ပြိုင်ဘက်ကင်း
Vol. 138 Ch. 1776
ချင်မူ မတ်တပ်ရပ်လိုက်သည်နှင့် ဖရိုဖရဲပင်လယ်၏ ရေပြင်မှာ ချက်ချင်းပင် လှိုင်းထသွားသည်။ သူ၏အနောက်တွင် ကြီးမားသော ဖရိုဖရဲလှည်းဘီးစက်တန်းတစ်ခု ဖြစ်တည်လာပြီး ပင်လယ်ထဲရှိ ဖရိုဖရဲများကို စုစည်းလိုက်၏။
လည်ပတ်နေသော ဖရိုဖရဲလှည်းဘီးက လောကပေါင်းကူးရွှေသင်္ဘောကို ဆွဲယူလိုက်ရာ ဧရာမရွှေသင်္ဘောကြီးသည် ဖရိုဖရဲပင်လယ်ပြင်ထက်၌ ဘေးတိုက်ရွေ့လျားသွား၏။ ရွှေသင်္ဘောမှ တကျွိကျွိ မြည်သံများ ထွက်ပေါ်လာပြီး ဖရိုဖရဲလှည်းဘီးထဲသို့ သက်ဆင်းသွားသည်။
တလိပ်လိပ် ထလာသော ဖရိုဖရဲပင်လယ်ရေများမှာ အောက်သို့ တဖွဲဖွဲ ကျဆင်းသွားပြီးနောက် လည်ပတ်နေသော ဘီးကြီး၏ ဆွဲငင်မှုကြောင့် နောက်တစ်ကြိမ် မြောက်တက်သွားကြပြန်သည်။ မြင်ကွင်းမှာ အလွန် ခမ်းနားထည်ဝါလွန်းသဖြင့် လူတို့၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
ဘုန်း…
ရုတ်တရက် အားလုံး၏ တာအိုသစ်ပင်များ မီးလောင်ကုန်ကြသည်။ ဟယ့်ဟွမ်၊ ကျန်းချန်နှင့် ဖုန့်ဟွမ် ခန်းမသခင်သုံးဦးမှာ အံ့ဩတုန်လှုပ်သွားကြပြီး မီးငြှိမ်းသတ်လိုက်ကြ၏။ မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်ငါးဦးမှာလည်း ကောင်းကင်နတ်သိုင်းများကို အလျင်အမြန် ထုတ်သုံးကာ တာအိုသစ်ပင်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် ထိုမီးတောက်မှာ အဆုံးသတ်မြို့ပျက်ထဲရှိ မရဏလေပူကြောင့် တောက်လောင်လာသော မီးတောက်များ ဖြစ်၍ လုံးဝငြှိမ်းသတ်၍မရနိုင်ပေ။
သူတို့ကျင့်ကြံထားသည်မှာ ပုံမှန်တာအိုကျင့်စဉ်စနစ်ဖြင့် တာအိုဖော်ဆောင်ခြင်း ဖြစ်သည်။ တာအိုကျင့်စဉ်စနစ်ဖြင့် ကောင်းကင်ဘုံ ၃၆ ဘုံအထိ ရောက်ရှိလျှင် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ပြီးနောက် မဟာခြုံလွှမ်းကောင်းကင်ဘုံအား ဖွဲ့တည်စေရသည်။ ထို့နောက် တာအိုသစ်ပင် မွေးဖွားလာပြီး တာအိုသစ်သီးများ သီးပွင့်လာလိမ့်မည်။
အဆုံးသတ်မြို့ပျက်မှာမူ အန္တိမဟင်းလင်းပြင်နှင့် လုံး၀ဆန့်ကျင်ဘက် မဟုတ်လော။ သူတို့၏ တာအိုသစ်ပင်များ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ရောက်လာသည့်အခါတွင် အပြင်းအထန် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။ ဤနေရာမှ ထွက်ခွာမသွားနိုင်ပါက သူတို့၏ ကျင့်ကြံခြင်းအခြေခံအားလုံး ဤထူးဆန်းသော နေရာကြောင့် အလုံးစုံအရည်ပျော် ပြိုကွဲသွားကြပေလိမ့်မည်။
အမှန်တွင် သူတို့၏တာအိုကျင့်စဉ်စနစ်မှ ပထမဆုံး ကောင်းကင်ဘုံအလွှာသည် အပူ၏ တိုက်စားမှုကြောင့် ပြိုကွဲစပြုနေချေပြီ။
“ယဇ်ပူဇော်ကြ”
ခန်းမသခင်သုံးဦး အသီးသီး ဟစ်အော်လိုက်ကြပြီး ပလ္လင်ခန်းမများကို အသက်သွင်းလိုက်ကြသည်။ ပလ္လင်ခန်းမသုံးခုက တာအိုသစ်ပင်ပေါ်ရှိ မီးလျှံများကို ဖိနှိပ်ငြှိမ်းသတ်လိုက်သဖြင့် သုံးဘောက်သား စိတ်အေးသွားကြသည်။
