← Chapters

သိုင်းလောက၏ အမေ့ခံ

Vol. 138 Ch. 1782

သိုင်းလောက၏ အမေ့ခံ

Vol. 138 Ch. 1782

ပိုင်ယွီကျင့်နှင့် ယန်ယွင်ရှီတို့ တော်ဝင်နန်းတော်ထဲသို့ ရောက်လာသည်။ ဧကရာဇ်ယန်ဖုန်းမှာ နိုင်ငံရေးအမှုကိစ္စများအား စီမံဖြေရှင်းရင်း အလွန်အလုပ်များနေသည်။ ကောင်းကင်နတ်ဘုံမှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်သော်လည်း ကောင်းကင်နတ်ဘုံ၏ အင်အားမှာ အလွန်ကြီးမားနေ‌သေးသည်။ နေရာဒေသအသီးသီးတွင် ကောင်းကင်နတ်ဘုံ၏ လက်ကျန်တပ်များက မကြာခဏ ဆူပူသောင်းကျန်းတတ်ကြသည်။

ထိုမျှသာမက ကောင်းကင်နတ်ဘုံ ပျက်စီးသွားသဖြင့် ကောင်းကင်ဘုံအပေါင်းတွင် အုပ်ချုပ်မည့်သူ မရှိတော့ချေ။ ထိုကောင်းကင်ဘုံများက ကောင်းကင်နတ်ဧကရာဇ်၏ ရာထူးနေရာအပေါ် မျက်စိကျနေကြသည်။

ပိုင်ယွီကျင့်က တင်ပြ၏။ “အရှင်မင်းကြီး၊ ခေါင်းဆောင် မရှိရင် သေချာပေါက် ဖရိုဖရဲ ဖြစ်လာပါလိမ့်မယ်… အခုအချိန်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ ကမ္ဘာဦးဘုံကို အုပ်စိုးထားပြီး ကောင်းကင်ဘုံအားလုံးရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်… ဆိုတော့ ခွန်အားကလည်း အကြီးမားဆုံးပါပဲ… အရှင်မင်းကြီးသာ နောက်ခြေတစ်လှမ်း တက်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံတွေက ဆူပူမှုတွေ တဖြည်းဖြည်း ငြိမ်သက်သွားပါလိမ့်မယ်…. အရှင်မင်းကြီးသာ နေရာမယူခဲ့ရင် ကောင်းကင်ဘုံတွေရဲ့ ပုန်ကန်မှုက ဆက်ဖြစ်နေပြီး ပိုပြင်းထန်လာပါလိမ့်မယ်… ဒါက ကမ္ဘာလောကအားလုံးအတွက် ကောင်းချီးမင်္ဂလာ မဟုတ်ပါဘူး”

ဧကရာဇ်ယန်ဖုန်းက တုံ့ပြန်သည်။ “ကောင်းကင်ဆရာသခင်ပိုင် ပြောတာကို ကျုပ် နားလည်ပါတယ်… ဒါပေမဲ့ လောကက အများပိုင် ဖြစ်တယ်… ကျုပ်သာ ကောင်းကင်နတ်ဧကရာဇ်အဖြစ် ဆက်ခံလိုက်ရင် အများပိုင်ပစ္စည်းကို ကိုယ်ကျိုးအတွက် အသုံးပြုတာ ဖြစ်သွားလိမ့်မယ်… အချိန်တိုအတွင်းတော့ လက်ခံနိုင်ပေမယ့် ကြာရှည်လာရင် ကျုပ်လည်း နောက်ထပ် ကောင်းကင်နတ်အရှင်ဆယ်ပါး ဖြစ်သွားလိမ့်မယ်… ပြုပြင်ပြောင်းလဲမှုရဲ့ အရှိန်အဟုန်သာ ဆုံးရှုံးသွားရင် ကြာရှည်ခံနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်”

သူ မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်ရှိ ကမ္ဘာလောကသို့ ကြည့်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကြွယ်ဝတိုးတက်နေချေပြီ။ “ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူဟာ ကမ္ဘာလောက ဖြစ်ခဲ့တယ်… လောကကို သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားခဲ့တယ်… ကောင်းကင်နတ်ရှင်ဆယ်ပါးက ‌ကမ္ဘာလောက မဟုတ်ပေမ အကျိုးစီးပွားတူအုပ်စု ဖြစ်ပြီး အာဏာက သူတို့ရဲ့ အသိုင်းအဝိုင်းငယ်လေးထဲမှာ လည်ပတ်နေခဲ့တယ်…ကျုပ် ဒီလိုမဖြစ်ချင်ဘူး... ဒီလိုလုပ်တာက ထိုက်ချူနဲ့ ဘာကွာခြားလို့လဲ… ကောင်းကင်နတ်ဆယ်အရှင်ဆယ်ပါးနဲ့ ဘာကွာတော့လို့လဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာက အရင်လမ်းဟောင်းကိုပဲ ပြန်လျှောက်မိလိမ့်မယ်”

