မီလော့နန်းတော်သို့ ပြန်လည်ဝင်ရောက်ခြင်း
Vol. 138 Ch. 1780
ချင်မူ ရက်အနည်းငယ်မျှ အနားယူပြီးနောက် အားပြန်ပြည့်လာသည်နှင့် အလုပ်များလာပြန်သည်။ ရှန့်ကျွင်းမှာ ကျန်းပိုင်ကွေ့၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြင့် ထိမှန်သွားခဲ့သဖြင့် သေလိုက်ရှင်လိုက် ဖြစ်နေသည်။ သူ၏အခြေအနေကို ဖြေရှင်းပေးရန် မလွယ်လှပေ။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ဖြေရှင်းနေသည့် အခိုက်အတန့်တွင် ဟွမ်ရှီခန်းမသခင်၏ အသက်နှုတ် တိုက်ကွက်ကို တားဆီးရန် လိုအပ်၏။
ဟွမ်ရှီခန်းမသခင်က ခန်းမသခင်အဆင့် ပုဂ္ဂိုလ်ဖြစ်သည် မဟုတ်ပါလော။ သေဆုံးသွားသော်လည်း သူမ၏ ကောင်းကင်နတ်သိုင်းက မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းထဲတွင် အဆက်မပြတ် လည်ပတ်နေပြီး ရှန့်ကျွင်းကို အကြိမ်ကြိမ် သတ်ဖြတ်နေသည်။
သူမ၏ အသက်နှုတ်တိုက်ကွက်ကို တားဆီးနိုင်သူမှာ ချင်မူ့အပြင် ခိုင်ဧကရာဇ်သာ ရှိသည်။
သူတို့နှစ်ယောက် အဆင်သင့်ဖြစ်သည်နှင့် ချင်မူက မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ချိုးဖျက်လိုက်သည်။ သူ ထိုသို့ လုပ်လိုက်သည်နှင့် ခိုင်ဧကရာဇ်ချင်ယဲ့သည် ရှန့်ကျွင်းအား သတ်ဖြတ်တော့မည့် ကောင်းကင်နတ်သိုင်းကို ဓားဖြင့် ထိုးကာ တားဆီးလိုက်၏။
ရှန့်ကျွင်းမှာ သူတို့ကြောင့် သေမင်းနှုတ်ခမ်း၀မှ အသက်ပြန်ရှင်လာချေပြီ။ ဆေးဆရာက သူ၏ဒဏ်ရာကို ဆက်လက်ကုသပေးနေ၏။
ချင်မူက သက်ပြင်းချလိုက်ပြီး ထိုက်ယီကို ထုတ်လိုက်သည်။ ထိုက်ယီမှာ တစ်ကိုယ်လုံး တာအိုအစီအရင်သံချောင်းများဖြင့် ထိုးစိုက်ခံထားရသောကြောင့် ရွှေသင်္ဘောပေါ်တွင် မလှုပ်မယှက် လှဲနေရသည်။
“ညီလေးယွီ၊ နောင်တော်ရှု၊ ညီလေးကျန်း၊ ငါ မင်းတို့ကို မီလော့နန်းတော်ရဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတကို သင်ကြားပေးမယ်… မင်းတို့က ထိုက်ယီကို ကုပေးကြ”
ချင်မူက သူတို့သုံးယောက်ကို ခေါ်၍ ကမ္ဘာဦးဖရိုဖရဲသင်္ကေတနှင့် သူ သိမြင်နားလည်ထားသော မီလော့နန်းတော် ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို သင်ကြားပေးလိုက်၏။ “သခင်လေးသုံးနဲ့ သခင်လေးလေးတို့ဟာ ဒီတစ်ခါ ရှုံးသွားကြပေမယ့် သေချာပေါက် ခေါင်းပြန်မော့လာမှာပဲ … အနန္တအဘိုးအိုကလည်း အနှေးနဲ့အမြန် တာအိုဒဏ်ရာတွေ ပျောက်ပြီး နောက်တစ်ကြိမ် ပြန်ထွက်လာလိမ့်မယ်… မင်းတို့ ထိုက်ယီကို အမြန်ဆုံး ကုသပေးဖို့ လိုတယ်”
