← Chapters

ဘိုးဘေးနန်းတော် ထောင်ချောက်

Vol. 138 Ch. 1774

ဘိုးဘေးနန်းတော် ထောင်ချောက်

Vol. 138 Ch. 1774

လောကသစ်ပင်အောက်တွင် အတိတ်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်များစွာ ပြည့်ကြပ်ထူထပ်စွာ စောင့်ရှောက်နေရာယူထားကြသည်။ အနန္တအဘိုးအိုမှာ သခင်လေးသုံး၊ သခင်လေးလေး၊ ထိုက်ယီတို့နှင့် တိုက်ခိုက်ခဲ့ရာတွင် ဒဏ်ရာပြင်းထန်ခဲ့သောကြောင့် လောကသစ်ပင်၏ ပင်မပင်စည်ထဲသို့ ပြန်လည်ဝင်ရောက်ကာ ဒဏ်ရာများကို ကုသရုံသာ ရှိခဲ့သည်။ ထို့ကြောင့် ကုနေစဉ် ဘေးရန်ရှင်းစေရန် ခိုးဝင်လာသော ဤအတိတ်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်များကို ဆင့်ခေါ်ထားခဲ့လေသည်။

လောကသစ်ပင်သည် မူလက ကြီးထွားမြင့်မားလှသော်လည်း ထိုတိုက်ပွဲပြီးနောက် အကိုင်းအခက်အရွက်များ ကြွေကျသွားခဲ့၏။ ထည်ဝါခမ်းနားသော သစ်ပင်ကြီးကား ယခင်ကလို ဂုဏ်ကျက်သရေ မရှိတော့သည့်အပြင် သနားစရာကောင်းနေတော့သည်။

ချင်မူ ဘိုးဘေးနန်းတော်ကို ခေါက်သိမ်းလိုက်ခြင်းက ဤနေရာကိုလည်း တုန်လှုပ်သွားစေခဲ့ပြီး လောကသစ်ပင်အောက်ရှိ အင်အားကြီးသိုင်းပညာရှင်များကို အံ့ဩသံသယဖြစ်လာစေခဲ့သည်။

ထိုစဉ် အနန္တအဘိုးအို၏ မျက်နှာက သစ်ပင်ပင်စည်ထဲမှ တိုးထွက်လာသည်။ သူ၏အသံက တုန်ခါမြည်ဟည်းနေသည်။ “သခင်လေးခုနစ် ချင်မူမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိတယ် … သူ ဘိုးဘေးနန်းတော်ကို ခေါက်သိမ်းတာက ဘိုးဘေးနန်းတော်ကို ပိတ်လှောင်ပြီး ငါတို့ကို သားရဲလှောင်အိမ်ထဲက အစာတွေလို ဖြစ်အောင် လုပ်တာ.... မီလော့နန်းတော်က စွမ်းအင်အစာအတွက် ငါတို့ကို တိုက်ခိုက်လာလိမ့်မယ်....ငါ မီလော့နန်းတော်ကို မကြောက်ပေမယ့် မီလော့နန်းတော်နဲ့ တိုက်ခိုက်ရင် ငါတို့ပဲ နစ်နာကြမှာ... ငါ အကိုင်းတစ်ခက် ခွဲထုတ်ပေးမယ်… ဟွမ်ထန်း၊ မင်း သိုင်းပညာရှင်တချို့ ခေါ်ပြီး ငါ့ရဲ့ ဒီအကိုင်းနဲ့ ဘိုးဘေးနန်းတော်ကနေ ထွက်သွား … အကောင်းဆုံးနေရာ ရွေးချယ်ပြီး စိုက်ပျိုးလိုက်”

လောကသစ်ပင် တုန်ခါသွားပြီး အကိုင်းတစ်ခက် ကျိုးကျလာကာ အကြီးအကဲသုံးဦးထဲမှ ဟွမ်ထန်း၏ လက်ထဲသို့ ပျံသန်းရောက်ရှိသွားသည်။