ပိုင်ယွီကျင့် မျက်မှောင်ကြုတ်၍ အကဲစမ်းလိုက်သည်။ “အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်ရာထူးနေရာအတွက် အချိန်တစ်ခု သတ်မှတ်လို့မရဘူးလား”

ဧကရာဇ်ယန်ဖုန်း စိတ်ဝင်စားသွားပြီး မေးသည်။ “ကောင်းကင်ဆရာသခင် ‌ကျေးဇူးပြုပြီး ပြောပါ”

“အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်အဖြစ် ရာထူးဆက်ခံပြီး စည်းကမ်းတွေ ချမှတ်ပါ… ဒါပေမဲ့ တာအိုအဆင့်အထိ ကျင့်ကြံအောင်မြင်ရင် ဒါမှမဟုတ် နှစ်ပေါင်းဘယ်‌လောက်အထိ ထီးနန်းစိုးစံပြီးရင်... အချိန်ပြည့်တာနဲ့ ကိုယ်တိုင်နန်းဆင်းပြီး အရည်အချင်းရှိသူကို နေရာပေးရမယ်”

ပိုင်ယွီကျင့်က အရိပ်အခြည်အကဲခတ်ရင်း ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။ “အရှင်မင်းကြီးက နိုင်ငံရဲ့ တည်ထောင်သူ ဖြစ်တယ်… အောင်မြင်မှုမှာ နောက်မျိုးဆက်တွေထဲက ဘယ်သူမှ အရှင်မင်းကြီးကို မကျော်လွန်နိုင်ဘူး… အရှင်မင်းကြီးတောင် ဒီလိုလုပ်ခဲ့မှတော့ နောက်မျိုးဆက်တွေလည်း ဒီရာထူးမှာ ထာဝရထိုင်နေရဲမှာ မဟုတ်ဘူး.. ပြီးတော့ မျိုးဆက်အလိုက် ကောင်းကင်နတ်ဧကရာဇ်တွေ နန်းဆင်းတာက နတ်ရွာစံလို့ မဟုတ်ဘဲ တာအိုအောင်မြင်သွားတာ ဒါမှမဟုတ် သီးသန့်နေထိုင်ချင်လို့ပဲ… အနာဂတ် ကောင်းကင်နတ်ဧကရာဇ်တွေအတွက်လည်း မျိုးဆက်အလိုက် ကောင်းကင်နတ်ဧကရာဇ်တွေ ရှေ့မှာ ရှိနေမှတော့ မဆင်မခြင် လုပ်ရဲမှာမဟုတ်ဘူး… ဒီလိုဆိုရင် ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုတဲ့ စိုးရိမ်မှုကို ဖြေရှင်းနိုင်ပြီ”

ဧကရာဇ်ယန်ဖုန်းမှာ ဤအကြံကို ကြားသည်နှင့် မျက်လုံးများ လင်းလက်သွားပြီး ခေါက်တုံခေါက်ပြန် လျှောက်နေကာ ရုတ်တရက် ပြောလိုက်သည်။ “ဒါဆိုရင် နန်းဆင်းသွားတဲ့ ကောင်းကင်နတ်ဧကရာဇ်တွေ ဘယ်ကို သွားမှာလဲ… သူတို့က အာဏာပလ္လင်ပေါ်မှာ အကြာကြီး နေထိုင်ခဲ့ကြတာလေ… တစ်နေ့မှာ နန်းဆင်းသွားရင် အာဏာကို မက်မောတွယ်တာနေဦးမှာပဲ… မူဝါဒသစ်ကို ဝင်ရောက်စွက်ဖက်ရင် ဧကရာဇ်အသစ်အတွက် အခက်အခဲတွေ အများကြီးဖြစ်စေလိမ့်မယ်”

“ဒါက…”

ပိုင်ယွီကျင့် ဖြေရန် ခက်သွားသည်။ ယန်ယွင်ရှီကို ကြည့်လိုက်ရာ ယန်ယွင်ရှီမှာလည်း မည်သို့ဖြေရမည်ကို မသိပေ။

အာဏာမှာ အလွန်ညှို့အားပြင်းသည် မဟုတ်လော။ မဟာဧကရာဇ် နှင့် ထိုက်ချူလည်း အလားတူဖြစ်ခဲ့သလို ကောင်းကင်နတ်ဆယ်ပါးလည်း ထိုနည်းတူပင်။ ဧကရာဇ်ဟောင်းသည် နန်းဆင်းပြီးနောက်တွင်လည်း အာဏာကို မက်မောတွယ်တာကာ ဧကရာဇ်သစ်ကို ထိန်းချုပ်ထားပါက လောကကား ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အုပ်ချုပ်မှုအောက်သို့သာ ရောက်သွားပေလိမ့်မည်။

