← Chapters

တာအိုရဖို့ လေ့ကျင့်ကွင်း

Vol. 138 Ch. 1779

တာအိုရဖို့ လေ့ကျင့်ကွင်း

Vol. 138 Ch. 1779

ကျန်းချန်ခန်းမသခင်၏ တိုက်ကွက်များက အဆက်မပြတ် ပြောင်းလဲနေသော်လည်း တာအိုသစ်ပင် ပျက်စီးသွားသည်သာမက ပလ္လင်ခန်းမလည်း ဖျက်စီးခံလိုက်ရပြီဖြစ်ရာ ခိုင်ဧကရာဇ်၏ ဓားရောင်ကို မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။

သူက ဓားချက်များ အထိမှန်ခံနေရင်း လောကပေါင်းကူးရွှေသင်္ဘောပေါ်မှ နောက်ပြန်ခုန်၍ ထွက်ပြေးလွတ်‌မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ ရွှေသင်္ဘောပေါ်မှ ခုန်ထွက်လိုက်သည်နှင့် ပလ္လင်ခန်းမတစ်ခုထဲ ရောက်သွားသည်။ ထိုပလ္လင်ခန်းမကား ခိုင်ဧကရာဇ်ချင်ယဲ့၏ ဓားတာအို အထွတ်အမြတ်နန်းဆောင်ပင်။

ခန်းမတံခါးက ဝုန်းခနဲ ပိတ်သွားပြီး ခန်းမထဲတွင် ဓားတာအိုများ ပြန့််ကြဲလွင့်မျောနသည်။ တခဏအတွင်း ခန်းမထဲမှ ငယ်သံပါ‌‌အောင် အာ‌ခေါင်ခြစ် အော်ဟစ်သံ တစ်သံ ပဲ့တင်ထပ်သွားပြီး တံခါးအစပ် သွေးများစီးကျလာသည်။

ခိုင်ဧကရာဇ်ချင်ယဲ့က ဓားကို ဓားအိမ်ထဲ ပြန်ထည့်၍ ရှေ့လျှောက်သွားသည်။

ထိုစဉ် သခင်လေးနှစ်၏ ရယ်သံ ထွက်လာသည်။ “ခုနစ်၊ နင်က သိပ်ရက်စက်ကြမ်းကြုတ်တာပဲ… ကိုယ့်မိသားစုကို သတ်ရက်တဲ့အပြင် ခန်းမသခင် သုံးယောက်ကို သတ်လိုက်ပြန်ပြီ…. ငါဆိုရင် မီလော့နန်းတော်က သူတွေကို သတ်ခဲ့လို့ ဆရာ ငါ့ကို ဖိနှိပ်ချုပ်နှောင်ခဲ့တာ…. ကြည့်ရတာ နင်နဲ့ ငါက လမ်းစဉ်တူနေတဲ့ပုံပဲ… အဆုံးသတ်မြို့ပျက်နဲ့ တာအိုအောင်မြင်ထားတော့ တူညီတဲ့ ခံယူချက်တွေ ရှိကြတယ်… အခုလို တွေ့ရတော့ ငါ အတော်လေး ဝမ်းသာမိပါတယ်”

ချင်မူမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူမစကားကို ကြားသည်နှင့် ပြုံးလိုက်သည်။ “မမကြီးနှစ်၊ ခင်ဗျားနဲ့ ကျွန်တော်က တစ်စက်လေးမှ လမ်းစဉ် တူမနေဘူး…. ခင်ဗျားက အရာအားလုံးကို ဖျက်ဆီးပြီး အဆုံးသတ်မြို့ပျက်ထဲ ကျရောက်စေချင်တာ… ဒီလောကမှာ အဆုံးသတ်မြို့ပျက်နဲ့အတူ ခင်ဗျားပဲ ကျန်ခဲ့ဖို့ပေါ့… ဒါက ခင်ဗျားရဲ့ ခံယူချက်… ကျွန်တော့်ရဲ့ ခံယူချက်က ဒီလိုမဟုတ်ဘူး”

သင်္ဘောတွင် ရှိနေကြသူအားလုံး ကျောချမ်းသွားကြသည်။

မီလော့နန်းတော်မှ သခင်လေးနှစ်သည် အရာအားလုံးကို ဖျက်ဆီး၍ စကြဝဠာတစ်ခုလုံးအား အဆုံးသတ်မြို့ပျက်ထဲသို့ ထည့်သွင်းလိုခြင်းလော။