ဟွမ်ထန်းက အကိုင်းကို လက်ခံယူလိုက်ပြီး ကျန်အကြီးအကဲနှစ်ဦးကို ခေါ်သွားရန် ပြင်လိုက်စဉ် အနန္တအဘိုးအိုက မှာသည်။ “လီရှုနဲ့ ယန်ရှို့ကောတို့က ဒီနေရာကို ကာကွယ်စောင့်ရှောက်ဖို့ ကျန်နေခဲ့ရမယ်... ချက်ချင်း ဘိုးဘေးနန်းတော်ကနေ ထွက်သွားပြီး အကောင်းဆုံးနေရာမှာ အကိုင်းကို စိုက်ပျိုးလိုက်.... အဲ့ဒီအချိန်ကျရင် ငါက ဒီအကိုင်းနဲ့ ဆက်သွယ်နိုင်ပြီး အမြစ်တွေ ချိတ်ဆက်သွားလိမ့်မယ်… သခင်လေးခုနစ် ငါတို့ကို ချုပ်နှောင် ဖိနှိပ်နိုင်တော့မှာ မဟုတ်ဘူး”

ဟွမ်ထန်းမှာ ကျန်သိုင်းပညာရှင်များကိုသာ ရှာဖွေရတော့သည်။ ကံကောင်းသည်မှာ လောကသစ်ပင်အောက်တွင် ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ် အများအပြား ရှိနေသဖြင့် မကြာမီတွင် ထိပ်တန်းသိုင်းပညာရှင် ဆယ်ဦးကျော်ကို စုစည်းနိုင်လိုက်သည်။

အကုန်လုံး ချက်ချင်းပင် လောကသစ်ပင်မှ ထွက်ခွာသွားကြပြီး ကောင်းကင်ပြင်ပသို့ ပျံသန်းသွားကြသည်။

တစ်ချိန်တည်းတွင် ဟယ့်ဟွမ်ခန်းမသခင်က ကျောက်စိမ်းမြို့တော်ထဲ ဝင်သွားသည်။ ဖရိုဖရဲမြစ်သို့ သွားရောက်ကာ သခင်လေးသုံးအား တွေ့ဆုံ၍ ဘိုးဘေးနန်းတော်၏ အခြေအနေကို ပြောပြလိုက်သည်။ “ခိုင်ဧကရာဇ်ချင်ယဲ့က သခင်လေးခုနစ်ရဲ့ လမ်းညွှန်မှုကြောင့် ကျွန်မတို့ကို ကျောက်စိမ်းမြို့တော်ထဲမှာ ပိတ်လှောင်ထားပါတယ်.... သခင်လေးခုနစ်က ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်နေပြီး မကြာခင်မှာ ဘိုးဘေးနန်းတော်ကို လှောင်အိမ်အဖြစ် ပြောင်းလဲပစ်တော့မယ်… ကျွန်မတို့ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာနိုင်တော့မှာမဟုတ်ဘူး”

သခင်လေးသုံးလင်းရှောင်က ရယ်မောလိုက်သည်။ “အဲဒီတော့ ဘာဖြစ်လဲ… သူ ချိပ်ပိတ်နိုင်ရင်တောင်မှ အန္တိမဟင်းလင်းပြင် ရှိနေသေးတယ်.... မင်းတို့ ဘိုးဘေးနန်းတော်ဆီ ရောက်သွားတာနဲ့ အန္တိမဟင်းလင်းပြင်ကို မှီခိုပြီး အထွတ်အထိပ်စွမ်းအား ပြန်ယူရုံပဲလေ … ဒါဆို သူ့အားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားမှာပဲဟာ”

ဟယ့်ဟွမ်ခန်းမသခင်မှာ မဝံ့မရဲဖြင့် လျှောက်တင်လိုက်သည်။ “ခိုင်ဧကရာဇ်ချင်ယဲ့ပြောတာတော့ သခင်လေးခုနစ်က အန္တိမဟင်းလင်းပြင်ကိုလည်း ချိပ်ပိတ်နိုင်တယ်တဲ့”

သခင်လေးသုံးလင်းရှောင် မျက်မှောင်ကြုတ်သွားသည်။ သူက ရှေ့လျှောက် နောက်လျှောက်ရင်း အန္တိမဟင်းလင်းပြင်ကို ချိပ်ပိတ်နိုင်မည့် နည်းလမ်းအား စဉ်းစားနေသည်။