ကျန်းပိုင်ကွေ့မှာ ချီတုံချတုံ မေးလိုက်သည်။ “ထိုက်ယီက တျန်းတုအရှင်သခင်လို့ အစ်ကိုနှစ်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား… သူ့ကို ကုသပေးလိုက်လို့ တျန်းတုက ကောင်းကင်ဖွင့်လှစ်သူတွေသာ လာရှာခဲ့ရင်…”
“ထိုက်ယီကို ကုသပေးတာနဲ့ တျန်းတုက ကောင်းကင်ဖွင့်လှစ်သူတွေ လာရှာတာက မတူညီတဲ့ ကိစ္စနှစ်ရပ်ပဲ”
ချင်မူ ပြုံးလိုက်သည်။ “ကောင်းကင်ဖွင့်လှစ်သူတွေအနေနဲ့ ဒီလောက် အလွယ်တကူ လာရှာနိုင်မှာ မဟုတ်ဘူး… သူတို့သာ ရှာဖွေနိုင်ခဲ့ရင် အစောကတည်းက ရောက်လာကြမှာပေါ့… ဘာပဲဖြစ်ဖြစ် ထိုက်ယီက ဘိုးဘေးနန်းတော် အနက်ရောင်တောင်တန်းကို နှစ်ကုဋေပေါင်းများစွာ စောင့်ရှောက်ခဲ့ပြီး မီလော့နန်းတော်အရှင်သခင်ကြောင့် ၄ စင်းမြောက် စကြဝဠာဆီ ရောက်ခဲ့တယ်… ကောင်းကင်ဖွင့်လှစ်သူတွေ ရှာဖွေနေတဲ့သူက ထိုက်ယီသာ ဖြစ်ခဲ့ရင် သူတို့မှာ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ… ဒါကြောင့် သူတို့ရှာ နေတာက ထိုက်ယီမဟုတ်ဘူး... တျန်းတုအရှင်သခင်”
ရှုရှန်းဟွာမှာ နားမလည်နိုင် ဖြစ်သွား၏။ “အဲ့နှစ်ခုက ကွာလို့လား”
“ထိုက်ယီက တစ်ယောက်တည်း လျှောက်သွားတဲ့ တစ်ကောင်ကြွက် …. တျန်းတုအရှင်သခင်ကတော့ တျန်းတုရဲ့ ခေါင်းဆောင်… ဒါက အကြီးမားဆုံး ကွာခြားချက်ပဲ”
ချင်မူက ပြောသည်။ “ထိုက်ယီက တျန်းတုအရှင်သခင်နဲ့ သေချာပေါက် မတူဘူး… ဒါပေမဲ့ အတိအကျ ဘယ်နေရာမှာ ကွဲသွားတာလဲဆိုတာတော့ ငါလည်း သေချာမသိဘူး… ကောင်းကင်နတ်အရှင်လင်ပဲ ရှင်းပြနိုင်လိမ့်မယ် ထင်တယ်”
လန်ယွီတျန်းက ပြော၏။ “အစ်ကိုကြီး၊ အစ်ကိုကြီး ထိုက်ယီကို ကုသပေးရင် ပိုလွယ်မှာ မဟုတ်လား… အစ်ကိုကြီးရဲ့ ကမ္ဘာဦးဖရိုဖရဲကောင်းကင်နတ်သိုင်း အောင်မြင်မှုတွေက ပိုမြင့်တယ်လေ”
ရှုရှန်းဟွာနှင့် ကျန်းပိုင်ကွေ့တို့လည်း အသီးသီး ခေါင်းညိတ်လိုက်ကြသည်။
“ငါ့ရဲ့ ဖရိုဖရဲခန်းမထဲမှာ တာအိုအသုဘခေါင်းတလားနဲ့ လောကသစ်ပင်အသေးစား ရှိနေသေးတယ်… အထဲ ၀င်သွားပြီး အဲ့ဒီနေရာမှာ ချုပ်နှောင်ထားတဲ့ သခင်လေးသုံးကို ဖြေရှင်းဖို့ လိုသေးတယ်”
