← Chapters

အဖွဲ့သားမဟုတ်သူဘက်မှ ရပ်တည်ခြင်း

Vol. 138 Ch. 1777

အဖွဲ့သားမဟုတ်သူဘက်မှ ရပ်တည်ခြင်း

Vol. 138 Ch. 1777

“ခင်ဗျားတို့အားလုံး အသက်ရှင်ဖို့ လမ်းတစ်လမ်းပဲ ရှိတော့တယ်”

ချင်မူ လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။ သူ၏ အကြည့်သည် ဟယ့်ဟွမ်၊ ဖုန့်ဟွမ်၊ ဟွမ်ထန်းတို့၏ မျက်နှာများအား ဝေ့ကြည့်ပြီး သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ “အဲ့ဒီလမ်းကတော့ ခင်ဗျားတို့ကို အတိတ်ကို ပြန်ပို့ပေးတာပဲ... ဒါပေမဲ့ ဒီမတိုင်ခင်မှာ ခင်ဗျားတို့ သိထားတဲ့ သွေးယဇ်ပူဇော်ဝင်္ကပါကို ကျုပ်လက်ထဲ လွှဲပေးဖို့ လိုတယ်... ကျုပ်က သွေးယဇ်ပူဇော်ဝင်္ကပါ တည်ဆောက်ပြီး ခင်ဗျားတို့ကို အတိတ်ပြန်ပို့ပေးမယ်.... ခင်ဗျားတို့ ပြန်သွားပြီးတဲ့နောက် ခင်ဗျားတို့ကြောင့် ဖလှယ်သွားတဲ့ စွမ်းအင်ဟာ ၁၇ စင်းမြောက် စကြဝဠာကို ပြန်ရောက်လာပြီး မူလပိုင်ရှင်ဆီ ပြန်ရောက်သွားလိမ့်မယ်... အားလုံးပဲ ဘယ်လိုသဘောရကြလဲ”

“အိပ်မက် မက်နေလိုက်”

ဖုန့်ဟွမ်ခန်းမသခင်က သူ့ကို မော့ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်စွာ ဟစ်အော်လိုက်သည်။ “သခင်လေးခုနစ်၊ နင်က မီလော့နန်းတော်က သခင်လေး လေ … ဘာလို့ ကိုယ့်အဖွဲ့သား မဟုတ်သူဘက်က ရပ်တည်နေရတာလဲ ... နင် မီလော့နန်းတော်ကို မကူညီရင် နေပါစေ တိုက်စရာလိုလို့လား... ဆရာသာ သိရင်…”

ချင်မူက ဖရိုဖရဲလက်ချောင်းဖြင့် လက်ညှိုးထိုးလိုက်ရာ ဖုန့်ဟွမ်ခန်းမသခင် တုန်လှုပ်သွားသည်။ သူမ ခုခံရန် ပြင်လိုက်စဉ် ချင်မူ၏လက်ညှိုးသိုင်းသည် သူမ၏နောက်မှ လောကပေါင်းကူးရွှေသင်္ဘောဆီသို့ ထိုးစိုက်သွားသည်ကို တွေ့လိုက်ရသည်။

လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် ကျန်းချန်ခန်းမသခင်က မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်နှစ်ဦးကို ဦးဆောင်ကာ ခိုင်ဧကရာဇ်တို့အား သတ်ဖြတ်နေသည်။ ရုတ်တရက် ကျန်းချန်ခန်းမသခင်မှာ အန္တရာယ်ကို ခံစားမိလိုက်သဖြင့် ခန္ဓာကိုယ်အား ပြောင်းလဲလိုက်သည်။ ကျန်းချန်ခန်းမမှာ နတ်ဘုရားမြို့တော်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။ သူက နတ်ဘုရားမြို့တော်ထဲသို့ ဝင်ရောက်ပုန်းအောင်းလိုက်သည်။

ကျန်းချန်ရတနာခန်းမသည် အလွန်အံ့ဩဖွယ်ကောင်းလှသည်သာမက အတွင်းပိုင်းဖွဲ့စည်းပုံမှာ အလွန်ရှုပ်ထွေးလှသည်။ ချင်မူ၏ သိုင်းကွက်က သူ့အား ကြီးစွာ ထိခိုက်စေနိုင်မည်မဟုတ်ဟု အပိုင်တွက်ထားလေသည်။