“နည်းလမ်းတစ်ခုတော့ ရှိနိုင်တယ်… အဲ့ဒါက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို အသုံးပြုတာပဲ”

သခင်လေးသုံးလင်းရှောင်၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်သွားပြီး ခြေလှမ်းများ ရပ်တန့်လိုက်ကာ ပြောလိုက်သည်။ “သူသာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်နဲ့ ဘိုးဘေးနန်းတော်ကောင်းကင်ကို ပိတ်ဆို့လိုက်ရင် အန္တိမဟင်းလင်းပြင် မဆိုထားနဲ့ … တခြားဟင်းလင်းပြင်တွေတောင် ရှိတော့မှာ မဟုတ်ဘူး... သူ သုံးမှာက ဒီနည်းလမ်းပဲ ဖြစ်သင့်တယ်”

သူ မျက်မှောင်ကြုတ်လိုက်သည်။

ချင်မူ အသုံးပြုနိုင်မည့် နည်းလမ်းကို စဉ်းစားမိသော်လည်း မည်သို့ ရင်ဆိုင်ရမည်ကိုမူ မသိပေ။

၁၆ စင်းမြောက် စကြဝဠာ၏ အဆုံးပိုင်းတွင် ရှန့်ကျွင်း တာအိုသိုင်းပညာရှင်တို့အား လိုက်လံသတ်ဖြတ်သည့် ကိစ္စသာ ပေါ်ပေါက်ခဲ့ခြင်းမဟုတ်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြားကိစ္စတစ်ခုလည်း ပေါ်ပေါက်ခဲ့သေးသည်။ ထိုအရာမှာ သခင်လေးနှစ် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပင်။

သခင်လေးနှစ်သည် ၁၆ စင်းမြောက် စကြဝဠာ၏ အဆုံးပိုင်းတွင် ရုတ်တရက် ရူးသွပ်သွားပြီး တာအိုသိုင်းပညာရှင်တို့အား တိုက်ခိုက်ခဲ့သည်။ မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များပင်လျှင် သူမ၏ လက်ချက်ကြောင့် များစွာ သေဆုံးခဲ့ရသည်။

ထိုအချိန်က အလွန်ရှုပ်ထွေးနေခဲ့သဖြင့် မီလော့နန်းတော်မှ သခင်လေးနှစ်၏ လက်ချက်မှန်း မသိခဲ့ကြဘဲ ရှန့်ကျွင်း၏ ခေါင်းပေါ်သို့ ပုံချလိုက်ကြသဖြင့် ရှန့်ကျွင်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ရသည်။

ထိုတစ်ချိန်က တာအိုသိုင်းပညာရှင်များပင်လျှင် ရှန့်ကျွင်း၏ နာမည်ကို ကြားသည်နှင့် မျက်နှာမဲ့၍ ရှုံ့ချတတ်ကြသည်။

မီလော့နန်းတော်အရှင်သခင်တစ်ဦးတည်းသာ သခင်လေးနှစ်၏ ပြောင်းလဲမှုကို သတိပြုမိခဲ့သောကြောင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် ချုပ်နှောင်ဖိနှိပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဤကိစ္စမှာ တဖြည်းဖြည်း သတင်းပျံ့သွားသော်လည်း သိရှိသူများမှာ မီလော့နန်းတော်မှ သခင်လေးအနည်းငယ်သာ ဖြစ်သည်။ ခန်းမသခင်များပင်လျှင် အများစု မသိရှိကြပေ။ မီလော့နန်းတော်အပြင်ဘက်မှ လူများမှာမူ ဤကိစ္စ၏ အမှန်တရားကို သိရှိနိုင်ရန် ပို၍ပင် မဖြစ်နိုင်ပေ။

လင်းရှောင်သည် သိထားသူများထဲမှ တစ်ဦးဖြစ်၏။ မီလော့နန်းတော်အရှင်သခင် စိတ်ဓာတ်ကျဆင်းကာ တာအိုနှလုံးသား သေဆုံးသွားခြင်းမှာ သခင်လေးနှစ်၏ လုပ်ရပ်နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟုပင် တစ်ကြိမ်တစ်ခါ သံသယ ဝင်ခဲ့ဖူးသည်။

