အသူရာချောက်နက်ထဲက ဖရိုဖရဲပင်လယ်
Vol. 138 Ch. 1775
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ရှေ့တွင် ချင်မူက တိတ်ဆိတ်စွာ စောင့်နေသည်။
အဆုံးသတ်မြို့ပျက်သည် သူ၏ နောက်တွင် ရှိနေ၏။ အောက်ဘက်မှ လူများအတွက်မူ အဆုံးသတ်မြို့ပျက်မှာ ဘိုးဘေးနန်းတော်၏ အထက်တွင် မှောက်လျက် တည်ရှိကာ အထက်အောက်ပြောင်းပြန်ဖြစ်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။
ချင်မူနှင့် လင်ယွိရှို့အတွက်မူ ဘိုးဘေးနန်းတော်မှာသာ အထက်အောက်ပြောင်းပြန် ဖြစ်နေသော ကမ္ဘာဖြစ်သည်။
သို့သော် ချင်မူက တိကျသေသပ်စွာ ဖုံးကွယ်ထားသောကြောင့် လူတိုင်းမှာ အဆုံးသတ်မြို့ပျက်ကို မမြင်နိုင်ကြသည့်အပြင် အဆုံးသတ်မြို့ပျက်ဆီသို့ ပြေးဝင်နေကြသည်ကိုပင် သတိမထားမိကြပေ။
ချင်မူ၏ ဘေးတွင် လင်ယွိရှို့ ရှိနေပြီး ချင်မူ၏ ထိုင်ခုံအောက်မှ ကြာပလ္လင်ကို စပ်စပ်စုစု ကြည့်ရှုနေသည်။
ဤကြာပလ္လင်မှာ ချင်မူ၏ အဆိုအရ တာအိုဒုတိယအဆင့် ဖြစ်ပြီး တတိယအဆင့်နှင့် နီးကပ်နေချေပြီ။
ကြာပလ္လင်သည် ဖရိုဖရဲပင်လယ်နှင့် ချိတ်ဆက်ထားသည့်အတွက် ဖရိုဖရဲချီများ အဆက်မပြတ် စီးဆင်းထွက်ကာ ချင်မူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်များအဖြစ် အသွင်ပြောင်းလဲနေသည်။
ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်မှာ ချင်မူ၏ အသက်ရှူသံအတိုင်း လိုက်နာနေ၏။ ၎င်းက ထိုက်ငါးပါးအဆင့်ကဲ့သို့ ပြောင်းလဲမှုများကို အဆင့်ဆင့် ဖြတ်သန်းပြီးနောက် ချင်မူ၏ ကျင့်စဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
လင်ယွိရှို့မှာ အံ့ဩစွာဖြင့် စုတ်တစ်ချက် သပ်လိုက်မိလေသည်။
အဆုံးသတ်မြို့ပျက် တာအိုနှင့် ပတ်သက်၍ သူမ များများစားစား နားမလည်ပေ။ ၎င်းက အလွန်လျှို့ဝှက်ဆန်းကြယ်လှသည့်အတွက် တာအိုရရှိထားသူ နည်းပါးရုံသာမက အဆုံးသတ်မြို့ပျက်တာအိုတွင် ထူးထူးခြားခြား အောင်မြင်ထားသူပင် များများစားစား မရှိချေ။
လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့သည် ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်တွင် အဆုံးသတ်မြို့ပျက်တာအိုနှင့် ပတ်သက်၍ ရှင်းလင်းထားသော်လည်း နက်နဲသော အဆင့်အထိ မရောက်ခဲ့ပေ။ လန်ယွီတျန်း၏ အဆိုအရ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်မှာ လောကသစ်ပင်အပေါ် အခြေခံ တည်ဆောက်ထားခြင်း ဖြစ်ပြီး အဆုံးသတ်မြို့ပျက်တာအိုမှာမူ လောကသစ်ပင်နှင့် ဆန့်ကျင်သဖြင့် သူနှင့် ရှုရှန်းဟွာတို့မှာ အဆုံးသတ်မြို့ပျက်တာအိုတွင် အောင်မြင်မှု မမြင့်မားခဲ့ကြပေ။
ချင်မူသည် နှစ်ခုလုံး၏ အားသာချက်ကို ပေါင်းစည်းနိုင်သည့် တစ်ဦးတည်းသော လူဟု ဆိုနိုင်၏။
ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့မှာ အဆုံးသတ်မြို့ပျက်ဆီသို့ တဖြည်းဖြည်း နီးကပ်လာကြချေပြီ။ သင်္ဘောပေါ်တွင် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံ ထွက်ပေါ်လာကာ နေရာဟင်းလင်းပြင်က ပြန့်ပြူးသွားသည်။
ခိုင်ဧကရာဇ်၊ ရှုရှန်းဟွာနှင့် အခြားသူတို့က သင်္ဘောပေါ်တွင် ရပ်နေကြသည်။ ဓားရောင်များ ယှက်ဖြာသွားက ကောင်းကင်နတ်သိုင်းအမျိုးမျိုး ပေါက်ကွဲထွက်လာကြ၏။ ၎င်းတို့က ခန်းမသခင်နှစ်ဦးကို တိုက်ခိုက်လိုက်ရင်း ကျန်းချန်ခန်းမသခင်နှင့် အခြားသူများဆီမှ တိုက်ကွက်များကိုလည်း ခုခံနေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ နယ်ပယ်မှာ ထူးခြားလှပေသည်။ သင်္ဘောပေါ်တွင် ရှိသမျှသူတိုင်းအား အရပ်မျက်နှာမျိုးစုံမှ တိုက်ခိုက်လာသော ကောင်းကင်နတ်သိုင်းနှင့် တာအိုလက်နက်များကို အချိန်မရွေး ရင်ဆိုင်နိုင်နေစေသည်။
လောကပေါင်းကူးရွှေသင်္ဘောမှာ တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရှိနေသော်လည်း သူတို့အားလုံး ပူပင်သောကရောက်နေခြင်း မရှိချေ။
ထိုမျှသာမက ရွှေသင်္ဘော၏ အမြန်နှုန်းသည် ခန်းမသခင်နှစ်ဦးကို လိုက်မှီရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။
သို့သော် ကျန်းချန်ခန်းမသခင်နှင့် အခြားသူများက နှောင့်နှေးနေစေသဖြင့် ခိုင်ဧကရာဇ်မှာ မတတ်သာဘဲ ကျန်းချန်ခန်းမသခင်နှင့် တာအိုသိုင်းပညာရှင်များကို ရှင်းလင်းရန် လှည့်လိုက်သည်။ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူများက ခန်းမသခင်နှစ်ဦးကို ရင်ဆိုင်နိုင်သောကြောင့် ထိုနှစ်ဦးကို သူ မထိန်းထားတော့ပေ။
အဖွဲ့သုံးဖွဲ့မှာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်နှင့် တဖြည်းဖြည်း နီးကပ်သွားကြသည်။
ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့မှာ ရင်ထဲတွင် လှုပ်ရှားလာ၏။ “ငါတို့ ခိုင်ဧကရာဇ်ချင်ယဲ့ကို အထင်ကြီးလွန်းမိတဲ့ပုံပဲ… သူ့ခွန်အားက အဲ့လောက်လည်း မသန်မာဘူး… ဟန်ဆောင်နေတာပဲ ဖြစ်မယ်… ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို အရင်သတ်ပစ်နိုင်လောက်တယ်”
ခန်းမသခင်နှစ်ဦးစလုံး ရပ်တန့်၍ ရွှေသင်္ဘောအား ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် လောကသစ်ပင်အောက်မှ လူရိပ်တချို့ ပျံသန်းလာရောက်ရှိလာသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူကား အကြီးအကဲသုံးဦးထဲမှ ဟွမ်ထန်းပင်။
ရန်သူအချင်းချင်းတွေ့လျှင် မျက်လုံးများ နီရဲလာတတ်သည်ဆိုသော ဆိုရိုးအတိုင်းပင် ဖြစ်ချေသည်။ အကြီးအကဲငါးဦးတွင် နှစ်ဦး သေဆုံးသွားပြီး သုံးဦးသာ ကျန်ရှိတော့၏။ ဟွမ်ထန်းက အကြီးအကဲသုံးဦး၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ခန်းမသခင်နှစ်ဦးလည်း ကောင်းကင်သို့ ပျံတက်နေသည်ကို မြင်လျှင် ဟွမ်ထန်းကား ချက်ချင်း တိုက်ခိုက်လာတော့သည်။