ရွှပ်…

သူ လျှပ်တစ်ပြက် ပုန်းအောင်းလိုက်သည့်အချိန် သူနှင့်အတူ ခိုင်ဧကရာဇ်ကို တိုက်ခိုက်နေသော တာအိုသိုင်းပညာရှင်တစ်ဦးမှာ လက်ညှိုးသိုင်းကွက်ဖြင့် မျက်ခုံးနှစ်ဖက်ကြားကို ထိုးဖောက်ခံလိုက်ရသည်။

ထိုလက်ညှိုးကား ကြောက်မက်ဖွယ်ကောင်းလှသည်။ ဖရိုဖရဲချီစွမ်းအင်သည် ထိုသူ၏ နောက်စေ့မှ ဖြတ်သန်းသွားရင်း ထိုက်ယီချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ထိုက်ချူချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုက်ငါးပါးအစဉ်လိုက် ပြောင်းလဲသွားသည်။ ထိုက်ကျိချီစွမ်းအင်အဖြစ် ကူးပြောင်းသွားပြီးသည့်အခါ ဤလက်ညှိုး၏ စွမ်းအားကား သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ပြန်ထွက်သွားချေပြီ။

ဖရိုဖရဲလက်ချောင်းသိုင်း သူ၏ နောက်စေ့အား ထိုးဖောက်သွားစဉ်က လက်ညှိုးအရွယ်အစားသာ ရှိသော်လည်း သူ၏နဖူးမှ ပြန်ထွက်လာသည့်အချိန်တွင် ပန်းကန်လုံးအရွယ်အစား ဖြစ်နေချေပြီ။

ထိုက်ကျိချီစွမ်းအင် လှည့်ပတ်သွားပြီး ယင်ယန်ချီနှစ်ဖြာက ချက်ချင်းပင် မရေမတွက်နိုင်သော မွေးရာပါမဟာတာအိုအမျိုးမျိုးကို ဖော်ဆောင်လိုက်သည်။ ဒေါင်ခနဲ ခေါင်းလောင်းသံတစ်ချက်နှင့်အတူ မွေးရာပါတာအိုတစ်သောင်းကား ဟက်တက်ကွဲနေသည့် သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ စီးဖြာလာပြီးနောက် စကြဝဠာခေါင်းလောင်းကြီးတစ်ခု ပွင့်ကားသွားသကဲ့သို့ ပေါက်ကွဲသွားတော့သည်။

မီလော့နန်းတော်မှ သခင်လေးခုနစ်ပါးသည် မီလော့နန်းတော်အရှင်သခင်၏ သင်ကြားပြသမှုကို ရရှိခဲ့ကြပြီး ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင်နှင့် ကမ္ဘာဦးအစ ဖရိုဖရဲသင်္ကေတများအား လေ့လာခဲ့ကြသော်လည်း ကောင်းကင်နတ်သိုင်းတစ်မျိုးတည်းပင် ဖြစ်လင့်ကစား တစ်ယောက်နှင့်တစ်ယောက် နားလည်သဘောပေါက်သည့်အရာများ မတူညီကြပေ။

ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်းသိုင်းကွက်အား မီလော့နန်းတော်မှ အခြားသခင်လေးများလည်း ကျင့်ကြံခဲ့ကြဖူးသည်။ သို့သော် ချင်မူ၏ ဖရိုဖရဲလက်ချောင်းသိုင်းကွက်မှာမူ စွမ်းအား ပေါက်ကွဲထွက်လာသည့်အခါတွင် ခေါင်းလောင်းပုံသဏ္ဌာန် တာအိုနယ်ပယ်အား ဖော်ဆောင်ပြီး စကြဝဠာတစ်ခု မွေးဖွားလာသကဲ့သို့ ထင်ဟပ်စေသည်။

ဤသည်မှာ သူ၏ကျင့်စဉ်ကြောင့် ဖြစ်သကဲ့သို့ သူ ကျင့်ကြံသော မဟာတာအိုနှင့်လည်း ဆိုင်သည်။