“ခုနစ်သာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဆွဲယူပြီး ဘိုးဘေးနန်းတော်ရဲ့ အန္တိမဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်ရင် မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ ၁၇ စင်းမြောက် စကြဝဠာထဲ ဝင်လာရင်တောင်မှ အန္တိမဟင်းလင်းပြင်ဆီ မသွားနိုင်တော့ဘူး .... အဲ့ဒီနေရာကို ဝင်ရောက်သွားရင် နှစ် ဝါးမြိုတာ ခံရလိမ့်မယ်”

သူ၏ မျက်ခုံးများ စုသွားသည်။ ဤသည်မှာ အမှန်ပင် ရက်စက်သော နည်းလမ်း ဖြစ်သည်။

သူပင်လျှင် နှစ်အား ရန်မစရဲချေ။ ထိုအရူးမ ဘာလုပ်လာမည်ကို မည်သူသိနိုင်မည်နည်း။

“ငါ့မှာ ဒဏ်ရာ ရှိနေတယ်… ဆင်းသက်ဖို့ မသင့်တော်ဘူး… ပြီးတော့ ဘိုးဘေးနန်းတော်ထဲမှာ ငါ့ရဲ့ ဆင်းသက်နိုင်အောင် ထောက်ပံ့ပေးတဲ့ စွမ်းအင်လည်း မရှိဘူး”

ရုတ်တရက် သူ၏ မျက်ခုံးများအား ဖြေလျော့လိုက်သည်။ “ဟယ့်ဟွမ်၊ ချိပ်ပိတ်နေတာ မပြီးမြောက်ခင် ဘိုးဘေးနန်းတော်ကနေ ထွက်ခွာသွားပြီး အပြင်လောကဆီ သွား… သွေးယဇ်ပလ္လင် တည်ဆောက်လိုက်... ခုနစ်က ဘိုးဘေးနန်းတော်ကို ပိတ်လှောင်ချင်နေမှတော့ ပိတ်လှောင်ပလေ့စေ… ငါတို့ တခြားစစ်မြေပြင်ကို ရွေးချယ်မယ်”

ဟယ့်ဟွမ်ခန်းမသခင်က အမိန့်နာခံ၍ ထွက်ခွာရန် ပြင်လိုက်စဉ် လင်းရှောင်က စဉ်းစားလိုက်ပြီး သူမကို ပြန်ခေါ်သည်။ “ခိုင်ဧကရာဇ်ချင်ယဲ့ အသက်ရှင်ခဲ့တာက ယိုတုတိုက်ပွဲတုန်းက လှည့်ကွက်သုံးခဲ့လို့ ဖြစ်မယ်... သူက တကယ်ပဲ မရှက်တတ်ပါလား … လူငယ်တွေရဲ့ တိုက်ပွဲကိုတောင် ဝင်စွက်ဖက်ရဲတယ်… သူက မရိုးသားမှတော့ ငါ့ကို အငြိုးမထားနဲ့လို့ အပြစ်မတင်နဲ့… ငါ မင်းကို ကောင်းကင်နတ်သိုင်းနှစ်ခု ပေးမယ်… သခင်လေးလေးဆီက စောင်းကြိုးတစ်ချောင်း ထပ်တောင်းလိုက်… မင်း ထွက်ခွာသွားတဲ့အခါ ဒီကောင်းကင်နတ်သိုင်းသုံးခုကို ယူဆောင်သွားပြီး ငါ့အတွက် အကုန်လုံး သတ်ပေး... လုံးဝ မညှာနဲ့”

ဟယ့်ဟွမ်ခန်းမသခင်မှာ တုန်လှုပ်သွားသော်လည်း ခေါင်းငုံ့ကာ အမိန့်ကို နာခံလိုက်သည်။

သခင်လေးသုံးက သူမကို ရှေ့ခေါ်လိုက်ပြီး ကောင်းကင်နတ်သိုင်း ထည့်ပေးလိုက်သည်။ ထို့နောက် မျက်နှာအမူအရာ တည်ကြည်သွားပြီး ခပ်တိုးတိုး မေးသည်။ “ဘိုးဘေးနန်းတော်ကနေ ထွက်ခွာပြီး သွေးယဇ်ပူဇော်ပွဲ ပြုလုပ်ဖို့ အချိန်မမီရင် ဘာလုပ်ရမလဲ သိလား”