ဟွမ်ထန်း၏ လက်အောက်ခံ အတိတ်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်များကမူ ကျန်းချန်ခန်းမသခင်၏ လက်အောက်ခံ တာအိုသိုင်းပညာရှင်အချို့ဆီသို့ ပြေးဝင်သွားကြ၏။ နှစ်ဖက်လုံးက ချက်ချင်းပင် တိုက်ခိုက်ကြတော့သည်။
ကျန်းချန်ခန်းမသခင်မှာ ရွှေသင်္ဘောကို နှောင့်နှေးစေရန်သာ အာရုံစိုက်ထားသဖြင့် သူတို့ကို လျစ်လျူရှုထားသည်။ ရုတ်တရက် သူက တာအိုသစ်ပင်ကို အသက်သွင်းလိုက်၏။ ရောင်စုံအလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ရွှေသင်္ဘောကို ရစ်ပတ်လိုက်သည်။ တာအိုသစ်ပင်အမြစ်များသည် ရွှေသင်္ဘောထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်အား သင်္ဘောဆီသို့ ဆွဲခေါ်သွား၏။
သူ သင်္ဘောပေါ်သို့ မကျရောက်မီ ရွှေသင်္ဘောက ရုတ်တရက် အဆမတန် ကြီးမားလာသည်။ လန်ယွီတျန်းဆိုသူက သူ၏ တာအိုသစ်ပင်အမြစ်များကို ရွှေသင်္ဘောပေါ်ရှိ ရွှေရောင်ခန်းမများထဲသို့ ဆွဲသွင်းလိုက်သည်ကို တွေ့လိုက်ရ၏။ အခြားသူများကလည်း ကောင်းကင်နတ်သိုင်းအမျိုးမျိုးကို ထုတ်သုံးကာ သူ၏ တာအိုသစ်ပင်အမြစ်များအပေါ် ဖိနှိပ်လိုက်ကြသည်။
ကျန်းချန်ခန်းမသခင် ကြောင်အသွားသည်။ “ဒီကောင်တွေက ဒီလောက်ကျွမ်းကျင်နေတာ… ဒီလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးတဲ့ပုံနဲ့ မတူဘူး”
သူသည် အလွန်တရာ စွမ်းအားကြီးသဖြင့် နည်းနည်းလေးမှ မကြောက်ရွံ့ပေ။ နောက်တစ်ခဏတွင် ရွှေသင်္ဘောပေါ်သို့ ဆင်းသက်လိုက်၏။ သူ လက်မြှောက်လိုက်ရာ ကျန်းချန်ရတနာခန်းမက သူ့လက်ထဲသို့ ကျဆင်းလာသောကြောင့် ရွှေသင်္ဘောကို အနည်းငယ် နိမ့်ဆင်းသွားစေသည်။
တစ်ဖက်တွင် ဟွမ်ထန်းက အခွင့်ကောင်းယူ၍ ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့ထံ ပြေးဝင်သွား၏။ သူက အဝေးမှနေ၍ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ပြီး ရွှေသင်္ဘောပေါ်မှ လူများနှင့်အတူ ခန်းမသခင်နှစ်ဦးကို တိုက်ခိုက်လိုက်သည်။
“ဒီအဘိုးကြီး သေချင်နေတာပဲ”
ခန်းမသခင်နှစ်ဦး ဒေါသထွက်သွားကြသော်လည်း သတိထားရင်ဆိုင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိချေ။
အကြီးအကဲငါးဦးသည် နာမည်မကြီးသော်လည်း အလွန် အိုမင်း၍ ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက မီလော့နန်းတော်မှ ခန်းမသခင်များထက် များစွာနိမ့်ကျခြင်းမရှိချေ။
ဟယ့်ဟွမ်နှင့် ဖုန့်ဟွမ် ခန်းမသခင်နှစ်ဦးက အလျင်အမြန် ဆင်းသက်လာခဲ့ရသဖြင့် သူတို့၏မဟာတာအိုကို ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် အချိန်မရခဲ့ပေ။ တစ်ဦးချင်း ရင်ဆိုင်တိုက်ခိုက်ပါက ဟွမ်ထန်းအပေါ် အသာစီးရနိုင်မည်မဟုတ်ချေ။ အနိုင်ရလျှင်ပင် သူ၏ သေခါနီး တန်ပြန်တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားနိုင်ဖွယ် ရှိသည်။