ချင်မူ သက်ပြင်းချလိုက်၏။ “ပြီးတော့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်နဲ့ အနန္တအဘိုးအိုရဲ့ လက်အောက်ခံတွေလည်း ရှိသေးတယ်… ဒီအင်အားစုနှစ်ခုက လှုပ်ရှားဖို့ အသင့်ဖြစ်နေမှာပဲ… ငါ ကင်းထောက်လျှောက်ကြည့်ပြီး ချုပ်နှောင်သင့်တာ ချုပ်နှောင်၊ သတ်သင့်တာ သတ်ရလိမ့်မယ်…. ပြီးတော့ ဘိုးဘေးနန်းတော်လှောင်အိမ်က မခိုင်မာသေးဘူး… အဆက်မပြတ် အားဖြည့်နေဖို့ လိုအပ်တယ်… လုပ်ရမှာတွေ သိပ်များတယ်… ထိုက်ယီကို ကုသပေးဖို့ အချိန်မရှိဘူး…. ငါ မင်းတို့ကို မီလော့နန်းတော်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သင်ပေးပြီးပြီ… မင်းတို့လည်း ဒီအခွင့်အရေးကို အသုံးချလို့ ကိုယ့်ကိုယ်ကို တိုးတက်စေပြီး အမြန်ဆုံး တာအိုရအောင် ကြိုးစားကြပါ… ဒါဆိုရင် ငါလည်း ဒီလောက်အထိ မပင်ပန်းတော့ဘူးပေါ့ ”
သူတို့သုံးယောက်မှာ ထိုက်ယီကို ကုသပေးရန် အလွန်ခက်သောကြောင့် သူတို့သုံးယောက်လက်ထဲ တမင်ထည့်ပေးခဲ့သည်ဟု သံသယဝင်ခဲ့ကြသော်လည်း ဤစကားကို ကြားသည်နှင့် စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရကြသည်။
လောကပေါင်းကူးရွှေသင်္ဘော မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် ချင်မူက အားလုံးကို သင်္ဘောပေါ်မှ ဆင်းခိုင်းကာ လင်ယွိရှို့ကိုသာ ချန်ထားခဲ့၏။ ရွှေသင်္ဘောမှာ တဖြည်းဖြည်း သေးငယ်သွားပြီး သူတို့နှစ်ဦးကို သယ်ဆောင်လျက် လွင့်မျောထွက်ခွာသွားသည်။
တခဏအကြာတွင် ရွှေသင်္ဘောပေါ်ရှိ ချင်မူ၏ အရိပ်က ရုတ်တရက် လှုပ်ရှားသွားပြီးနောက် ရှန့်ကျွင်း၏ ပုံရိပ် ပေါ်လာသည်။ ချင်မူက သင်္ဘောအပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။
ကျန်းပိုင်ကွေ့က မော့ကြည့်လိုက်ပြီး ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ကို ပြော၏။ “ငါတို့ အထင်မှားတာ မဟုတ်ဘူး… သူ တကယ်ပဲ ခေါင်းရှောင်သွားတာ… ခက်ခဲတဲ့ ကိစ္စတွေဆို သူက လုပ်ဖို့ ပျင်းတယ်… ငါတို့ဆီ လွှဲချလိုက်တာပဲ”
လန်ယွီတျန်းကမူ ခေါင်းခါလိုက်သည်။ “ကျွန်တော့်အစ်ကိုကြီးက အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူး… နောင်တော်ရှု၊ ဟုတ်တယ်မလား”
ရှုရှန်းဟွာမှာ မှတ်ချက်မပေးပေ။ “ထိုက်ယီကို ကုသပေးဖို့က အရေးကြီးတယ်”
