← Chapters

မဟာမိတ် 

Vol. 161 Ch. 2284

မဟာမိတ် 

Vol. 161 Ch. 2284

ရီဖူရှင်းနှင့် အခြားလူများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လာကြသော်လည်း ထိုပြဿနာရပ်များက ပြီးဆုံးရန် အဝေးကြီး လိုနေသေးသည်။ မဟာလမ်းစဥ် ဘုံသုံးထောင်၌ စိတ်ရှိတိုင်း သတ်ဖြတ်သွားခဲ့သော လူသတ်သမားများကို မဖမ်းဆီးနိုင်သေးသလို အပြစ်ပေးနိုင်ခြင်းလည်း မရှိပေ။ ထို့အစား သူတို့က မှော်နက်လောကမှ ပြန်လည်ခေါ်ဆောင်သွားခြင်းကို ခံရပေသည်။

ထို့ကြောင့် ဤပြဿနာက မပြီးဆုံးသေးပေ။

သို့သော် အောက်ဘုံ၌ ဖြစ်ပွားသော ထိုတိုက်ပွဲက အတော်ကြီးမားသည့် ရိုက်ခတ်မှုကို ဖြစ်ပွားစေခဲ့သည်။ ကောင်းကင်ဒေသနှင့် မှော်နက်လောကမှ ကျင့်ကြံသူများက သတင်းများကို သတိပြုမိကြပြီး အားလုံးသော ကျင့်ကြံသူများ အားလုံးကို သတိကြီးကြီးထားစေခဲ့သည်။ ရီဖူရှင်းက သူ့ကတိများကို မဖြည့်ပေးနိုင်ခဲ့သော်လည်း အနည်းဆုံး အမှန်တကယ်ပင် အပြင်းအထန် ကြိုးစားပေးခဲ့ပေသည်။

မှော်နပ်လောကမှ ငရဲဘုရင်သာ အချိန်မီ ရောက်လာခဲ့ခြင်း မရှိလျှင် ရီဖူရှင်းသည် အောက်ဘုံကို ပျက်စီးစေခဲ့သည့် ထိုကျင့်ကြံသူများအား ရီဖူရှင်းက သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။ ငရဲကလန်မှ ကျင့်ကြံသူများသည် မှော်နက်လောက၏ အထွတ်အထိပ် အင်အားစုတစ်ခုဟု ပြောနိုင်သည်။

ထိုတိုက်ပွဲအတွင်း ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ယောက်၏ မဟာလမ်းစဥ် နတ်ဝင်ရိုးက ဖျက်ဆီးခံလိုက်ရပြီး ၎င်းက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ဆုံးဖြတ်ချက် ပြတ်သားသော ဖြေရှင်းနိုင်စွမ်းကို ပြသနေသည်။

ထို့ကြောင့် ရီဖူရှင်းက သူ၏ ကတိကို အပြည့်အဝ မဖြည့်စွမ်းနိုင်ခဲ့သော်လည်း မှော်နက်လောကအတွင်းရှိ အမျိုးမျိုးသော အင်အားစုများမှ ကျင့်ကြံသူများသည် ဤအဖြစ်အပျက်ကို မှတ်မိနေပြီး မဟာလမ်းစဥ်ဘုံသုံးထောင်အတွင်း အကြီးအကျယ် ဖျက်ဆီးခြင်း ပြုလိမ့်တော့မည် မဟုတ်တော့ပေ။ အမှန်တကယ်တွင် သူတို့ထဲမှ လူမည်မျှများများက ငရဲကလန်နှင့် ယှဥ်နိုင်စွမ်း ရှိလိမ့်ပါမည်နည်း။

ထို့ပြင် သူတို့ထံ၌ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ငရဲဘုရင်သည် သူတို့ကို အချိန်မီ ကယ်တင်ရန် ရောက်လာနိုင်မည် မဟုတ်ပေ။ အဆုံးမှာတော့ ငရဲဘုရင်ကိုယ်တိုင်က ငရဲကလန်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ကောင်းကင်ဒေသအတွင်းမှ အင်အားစုများက ရီဖူရှင်း၏ ဆုံးဖြတ်ချက်ကို သတိပြုမိစေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ မဟာမိတ်များသည် မဟာလမ်းစဥ် ဘုံသုံးထောင်အား ထိန်းချုပ်ရန်မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရန် ကတိကို တက်ကြွစွာ ပါဝင်ဖြည့်ဆည်းပေးခဲ့ကြသည်။