ဟွမ်ထန်း၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာလည်း ယခုအချိန်တွင် စတင်တောက်လောင်လာသည်။ မီးတောက်များက ပူပြင်းစွာ တဟုန်းဟုန်း လောင်ကျွမ်းလျက် တာအိုသစ်ပင်နှင့် တာအိုသစ်သီးများကိုပါ တစ်ပါတည်း မီးစွဲသွားချေသည်။
ဟွမ်ထန်းလည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လောကသစ်ပင် သစ်ကိုင်းကို အသက်သွင်းလိုက်သည်။ ထိုလောကသစ်ပင် သစ်ကိုင်းမှာ အနန္တအဘိုးအို ခွဲထုတ်ပေးထားသော အရာဖြစ်သည့်အလျောက် ချက်ချင်းပင် ဖရိုဖရဲလှည်းဘီးကို ထိုးဖောက်၍ ဖရိုဖရဲပင်လယ်ကို မွှေနှောက်လိုက်၏။ ၎င်းက ပင်လယ်ရေပြင်တွင် အမြစ်တွယ်ကာ အညှောက်များ ထွက်လာပြီး လောကသစ်ပင်ငယ်တစ်ပင်အဖြစ် အလျင်အမြန် ပေါ်လာသည်။ ထို့နောက် ဟင်းလင်းပြင်အစိတ်အပိုင်းများကို ထောက်ပင့်၍ အဆုံးသတ်မြို့ပျက်၏ စွမ်းအားကို ခုခံလိုက်လေသည်။
ဟွမ်ထန်း၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် တာအိုသစ်ပင်၊ တာအိုသစ်သီးများပေါ်ရှိ မီးတောက်များ ချက်ချင်းပင် ငြိမ်းသေသွားသည်။
ခိုင်ဧကရာဇ်ချင်ယဲ့၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် တာအိုသစ်ပင်သာလျှင် မီးစွဲလောင်ခြင်း မခံရပေ။
လူတိုင်း မော့ကြည့်လိုက်ကြရာ ချင်မူနှင့် လင်ယွိရှို့တို့၏ မျက်နှာများကို တွေ့လိုက်ကြရသည်။ ချင်မူ့ကို မြင်လျှင်ချင်း သူတို့အားလုံး မျက်နှာ အကြီးအကျယ် ပျက်သွားကြ၏။ ခိုင်ဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာများတွင်မူ ဝမ်းမြောက်ပျော်ရွှင်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။
“သခင်လေးခုနစ်”
ရွှေသင်္ဘောသည် ယခုအချိန်တွင် ဖရိုဖရဲလှည်းဘီးတစ်ခု၏ ဆွဲယူမှုကြောင့် အတွင်းသို့ ကျရောက်သွားခဲ့၏။ သင်္ဘောပေါ်တွင် ခိုင်ဧကရာဇ်ချင်ယဲ့၊ ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ယွီတျန်းတို့အပြင် ကျန်းချန်ခန်းမသခင်နှင့် တာအိုသိုင်းပညာရှင်ခြောက်ဦးလည်း ရှိနေသည်။
ကျန်းချန်ခန်းမသခင်မှာ ချင်မူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါတွင် ကျောစိမ့်သွားသည်။ သူက ချက်ချင်းပင် ကျန်ငါးဦးနှင့်အတူ နောက်ဆုတ်သွားပြီး ရွှေသင်္ဘောပေါ်မှ ခုန်ထွက်ကာ ထိုဖရိုဖရဲလှည်းဘီးမှ လွတ်မြောက်သွားကြသည်။
ရုတ်တရက် ကျန်းချန်ခန်းမသခင်မှာ တာအိုသစ်ပင် သင်္ဘောပေါ်တွင် ကျန်ခဲ့ကြောင်း သတိရလိုက်၏။ သူက ချက်ချင်းပင် မှော်စွမ်းအင်ကို အသက်သွင်း၍ တာအိုသစ်ပင်ကို ပြန်ယူရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ တာအိုသစ်ပင်မှာ ဤရွှေသင်္ဘောနှင့် ဆက်သွားလေပြီ။ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများက တာအိုသစ်ပင်၏ အမြစ်များကို ရွှေရောင်ခန်းမများဖြင့် ချုပ်ထားသောကြောင့် ပြန်ဆွဲမယူနိုင် ဖြစ်နေသည်။
လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ သူ၏ တာအိုသစ်ပင်အမြစ်များကို ဖိနှိပ်ထားခဲ့စဉ်က ကျန်းချန်ခန်းမသခင်မှာ စိတ်ထဲပင် မထည့်ခဲ့ချေ။ ယခုတွင်တော့ တိတ်တဆိတ် ညည်းတွားလိုက်မိပြီး ငိုချင်စိတ်ပင် ပေါက်လာသည်။
