စကားမပြောနဲ့ စားပြီးတော့ အာရုံခံလိုက်
Vol. 21 Ch. 303
အခန်း (၃၀၃) : စကားမပြောနဲ့ စားပြီးတော့ အာရုံခံလိုက်
အတိသုခမြို့၏ ကောင်းကင်တေးသံ စံအိမ် ဒုတိယထပ်၌…
အာ့ထုံထျန်းနှင့် ပိရွှမ်ချင်းတို့၏ သီးသန့်ခန်းထဲရှိ လေထုက ဝမ်းနည်းအားငယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ပိရွှမ်ချင်းက ကုစားဆေးလုံးတွေ အများကြီးကို အသုံးပြုပြီးပြီဖြစ်သော်လည်း သူ့မျက်နှာက အတော်လေး ဖြူဖပ်ဖြူလျော် ဖြစ်နေဆဲ ဖြစ်သည်။
ရှန်ထျန်းက အာ့ထုံထျန်း၏ ဦးခေါင်းကို မှားယွင်းစွာ လိမ်ချိုးလိုက်သည့်အတွက် ဦးခေါင်းက တိမ်းစောင်းနေဆဲဖြစ်ပြီး အခုထိ မသက်သာနိုင်ဖြစ်နေရသည်။
အမှန်အတိုင်းပြောရလျှင် သူတို့ စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။ ပင်လယ်မျိုးနွယ် နတ်ဆိုးများက မြောက်ပင်လယ်ထဲတွင် ပိုပြီးတော့ အားသာသည်။
သို့သော် သူတို့က ချီရှောက်ရွှမ်နှင့် ရှန်ထျန်းကို ရှုံးသွားသည်။ ထိုအရာက သူတို့ လက်မခံနိုင်သည့် လှောင်ပြောင်မှု ဖြစ်သည်။ ထိုအရာက အာ့ထုံထျန်းအတွက် ပိုပြီးတော့ ထူးခြားသည့် ကိစ္စ ဖြစ်သည်။ သူက အသေတိုက်ကွက်ဖြစ်သည့် “မရဏ လှည့်ကွက်”ကိုပင် ထုတ်သုံးခဲ့သော်လည်း ရှန်ထျန်းကို အနိုင်ယူရမည့်အစား ဖိနှိပ်ခံပြီး ရှုံးနိမ့်သွားခဲ့သည်။
သူက မျက်နှာကိုသာ ဆက်တိုက် တိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများ မပျောက်သေးပေ။
“ သေစမ်း…သူက အရမ်း စက်ဆုပ်ဖို့ ကောင်းတာပဲ”
အာ့ထုံထျန်းက အံကြိတ်ကာ ပြောလိုက်သည်
“ အစ်ကိုခွန်သာ သီးသန့်ကျင့်ကြံနေတာ မဟုတ်ရင် ဒီနေ့ သူတို့ကို လုံးဝ လှောင်ပြောင်လိုက်နိုင်မှာပဲ”
ပိရွှမ်ချင်း၏ မြွေမျက်လုံးများက အေးစက်သွားကာ ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို သေချင်နေတာပဲ။ သူက ရေသူမင်းသမီးလေးအနားကိုတောင် ကပ်ရဲတယ်”
မြောက်ပင်လယ်၏ ပါရမီရှင်များထဲတွင် ခုနစ်ယောက်မြောက် နဂါးမင်းသား အောင်းဝူ၏ မျိုးရိုးအရည်အချင်းက ထူးခြားသည်ကို အားလုံးသိသည်။
သို့သော် တစ်စုံတစ်ယောက်၏ အရည်အချင်းက သူတို့၏ ခွန်အားကို ကိုယ်စားမပြုပေ။ အောင်းဝူက အရမ်းငယ်သေးသည့်အတွက် သူ့ ခွန်အားအစစ်အမှန်ကို မပိုင်ဆိုင်နိုင်သေးပေ။
