ရွှေရောင် ထွက်ပေါ်မှု စွမ်းရည်သစ်
Vol. 21 Ch. 304
အခန်း (၃၀၄) : ရွှေရောင် ထွက်ပေါ်မှု စွမ်းရည်သစ်
အဲဒါက ဘာလဲ…
ချီရှောက်ရွှမ်က ရှန်ထျန်း ပစ်ပေးလိုက်သော အပြာရောင်သလင်းကျောက်ကို ချက်ချင်း ဖမ်းလိုက်သည်။
ထိုအရာ အေးစက်နေပြီး ချီရှောက်ရွှမ်၏ လက်ထဲတွင် တောက်ပနေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ဖြစ်သွားသည်ကို ချီရှောက်ရွှမ် ချက်ချင်း ခံစားလိုက်မိသည်။ သူ၏ လှုပ်ရှားနေသော ကနဦးဝိညာဉ်ပင် စတင် ငြိမ်ကျသွားသည်။
အင်း…လုံးဝ ကွဲအက်သွားလို့ မလှုပ်ရှားတော့တာလည်း ဖြစ်နိုင်တယ်
ချီရှောက်ရွှမ်က သူ့လက်ထဲရှိ သလင်းကျောက်ကို ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်
“ ဒါကဘာလဲ။ ဘာလို့ ဝိညာဉ်ကို အရမ်းသက်တောင့်သက်သာ ဖြစ်သွားစေတာလဲ”
ဘေးမှာ ရပ်နေသော ဂဏန်းမင်းသားက အရမ်းအားကျသည့်ပုံစံဖြင့် ပြောလိုက်သည်
“ ဒါက ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ပဲ။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက အဖိုးတန်ရတနာဖြစ်ပြီးတော့ ကျင့်ကြံသူရဲ့ ဝိညာဉ်ကို အားကောင်းစေတယ်”
ငွေဖြူရောင် မင်းသားလေးက ထပ်ပြောလိုက်သည်
“ ခရမ်းစံအိမ် သူတော်စင်ရဲ့ အဆင့်ဖြတ်ကျော်တဲ့ ပြဿနာက ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က အရမ်းအားကောင်းတော့ ကနဦးဝိညာဉ်က မကိုင်တွယ်နိုင်ဘူး ဖြစ်သွားတာပါ။
ဒါပေမဲ့ ညီအစ်ကိုချီသာ ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် စွမ်းအားကို စုပ်ယူပြီးတော့ ကနဦးဝိညာဉ်ကို သန်မာစေမယ်ဆိုရင် ကနဦးဝိညာဉ်အဆင့်ကို တက်လှမ်းဖို့အတွက် အရမ်းချောမွေ့သွားလိမ့်မယ်။ သူ ဘာအခက်အခဲမှ ကြုံတွေ့ရမှာ မဟုတ်ဘူး”
အောင်းဝူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တစ်ခုက နှစ်ပေါင်း တစ်ရာကျင့်ကြံတာကို အစားထိုးနိုင်တယ်လို့ ကျွန်တော် ကြားထားတယ်။ ဒါက တကယ်ကို ရှားပါးတဲ့ ရတနာတစ်ပါးပဲ။
အရင်တုန်းက လူသားမျိုးနွယ်တွေက ဝိညာဉ်အသုံးအဆောင် ပစ္စည်းသုံးခုနဲ့ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တစ်ခုကို လဲလှယ်ဖို့အတွက် ရေသူမျိုးနွယ်ဆီကို အလည်လာခဲ့ကြသေးတယ်။ သူတို့အကုန်လုံး အငြင်းခံခဲ့ရတယ်။
အဲဒီရတနာက အရမ်းရှားပါးတယ်။ ရေသူမျိုးနွယ်မှာ အဲဒီကြယ်မျက်ရည်စက်တွေကို ရှာဖို့အတွက် ထူးခြားတဲ့ အရည်အချင်း ရှိတယ်။ ဒါပေမဲ့ သူတို့ကလွဲပြီးတော့ တခြားပင်လယ်မျိုးနွယ်စုတွေအတွက်တော့ တစ်ခုလောက် ပိုင်ဆိုင်ဖို့တောင် ခက်ခဲတယ်။ အဲဒါက အဖိုးမဖြတ်နိုင်ဘူး။