သူအနေဖြင့် တာအိုသစ်ပင်ကို မစွန့်လွှတ်နိုင်ချေ။ ထိုမျှသာမက တာအိုသစ်ပင်ပေါ်တွင် တာအိုသစ်သီးများလည်း ရှိနေသေးသည် မဟုတ်လော။
ကျန်းချန်ခန်းမသခင်မှာ တာအိုသစ်ပင်ကို ပြန်လည်မယူနိုင်တော့ကြောင်း သိလိုက်သည်နှင့် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ရာ တာအိုသစ်သီးများက တာအိုသစ်ပင်ပေါ်မှ တစ်လုံးပြီး တစ်လုံး ပျံသန်းလာကြသည်။
တာအိုသစ်ပင်ကို ပြန်မယူနိုင်တော့သဖြင့် တာအိုသစ်သီးများကိုသာ ပြန်ယူလိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံ တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်ပေမည်။
တာအိုသစ်သီးများ သစ်ပင်ပေါ်မှ ကြွေကျလာသည့် အချိန်တွင် ခိုင်ဧကရာဇ်၏ ဓားရောင်က လင်းခနဲ လက်၍ တာအိုသစ်သီးတစ်လုံးပြီး တစ်လုံးကို ထိုးဖောက်သွားသည်။
ထိုအခိုက်အတန့်တွင် ချင်မူကား မတ်တပ်ရပ်လိုက်ပြီ ဖြစ်၏။
ဧရာမအရိပ်ကြီးတစ်ခုက လောကပေါင်းကူးရွှေသင်္ဘော၏ ရှေ့တွင် ထွက်ပေါ်လာပြီး ကျန်းချန်ခန်းမသခင်နှင့် မီလော့နန်းတော်မှ အင်အားကြီးသိုင်းပညာရှင်ခြောက်ဦးအပေါ် လွှမ်းခြုံသွားသည်။
ကျန်းချန်ခန်းမသခင်လည်း အံကြိတ်လိုက်ပြီး ရွှေသင်္ဘောပေါ်သို့ တိုးဝင်သွားတော့သည်။ သူက ကျန်းချန်ပလ္လင်ခန်းမကို အသက်သွင်း၍ ခိုင်ဧကရာဇ်နှင့် အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
ကျန်းချန်ပလ္လင်ခန်းမသည် သူ့ပတ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေပြီး ခိုင်ဧကရာဇ်၏ ဓားတာအိုနှင့် အဆက်မပြတ် တိုက်ခိုက်နေ၏။ ခန်းမက တစ်ချက်တစ်ချက် ကြီးမားလာပြီး တစ်ချက်တစ်ချက် သေးငယ်သွားတတ်သည်။ သေးငယ်သည့်အခါတွင် သဲပွင့်တစ်ပွင့်ကဲ့သို့ ဖြစ်ပြီး ကြီးမားသည့်အခါတွင်တော့ တောက်ပလင်းထိန်နေသော နတ်ဘုရားမြို့တစ်မြို့အဖြစ် ပြောင်းလဲသွား၏။
ခိုင်ဧကရာဇ်၏ ဓားရောင်က မြို့ထဲတွင် ဖြတ်သန်းသွားလာနေသည်။ ၎င်းမှာ ဝင်္ကပါထဲ ဖြတ်သွားနေရသကဲ့သို့ ခန်းမသခင်၏ အစစ်အမှန်ခန္ဓာကိုယ်အနီးသို့ ချဉ်းကပ်ရန် ခက်နေသည်။
ကျန်းချန်ခန်းမသခင်အနေနဖြင့် တာအိုသစ်ပင် ရွှေသင်္ဘောပေါ်တွင် ကျန်ခဲ့သည်ကို စိတ်လျှော့နိုင်သော်လည်း တာအိုသစ်သီးများကိုပါ ဆုံးရှုံးသွားပါက သူ၏ခွန်အားအပေါ် ထိခိုက်မှုမှာ အလွန်ကြီးမားပေလိမ့်မည်။
ရှုရှန်းဟွာ၏ အကြည့်များက တရိပ်ရိပ် ဖြတ်ပြေးနေသည်။ ခိုင်ဧကရာဇ် အနိုင်ရရန် မလွယ်ကြောင်း သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် ကျန်းချန်၏ အတွင်းပိုင်းတည်ဆောက်ပုံကို တွက်ချက်နေချေပြီ။
ကျန်းချန်ခန်းမသခင်ကား သင်္ချာပညာရှင်တစ်ဦး ဖြစ်သည်မှာ ထင်ရှားသိသာသည်။ သူ၏ ကျန်းချန်ခန်းမထဲတွင် သင်္ချာပုစ္ဆာများ ကိန်းအောင်းနေသဖြင့် ဖြေရှင်းလိုက်ပါက ရှုရှန်းဟွာအား တန်ပြန်သက်ရောက်လိမ့်မည်။
“တာအိုသခင်လင်းရွှမ် မရှိတာ နှမြောစရာပဲ… သူသာ ရှိရင် ကျန်းချန်ကို ဖြိုခွင်းဖို့ ဒီလောက် ခက်ခဲမှာ မဟုတ်ဘူး”