ယခုလက်ရှိတွင် မြောက်ပင်လယ်ရှိ နှစ် ၅၀၀ သက်တမ်းအောက် ပါရမီရှင်များထဲတွင် အစစ်အမှန် ခွန်အားအကြီးဆုံး ပါရမီရှင်က မဟာလေဟာနယ် ခွန်မျိုးနွယ်မှ ခွန်မင်းသားလေး ခွန်မင် ဖြစ်၏။
မဟာလေဟာနယ် ခွန်မျိုးနွယ်က မြောက်ပင်လယ်တွင် ခွန်အားအကြီးဆုံးမျိုးနွယ် ဖြစ်ပြီး ရှေးအခါကတည်းက နဂါးမျိုးနွယ်နှင့် ပြိုင်ဆိုင်သော အခြေအနေ ရှိခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် မဟာလေဟာနယ် ခွန်နတ်ဆိုး၏ တစ်ယောက်ချင်း တိုက်ခိုက်မှုက နဂါးမျိုးနွယ်က ပိုပြီးမြင့်သည်ဟု ပြောနိုင်ပြီး သူတို့၏ မျိုးဆက်က အားနည်းနေတာမျိုးလည်း ရှားပါးသည်။
နဂါးမျိုးနွယ်နှင့် ယှဉ်လိုက်ပါက မဟာလေဟာနယ် ခွန်မျိုးနွယ်၏ သားပေါက်နှုန်းက အတော်လေး အားနည်းသည်။ အရွယ်ရောက်သော လေဟာနယ်ခွန် မျိုးနွယ်ဝင်က နှစ်တစ်ထောင်အတွင်း ကလေးမွေးနိုင်ခြင်း မရှိပေ။
မျိုးနွယ်စုအတွင်းရှိ လူအရေအတွက်ကို တိုးပွားအောင် မလုပ်နိုင်ခြင်းက လေဟာနယ် ခွန်မျိုးနွယ်အနေဖြင့် မြောက်ပင်လယ် ခေါင်းဆောင်နေရာကို နဂါးနက်ကျွန်းနှင့် မယှဉ်နိုင်သော အဓိက အကြောင်းအရင်း ဖြစ်သည်။
သို့သော် တစ်ယောက်ချင်း တိုက်ခိုက်ပါက အဆင့်နိမ့် နဂါးများက မဟာလေဟာနယ် ခွန်မျိုးနွယ်ကို လုံးဝယှဉ်နိုင်မည် မဟုတ်ပေ။ သူတို့ လုံးဝ ဖိနှိပ်ခံရမည် ဖြစ်သည်။
မဟာလေဟာနယ် ခွန်မျိုးနွယ်က ခွန်မင်ကဲ့သို့သော ရှားပါးသည့် ပါရမီရှင်ကို ဘယ်တုန်းကမှ မမွေးထုတ်ခဲ့ပေ။
လွန်ခဲ့သော နှစ် ၃၀၀ က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတွင် ခွန်မင်က နိဗာနအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းစစ်ဆေးမှုတွင် နဂါးနက်ကျွန်း၏ ခြောက်ယောက်မြောက် နဂါးမင်းသား ဖြစ်သည့် အောင်းဝူ၏ အစ်ကိုနှင့်ပင် တစ်ခါ တိုက်ခိုက်ခဲ့သေးသည်။
သက်တမ်း ၁၆၀ ရှိသော ခွန်မင်နှင့် သက်တမ်း ၃၅၀ ရှိသော ခြောက်ယောက်မြောက် နဂါးမင်းသားတို့ကြားက တိုက်ပွဲက သရေဖြစ်သွားသည်။ ထို့ကြောင့် ခွန်မင်၏ ကျော်ကြားမှုက မြောက်ပင်လယ်တစ်ခွင် ပျံ့နှံ့သွားသည်။
ယခု နှစ် ၃၀၀ ကြာပြီးသွားပြီဖြစ်သည့်အတွက် ခွန်မင်၏ ခွန်အားက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းနေပြီလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ သူ့ကို လွှမ်းမိုးနိုင်သည့်သူရှိမည် မဟုတ်ပေ။
အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာက ခွန်မင်သည် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတွင် သေချာပေါက် ခွန်အားအကြီးဆုံး ဖြစ်တည်မှု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခြောက်ယောက်မြောက် နဂါးမင်းသားက သက်တမ်း ၅၀၀ ကျော်သွားပြီဖြစ်သည့်အတွက် စစ်ဆေးမှုထဲ ပါဝင်လို့ မရတော့ပေ။
ခြောက်ယောက်မြောက် နဂါးမင်းသား ပါဝင်နိုင်လျှင်ပင် သူက ခွန်မင်၏ ပြိုင်ဘက်တော့ မဖြစ်နိုင်ပေ။ သူတို့အရည်အချင်းများပင် နှိုင်းယှဉ်လိုက်ပါက ခွန်မင်က ပိုပြီးတော့ သန်မာသည်။
အာ့ထုံထျန်းက လှောင်ကာ ပြောလိုက်သည်
“ အစ်ကိုခွန်က ရေသူမင်းသမီးလေးရဲ့ အလှကို တပ်မက်တာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး။ အဲဒီလူက မင်းသမီးလေးနဲ့ အရမ်းနီးတဲ့နေရာကို သွားရဲတယ်။ သူက ကိုယ့်သေတွင်းကို တူးနေတာပဲ”
ပိရွှမ်ချင်းက အေးစက်စွာ ပြောလိုက်သည်
“ လူသားပါရမီရှင်အများစုက မောက်မာကြတယ်။ အစ်ကိုခွန် သီးသန့်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ သူ သေပြီပဲ။
ပြီးတော့ အစ်ကိုခွန် ရေသူမင်းသမီးလေးကို ကြိုက်တယ်ဆိုတာက သူမရဲ့ အလှကို တပ်မက်တာလို့ မခေါ်ဘူး။ သူရဲကောင်းတွေက အလှပဂေးလေးတွေကို ချစ်တာလေ။ မင်း သူ့ရှေ့မှာ အဲလိုမျိုးသွားပြောမယ်ဆိုရင် ထပ်ပြီးတော့ ရိုက်နှက်ခံရနိုင်တယ်”
ထိုအခိုက်အတန့်တွင် မြွေစိမ်းလေးတစ်ကောင် ပိရွှမ်ချင်း၏ လက်ထဲသို့ ရောက်ရှိလာသည်။
ပိရွှမ်ချင်း၏ အမှုထမ်းအသံက မြွေစိမ်းလေးဆီမှ ထွက်ပေါ်လာသည်။
“ အရှင့်သား… အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူမရဲ့ အခန်းထဲကနေ ထွက်သွားပြီ”
ပိရွှမ်ချင်းက အံ့ဩသောအသံဖြင့် ပြောလိုက်သည်
“ သူက ထွက်သွားပြီတဲ့လား။ အစောကြီး ပြီးသွားတာတဲ့လား”
ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိပြီး ပိရွှမ်ချင်းက ရွံရှာစွာ ရယ်လိုက်သည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘာမှလည်းမဟုတ်ပါဘူး။ ရေသူမင်းသမီးလေးက မင်းကို အခွင့်အရေးပေးခဲ့တာတောင် မင်းက အသုံးမကျဘူး”
ပိရွှမ်ချင်းက ပြတင်းပေါက်ဆီ တိတ်တဆိတ် လမ်းလျှောက်သွားကာ ကျီစယ်သော အပြုအမူဖြင့် ပြောလိုက်သည်
“ ဒါမှမဟုတ် သူက သတင်းတွေ ကြားပြီးတော့ ကြောက်သွားတာလား”