ဤအခိုက်အတန့်တွင် အဘွားစစ်၊ ရွာလူကြီးတို့ ဘိုးဘေးနန်းတော်မှ ပြန်ရောက်လာကြကာ ဧကရာဇ်ကို လာရောက်တွေ့ဆုံကြသည်။ ဧကရာဇ်ယန်ဖုန်းမှာ အံ့ဩဝမ်းသာသွားပြီး သူတို့ကို ကပျာကယာ ဖိတ်ခေါ်လိုက်၏။

အဘွားစစ်က ဧကရာဇ်ယန်ဖုန်းအား ဘိုးဘေးနန်းတော်၏ တိုက်ပွဲအခြေအနေကို တင်ပြသည်။ “ကောင်းကင်နတ်အရှင်မူက ကျွန်မတို့ကို ပြန်ပို့ပေးလိုက်ပြီး ဧကရာဇ်ဆီ လျှောက်တင်ခိုင်းလိုက်ပါတယ်… ဘိုးဘေးနန်းတော် ချိပ်ပိတ်ခံလိုက်ရပေမယ့် သူက လမ်းကြောင်းတစ်ခု ချန်ထားခဲ့တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည်ရှိတဲ့သူ မှန်သမျှ ဘိုးဘေးနန်းတော်ထဲကို ဝင်ရောက်လေ့ကျင့်နိုင်ပြီး တာအိုအဆင့်အထိ တက်နိုင်ဖို့ ကြိုးစားနိုင်တယ်တဲ့”

ဧကရာဇ်ယန်ဖုန်းမှာ ဤစကားကို ကြားသည်နှင့် ဟားတိုက်ရယ်မောလိုက်ပြီး ပိုင်ယွီကျင့်နှင့် ယန်ယွင်ရှီတို့ကို ပြောလိုက်သည်။ “အခုတော့ ဧကရာဇ်ဟောင်းတွေအတွက် သွားရမယ့် နေရာ ရှိသွားပြီ”

သူက ချက်ချင်းပင် စီစဉ်ကာ လေးနက်စွာ အမိန့်ပေးသည်။ “မှူးမတ်အားလုံး ဆင့်ခေါ်ပြီး တစ်လောကလုံးကို ကြေညာလိုက်… ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ ကောင်းကင်နတ်ဘုံကို တည်ထောင်ပြီး ငါက ပထမမျိုးဆက် ကောင်းကင်နတ်ဧကရာဇ်အဖြစ် ခံယူမယ်… မင်းတို့အားလုံး ငါ့ကို စည်းမျဉ်းဥပဒေ‌တွေ ချမှတ်ဖို့ ကူညီကြ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ကောင်းကင်နတ်ဘုံကို တည်ထောင်ပြီး၍ မနာခံသူရှိပါက တရားဝင်တိုက်ခိုက်နိုင်သည်။ ဤသို့ဖြင့် ကမ္ဘာလောကများအတွင်း ရှုပ်ထွေးနေမှုများ တဖြည်းဖြည်း ငြိမ်သက်သွားလိမ့်မည်။

ယနေ့တွင် ဧကရာဇ်ယန်ဖုန်း နန်းတက်ပြီး ကောင်းကင်နတ်ဧကရာဇ်အဖြစ် ခံယူခဲ့သည်။ ကမ္ဘာလောကအပေါင်းမှ သံတမန်များ လာရောက်ဂါရဝပြုကြသည်။ ကောင်းကင်နတ်ဧကရာဇ်နန်းတက်ပွဲကား အလွန်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အထက်မြို့တော်နှင့် အောက်မြို့တော်များတွင် နတ်ဘုရားအလင်းတန်းများက ကောင်းကင်သို့ ထိုးတက်လျက် အပြည့်အနှက် နေရာယူထားကြချေသည်။

ထိုစဉ် ကောင်းကင်ပြင်ပတွင် အမည်းရောင်နှင့် အဖြူရောင်အလင်းတန်းနှစ်တန်း လှုပ်ရှားနေပြီး ကြယ်တာရာများကို ရှုပ်ထွေးသွားစေသည်။

ဧကရာဇ်ယန်ဖုန်း နန်းတက်သည်နှင့် ဤသို့ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက်လာတော့၏။ အားလုံး စိုးရိမ်ပူပန်သွားကြပြီး ဧကရာဇ်ယန်ဖုန်းတွင် ကောင်းကင်နတ်ဧကရာဇ်၏ အရည်အချင်း မရှိဟု ထင်မြင်သွားကြသည်။