“ငါ ဟွမ်ထန်းကို တားထားမယ်”
ဖုန့်ဟွမ်ခန်းမသခင်က ရပ်တန့်၍ ဟွမ်ထန်းနှင့် ပျံသန်းလာသော လောကပေါင်းကူးရွှေသင်္ဘောကို တစ်ဦးတည်း ရင်ဆိုင်လိုက်၏။ သူမက နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “ဟယ့်ဟွမ်၊ နင် ချက်ချင်း ဘိုးဘေးနန်းတော်ကနေ ထွက်ခွာတော့”
ဟယ့်ဟွမ်ခန်းမသခင်လည်း ကြီးလေးသော တာ၀န်တစ်ခုကို ထမ်းဆောင်ထားရသဖြင့် ရှုံးနိမ့်၍ မဖြစ်ကြောင်း သိရှိထား၏။ သူမက တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားတော့သည်။
ဖုန့်ဟွမ်ခန်းမသခင်က တာအိုသစ်သီးကို အသက်သွင်း၍ တာအိုသစ်ပင်ကို ဆင့်ခေါ်လိုက်သည်။ သူက ဖုန့်ဟွမ်ခန်းမအရှေ့တွင် ရပ်လျက် ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့၏ ကောင်းကင်နတ်သိုင်းများကို အလွယ်တကူ တားဆီးလိုက်၏။ သူ၏အကြည့်တို့ကတော့ ဟွမ်ထန်းကိုသာ စူးစိုက်ကြည့်နေသည်။
ဟွမ်ထန်းက ပြေးဝင်လာ၏။ ရုတ်တရက် သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ ထွက်ပေါ်လာသည်။
တာအိုသစ်ပင်က မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ မြေပြင်မှ ထိုးထွက်လာပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။
ဘုန်း…
မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ဖုန့်ဟွမ်ခန်းမနှင့် တိုက်မိသွား၏။ ဖုန့်ဟွမ်ခန်းမသခင် စိတ်အေးသွားသည်။ “ဟွမ်ထန်းက တော်တော် နမော်နမဲ့နိုင်တာပဲ… မဟာခြုံလွှမ်းကောင်းကင်ဘုံနဲ့ ငါ့ရဲ့ ဖုန့်ဟွမ်ခန်းမကို တိုက်ခိုက်ရဲတယ်… ငါ့ကို အထင်သေးလွန်းနေတာပေါ့လေ”
သူမ၏ ဖုန့်ဟွမ်ခန်းမဆီမှ မီးများ တဟုန်းဟုန်း တောက်လောင်လာသည်။ တာအိုအဆင့် ကောင်းကင်ဘုံ ၄၀ ၏ စွမ်းအားက ပေါက်ကွဲထွက်လာကာ ဟွမ်ထန်း၏ မဟာခြုံလွှမ်းကောင်းကင်ဘုံအပေါ် ဖိနှိပ်လိုက်၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် သစ်ကိုင်းတစ်ခက်သည် ကြာပွတ်သဖွယ် ဖုန့်ဟွမ်ခန်းမသခင်၏ ကိုယ်ပေါ်သို့ လျှပ်စီးကဲ့သို့ ရိုက်ချလိုက်ကာ သူမအား လွင့်ထွက်သွားစေ၏။
ဖုန့်ဟွမ်ခန်းမသခင်၏ ခန္ဓာကိုယ်မှာ သစ်ခက်ကြာပွတ်ကြောင့် အရေပြားစုတ်ပြဲသွားပြီး ဂျင်ပမာ လည်ထွက်သွား၏။ သူမမှာ ဟန်ချက်မထိန်းနိုင်ပေ။ မူလဝိညာဉ်ပင်လျှင် လွင့်ထွက်သွားလုနီးပါး ဖြစ်သွားသဖြင့် အံ့ဩဒေါသထွက်သွားသည်။
“လောကသစ်ပင်… အနန္တအဘိုးအို သူ့ကိုပေးခဲ့တဲ့ ရတနာပဲ”
သူမက ချက်ချင်းပင် အဓိကအချက်ကို စဉ်းစားမိလိုက်သည်။ အနန္တအဘိုးအိုမှာလည်း ချင်မူ့ကြောင့် ဘိုးဘေးနန်းတော်နှင့် သားရဲလှောင်အိမ်ထဲတွင် ပိတ်မိနေမည်ကို ရှောင်ရှားလိုမည် မဟုတ်လော။