သူတို့သုံးဦးသည် သိမြင်နားလည်နိုင်စွမ်း အမြင့်ဆုံး ပုဂ္ဂိုလ်သုံးဦးဟု ဆိုရမည်။ ချင်မူ သင်ကြားပေးသော မီလော့နန်းတော် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက အတူတကွ သိမြင်နားလည်နိုင်ရန် ကြိုးစား၍ ထိုက်ယီ၏ ကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများကို လေ့လာသုံးသပ်ကာ အချင်းချင်း ဆွေးနွေးဖလှယ်ကြသည်။ ချင်မူတစ်ဦးတည်း စမ်းတဝါးဝါး လုပ်ဆောင်သည်ထက် ပို၍မြန်ပေသည်။
သို့သော် ထိုက်ယီကို ကုသပေးလိုပါက သူတို့အနေဖြင့် မီလော့နန်းတော် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများတွင် နက်နဲနေသာ အောင်မြင်မှုများ ရရှိထားရန် လိုအပ်၏။ ဤသည်က အချိန်ယူရပေမည်။
ထိုအခိုက်အတန့်တွင် ရွှေသင်္ဘောသည် ကျောက်စိမ်းမြို့တော်ဆီသို့ အေးအေးလူလူ ပျံသန်းနေ၏။ ချင်မူနှင့် လင်ယွိရှို့တို့က သင်္ဘောဦးတွင် တစ်ယောက်ကို တစ်ယောက် မှီလျက် ရှားရှားပါးပါး အေးချမ်းသာယာမှုလေးအား ခံစားနေကြသည်။
လင်ယွိရှို့က ရုတ်တရက် ပြုံးလိုက်၏။ “မောင် ထိုက်ယီကို သူတို့ဆီ ပစ်ပေးလိုက်တာက နည်းနည်း အကျင့်ပုတ်သလိုပဲနော်”
ချင်မူ တဟားဟား ရယ်မောလိုက်သည်။ “ကိုယ်သာ ကိစ္စအားလုံးကို တာဝန်ယူထားရင် သူတို့မှာ လေ့ကျင့်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး… အခု သူတို့ရဲ့ အခွင့်အရေး ရောက်လာပြီလေ… ဒါ့အပြင် ကိုယ်တို့လည်း လုပ်စရာတွေ တကယ်များနေတာ မဟုတ်လား”
သူ လင်ယွိရှို့၏ လက်ကိုဆွဲကာ သင်္ဘောပေါ်ရှိ ရွှေရောင်ခန်းမဆီသို့ လျှောက်သွား၏။ လင်ယွိရှို့၏ မျက်နှာလေးမှာ ရှက်သွေးဖြာနေပြီး ကျန်လက်တစ်ဖက်ဖြင့် နှုတ်ခမ်းလေးပေါ် အုပ်ကာ မခို့တရို့ ပြုံးနေသည်။ သူမက မူနေသော်လည်း သူခေါ်ရာ နောက်သို့ ပါသွားသည်။
တခဏအကြာတွင် လောကပေါင်းကူးရွှေသင်္ဘောမှာ အရက်မူးနေသကဲ့သို့ ယိမ်းထိုးသွားကာ တောင်တစ်လုံးနှင့် တိုက်မိသွားသည်။ ထို့နောက် ယိုင်တိုင်တိုင်ဖြင့် ပြန်မြင့်တက်လာသော်လည်း ရုတ်တရက် မြေပြင်သို့ ထိုးကျသွားပြန်သည်။ မြေပြင်တွင် မိုင်ထောင်သောင်းပေါင်းများစွာ လျှောတိုက်သွားပြီးနောက် ရုတ်တရက် ကောင်းကင်သို့ ပျံတက်ကာ တိမ်ပင်လယ်များထဲသို့ ၀င်ရောက်သွားတော့၏။
ကံကောင်းစွာဖြင့် ယခုအချိန်တွင် ဘိုးဘေးနန်းတော်တွင် လူသူမရှိချေ။ မဟုတ်ပါက တစ်လောကလုံး ဘုရားတ ကြရလိမ့်မည်။