ချင်မူ လက်ညှိုးကို ပြန်ရုတ်သိမ်းလိုက်ပြီး ဖုန့်ဟွမ်ခန်းမသခင်အား လှည့်ကြည့်သည်။ “ဖုန့်ဟွမ်ခန်းမသခင်ရဲ့ စွမ်းရည်ကို ကျုပ် အစောကတည်းက ကြုံတွေ့ဖူးပြီးပြီ... ကျောက်စိမ်းထောင်ချောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားတုန်းက ဖုန့်ဟွမ်ခန်းမသခင်က တခြားခန်းမသခင်မတွေနဲ့အတူ ဝိုင်းတိုက်ခိုက်ခဲ့တာ မဟုတ်လား... ခင်ဗျားတို့ဗျာ သိပ်ကို သတ္တိရှိကြတယ် ... မီလော့နန်းတော်က သခင်လေးကိုတောင် ဝိုင်းအုံတိုက်ခိုက်ရဲကြတယ်… အခုကျပြန်တော့ ကိုယ့်အဖွဲ့သားမဟုတ်သူဘက်က ရပ်တည်တယ်လို့ စော်ကားပြန်တယ်ပေါ့လေ … ဟာသတွေ မပြောပါနဲ့လားဗျာ”

လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် အတိုက်ခိုက်ခံလိုက်ရသော မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်က ချက်ချင်းဆိုသလို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ၍ ဦးခေါင်းကို ဖြတ်တောက်လိုက်ကာ ဖန်ဆင်းကောင်းကင်နတ်သိုင်းဖြင့် နောက်ထပ်ဦးခေါင်းတစ်ခု ပေါက်လာအောင် ကြိုးစားလိုက်သည်။

သို့သော် သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်မှာ ဦးခေါင်းအသစ် ပေါက်လာသည့်အခါတွင် နဖူးနှင့် နောက်စေ့တွင် ချင်မူ၏ ထိုလက်ညှိုးတစ်ချက်ကြောင့် ဖြစ်ပေါ်လာသော တာအိုဒဏ်ရာ ရှိနေသေးသည့်အချက်ပင်။

ချင်မူ၏လက်ညှိုးစွမ်းအား ဖြတ်သန်းသွားရာ နေရာတွင် သူ ကျင့်ကြံထားသော မဟာတာအိုမှာ ဖျက်ဆီးခံလိုက်ရပြီး မဖျောက်ဖျက်နိုင်သော ချိတ်တံဆိပ်ပမာ ဖြစ်လာချေပြီ။

ထို့အပြင် တာအိုဒဏ်ရာက သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို သွေးရူးသွေးတန်း တိုက်စားနေနသောကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံကို ပို၍ပို၍ နိမ့်ကျသွားစေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ တာအိုဒဏ်ရာမှာ ပိုမိုဆိုးရွားလာနေသည်။

သူ၏တာအိုသစ်သီးက ပျံသန်းလာပြီး မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်လာကာ ဒဏ်ရာကို ချုပ်ထားရန် ပြင်လိုက်သော်လည်း တာအိုသစ်သီးမှာ တဖျစ်ဖျစ် ကွဲအက်သွားပြီး အပိုင်းပိုင်း ပြတ်တောက်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့က အခွင့်ကောင်းကို မြင်တွေ့လိုက်သောကြောင့်် သူ၏တာအိုသစ်သီးကို ဖြတ်တောက်လိုက်ခြင်းပင်။

လန်ယွီတျန်းကလည်း ပျံသန်းရောက်ရှိလာပြီး ထိုတာအိုသိုင်းပညာရှင်ကို ဖရိုဖရဲပင်လယ်ထဲသို့ တွန်းချလိုက်ရာ အသေဆိုးဖြင့် သေဆုံးသွားတော့သည်။

“သခင်လေးခုနစ်၊ နင် ငါတို့ကို မထိန်းထားနိုင်ဘူး”

ဟယ့်ဟွမ်ခန်းမသခင်က ဤမြင်ကွင်းကို တွေ့လိုက်ရသဖြင့် လှမ်းအော်သည်။ “နင်က လမ်းမှားလျှောက်နေတဲ့ မိစ္ဆာကောင်.... ဆရာတူညီအစ်ကို မောင်နှမတွေကိုလည်း သတ်တယ်… ဒီတစ်ခေါက် ငါတို့ ဒီနေရာကနေ ထွက်ခွာနိုင်တာနဲ့ မီလော့နန်းတော်က သခင်လေးတွေဆီ သေချာပေါက် ပြောပြပြီး မီလော့နန်းတော်အတွက် အန္တရာယ်ကို ဖယ်ရှားပစ်မယ်”

