မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်ဆုံခြင်း
Vol. 138 Ch. 1781
“သန္ဓေတည်ချိန်ကနေ မွေးဖွားလာမယ့် အချိန်အထိ စကြ၀ဠာ ၁၆ စင်းကို ဖြတ်သန်းသွားမယ့် ကလေး... ဆရာကိုယ်တိုင်ကလည်းနာမည်ပေးဦးမှာတဲ့လား”
နန့်ရှန်းက ချင်မူတို့ဇနီးမောင်နှံကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။ “သခင်လေးခုနစ်၊ ရှင်တို့ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ… ရှင်တို့ရဲ့ ကလေးက ဒီလိုကောင်းချီးမင်္ဂလာကို ခံယူနိုင်ပါ့မလား”
မြစ်သည် ရှည်လျားလှပြီး ချင်မူနှင့် လင်ယွိရှို့က သင်္ဘောဦးတွင် ရပ်နေကြ၏။ သူတို့က ၁၆ စင်းမြောက် စကြဝဠာ၏ ခမ်းနားတင့်တယ်သော သမိုင်းကို ငုံ့ကြည့်နေကြသည်။
ချင်မူက ပြုံးလိုက်သည်။ “ဒါပေါ့ ဘယ်ခံနိုင်ပါ့မလဲ… ဒါပေမဲ့ သူ့အဖေက ခံနိုင်အောင် လုပ်ပေးနိုင်တယ်”
နန့်ရှန်း၏ မျက်လုံးများ လင်းလက်သွားသည်။ “ဒါဆိုရင် ဒီခရီးမှာ သခင်လေးတို့ သေချာပေါက် အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပေါ့ … မီလော့နန်းတော်ဆီ ခေါ်သွားဖို့ သဘောတူခဲ့တာ ကျွန်မ နည်းနည်း နောင်တရလာပြီ”
လင်ယွိရှို့က ချင်မူ၏ လက်မောင်းကို ဖက်လိုက်ရင်း ပြုံးသည်။ “တာအိုမိတ်ဆွေနန့်ရှန်း စိတ်မပူပါနဲ့… ကျွန်မတို့လင်မယားက အန္တရာယ်မျိုးစုံကို ဖြတ်ကျော်ခဲ့ပြီးပါပြီ… ဆိုတော့ ဒီခရီးက သိပ်အန္တရာယ်မများပါဘူး”
နန့်ရှန်း စကားဆက်မပြောတော့ပေ။
ချင်မူမှာမူ ရင်ထဲ လှုပ်ခတ်နေသည်။ အဆုံးသတ်မြို့ပျက် ကြာပန်းတစ်ပွင့်က သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပျံထွက်လာကာ ဖရိုဖရဲမြစ်ထဲသို့ ညင်သာစွာ မျောလွင့်သွားသည်။ ကြာပန်းပွင့်သည် လည်သွားပြီး ကြာရွက်နှစ်ရက်သုံးရွက် ထွက်လာသည်။ ၎င်းတို့က တစ်ဖက်ကမ်းသို့ ရွက်လွှင့်နေသော လောကပေါင်းကူးရွှေသင်္ဘောနှင့်အတူ လိုက်ပါရွေ့လျားလာ၏။
ထို့နောက် ချင်မူက လောကသစ်ပင်ကို အသက်သွင်း၍ ဖရိုဖရဲမြစ်ထဲတွင် အမြစ်တွယ်စေပြီးနောက် အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်တို့အား ဖရိုဖရဲမြစ်၏ စွမ်းအင်ကို အတူတကွ စုပ်ယူစေလိုက်သည်။
လောကသစ်ပင်၏ အကိုင်းအခက်များနှင့် သစ်ရွက်များသည် ပိုမိုစိမ်းလန်းကြီးထွားလာပြီး အမြစ်များမှာလည်း သန်မာလာ၏။ အဆုံးသတ်မြို့ပျက်ကြာပန်းမှာလည်း ပိုမိုလှပတင့်တယ်လာသည်။