အစ်ကိုခွန်က အမြဲတမ်း စောင့်ကြည့်နေလို့ ရေသူမင်းသမီးလေးနဲ့ အိပ်ဖို့ဆိုတာ အဲလောက်ထိ မရိုးရှင်းဘူး
ရှန်ထျန်းက ပိရွှမ်ချင်းနှင့် အာ့ထုံထျန်းတို့ ဘာတွေ စဉ်းစားနေလဲဆိုတာကို မသိသလို စိတ်လည်း မဝင်စားပေ။ ချီရှောက်ရွှမ် ဘယ်လိုနေသေးလဲဆိုတာကိုသာ သူ သိချင်မိသည်။
သူက အရမ်းပေါ့ဆပြီးတော့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ် …
သူ ကံအပြောင်းအလဲ အခွင့်အရေးကို မျှဝေယူချင်ပါက မူလပိုင်ရှင်ဆီလည်း ပြန်ပေးရမည်ဆိုတာကို မေ့လျော့နေခဲ့သည်။ ရှန်ထျန်းသာ သူ့အတွက်သူ သိမ်းထားလိုက်ပါက ကံအပြောင်းအလဲ အခွင့်အရေး၏ မူလပိုင်ရှင်က ကံဆိုးမှုနှင့် ကြုံတွေ့ရပေမည်။
ချင်ကောင်းထက်အရင် ရှန်ထျန်းက မီးတိုင်းပြည်၏ သမိုင်းစာအုပ်ကို ရရှိခဲ့စဉ်ကလည်း ချင်ကောင်းက ကံမကောင်းစွာဖြင့် ဝိညာဉ်ဆေးပင်ကို ပြုတ်ကျပျက်စီးသွားစေသည့်အတွက် တွဲလောင်းဆွဲပြီး ရိုက်နှက်ခံခဲ့ရသည်။
ရှန်ထျန်းက ဖန်ချန်း၏ နိဗာနတော်ဝင်ရေစင်ကို ရရှိခဲ့စဉ်ကလည်း ဖန်ချန်း၏ အမြုတေ ပျက်စီးမလိုပင် ဖြစ်သွားသည်။
အခု ပင်လယ်နတ်ဘုရား ကြယ်မျက်ရည်စက်က ရှန်ထျန်းရဲ့လက်ထဲမှာ ရှိနေတာဆိုတော့ ချီရှောက်ရွှမ် ဘယ်လိုဖြစ်နေပြီလဲဆိုတာကို ဘယ်သူက သိမှာလဲ။ သူက စကားနဲ့ ဖော်ပြလို့မရတဲ့ ကံမကောင်းတဲ့ အဖြစ်အပျက်တွေကို ကြုံနေရပြီလားတောင် မသိဘူး
ရှန်ထျန်းအနေဖြင့် နိမိတ်ပြသော ခံစားချက်တချို့ကို ခံစားနေရသည်။ ရှန်ထျန်းက ချီရှောက်ရွှမ် ရှိနေသော သီးသန့်ခန်းနှင့် နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော အရှိန်အဝါကို ခံစားမိသွားသည်။
ထိုသီးသန့်ခန်းထဲတွင် မကောင်းသောအရာတစ်ခု ဖြစ်သွားပြီဆိုတာ သေချာသည်။ ရှန်ထျန်း စဉ်းစားချင့်ချိန်ဖို့ အချိန်မရှိဘဲ တံခါးကို ချက်ချင်း တွန်းဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်က အောင်းဝူနှင့် မင်းသားလေးယောက်၏ နီရဲနေသော မျက်နှာများပင် ဖြစ်သည်။
သူတို့၏ အရှိန်အဝါများက ရှုပ်ထွေးနေပြီး သူတို့က တစ်စုံတစ်ခုကို အတင်း တောင့်ခံနေရသလို ဖြစ်နေသည်။ သူတို့၏ မျက်နှာထားများက စိတ်ဝင်စားစရာကောင်းလှသည်။ နဂိုနှင့် မတူသော အပြုံးများလည်း သူတို့၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသည်။