ရွှပ်…

ချင်မူ လက်ညှိုးထပ်ထိုးလိုက်သည်။ စောစောကအတိုင်း ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်းပင် ဖြစ်လေသည်။

ရွှေသင်္ဘောပေါ်တွင် ကျန်းချန်ခန်းမသခင်မှာ ကျန်းချန်ရတနာခန်းမမှ ထွက်လာရုံရှိ‌သေးသည်၊ ရုတ်တရက် ဤလက်ညှိုး၏ စွမ်းအား ပြေးဝင်လာသည်ကို သတိထားမိလိုက်၏။ သူ့မှာ အလျင်အမြန် ရှောင်တိမ်းလိုက်ရာ အခြားတာအိုသိုင်းပညာရှင်တစ်ဦးမှာ ကံဆိုးသွားပြီး တာအိုသစ်ပင်နှင့် တာအိုသစ်သီးတို့ ပေါက်ထွက်သွားသည်။ သူ၏စွမ်းအားမှာ ရုတ်တရက် ထိုးကျသွားပြီး ချက်ချင်းပင် ကောင်းကင်နတ်အရှင်ရုံနှင့် လန်ဝူတို့၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

ကောင်းကင်နတ်အရှင်ရုံတို့လည်း အားလပ်သွားသောကြောင့် ကျန်းချန်ခန်းမသခင်၏ တာအိုသစ်ပင်ဆီသို့ တိုးဝင်သွားရင်း ဖျက်ဆီးရန် ကြိုးစားကြသည်။ ဤသို့ဆိုလျှင် ကျန်းချန်ခန်းမသခင်၏ စွမ်းအား ကျဆင်းသွားပေမည်။

ရှုရှန်းဟွာမှာမူ ဝင်မပါဘဲ ကျန်းချန်ရတနာခန်းမ၏ သင်္ချာသဘောတရားများကို ဆက်လက်တွက်ချက်နေဆဲ ဖြစ်သည်။

ချင်မူ၏အကြည့်က ဟွမ်ထန်းအပေါ်သို့ ကျရောက်သွားသည်။ “ကျုပ်နဲ့ အကြီးအကဲငါးဦးအကြားမှာ ရန်ငြိုးရန်စ မရှိဘူး… တာအိုမိတ်ဆွေ ဒီသေးငယ်တဲ့ လောကသစ်ပင်ကို ချန်ထားခဲ့ရင် ကျုပ် ခင်ဗျားကို ခင်ဗျားရဲ့ ခေတ်ဆီ ပြန်ပို့ပေးမယ်… ဘယ်လိုသဘောရလဲ”

ဟွမ်ထန်း၏ မျက်ခုံးဖြူများ လွင့်မျောသွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ “သခင်လေးခုနစ်၊ ငါတို့လို တာအိုအောင်မြင်တဲ့သူတွေ ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့တာက ဘာအတွက်လဲ… ထာဝရအသက်ရှည်ခြင်း၊ သက်တမ်းထာဝရခိုင်မြဲခြင်းအတွက်ပဲ… ကောင်းကင်မြေကြီး ပျက်စီးရင်တောင် ငါတို့ မပျက်စီးဘူး… စကြဝဠာပြိုကွဲရင်တောင် ငါတို့ မပြိုကွဲဘူး… မင်း ငါ့ကို အတိတ်ဆီ ပြန်ပို့ပေးတာက ငါ့ကို သေစေချင်တာနဲ့ ဘာထူးတော့မလဲ... ဒါ့အပြင် လောကသစ်ပင် ရှိနေမှတော့ ငါလည်း ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်နိုင်ဘူး”

ချင်မူက ပြုံးလိုက်ပြီး လောကသစ်ပင်အသေးစားအား ကြည့်လိုက်သည်။ “အနန္တအဘိုးအိုကလည်း အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဆီ လက်လှမ်းမမှီပါဘူး…”

“သေချာလို့လားကွ”