လောကသစ်ပင်သည် နက်နဲအံ့ဩဖွယ်ရာ အရာမျိုးစုံဖြင့် ပြည့်နှက်နေပြီး သဘာဝအတိုင်း မပျက်စီးနိုင်သော ဒြပ်ထု ဖြစ်သည်။ အနန္တအဘိုးအိုသည် ရှေးခေတ်များမှ ယခုအချိန်အထိ မဟာတာအိုအားလုံးကို ကျွမ်းကျင်သဖြင့် လက်တွေ့အကျဆုံးနည်းလမ်းမှာ ဘိုးဘေးနန်းတော်အပြင်ဘက်တွင် လောကသစ်ပင်၏ ကိုယ်ပွားတစ်ခု စိုက်ပျိုးရန်ဖြစ်၏။
လောကသစ်ပင်နှစ်ပင်၏ အမြစ်များ ချိတ်ဆက်သွားပါလျှင် ချင်မူ့ကြောင့် ဘိုးဘေးနန်းတော်ထဲတွင် ချိပ်ပိတ်ခြင်း ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
‘ဒီသစ်ကိုင်းကို အနန္တအဘိုးအိုက အကြိမ်ကြိမ် သန့်စင်ပြီး စွမ်းအားကို သစ်ကိုင်းထဲ ပေါင်းထည့်ထားတာ ဖြစ်ရမယ်… သစ်ကိုင်းထဲမှာ သူ့ကိုယ်ပိုင်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံလောက် ပါဝင်နေနိုင်တယ်… ဒါကြောင့် ဒီလောက်စွမ်းအားကြီးနေတာ ဖြစ်မယ်”
သူမ ဤသို့စဉ်းစားမိချိန်တွင် ဟယ့်ဟွမ်ခန်းမသခင်မှာ သူမအနောက်၌ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမမှာ ဟယ့်ဟွမ်ခန်းမသခင်ကို ကျော်လွန်သည်အထိ လွင့်ထွက်သွားလေသည်။
ဤတိုက်ကွက်၏ စွမ်းအားသည် အလွန်ကြီးမားလှသဖြင့် သူမအနေဖြင့် ဟွမ်ထန်းကို နည်းနည်းလေးမှ မတားဆီးနိုင်ခဲ့ပေ။
ဟွမ်ထန်း ပြေး၀င်လာသောကြောင့် ဟယ့်ဟွမ်ခန်းမသခင်မှာ အံ့ဩမှင်သက်သွားသည်။ တစ်ဆက်တည်းမှာပင် ဖုန့်ဟွမ်ခန်းမသခင်၏ အသံကို ကြားလိုက်ရသည်။ “အဲ့ဒီသစ်ကိုင်းကို သတိထား… အဲ့ဒါက အနန္တအဘိုးအိုရဲ့ ရတနာပဲ”
ဟွမ်ထန်းကား တိုက်ခိုက်ရန် သစ်ကိုင်းကို အသက်သွင်းပြီးဖြစ်၏။ ဟယ့်ဟွမ်ခန်းမသခင်လည်း မစဉ်းစားတော့ဘဲ ချက်ချင်းပင် သူမ၏ မျက်ခုံးနှစ်ဖက်ကြားရှိ သခင်လေးသုံးလင်းရှောင်၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။
တစ်ချိန်တည်းတွင် လောကပေါင်းကူးရွှေသင်္ဘောမှာလည်း ပြေးဝင်လာနေသည်။ သင်္ဘောပေါ်တွင် ခိုင်ဧကရာဇ်နှင့် ကျန်းချန်ခန်းမသခင်တို့က ရင်ဆိုင်တိုက်ခိုက်နေကြပြီး အနီးကပ် တိုက်ပွဲဝင်နေကြသည်။ အချိန်တိုအတွင်း နှစ်ယောက်လုံး ဒဏ်ရာရထားကြ၏။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အရွယ်အစားစုံလင်သော ဒဏ်ရာပေါင်း တစ်ရာကျော် ရှိနေကြသည်။
ဝှစ်… ဝှစ်… ဝှစ်…
မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်ငါးဦးက ဟွမ်ထန်း ခေါ်ဆောင်လာသော အတိတ်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်များကို သတ်ဖြတ်၍ တစ်ယောက်ပြီးတစ်ယောက် ရွှေသင်္ဘောပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ရှုရှန်းဟွာ၊ လန်ယွီတျန်းတို့မှာ ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်တို့ကို ဒုက္ခပေးရန် မအားလပ်တော့ချေ။ သူတို့က ချက်ချင်းဆိုသလို ခိုင်ဧကရာဇ်ချင်ယဲ့ အနောက်တွင် ရပ်လိုက်ကြသည်။