အချိန်တစ်ခု ကြာပြီးနောက် လောကပေါင်းကူးရွှေသင်္ဘောကား ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ တည့်တည့်မတ်မတ် ပျံသန်းသွားချေပြီ။
ကျောက်စိမ်းမြို့တော်ထဲတွင် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်အချို့ ဆင်းသက်ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့က ဤထူးဆန်းသော ရွှေသင်္ဘောကို ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကြည့်နေကြသည်။ ရုတ်တရက် ရွှေသင်္ဘောမှာ ထိန်းချုပ်မှု လွတ်သွားသကဲ့သို့ ဝုန်းခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လှုပ်မလာတော့ချေ။
ဟယ့်ဟွမ်၊ ဖုန့်ဟွမ်နှင့် ကျန်းချန် ခန်းမသခင်သုံးဦး သေဆုံးသွားသည့် သတင်းမှာ မီလော့နန်းတော်သို့ ပျံ့နှံ့လာခဲ့ကာ မီလော့နန်းတော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ သခင်လေးသုံးလင်းရှောင်၏ ညာလက်မောင်း ပြတ်တောက်သွားခြင်းပင်။
သူတို့အားလုံး သခင်လေးခုနစ်အပေါ် အံ့ဩဒေါသထွက်နေကြသလို ကြောက်ရွံ့နေကြသည်။ ချင်မူသည် တာအိုမရသေးဘဲ ဤမျှစွမ်းဆောင်နိုင်နေသည် မဟုတ်ပါလော။ မီလော့နန်းတော်၏ သခင်လေးခုနစ် ဖြစ်သည့်တိုင် မိမိဘက်တော်သားများကိုလည်း သတ်ဖြတ်ခဲ့သေးသည်။
သူတို့မှာ ချင်မူ့အပေါ် ဒေါသထွက်နေကြသော်လည်း ချင်မူ သူတို့ကို အညှာအတာမရှိ သတ်ဖြတ်မည်ကိုလည်း ကြောက်ရွံ့နေကြမိသည်။ သူတို့သာ ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်သွားပါက သူ့လက်ချက်ဖြင့် မုချကိစ္စတုံးပေမည်။
ဤရက်ပိုင်းတွင် မီလော့နန်းတော်မှာ သွေးယဇ်ပူဇော်ခြင်း၏ စွမ်းအင်ကို အသုံးပြု၍ တာအိုသိုင်းပညာရှင်အသစ်များအား ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်လာစေခဲ့သည်။ သို့သော် အသစ်ဆင်းသက်လာသော တာအိုသိုင်းပညာရှင်များမှာ သတိကြီးကြပြီး ကျောက်စိမ်းမြို့တော်မှ ခြေတစ်ဖဝါးပင် မခွာပေ။
သူတို့ အပြင်မထွက်ခဲ့ကြသော်လည်း ချင်မူ ရောက်လာလိမ့်မည်ကိုတော့ မျှော်လင့်မထားခဲ့ကြချေ။
တာအိုသိုင်းပညာရှင်အချို့က သတိအနေအထားဖြင့် အနားမကပ်ဘဲ အဝေးမှ ရပ်ကြည့်နေကြသည်။ လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် မည်သူမှ မရှိသယောင်ပင်။