အစ်ကိုရှန် ကြယ်မျက်ရည်စက် ရမယ်လို့တောင် ထင်မထားဘူး။ အစ်ကိုချီကို ပေးဖို့ထိပါ သူက ဆန္ဒရှိနေတာကိုတော့ စဉ်းတောင် မစဉ်းစားမိဘူး”
အောင်းဝူနှင့် ကျန်မင်းသားလေးယောက်တို့၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ချီရှောက်ရွှမ်က လက်ထဲရှိ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို စိုက်ကြည့်လိုက်သည်။
ဒါဆို ဒီလက်ချောင်းအရွယ်အစားလောက်ပဲ ရှိတဲ့အရာက အရမ်းအဖိုးတန်တာပေါ့။ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် တစ်ခုထဲနဲ့တင် နှစ်ပေါင်းတစ်ရာစာ ကျင့်ကြံခြင်းကို အစားထိုးနိုင်မှာတဲ့
ကျင့်ကြံသူတစ်ယောက်က အရည်အချင်းရှိလေလေ သူတို့အတွက် ကိုယ်ပိုင် ခိုင်မာသော အုတ်မြစ်ကို တည်ဆောက်ဖို့အတွက် ရေးကြီးခွင်ကျယ်လုပ်ကြမည် ဖြစ်သည်။ သူတို့ ငယ်ရွယ်စဉ်တွင် အများစုက ကောင်းမွန်သော အုတ်မြစ်တည်ဆောက်ခြင်းအပေါ် အာရုံစိုက်ဖို့ ရွေးချယ်ကြလိမ့်မည်။
ဆန်းကြယ်နယ်ပယ်အဆင့် အများစုတွင်လည်း အသက်အရွယ် အကန့်အသတ် ရှိသည်။ ဥပမာအားဖြင့် မြောက်ပင်လယ်၏ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသို့ အသက် ၅၀၀ နှင့်အောက် ကျင့်ကြံသူများသာ ဝင်ခွင့်ပြုထားသည်။
ထိုကဲ့သို့သော ထူးခြားသည့်အခြေအနေတွင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်တစ်ခု၏ တန်ဖိုးက နှစ်ပေါင်းတစ်ရာ ကျင့်ကြံမှုနှင့် ညီမျှသည်ဟု ရိုးရှင်းစွာ တွေးလို့မရပေ။
ဥပမာအားဖြင့် ချီရှောက်ရွှမ်မှာသာ ဤပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် မရှိပါက သူ့ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် အချိန်များစွာ အသုံးပြုရမည် ဖြစ်သည်။
သူ ကနဦးဝိညာဉ်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါကလည်း အဆင့်တူ ပါရမီရှင်များနှင့် ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
ပိရွှမ်ချင်းနှင့် အာ့ထုံထျန်းတို့ကဲ့သို့သော ကျင့်ကြံသူများကို ကိုင်တွယ်နိုင်သောလည်း ခွန်မင်ကဲ့သို့ ထူးခြားသော ပါရမီရှင်နှင့် ရင်ဆိုင်ရမည်ဆိုပါက မတူညီသော ပြဿနာတစ်ခု ဖြစ်သွားပေလိမ့်မည်။
သို့သော် သူသာ ဤပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို စုပ်ယူလိုက်ပါက သူ ကနဦးဝိညာဉ်အသစ်ကို လုံးဝ ကာကွယ်နိုင်မည်ဖြစ်ပြီး သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကာ ကနဦးဝိညာဉ်စွမ်းအားကို တည်ငြိမ်အောင် လုပ်နိုင်မည် ဖြစ်သည်။