ခပ်ရေးရေး တာအိုအလင်းတန်းတို့က ကြာပလ္လင်ထဲမှ မြင့်တက်လာပြီး လင်ယွိရှို့၏ ဝမ်းဗိုက်ထဲသို့ စီးမျောသွားသည်။ တစ်ချိန်တည်းမှာပင် လောကသစ်ပင်ပေါ်တွင် ပန်းဖူးငုံတစ်ခု ထွက်ပေါ်လာ၍ ချီစွမ်းအင်အဆီအနှစ်တို့ မြောလွင့်လာသည်။ အဆီအနှစ်တို့သည် ကြာပလ္လင်၏ တာအိုအလင်းနှင့် ပေါင်းစပ်သွားပြီး လင်ယွိရှို့ဝမ်းဗိုက်ထဲရှိ သန္ဓေသားကို အာဟာရ ဖြည့်ပေးလိုက်ချေပြီ။
နန့်ရှန်းက တစ်ခုခု ပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်သွားသည်။ နောက်ဆုံးတွင်တော့ မမြင်ချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်၏။
“ငါက ခန်းမသခင်မတစ်ယောက်ပဲ… ဘာလို့ ဒီလောက် ဂရုစိုက်နေရမှာလဲ”
သူမ စိတ်ထဲမှ တွေးနေမိသည်။ “သခင်လေးတွေနဲ့ မီလော့နန်းတော်အပြင်ဘက်က မကောင်းဆိုးဝါးအိုကြီးတွေက ဒီကလေး မွေးဖွားလာတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး… ဒီခရီးလမ်းမှာ သေချာပေါက် အန္တရာယ်များလိမ့်မယ်”
တောင်ကောင်းကင်တွင်
ပိုင်ယွီကျင့်က တောင်ကောင်းကင်၏ အခြေအနေများအား ငြိမ်သက်စေပြီးနောက် အခြေခံပညာရေးအတွက် တက္ကသိုလ်များ ဖွင့်လှစ်ခဲ့သည်။ ပိုင်ယွီကျင့်နှင့် မင်းသားယိုမင်းတို့သည် တောင်ကောင်းကင်တိုက်ပွဲကို ရင်ဆိုင်ကျော်ဖြတ်၍ ကောင်းကင်နတ်ဘုံစစ်တပ်ကြီးကို အနိုင်ယူခဲ့၏။ ရှန့်ပင်းယင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကောင်းကင်နတ်ဘုံ၏ လက်ကျန်တပ်များက နေရာအနှံ့တွင် ပုန်ကန်သောင်းကျန်းကြသောကြောင့် ပိုင်ယွီကျင့်နှင့် မင်းသားယိုမင်းတို့မှာ ဆယ်နှစ်ကျော်ကြာမှ သူပုန်တပ်တို့အား ငြိမ်ဝပ်ပိပြားစေနိုင်ခဲ့သည်။
သို့သော် ကောင်းကင်နတ်ဘုံ၏ လက်ကျန်တပ်များမှာ တောင်ကောင်းကင်ထဲတွင် ပုန်းအောင်းနေဆဲ ဖြစ်သည်။ မကြာခဏ ပုန်ကန်မှုတစ်ကြိမ်၊ နှစ်ကြိမ် ပေါ်ပေါက်လာတတ်သော်လည်း ပုန်ကန်မှုကြီးကြီးမားမားတော့ မရှိတော့ချေ။
“အရှင်မင်းသား၊ ကျွန်မ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သွားပြီး ဧကရာဇ်ယန်ဖုန်းဆီမှာ တောင်ကောင်းကင်တိုက်ပွဲအခြေအနေကို တင်ပြပါ့မယ်… တောင်ကောင်းကင်မှာ လုပ်ရမယ့် အရာတွေ အများကြီးရှိတယ်… အထူးသဖြင့် ပညာရေးပေါ့… ကောင်းကင်နတ်အရှင်ဟွေ့က မွေးကတည်းက သူတို့ကို အဆိပ်ခတ်ခဲ့တာမလို့ ဖြေရှင်းဖို့ ခက်ခဲပါတယ်… ကျွန်မ ဒီတစ်ခေါက် ဧကရာဇ်ယန်ဖုန်းနဲ့ တွေ့ဆုံပြီး အကူအညီ တောင်းလိုက်ပါ့မယ်”