ရုတ်တရက် ထိုအမည်းရောင်နှင့် အဖြူရောင်ချီနှစ်တန်းသည် ကမ္ဘာဦးဘုံ၏ အကာအရံနံရံကို ထိုးဖောက်၍ ကောင်းကင်မှ ကျဆင်းလာသည်။ ယင်းက ထိုက်ကျိစက်၀န်းသဏ္ဌာန် လည်ပတ်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ ထိုးဆင်းလာတော့သည်။ အထက်မြို့တော်နှင့် အောက်မြို့တော်အားလုံးမှာ ထိုထိုက်ကျိစက်ဝန်းဖြင့် လွှမ်းခြုံခံလိုက်ရသည်။

“ထိုက်ကျိရှေးဟောင်းနတ်ဘုရား”

နန်းတွင်း၌ ရောက်နေသူများအားလုံး တုန်လှုပ်သွားပြီး တားဆီးရန် ပြင်လိုက်စဉ် ကုန်းစွန်းယန်က လျှောက်တင်သည်။ “အရှင်မင်းကြီး၊ ဒါက ထိုက်ကျိရှေးဟောင်းနတ်ဘုရား သေဆုံးသွားတဲ့ လက္ခဏာပါ… စိုးရိမ်စရာ မလိုပါဘူး”

တောင်နတ်မင်း ကျုချွဲ၊ ဝေစွေ့ဖုန်း၊ ပထမလူသားဧကရာဇ် စသည့် အင်အားကြီးသိုင်းပညာရှင်များမှာလည်း ဆန်းကြယ်မှုကို မြင်တွေ့သွားကြပြီး ချက်ချင်းပင် နတ်ဘုရားများကို ရပ်တန့်စေလိုက်သည်။

လူတိုင်း ကြည့်လိုက်ကြရာ ဤအမည်းရောင်နှင့် အဖြူရောင်ချီနှစ်ခုမှာ နဂါးနက်နှင့် နဂါးဖြူပမာ ပြုတ်ကျလာနေသည်။ နဂါးကြီးများသည် အလွန်ကြီးမားကျယ်ပြန့်လှပြီး မိုင်ပေါင်းမည်မျှရှိသည်ကို မသိနိုင်သည့်တိုင်အောင် ရှည်လျားလှ၏။ ကမ္ဘာဦးဘုံ၏ တောင်နှင့်မြောက်ကိုပင် ဖြတ်ကျော်လုနီးပါး ဖြစ်နေသည်။

ဤအမည်းရောင်နှင့်အဖြူရောင်နဂါးနှစ်ကောင်က ကျဆင်းလာပြီးနောက် တစ်ကောင်နှင့်တစ်ကောင် ကပ်လျက် အမြီးနှင့် ဦးခေါင်း ချိတ်ဆက်သွားကြသည်။ ချက်ချင်းပင် မြေကြီးသည် မြင့်တက်လာပြီး ချိတ်ဆက်နေသည့် လှပသောတောင်တန်းနှစ်ခု ဖြစ်ပေါ်လာသည်။ တောင်တန်းများသည် ရှည်လျားသွယ်တန်းနေပြီး ထိုက်ကျိချီစွမ်းအင်တို့က အရပ်လေးမျက်နှာသို့ ပျံ့နှံ့လာ၏။ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုမှာ တပွက်ပွက် အုံ့ကြွလာတော့သည်။

ဧကရာဇ်ယန်ဖုန်း အမိန့်ပေးလိုက်ရာ နတ်ဘုရားများက ထိုက်ကျိသတ္တုကြောဆီသို့ ပျံသန်းသွားကြပြီး လမ်းတစ်လျှောက်ရှိ ပြည်သူများကို ကာကွယ်ပေးလိုက်ကြသည်။

ဤအခိုက်အတန့်တွင် ရုတ်တရက် နဂါးဟိန်းသံများ အဆက်မပြတ် တွန်ကျူးလာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမြို့တော်ရှိ နဂါးသွေးကြောကိုးခုမှာ ထိုက်ကျိတာအိုနှင့် ထိုက်ကျိချီတို့၏ အာဟာရဖြည့်တင်းမှုကြောင့် လျင်မြန်စွာ ရင့်ကျက်လာချေပြီ။ နဂါးကိုးကောင်က တောင်တန်းများထဲမှ ပျံတက်လာပြီး ရှေးဟောင်းနတ်ဘုရားကိုးပါးအဖြစ် ပြောင်းလဲသွားကာ မြို့တော်ပတ်ပတ်လည်တွင် ပျံဝဲနေကြ၏။