ရှုရှန်းဟွာသည် အပြည့်အဝ အာရုံစူးစိုက်လျက် ကျန်းချန်ဖွဲ့စည်းပုံကို ဖြေရှင်းရန် ကြိုးစားနေသည်။ လန်ယွီတျန်းမှာ၏ မျက်လုံးများကတော့ ငေးကြောင်နေသည်။ ကျန်းချန်ခန်းမ၏ ဝင်္ကပါကဲ့သို့သော ဖွဲ့စည်းပုံကို သူ လုံးဝနားမလည်ပေ။
သင်္ချာ၌ သူသည် အောင်မြင်မှုများများစားစား မရှိချေ။
ကျန်းချန်ခန်းမသခင် လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ပြန်ရောက်သွားသည့် အခိုက်အတန့်တွင် ပင်လယ်ရေပြင်မှာ ဆူပွက်လာပြီး ပေါက်ကွဲထွက်လာသည်။ နောက်ထပ် ဧရာမဖရိုဖရဲလှည်းဘီးတစ်ဘီးက ပင်လယ်ထဲမှ မြင့်တက်လာ၏။ ၎င်းပတ်ပတ်လည်တွင် လမ်းခြောက်သွယ်က ဝန်းရံနေပြီး အချိန်နှင့် နေရာကို ပုံပျက်နေစေသည်။
ကျန်းချန်ခန်းမသခင်နောက်သို့ လိုက်ပါလာသော မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်ငါးဦးမှာလည်း ရွှေသင်္ဘောပေါ်သို့ ပြန်ဝင်ရန် ကြံစည်နေကြ၏။ သူတို့ထဲမှ တစ်ဦးမှာ သတိမမူမိဘဲ ဧရာမဖရိုဖရဲလှည်းဘီးတစ်ခုကို ဖြတ်သန်းသွားမိသည်။ သူကား ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားတော့၏။
မီလော့နန်းတော်မှ ကျန်တာအိုသိုင်းပညာရှင်လေးဦးမှာ တုန်လှုပ်ခြောက်ခြားသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြမိသည်။ နောက်ထပ်နှစ်ဦးက မြင့်တက်လာသော ထိုဖရိုဖရဲလှည်းဘီးထဲသို့ ဖြတ်သန်းဝင်ရောက်သွားပြီး သူတို့တာအိုမိတ်ဆွေ၏ တည်နေရာကို ရှာဖွေနေကြ၏။ ကျန်နှစ်ဦးမှာမူ ရွှေသင်္ဘောပေါ်သို့ ပြေးတက်သွားကြပြီး ကျန်းချန်ခန်းမသခင် ခိုင်ဧကရာဇ်ချင်ယဲ့အား ခုခံနိုင်ရန် ကူညီလိုက်ကြသည်။
ထိုနှစ်ဦး ဖရိုဖရဲလှည်းဘီးထဲသို့ ပြေးဝင်သွားပြီးနောက် ရုတ်တရက် သူတို့၏ မျက်စိရှေ့တွင် လင်းထိန်သွားသည်။ မျက်လုံးများ အလင်းရောင်နှင့် အသားကျသွားသည့်အခါတွင် သူတို့၏ခန္ဓာကိုယ်များမှာ ကြက်နဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ကြရ၏။
သူတို့၏ မူလခန္ဓာကိုယ်များ ပျောက်ကွယ်သွားလေပြီ။
ထို့အပြင် သူတို့၏ မူလဝိညာဉ်များပင်လျှင် ကြက်နဂါးမူလဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်။
“မထိတ်လန့်ကြနဲ့”
မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်တစ်ဦးက ပါးစပ်ဟလိုက်သော်လည်း တဝှီးဝှီး အသံများသာ ထွက်ပေါ်လာ၏။ သူက တာအိုဘာသာစကားဖြင့် အလျင်အမြန် ဆက်သွယ်လိုက်သည်။ “ဒါက သခင်လေးခုနစ်ရဲ့ အကျွမ်းကျင်ဆုံး ဘ၀ပြန်ဝင်စားခြင်းတာအိုပဲ… သူက ငါတို့ရဲ့ ခန္ဓာကိုယ်နဲ့ မူလဝိညာဉ်ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်တယ်… ဒါပေမဲ့ ငါတို့ရဲ့ တာအိုကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေအပေါ် သိမြင်နားလည်မှုကိုတော့ မပြောင်းလဲနိုင်ဘူး… ငါတို့ရဲ့ တာအိုသစ်ပင်နဲ့ တာအိုသစ်သီးတွေ ရှိနေသေးတယ်”