ကျန်းချန်ခန်းမသခင်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ထိုမီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်ငါးဦးနှင့်အတူ ရပ်လိုက်၏။
နှစ်ဖက်လုံးက အသတ်အဖြတ်စိတ်ဆန္ဒများ တောက်လောင်လျက် မျက်နှာချင်းဆိုင် ရပ်နေကြသည်။
ရွှေသင်္ဘော၏ အရှိန်မှာ အံ့ဩဖွယ်ကောင်းလှသည်။ ၎င်းက ဟယ့်ဟွမ်ခန်းမသခင်ဆီသို့ ဦးတည်ပြေး၀င်နေဆဲ ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် သခင်လေးသုံးလင်းရှောင်၏ ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာပြီး အနန္တအဘိုးအို၏ သစ်ကိုင်းနှင့် ၀င်တိုက်သွားသည်။
ဟွမ်ထန်း၏ လက်ထဲရှိ လောကသစ်ပင်၏ အကိုင်းထဲမှ နဟာတာအိုကောင်းကင်နတ်သိုင်းသောင်းပေါင်းများစွာမှာ ပေါက်ကွဲထွက်လာပြီး သခင်လေးသုံးလင်းရှောင်၏ ထိုတိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။ မဟာတာအိုတစ်ခုချင်းစီမှာ နက်နဲအံ့ဩဖွယ်ကောင်းလှပြီး တာအိုသိုင်းပညာရှင်တစ်ဦး၏ ထိပ်တန်းသတ်ကွက်ပမာ ဖြစ်နေသည်။
အနန္တအဘိုးအို၏ လောကသစ်ပင်အကိုင်းထဲတွင် ကိန်းဝပ်နေသော ကောင်းကင်နတ်သိုင်းသည် ပြောင်းလဲမှုအသွယ်သွယ် ရှိသည့်အပြင် ဆန်းကြယ်သော သဘောတရားများလည်း ကိန်းဝပ်နေ၏။
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နတ်သိုင်းနှစ်ခု တိုက်မိ၊ ပေါက်ကွဲထွက်သွားသည်နှင့် လှိုင်းဂယက်များ ထိန်းမနိုင်သိမ်းမရ စီးဆင်းသွားကာ အရာအားလုံးကို လွှမ်းခြုံသွားတော့သည်။
ဤအခိုက်အတန့်တွင် လူတိုင်းသည် ရန်သူကို သတ်ဖြတ်ရန် မအားလပ်တော့ဘဲ ကောင်းကင်နတ်သိုင်းအားလုံး ထုတ်သုံးကာ အသက်ကို ကာကွယ်ရန် အသည်းအသန် ကြိုးစားကြရတော့သည်။
လောကပေါင်းကူးရွှေသင်္ဘောက ဤအခိုက်အတန့်တွင် ရောင်ခြည်များ တောက်ပလာပြီး ၎င်းကိုယ်ထည်အား ကာကွယ်လိုက်သည်။
အားကောင်းပြင်းထန်လှသော ကောင်းကင်နတ်သိုင်းနှစ်ခု၏ လှိုင်းဂယက်များ ဖြာထွက်လာသည့်အခါ ရွှေသင်္ဘောမှာ ပြင်းထန်စွာ တုန်ခါယိမ်းထိုးနေတော့သည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များ ငြိမ်သက်သွားသည်။ ဟွမ်ထန်းမှာ သွေးအန်နေရပြီး ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့၏ ကိုယ်ပေါ်တွင်လည်း ဒဏ်ရာကိုယ်စီ ရရှိကာ မောဟိုက်နေကြသည်။
လောကပေါင်းကူးရွှေသင်္ဘောက သင်္ဘောကိုယ်ထည်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ညင်သာစွာ နိမ့်ဆင်းသွားသည်။
ကောင်းကင်နတ်သိုင်းနှစ်ခု၏ လှိုင်းဂယက်များကြောင့် ဖရိုဖရဲ ဖြစ်ပေါ်လာပြီး နေရာတိုင်းတွင် ဖရိုဖရဲချီများ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ ရွှေသင်္ဘောသည် ဖရိုဖရဲချီထဲသို့ ကျရောက်သွားသည့်အခါ ရုတ်တရက် ရပ်တန့်သွားပြီးမှ ပျံဝဲတက်လာသည်။