ထိုက်ကျိသတ္တုကြောဘေး၌ ရှိနေသော နတ်ဘုရားတစ်ပိုင်း၊ လူသားမျိုးနွယ်၊ ငှက်များ၊ ပိုးမွှားနှင့် ငါးများဖြစ်စေ အရာအားလုံး၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားမှာ လျင်မြန်စွာ တိုးတက်လာသည်။ ထိုက်ကျိတာအို၏ အာဟာရဖြည့်တင်းမှုကို ရရှိသွားသဖြင့် တာအိုသို့ အပြိုင်အဆိုင် ဝင်ရောက်နေကြတော့၏။

ဤအခိုက်အတန့်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နှင့် မြေကြီးမဟာတာအိုမှာ ဆူပွက်လာသည်။ တစ်ခဏအတွင်း တာအိုအသံများ ကျယ်လောင်စွာ သောင်းးသောင်းဖြဖြ ညံလာကာ အဆက်မပြတ် တုန်ခါနေကြ၏။ တာအို၀င်ရောက်သွားသည့် နတ်ဘုရားများပင်လျှင် များစွာ ရှိနေသည်။

မြို့တော်ထဲတွင် ဧကရာဇ်ယန်ဖုန်းတို့နှင့် အခြားသူများမှာ အံ့ဩသံသယဖြစ်နေကြသည်။ ဤသည်မှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး အထွတ်အမြတ်ရတနာနှင့်အတူ ကျဆုံးသွားသဖြင့် ဖြစ်ပေါ်လာသော ဆန်းကြယ်မှုပင်။

ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် တာအိုသိုင်းပညာရှင်တစ်ပိုင်းအဆင့်တွင် ရှိပြီး ထိုက်ကျိတာအိုမှာလည်း လောကရှိ အရာအားလုံးကို ဆင့်ကဲပြောင်းလဲပေးနိုင်သည့် ထိုက်ငါးပါးမဟာတာအိုထဲမှ တစ်ပါး ပါဝင်သည်။ ထို့ကြောင့် ဤနေရာကို အထွတ်အမြတ်နယ်မြေအဖြစ် ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုက်ကျိရှေးဟောင်းနတ်ဘုရား အဘယ်ကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ရသနည်း။

ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် ထိုက်ရှီအကြား တိုက်ပွဲမှာ အတော်လေး အချိန်ကြာမြင့်ခဲ့၏။ သူတို့မှာ သတ်ဖြတ်ရန် အခက်ခဲဆုံး ရှေးဟောင်းနတ်ဘုရားဟု ဆိုနိုင်သည်။ မည်သည့်တိုက်ခိုက်မှုမဆို အလွယ်တကူ ချေဖျက်ပစ်နိုင်၏။

ဧကရာဇ်ယန်ဖုန်းနှင့် အခြားသူများ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးကို ဦးဆောင်၍ ကမ္ဘာဦးဘုံသို့ ပြန်ရောက်လာသည့်အချိန်၌ပင် ထိုက်ရှီနှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့၏ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေခဲ့၏။ ဧကရာဇ်ယန်ဖုန်းနှင့် အခြားအင်အားကြီးသိုင်းပညာရှင်များမှာ ကောင်းကင်ပြင်ပသို့ ကိုယ်တိုင်သွားရောက်ကာ ထိုက်ရှီကို ကူညီအားဖြည့်ခဲ့ဖူးသော်လည်း သူတို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မထူးသည်ကို အံ့ဩစွာ တွေ့ခဲ့ရသည်။

သူတို့ဆီမှ မည်သည့်တိုက်ခိုက်မှုမဆို ထိုက်ကျိရှေးဟောင်းနတ်ဘုရားအပေါ် ထိခိုက်မှု မရှိပေ။ ချင်ဖုန်းကျင့်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ပင်လျှင် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကို ထုတ်သုံးသော်လည်း ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို အနည်းငယ်မျှ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ချေ။

တာအိုဘိုးဘေးကြီးပင်လျှင် ထွက်ပေါ်လာခဲ့သော်လည်း သင်္ချာပညာတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရ၏။ သူ့မှာ သွေးသုံးခါ အန်လျက် နွမ်းနယ်သွားခဲ့သည်။

တာအိုအောင်မြင်ထားသော ကောင်းကင်နယ်းစားမင်းသည်လည်း ရွှမ်တုမှ ကူညီရန် ရောက်လာသေးသည်။ ၀င်္ကပါထဲ ဝင်ရောက်ပြီး ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ တိုက်ခိုက်ခြင်း ခံရကာ ဆုတ်ခွာသွားခဲ့ရသည်။

သူသည် ကောင်းကင်တာအို၏ တာအိုသိုင်းပညာရှင် ဖြစ်သော်လည်း ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို မထိခိုက်စေနိုင်ခဲ့ချေ။