ပိုင်ယွီကျင့်က မင်းသားယိုမင်းအား သတိပေးသည်။ “အရှင်မင်းသားက ထူးကဲတဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပေမယ့် ရိုးသားလွန်းတယ်… ကျွန်မ ဒီခရီးက တစ်နှစ်၊ နှစ်နှစ်လောက်ကြာမှ ပြန်လာနိုင်မှာ… အရှင်မင်းသားအနေနဲ့ ရှန့်ပင်းယင်ကို သတိထားရပါမယ်”
မင်းသားယိုမင်းက တုံ့ပြန်သည်။ “ရှန့်ပင်းယင်လက်အောက်မှာ စစ်သည်တော်တွေ မရှိတော့ဘူး… မစိုးရိမ်ပါနဲ့…. သူသာ ပညာရှိတစ်ယောက်ဆိုရင် ပုန်းအောင်းနေပြီး ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး… ဒါမှ အသက်ရှင်နိုင်မှာလေ … သူသာ ကျွန်တော့်ကို လာတိုက်ခိုက်ရင် သေလမ်းပဲ ရှိလိမ့်မယ်”
ပိုင်ယွီကျင့်က ကိုယ်ရံတော်များကို ခေါ်ဆောင်လျက် ကောင်းကင်ဆရာသခင် ရတနာရထားလှည်းပေါ်သို့ တက်ကာ စွမ်းအင်အကူအပြောင်းတံတားထဲသို့ ဝင်ရောက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီထွက်ခွာသွားတော့သည်။
တောင်ကောင်းကင်၏ စွမ်းအင်အကူးအပြောင်းတံတားမှာ အရွယ်အစား သေးငယ်သဖြင့် သူမကဲ့သို့ အင်အားကြီးသိုင်းပညာရှင်ကို မထောက်ပံ့နိုင်ပေ။ တစ်လကြာပြီးနောက်မှ ပိုင်ယွီကျင့်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအင်အကူအပြောင်းတံတားဆီသို့ ရောက်သွား၏။
ကောင်းကင်ဆရာသခင် ရတနာရထားလှည်းက မြေပြင်နှင့် သိပ်မလှမ်းသော ကောင်းကင်ယံတွင် ပျံသန်းနေသည်။
ပိုင်ယွီကျင့်သည် အောက်ရှိ မြို့ရွာများကို ကြည့်ရှုရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများကို လေ့လာနေသည်။ ဇကရာဇ်ယန်ဖုန်းနှင့် တွေ့ဆုံရန် အလျင်လိုနေခြင်း မရှိပေ။
တောင်ကောင်းကင်တွင် ပြဿနာ များပြားလွန်းလှသည်။ မုန့်ယွင်ကွေ့၏ ဆန္ဒအတိုင်း တောင်ကောင်းကင်ပြည်သူများကို နိုးထလာစေချင်သော်လည်း နှစ်သုံးဆယ်နီးပါး အရိုးကြေကြေ အရေခမ်းခမ်း တိုက်ခိုက်ခဲ့ရပြီးနောက်၌ပင် တောင်ကောင်းကင်ပြည်သူများမှာ နတ်ဘုရားကို မြင်လျှင် ဒူးထောက်ဦးညွှတ်၍ ခုခံလိုစိတ် အနည်းငယ်မျှ မရှိကြသေးသဖြင့် သူမမှာ အားမလိုအားမရ ဖြစ်နေမိသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လာရောက်ရခြင်း၏ အခြားရည်ရွယ်ချက်တစ်ခုမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများနှင့် ပညာရေးကို စောင့်ကြည့်လေ့လာလို၍ ဖြစ်သည်။ သူတို့၏ အတွေ့အကြုံများကို မှီငြမ်း၍ တောင်ကောင်းကင်တွင် ကျင့်သုံးရမည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စစ်အား ဖြတ်သန်းခဲ့ရသောကြောင့် အရာအားလုံးကို အစမှ ပြန်လည်တည်ဆောက်နေရသည်။ သို့သော် စစ်ပွဲပြီးဆုံးပြီး ဆယ်နှစ်ကျော်အချိန်အတွင်းမှာပင် စစ်ပွဲမတိုင်မီက အခြေအနေသို့ လိုက်မီပေတော့မည်။