တစ်ဖက်တွင် တင်ပျဉ်ခွေထိုင်နေသော ချီရှောက်ရွှမ်လည်း ရှိသည်။ သူ ယခုလက်ရှိတွင် အရှက်ရပြီး ဒေါသများဖြင့် ပြည့်နှက်နေသည်။
နတ်သင်္ကေတ ဆယ်ခုပါဝင်သော ရွှေအမြုတေ တစ်ခု သူ့ဦးခေါင်းပေါ်တွင် မြောနေသည်။ ထိုရွှေအမြုတေက အက်ကြောင်းထင်နေပြီး ခရမ်းရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ ထိုခရမ်းရောင်အလင်းတန်းအောက်ရှိ ရွှေအမြုတေထိပ်တွင် လူ၏ လက်သည်းခွံလောက်သာ အရွယ်အစားရှိသော ကလေးဦးခေါင်းလေး တစ်ခု ရှိနေသည်။
ဟုတ်တယ်…ချီရှောက်ရွှမ်က ဝိညာဉ်အသစ်ကို ဖန်တီးဖို့အတွက် သူ့အမြုတေကို ကွဲအက်အောင် လုပ်နေတာ
ချီရှောက်ရွှမ်က ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအဖြစ် အချိန်အကြာကြီးနေခဲ့သည့်အတွက် ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိရန် ကြိုးစားလို့ရပြီ ဖြစ်သည်။ သူက ယနေ့ ပိရွှမ်ချင်းနှင့် တိုက်ခိုက်ရင်း များပြားသောအရာများကို သင်ယူခဲ့ပြီး စိတ်ဖိစီးနေသည်။ ထို့ကြောင့် သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားဖို့ မဆုံးဖြတ်တော့ပဲ အဆင့်တက်ဖို့ လုပ်လိုက်ခြင်း ဖြစ်သည်။
သာမန်အခြေအနေများတွင် အထွတ်အမြတ်မြေ၏ ပါရမီရှင်တစ်ယောက်က ရွှေအမြုတေထိပ်သီးအဆင့်သို့ ရောက်ရှိပြီးပါက အမြုတေကို ဖျက်စီးပြီး ဝိညာဉ်ဖွဲ့စည်းရန် သိပ်မခက်ခဲပေ။ သို့သော် သူ့ရွှေအမြုတေက အရမ်းမာကြောနေမည်ဟု ချီရှောက်ရွှမ် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ပုံမှန်အားဖြင့် ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က ချီသန့်စင်ခြင်းစနစ်၏ သတ်မှတ်ချက် ဖြစ်သည်။ ထိုအဆင့်ကို ကျော်ဖြတ်ဖို့အတွက် အရမ်းခက်ခဲလှသည်။
ချီရှောက်ရွှမ်က ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားသော်လည်း ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိဖို့အတွက် ကြိုးစားခြင်းက တခြားသူများထက်ပင် ပိုမိုခက်ခဲနေသည်။ သူ့ဝိညာဉ်က သာမန်ထက် ပိုပြီးသန်မာနေပါက အဆင့်ကျော်ဖြတ်ခြင်းကို အလွယ်တကူ လုပ်ဆောင်နိုင်သည်။
သို့သော် ချီရှောက်ရွှမ်၏ ဘဝက ငယ်ငယ်ကတည်းက အရမ်းအဆင်ပြေချောမွေ့ခဲ့ပြီး အခက်အခဲ မကြုံတွေ့ရသလောက် ဖြစ်နေခဲ့သည်။