ဟယ့်ဟွမ်ခန်းမသခင်က ခေါင်းငုံ့ကာ လျှောက်တင်သည်။ “သခင်လေး လမ်းညွှန်ပြသပေးပါ”

သခင်လေးသုံးလင်းရှောင်၏ မျက်နှာပေါ်တွင် ရက်စက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။ “တာအိုမိတ်ဆွေဟောင်ကို သခင်လေးလေးရဲ့ ဗျပ်စောင်းကြိုးနဲ့အတူ လောကသစ်ပင်ဆီ သွားခိုင်း… အနန္တအဘိုးအိုရဲ့ နောက်လိုက်တွေကို ချေမှုန်းပစ်... အဲ့ဒီစွမ်းအင်နဲ့ ငါနဲ့ သခင်လေးလေး ဆင်းသက်လာနိုင်ပြီ”

ဟယ့်ဟွမ်ခန်းမသခင်မှာ တသိမ့်သိမ့် တုန်သွားကာ သခင်လေးလေး၏ ဗျပ်စောင်းကြိုး လောကသစ်ပင်အောက်မှ ဖြတ်သန်းသွားသည့် ကြောက်မက်ဖွယ်မြင်ကွင်းအား မြင်ယောင်လာသည်။ သူမသည် သတ်ပွဲများစွာ ကြုံတွေ့ခဲ့ဖူးသော်လည်း ဖြစ်ပေါ်လာသည့် ကြောက်စိတ်အား မထိန်းချုပ်နိုင်တော့ပေ။

သခင်လေးသုံးလင်းရှောင်က လက်ဝှေ့ယမ်းလိုက်သည်။ “ဒီလိုလုပ်လိုက်ရင် အနန္တအဘိုးအိုနဲ့ အကြိတ်အနယ် တိုက်ခိုက်ရလိမ့်မယ်.... ဒါပေမဲ့ အဲ့ဒီအဆင့်အထိ ရောက်သွားရင်တော့ ငါတို့လည်း မတတ်နိုင်တော့ဘူး... မင်း အမြန်ဆုံး သခင်လေးလေးဆီ သွားပြီး စောင်းကြိုး တောင်းခဲ့… မင်းသာ ဘိုးဘေးနန်းတော်ကနေ ထွက်ခွာနိုင်ရင် အဲ့ဒီအဆင့်အထိ ရောက်သွားမှာ မဟုတ်ဘူး”

ဟယ့်ဟွမ်ခန်းမသခင်လည်း အမိန့်ကို နာခံလိုက်ပြီး သခင်လေးလေးကျစ်ရှောင်ထံသို့ အလျင်အမြန် သွားရောက်တွေ့ဆုံလိုက်သည်။

မကြာမီတွင် သူမ ကျောက်စိမ်းမြို့တော်သို့ ပြန်ရောက်လာပြီး ဖုန့်ဟွမ်ခန်းမသခင်နှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့ကို ဆင့်ခေါ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ယခုအချိန်တွင် တာအိုတံဆိပ်ခတ်နှိပ်ခြင်း ပြီးမြောက်ပေတော့မည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ခွန်အားဖြင့် ခတ်နှိပ်ထားသော တာအိုသစ်ပင်မှာ ရုပ်လုံးပေါ်စ ပြုနေချေပြီ။

“တာအိုသိုင်းပညာရှင်အဆင့် လူတစ်ယောက် တိုးလာတာ ကောင်းတယ်”

ဟယ့်ဟွမ်ခန်းမသခင်က သခင်လေးသုံး၏ အစီအစဉ်အား ပြောပြနေသည်။ “အချိန်မဆွဲသင့်တော့ဘူး… အမြန်ဆုံး အကောင်အထည် ဖော်ရမယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင် ခဏ တိတ်ဆိတ်သွားပြီးနောက် မကျေမနပ်ပြောသည်။ “ခုနက ခင်ဗျားတို့နှစ်ယောက်သာ လှုပ်ရှားလိုက်ရင် ချင်ယဲ့နဲ့ သူပုန်တစ်စုကို အေးဆေး သတ်နိုင်တယ်… အခု သူတို့ကို ပြင်ဆင်ချိန်ပေးလိုက်တော့ သတ်ဖို့ ခက်သွားပြီ”