“ကောင်းကင်နတ်ဘုံသာဆိုရင် ဒီလိုစစ်ပွဲကြီးကို ဖြတ်သန်းပြီးတဲ့နောက် နှစ်ထောင်ပေါင်းများစွာ ကြာရင်တောင်မှ ပြန်မထူထောင်နိုင်လောက်ဘူး”
သူမက ရပ်၍ ရွာတစ်ရွာထဲ ဝင်သွားကာ မူလတန်းပညာရေးကို အကဲခတ်နေသည်။ ထို့နောက် ကောင်းကင်ရှိ နတ်ဘုရားမြို့များထံ သွားရောက်ကာ တက္ကသိုလ်ပညာရေးကို လေ့လာခဲ့၏။ အတွေ့အကြုံများစွာ ရရှိခဲ့ပြီး စိတ်ထဲတွင်လည်း ခံစားချက်များစွာ ဖြစ်တည်လာခဲ့သည်။
သို့သော် ပြဿနာများစွာကိုလည်း တွေ့ရှိခဲ့၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျေးရွာများတွင် ပြဿနာများ ရှိနေသည်။ လူငယ်လူရွယ်အများစုမှာ မြို့ပေါ်သို့ သွားရောက် အလုပ်လုပ်ကိုင်နေထိုင်ကြပြီး လင်မယားနှစ်ဦးစလုံး ထွက်ခွာသွားတတ်ကြသည်။ ကျေးရွာများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသာ ကျန်ရှိနေခဲ့သည်။ ကျေးရွာတို့၏ သွက်လက်မှုကို ပျောက်ကွယ်စေသည်သာမက ထိန်းမနိုင်သိမ်းမရသော အခြေအနေများလည်း ဖြစ်ပေါ်လာစေ၏။
ဧကရာဇ်ယန်ဖုန်းသည်လည်း ဤပြဿနာကို သတိပြုမိသဖြင့် ကောင်းကင်နတ်သိုင်းပညာရှင်များစွာအား အခကြေးငွေပေး၍ ကျေးရွာများထံ စေလွှတ်ကာ ပညာသင်ကြားပေးစေသည်။ သို့သော် ကျေးရွာများသို့ သွားရောက်လိုသော ကောင်းကင်နတ်သိုင်းပညာရှင်များမှာ အောင်မြင်မှု မမြင့်မားသူများသာ ဖြစ်ကြသည်။ အမှန်တကယ် အရည်အချင်းရှိသူများကတော့ နတ်ဘုရားမြို့များတွင်သာ ကျန်ခဲ့ကြ၏။
ကျေးရွာများ၏ ပညာရေးအရည်အသွေးမှာ အလွန် စိုးရိမ်ဖွယ်ကောင်းပြီး မြို့နေပညာရေးနှင့် သိသိသာသာ ကွာဟနေလေသည်။
ကျေးရွာများရှိ ကလေးသူငယ်တို့သည် မိဘများ၏ ကြပ်မတ်မှုမရှိဘဲ လွှတ်ထားခံရသဖြင့် နောက်မျိုးဆက်အတွက် အလွန်အကျိုးယုတ်စေနိုင်၏။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ဒါကို ဘယ်လိုဖြေရှင်းမလဲ”
ယနေ့တွင် သူမ ကျေးရွာမူလတန်းကျောင်းတစ်ကျောင်းသို့ ဝင်ရောက်သွားရာ ကလေးအားလုံး သင်ယူလိုသည့် စိတ်ဓာတ် အလွန်ပြင်းထန်နေသည်ကို တွေ့လိုက်ရသည်။ ဤမူလတန်းကျောင်းမှာ အနီးပတ်ဝန်းကျင်ရွာများတွင် အလွန်နာမည်ကြီး၏။ ကျေးရွာရှိ ကလေးများမှာ အောင်မြင်ကျော်ကြားရန် အသည်းအသန် ကြိုးစားသင်ယူနေကြသဖြင့် သူမအား ရင်ထဲ ထိသွားစေသည်။