ဧကရာဇ်ယန်ဖုန်းနှင့် အခြားသူများ တိုက်ပွဲထဲသို့ ဝင်ရောက်ပါဝင်လိုက်ခြင်းက အကူအညီမဖြစ်သည်သာမက ထိုက်ရှီအတွက် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ထိုက်ရှီမှာ ဒေါသထွက်သွားကာ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ခဲ့လေသည်။ အားလုံး အရှက်တကွဲ အကျိုးနည်းစွာဖြင့် ဆုတ်ခွာခဲ့ရသည်။

ထို့နောက် နှစ်ပေါင်းများစွာ ကြာသည်အထိ ကောင်းကင်ပြင်ပမှ တိုက်ပွဲမှာ ရပ်တန့်ခြင်း မရှိခဲ့ပေ။

အချိန်ကို တွက်ချက်ကြည့်ပါက ထိုက်ရှီနှင့် ထိုက်ကျိတို့၏ တိုက်ပွဲမှာ နှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုက်ရှီက ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို သတ်ဖြတ်လိုက်ခြင်းများလော။

ဧကရာဇ်ယန်ဖုန်းနှင့် အခြားသူများ မော့ကြည့်လိုက်ကြသည်။ ကမ္ဘာဦးဘုံကောင်းကင်ပြင်ပတွင် အလင်းရောင်နျား တဖျတ်ဖျတ် လင်းလက်နေပြီး အစိမ်းရောင်ရေကန်တစ်ခု ကောင်းကင်ပြင်ပတွင် ပျံဝဲနေသည့်ပမာ ထင်ရသည်။ ထိုအစိမ်းရောင်ရေကန်မှာ မှန်ကဲ့သို့ဖြစ်ပြီး ကမ္ဘာဦးဘုံမှ သက်ရှိသတ္တဝါအားလုံး၏ အခြေအနေ‌များစွာကို ထင်ဟပ်နေ၏။

လူတိုင်း အသေအချာ ကြည့်လိုက်ကြသော်လည်း ရှင်းလင်းစွာ မမြင်နိုင်ချေ။ အစိမ်းရောင်ချီများ ကူးလူး ယှက်ဖြာနေသည်ကိုသာ မြင်တွေ့နိုင်သည်။

“ထိုက်ရှီ တာအိုအောင်မြင်တော့မယ်”

ကမ္ဘာဦးဘုံ၏ ကောင်းကင်တွင် ကောင်းကင်နယ်စားမင်း၏ မျက်နှာ ပေါ်လွင်လာသည်။ သူသည်လည်း ကောင်းကင်ပြင်ပကို ကြည့်ကာ အားကျစွာဖြင့် ချီးကျူးလိုက်သည်။ “မွေးရာပါထိုက်ငါးပါး တာအိုတစ်သောင်း၏ ဘိုးဘေး… အခုတော့ နောက်ဆုံးမှာ တာအိုသိုင်းပညာရှင်နှစ်ယောက် ရှိလာပြီ”

ဧကရာဇ်ယန်ဖုန်းမှာ အကြောင်းအရင်းကို သိသဖြင့် ခေါင်းခါလိုက်သည်။ “ထိုက်ငါးပါးမှာ တာအိုသိုင်းပညာရှင်တစ်ယောက်ပဲ ရှိတယ်… ထိုက်ယီ မပါဘူး… ထိုက်ရှီက ထိုက်ငါးပါးထဲက တစ်ဦးတည်းသော တာအိုသိုင်းပညာရှင်ပဲ”

ကောင်းကင်ပြင်ပတွင် အစိမ်းရောင်ချီများ လှုပ်ခတ်နေပြီး အစိမ်းရောင်ရေကန်မှာ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

မဟာခြုံလွှမ်းကောင်းကင်ဘုံပေါ်တွင် တာအိုသစ်ပင်တစ်ပင် ထောင်မတ်နေပြီး ထိုက်ရှီမှာ လူငယ်တာအိုပညာရှင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက သစ်ပင်အောက်တွင် ထိုင်လျက် ကမ္ဘာဦးဘုံမှ မြင့်တက်လာသော ထိုက်ကျိအထွတ်အမြတ်နယ်မြေဆီသို့ ကြည့်‌နေ၏။ သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာသည်။

ဖက်တီးထိုက်ရှီသည် ဤတိုက်ပွဲကို ဖြတ်သန်းပြီးနောက် ကြီးပြင်းလာခဲ့ပြီး လူငယ်တစ်ဦးအဖြစ် အရွယ်ရောက်လာခဲ့ချေပြီ။