သို့သော် မှော်နက်လောကမှ ကျင့်ကြံသူများကို လွှတ်ပေးလိုက်ရသည့်အတွက် ရီဖူရှင်းနှင့် ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သော ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက အလွန် မကျေမနပ် ဖြစ်နေခဲ့ကြသည်။ သူတို့သည် ထိုလူများ၏ ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေမှုအား မျက်မြင်တွေ့ခဲ့ကြရသည်။ ထိုသူတို့သည် ဘုံကို ဖျက်ဆီးကာ လောကငရဲအဖြစ် ဖန်တီးခဲ့ကြသည်။ သို့သော် ထိုလူသတ်သမားများကို အသက်ချမ်းသာပေးလိုက်ရသည့်အတွက် သူတို့က အလွန် စိတ်ရှုပ်ထွေးနေကြပေသည်။

ကြယ်ကောင်းကင်လောကတွင် စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံရေးနယ်မြေ၌ ထိပ်သီးကျင့်ကြံသူများက ကျင့်ကြံနေကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ အစွမ်းထက်သော ကျင့်ကြံသူများအပြင် ကောင်းကင်ဒေသကို ကိုယ်စားပြုသော အင်အားစုအချို့လည်း ရှိနေကြသည်။

ဥပမာအနေနှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ ကျင့်ကြံသူများ၊ မြူနှင်းဝေနတ်နန်းတော်မှ ကျင့်ကြံသူများနှင့် ပြင်ပခရမ်းရင့်ကောင်းကင်မှ အရှင်လော့၊ လော့ဆုတို့ သားအဖလည်း ရှိနေကြသည်။ အင်ပါယာရှီ၊ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၊ ဆေးအင်ပါယာ၊ လီချန်ရှန်းနှင့် အခြားသူများသည် ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးစားနေကြသည်။ အဆုံးမှာတော့ မဟာအင်ပါယာ၏ အမွေအနှစ်ဟူသည်မှာ မည်သည့် ထိပ်သီးအဆင့် ကျင့်ကြံသူများအတွက်ဖြစ်စေ တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ပေ။ သူတို့သည် မဟာအင်ပါယာ၏ အဓိပ္ပါယ်ကို လေ့လာခြင်းဖြင့် ပို၍ မြင့်မားသော အဆင့်၏ လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ရန် အခွင့်အရေး ရလာလိမ့်မည်ဟု ဆိုလိုပေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းနှင့် အခြားလူများလည်း ပြန်ရောက်လာကြသည်။ သူတို့က လက်စားချေရန် စိတ်အားထက်သန်နေသော်လည်း ရီဖူရှင်းက အခြေအနေကို ရှင်းလင်းစွာ နားလည်ပေသည်။ သူသည် သူ့ခွန်အား အကန့်အသတ် သူသိရှိထား၏။ သူက မှော်နက်လောကမှ အင်အားစုများကို တိုက်ခိုက်ရန် မည်သည်ကို အသုံးပြုနိုင်မည်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ ခွန်အားက လုံလောက်ရန် လိုအပ်နေသေးသည်။

"အင်ပါယာရီ။" ထိုအခိုက်အတန့်တွင် ကြယ်ကောင်းကင်၌ ရှိနေသော လှပသည့် မိန်းမပျိုလေးများက ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်သုံးယောက်ဖြစ်သည့် ချင်းချင်း၊ ကျန်းယွဲ့လီနှင့် ချူးဟန်ရှီတို့ ဖြစ်ပေသည်။ သူတို့၏ အထက်ကောင်းကင်မှ မနီးမဝေးနေရာတွင် ဓားနတ်မိမယ် ရှိနေခဲ့ပြီး သူမ​က ဤကြယ်ကောင်းကင်ကမ္ဘာ၌ ဖုံးကွယ်ထားသော စွမ်းအားကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်က ပိုမြင့်မားလေ သူတို့က နက်နဲသိမ်မွေ့သော အရှိန်အဝါကို ခံစားနိုင်လေ ဖြစ်သည်။ သူတို့သည် ဤကြယ်ကောင်းကင်အတွင်း၌ နတ်ဘုရားတို့၏ စွမ်းအားတို့ဖြင့် ပြောင်းလဲလာသည်ကို ဝိုးတဝါး ခံစားမိပေသည်။ သူတို့က တစ်စုံတစ်ခုကို တိတိကျကျ ထိုးထွင်းသိမြင်နိုင်စွမ်းမရှိသော်လည်း ၎င်းသည် သူတို့အတွက် တစ်ခုခုကို ခံစားမိစေသည်။