လောကသစ်ပင်အသေးစားထဲမှ အနန္တအဘိုးအို၏ အသံ ထွက်ပေါ်လာပြီး အေးစက်စွာ ရယ်မောလိုက်သည်။ “မီလော့နန်းတော်က ခုနစ်၊ မင်း သိပ်ပြီး မောက်မာလွန်းနေပြီ... မီလော့နန်းတော်က သုံးဟာ ဟယ့်ဟွမ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ သူ့ရဲ့ကောင်းကင်နတ်သိုင်းကို ဝှက်ထားခဲ့တယ်… မင်းကို ရင်ဆိုင်နိုင်တဲ့ သီးသန့်ကောင်းကင်နတ်သိုင်းပေါ့ကွာ... မင်း ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်လိမ့်မယ်... ဒီတစ်ခေါက်တော့ မင်းကို ကူညီပေးမယ့် ထိုက်ယီလည်း မရှိတော့ဘူး”

ချင်မူလည်း ပြုံးနေရင်းတန်းလန်း အင်တင်တင် ဖြစ်သွားကာ ဟယ့်ဟွမ်ခန်းမသခင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ လှမ်းကြည့်မိသည်။

“အစ်ကိုသုံး ဟယ့်ဟွမ်ခန်းမသခင်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ကောင်းကင်နတ်သိုင်း ဝှက်ထားခဲ့တာကို ကျုပ်က မသိဘဲ နေမလား… သူ့ မျက်ခုံးနှစ်ဖက်ကြားမှာ ကောင်းကင်နတ်သိုင်းနှစ်ကွက် ရှိတယ်… တစ်ကွက်က ခင်ဗျားနဲ့ ရင်ဆိုင်တိုက်ခိုက်တုန်းက သုံးပစ်ခဲ့ပြီးပြီ… တော်တော်ပြင်းထန်ခဲ့တယ်… ဒါပေမဲ့ သူ အဲဒီတိုက်ကွက်ကို သုံးပစ်ခဲ့တဲ့အချိန်မှာ ကျုပ်က သူ့မျက်ခုံးနှစ်ဖက်ကြားကို ထိုးထွင်းမြင်ခဲ့ပြီး ကောင်းကင်နတ်သိုင်းတစ်ကွက် ရှိသေးမှန်း သိခဲ့ပြီးပြီ”

သူက ခေါင်းလှည့်၍ မှာသည်။ “မိန်းမ၊ သင်္ဘောပေါ်မှာ ခဏလောက် သွားနေလိုက်ဦး”

လင်ယွိရှို့က သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ပေးရင်း ပြော၏။ “သတိထားနော်… မနိုင်ရင် အတင်းမကြိုးစားနဲ့ သိလား”

ချင်မူ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ “ဟုတ် နားလည်ပါပြီဗျာ”

လင်ယွိရှို့လည်း ဖရိုဖရဲခန်းမမှ ထွက်ခွာကာ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ဆင်းသက်လိုက်သည်။

ချင်မူက ခပ်ကျယ်ကျယ်တစ်ချက် ဟိန်းဟောက်လိုက်သည့်အခါ ဖရိုဖရဲခန်းမသည် ဝုန်းခနဲ တုန်ခါသွားပြီး ဖရိုဖရဲချီများ ပျံ့နှံ့သွား၏။ နောက်တခဏတွင် ခန်းမ ပျောက်ကွယ်သွားသည်။

ချင်မူ၏ အနောက်တွင် ဖရိုဖရဲမြစ်များ တစ်စင်းပြီးတစ်စင်း ပေါ်လွင်လာပြီး တစ်တန်းတည်း ပျံ့နှံ့သွားသည်။ မြစ်ပြင်ကြီးသည် အဆုံးအစမမြင်နိုင်အောင် ရှည်လျားနေ၏။

ဖရိုဖရဲမြစ်တို့တွင် လှိုင်းလုံးများ ရိုက်ခတ်အုံကြွနေပြီး မြစ်အောက်တွင်မူ စကြဝဠာများ ရှိနေသည်ကို ခပ်ရေးရေး မြင်နိုင်ရသည်။ ၎င်းတို့ကား ကမ္ဘာခေတ်ဦးမှ စကြဝဠာများပင် ဖြစ်နေသည်။