ရက်ပေါင်းများစွာ ကြာပြီးနောက် သူ၏အဆင့် တည်ငြိမ်သွားခဲ့သည်။ ထို့မှသာ သူက မတ်တပ်ရပ်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်သို့ လာရောက်ပြီး ကောင်းကင်နတ်ဧကရာဇ်ကို အရိုအသေပေးလိုက်သည်။ ထို့နောက် လူတိုင်းကို နှုတ်ဆက်ပြီး ကမ္ဘာဦးဘုံမှ ထွက်ခွာကာ ဘိုးဘေးနန်းတော်သို့ သွားရန် ပြင်ဆင်လိုက်သည်။

ဤသို့ဖြင့် ဧကရာဇ်ယန်ဖုန်း ကောင်းကင်နတ်ဧကရာဇ်အဖြစ် ခံယူပြီးနောက် ကမ္ဘာလောကများ၏ ပုန်ကန်အုံကြွမှုများ ငြိမ်သက်သွားကြသည်။

အခြားတစ်ဖက်တွင် တာအိုဘိုးဘေးကြီးနှင့် ကုန်းစွန်းယန်တို့က ထိုက်ရှီကို လိုက်မီသွားကြပြီး အရိုအသေပေးလိုက်ကြ၏။ “တာအိုမိတ်ဆွေ၊ ကောင်းကင်နတ်အရှင်မူက အမိန့်ပေးထားပါတယ်… ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တွေ ဘိုးဘေးနန်းတော်ဆီ သွားရောက်လေ့ကျင့်ဖို့ပါ…. တာအိုမိတ်ဆွေ တာအိုအောင်မြင်သွားပြီဆိုတော့ ကျုပ်တို့နဲ့ အတူ သွားရောက်နိုင်ပါတယ်”

“ကောင်းတာပေါ့… ချင်ဖုန်းကျင့်နဲ့ ကောင်းကင်နယ်စားမင်းတို့လည်း ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည် ရှိတယ်လေ… ဘာလို့ မလာကြတာလဲ”

“သူတို့က ယိုတုနဲ့ ရွှမ်တုကို တာဝန်ယူထားရလို့ ကမ္ဘာလော‌က‌တွေ လည်ပတ်မှုကို ထိန်းသိမ်းထားရပါတယ်… မအားလပ်ကြပါဘူး”

တာအိုဘိုးဘေးကြီးက ပြုံးလိုက်သည်။ “နောက်ထပ် နှစ်ထောင်ပေါင်းများစွာ ကြာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တစ်စု ထပ်မံ ပေါ်ထွက်လာပြီး ဘိုးဘေးနန်းတော်မှာ သွားရောက်လေ့ကျင့်ကြလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဘိုးဘေးနန်းတော်က သေချာပေါက် စည်ကား‌နေတော့မှာပဲ…”

သူတို့ မြင့်မိုရ်တောင်အား ဖြတ်သန်းသွားချိန်တွင် တာအိုဘိုးဘေးကြီး၏ အပြုံးမှာ ပျောက်ကွယ်သွား၏။ သူ၏အကြည့်များက ဗုဒ္ဓဘုံ၏ အထွတ်အမြတ်တောင်ပေါ်သို့ ကျရောက်သွားသည်။ ဗုဒ္ဓဘုံသည် ပြန်လည်စည်ကားလာခဲ့ပြီး မူလက ကောင်းကင်ဘုံအထပ်နှစ်ဆယ်မှ ယခုအခါတွင် နှစ်ဆယ့်ရှစ်ထပ် အဖြစ်သို့ တိုးတက်လာခဲ့ချေပြီ။

နှစ်ဆယ့်ရှစ်ထပ်မြောက် ကောင်းကင်ဘုံတွင် မဟာဗုဒ္ဓတစ်ပါး ကျိန်းစပ်နေသဖြင့် မိုးခြိမ်းသံတို့ ညံ့နေသည်။ မိုးခြိမ်းသံက မိုးရေစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်မှ ကျဆင်းလာ၏။

ကုန်းစွန်းယန်က သူ့အတွေးကို သိနေသဖြင့် မေးလိုက်သည်။ “တာအိုဘိုးဘေးကြီး၊ ဗြဟ္မာ့ဗုဒ္ဓကို မရှာတွေ့သေးဘူးလား”

တာအိုဘိုးဘေးကြီးက ခေါင်းခါလိုက်သည်။ “ငါ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ရှာတွေ့ခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့ မူလဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီ… ငါ့ရဲ့ မိတ်ဆွေကြီးက အနန္တကပ်ဘေးသုတ္တန်ကို ကျင့်ကြံပြီး အိပ်မက်ကနေတစ်ဆင့် လောကထောင်ပေါင်းများစွာမှာ လှည့်လည်သွားလာနေတာလေ… သူ ဒီအတိုင်း တာအိုအဖြစ် ပြောင်းလဲသွားလိမ့်မယ်ဆိုတာ ငါ မယုံဘူး”