ဖုန့်ဟွမ်ခန်းမသခင်က ရယ်မောလိုက်သည်။ “သူတို့ကို ပြင်ဆင်ချိန်ပေးလိုက်တာက ငါတို့ကိုလည်း ပြင်ဆင်ချိန်ပေးလိုက်တာပဲလေ.... ဒီရက်ပိုင်းအတွင်းမှာ ကျန်းချန်ခန်းမသခင် ဆင်းသက်လာခဲ့တယ်… တာအိုသိုင်းပညာရှင်တချို့လည်း ဆင်းသက်လာခဲ့တယ်… ငါတို့အင်အား တိုးတက်လာနေပြီ… အောင်မြင်မှုက လက်တစ်ကမ်းအကွာမှာပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ စိတ်လှုပ်ရှားသွားပြီး ကျောက်စိမ်းမြို့တော်ထဲသို့ ကြည့်လိုက်ရာ တာအိုသစ်ပင်တောအုပ်ထဲရှိ တာအိုသစ်ပင်အချို့ စိမ်းလန်းစိုပြေလာပြီး အသက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ နေသူရိန်ခန်းမသခင်နှင့် အခြားတာအိုသိုင်းပညာရှင်တို့၏ သေဆုံးမှုကြောင့် မီလော့နန်းတော်အတွက် ခန်းမသခင်အဆင့် ပုဂ္ဂိုလ်တစ်ဦးနှင့် တာအိုသိုင်းပညာရှင်အချို့ ဆင်းသက်လာစေရန် လုံလောက်သော စွမ်းအင် ရရှိသွားကြောင်း ထင်ရှားလှသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ စိတ်အေးသွားသည်။ “ဒီကိစ္စက ကျုပ် တွေးထားတာထက် ပိုပြီးတည်ငြိမ်နေတာပဲ… ဒီလိုဆိုရင် ကျန်းချန်ခန်းမသခင်နဲ့ အဲ့ဒီတာအိုမိတ်ဆွေတချို့ကို မြန်မြန် ဖိတ်ခေါ်လိုက်ကြရအောင်… ဘိုးဘေးနန်းတော်ကနေ ထွက်သွားကြမယ်”

သူ့မှာ စိတ်ထဲတွင် မသက်မသာ ဖြစ်နေသဖြင့် ဘိုးဘေးနန်းတော်ထဲတွင် မနေလိုတော့ပေ။

ဟောင်သည် ချင်မူအကြောင်း ကောင်းကောင်းသိ၏။ ချင်မူ မည်မျှကြောက်စရာကောင်းသည်ကို သိ၏။ ဘိုးဘေးနန်းတော်ထဲတွင် ပိတ်မိသွားပါက သူ၏ ဇာတ်သိမ်းကား ဆိုဖွယ်မရှိတော့‌ပေ။

ဟယ့်ဟွမ်ခန်းမသခင်က ပြော၏။ “တာအိုမိတ်ဆွေဟောင်၊ သူတို့တွေက ငါ ဘိုးဘေးနန်းတော်ကနေ ထွက်နိုင်အောင် ကာကွယ်ပေးမှာ.... နင့်မှာတော့ တခြားတာဝန် ရှိတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင် တုန်လှုပ်သွားပြီး မလုပ်ချင်သည့်စိတ် ဖြစ်ပေါ်လာသည်။