မီလော့နန်းတော်မှ သခင်လေးသုံးနှင့် သခင်လေးလေးတို့က အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့်အပြင် ရည်မှန်းချက်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ဝန်မလေးသည့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သူတို့အားလုံး ခံစားခဲ့ရပြီးဖြစ်သည်။ သို့သော် သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ ရည်မှန်းချက်က စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန်သာ ဖြစ်၏။

သခင်လေးနှစ်ကတော့ ဖျက်စီးပစ်လိုသည့် ဆန္ဒ ပြည့်ဝရန်သာ ရည်ရွယ်ချေသည်။

လောကပေါင်းကူးရွှေသင်္ဘောသည် ဖရိုဖရဲပင်လယ်တစ်လျှောက် ဖြတ်သန်းလျက် ကြာမြစ်တစ်ခုစီသို့ ရွက်လွှင့်သွား၏။ သခင်လေးနှစ်၏ ဧရာမမျက်နှာကြီးက သင်္ဘောအောက်တွင် ထွက်ပေါ်လာပြီး သင်္ဘောနှင့်အတူ လိုက်ပါလာသည်။

သူမ၏ ဆံပင်ဖြူများက လွင့်မျောနေသော ပင်လယ်ရေမှော်များကဲ့သို့ ဖရိုဖရဲပင်လယ်ထဲမှ တဖြည်းဖြည်း မြင့်တက်လာပြီး လောကပေါင်းကူးရွှေသင်္ဘောကို ညင်သာစွာ ပွတ်သပ်နေသည်။ သူမက ပြုံးသည်။ “နင် မှားနေပြီ... ခုနစ်၊ နင်က အစစ်အမှန် အဆုံးသတ်မြို့ပျက် နတ်ဘုရားမ မဟုတ်ဘူး‌လေ... အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ထမ်းဆောင်ရမယ့် တာဝန်ကို ဘယ်နားလည်ပါ့မလဲ…. အဆုံးသတ်မြို့ပျက်နတ်ဘုရားမဟာ ဖျက်ဆီးခြင်းနဲ့ မွေးဖွားခြင်း နှစ်ခုစလုံးကို ပေါင်းစပ်ထားတာ… လောကကို ဖျက်ဆီးတာအပြင် လောကကိုလည်း မွေးဖွားပေးပြီး ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးရတယ်”

သူမ၏ မျက်နှာကြီးသည် ရေပြင်ပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာ၏။ ဆံပင်ဖြူများက ရေထဲသို့ ကျဆင်းသွားပြီး သူမ၏ လှပသော ခန္ဓာကိုယ်မှာမူ တစတစ ထွက်လာနေသည်။

အနီရောင်ကြိုးထုံးက ချက်ချင်းပင် စွမ်းအားထုတ်ဖော်၍ ချုပ်နှောင်ဖိနှိပ်လိုက်သည်။

သခင်လေးနှစ်က ဆံပင်ဖြူများဖြင့် အနီရောင်ကြိုးထုံးကို ခုခံထာသည်။ သူမ၏လက်မောင်းနှစ်ဖက်က လောကပေါင်းကူးရွှေသင်္ဘော၏ သင်္ဘောနံရံပေါ်တွင် ထောက်ထားပြီး မေးစေ့ကိုတော့ လက်ဖမိုးပေါ်တွင် တင်ထားကာ လှပနုနယ်သော မျက်နှာကို ပြသနေသည်။ သူမက သင်္ဘောပေါ်မှ လူတိုင်းကို စပ်စပ်စုစု ကြည့်ရှုနေလေသည်။

“ဆရာက နောက်စကြဝဠာမှာ ဝင်မစွက်ဖက်ဖို့ ဆုံးမခဲ့တယ် … သူက မဟာပျက်စီးခြင်းကပ်ဘေးကို တစ်ခါတည်း ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာချင်ခဲ့တာလေ … ငါလည်း အစက သူ့အပေါ် မျက်စိမှိတ် ယုံကြည်ခဲ့ပြီး ဒီနည်းလမ်းကို ရှာဖွေနိုင်လိမ့်မယ် ထင်ခဲ့တယ်… သူ အကြိမ်ကြိမ် ကျရှုံးခဲ့တဲ့အခါမှာတော့ ငါ စိတ်ပျက်သွားခဲ့တယ်”