“ကျေးရွာနေ ကလေးတွေက မြို့နေ ကလေးတွေထက် ဆယ်ဆ ပိုပြီး ကြိုးစားဖို့ လိုအပ်တယ်… မြို့နေကလေးတွေထက် ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက် အချိန်ပေးမှ သူတို့တွေနဲ့ တန်းတူရပ်တည်နိုင်လိမ့်မယ်… ဒါပေမဲ့ ဒီတိုးတက်ဖို့ လမ်းကြောင်းက ပိတ်ဆို့မခံထားရဘူး… ဒါက ကောင်းတဲ့ကိစ္စပဲ”
သူမ ထိုသို့ စဉ်းစားနေရင်း ရုတ်တရက် ကျေးရွာမှ လူငယ်ဆရာတစ်ဦးကို တွေ့လိုက်ရသဖြင့် ရင်ထဲ လှုပ်ရှားသွားလေသသည်။
ထိုလူငယ်မှာ အလွန်ထက်မြက်မည့်ဟန်ပန် ရှိပြီး ကလေးသူငယ်များအား ကောင်းကင်နတ်သိုင်းများအကြောင်း သင်ကြားရှင်းပြနေသည်။ သူ့တွင် ကောင်းကင်နတ်သိုင်းအသုံးပြုမှုနှင့်ပက်သက်၍ ထူးခြားသော အတွေးအမြင်များ ရှိနေ၏။
ပိုင်ယွီကျင့်ကို စိတ်လှုပ်ရှားသွားစေသည့် အချက်က ဤလူငယ်ဆရာနှင့် ရင်းနှီးနေသလို ခံစားနေရခြင်းပင်။
“သင်ယူတယ်ဆိုတာက ပြန်လည်အသုံးချဖို့ကွယ့််… သင်ယူပြီး အသုံးမချရင် အချိန်ကုန်တာပဲ အဖတ်တင်တယ်…. သင်ယူပြီးတာကို အသုံးချတတ်ဖို့ လမ်းတစ်လမ်း ရှိတယ်… အဲ့ဒါက တွေးခေါ်ခြင်းလို့ ခေါ်တယ်”
ထိုလူငယ်ဆရာသည် တည်ငြိမ်စွာ ပြောဆိုနေပြီး အတော်လေး အမြင်ကျယ်၏။ “စဉ်းစားတွေးခေါ်ခြင်းပေါ့…. သင်္ကေတတွေကို အလွတ်ကျက်မှတ်တာက မကောင်းဘူး… သင်္ကေတတစ်ခုချင်းစီရဲ့ နိယာမတွေ၊ သင်္ကေတပေါင်းစပ်တာတွေရဲ့ နိယာမတွေကို စဉ်းစားတွေးခေါ်ဖို့ လိုအပ်တယ်… ပြီးတော့ အထဲမှာ ပါဝင်တဲ့ တာအိုကို စဉ်းစားတွေးခေါ်ဖို့ လိုအပ်တယ်… ဒီလိုဆိုရင် အများကြီး ပိုလွယ်ကူသွားလိမ့်မယ်…”
ပိုင်ယွီကျင့် တိတ်ဆိတ်စွာ စောင့်နေမိသည်။ မကြာမီတွင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး လူငယ်ဆရာက စာအုပ်များကိုင်၍ အပြင်ထွက်လာသည်။
ပိုင်ယွီကျင့်က အပြုံးလေးဖြင့် သူ့ကို တားလိုက်သည်။ “တာအိုမိတ်ဆွေ၊ ကျွန်မ ရှင် စာသင်နေတာကို နားထောင်ရင်း အတော်လေး အသိအမြင်ရခဲ့ပါတယ်… ရှင့်အရည်အချင်းနဲ့ သိမြင်နားလည်နိုင်စွမ်းက ထူးကဲနေတာပဲ… ဘာလို့ ဒီမူလတန်းကျောင်းမှာ စာသင်နေရတာလဲ… ရှင် မြို့ကြီးတစ်မြို့ဆီ သွားရင် သေချာပေါက် အနာဂတ်ပိုကောင်းမှာ မဟုတ်လား”
ထိုလူငယ်ဆရာမှာ သူမ၏အဟန့်အထည်ကို သတိထားမိသည့်အခါ အင်အားကြီး သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ သူ မနှိမ့်ချသလို မမောက်မာဘဲ အရိုအသေပေးကာ ပြော၏။ “ကျုပ်က ဒီနေရာမှာ မွေးဖွားခဲ့တာ… ဇာတိမြေအပေါ် သံယောဇဉ် ရှိတယ်… မြို့ထဲမှာ ပညာသင်ယူပြီးတဲ့နောက် ပြန်လာခဲ့တာ ထုံးစံပါပဲ… ဒီထက် ပိုများတဲ့သူတွေကို စာသင်ပေးပြီး သူတို့ရွာထဲကနေ ထွက်သွားနိုင်အောင် ကူညီပေးဖို့ စီစဉ်ထားတယ်”