ဟယ့်ဟွမ်ခန်းမသခင်က သတိထား၍ မမြင်နိုင်သော ကြိုးတစ်ချောင်းကို ဆွဲယူလာပြီး ဟောင်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံပေါ်သို့ တင်လိုက်သည်။ ထို့နောက် ဖွဲ့တည်နေဆဲ တာအိုသစ်ပင်ပေါ်တွင် ချည်နှောင်လိုက်ရင်း သတိပေးသည်။ “ဒီကြိုးက သခင်လေးလေးရဲ့ ဗျပ်စောင်းကြိုးပဲ… တာအိုမိတ်ဆွေဟောင်လည်း ဒီဟာနဲ့ မစိမ်းပါဘူး … ဒီကြိုးရဲ့ အစွမ်းကို သိမှာပါ… ဒီကြိုးကို နင့်ဆီ ပေးလိုက်မယ်… ပြီးရင် လောကသစ်ပင်ဆီကို သွား… ဒီစောင်းကြိုးကို လောကသစ်ပင်ကို ဖြတ်ကျော်ပြီး မြောက်ဘက်အကျဆုံး တောင်ထိပ်ပေါ်မှာ ချည်နှောင်လိုက်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နဖူးတွင် ချွေးများ ထွက်လာသည်။ သူ၏တာအိုသစ်ပင်ပေါ်တွင် ချည်နှောင်ထားသော အတိတ်နှင့် ဆက်သွယ်နေသည့် ကြိုးတစ်ချောင်းကို ချက်ချင်း ခံစားလိုက်ရသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အသံမှာ တိုးဝင်နေသည်။ “အနန္တအဘိုးအိုသာ သိသွားရင် ကျုပ်ကို သတ်မှာလေ”

“စိတ်မပူပါနဲ့… အနန္တအဘိုးအိုရဲ့ ဒဏ်ရာက သိပ်ပြင်းထန်တယ်… ထိုက်ယီအောက် မလျော့ဘူး”

ဟယ့်ဟွမ်ခန်းမသခင်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ငါ သခင်လေးသုံးနဲ့ သခင်လေးလေးတို့ကို တွေ့ခဲ့ပြီးပြီ… သူတို့လည်း ဒဏ်ရာရခဲ့ပေမယ့် ဒဏ်ရာက အများကြီးသက်သာတယ် … အနန္တအဘိုးအို သိသွားရင်တောင် သခင်လေးလေးက နင့် အသက်ကို သေချာပေါက် ကာကွယ်ပေးနိုင်တယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင် စကားဆက်ပြောရန် ပြင်လိုက်စဉ် ဟယ့်ဟွမ်ခန်းမသခင်က ရည်ရွယ်ချက်ရှိရှိဖြင့် သတိပေးလိုက်သည်။ “တာအိုမိတ်ဆွေ၊ ရှင် အခု စောင်းကြိုးနဲ့ ချည်နှောင်ခံထားရပြီ… ဒီစောင်းကြိုးရဲ့ စွမ်းအားကို ရှင် ဘယ်သူ့ထက်မဆို ပိုသိပါတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်လည်း တုန်လှုပ်သွားပြီး အဓွန့်မတက်ရဲတော့ပေ။ “ကျုပ် သွားပါ့မယ်”

ဟယ့်ဟွမ်ခန်းမသခင်လည်း မျက်လုံးများတွင် လင်းလက်သွားသည်။ “ဒီလိုဆိုရင် ငါတို့ လမ်းခွဲကြမယ်… ငါတို့က ကျောက်စိမ်းမြို့တော်ကနေ အရင် ထွက်ခွာပြီး ချင်ယဲ့တို့ကို အာရုံလှည့်စားသွားမယ်… တာအိုမိတ်ဆွေဟောင်က ချက်ချင်း လောကသစ်ပင်ဆီ သွားပါ”

ကျန်းချန်ခန်းမသခင်နှင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်အချို့ လျှောက်လာကြသည်။ ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့လည်း ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားကြပြီး ကျောက်စိမ်းမြို့တော်ထဲမှ ထွက်ခွာနိုင်ရန် ကောင်းကင်ပြင်ပသို့ ဦးတည်သွားကြသည်။

ကျန်းချန်ခန်းမသခင်က မြို့ထဲတွင် တည်ငြိမ်စွာ ရပ်နေသည်။ ရုတ်တရက် ကျန်းချန်ခန်းမသည် ပျံသန်းလာကာ တဖြည်းဖြည်း သေးငယ်သွားရင်း သူ၏လက်ထဲသို့ ကျရောက်လာသည်။

ဤခန်းမသခင်၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပနေပြီး ကျန်းချန်ခန်းမကို လက်ဖြင့် ပင့်မကာ မော့ကြည့်နေသည်။