အရှင်းဆုံးပြောရလျှင် သူ့ဝိညာဉ်၏ ခွန်အားနှင့် အကြမ်းခံမှုက တစ်ခုချင်းစီ မထင်ရှားပေ။ ပျမ်းမျှအထက်မှာသာ ရှိသည်ဟု သတ်မှတ်နိုင်ပြီး အရှက်ရစရာကောင်းသော မြင်ကွင်းကို ဖြစ်ပေါ်သွားစေသည်။ အခက်အခဲများစွာကို ရင်ဆိုင်ပြီးနောက် ချီရှောက်ရွှမ်၏ ရွှေအမြုတေ ကွဲအက်သွားကာ သူ့ကနဦးဝိညာဉ်က ခေါင်းထွက်လာပြီးနောက် မတော်တဆ ခေါင်းတစ်သွားပြီး ထပ်ထွက်မလာတော့ပေ။
ကနဦးဝိညာဉ်က ရွှေအမြုတေမှ မွေးဖွားလာခြင်းဖြစ်သည့်အတွက် ရွှေအမြုတေမှ ရုန်းကန်လွတ်မြောက်ပြီး အချိန်တိုအတွင်း အတော်လေး ကြီးထွားလာမည် ဖြစ်သည်။
ချီရှောက်ရွှမ်က သူ့ရွှေအမြုတေကို ပြီးပြည့်စုံစွာ ကွဲအက်သွားအောင် မလုပ်နိုင်လိုက်ကြောင်း ကို့ရို့ကားရားနိုင်စွာ ရှာဖွေတွေ့ရှိလာမိသည်။
သူ့ ကနဦးဝိညာဉ်က ဦးခေါင်းကို ထုတ်ပြီးနောက် လည်ပင်းက အက်ကြောင်းမှာ တစ်နေသည်။ ပြန်ထည့်လို့လည်းမရ ထွက်လို့လည်းမရ ဖြစ်နေသည်။
ထိုကနဦးဝိညာဉ်ငယ်လေးလည်း မတတ်နိုင်ဘဲ ခြေထောက်များဖြင့် ကန်ကျောက်နေသည်။
တကယ်ကို အရှက်ကွဲတာပဲ…
သူ့ အသက်အဆီအနှစ်ကလည်း ရွှေအမြုတေဆီမှ ကနဦးဝိညာဉ်ဆီသို့ ပြောင်းရွှေ့ပြီးပြီဖြစ်သည့်အတွက် ချီရှောက်ရွှမ်၏ ရွှေအမြုတေကွဲအက်ခြင်းက သူ့တာအိုကို ပြင်းထန်စွာ ဒဏ်ရာရစေတာမျိုး မရှိပေ။ ထို့ကြောင့် သူ့ ကနဦးဝိညာဉ် ခဏလောက် တစ်နေလည်း ပြဿနာတော့ မရှိပေ။
သို့သော် အထူးသဖြင့် သူ့ရှေ့မှာ ပွဲကြည့်ပရိသတ် ရှိနေသည့်အချိန် ထိုကဲ့သို့သော အရာမျိုးကို ကြုံတွေ့လိုက်ရသည်။ အဆင့်ဖြတ်ကျော်ခြင်းက သူတို့၏ စိတ်ပိုင်းဆိုင်ရာ သန်စွမ်းမှုကိုလည်း စစ်ဆေးသည်။
အောင်းဝူနှင့် မင်းသားလေးယောက်တို့၏ ထူးဆန်းသော အကြည့်များကြောင့် သူ သေချင်နေပြီ ဖြစ်သည်။
ထို ထူးဆန်းသော အခြေအနေကြောင့် သူ့ ကနဦးဝိညာဉ်၏ ဦးခေါင်းပင် ပိုမိုကြီးသွားပြီး ပိုမိုခက်ခဲသောအခြေအနေသို့ ရောက်ရှိသွားသည်။
အင်း သူ့လည်ပင်းက အက်ကြောင်းမှာ ညပ်နေပြီ
ခဏတာအတွက် အဆင်ပြေသော်လည်း အကြာကြီး ဒီအတိုင်းဆက်ဖြစ်နေပါက သေချာပေါက် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
တခြားသူများမဆိုထားနှင့် ကနဦးဝိညာဉ်က အပြင်လည်း ထုတ်လို့မရသလို ပြန်လည်းသွင်းလို့ မရသည့်အတွက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းလို့မရ ဖြစ်နေသည်။ ချီရှောက်ရွှမ် ရှက်မိသောကြောင့် ဒီလိုရွှေအမြုတေနှင့် ကနဦးဝိညာဉ်ဖြင့် အပြင်ကို ထွက်မသွားချင်ပေ။
