့်တက်ကြီးမားလာနှုန်းက ကျန်ကောင်းကင်နံရံများထက် များစွာ နှေးကွေးနေချေပြီ။ ချင်မူမှာ ဘိုးဘေးနန်းတော်၏ မျက်နှာပြင်သုံးဖက်ကို ဆက်တိုက် ခေါက်သိမ်းခဲ့သဖြင့် ချီစွမ်းအင်အကြီးအကျယ် ဆုံးရှုံးကာ ယခင်ကကဲ့သို့ မသွက်လက်တော့ကြောင်း ထင်ရှားလှသည်။

အဘွားစစ်၊ လင်ယွိရှို့နှင့် ရွာလူကြီးတို့ ထိုနေရာသို့ ရောက်သွားသည့်အခါတွင် ဘိုးဘေးနန်းတော်တောင်ပိုင်း ကောင်းကင်နံရံမှာ ကောင်းကင်ထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ အဝေးမှ ကြည့်လျှင် ဘိုးဘေးနန်းတော်မှာ စကြဝဠာအလယ်ဗဟိုတွင် ပျံဝဲနေသော အိုးကြီးတစ်လုံးနှင့် တူနေသည်။

အပြင်မှကြည့်လျှင် အိုး၏ နံရံလေးဖက်တွင် နေလကြယ်တာရာများ ဝန်းရံနေပြီး တောင်တန်းများ မြင့်ချည်နိမ့်ချည် သွယ်တန်းနေသည်။ မြစ်ချောင်းများသည်လည်း မိုင်ပေါင်းများစွာ ရှည်လျားနေ၏။ ဧရာမသားရဲကြီးများက အိုးနံရံပေါ်တွင် သွားလာလှုပ်ရှားနေကြလေသည်။

ထိုနေရာတွင် ဧရာမသားရဲကြီးများ အုပ်စုလိုက် ရှိနေပြီး ခမ်းနားထည်ဝါသော နန်းဆောင်များ ထင်ရှားလာသည်။ နဂါးချီလင်နှင့် ယန်အာတို့က တိမ်တိုက်များအကြား ပျံသန်းရင်း ကင်းလှည့်နေကြသည်။

သူတို့၏ အရှိန်မှာ အလွန်လျင်မြန်သော်လည်း အဝေးမှကြည့်လျှင် အလွန်နှေးကွေးနေသည်။

အတွင်းမှ ကြည့်လျှင်မူ အိုး၏ အတွင်းနံရံများမှာ သီးခြားကမ္ဘာလေးခုပမာ ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု အနှောင့်အယှက် မပေးကြပေ။

လင်ယွိရှို့၊ အဘွားစစ်တို့ ချင်မူကို ရှာတွေ့သည့်အခါတွင် ချင်မူ၏ အရှိန်အဝါမှာ အားနည်းနေသည်။ သူက ခန္ဓာကိုယ်အတွင်းမှ စကြဝဠာကို ဖွင့်ထုတ်ရင်း စွမ်းအားအားလုံးကို စုစည်းကာ ကောင်းကင်နံရံကို ပိုမိုမြင့်မားအောင် တွန်းတင်နေသည်။

လူတိုင်း ရောက်လာသည်ကို တွေ့သည့်အခါ ချင်မူမှာ စိတ်လျှော့လိုက်ပြီး ကောင်းကင်နံရံပေါ်သို့ ဆင်းသက်၍ နတ်ဘုရားခေါင်းတလားတစ်လုံးကို မှီကာ အနားယူလိုက်သည်။ သူ၏မျက်နှာအမူအရာမှာမူ အနည်းငယ် အေးဆေးသက်သာနေပုံရသည်။

လင်ယွိရှို့မှာ ရှေ့သို့ တိုးသွားပြီး စိတ်မကောင်းဖြစ်နေသည်။

ချင်မူမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း လုံးဝစိတ်လျှော့လိုက်သည့် တည်ငြိမ်မှုတစ်မျိုး ရှိနေပြီး ပြုံးနေသည်။ “ကိုယ် ဘာမှမဖြစ်ပါဘူး… အားကုန်သွားရုံသက်သက်ပဲ… ခဏနားလိုက်ရင် ကောင်းသွားမှာပါ… စိတ်မပူပါနဲ့”

ရွာလူကြီးမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခုအခါမှ ဘိုးဘေးနန်းတော်မှာ အိုးကြီးတစ်လုံးနှင့် တူနေပြီး တောင်တန်းမြစ်ချောင်းများ ပြောင်းလဲသွားခဲ့သည်ကို သတိထားမိလိုက်သည်။

သူ့မှာ တုန်လှုပ်သွားသောစိတ်အား ဖိနှိပ်လိုက်ပြီး အတိတ်ကို ပြန်လည်စဉ်းစားရင်း စိတ်ထဲတွင် ခံစားချက်များစွာ ဖြစ်ပေါ်လာသည်။ ဒုက္ခိတကျေးရွာမှ ထွက်ခွာလာသော ဤကောင်လေးသည် ဤအဆင့်အထိ တိုးတက်သွားမည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

“ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို အားဖြည့်ဖို့ လိုသေးတယ်… အခု ချိပ်တံဆိပ်က မီလော့နန်းတော် ခန်းမသခင်အဆင့် ပုဂ္ဂိုလ်တွေကို မတားဆီးနိုင်ဘူး”

ချင်မူက ဆေးဆရာ ပေးလာသော ဝိညာဉ်ဆေးလုံးကို ယူကာ မျိုချလိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့ ထွက်ခွာချင်ရင် ကျွန်တော် ထားခဲ့တဲ့ ချိပ်တံဆိပ်ကို လှုံ့ဆော်မိလိမ့်မယ်… ချိပ်တံဆိပ်က ဘိုးဘေးနန်းတော်က သတ္တုကြောတွေ၊ တောင်တန်းတွေ စတဲ့ အထွတ်အမြတ်နယ်မြေအမျိုးမျိုးနဲ့ ချိတ်ဆက်ထားတယ်… ဘိုးဘေးနန်းတော်ရဲ့ ကောင်းကင်မြေကြီးစွမ်းအားကိုလည်း ချေးယူထားတယ်… ဒီလိုဆိုရင် သူတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ တားဆီးထားနိုင်လိမ့်မယ်”

မျက်ကန်းက နတ်ဘုရားမျက်လုံးကို ဖွင့်ကာ ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်၏ တောင်တန်းမြစ်ချောင်းများ၏ ဦးတည်ရာကို ပြောင်းလဲထားပြီး ဝင်္ကပါအခင်းအကျင်းများအဖြစ် ပြောင်းလဲထားသည်ကို တွေ့လိုက်ရသည်။

ချင်မူ၏ ဤလုပ်ရပ်မှာ ဘိုးဘေးနန်းတော်၏ ကောင်းကင်မြေကြီးစွမ်းအားကို စုစည်းလိုက်ခြင်းဟု ဆိုနိုင်ပြီး တစ်စုံတစ်ယောက်က ချိပ်တံဆိပ်ကို တိုက်ခိုက်ပါက ဘိုးဘေးနန်းတော်၏ စွမ်းအားနှင့် ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်ကာ တန်ပြန်တိုက်ခိုက်မှုမှာ အလွန်ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာ၏။

ဘိုးဘေးနန်းတော်မှာ လောကအပေါင်း၏ မူလဇာစ်မြစ်ဖြစ်ပြီး ကောင်းကင်ဘုံများ၊ အထွတ်အမြတ်မြေများမှာ ဤနေရာမှ မူလအစပြုခဲ့သည် မဟုတ်လော။ ရွှမ်တုနှင့် ယိုတုပင်လျှင် ဘိုးဘေးနန်းတော်မှ ခွဲထွက်သွားသော ကမ္ဘာများ ဖြစ်ကြသည်။