ထို့အပြင် ချီရှောက်ရွှမ်၏ ခွန်အားလည်း နှစ်ဆ တိုးလာမည်ဖြစ်သည်။ သူက ခွန်မင်ကဲ့သို့ အနိုင်မယူနိုင်သော ပြိုင်ဘက်မျိုးနှင့် ဆုံခဲ့လျှင်ပင် တစ်ခါထဲ လွတ်မြောက်နိုင်သည်။
သူ့ခွန်အား နှစ်ဆတိုးသွားခြင်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှ ရရှိလာမည့် ပစ္စည်းများ အရေအတွက်ကိုလည်း တိုးပွားစေလိမ့်မည်။
သူ့ရရှိမှုက သုံးဆ၊ ငါးဆ၊ ဆယ်ဆအထိ တိုးသွားနိုင်ပြီး ကွာခြားမှုက ထင်ရှားလှသည်။
ညီအစ်ကိုရှန်ကလည်း ရွှေအမြုတေထိပ်သီးအဆင့်မှာ ရောက်နေပြီ။ ဒါဆိုရင် သူလည်း ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို လိုမှာပဲ။ ဒါပေမဲ့ သူက ဒီအဖိုးတန်ရတနာကို ငါ့ဆီပေးဖို့ ရွေးချယ်ခဲ့တယ်။
ချီရှောက်ရွှမ်၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားသည်။ သူက ငတုံး မဟုတ်သည့်အတွက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း မဖွင့်ခင် ရက်စက်သည့် ကာလတွင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က ဘယ်လောက်ထိ အဖိုးတန်လဲဆိုတာကို သူ ကောင်းကောင်းသိသည်။
ပုံမှန်အချိန်တွင် ဤပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က များပြားတဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ ထိုက်တန်ပေမဲ့ အခုလိုမျိုး အချိန်မှာတော့ ဘယ်လောက်များတဲ့ ဝိညာဉ်အသုံးအဆောင်ပစ္စည်းနဲ့မှ လဲလှယ်လို့ မရတော့ဘူး
အခု ညီအစ်ကိုရှန်က ဒီကြယ်မျက်ရည်စက်ကို ငါ့ဆီပေးတဲ့အတွက် ဘယ်လိုမျိုး ပြန်ပေးဆပ်ရပါ့မလဲ … ငါက ညီအစ်ကိုရှန်ကို ရန်သူအဖြစ်သတ်မှတ်ပြီးတော့ လူပုံအလယ်မှာ အနိုင်ယူဖို့ အကြိမ်များစွာ တွေးနေခဲ့တာ
ဒါပေမဲ့ ညီအစ်ကိုရှန်က ငါ့အပေါ် အငြိုးအတေး လုံးဝ မထားဘူး။ သူက နဂါးနက်ဘုရင်ကြီးရှေ့မှာ ငါ့အတွက် ဝင်ပြောပေးရုံတင်မကဘူး။ ငါ အဆင့်တက်အောင်လို့ ဒီရတနာနဲ့ အကူအညီ ပေးနေပြန်ပြီ
လုံးဝလွှမ်းမိုးလို့မရတဲ့ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုလား။ ညီအစ်ကိုရှန်နဲ့ နှိုင်းယှဉ်လိုက်ရင် ငါ အရမ်းရှက်မိတယ်
ချီရှောက်ရွှမ်၏ နှလုံးသားထဲသို့ ခံစားချက်ပေါင်းများစွာ ဝင်ရောက်လာသည့်အတွက် မျက်လုံးများပင် နီရဲလာမိသည်။
သူက ရှန်ထျန်းကို အကြာကြီးစိုက်ကြည့်ပြီးနောက် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို သူ့ဆီ ပြန်ပေးလိုက်သည်။
“ ကျုပ် ညီအစ်ကိုရှန်ရဲ့ ကြင်နာတတ်တဲ့စိတ်ကို အသိအမှတ်ပြုပါတယ်။