ဖရိုဖရဲပင်လယ်ထဲတွင် သခင်လေးနှစ်သည် အနီရောင်ကြိုးထုံးဖြင့် ဖရိုဖရဲပင်လယ်ထဲသို့ ဆွဲချခံခဲ့ရသောကြောင့် မရုန်းနိုင်ပေ။ သူမက ချင်မူကို ချောင်းမြောင်းတိုက်ခိုက်နိုင်မည့် အခွင့်အရေးကို တိတ်ဆိတ်စွာ ရှာဖွေနေခဲ့သည်။ ယခုအချိန်တွင် ဤဖရိုဖရဲမြစ် တစ်ဆယ့်ခြောက်စင်းကို တွေ့လိုက်ရသည့်အခါ ချီးကျူးလိုက်မိသည်။ “ခုနစ်၊ နင် တာအိုအောင်မြင်တော့မှာပဲ… ဒီမြစ်တစ်ဆယ့်ခြောက်စင်းကို ဖြတ်ကျော်လိုက်တာနဲ့ တာအိုအောင်မြင်တဲ့ သခင်လေးခုနစ် ဖြစ်သွားပြီ… အဲ့ဒီအချိန်ကျရင် ငါတောင် နင့်ပြိုင်ဘက်ဖြစ်ချင်မှ ဖြစ်တော့မှာ”

ချင်မူကမူ နားထဲ မဝင်သကဲ့သို့ပင်။

သခင်လေးနှစ်က တခစ်ခစ် ရယ်မောလိုက်သည်။ “ဖုန့်ဟွမ်၊ ဟယ့်ဟွမ်... နင်တို့နှစ်ယောက် နားထောင်ထားကြ… သူ့ကို သတ်စရာ မလိုဘူး… ဖရိုဖရဲမြစ်ထဲ တွန်းချလိုက်ရုံပဲ… အဲဒါဆို သူ အတိတ်ဆီ ပြန်သွားပြီး သခင်လေးခုနစ် ဖြစ်သွားလိမ့်မယ်... ဒါက သူ့ကို ရင်ဆိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ…”

ချင်မူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လက်ငါးချောင်းကို ဝှေ့ယမ်းလိုက်ရာ မီလော့နန်းတော်အရှင်သခင် ချန်ထားခဲ့သော အနီရောင်ကြိုးထုံး၏ စွမ်းအား အသက်ဝင်သွားသည်။

ဘုန်း…

သခင်လေးနှစ်မှာ အထပ်ထပ် ချုပ်ခံလိုက်ရပြီး ဖရိုဖရဲပင်လယ်၏ အနက်ပိုင်းထဲ ဆွဲချခံလိုက်ရသည်။

သူမ၏ ညစ်ကျယ်ကျယ် ရယ်သံကား ပျံ့လွင့်နေဆဲပင်။ “ခုနစ်၊ နင့်ရဲ့ အကြီးမားဆုံး အားနည်းချက်က နင့်ကျင့်စဉ်ပဲ... နင် ဖရိုဖရဲမြစ်ထဲကို ခြေတစ်လှမ်းတောင် မလှမ်းနိုင်ဘူး…”

ဟယ့်ဟွမ်၊ ဖုန့်ဟွမ်နှင့် ဟွမ်ထန်းတို့၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားကြသည်။ ချင်မူ အနီရောင်ကြိုးထုံးကို အသက်သွင်းလိုက်သည့် အခိုက်အတန့်တွင် သုံးဦးသား တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။

ဖုန့်ဟွမ်ခန်းမသခင်က ဖုန့်ဟွမ်ခန်းမကို ဖော်ထုတ်လိုက်ရာ ခန်းမထဲရှိ မဟာတာအိုသည် ဖုန့်ဟွမ်ငှက်အဖြစ်သို့ ပြောင်းလဲသွားရင်း ကောင်းကင်သို့ ထိုးတက်သွား၏။ ဖုန့်ဟွမ်ငှက်၏ အတောင်ပံများ ဖြန့်ကျက်လိုက်သည့်အခါ ကောင်းကင်တာအိုမီးလျှံ အလွှာလေးဆယ် ဖြစ်တည်လာသည်။

ဖုန့်ဟွမ်ခန်းမသခင် ပျံသန်းရောက်ရှိလာပြီး လက်ညှိုးတစ်ချက် ထိုးညွှန်လိုက်သည့်အခါ ဖုန့်ဟွမ်အတောင်ပံများမှာ စုစည်းသွားပြီး ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားဆီသို့ ပြေးဝင်သွားသော ပြိုင်ဘက်ကင်းတိုက်ကွက်အဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းတွင် ဟွမ်ထန်းက လောကသစ်ပင်ကို ပြန်ဆွဲထုတ်လိုက်ရာ လောကသစ်ပင်သည် သစ်သားတုတ်တစ်ချောင်း ဖြစ်လာ၏။ သူက တုတ်ဖြင့် ထိုးသွင်းလိုက်သည်။ တုတ်ထိပ်သည် အပြောင်းအလဲအမျိုးမျိုးဖြင့် ချင်မူ၏ ခါးကို ချိန်ရွယ်၍ တိုက်ခိုက်သွားသည်။