ကြက်နဂါးနှစ်ကောင်မှာ ချက်ချင်းပင် မဟာတာအိုကောင်းကင်နတ်သိုင်းများကို အာရုံခံလိုက်ရာ ရှိနေသေးသည်ကို တွေ့လိုက်ရမှ စိတ်အေးသွားကြသည်။
ကြက်နဂါးနှစ်ကောင် ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ဤဖရိုဖရဲဘီးထဲရှိ ကမ္ဘာထဲတွင် ပူဖောင်းများ ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့က အရောင်အသွေး၊ အရွယ်အစား စုံလင်ကာ အိပ်မက်အလား ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။
ရုတ်တရက် သူတို့ အခြားကြက်နဂါးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် အတော်လေး အံ့ဩသွားမိကြသည်။ သူတို့က တာအိုသစ်ပင်နှင့် တာအိုသစ်သီးများကို အသက်သွင်း၍ ချက်ချင်းပင် ခန္ဓာကိုယ်ကို ကြက်ခေါင်းလူကိုယ်ပုံစံအဖြစ်သို့ အသွင်ပြောင်းစေလိုက်သည်။ ထို့နောက် အတောင်ပံများ ခတ်လျက် ထိုကြက်နဂါးဆီသို့ ပျံသန်းသွားကြ၏။
သူတို့ ပူဖောင်းတစ်ခုထဲသို့ ဖြတ်သန်းဝင်ရောက်သွားပြီးနောက် ရုတ်တရက် မူးဝေသွားသည်။ အခြေအနေပြန်လည်ကောင်းမွန်လာသည့်အခါတွင် သူတို့၏ ပုံစံမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ မြွေစိမ်းနှစ်ကောင်အဖြစ်သို့ ပြောင်းလဲနေပြီး မြေပြင်တွင် တွားသွားနေသည်ကို တွေ့လိုက်ရသည်။
“သခင်လေးခုနစ်ရဲ့ ကောင်းကင်နတ်သိုင်းက တာအိုအောင်မြင်ထားတဲ့သူကို ဘာမှမလုပ်နိုင်ဘူး”
သူတို့နှစ်ယောက်သား တာအိုသစ်ပင်နှင့် တာအိုသစ်သီးများကို အာရုံခံကာ ကောင်းကင်နတ်သိုင်းများကို နောက်တစ်ကြိမ် အသက်သွင်း၍ ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်ကြ၏။ တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအားက အပြည့်အဝ ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူတို့မှာ မြွေခေါင်းလူကိုယ်အဖြစ် ပြောင်းလဲသွား၏။ သူတို့ စွမ်းအားကြီးစွာဖြင့် ပူဖောင်းအပြင်သို့ ပြေးထွက်သွားကြသည်။
ပူဖောင်းမှ လွတ်မြောက်သွားသည်နှင့် နောက်ထပ်ပူဖောင်းတစ်ခုထဲသို့ ဝင်ရောက်သွားကြသည့်အခါ သစ်ပင်အိုကြီးနှစ်ပင် ဖြစ်သွားပြန်သည်။
တာအိုသိုင်းပညာရှင်နှစ်ဦး၏ အသိစိတ်မှာ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း မကြာမီတွင် သူတို့ မည်သူဖြစ်ကြောင်း ပြန်လည်သတိရသွားကြ၏။
သစ်ပင်အိုကြီးနှစ်ပင်က မြေမှ ထိုးထွက်လာပြီး ဧရာမသစ်ပင်လူသားနှစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူတို့က ခြေလှမ်းကျဲကြီးများဖြင့် ဤပူဖောင်းကမ္ဘာထဲမှ ထွက်ခွာသွားကြသည်။
နောက်ထပ်ပူဖောင်းတစ်ခုထဲသို့ ၀င်လိုက်ကြသော်လည်း ပင်လယ်တစ်စင်းထဲ ကျရောက်သွားကြပြီး ငါးပိစိလေးနှစ်ကောင် ဖြစ်လာကြသည်။
နောက်ထပ်ပူဖောင်းကမ္ဘာတစ်ခုထဲသို့ ပြေးဝင်သွားသည့်အခါတွင်တော့ လမ်းဘေးမှ ပန်းရိုင်းနှစ်ပွင့်အဖြစ် ပြောင်းလဲသွားကြပြန်၏။
နောက်ထပ်ပူဖောင်းတစ်ခုထဲသို့ ၀င်ရောက်သွားကြချိန်တွင်တော့ နှံကောင်နှစ်ကောင်အဖြစ် ပြောင်းလဲသွားကြပြီး ခုန်ပေါက်နေကြသည်။