ဒါပေမဲ့ ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က မင်းအတွက်လည်း အသုံးဝင်မှာပဲလေ။ မင်း သိမ်းထားပြီးတော့ ကိုယ့်ဘာသာ အသုံးပြုသင့်တယ်။ ကျုပ် ပိုပြီးတော့ ကြိုးစားလိုက်ပါ့မယ်။ ကျုပ် လုပ်နိုင်တယ်”
ချီရှောက်ရွှမ်၏ အမြင်တွင် ရှန်ထျန်း၏ ရွှေအမြုတေက နတ်သင်္ကေတများ မရှိသော်လည်း အရမ်းအရမ်းကို ကြီးသည်ဟု မြင်သည်။
ထိုကဲ့သို့သော ထူးခြားသည့် ရွှေအမြုတေကို ကွဲအက်အောင် လုပ်ပြီး ဝိညာဉ်အသစ်ဖန်တီးဖို့က ရှန်ထျန်းအတွက် အတော်လေး ခက်ခဲနိုင်သည်။
ချီရှောက်ရွှမ်က တခြားသူများအပေါ် အခွင့်ကောင်း မယူတတ်ပေ။
ရှန်ထျန်းက ချီရှောက်ရွှမ်၏ မျက်နှာပေါ်မှ ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကြောင့် ကြောင်အနေမိသည်။
ဘာလဲ
ငါ့ရဲ့ အမြုတေကို ကွဲအက်အောင် လုပ်ပြီးတော့ ဝိညာဉ်အသစ်ဖန်တီးရမယ်တဲ့လား
ဘာအမြုတေကို ကွဲအက်အောင် လုပ်ရမှာလဲ။ ဘာဝိညာဉ်ကို ဖန်တီးရမှာလဲ
ငါက အခုမှ ရွှေအမြုတေကို နည်းနည်းလေးပဲ ကျင့်ကြံရသေးတာ
ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်ကို ပိုင်တာပဲလေ။ ဘာလို့ ပြန်ပေးရတာကို အရမ်းခက်ခဲအောင် လုပ်နေရတာလဲ
ရှန်ထျန်းက မခံမရပ်နိုင်စွာဖြင့် ပြောလိုက်သည်
“ ငါ့ဆီမှာ ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်တွေ အများကြီး ရှိပါတယ်။ ညီအစ်ကိုချီအနေနဲ့ ကနဦးဝိညာဉ်ကို သန်မာအောင်လုပ်ဖို့အတွက် အခုချက်ချင်း လိုအပ်နေတာလေ။ အရင်ဆုံး ယူထားလိုက်ပါ”
ချီရှောက်ရွှမ်က ခေါင်းယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်
“ ညီအစ်ကိုရှန် ကျုပ်ကို ဖျောင်းဖျဖို့ မလိုပါဘူး။ မင်းရဲ့ ရွှေအမြုတေက အရမ်းကြီးတယ်။ အမြုတေကို ဖျက်စီးပြီး ဝိညာဉ်အသစ်ဖွဲ့စည်းဖို့က ပိုပြီးတော့ ခက်ခဲမှာပေါ့။ ဒါကို ကျုပ်ထက်ပိုပြီးတော့ လိုအပ်မှာပါ။ ကျုပ် ကနဦးဝိညာဉ် ခဏလောက် တစ်နေတယ်ဆိုပေမဲ့ နည်းလမ်းရှာနိုင်ပါတယ်။ ဒီလိုအဖိုးတန် ရတနာမျိုးကို ကျုပ်အတွက် သုံးစရာ မလိုပါဘူး”
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ ညီအစ်ကိုချီ မစိုးရိမ်နဲ့နော်။ ရေသူမင်းသမီးလေးက ဒီကြယ်မျက်ရည်စက်ကို ပေးခဲ့တာ။ သူမက သုံးခုပေးခဲ့တာ”
ချီရှောက်ရွှမ်က အံ့ဩစွာဖြင့် သံသယရှိစွာ မေးလိုက်သည်
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ညီအစ်ကိုရှန်က အဲဒါအတွက် ခန္ဓာကိုယ်ကို ရောင်းစားခဲ့တာတော့ မဟုတ်ပါဘူးနော်။ အဲလိုဆိုရင် ဘယ်လိုလုပ်ပြီးတော့ မြန်မြန် ပြန်လာနိုင်ရတာလဲ။ ညီအစ်ကိုရှန်…