“ဒါပေမဲ့ ရှင် နှောင့်နှေးသွားနိုင်တယ်… ရှင်က ပိုကောင်းတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်နေသင့်တာလေ”
ပိုင်ယွီကျင့် စမ်းသပ်လိုက်သည်။ “ရှင်သာ ဆန္ဒရှိရင် ကျွန်မ နန်းစိုက်မြို့တော်ဆီ ခေါ်သွားနိုင်တယ်… အဲ့ဒီနေရာမှာ ရှင့်ရဲ့ အရည်အချင်းကို ပြသနိုင်လိမ့်မယ်”
ထိုလူငယ်ဆရာက ခေါင်းခါကာ ငြင်းသည်။
“မုန့်ကျစ်ယွင် သွားကြစို့” အဝေးမှ ဆရာတစ်ဦးက လူငယ်ကို လက်ယပ်လှမ်းခေါ်သည်။
လူငယ်ဆရာက တောင်းပန်စကားဆိုတာ လျင်မြန်စွာ ထွက်ခွာသွားသည်။
“မုန့်ကျစ်ယွင်…”
ပိုင်ယွီကျင့်မှာ သူ ထွက်ခွာသွားသည်ကို လိုက်ကြည့်နေပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာသည်။ သူမက ကောင်းကင်ဆရာသခင် ရတနာရထားလည်းပေါ်သို့ တက်သွားပြီး ပြတင်းပေါက်မှတဆင့် မုန့်ကျစ်ယွင်ကို ကြည့်နေသည်။ နှုတ်မှ ခပ်တိုးတိုး ရေရွတ်နေ၏။ “ရှင်လား… အစ်ကိုတော်မုန့်… ခွေ့အာ၊ မြေကြီးတစ်ဆုပ် ယူလာခဲ့”
ကိုယ်ရံတော်တစ်ဦးက မြေပြင်မှ မြေကြီးတစ်ဆုပ်အား အလျင်အမြန် ကောက်ယူလာပြီး လှည်းထဲ ပေးလိုက်သည်။
ပိုင်ယွီကျင့်က မြေကြီးကို အမွှေးတိုင်အဖြစ်သို့ ပြောင်းလဲလိုက်၏။ အမွှေးတိုင်ကို မီးညှိလိုက်သည့်အခါ မီးခိုးများ တလိပ်လိပ် တက်လာပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိသော မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
ပိုင်ယွီကျင့်က အရိုအသေပေးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင် လူတစ်ယောက်ရဲ့ ဇာစ်မြစ်ကို စစ်ဆေးပေးဖို့ တောင်းဆိုချင်ပါတယ်”
မီးခိုးများဖြင့် ဖွဲ့စည်းထားသော ချင်ဖုန်းကျင့်က မျက်လုံးများ ဖွင့်၍ အေးစက်စွာ ပြောလိုက်သည်။ “ဒီစစ်ပွဲမှာ ဘဝပြန်ဝင်စားခြင်း လမ်းခြောက်သွယ်က လှည့်ပတ်နေပြီး အသက်ပေါင်းများစွာရဲ့ ဇာစ်မြစ်အပေါ် သက်ရောက်မှု ရှိခဲ့တယ်… အလွယ်တကူ စစ်ဆေးလို့မရဘူး… ကျုပ် တောင်နတ်မင်းအတွက် ဘက်မလိုက်နိုင်ဘူး”
ပိုင်ယွီကျင့်မှာ အလျင်အမြန် ပြောလိုက်၏။ “ကျွန်မရဲ့ သမီးနဲ့ သားရဲကမ္ဘာ အရှင်သခင်ရဲ့ မျက်နှာကို ထောက်ထားပြီး…”
ချင်ဖုန်းကျင့်မှာ ကူကယ်ရာမဲ့သွားတော့သည်။ “နောက်တစ်ခါတော့ မရတော့ဘူး”
ပိုင်ယွီကျင့်လည်း စိတ်အေးစွာ သက်ပြင်းချ၍ မုန့်ကျစ်ယွင်အား စစ်ဆေးခိုင်းလိုက်၏။
ခဏအကြာတွင် ချင်ဖုန်းကျင့်က ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ မုန့်ယွင်ကွေ့၊ ယိုတုထဲမှာ ငရဲ ၃၁ နှစ် ကျခဲ့တယ် …. သူဟာ ဝဋ်ဆင်းရဲကို ချေဖျက်ပြီးနောက် မုန့်မိသားစုဆီ ပြန်လည်ဝင်စားခဲ့တယ်… အခု ဆယ့်ရှစ်နှစ်ရှိပြီ”