ဟယ့်ဟွမ်ခန်းမသခင်မှာမူ နှစ်ဦးသား၏ နောက်တွင် ကပ်လိုက်ပါသွားပြီး သခင်လေးသုံး၏ ကောင်းကင်နတ်သိုင်းကို ထုတ်သုံးနိုင်မည့် အကောင်းဆုံးအချိန်ကို ရှာဖွေနေသည်။

သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အလင်းရောင်များ တောက်ပနေပြီး သခင်လေးသုံး၏ ကောင်းကင်နတ်သိုင်းမှာ အချိန်မရွေး ပေါက်ကွဲထွက်‌လာနိုင်ဖွယ် ရှိသည်။

ဤအခိုက်အတန့်တွင် ချင်မူက ဓားကို ဆွဲထုတ်လိုက်ရာ ဓားရောင်တို့ ဝင်းလက်ပြိုးပြက်သွားသည်။ ဓားတစ်ချက်ဖြင့် ဖုန့်ဟွမ်ငှက်၏ ဦးခေါင်းကို ဖြတ်တောက်လိုက်ပြီး ဖြာထွက်သွားသည့် ဓားရောင်က ဖုန့်ဟွမ်ခန်းမသခင်၏ တိုက်ကွက်အား ဖြိုခွင်းလိုက်သည်။

ရွှစ်…

ဓားရောင် ဖုန့်ဟွမ်ခန်းမကို ဖြတ်သွားသည်နှင့် ခန်းမကြီးမှာ ချက်ချင်းပင် နှစ်ပိုင်းကွဲသွားသည်။

ဖုန့်ဟွမ်ခန်းမသခင်မှာ တုန်လှုပ်သွားပြီး ဖုန့်ဟွမ်မီးငှက်အသွင် ပြောင်းလဲလျက် ဖရိုဖရဲပင်လယ်ပေါ်တွင် ပျံဝဲကာ ချင်မူဆီသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

သူမ ပင်လယ်ရေပြင်နှင့် ကပ်လျက်လျင်မြန်စွာ ပျံသန်းသွားရင်း ဖရိုဖရဲချီများကို ထိုးခွင်းသွားသည်။ သူမ ရောက်လုဆဲဆဲတွင် ပင်လယ်ရေပြင်ထက်မှ ကြာရွက်တစ်ရွက် လိပ်တက်လာပြီး သူမကို ရစ်ပတ်လိုက်ချေပြီ။

ဖုန့်ဟွမ်ခန်းမသခင်မက ကြာရွက်မှ အတင်းအကြပ် ရုန်းထွက်ကာ အတောင်ပံခတ်၍ ပျံတက်သွားသည်။ သို့သော် သတိလက်လွတ်ဖြင့် ဖရိုဖရဲလှည်းဘီးတစ်ခုထဲသို့ ဖြတ်သန်းဝင်ရောက်သွားမိသည်။

ထိုဖရိုဖရဲလှည်းဘီး လည်သွားလျှင်ချင်း သူမ၏ကိုယ်ခန္ဓာ လိမ်ဖယ်သွားပြီး တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။

ဖုန့်ဟွမ်ခန်းမသခင်လည်း အခြေအနေမဟန်မှန်း သိလိုက်သဖြင့် အတောင်ပံခတ်လိုက်ရာ သစ်ပင်တစ်ပင်သည် မြေကြီးမှ ထိုးထွက်လာ၏။ သစ်ပင်ကား ကြီးသထက် ကြီးမားလာရင်း ဖရိုဖရဲလှည်းဘီး၏ စွမ်းအား ပေါက်ကွဲမလာအောင် ထောက်ကန်ပေးထားသည်။