အချို့သော ကံကောင်းသည့် လူများအတွက် ၎င်းက ကောင်းချီးတစ်ခု ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် နတ်မိမယ်များကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းယွဲ့လီကို ပြောလိုက်သည်။ "နတ်မိမယ်ယွဲ့လီက အဆင့်ရှစ်ရန်ဟောင်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီး အထွတ်အထိပ် ရန်ဟောင်ဖြစ်ဖို့ နီးစပ်နေပြီ။ ဒီကြယ်ကောင်းကင်က နတ်မိမယ် နောက်ဆုံးတစ်လှမ်းကို လှမ်းဖို့အတွက် အကူအညီပေးနိုင်မလား သိချင်မိတယ်။"

"အဲဒီထက် ခက်ခဲနေမှာ စိုးမိတယ်။" ကျန်းယွဲ့လီက ရီဖူရှင်းအား ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ သူမက ပြောလိုက်၏။ "နောက်ဆုံးတစ်ဆင့်က တက်လှမ်းဖို့ အခက်ခဲဆုံးအဆင့်ပဲ။ ဒီခြေလှမ်းကို လှမ်းနိုင်ခဲ့ရင် ပိုပြီး မြင့်မားတဲ့ လမ်းကြောင်းပေါ် ရောက်သွားနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီကြယ်ကောင်းကင်အောက်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းအားကို ခံစားမိတယ်။ ကျွန်မလည်း ဒီကနေ တစ်စုံတစ်ခုကို နားလည်နိုင်ပါစေလို့ မျှော်လင့်မိတယ်။"

ထို့နောက် သူမက ပြုံးကာ တစ်စုံတစ်ခုကို သတိရသွားသလို ဆက်ပြောလိုက်သည်။ "ကျွန်မအကြောင်း ဆက်မပြောနဲ့တော့။ ကျွန်မ အင်ပါယာရီကို နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက ရှင့်ရဲ့ ခွန်အားက ဒီလောက်ထိ အလျင်အမြန် တိုးတက်လာမယ်လို့ ထင်မထားမိဘူး။ ဒီနေ့ဆိုရင် ရှင့်ရဲ့ တိုက်ပွဲစွမ်းရည်က ကျွန်မအထက်မှာ ရှိနေပြီ။"

ရီဖူရှင်း၏ တိုးတက်မှုက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းပေသည်။ သူမ၏ မျက်လုံးထဲတွင် သူက လီချန်ရှန်း၊ ကျုံးချန်တို့နှင့်အတူ လိုက်ပါလာသည့် ပါရမီရှင်လူငယ်လေးတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။ သို့သော် ယခု သူသည် သူမထက် အဆင့်အားဖြင့် နောက်ကျကျန်ရစ်နေလျှင်ပင် သူမထက် အားကောင်းလှပေသည်။

"နတ်မိမယ်ယွဲ့လီက အရမ်း ယဥ်ကျေးနေပါပြီ။ ကျုပ်က အခုမှ အဆင့်ရှစ်ရန်ဟောင်ပဲ ရှိသေးတာ နတ်မိမယ်ထက် နိမ့်ကျနေတုန်းပါပဲ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

သူတို့ဘေးမှ ချင်းချင်းနှင့် ချူးဟန်ရှီတို့ နှစ်ယောက်လုံး ရီဖူရှင်း၏ တိုးတက်မှုကြောင့် အံ့အားသင့်ထိတ်လန့်နေခဲ့သည်။ သူမတို့သည် သူမတို့၏ စီနီယာအစ်မ စကားက မှန်သည်ကို သိရှိကြသည်။ ယခု ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က သူတို့ထက် သာလွန်နေခဲ့ပြီး ဖြစ်သည်။ ယခု ထိပ်သီးအဆင့်ပုဂ္ဂိုလ်များမှ လွဲလျှင် အခြား မည်သူမဆို သူနှင့် ယှဥ်ပြိုင်ရန် ခက်ခဲပေလိမ့်မည်။

တစ်ချိန်တုန်းက သူသည် သူ့ထက် အရာရာ သာလွန်သော နင်ဟွာ၏ ခြိမ်းခြောက်မှုကို ခံရပြီး ထွက်ပြေးခဲ့ရသည်။ သို့သော် ယနေ့ သူတို့နှစ်ယောက် တစ်ဖန်ထပ်ကာ တိုက်ပွဲဖြစ်ပွားခဲ့လျှင် နင်ဟွာက ရီဖူရှင်းကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