ပိုင်ယွီကျင့်မှာ နှလုံးသားထဲ တုန်လှုပ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “တကယ်ပဲ သူကိုး… သူ ဘာလို့ ငါ့ကို မမှတ်မိတာလဲ”
“တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် လူဝင်စားအားလုံးရဲ့ မှတ်ဉာဏ်အားလုံး ဖျက်ပစ်ရတယ်… သူ့ရဲ့ အရင်ဘဝမှတ်ဉာဏ်တွေက ငရဲမှာ ပြာကျသွားခဲ့ပြီးပြီ”
ချင်ဖုန်းကျင့်က မီးခိုးအဖြစ် ပြောင်းလဲပျောက်ကွယ်သွားချေပြီ။ သူ၏အသံက ယိုတုထဲမှ ထွက်ပေါ်လာသည်။ “တောင်နတ်မင်း၊ ခင်ဗျား သူ့ကို စွက်ဖက်ခွင့် မရှိဘူး… သူ့ရဲ့ မှတ်ဉာဏ်ကို နိုးထလာစေလို့ မရဘူး… မဟုတ်ရင် ယိုတုရဲ့ စည်းကမ်းကို ချိုးဖောက်တာပဲ… ကျုပ်က သိပ်ရက်စက်တယ်နော်… လုံးဝညှာတာသနားတတ်တဲ့သူ မဟုတ်ဘူး..”
ပိုင်ယွီကျင့်မှာ အတန်ကြာ ငေးကြောင်နေပြီးနောက် ရုတ်တရက် ရတနာရထားလှည်းကို တွန်းဖွင့်ကာ ထွက်ခွာသွားသည်။ သူမကား အလျင်အမြန်ပင် မုန့်ကျစ်ယွင် ရှေ့သို့ ရောက်သွားချေပြီ။
မုန့်ကျစ်ယွင်က သူမကို တအံ့တဩ ကြည့်၍ ဇဝေဇဝါဖြစ်နေသည်။ ပိုင်ယွီကျင့်က သူမ၏နာမည်စာလိပ်အား သူ့ထံ ပေး၍ ပြုံးပြလိုက်သည်။ “ကျွန်မက တောင်ကောင်းကင်ရဲ့ ပိုင်ယွီကျင့်ပါ… တာအိုမိတ်ဆွေမုန့် ၊ နောင်တစ်ချိန်မှာ တောင်ကောင်းကင် ဒါမှမဟုတ် နန်းစိုက်မြို့တော်ဆီ ရောက်ခဲ့ရင် ကျွန်မကို လာရှာနိုင်ပါတယ်”
မုန့်ကျစ်ယွင်မှာ စာလိပ်ကို လက်ခံယူလိုက်သည်။ ပိုင်ယွီကျင့်က အလွန်ပျော်ရွှင်စွာဖြင့် လှည့်ထွက်သွားလေသည်။
နောက်ထပ် တစ်လကြာပြီးနောက် ပိုင်ယွီကျင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်သို့ ရောက်ရှိလာသည်။
ယန်ယွင်ရှီက ကရာဇ်ယန်ဖုန်း၏ အမိန့်အရ လာရောက်ကြိုဆိုပြီး သူမကို မြို့တော်ထဲသို့ ဖိတ်ခေါ်သည်။ “အရှင်မင်းကြီးက ရှင် ရောက်လာတဲ့သတင်းကို သိပါတယ်… ဒီခရီးရဲ့ ရည်ရွယ်ချက်ကိုလည်း ခန့်မှန်းမိပါတယ်… ကောင်းကင်နတ်သိုင်းပညာရှင်သုံးသောင်းကို တောင်ကောင်းကင်ဆီ စေလွှတ်လိုက်ပါပြီ… ကောင်းကင်နတ်သိုင်းပညာရှင်သုံးသောင်းက ကျောင်းနဲ့ တက္ကသိုလ်တစ်ရာကျော် ဖွင့်လှစ်နိုင်ပါတယ်”
“တစ်ရာက ဘယ်လိုလုပ် လောက်မှာလဲ”