တခဏကြာသော် ရွှေသင်္ဘောပေါ်ရှိ ခန်းမတံခါး ပွင့်လာသည်။ ချင်မူက အဝတ်များ ပြင်၀တ်လျက် အပြင်သို့ ထွက်လာကာ လန်းဆန်းတက်ကြွစွာ ပြုံးလိုက်သည်။ “တာအိုမိတ်ဆွေတို့ စိတ်မပူကြပါနဲ့… ကျုပ် ဒီတစ်ခေါက် လာတာက သတ်ဖို့မဟုတ်ဘူး... ဆရာနဲ့တွေ့ဖို့ပါပဲ… တာအိုမိတ်ဆွေတို့ လမ်းဖယ်ပေးကြပါဦး”
တာအိုသိုင်းပညာရှင်အချို့က တိတ်ဆိတ်စွာ လမ်းဖယ်ပေးလိုက်ကြသည်။
လောကပေါင်းကူးရွှေသင်္ဘောက ပျံတက်သွားပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် အနက်ပိုင်းထဲအထိ ၀င်ရောက်သွားသည်။
လင်ယွိရှို့သည် ရွှေရောင်ခန်းမထဲမှ အပြင်ထွက်ကြည့်သည့်အခါ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ပျက်စီးယိုယွင်းနေသည်ကို တွေ့လိုက်ရ၏။ နေရာတိုင်းတွင် ညှိုးခြောက်နေသော တာအိုသစ်ပင်များ၊ ပြိုကျနေသော နတ်နန်းဆောင်များအပြင် မရဏလေအေးနှင့် လေပူတို့သာ ဝေ့ဝဲတိုက်ခတ်နေသည်။
ဆင်းသက်လာသော တာအိုသိုင်းပညာရှင်အချို့မှလွဲ၍ အခြားမည်သည့်သက်ရှိကိုမျှ မမြင်တွေ့ရပေ။
ရုတ်တရက် တာအိုသစ်သီးတစ်လုံးက ရွှေသင်္ဘောပေါ်သို့ ပျံတက်လာပြီး သူတို့ရှေ့တွင် ပျံဝဲနေသည်။ တာအိုသစ်သီးထဲမှ အမျိုးသမီးတစ်ဦးက ပြုံးလိုက်၏။ “နန့်ရှန်း၊ သခင်လေးခုနစ်ကို ဂါရဝပြုပါတယ်”
လင်ယွိရှို့လည်း ချင်မူကို ကြည့်လိုက်ရာ ချင်မူက ပြုံးလိုက်သည်။ “တာအိုမိတ်ဆွေနန့်ရှန်း၊ သူက ကျွန်တော့်ရဲ့ ချစ်ဇနီးလေးပါ”
“နန့်ရှန်း သခင်လေးနဲ့ သခင်မကို ဂါရဝပြုပါတယ်”
တာအိုသစ်သီးထဲရှိ တာအိုသံကြိုးများ လှည့်ပတ်သွားပြီး အလွန်လှပသော အမျိုးသမီးတစ်ဦးကို ဖော်ဆောင်လိုက်သည်။ သို့သော် သူမမှာ တာအိုသစ်သီးထဲတွင် ရှိနေသော်လည်း မည်သည့်အ၀တ်မှ မပါသော ခန္ဓာကိုယ်ကို အတိုင်းသား ဖော်ထားလေသည်။
လင်ယွိရှို့မှာ မျက်နှာလေး နီရဲသွားပြီး ချင်မူကို ထပ်ကြည့်လိုက်သည်။
ချင်မူက တည်ငြိမ်စွာ ပြုံးနေဆဲပင်။ “တာအိုမိတ်ဆွေနန့်ရှန်း၊ ကျွန်တော် ဒီတစ်ခေါက်လာတာက ဆရာနဲ့ တွေ့ဖို့ပါ… တာအိုမိတ်ဆွေ အကြောင်းကြားပေးပါဦး… လမ်းမှာ ပြဿနာတွေ ပေါ်ပေါက်မလာအောင်လို့ပါ”
ထိုတာအိုသစ်သီးထဲမှ အမျိုးသမီးက တခစ်ခစ် ရယ်မောလိုက်သည်။ “သခင်လေးခုနစ်က တကယ်ကို သတ္တိရှိတာပဲနော်… မီလော့နန်းတော် ခန်းမ ၇၂ ခုရဲ့ ခန်းမသခင်တွေ သခင်လေးနဲ့ သခင်လေးရဲ့ အပေါင်းအပါတွေလက်ချက်ကြောင့် သေဆုံးခဲ့ရပြီးပြီ… ဒါတောင် ဆရာနဲ့ တွေ့ဖို့ လာရဲသေးတယ်ပေါ့… ဆရာ့ရဲ့ တာအိုအစဉ်အလာကို ဖျက်ဆီးချင်နေတဲ့သူကို ဆရာ့အနေနဲ့ သည်းခံဖို့ မပြောနဲ့ဦး… မီလော့နန်းတော်တစ်ခုလုံးမှာ ဘယ်သူကများ ရှင့်ကို သည်းခံနိုင်မှာလဲ”