ဝှူး…

ရွှေသင်္ဘောတစ်စင်း ကောင်းကင်ကို ဖြတ်ကျော်လာပြီး ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်မနှစ်ဦးဆီသို့ ပြေးဝင်သွားသည်။ ဤအခိုက်အတန့်တွင် ကျန်းချန်ခန်းမသခင်က ရတနာခန်းမကို အသက်သွင်းလိုက်ရာ ခန်းမသည် အလွန်တောက်ပလာပြီး ရွှေသင်္ဘောဆီသို့ ပြေးဝင်သွား၏။

တစ်ချိန်တည်းတွင် ကျန်းချန်ခန်းမသခင်က တာအိုသိုင်းပညာရှင်ငါးဦးကို ဦးဆောင်လျက် လောကပေါင်းကူးရွှေသင်္ဘောဆီသို့ ပျံသန်းသွားသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဤမြင်ကွင်းကို တွေ့သည်နှင့် ချက်ချင်းပင် ကျောက်စိမ်းမြို့တော်ထဲမှ ထွက်ခွာကာ လောကသစ်ပင်ဆီသို့ ပြေးသွားသည်။

သူ လောကသစ်ပင်ရှိရာသို့ ပျံသန်းသွားရင်း မတော်တဆ မော့ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်၏ ကောင်းကင်နံရံလေးဖက်မှာ အပြည့်အဝ ထူမတ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ပြင်ပတွင်မူ အမှောင်ထု ဖုံးလွှမ်းနေပြီး မည်သည့်ကြယ်တာရာကိုမျှ မမြင်ရပေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ရင်တဒိန်းဒိန်း ခုန်သွားပြီး ဟန်ချက်ပျက်သွားကာ ကောင်းကင်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သူ မြင်နေရသည့် အရာသည် မှောင်မိုက်နေသော ကြယ်တာရာကောင်းကင် မဟုတ်ဘဲ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ပင်။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ချင်မူက ဆွဲခေါ်ခဲ့ပြီးချေပြီ။ ဧရာမချောက်နက်ကြီးသည် ဘိုးဘေးနန်းတော်၏ ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ မင်းမူနေ၏။

သို့သော် ထူးဆန်းသည်မှာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဆီမှ မည်သည့်လှိုင်းဂယက်မှ ဖြာထွက်မလာခြင်းပင်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ကြောက်စိတ်ကို မမြိုသိပ်နိုင်တော့သဖြင့် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်နေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထိုအရာမှာ ထောင်ချောက်ဖြစ်သည်။ ဟယ့်ဟွမ်ခန်းမသခင်တို့ ကိုယ်တိုင် ဝင်ရောက်လာရန် စောင့်ဆိုင်းနေသော ထောင်ချောက်တစ်ခုပင်။

သူတို့ ကောင်းကင်ပြင်ပသို့ ထွက်ခွာသွားသည့်အချိန်က အဆုံးသတ်မြို့ပျက်ထဲသို့ ကျရောက်သွားသည့်အချိန်ပင် ဖြစ်လိမ့်မည်။

အဆုံးသတ်မြို့ပျက်ဆီမှ မည်သည့်လှိုင်းဂယက်မှ ဖြာထွက်မလာခြင်းသည် အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်ထားသော ပုဂ္ဂိုလ်တစ်ဦးက ဝင်ပေါက်တွင် ပိတ်ဆို့ထားသောကြောင့်ပင်။

ထိုလူ မည်သူဖြစ်ကြောင်း ကောင်းကင်နတ်ဧကရာဇ်ဟောင် သိသည်။

ကောင်းကင်ပြင်ပ၊ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဝင်ပေါက်တွင် ချင်မူသည် ကြာပန်းထဲတွင် ထိုင်နေပြီး အမှောင်ထုက သူ့ကို ဖုံးလွှမ်းထား၏။ သူ၏မျက်ဝန်းများက အောက်ဘက်မှ တဖြည်းဖြည်း နီးကပ်လာသော တာအိုအလင်းတန်းများကို အေးစက်စွာ ကြည့်နေသည်။

All Chapters