"နတ်မိမယ်တို့ လေ့လာချင်တဲ့ ဘယ်စွမ်းအားမဆို ပြောလို့ရပါတယ်။ ကျုပ်က ကြယ်ကောင်းကင်ရဲ့ နတ်စွမ်းအားကို လှုံ့ဆော်ပေးနိုင်တာကြောင့် နတ်မိမယ်တို့ ပိုပြီး ရှင်းရှင်းလင်းလင်း လေ့လာနိုင်ပါလိမ့်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ သူမတို့ သုံးယောက်သည် သူ ပြောသည့်စကားအား ကြားသည့်အခါ ဆွံ့အသွားလေသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက ဤကြယ်ကောင်းကင်ကမ္ဘာကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပုံရသည်။

ထိုအချိန်တွင် ကောင်းကင်ထက်၌ ရှိနေသော ဓားနတ်မိမယ်က ရီဖူရှင်းထံ ရောက်လာကာ ပြောလိုက်သည်။ "စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအားက ဒီကြယ်ကောင်းကင်ထဲမှာ ရှိနေတုန်းလား။"

ရီဖူရှင်းက အလွန် ရိုသေလေးစားစွာဖြင့် ဓားနတ်မိမယ်အား အရိုအသေ ပြုကာ ပြန်ဖြေလိုက်သည်။ "စီနီယာရဲ့ မေးခွန်းကို ဖြေရရင် စီဝေ့မဟာအင်ပါယာစွမ်းအားက ဒီကြယ်ကောင်းကင်နဲ့ အပြည့်အဝ ပေါင်းစပ်နေခဲ့ပါပြီ။ ဒီကြယ်ကောင်းကင်က အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားတာ မဟုတ်ရင် ဒီကြယ်ကောင်းကင် တည်ရှိနေသရွေ့ မဟာအင်ပါယာရဲ့ စွမ်းအားကလည်း တည်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဒီလောကကို ဘယ်လို ကပ်ဘေးမျိုးက ဖျက်ဆီးနိုင်မှာတဲ့လဲ။ မဟာအင်ပါယာ တစ်ပါးပါးရဲ့ ပါဝင်ပတ်သတ်မှု ရှိမှပဲ ဖြစ်နိုင်လိမ့်မယ်။"

ဤနေရာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သူက ကြယ်ကောင်းကင်ကို လွှမ်းမိုးနိုင်ခဲ့သည်။ ယခင်က သူ ဤကြယ်ကောင်းကင်မှ စွမ်းအားကို အသုံးပြုခဲ့သည့်အခါ စီဝေ့အင်ပါယာနန်းတော်၏ မူလနန်းတော်သခင်သည်ပင် သူ့ကြောင့် အသတ်ခဲ့ရပေသည်။ ထို့ကြောင့် မဟာအင်ပါယာကဲ့သို့ သူများသည်သာ ဤကြယ်ကောင်းကင်ကို ဖျက်ဆီးရန် အခွင့်အရေး ရှိပြီး အခြားမည်သူမဆို သုတ်သင်ခံရပေလိမ်ပမည်။

ဓားနတ်မိမယ်က အရာအားလုံးကို နားလည်သဘောပေါက်စွာဖြင့် သိမ်မွေ့စွာ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူမက ဤကြယ်ကောင်းကင်အတွင်း၌ မည်သည့်အတွက်ကြောင့် လျှို့ဝှက်ဆန်းကြယ်ကာ ခန့်မှန်း၍မရနိုင်သော စွမ်းအားကို ခံစားမိနေခြင်း ဖြစ်သည်။

"ငါ နည်းနည်းလေး ပိုရှင်းရှင်းလင်းလင်း ခံစားကြည့်ချင်လို့ရမလား။" ဓားနတ်မိမယ်က မေးလိုက်သည်။

"ရတာပေါ့။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ "စီနီယာ ကျွန်တော့်နောက်ကို လိုက်လာပါ။"

"ကောင်းပြီ။" ဓားနတ်မိမယ်က ခေါင်းညိတ်လိုက်ကာ သူတို့နှစ်ယောက်က အမြင့်ထိ တက်သွားကြသည်။ စီဝေ့မဟာအင်ပါယာ၏ မျက်နှာက ထိုနေရာ၌ ရှိနေဆဲဖြစ်ပြီး သူတို့က ထိုကြီးမားသော မျက်နှာကြီးအောက်၌ ပေါ်ပေါက်လာသည်။ ရီဖူရှင်းက ကြယ်ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အဆုံးမဲ့ကြယ်ကောင်းကင်က ရုတ်တရက် ပို၍ တောက်ပလာသည်။ ကြယ်များက တောက်ပလာသည်နှင့် ကြယ်များ၏ အဆုံးမဲ့နတ်ရောင်ဝါတို့က သူ့ဘေးတွင် ရှိနေသည့် ဓားနတ်မိမယ်ပေါ်သို့ သွန်းလောင်းလာသည်။