နှစ်,သည် အားလုံး၏ မျက်နှာများကို စေ့စေ့ကြည့်ရှုပြီးနောက်မှ အကြည့်လွှဲသွား၏။ သူတို့မှာ နှလုံးသားထဲတွင် တဒိန်းဒိန်းလျက် ကျန်ခဲ့သည်။ သူမ၏ မျက်ဝန်းများဖြင့် တစ်ချက်အကြည့်ခံလိုက်ရသည်နှင့် အဆုံးမဲ့သော အမှောင်ထုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်များပင်လျှင် ပျက်စီးသွားတော့မည့်အလားပင်။

သခင်လေးနှစ်၏ လက်မောင်းနှစ်ဖက်က သင်္ဘောနံရံပေါ်တွင် တင်ထား၏။ သူမက ရွှေသင်္ဘောနှင့်အတူ လိုက်ပါကူးခတ်နေရင်း ပြုံးလိုက်သည်။ “နောက်ပိုင်း ငါ အဆုံးသတ်မြို့ပျက်နဲ့ တာအို အောင်မြင်ခဲ့တော့ ဆရာ ဘယ်နေရာမှာ မှားနေလဲ ဆိုတာ နားလည်သွားခဲ့တယ်…. ဆရာက တျန်းတုအရှင်သခင်ရဲ့ ကောင်းကင်ဖွင့်လှစ်တဲ့လုပ်ရပ်ဟာ မှားတယ် ထင်တယ်… အဲ့ဒါက အနိုင်ကျင့်တတ်တဲ့ ကောင်းကင်ဖွင့်လှစ်သူတစ်စုကိုပဲ မွေးထုတ်ပေးလိမ့်မယ်လို့ ထင်ခဲ့တာပေါ့လေ … ဒါပေမဲ့ သူ ၀င်မစွက်ဖက်ခဲ့တာကလည်း မှားတယ် … တာအိုသိုင်းပညာရှင်တွေက ဒီစကြဝဠာရဲ့ ဖျက်ဆီးသူတွေ၊ ဒီစကြဝဠာအတွက် ခြကောင်တွေ … ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖန်တီးချင်ရင် လမ်းတစ်လမ်းပဲ ရှိတယ်… အဲ့ဒါက တာအိုသိုင်းပညာရှင်အားလုံးကို ဖျက်ဆီးပစ်တာပဲ… ခုနစ်၊ နင် ငါနဲ့ သဘောတူတယ် မဟုတ်လား”

ချင်မူ လင်ယွိရှို့ကို တွဲ၍ ဒယိမ်းဒယိုင် မတ်တပ်ရပ်လိုက်ရင်း ခေါင်းခါသည်။ “မမကြီးနှစ်၊ လမ်းစဉ် မတူရင် အတွေးအခေါ် မတူကြဘူး… ကျွန်တော်တို့ရဲ့ ခံယူချက်က မတူဘူး”

သခင်လေးနှစ်က ဆံပင်ကို ခါလိုက်သောကြောင့် အနီရောင်ကြိုးထုံး၏ သံကြိုးငါးချောင်း လှုပ်ရွလာသည်။ အနီရောင်ကြိုးထုံး၏ စွမ်းအားကို အထွတ်အထိပ်သို့ မထုတ်သုံးသရွေ့ တခဏအတွင်း သူမကို အနိုင်ယူရန် မလွယ်လှပေ။

“ကြောင်သူတော်ယောင် ဆောင်မနေစမ်းပါနဲ့”

သူမက လက်တစ်ဖက်ကို သင်္ဘောနံရံပေါ်တွင် တင်ထားပြီး ဖရိုဖရဲပင်လယ်ထဲတွင် ကူးခတ်လျက် ပြောလိုက်သည်။ “နင်ရဲ့ရည်ရွယ်ချက်က တာအိုသိုင်းပညာရှင်အားလုံးကို ချေုမှုန်းပြီး သူတို့ ဝါးမြိုထားတဲ့ စကြဝဠာစွမ်းအင်ကို စကြဝဠာဆီ ပြန်ပို့ပေးဖို့လေ … ငါ့ရဲ့ရည်ရွယ်ချက်ကလည်း တူတူပဲ… ဒီတာအိုသိုင်းပညာရှင်တွေက သူခိုးတွေ … ကောင်းကင်မြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူကြတယ်… ဒါပေမဲ့ စကြဝဠာအတွက် ဘာမှ အကျိုးမပြုဘူး… သေသင့်တဲ့သူတွေချည်းပဲ”