ချင်မူက ပြုံးလျက်ပင် လက်ညှိုးတစ်ချောင်း ထောင်ကာ ဟင်းလင်းပြင်ကို ညင်ညင်သာသာ ထိတွေ့လိုက်သည်။
ထိုနေရာတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ကြိုးတစ်ချောင်း ရှိနေသည်။
ဤကြိုးမှာ ဖရိုဖရဲမြစ်ထဲမှ ဆန့်ထွက်လာပြီး ဘိုးဘေးနန်းတော်၏ လောကသစ်ပင်အထိ ရှည်လျားနေ၏။
ကြိုးသည် တင်းတင်းဆွဲခံထားရသောကြောင့် စွမ်းအားက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည်။
“အစ်ကိုလေးက ကျွန်တော့်ကို ဖြတ်သန်းခွင့်ပေးမှာပါ”
ချင်မူက ပြုံး၏။ “ဒီကြိုးကို ဆွဲထားတာက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ… သူက ကျောက်စိမ်းမြို့တော်မှာ ပြီးပြည့်စုံတဲ့ တစ်ဦးတည်းသော တာအိုသိုင်းပညာရှင်ပဲ… ခွန်အားနဲ့ တာအိုအောင်မြင်ထားတာ ဖြစ်ပေမယ့်ပေါ့.. အစ်ကိုလေးသာ ကျွန်တော့်ကို ဖြတ်သန်းခွင့်မပေးရင် ကျွန်တော် သူ့ရဲ့ ဒီကြိုးကို သုံးပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို သတ်ပစ်လိုက်မယ်”
နန်ရှန်းမှာ မျက်နှာပျက်သွားပြီး တာအိုသစ်သီးထဲမှ ဦးညွှတ်လိုက်သည်။ “ခဏစောင့်ပေးပါ သခင်လေး” တာအိုသစ်သီးက အလျင်အမြန် ပျံသန်းထွက်ခွာသွားသည်။
လောကပေါင်းကူးရွှေသင်္ဘောက ချင်မူတို့ဇနီးမောင်နှံကို သယ်ဆောင်ကာ ဆက်လက်ပျံသန်းနေပြီး မကြာမီ ပထမဆုံးဖရိုဖရဲမြစ်ဘေးသို့ ရောက်လာခဲ့သည်။ မြစ်ထဲတွင် လေပြင်းများ တိုက်ခတ်နေသဖြင့် လှိုင်းလုံးများ ထန်နေသည်။ မြစ်သည် ရှည်လျားလှပြီး အဆုံးကို မမြင်နိုင်ပေ။ မရေမတွက်နိုင်သော သက်ရှိများ မြစ်ထဲတွင် ရုန်းကန်လျက် သေဆုံးပျက်စီးနေသည်ကိုသာ မြင်တွေ့နိုင်၏။
ရွှေသင်္ဘောက ရပ်တန့်သွားသည်။
ချင်မူတို့ တခဏစောင့်ဆိုင်းနေပြီးနောက် ဖရိုဖရဲမြစ်ထဲမှ တာအိုသစ်သီးတစ်လုံး ပျံထွက်လာသည်။ နန်ရှန်းက ချင်မူ့အား လျှောက်တင််သည်။ “သခင်လေး၊ သခင်မ… သခင်လေးလေးက မြစ်ကို ဖြတ်ကူးခွင့်ပေးလိုက်ပါတယ်… သူ မတားပါဘူးတဲ့ … ဒါပေမဲ့ သူ့အတွက်ပဲသူ အာမခံနိုင်တယ်… တခြားသူတွေ တိုက်ခိုက်လာခြင်း ရှိ၊ မရှိကတော့ သူနဲ့ မသက်ဆိုင်ပါဘူးတဲ့”