ထိုအခိုက်အတန့်တွင် ဓားနတ်မိမယ်က သူမ၏ ခေါင်းကို မော့ကာ ကြယ်ကောင်းကင်သို့ ကြည့်လိုက်သည်။ သူမက လက်ကို ဆန့်ထုတ်ကာ ကြယ်အလင်းရောင်တို့နှင့် ထိတွေ့ကြည့်လိုက်သည့်အခါ သူမ ခံစားရသည့် ထိုခံစားချက်က ပို၍ အားကောင်းလာသည်။

ယခု သူတို့ကို ကြည့်နေသည့် ကျင့်ကြံသူများစွာသည် ရီဖူရှင်းက ဤကြယ်ကောင်းကင််ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်သည်အား ထိတ်လန့်အံ့သြနေကြသည်။

သူ၏ အတွေးများက ကြယ်ကောင်းကင်၏ နတ်ရောင်ဝါကို ဆွဲဆောင်နိုင်ပြီး  မဟာအင်ပါယာ၏ စွမ်းအားကိုပင် ဆင့်ခေါ်နိုင်ပေသည်။

အချိန်တစ်ခုကြာပြီးနောက် ဓားနတ်မိမယ်က ရီဖူရှင်းကို ပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။"

"စီနီယာက အရမ်း ယဥ်ကျေးနေပါပြီ။" ရီဖူရှင်းက တွေးလိုက်သည်နှင့် ကြယ်နတ်အလင်းတို့က တဖြေးဖြေး ပျောက်ကွယ်သွားသည်။ သူက ဆက်ပြောလိုက်၏။ "ဒီကြယ်ကောင်းကင်မှာ အင်ပါယာကြယ်တွေအပြင် တခြား ကြယ်တွေအများကြီးမှာလည်း တချို့စွမ်းအားတွေ ပါဝင်နေတာကြောင့် ရန်ဟောင်အဆင့်က ကျင့်ကြံသူတွေအတွက် နားလည်သဘောပေါက်နိုင်ဖို့ သင့်တော်တဲ့အရာတွေ ရှိတယ်။ ဒါပေမယ့် စီနီယာရဲ့ အဆင့်နဲ့ လူတစ်ယောက်အတွက် ဒါက မလိုအပ်ပါဘူး။ စီနီယာ သဘောတူရင် မြူနှင်းဝေနတ်နန်းတော်က လူတွေ ဒီနေရာမှာ ကျင့်ကြံရေးနယ်မြေအဖြစ်နဲ့ ကျင့်ကြံဖို့ သုံးလို့ရတယ်။"

ဓားနတ်မိမယ်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက မြူနှင်းဝေနတ်နန်းတော်မှ ကျင့်ကြံသူများကို ဤနေရာ၌ ကျင့်ကြံရန် ပြောနေသည်လား။

သူမ၏ မျက်လုံးများထဲမှ ထက်ရှမှုကို မြင်သောအခါ ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "ကောင်းကင်အာဏာစက်ကျောင်းတော်က မြူနှင်းဝေနတ်နန်းတော်နဲ့ မဟာမိတ် ဖြစ်နိုင်တယ်။ အခု မူလဘုံတစ်ခွင်က အရှုပ်အထွေးတွေ ဖြစ်နေတာ။ အဲဒါက အနှေးနဲ့အမြန် ကောင်းကင်ဒေသနဲ့ တလောကလုံးကို ပျံ့နှံ့သွားလိမ့်မယ်။"

ဓားနတ်မိမယ်က ရီဖူရှင်း၏ ဆိုလိုရင်းက်ု ချက်ချင်း နားလည်ပေသည်။ သူမ၏ မျက်လုံးများက ရီဖူရှင်းပေါ် အလျင်အမြန် ကျရောက်သွားပြီး သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အရမ်းကောင်းတယ်။"

ရှင်းလင်းစွာပင် သူမက သူ၏ မဟာမိတ်ဖြစ်လာရန် လက်ခံဖို့ရာ ဆန္ဒရှိပေသည်။ အမှန်တွင် သူမက ရီဖူရှင်း၏ အနာဂတ်အား အလွန် မျှော်လင့်ထားပေသည်။

All Chapters