သူမမှာ ဖိအားလျော့ကျသွားသဖြင့် သစ်ကိုင်းပေါ်သို့ ဆင်းသက်ကာ အမောဖြေလိုက်သည်။ ဤအခိုက်အတန့်တွင် ဖရိုဖရဲလှည်းဘီးငါးခု ပျံသန်းလာပြီး တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွားရာ သစ်ပင်ကြီးသည် ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများနှင့်အတူ အပိုင်းပိုင်းအစစ ပဲ့ကျသွားတော့၏။

ဖုန့်ဟွမ်ခန်းမသခင်လည်း အတောင်ပံခတ်၍ ပျံတက်လိုက်ရသည်။ သူမ တောင်ပံခတ်လိုက်သည့် အခိုက်အတန့်တွင် တောင်ပံနှစ်ဖက်စလုံး ပေါက်ကွဲထွက်သွားပြီး ဖရိုဖရဲချီအစုအဝေးများအဖြစ် ပြောင်းလဲသွားသည်။ သူမလည်း ကောင်းကင်ထက်မှ ပြုတ်ကျသွားလေသည်။ အပြင်သို့ ပြေးထွက်ရန် ကြိုးစားသော်လည်း ဖရိုဖရဲလှည်းဘီးမှ မထွက်နိုင်ခင် ဖရိုဖရဲချီအစုအဝေးအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားတော့သည်။

တစ်ဖက်တွင် ဟွမ်ထန်း၏ လက်ထဲရှိ လောကသစ်ပင်သစ်သားတုတ်က ချင်မူ၏ ရှေ့သို့ ရောက်လာသည်။ ချင်မူ၏ ဓားရောင် ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် သစ်သားတုတ်သည် ဒုတ်ခနဲ ချင်မူ၏ ရင်ဘတ်ကို ထိမှန်သွား၏။

ဤတိုက်ကွက်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားက ပေါက်ကွဲထွက်လာကာ ချင်မူအား နောက်သို့ လွင့်ထွက်သွားစေသည်။

ဝှူး…

ဟွမ်ထန်းက သစ်သားတုတ်ကို အားဖြင့် လှည့်လိုက်ရာ တုတ်ထိပ်ဖျားသည် လျင်မြန်စွာ ကြီးထွားလာပြီး လောကသစ်ပင် ဖြစ်လာ၏။ သစ်ပင်က ချင်မူအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ထိုလောကသစ်ပင်ပေါ်မှ အကိုင်းအခက်များမှာ ဓားကဲ့သို့ ဖြစ်ပြီး သစ်ရွက်များမှာမူ လက်ဝါးပမာ ပြုမူနေသည်။ အားကောင်းပြင်းထန်သော တိုက်ကွက်များက မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ချင်မူ၏ ကိုယ်ပေါ်သို့ ဆက်တိုက်ကျရောက်လာသည်။

ဤသည်မှာ ဟွမ်ထန်း၏ စွမ်းရည် မဟုတ်တော့ပေ။ အနန္တအဘိုးအိုက ဟွမ်ထန်း၏ လက်ကို ငှား၍ ချင်မူကို တိုက်ခိုက်နေခြင်းပင်။

ချင်မူလည်း ဒယိမ်းဒယိုင်ဖြင့် သူ၏နောက်ရှိ ဖရိုဖရဲမြစ်ဆီသို့ ဆုတ်ခွာသွားသည်။

“ဖရိုဖရဲမြစ်ထဲ ကျသွားပြီ”

ဟွမ်ထန်းမှာ ဝမ်းမြောက်သွားပြီး ပြူးကျယ်နေသောမျက်လုံးများဖြင့် ချင်မူ၏ ခြေလှမ်းများ ဖရိုဖရဲမြစ်ထဲသို့ ကျသွားသည်ကို ကြည့်နေသည်။

ဤအခိုက်အတန့်တွင် အဆုံးသတ်မြို့ပျက် ကြာပလ္လင်တစ်ခုသည် ဖရိုဖရဲမြစ်ထဲမှ မြင့်တက်လာပြီး ချင်မူ၏ ကိုယ်ခန္ဓာကို ထောက်ပင့်လိုက်၏။ ကြာပလ္လင်ကား မြစ်ရေမျက်နှာပြင်ပေါ်တွင် ပျံဝဲနေပြီး ချင်မူ၏ ခြေဖဝါးသည် မြစ်ရေနှင့် အနည်းငယ်မျှပင် မထိသွားခဲ့ပေ။

All Chapters