ချင်မက ခါးကိုင်းအရိုအသေပေးကာ ကျေးဇူးတင်လိုက်သည်။ “ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“မခံယူဝံ့ပါဘူး”
နန့်ရှန်းက တာအိုသစ်သီးထဲမှ ပြန်လည် အရိုအသေပေးလိုက်သည်။ “ကျွန်မ သခင်လေးကို လမ်းပြပေးပါ့မယ်”
လောကပေါင်းကူးရွှေသင်္ဘော ဖရိုဖရဲမြစ်ထဲသို့ ရွက်လွှင့်နေစဉ် လင်ယွိရှို့က အသေအချာ ကြည့်လိုက်ရာ ထိုတာအိုသစ်သီးမှာ ရုတ်တရက် ပိုးအိမ်မှ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ပြိုကွဲသွားသည်ကို တွေ့လိုက်ရ၏။ တာအိုသစ်သီးထဲမှ အမျိုးသမီးက အကြောဆန့်ကာ တာအိုသစ်သီးထဲမှ လျှောက်ထွက်လာသည်။
တာအိုသစ်သီး၏ တာအိုသံကြိုးများနှင့် တာအိုအမှတ်အသားများက ဧရာမငှက်မွှေးတောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး သူမ၏ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်၏။ ၎င်းက အလွန်တရာ လှပနေသည်။
နန့်ရှန်းက အဝတ်ကို ရင်ဘတ်ရှေ့တွင် စု၀တ်လိုက်ရာ ဖြူဥနေသော အသားရောင်တချို့ကို လှစ်ခနဲ မြင်လိုက်ရသည်။ “အရင်တုန်းက သခင်လေးမှာ မိန်းမရှိတယ် မကြားမိပါဘူးနော်”
လင်ယွိရှို့က ပြုံးရွှင်စွာ တုံ့ပြန်လိုက်သည်။ “မကြာသေးခင်ကမှ လက်ထပ်ခဲ့တာပါ… မောင်နဲ့ ကျွန်မ လက်ထပ်ပြီးတဲ့နောက် ကောင်းကင်နတ်ဘုံကို ဖျက်ဆီးခဲ့တယ်လေ”
နန့်ရှန်း အံ့ဩသွားသည်။ “ဒါဆိုရင် သခင်မနဲ့ သခင်လေးက ကောင်းကင်နတ်ဘုံကို ဖျက်ဆီးဖို့ လက်ထပ်ခဲ့တာပေါ့”
လင်ယွိရှို့က ပြုံးနေသည်။ “ကျွန်မတို့က အခုဆို ကလေးယူဖို့ စီစဉ်နေကြပြီ … မောင်က မီလော့နန်းတော်ကို သွားပြီး ဆရာနဲ့ တွေ့ချင်တယ်လို့ ပြောတယ်… အသွားအပြန်ဆိုရင် နှစ်နှစ်လောက် ကြာမယ်တဲ့… မီလော့နန်းတော်ဆီ ရောက်တဲ့အခါ ကလေးလည်း မွေးလောက်ပြီ… ဆရာ့ကို နာမည်ပေးခိုင်းလို့ ရတာပေါ့”
နန်ရှန်း၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး မည်သည့်စကားမှ ထပ်မပြောတော့ချေ။
လက်ထပ်ပြီးနောက် ကောင်းကင်နတ်ဘုံကို ဖျက်ဆီးခဲ့ခြင်းက ချင်မူသည် အောင်မြင်ရန် သေချာကြိုသိခဲ့သောကြောင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ယခု ချင်မူကား ကလေးယူရန် စီစဉ်နေ၏။ သူ့တွင် မီလော့နန်းတော်ကို ဖျက်ဆီးနိုင်မည့် ယုံကြည်ချက် လုံလုံလောက်လောက် ရှိနေသည့် အဓိပ္ပာယ်လော။