ပိုင်ယွီကျင့်က ခြင်္သေ့တစ်ကောင်အလား ရဲရဲတင်းတင်း မေးကာ လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။ “အနည်းဆုံး ကျောင်းနဲ့ တက္ကသိုလ်တစ်သိန်း ဖွင့်ရမယ်… ကောင်းကင်ဆရာသခင်ကျစ်ရှီ၊ ရှင် မမေ့လိုက်နဲ့နော်… ရှင် အရင်က ယောက်ျားယောင်ဆောင်ပြီး ကျွန်မရဲ့ ခံစားချက်ကို နှစ်သောင်းချီကြာအောင် ကစားခဲ့တာ… ရှင် ကျွန်မအပေါ် အကြွေးတင်နေတယ်”
ယန်ယွင်ရှီမှာ အမျိုးသမီးတစ်ယောက်လို ပြန်လည်ဝတ်ဆင်ထားပြီဖြစ်၏။ ထိုစကားကို ကြားလျှင် အားတုံ့အားနာ ဖြစ်သွားသည်။ “စစ်ပွဲပြီးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဒီလောက်များတဲ့ လူအင်အား မရှိတော့ဘူး… အခုဆိုရင် ရွှင်ပျော်ပျော်ကျေးရွာနဲ့ ချိမင်ရွှမ်းခုံးကမ္ဘာတောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပေါင်းစည်းလိုက်ရပြီ… လူအင်အားက သိပ်ကို လိုအပ်နေတာ… တောင်ကောင်းကင်ဆီ ပေးလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပညာရေးက ပျက်စီးသွားလိမ့်မယ်.. အရင်ဆုံး သည်းခံလိုက်ပါဦး…”
သူမအနေဖြင့် ပိုင်ယွီကျင့်၏ ခံစားချက်များကို အတိတ်တုန်းက လှည့်စားမိခဲ့သောကြောင့် အပြစ်ရှိကြောင်း သိသည်။ သို့သော် ယခုအခါတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း လူအင်အားအပို မရှိသဖြင့် မတတ်နိုင်ပေ။
ပိုင်ယွီကျင့်က သူမနှင့်အတူ ဘေးချင်းယှဉ်လျှောက်ရင်း ရုတ်တရက် ပြောလိုက်သည်။ “ကျွန်မ ကောင်းကင်ဆရာသခင်မုန့်ရဲ့ လူဝင်စားနဲ့ တွေ့ခဲ့တယ်… သူ အခု သိပ်အဆင်ပြေနေတယ်… ကိုယ်ပိုင်အလုပ်နဲ့ အတွေးအခေါ်တွေ ရှိနေပြီ… သူ့ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် နောင်တစ်ချိန်မှာ အရင်ဘဝနဲ့ မတူတဲ့ အောင်မြင်မှုတစ်ခု ရလိမ့်မယ်…. ကွမ်းချာကိစ္စလည်း ကြားပြီးပြီ… ရှင် သူ့ကို သွားရှာခဲ့သေးလား”
ယန်ယွင်ရှီမှာ ဤစကားကို ကြားသည်နှင့် မျက်နှာညှိုးငယ်သွားသည်။ “လူဝင်စား ဖြစ်ပြီးတဲ့နောက် လယ်သမားက ကျွန်မကို မကြိုက်ဘူး…”
ပိုင်ယွီကျင့် မှင်သက်သွားပြီးနောက် ပါးစပ်ကိုအုပ်ကာ ခိုးရယ်လိုက်သည်။ “ကျစ်ရှီ၊ ရှင့်မှာလည်း ဒီလိုနေ့မျိုး ရောက်လာပြီပေါ့”
ယန်ယွင်ရှီက သူမကို မျက်စောင်းထိုး၍ ကူကယ်ရာမဲ့စွာ ပြော၏။ “သူက သိပ်ခေါင်းမာတာပဲ ... ဒါပေမဲ့ ရှင် စိတ်မပူပါနဲ့… သူ အနှေးနဲ့အမြန် ကျွန်မကို ကြိုက်လာမှာ”
ပိုင်ယွီကျင့်လည်း သတိရသွားသဖြင့် ကပျာကယာ မေးလိုက်သည်။ “ရှင် ကွမ်းချာ ပြန်ဝင်စားတဲ့နေရာကို ဘယ်လိုသိခဲ့တာလဲ… မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်က ဘက်မလိုက်တတ်ဘူးဆိုပြီး ကျွန်မကို ပြောခဲ့တာ”
“ပေါက်ကရတွေ ပြောနေတာ”