ပတ်ဝန်းကျင်မှာ အလွန်လင်းထိန်သွားပြီး မှောက်မိုက်နေသော ကြယ်တာရာကောင်းကင် မဟုတ်တော့ပေ။ ကျယ်ပြောလှသော ဖရိုဖရဲချီများမှာ လှိုင်းလုံးများသဖွယ် လူးလွန့်နေသည်။ ခန်းမသခင်မနှစ်ဦး ကျဆင်းလာသည့်အခါ သူတို့၏အရှိန်အဝါက ဖရိုဖရဲချီများကို လွင့်စင်သွားစေသည်။ ရုတ်တရက် နှစ်ဦးသား၏ မျက်နှာများ အကြီးအကျယ် ပျက်သွားကြသည်။ ဖရိုဖရဲချီများ လွင့်စင်သွားသော နေရာမှာ ကျယ်ပြောလှသော ဖရိုဖရဲပင်လယ်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဟွမ်ထန်းမှာ လောကသစ်ပင်အကိုင်းကို အတင်းအကြပ် အသက်သွင်းလိုက်ပြီး နှစ်ယောက်စလုံးအား သတ်ဖြတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူလည်း မျက်နှာပျက်သွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဤဖရိုဖရဲပင်လယ်သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ကြီးမားသော ကြာရွက်များ ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
ချွန်ထက်သော ဆူးများဖြင့် အမြစ်များမှာ ကောင်းကင်သို့ ထိုးထွက်နေပြီး ကြာပန်း၏ ပင်စည်များကဲ့သို့ ဖြစ်နေသည်။
ဤဖရိုဖရဲပင်လယ်ပေါ်တွင် ဖရိုဖရဲခန်းမတစ်ခု ပျံဝဲနေပြီး ကြာပန်းတစ်ပွင့်မှာ ပလ္လင်ကဲ့သို့ ဖြစ်တည်ကာ ထိုဖရိုဖရဲခန်းမကို ထောက်ပင့်ထားသည်။ ခန်းမရှေ့တွင် ချင်မူနှင့် လင်ယွိရှို့တို့ ထိုင်နေကြသည်။
ဟယ့်ဟွမ်ခန်းမသခင်မနှင့် ဖုန့်ဟွမ်ခန်းမသခင်တို့၏ နှလုံးသားများမှာ တဖြည်းဖြည်း လေးလံလာတော့သည်။
ဤနေရာမှာ အဆုံးသတ်မြို့ပျက်ပင်။
သူတို့ အဆုံးသတ်မြို့ပျက်ထဲသို့ မည်သည့်အချိန်က ဝင်ရောက်သွားသည်ကို သူတို့ကိုယ်တိုင်ပင် သတိမထားမိခဲ့ကြပေ။
အဆုံးသတ်မြို့ပျက်သည် အလွန်ထူးခြားပြီး တာအိုသိုင်းပညာရှင်များအတွက် ပို၍ပင် အန္တရာယ်များသောနေရာဖြစ်သည်။ အဆုံးသတ်မြို့ပျက်ထဲသို့ ဝင်ရောက်ရန် မပြောနှင့်၊ ဘေးမှ ဖြတ်သန်းသွားလျှင်ပင် သူတို့ ချက်ချင်းသတိပြုမိပေမည်။
သို့သော် ဤတစ်ကြိမ်တွင် သူတို့ အဆုံးသတ်မြို့ပျက်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ပြီး ဖရိုဖရဲပင်လယ်ကို တွေ့မြင်ပြီးမှသာ မိမိတို့ အဆုံးသတ်မြို့ပျက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ဘိုးဘေးနန်းတော်ထဲတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မော့ကြည့်လိုက်ရာ ခန်းမသခင်မများနှင့် ဟွမ်ထန်တို့၏ ပုံရိပ်များ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ကျောချမ်းသွားချေပြီ
“ဒီခန်းမသခင်တွေတော့ သွားကြပြီ…” သူ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး လောကသစ်ပင်ဆီသို့ ဆက်လက်ထွက်ခွာသွားသည်။
အဆုံးသတ်မြို့ပျက် ဖရိုဖရဲပင်လယ်၊ ဖရိုဖရဲခန်းမရှေ့တွင် ချင်မူ မတ်တပ်ရပ်လိုက်ချေပြီ။