သူမ လက်ကို လွှတ်လိုက်ကာ ပင်လယ်ရေပြင်အောက်တွင် ပက်လက်လှန်လိုက်သည်။ ထို့နောက် လောကပေါင်းကူးရွှေသင်္ဘော ပတ်ပတ်လည်တွင် ကူးခတ်နေရင်း သူမ၏ အသံက ဝေးကွာသွားလိုက် နီးလာလိုက် ဖြစ်နေ၏။ “ငါ့ရဲ့ ရည်ရွယ်ချက်က သူတို့ကို ဖယ်ရှားပြီး လောကကြီးကို ပြန်လည်ဖန်ဆင်းဖို့ … ငါက တျန်းတုလို ကမ္ဘာအသစ်ကို နှောင့်ယှက်မှာ မဟုတ်ဘူး… အဲဒီကမ္ဘာအသစ်ကို သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်စေမှာ.. ဒါက နင့်ရဲ့ အကြံဉာဏ်နဲ့ မတူဘူးလား”

ရုတ်တရက် သူမ၏ ပုံရိပ်က ရွှေသင်္ဘော၏ ဘယ်ဘက်တွင် ထွက်ပေါ်လာပြီး သင်္ဘောပေါ်သို့ တက်ရန် ကြိုးစားလိုက်သည်။

ချင်မူ မျက်နှာပျက်သွား၏။ သူက ညာလက်ငါးချောင်းကို ဖြန့်ကျက်ကာ အနီရောင်ကြိုးထုံးချိပ်တံဆိပ်အား ဖွဲ့တည်လိုက်သည်။

သခင်လေးနှစ်သည် တခစ်ခစ် ရယ်မောရင်း နောက်သို့ လန်ကျသွားကာ ပင်လယ်ထဲ ပြုတ်ကျသွားသည်။ “ဒီမဖြစ်စလောက် လူလေးတွေနဲ့တော့ နင် မီလော့နန်းတော်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး… အတိတ်ကို ပြန်မသွားသရွေ့ သုံးနဲ့ လေးကို သတ်နိုင်မှာမဟုတ်ဘူး…ဒါပေမဲ့ နင် ငါ့ကို လွှတ်ပေးရင် ငါ သူတို့ကို ဖယ်ရှားပေးမယ်”

ဝေါ…

သူမက စိတ်လှုပ်ရှားစွာ ရေပြင်ပေါ်သို့ ခုန်တက်လာပြန်သည်။ သူမအသွင်မှာ ဖရိုဖရဲပင်လယ်ထဲတွင် နေထိုင်သည့် ငါးတစ်ကောင်ပင်။ အနီရောင်ကြိုးထုံး၏ သံကြိုးငါးကြိုးက ချည်နှောင်ထားသော်လည်း ရှည်လျားသော ငါးဆူးတောင်များအလား အလွန်လှပနေသည်။

ဗွမ်း...

သူမမှာ ရေထဲသို့ ပြုတ်ကျသွားပြန်သော်လည်း သူမ၏အသံကား ညှို့အားပြင်းလှသည်။ “မီလော့နန်းတော်က သခင်လေးနှစ်နဲ့ သခင်လေးခုနစ် ပူးပေါင်းမှ မီလော့နန်းတော်ကို ဖျက်ဆီးနိုင်မှာ… နင် အနန္တအဘိုးအိုကို ဖယ်ရှားဖို့လည်း ငါ ကူညီပေးနိုင်သေးတယ်… ဒီအဘိုးကြီးက အမြဲ အကောက်ကြံနေတာလေ... ငါတို့ သူ့ကိုသတ်ပြီး ရတနာအဖြစ် သန့်စင်လိုက်ရအောင်…. ရတနာကို နင့်ဆီ ပေးမယ်… နင် ကောင်းကင်ဖွင့်လှစ်သူတွေကို သတ်နိုင်အောင်လည်း ကူညီပေးနိုင်သေးတယ်”

သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “တျန်းတုက ကောင်းကင်ဖွင့်လှစ်သူတွေက ပုန်းနေကြတာ… ဒီကောင်တွေက နင် ထင်ထားတာထက် ပိုပြီးယုတ်မာတယ်… သူတို့ကို သတ်ဖို့ လွယ်တာမဟုတ်ဘူး… ဒါပေမဲ့ ငါ လုပ်နိုင်တယ်… ခုနစ်”