သူမက မင်းကို သုံးခု ပေးခဲ့တယ်လို့ ပြောတယ်နော်။ ကျုပ် မယုံဘူး။ ကျန်တဲ့ နှစ်ခုကိုပါပြ”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိဖြစ်သွားသည်။
ဒီချီရှောက်ရွှမ်က ဘာလို့ အရမ်းပျော့ညံ့ရတာလဲ ... ငါ ဒီလူနဲ့ ပထမဆုံး စတွေ့တုန်းက သူ အရမ်းမောက်မာခဲ့တာ မဟုတ်လား
အခု ဘာလို့ အမျိုးသမီးတစ်ယောက်လို ပြုမူနေရတာလဲ။ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်လေး တစ်ခုအတွက်နဲ့တင် ဒီလောက်ထိ ပုံကြီးချဲ့နေရတယ်လို့
ပြီးတော့ ငါက အရမ်းမြန်တယ်လို့လည်း ပြောသေးတယ်။ မဟုတ်တာတွေ လျှောက်မတွေးစမ်းပါနဲ့ လူယုတ်မာရဲ့
ငါသာ သူမနဲ့ တကယ်အိပ်ရင် အနည်းဆုံး သုံးရက်လောက်တော့ ကြာလိမ့်မယ် … ဒါဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ။ ခင်ဗျားရဲ့ ကနဦးဝိညာဉ်ပြဿနာကို သုံးရက်လောက်ကြာအောင် တောင့်ခံနိုင်လို့လား
ရှန်ထျန်းက အရမ်းဖြူစင်တဲ့သူတော့ မဟုတ်ပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကြောင့် မိတ်ဆွေကို ပစ်ပယ်တတ်တဲ့သူမျိုးတော့ မဟုတ်ပါဘူး
အား…
ချီရှောက်ရွှမ်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့ ခရမ်းရောင် ကနဦးဝိညာဉ်က စတင်တုန်ခါလာပြီး သူ အရမ်းအားနည်းလာသလို ခံစားနေရသည်။
ရွှေအမြုတေထဲမှာ ပိတ်မိနေပြီး ခန္ဓာကိုယ်ဆီလည်း မပြန်နိုင်သော ကနဦးဝိညာဉ် တစ်ကောင်အတွက် ဝိညာဉ်စွမ်းအင်တွေ အများကြီး ကုန်ဆုံးလိမ့်မည် ဖြစ်သည်။
သူ မကြာခင် သူ့အမြုတေကို ကွဲအက်အောင် မလုပ်ပါက ချီရှောက်ရွှမ်၏ ခရမ်းရောင် ကနဦးဝိညာဉ်က သေရာပါ အပျက်အစီးကို ခံစားရတော့မည်။
“ ညီအစ်ကိုချီ အဲဒါကို စားမှာလား မစားဘူးလား”
“ ကျုပ် ပြောခဲ့တဲ့အတိုင်းပဲ။ ညီအစ်ကိုရှန် ကျန်တဲ့ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် နှစ်ခုကို မပြမချင်း မစားဘူး”
“ လုပ်ဖို့ ငြင်းနေမှတော့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတဲ့အတွက် အပြစ်မတင်ပါနဲ့”
“ ညီအစ်ကိုရှန် ဘာတွေလုပ်နေတာလဲ။ ညီအစ်ကိုရှန် အရမ်းလွန်သွားပြီ။ ဒီလှောင်ပြောင်နေတဲ့ အပြုအမူကို ရပ်တန့်လိုက်တော့။ ကျုပ် မစားဘူးလို့ ပြောနေတယ်နော်။ ကျုပ် မစားဘူးလို့”
“ ဒါက အရေးပေါ်ပဲ။ ကျွန်တော် ရွေးချယ်စရာ မရှိတော့ဘူး။ ညီအစ်ကိုရဲ့ လုံခြုံမှုအတွက် အားအင်သုံးသင့်ရင် သုံးရမှာပဲ။ လာ … ညီအစ်ကိုချီ ပါးစပ်ဟ”
“ မင်း ကျုပ်ပါးစပ်ထဲ အတင်းထိုးထည့်မယ်ဆိုရင်တောင် ကျုပ် ထွေးထုတ်လို့ရ….”