ခရမ်းစံအိမ်သူတော်စင် တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို ကြုံတွေ့ပြီးနောက် ချီဖောက်ပြန်ခြင်း မခံစားရတာနှင့်ပင် စိတ်ဓာတ်မာကြောသည်ဟု ဆိုနိုင်သည်။
“ ညီအစ်ကိုရှန်လား။ ဘာလို့ အစောကြီး ပြန်လာရတာလဲ။ မကြည့် … မကြည့်နဲ့”
ချီရှောက်ရွှမ်က နှုတ်ခမ်းများကို တွန့်ချိုးကာ လက်များကို အမြန်မြှောက်လိုက်သည်။ ဘယ်ဖက်လက်ဖြင့် ကနဦးဝိညာဉ်ကို ကာထားပြီး ညာဖက်လက်ဖြင့် သူ့မျက်နှာကို ကာထားသည်။
ဤလောကတွင် သေဆုံးခြင်းကို အစစ်အမှန် သေဆုံးခြင်းနှင့် အရှက်ကွဲ သေဆုံးခြင်းဟု နှစ်မျိုး ခွဲနိုင်သည်။
ယခု ချီရှောက်ရွှမ်က ဒုတိယတစ်မျိုးကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
အား…အရမ်းရှက်ဖို့ ကောင်းတာပဲ
အမှန်အတိုင်း ပြောရလျှင် ရှန်ထျန်းက အမြဲတမ်း ကြင်နာသိမ်မွေ့ပြီး ဖြောင့်မတ်သူတစ်ယောက် ဖြစ်ခဲ့သည်။ သူ တောင့်ခံနိုင်သ၍ တခြားသူများ၏ ကံဆိုးမှုအပေါ် အခွင့်ကောင်းယူလေ့ မရှိပေ။
ယခုလက်ရှိတွင် ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်နေသည်။
သူ တိတ်တဆိတ် နောက်လှည့်ကာ ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိပ်သည်းသော အဖြူရောင်မြူခိုးများက ဖုံးအုပ်သွားသည်။ တခြားသူများက သူ့မျက်နှာကို လုံးဝ မမြင်ရပေ။
ချက်ချင်းဆိုသလို လွန်ကဲသော ရယ်သံများက ဝိညာဉ်မြူခိုးအတွင်းမှ ထွက်ပေါ်လာသည်။
ချီရှောက်ရွှမ် ဘာလုပ်ရမယ်မှန်း မသိတော့ပေ။
ရှန်ထျန်း စတင်လိုက်ပြီဖြစ်သည့်အတွက် အောင်းဝူနှင့် တခြားမင်းသားလေးယောက်လည်း နောက်ဆုံး တောင့်ခံနိုင်မည့်ပုံ မပေါ်တော့ပေ။ သူတို့အားလုံးလည်း နောက်လှည့်ကာ အားပါးတရ ရယ်မောကြတော့သည်။
ချီရှောက်ရွှမ်က အတော်လေး ရှက်မိနေလေပြီ။
အချိန်တစ်ခု ကြာသွားသည့်အခါ ရှန်ထျန်း၏ အသိစိတ်ဝင်လို့လား ဒါမှမဟုတ် သူဆက်ပြီး မရယ်နိုင်တော့လို့လား မသိသော်လည်း သူ ပြန်လှည့်လာကာ သူ့ပတ်လည်ရှိ ဝိညာဉ်မြူခိုးများလည်း ပျောက်ကွယ်သွားသည်။
သူ့ကြည့်ရတာ ရယ်ချင်စိတ် လုံးဝမရှိတော့ဘဲ လုံးဝ အတည်ပေါက်ပုံစံမျိုး ဖြစ်နေ၏။
ရှန်ထျန်းက ရယ်နေဆဲဖြစ်သော မင်းသားလေးယောက်နှင့် အောင်းဝူကို ကြည့်ကာ လှောင်ရယ်ရင်း ပြောလိုက်သည်