လောကပေါင်းကူးရွှေသင်္ဘောမှာ ရုတ်တရက် သူမ၏ ဆံပင်များဖြင့် ချည်နှောင်ခံလိုက်ရသဖြင့် ရှေ့သို့ မတိုးနိုင်တော့ပေ။ သခင်လေးနှစ်၏ ခန္ဓာကိုယ်က သင်္ဘောဦးရှေ့၌ မြင့်တက်လာပြီး ချင်မူ့ကို ငုံ့ကြည့်လိုက်သည်။ “ငါနဲ့ ပူးပေါင်းရင် အကျိုးကျေးဇူးတွေ ဒီလောက်များတာ… နင် ဘာတွေများ တုံ့ဆိုင်းနေ‌သေးတာလဲ”

လင်ယွိရှို့၊ ရှုရှန်းဟွာနှင့် အခြားသူများမှာလည်း အတော်လေး စိတ်လှုပ်ရှားနေကြသည်။ သခင်လေးနှစ်၏ စကားသည် အမှန်ပင် စိတ်ကို ကိုင်လှုပ်နိုင်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အင်အားမှာ မီလော့နန်းတော်၊ အနန္တအဘိုးအိုတို့နှင့် နှိုင်းယှဉ်ပါက အလွန် အားနည်း‌နေသည် မဟုတ်ပါလော။ လျှို့ဝှက်ဆန်းကြယ်သော တျန်းတုကောင်းကင်ဖွင့်လှစ်သူများကို ထည့်တွက်နေစရာပင် မလိုချေ။

ချင်မူ မရှိဘဲ သူတို့ချည်းသာ ဆိုပါက ခန်းမသခင်အဆင့် ပုဂ္ဂိုလ်တစ်ဦးကို ရင်ဆိုင်ရန်ပင် အတော်လေး ခက်ခဲပေလိမ့်မည်။

ချင်မူ၏ စွမ်းဆောင်ရည်တို့က ထူးခြားမြင့်မားသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ချင်မူကား တစ်ယောက်တည်းသာ ရှိသည်။ ချင်မူမှာ အကြိမ်တိုင်း အသက်စွန့်စား၍ ဉာဏ်စွမ်းရှိသမျှ ထုတ်သုံးကာ မီလော့နန်းတော် ဆင်းသက်လာခြင်းနှင့် အနန္တအဘိုးအိုကို တားဆီးခဲ့ရသည်။

ချင်မူမှာ အကြိမ်တိုင်း အားကုန်ခမ်းသည့်တိုင်အောင် အရိုးကြေကြေ အရေခမ်းခမ်း တိုက်ခိုက်ပေးခဲ့ရသည်။ အမြဲတမ်း ဒဏ်ရာအပြင်းအထန်ရရှိကာ သေလုမျောပါး ခံစားခဲ့ရသည်။

ဤတစ်ကြိမ်တွင်လည်း အလားတူပင်။ ချင်မူသာ အစွမ်းကုန် ထုတ်သုံး၍ အနန္တအဘိုးအို၏ လောကသစ်ပင်အသေးစားနှင့် သခင်လေးသုံး၏ ကောင်းကင်နတ်သိုင်းကို မတားဆီးခဲ့ပါက သူတို့အားလုံး သေဘေးမှ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။

သခင်လေးနှစ်၏ အကူအညီသာ ရရှိပါက ချင်မူ့အပေါ် သက်ရောက်နေသည့် ဖိအားမှာ များစွာ လျော့နည်းသွားမည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း မျိုးသုဉ်းမည့်ဘေးမှ ကင်းဝေးပေမည်။

ချင်မူက သခင်လေးနှစ်၏ မျက်နှာကို မော့ကြည့်ကာ ရုတ်တရက် ပြုံးလိုက်၏။ “မမကြီးနှစ်၊ မမကြီးက အပြောကောင်းလွန်းလို့ ကျွန်တော် ရင်ထဲတောင် အတော်ထိသွားတယ်ဗျာ… ကျွန်တော် မမကြီးကို မေးခွန်းတစ်ခုပဲ မေးပါရစေ”