“ အိုး… သေစမ်း…”
ချီရှောက်ရွှမ်က အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ တင်းကြပ်စွာ ချည်နှောင်ခြင်းခံထားရပြီး နွယ်ပင်တစ်ပင်က သူ့လည်ချောင်းထဲထိ ဝင်ရောက်သွားသည်။
အောင်းဝူနှင့် မင်းသားလေးယောက်က ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်နေကြသည်။
ဘာတွေဖြစ်နေတာလဲ
မင်းက ရတနာပေးတာဆိုပေမဲ့ နွယ်ပင်နဲ့ ချည်ပြီးတော့ လည်ချောင်းထဲထိ ထိုးထည့်တာလား။
မင်းတို့ လူသားပါရမီရှင်တွေက … အားပါးပါး … အရမ်းရိုင်းကြတာပဲ
ဒီထက်ပိုပြီး အံ့ဩဖို့ကောင်းတာက ရှန်ထျန်းက ချီရှောက်ရွှမ်ကို အလွယ်တကူ အောင်နိုင်သွားတယ်
ချီရှောက်ရွှမ်က ယခု ကောင်းမွန်သော အခြေအနေ မရှိသော်လည်း အနိုင်ကျင့်လို့ရသောသူတော့ မဟုတ်ပေ။ သို့သော် သူက ချက်ချင်း ချည်နှောင်ခံလိုက်ရသည်။
ရှန်ထျန်း၏ စွမ်းအားက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ထိုအရာက သက်သေပြပေးလိုက်ခြင်း ဖြစ်သည်။ ယခင်က သူ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
သူသာ အကုန်လုံး ထုတ်သုံးပါက နယ်မြေငါးခုလုံးကို ထိတ်လန့်သွားပေလိမ့်မည်။
ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့်အတူ ချီရှောက်ရွှမ်၏ ဗိုက်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် စွမ်းအင်လုံးအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်တွင်းသို့ ပျံ့နှံ့သွားသည်။
ချီရှောက်ရွှမ်ကို အပြာရောင် အလင်းတန်းက ချက်ချင်းဖုံးလွှမ်းသွားပြီးနောက် သူ့ဆီမှ ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသည်။
ဖြစ်စဉ်က လှောင်ပြောင်စရာ ဖြစ်နေသော်လည်း ယခု ချီရှောက်ရွှမ်ကို ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် စွမ်းအားဖြင့် ထောက်ပံ့ပေးထားသည်။ သူ့ ကနဦးဝိညာဉ်လည်း အလျင်အမြန် သန်မာသွားပြီ ဖြစ်သည်။
ရွှေအမြုတေကြားမှာ ညပ်နေခဲ့သော သူ့ကနဦးဝိညာဉ်ကလည်း လုံးဝ တုန်ခါလာသည်။ ညာဖက်လက်ဖြင့် ထိုးထွက်လာကာ ရွှေအမြုတေ၏ ညာဖက်ထောင့်တွင် အက်ကြောင်းပေါ်လာသည်။ နောက်ထပ် လက်သီးထိုးနှက်ချက် တစ်ခုကြောင့် ဘယ်ဖက်ထောင့်တွင် အက်ကြောင်းပေါ်လာသည်။ လက်နှစ်ဖက်လုံး ပေါ်လာပြီ ဖြစ်သည်။
ထို့နောက် ရွှေအမြုတေ၏ အောက်ခြေမှ ကနဦးဝိညာဉ်၏ ခြေထောက်များ ကန်ထွက်လာသည်။
လက်ချောင်းအရွယ်သာရှိသော ကနဦးဝိညာဉ်က ယခု ရွှေအမြုတေမှ လုံးဝ လွတ်မြောက်သွားပြီဖြစ်ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာ တစ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
ဟုတ်တယ် မှန်တယ် … ကြည့်ရတာ တကယ်ကို သူရဲကောင်းဆန်တယ်
အနည်းဆုံးတော့ လိပ်မင်းသား ဝူဝုတိလည်း အဲလိုမျိုး ခံစားရတယ်
ကျေနပ်တယ်
ရှန်ထျန်းက သူ့ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို သိမ်းဆည်းလိုက်သည်။
ဒီလိုမျိုး အားအင်သုံးပြီးလုပ်တာက အရာအားလုံးကို ချောမွေ့သွားစေမယ်ဆိုတာသာ သိခဲ့ရင် အစကတည်းက သုံးခဲ့ပါတယ်