ပူဖောင်းကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားတိုင်း သူတို့၏အသိစိတ်မှာ ပိုပို၍ ဝေဝါးလာသည်။ သို့သော် တာအိုသိုင်းပညာရှင်များမှာ စွမ်အားကြီးလွန်းသည် မဟုတ်ပါလော။ သူတို့၏ တာအိုနှလုံးသားကို အမြဲတမ်း နိုးထစေနိုင်သည်။
သို့သော် နိုးထလာရန် အချိန်မှာ ပိုပို၍ ကြာမြင့်လာသဖြင့် သူတို့မှာ နောက်တစ်ကြိမ် အသိစိတ်ကို ပြန်လည်နိုးထလာနိုင်ပါဦးမည်လောဟု စိုးရိမ်လာကြသည်။
သို့သော် ပူဖောင်းကမ္ဘာထဲတွင် နေခဲ့ရန်မှာလည်း အဖြေ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပူဖောင်းကမ္ဘာများမှာ အခါအားလျော်စွာ ပေါက်ကွဲပျက်စီးသွားတတ်သည်။ ပူဖောင်းပေါက်ကွဲမှုနှင့်အတူ မဟာပျက်စီးခြင်းကပ်ဘေးနှင့် ဖန်ဆင်းခြင်းကပ်ဘေးတို့ ဖြစ်ပေါ်လာကာ သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆုံးရှုံးစေသည်။
ထို့အပြင် ပူဖောင်းပျက်စီးသွားလျှင် ပူဖောင်းအသစ်များလည်း မွေးဖွားလာပြီး အဆုံးမရှိပေ။
တာအိုသိုင်းပညာရှင်နှစ်ဦးမှာ ပူဖောင်းများထဲတွင် အဆက်မပြတ် သွားလာနေကြသည်။ သူတို့ရှာဖွေနေသော အခြားတာအိုသိုင်းပညာရှင်မှာမူ အစောကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ဤသို့ဖြင့် ဘဝ မည်မျှဖြတ်သန်းခဲ့သည်ကို မသိနိုင်တော့ချေ။ နောက်ဆုံး သူတို့ နောက်ထပ်ပူဖောင်းကမ္ဘာတစ်ခုထဲသို့ လိမ့်၀င်လာသည်အခါတွင်တော့ ဖရိုဖရဲကျောက်တုံးနှစ်တုံးအဖြစ် ပြောင်းလဲသွားကြသည်။
ဖရိုဖရဲကျောက်တုံးနှစ်တုံးထဲရှိ အသိစိတ်မှာ ဖရိုဖရဲချီများနှင့်အတူ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ဖရိုဖရဲအခြေအနေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုစဉ်မှာပဲ အခြားအရာဝတ္ထုတစ်ခုက ဤပူဖောင်းကမ္ဘာထဲသို့ လိမ့်ဝင်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ ဖရိုဖရဲကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖရိုဖရဲကျောက်တုံးသုံးတုံး ထိုနေရာတွင် မလှုပ်မယှက် တည်ရှိနေကြ၏။ မည်သည့် အသိစိတ်နှင့် အတွေးအခေါ်မှ မရှိတော့ပေ။
ဤအခိုက်အတန့်တွင် အပြင်လောက၌ မျက်စိတစ်မှိတ်သာ ကုန်ဆုံးသေး၏။
ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့မှာ သူတို့၏ပလ္လင်ခန်းမများကို အသက်သွင်းလျက် မီးတောက်များနှင့် အပူရှိန်တို့ကို ငြိမ်းသတ်နေကြသည်။ သူတို့က ချက်ချင်း ဆုံးဖြတ်ချက်ချ၍ နောက်သို့ပြန်လှည့်ကာ အဆုံးသတ်မြို့ပျက်မှ ထွက်ခွာရန် ကြိုးစားလိုက်ကြ၏။
သို့သော် အဆုံးသတ်မြို့ပျက်၏ ဝင်ပေါက်ကို မမြင်ကြရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့ မော့ကြည့်လိုက်ကြသည့်အခါ စက်ဝိုင်းပုံသဏ္ဌာန် ကောင်းကင်မျာကိုသာ တွေ့မြင်လိုက်ကြရပြီး အတွင်းထဲတွင် တဝှီးဝှီး လှုပ်ရှားနေသော မဟာပျက်စီးခြင်းကပ်ဘေးများသာ ရှိနေသည်။