ကုန်းစွန်းယန်က မေးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်ကို ရှာခိုင်းခဲ့ဖူးလား”

“မလိုပါဘူး… သူ အသက်ရှင်နေသေးတယ် ဆိုတာ ငါ သေချာသိတယ်”

တာအိုဘိုးဘေးကြီးက ပြုံးလိုက်သည်။ “သူက ဗြဟ္မာဗုဒ္ဓဆိုတဲ့ နာမည်ကနေ လွတ်မြောက်သွားမှသာ အစစ်အမှန်ဗုဒ္ဓ ဖြစ်လာပြီး လွတ်လပ်သွားမှာလေ …. ငါ သူ့ကို သွားရှာရင် သူ့ရဲ့ တာအိုအဆင့်ကို တစ်ဆင့်နိမ့်သွားစေလိမ့်မယ်… သူ လွတ်လပ်သွားပြီဆိုမှတော့ သိုင်းလောကလည်း သူ့ကို မေ့လိုက်သင့်တယ်… ဒါကမှ သူ့ကို ကူညီပေးမှာ”

သူက လွတ်လပ်ပေါ့ပါးစွာ တဟားဟား ရယ်မောလိုက်ပြီး ထိုက်ရှီ၊ ကုန်းစွန်းယန်တို့နှင့်အတူ ဗုဒ္ဓလောကမှ ထွက်ခွာသွားသည်။

မြင့်မိုရ်တောင်ခြေတွင် ဘုန်းကြီးအိုတစ်ပါးသည် မော့ကြည့်လိုက်ပြီး သူတို့ ချန်ထားခဲ့သော နတ်ဘုရားအလင်းတန်းကို ကြည့်ကာ ပြုံးလိုက်၏။

ဘုန်းကြီးအိုကြီးက မျက်လုံးမှိတ်လိုက်ပြီး အိပ်စက်သွားသည်။ အိပ်ပျော်သွားသည်နှင့် သူသည် ကူးခတ်နေသော ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဘုရားကျောင်းရှေ့မှ မြစ်ထဲသို့ ခုန်ဆင်းသွား၏။ ထို့နောက် အခြားငါးများနှင့်အတူ လွတ်လပ်ပျော်ရွှင်စွာ ကူးခတ်သွားလာနေတော့သည်။

ဘိုးဘေးနန်းတော်၊ ကျောက်စိမ်းမြို့တော်၊ ပထမဖရိုဖရဲမြစ်ပေါ်တွင်

လောကပေါင်းကူးရွှေသင်္ဘောသည် မြစ်ရေပြင်ပေါ်တွင် တုံ့ခနဲ ရပ်တန့်သွား၏။ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်နေပြီး လှိုင်းလုံးများ ပြင်းထန်နေသည်။ မရဏလေအေးနှင့် လေပူတို့က ဖရိုဖရဲလှိုင်းလုံးကြီးများကို တလိပ်လိပ် တက်နေစေ၍ ရွှေသင်္ဘောထံ တိုက်ခတ်နေ၏။ ၎င်းက အလွန်အန္တရာယ်များလှသည်။

ချင်မူက ပြုံးလျက် အေးအေးလူလူ မေးလိုက်သည်။ “အစ်ကိုသုံး၊ လက်ပြန်ပေါက်လာပြီလား”

သူ၏နောက်တွင် ဖရိုဖရဲခန်းမ ပျံထွက်လာပြီး ဖရိုဖရဲမြစ်အပေါ် ဖိနှိပ်လိုက်သည်။ ချက်ချင်းပင် လေပြင်းနှင့် လှိုင်းလုံးများ ငြိမ်သက်သွား၏။

“ကျွန်‌တော် ပြန်ပေးရမလား” ချင်မူက ပြုံးလိုက်သည်။

သခင်လေးသုံးလင်းရှောင်၏ ပုံရိပ်က မြစ်ထဲမှ တဖြည်းဖြည်း မြင့်တက်လာလေသည်။ သူ၏နောက်တွင် နတ်ကောင်းကင်ခန်းမမှာ အလင်းရောင်များ ဖြန့်ကျက်လျက် တည်ရှိနေသည်။

နန့်ရှန်းမှာ ကြက်သီးမွှေးညင်းထသွားပြီး လင်ယွိရှို့အား ခပ်တိုးတိုး မေးလိုက်သည်။ “သခင်မ၊ ဒီသင်္ဘောပေါ်မှာ ခဏ ပုန်းလို့ရတဲ့နေရာ ရှိလား”

လင်ယွိရှို့လည်း သဘောပေါက်သွား၍ သူမနှင့်အတူ သင်္ဘောပေါ်ရှိ ရွှေရောင်ခန်းမထဲသို့ ဝင်ရောက်သွားတော့သည်။

All Chapters