သူက ကမ္ဘာဦးဖရိုဖရဲတာအိုဘာသာစကားဖြင့် မေးလိုက်သည်။ “မမကြီးနှစ်၊ မီလော့နန်းတော်၊ အနန္တအဘိုးအိုနဲ့ တျန်းတုကို ဖျက်ဆီးပြီးတဲ့နောက် ကျွန်တော်က ဒီစကြဝဠာကို ဘယ်လိုရင်ဆိုင်ရမှာလဲ”

ကမ္ဘာဦးဖရိုဖရဲတာအိုဘာသာစကားဖြင့် မေးလိုက်ခြင်းက သခင်လေးနှစ်ကို အငိုက်မိသွား‌စေခဲ့သည်။ တာအိုမေးခွန်းက သူမ၏တာအိုနှလုံးသားထဲတွင် တိုက်ရိုက်တံဆိပ်ခတ်နှိပ်သွားသည်။

သခင်လေးနှစ်သာ လိမ်ညာပြောဆိုပါက တာအိုနှလုံးသားကို ဆန့်ကျင်ရာ ရောက်ကာ သူမ၏ကျင့်ကြံခြင်းအခြေခံအား ထိခိုက်စေပေလိမ့်မည်။

သခင်လေးနှစ်မှာ ငေးကြောင်နေသော်လည်း တာအိုဘာသာစကားဖြင့် ပြန်လည်ဖြေကြားလိုက်၏။ သူမ၏ စကားများထဲတွင် အနည်းငယ် ဒေါသထွက်နေသည့် အရိပ်အယောင်တို့ ပါဝင်နေသည်။

သူတို့နှစ်ယောက်သား ကမ္ဘာဦးဖရိုဖရဲတာအိုဘာသာစကားဖြင့် အမေးအဖြေ လုပ်နေရသည်။ အခြားသူများအတွက် သူတို့၏ ဘာသာစကားမှာ နားလည်ရခက်ခဲသည်။ ကမ္ဘာလောက၏ ဆန်းကြယ်မှုများ ပါဝင်နေသဖြင့် အဓိပ္ပာယ်နားလည်နိုင်ရန် မလွယ်ပေ။

ရှုရှန်းဟွာက လန်ယွီတျန်းကို ကြည့်လိုက်ရာ လန်ယွီတျန်းမှာ မျက်မှောင်ကြုတ်နေသည်။ သူက ခဏစဉ်းစားပြီး‌နောက် ရှက်ရွံ့စွာ ပြော၏။ “ကျွန်တော်လည်း စကားလုံး တစ်လုံး၊ နှစ်လုံးလောက်ပဲ နားလည်တယ်…”

ချင်မူ၏ မျက်နှာအမူအရာက တည်ကြည်သွားပြီး အင်္ကျီလက်စကို ခါလိုက်သည်။ “မမကြီးနှစ်၊ ပြန်ပါတော့”

သခင်လေးနှစ်က ဒေါသတကြီး နှာခေါင်းရှုံ့ကာ သောင်းကျန်းဖျက်ဆီးလိုစိတ် ပေါ်လာသည်။ သို့သော် အနီရောင်ကြိုးထုံးကို ချင်မူ အသက်သွင်းလိုက်မည်အား စိုးရိမ်သော‌ကြောင့် ပင်လယ်ထဲသို့ ပြန်ဆင်းသွားသည်။

ချင်မူက သင်္ဘောဦးသို့ သွား၍ ငုံ့ကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာမှာ ပင်လယ်ရေပြင်အောက်သို့ တစတစ နစ်မြုပ်သွားသည်အား တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားပြီး သခင်လေးနှစ်က ဆက်လက်ငုပ်လျှိုးသွားသည်။ လောကပေါင်းကူးရွှေသင်္ဘောကို ရစ်ပတ်ထားသော ဆံပင်ဖြူများလည်း အသီးသီး ပြေလျော့သွားကြသည်။

လောကပေါင်းကူးရွှေသင်္ဘောက ၁၇ စင်းမြောက် စကြဝဠာ၏ အဆုံးသတ်မြို့ပျက် ကြာပန်းအောက်သို့ ရောက်သွားပြီး ကြာပန်းပင်စည်တစ်လျှောက် အပေါ်သို့ ပျံတက်သွားသည်။ လင်ယွိရှို့က ခပ်တိုးတိုး မေးလေသည်။ “မောင်၊ သခင်လေးနှစ်က ဘာပြောသွားတာလဲ”