ဟယ့်ဟွမ်ခန်းမသခင်က ပျံတက်သွားသော ဖုန့်ဟွမ်ခန်းမသခင်၏ လက်ကို လှမ်းဆွဲလိုက်ပြီး ပြန်ဆွဲခေါ်လိုက်၏။ သူမက ခေါင်းခါလိုက်ပြီး ခပ်တိုးတိုး ပြောသည်။ “မသွားနဲ့… ဝင်သွားရင် ဘ၀ပြန်ဝင်စားခြင်းတာအိုထဲ ကျရောက်သွားလိမ့်မယ်… သေတာထက်တောင် ပိုဆိုးလိမ့်မယ်”
ဖုန့််ဟွမ်ခန်းမသခင်မှာ မီလော့နန်းတော် သခင်လေးခုနစ်နှင့်ပတ်သက်သော ကောလဟာလများကို ရုတ်တရက် သတိရလိုက်ပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာကာ အလျင်အမြန် ရပ်တန့်လိုက်သည်။
ရှေးရှေးတုန်းက ကောလဟာလများတွင် သခင်လေးခုနစ် ချင်မူ၏ အိပ်မက်ကမ္ဘာထဲရှိ ဘ၀ပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်မိပြီး ထူးဆန်းသည့်အရာမျိုးစုံကို ကြုံတွေ့ခဲ့ရသူ များစွာ ရှိ၏။ ကောလဟာလများမှာ အလွန်ဆန်းကြယ်လှသည်။
ယခုအချိန်တွင် ချင်မူသည် သခင်လေးခုနစ်၏ အရှိန်အဝါ ရှိနေပြီဖြစ်ရာ သူမအနေဖြင့် သတိမထား၍ မဖြစ်ချေ။
“ငါ့မှာ သခင်လေးသုံးလင်းရှောင်ရဲ့ ကောင်းကင်နတ်သိုင်း ရှိသေးတယ်… သခင်လေးခုနစ်ကို အပြင်းအထန် ဒဏ်ရာရစေပြီး သူ့ရဲ့ ထူးဆန်းတဲ့နယ်ပယ်ကို ဖြိုခွင်းနိုင်တယ်” ဟယ့်ဟွမ်ခန်းမသခင်က လေးနက်စွာ ပြောလိုက်သည်။
ဖုန့်ဟွမ်ခန်းမသခင် စိတ်အေးသွားသည်။
ရုတ်တရက် ဖရိုဖရဲကျောက်တုံးသုံးတုံးက စက်ဝိုင်းပုံသဏ္ဌာန် ကောင်းကင်တစ်ခုထဲမှ ပြုတ်ကျလာပြီး သူတို့ဘေးရှိ ဖရိုဖရဲပင်လယ်ထဲသို့ ကျဆင်းသွားသည်။
ခန်းမသခင်နှစ်ဦး၏ အကြည့်များမှာ ထိုကျောက်တုံးသုံးတုံးအပေါ်သို့ ကျရောက်သွားသည်။ အံ့ဩသွားသော်လည်း အလေးမထားခဲ့ကြပေ။
ဤအခိုက်အတန့်တွင်
ချင်မူ့အနောက်၌ မရေမတွက်နိုင်သော ဆံပင်ဖြူများက ဓားများအလား လွင့်မြောထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်၏။
ထိုဆံပင်ဖြူတစ်ချောင်းချင်းစီက အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းအမျိုးမျိုးအဖြစ် အသွင်ပြောင်းကာ ချင်မူ့ကို ဝါးမြိုရန် ကြိုးစားနေသည်။
ရုတ်တရက် ဖရိုဖရဲလှည်းဘီးများ လှည့်ပတ်သွားပြီး ထိုဆံပင်ဖြူများကို ခုခံလိုက်သဖြင့် ချင်မူအနီးသို့ လုံးဝမချဉ်းကပ်နိုင်တော့ပေ။
“ခုနစ်၊ နင့်စွမ်းဆောင်ရည်တွေက တိုးတက်လာတာပဲ”
ဖရိုဖရဲပင်လယ်အောက်တွင် ကြာရွက်များ လှုပ်ရှားနေပြီး ရုတ်တရက် ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာ၏။ ဆံပင်ဖြူများမှာ ထိုမျက်နှာပတ်ပတ်လည်တွင် လွင့်မျောနေရာ အလွန်ထူးဆန်းလှသည်။
ဟယ့်ဟွမ်ခန်းမသခင်နှင့် အခြားသူများလည်း ဖရိုဖရဲလှည်းဘီးများကြားမှ ထိုမျက်နှာကို လှမ်းကြည့်လိုက်ကြသည်။ အမျိုးသမီးတစ်ယောက်သည် အလွန်ထူထဲကြီးမားသည့် အနီရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရ၏။
“သခင်လေးနှစ်”
ဟယ့်ဟွမ်၊ ဖုန့်ဟွမ်တို့၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး အလျင်အမြန် အရိုအသေပေးလိုက်ကြသည်။ “ဟယ့်ဟွမ်၊ ဖုန့်ဟွမ်၊ ကျန်းချန်တို့ သခင်လေးနှစ်ကို ဂါရဝပြုပါတယ်”
စောစောက ချင်မူ့ကို တိုက်ခိုက်ခဲ့သော ဆံပင်ဖြူများကား ဖရိုဖရဲပင်လယ်ထဲတွင် ချုပ်နှောင်ခံထားရသော သခင်လေးနှစ်၏ ဆံပင်ဖြူများပင် ဖြစ်သည်။