ကမ္ဘာဦးဘုံမှာမူ ဘိုးဘေးနန်းတော်၏ မြေဆီလွှာမှ ပြောင်းလဲဖြစ်ပေါ်လာခြင်းပင်။

ဘိုးဘေးနန်းတော်၏ ကောင်းကင်မြေကြီးစွမ်းအားကို စုစည်းလိုက်ပါက မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို စဉ်းစားကြည့်နိုင်၏။

ချင်မူက ချိပ်တံဆိပ်မှာ ခန်းမသခင်အဆင့်ပုဂ္ဂိုလ်ကို တားဆီးရန် မလုံလောက်သေးဟု ပြောသော်လည်း မျက်ကန်း၏ အမြင်တွင်မူ ယခုချိပ်တံဆိပ်မှာ အလွန်ပြီးပြည့်စုံနေချေပြီ။

“မူအာ၊ မင်း ကောင်းကင်ကို ဘယ်လိုချိပ်ပိတ်မှာလဲ” မျက်ကန်းက မော့ကြည့်ကာ မေးလိုက်သည်။

“ကောင်းကင်ကို အဆုံးသတ်မြို့ပျက် အသူရာချောက်နက်နဲ့ ချိပ်ပိတ်မယ်”

ချင်မူမှာ ဝိညာဉ်ဆေးလုံးကို ချေဖျက်လိုက်သဖြင့် အားပြန်ပြည့်လာသော်လည်း အထွတ်အထိပ်အခြေအနေသို့ မရောက်သေးပေ။ ကံကောင်းသည်မှာ သူ၏ ဖရိုဖရဲခန်းမမှာ ဖရိုဖရဲမြစ်နှင့် ချိတ်ဆက်ထားသဖြင့် အဆုံးသတ်မြို့ပျက်တာအိုကို အသုံးပြု၍ ဖရိုဖရဲမြစ်ထဲရှိ ဖရိုဖရဲချီများကို ချေဖျက်ရင်း သူ၏ကျင့်စဉ်စွမ်းအင်ကို အဆက်မပြတ် ပြန်ဖြည့်နိုင်သည်။

“ကောင်းကင်နတ်ဧကရီ သေသွားတာ အာရုံခံမိတယ်… အခုအချိန်က အဆုံးသတ်မြို့ပျက်ဟာ ပိုင်ရှင်မဲ့နေပြီ... သခင်လေးနှစ်ပဲ အဲ့ဒီနေရာမှာ ချုပ်နှောင်ခံထားရတယ်… အဆုံးသတ်မြို့ပျက်တာအိုမှာ ဘယ်သူမှ ကျွန်တော့်ကို မကျော်နိုင်တော့ဘူး”

ချင်မူ ပြုံးလိုက်ပြီး ခပ်ပေါ့ပေါ့ပြောလိုက်သည်။ “ကောင်းကင်နတ်ဧကရီ ရှိနေရင်တောင်မှ သူ့အဆုံးသတ်မြို့ပျက်တာအို အောင်မြင်မှုက ကျွန်တော့်လောက် မကောင်းဘူး… ကျွန်တော်သာ အဆုံးသတ်မြို့ပျက်ကို ထိန်းချုပ်လိုက်ရင် သူမ ကျွန်တော်နဲ့ မယှဉ်နိုင်ဘူး... ကျွန်တော် အဆုံးသတ်မြို့ပျက်ကို ဆွဲယူပြီး အဆုံးသတ်မြို့ပျက်ရဲ့ စွမ်းအားနဲ့ ဘိုးဘေးနန်းတော်ကောင်းကင်ကို ချိပ်ပိတ်မယ်… ဘိုးဘေးနန်းတော်ရဲ့ အန္တိမဟင်းလင်ပြင်ကိုလည်း ပိတ်ဆို့မယ်.... ဒါပေမဲ့ ဒီမတိုင်ခင်မှာ ခိုင်ဧကရာဇ်တို့က လူတိုင်းကို ဘိုးဘေးနန်းတော်ထဲမှာ ထိန်းထားရမယ်… သူတို့ ထွက်သွားလို့ မရဘူး... တစ်ယောက်ယောက် ထွက်သွားရင်တောင်မှ အပြင်လောကအတွက် ခြိမ်းခြောက်မှု ဖြစ်လိမ့်မယ်”