ပျော့ညံ့နေတာက အချိန်ကုန်တာပဲ အဖတ်တင်တယ်
ချီရှောက်ရွှမ်၏ ပါးစပ်ထဲသို့ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ထိုးထည့်ပြီးနောက် ရှန်ထျန်းက သူ့ကံကြမ္မာ ပြန်လည်ကောင်းမွန်လာတာကို ကြည့်ဖို့ အရမ်းကျေနပ်နေသည်။
ချီရှောက်ရွှမ်၏ ရောင်ဝါစက်ဝန်းပေါ်ရှိ ခရမ်းရောင်အကွက်များက မှေးမှိန်သွားခဲ့သော်လည်း ယခု အရင်ကထက် ပိုမိုတောက်ပကာ များပြားသော အကွက်များ ထပ်မံပေါ်လာခဲ့သည်။
ရောင်ဝါစက်ဝန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်းမျိုး မဟုတ်သော်လည်း အကွက်များက ယခင်ကထက်ပိုမို ထင်ရှားလာသည်။
ရှန်ထျန်းလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်သော ခံစားချက်တစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူက မှန်တစ်ချပ်ကို ထုတ်ယူကာ သူ့ခေါင်းပေါ်ရှိ နေရာကို ကြည့်ပြီးနောက် မျက်နှာတွင် ပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားရသည်။
ရှန်ထျန်း၏ အနီရင့်ရောင် ရောင်ဝါစက်ဝန်းက ယခု အနီပုတ်ရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေပြီ။ ယခု ထိုအနီရောင်ထဲတွင် ဖျော့တော့တော့ ရွှေရောင်လေးကို မြင်နေရပြီဖြစ်ပြီး ခမ်းနားကြီးကျယ်လှသည်။
ချီရှောက်ရွှမ်၏ ကံအပြောင်းအလဲ အခွင့်အရေးကို အတည်ပြုပြီးနောက် ရှန်ထျန်းက သူ့ကိုယ်ပိုင် ရောင်ဝါစက်ဝန်းကို တိုးတက်အောင် လုပ်နိုင်ခဲ့သည်။
ထို ရွှေရောင်ဖျော့ဖျော့များ ပေါ်ထွက်လာမှုကြောင့် ရှန်ထျန်း စိတ်အေးသွားသည်။ တစ်ချိန်တည်းမှာပဲ ဆန်းကြယ်သော အချက်အလက် တစ်ခုကို ရရှိလိုက်သည်။
တခြားသူများ၏ ကံကြမ္မာ ရောင်ဝါစက်ဝန်းများနှင့် ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်များကို ရှာဖွေသည့် စွမ်းရည်ကလည်း ထပ်မံမြင့်တက်သွားခဲ့ပြန်သည်။ ယခင်က ရှန်ထျန်း အနက်ရောင် ရောင်ဝါစက်ဝန်းကိုသာ ပိုင်ဆိုင်ခဲ့သည့်အတွက် မပြည့်စုံသော ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်များကို မြင်ခဲ့ရပြီး မြင်ခဲ့ရသည်များကလည်း ဝါးတားတားဖြစ်နေသည်။
ဥပမာအားဖြင့် ချင်ကောင်း၏ ကံအပြောင်းအလဲ အခွင့်အရေးက ဟရူးဂါနတ်ဆိုးကျမ်း ဖြစ်သော်လည်း ရှန်ထျန်း လိုက်ရှာသည့်အချိန်တွင် မီးတိုင်းပြည်သမိုင်းနှင့်တင် ရပ်တန့်သွားခဲ့သည်။
ရှန်ထျန်း၏ ကံကြမ္မာ တိုးတက်လာသည်နှင့်အမျှ ထို ကံအပြောင်းအလဲ အခွင့်အရေးများကို မြင်နိုင်စွမ်းလည်း အားကောင်းလာခဲ့သည်။
ရှန်ထျန်းဆီမှာ အနီရောင် ရောင်ဝါစက်ဝန်းရှိခဲ့စဉ်က လူတစ်ယောက်က သူ့ကံအပြောင်းအလဲ အခွင့်အရေးကို ဘယ်အချိန် ကြုံတွေ့ရမည်ဆိုတာကိုပါ ပြောပြနိုင်သည်။
ယခု သူ့ရောင်ဝါစက်ဝန်းက ရွှေရောင် သန်းနေပြီဖြစ်သည့်အတွက် ရှန်ထျန်း၏ စွမ်းရည်က ထပ်မံတိုးမြင့်သွားပြန်သည်။
ထိုအရာက သူ့ကို လက်တွေ့အချိန်မှာ ကံအပြောင်းအလဲ အခွင့်အရေးကို ခြေရာခံနိုင်အောင် လုပ်ပေးသည်။