“သူက ၁၇ စင်းမြောက် စကြဝဠာက မပြီးပြည့်စုံဘူးလို့ ပြောခဲ့တာ … ပြီးပြည့်စုံတဲ့ ကမ္ဘာကို ဖန်တီးချင်ရင်တော့ ၁၇ စင်းမြောက် စကြဝဠာကို ဖျက်ဆီးရမယ်တဲ့”

ချင်မူလည်း လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။ “ဒီတစ်ခေါက် ကိုယ် အန္တိမဟင်းလင်းပြင်ရဲ့ စွန့်ပစ်မြေဆီ သွားခဲ့တယ်… သခင်လေးတစ်နဲ့ တွေ့ဆုံခဲ့ပြီး ရိုးရှင်းတဲ့ နိယာမတစ်ခုကို နားလည်ခဲ့တယ်… တောင်ကို မှီရင် တောင်ပြိုမယ်၊ နံရံကို မှီရင် နံရံပြိုမယ်… ဒီလောကမှာ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး… ထိုက်ယီအပါအဝင်ပဲ… ကိုယ်တို့မှာ အားကိုးစရာဆိုလို့ ကိုယ်တို့ ကိုယ်တိုင်ပဲ ရှိတယ်”

သူ၏မျက်လုံးများ လင်းလက်လာသည်။ ထိုက်ယီမှာ သူ့အပေါ် အမှန်ပင် ကောင်းမွန်ပြီး ၁၇ စင်းမြောက် စကြဝဠာအပေါ်တွင်လည်း ကြင်နာခဲ့သည်။ သို့သော် ထိုက်ယီသည် တျန်းတုအရှင်သခင်ဖြစ်၍ ဝေဒနာသည်နှင့် ပေါင်းစည်းသွားပါက မည်သည့်နေရာတွင် ပုန်းအောင်းနေမှန်း မသိသော ကောင်းကင်ဖွင့်လှစ်သူများ ထွက်လာပေလိမ့်မည်။

သူ နားလည်ထားသလောက် ကောင်းကင်ဖွင့်လှစ်သူတို့၏ လုပ်ရပ်မှာ မီလော့နန်းတော်ထက်ပင် ဆိုးရွားလှသည်။

ကောင်းကင်ဖွင့်လှစ်သူများသာ ဆင်းသက်လာပါက အရာအားလုံးကို မျိုးသုဉ်းပျောက်ကွယ်စေမည့် ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားလာပေလိမ့်မည်။

လောကပေါင်းကူးရွှေသင်္ဘောက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ ထွက်ခွာလာသည်။ အသူရာချောက်နက်ထဲမှ ခုန်ထွက်လိုက်သည်နှင့် ချင်မူက အဆုံးသတ်မြို့ပျက်မဟာတာအိုကို အသက်သွင်းလိုက်၏။ ကြာရွက်တစ်ရွက်ပြီးတစ်ရွက် အဆုံးသတ်မြို့ပျက်ထဲမှ ပေါက်လာသည်ကို တွေ့လိုက်ရသည်။ ဧရာမကြာရွက်ကြီးများသည် ဟင်းလင်းပြင်နှင့် ချိတ်ဆက်သွားပြီး ဘိုးဘေးနန်းတော်၏ နေရာဟင်းလင်းပြင်ကို ဖုံးကွယ်လိုက်ချေပြီ။

ကြာရွက်များ၏ အကြောအမျှင်များက ဧရာမသံကြိုးကြီးများသဖွယ် ဟင်းလင်းပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ပေါင်းစည်းသွားသည်။ အကြောအမျှင်များက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

တခဏအကြာတွင် ကြာရွက်များလည်း လုံးဝပျောက်ကွယ်သွားသည်။

အားလုံး အသေအချာ အာရုံခံလိုက်ကြသော်လည်း အန္တိမဟင်းလင်းပြင်ကို အာရုံမခံနိုင်တော့ပေ။