သူမသည် ကြီးမားသော အမှားတစ်ခု ကျူးလွန်ခဲ့သဖြင့် မီလော့နန်းတော်အရှင်သခင်က ဖရိုဖရဲပင်လယ်ထဲတွင် ချုပ်နှောင်ခဲ့၏။ အနီရောင်ကြိုးများက သံကြိုးငါးကြိုးအဖြစ် ပြောင်းလဲသွားကာ သူမကို ပင်လယ်အောက်ခြေတွင် ချုပ်ထားခဲ့သည်။
သူမက ချင်မူရောက်လာသည်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားပြီး ချင်မူကို သတ်ဖြတ်ရန် တိုက်ခိုက်လိုက်ခြင်းပင်။ သို့သော် မီလော့နန်းတော်အရှင်သခင်၏ ချုပ်နှောင်ခြင်း ခံထားရသောကြောင့် အနည်းငယ်လှုပ်ရှားသည်နှင့် အနီရောင်ကြိုးထုံးများဖြင့် ချုပ်နှောင်ခံလိုက်ရပြီး ချင်မူကို အနည်းငယ်မျှ မထိနိုင်ခဲ့ပေ။
သခင်လေးနှစ်၏ မျက်နှာမှာ ပင်လယ်ရေပြင်အောက်တွင် အရှေ့၊ အနောက် အပေါ်အောက် လှုပ်ရှားသွားလာနေသည်။ သူမက လူတိုင်းကို ကြည့်ရှုအကဲခတ်နေပြီး ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်၏။ “မီလော့နန်းတော်က ခန်းမသခင်တွေ သုံးယောက်တောင် တစ်ပြိုင်နက် ရောက်လာတာပဲ… ခုနစ်၊ နင် ရင်ဆိုင်နိုင်ပါ့မလား”
သူမက ဆက်လက် ရယ်မောနေသည်။ “နင်က ဒီနေရာမှာ သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်ပေါ့… ငါ့ကို သိပ်အထင်သေးနေတာ မဟုတ်ဘူးလား… ငါသာ ဒီခန်းမသခင်တွေနဲ့ ပူးပေါင်းလိုက်ရင် နင် အနိုင်ရနိုင်ဦးမယ်လို့ ထင်နေတာလား”
“မမကြီးနှစ်၊ မမကြီး မလွတ်လာနိုင်သရွေ့ ကျွန်တော့်ကို ဘာမှမလုပ်နိုင်ဘူးလေ”
ချင်မူ လှည့်လိုက်သည့်အခါ ဖရိုဖရဲပင်လယ်မှာ လမ်းခြောက်သွယ်ဖရိုဖရဲဘီး၏ တစ်ဖက်တစ်ချက်စီတွင် တဝုန်းဝုန်း လှိုင်းထန်လာသည်။ ပင်လယ်လှိုင်းများက ကောင်းကင်အထိ ထိုးတက်သွားကာ ခန်းမသခင်နှစ်ဦး၏ ပလ္လင်ခန်းမများနှင့် ဟွမ်ထန်း၏ လောကသစ်ပင်ငယ်ကို တုန်ခါစေကာ အားလုံးကု ယိမ်းထိုးသွားစေသည်။ သူက ပြုံးလိုက်၏။ “မမကြီး သူတို့နဲ့ ပူးပေါင်းရင်တောင်မှ ကျွန်တော့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး… မမကြီးကို နာခံအောင် လုပ်ဖို့ ကျွန်တော့်မှာ နည်းလမ်းတွေ အများကြီးရှိတယ်”
သခင်လေးနှစ်မှာ ဒေါသထွက်သွားပြီး နှာမှုတ်လိုက်သည်။ “ခုနစ်၊ နင်က သိပ်ရောင့်တက်လာတာပဲ… ”
ချင်မူက လက်ညှိုးတောက်လိုက်ရာ သခင်လေးနှစ်ကို ချုပ်နှောင်ထားသော အနီရောင်ကြိုးငါးကြိုး၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။ သခင်လေးနှစ်ဝူမှာ အင့်ခနဲ ညည်းညူလိုက်ရပြီး ဖရိုဖရဲပင်လယ်အောက်ခြေသို့ ဖိနှိပ်ခံလိုက်ရတော့သည်။
“ခြိမ်းခြောက်စကား ပြောဖို့ မမကြီးမှာ အရည်အချင်း မရှိသေးဘူး”
ချင်မူ နောက်သို့ ပြန်လှည့်၍ မှင်သေသေ ပြောလိုက်သည်။ “ဆရာ မမကြီးရဲ့ အနီရောင်ကြိုးထုံးကို ဖြေလျှော့မပေးသရွေ့ မမကြီးအနေနဲ့ မောင်လေးရှေ့မှာ လိမ်လိမ်မာမာနေတာ ပိုကောင်းလိမ့်မယ်… အားလုံးပဲ”
သူ၏အသံက ဖရိုဖရဲပင်လယ်အထက် ကောင်းကင်တွင် ဟိန်းထွက်သွားကာ ပင်လယ်ရေပြင်တွင် လှိုင်းလုံးများ ထန်လာစေ၏။