“ မင်းတို့ အရမ်းလွန်တာပဲ။ ညီအစ်ကိုချီက အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အချိန် မင်းတို့က ဘယ်လိုလုပ်ပြီးတော့ ရယ်နေနိုင်ရတာလဲ”
ထို့နောက် သူ့နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ သူ မထိန်းနိုင်ဘဲ ထပ်ပြီး ရယ်ချင်လာပြန်သည်။
အဖြူရောင် ဝိညာဉ်မြူခိုးက ရှန်ထျန်းကို လွှမ်းခြုံသွားပြန်သည်။ သူ ရယ်ချင်တာကို တောင့်ခံဖို့အတွက် ခက်ခဲနေသည်ဟု ခံစားရသည်။
ချီရှောက်ရွှမ်က သူ၏ တစ်သက်တာရန်သူကို အငြိုးအတေးကြီးစွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်
“ ညီအစ်ကိုရှန် အရမ်းလွန်သွားပြီ”
ရှန်ထျန်းက ချီရှောက်ရွှမ်၏ ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းကို မော့ကြည့်လိုက်သည်။ အစက ခရမ်းရွှေရောင်ဖြစ်သော်လည်း ယခု ခရမ်းရောင်က ပိုပြီးတော့ ဖျော့လာသည်။
သူက ချီရှောက်ရွှမ်၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိထားသည့်အတွက် ထိုအရာက ဖြစ်သင့်မှန်း ရှန်ထျန်း သိသည်။
သို့သော် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ချီရှောက်ရွှမ်အတွက် သာမန် ကံအပြောင်းအလဲ အခွင့်အရေးသာ ဖြစ်ပုံပေါ်သည်။ ထို့ကြောင့် ခြုံငုံပြောရလျှင် သူ့ရောင်ဝါစက်ဝန်းအပေါ် ထိုအခွင့်အရေး၏ လွှမ်းမိုးမှုက မကြီးမားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ဆုံးရှုံးခြင်းကြောင့် ရရှိလာသည့် ကံဆိုးမှုကလည်း အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်မသွားပေ။
ရှန်ထျန်း၏ ရှုထောင့်မှ ကြည့်လျှင် လူအများကြားတွင် အရှက်ရခြင်းက သေစေနိုင်သော အရာဟု ထည့်မတွက်ပေ။ ရှန်ထျန်းက ဒီတစ်ခေါက် ချီရှောက်ရွှမ်၏ မတော်တဆမှုကို စိတ်ထဲမှာ မှတ်သားထားလိုက်သည်။ ထိုအရာက ရှေ့လျှောက် ‘ကံကြမ္မာ ရောင်ဝါစက်ဝန်း’ ရှာဖွေမှုတွင် အဖိုးတန်အရာ တစ်ခု ဖြစ်လာပေမည်။
သူက ယုဖန်ရှန်း ပေးသည့် ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ချီရှောက်ရွှမ်ဆီသို့ ပစ်ပေးလိုက်သည်။
“ ညီအစ်ကိုချီ စကားပြောမနေနဲ့တော့။ ဒါက ကောင်းတဲ့ အရာတစ်ခုပဲ။ စားပြီးတော့ ဖြည်းဖြည်းချင်း အာရုံခံကြည့်လိုက်”
ချီရှောက်ရွှမ် ဘာလုပ်ရမယ်မှန်းမသိ ကြောင်အသွားသည်။