ချင်မူကား ဘိုးဘေးနန်းတော်၏ အန္တိမဟင်းလင်းပြင်ကို အပြည့်အ၀ ချိပ်ပိတ်လိုက်လေပြီ။

သူ့မှာ ကျင့်စဉ်စွမ်းအင် အပြည့်အဝ အားမပြည့်သေးသည့်အချိန်တွင် အဆုံးသတ်မြို့ပျက်ကြာရွက်ကို အတင်းအဓမ္မ အသက်သွင်းကာ ဘိုးဘေးနန်းတော်၏ အန္တိမဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်ရသည်။ ထို့ကြောင့် အားအင်ကုန်ခမ်းပြီး မောဟိုက်ပင်ပန်းလာသည်။ လင်ယွိရှို့က သူ့ကို တွဲလျက် ရွှေသင်္ဘော၏ ရွှေရောင်ခန်းမထဲသို့ အနားယူရန် ‌ခေါ်သွားသည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရှန့်ကျွင်းကို ကယ်တင်ကုသပေးရန် တောင်းဆိုလိုသော်လည်း ဤမြင်ကွင်းကို မြင်သည့်အခါ မြိုသိပ်လိုက်သည်။

အဘွားစစ်၊ ရွာလူကြီးတို့က ရွှေသင်္ဘော၏ ရွှေရောင်ခန်းမထဲတွင် တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ကြ၏။ ချင်မူ ဝင်လာသည့်အခါ ကပျာကယာ ပြေးလာကြသည်။

“ဘွားဘွား၊ ကျွန်တော် နည်းနည်း ပြန်ကောင်းလာရင် ဘွားဘွားတို့အားလုံးကို ဘိုးဘေးနန်းတော် အပြင်ဘက် ပို့ပေးမယ်‌နော်”

ချင်မူက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ “ဘွားဘွားတို့ ထွက်ခွာသွားပြီးရင် ကျွန်တော် ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို ဆက်ပြီး အားဖြည့်မယ်… ခန်းမသခင်တွေတောင် မလွတ်‌မြောက်နိုင်‌တော့အောင်ပေါ့”

ရွာလူကြီးက မျက်မှောင်ကြုတ်လိုက်၏။ “မူအာ၊ ပိတ်လှောင်ထားမယ့်အစား ရှင်းလင်းပစ်လိုက်တာက ပိုကောင်းတယ် ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက သိုင်းပညာရှင်တွေ အတွေ့အကြုံရအောင် လမ်းကြောင်းတစ်ခု ချန်ထားလိုက်ပါလား… သေရေးရှင်ရေးတိုက်ပွဲတွေကို ဖြတ်သန်းပြီးမှ မြန်မြန် အဆင့်တက်နိုင်ကြမှာ‌လေ”

ချင်မူ စဉ်းစားလိုက်သည်။ “ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည် ရှိထားမှ ဘိုးဘေးနန်းတော်မှာ တိုက်ခိုက်နိုင်မှာ….”

အဘွားစစ်က ပြုံး၏။ “ဒါဆိုရင် ဘိုးဘေးနန်းတော်က တာအိုရဖို့ လေ့ကျင့်ကွင်းပေါ့.. ကမ္ဘာလောကတိုင်းက ကောင်းကင်နတ်အရှင်အဆင့်အထိ ကျင့်ကြံထားတဲ့ ဘယ်သူမဆို ဒီနေရာကိုလာပြီး လေ့ကျင့်နိုင်တယ်… တာအိုရဖို့ ကိုယ့်ကိုကိုယ် လေ့ကျင့်ပေးကြဖို့ … ဒီလိုဆိုရင် ကောင်းကင်ဘုံတွေမှာ တာအိုသိုင်းပညာရှင်တွေ ပိုများလာလိမ့်မယ်… မီလော့နန်းတော်နဲ့ အနန္တအဘိုးအိုကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့မှာ မဟုတ်ဘူး..”

လင်ယွိရှို့က လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ “ဒါဆိုရင် ကျွန်မယောက်ျားလညာ်း ဒီလောက်ပင်ပန်းစရာ မလိုတော့ဘူးပေါ့”

“တာအို ရဖို့ လေ့ကျင့်ကွင်းတဲ့လား”

ချင်မူမှာ ငေးငိုင်သွားပြီးနောက် ရွှေရောင်ခန်းမအရှေ့သို့ လျှောက်သွားသည်။ တောင်တန်းပင်လယ်များ ပေါများပြီး ရင်သပ်ရှု‌မောဖွယ် ရှုခင်းများ ပြည့်‌နှက်နေသော ဘိုးဘေးနန်းတော်ကို တွေ့လိုက်ရ၏။

“ကောင်းပြီလေ” သူက လက်နောက်ပစ်လိုက်ပြီး နက်နဲနေသော မျက်ဝန်းများဖြင့် သဘောတူလိုက်ချေသည်။

All Chapters