သူ၏ မျက်လုံးများ လင်းလက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ “မီလော့နန်းတော်က ခန်းမသခင်တွေလည်း အခုအချိန်က သူတို့ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာဖို့ နောက်ဆုံးအခွင့်အရေးပဲ ဆိုတာ မကြာခင် သဘောပေါက်သွားလိမ့်မယ်... ကျွန်တော် ဘိုးဘေးနန်းတော်ကို လုံးဝချိပ်တံဆိပ်မခတ်ခင်မှာ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာပြီး သွေးယဇ်ပူဇော်ရဖို့ ကြိုးစားရမှာ... ဒါကြောင့် ခိုင်ဧကရာဇ်ကို စောင့်ကြိုနေမှာက သေချာပေါက် အနိဌာရုံ တိုက်ပွဲတစ်ပွဲပဲ”

သူ ဆေးဆရာကို ကြည့်လိုက်သည်။ “ခိုင်ဧကရာဇ်တို့ ဒဏ်ရာနေလိမ့်မယ်… ဘိုးဘိုးဆေးဆရာ၊ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ သွားပြီး သူတို့ကို ကုသပေးပါ”

ဆေးဆရာလည်း ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ထွက်ခွာသွားသည်။

ရွာလူကြီး၊ သားသတ်သမားတို့က အလျင်အမြန် ပြောလိုက်ကြသည်။ “ဆေးဆရာ၊ ငါတို့လည်း လိုက်မယ်”

ချင်မူမှာ တုံ့ဆိုင်းသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ရွာလူကြီး၊ ဘွားဘွား ကျွန်တော် ဘိုးဘေးနန်းတော်ကောင်းကင်ကို မချိပ်ပိတ်ခင် ဘိုးဘိုးတို့ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာရမယ်… လုံးဝ မကျန်နေခဲ့ရဘူး… ဒီနေရာမှာ ကျန်နေခဲ့ရင် အန္တရာယ်ရှိတယ်”

ရွာလူကြီးက လက်ဝှေ့ယမ်းလိုက်သည်။ “စိတ်မပူပါနဲ့… ငါတို့လား ထွက်မသွားဘဲနေမှာ”

ချင်မူ မျက်မှောင်ကြုတ်လိုက်ပြီး လင်ယွိရှို့ကို ကြည့်သည်။ “မိန်းမ၊ မင်းလည်း အမြန်ဆုံး ထွက်သွားသင့်တယ်”

လင်ယွိရှို့က ခေါင်းတလားကို မှီ၍ ထိုင်ချလိုက်ပြီး ပြုံးသည်။ “ဟင့်အင်း... လက်ထပ်တုန်းက ငါတို့ နှစ်ယောက်ထဲ တစ်ကမ္ဘာတည်ဆောက်နိုင်ပြီ ထင်ခဲ့တာ … ဒါပေမဲ့ အတူရှိချိန် နည်းပြီး ခွဲခွာချိန် များခဲ့တယ်… အခုအချိန်ကမှ ရှားရှားပါးပါး အတူရှိရတာလေ... နင် ဘိုးဘေးနန်းတော်မှာ ဘယ်လောက် ကြာကြာနေမလဲ... ငါလည်း ဒီနေရာမှာ အဲ့ဒီလောက်ကြာကြာနေမယ်”

ချင်မူ သူမကို ကြည့်လိုက်ပြီး ခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။ သူက ထိုက်ယီ၏ ခေါင်းတလားကို မှီ၍ ထိုင်ချလိုက်ပြီး ပြုံးနေသည်။ “ဒါဆိုလည်း ဒီနေရာမှာ ကိုယ်တို့ကမ္ဘာလေးကို တည်ဆောက်ကြတာပေါ့… ကလေးတွေလည်း မွေးကြမယ်.. ဒီနေရာက ကိုယ်တို့ရဲ့ ရွှင်ပျော်ပျော်ကျေးရွာ ဖြစ်လာလိမ့်မယ်”

All Chapters