← Chapters

ကြယ်တာရာကျွန်း စစ်ဆေးမှုစတင်ပြီး ခွန်မင်လည်း သီးသန့်ကျင့်ကြံတာ ပြီးဆုံးသွားပြီ

Vol. 21 Ch. 305

ကြယ်တာရာကျွန်း စစ်ဆေးမှုစတင်ပြီး ခွန်မင်လည်း သီးသန့်ကျင့်ကြံတာ ပြီးဆုံးသွားပြီ

Vol. 21 Ch. 305

အခန်း (၃၀၅) : ကြယ်တာရာကျွန်း စစ်ဆေးမှုစတင်ပြီး ခွန်မင်လည်း သီးသန့်ကျင့်ကြံတာ ပြီးဆုံးသွားပြီ

“ လက်တွေ့အချိန်မှာ ကံအပြောင်းအလဲ အခွင့်အရေးကို ခြေရာခံနိုင်တယ်” ဆိုတာ ဘာအဓိပ္ပာယ်လဲ ...

ရှင်းရှင်းပြောရရင် ရှန်ထျန်းက ဘယ်အချိန်မဆို တခြားသူတွေရဲ့ ကံအပြောင်းအလဲ အခွင့်အရေးရှိတဲ့ တည်နေရာတွေကိုလည်း မလွတ်တမ်း ခြေရာခံလို့ရတယ်

ယခင်က ရှန်ထျန်း တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို မျှယူပါက ထိုလူ၏ ရောင်ဝါစက်ဝန်းထဲတွင် ထိုအခွင့်အရေး ဘယ်လိုရမလဲဆိုသော အဖြစ်အပျက် တစ်ခုလုံးကို ပထမဆုံး မြင်တွေ့ရမည်။

ထို့နောက် ပစ်မှတ်ထားရာလူ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ဆုံးဖြတ်ဖို့အတွက် ထူးခြားသော အမှတ်အသားများ ဖြစ်သည့် လမ်းကြောင်းများနှင့် လမ်းအမှတ်အသား ကျောက်ပြားများကို ကြည့်ကာ နည်းလမ်းများကို စဉ်းစားရမည် ဖြစ်သည်။

ထိုကဲ့သို့သော ကံအပြောင်းအလဲ အခွင့်အရေးကို မျှယူခြင်းက အတော်လေး အသုံးဝင်သော်လည်း ကန့်သတ်ချက်များက အရမ်းများပြားသည့်အတွက် ဒုက္ခများပြီး အမှားလုပ်မိဖို့ လွယ်ကူလှသည်။

ယခင်က ရှန်ထျန်း အစိမ်းရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားစဉ်က ဆုံးဖြတ်ချက်မှားပြီး ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသော တောင်ကြားထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည့်အတွက် စွမ်းအင်များ စုပ်ယူခံရလုနီးပါး ဖြစ်ခဲ့သည်။

သူ့ အစိမ်းရောင် ရောင်ဝါစက်ဝန်းမှာ အနီရောင် အလင်းတန်းရှိခဲ့စဉ်က ဘယ်အချိန်မှာ ကံအပြောင်းအလဲ အခွင့်အရေးကို ကြုံတွေ့ရမလဲဆိုသည့် အချိန်ကိုပါ ခန့်မှန်းနိုင်သည့် စွမ်းရည် ရရှိသွားသည်။

ထိုအချိန်ကတည်းက ရှန်ထျန်း တခြားသူများ၏ ရောင်ဝါစက်ဝန်းကို ကြည့်လိုက်ပါက ကံအပြောင်းအလဲ အခွင့်အရေး ဘယ်အချိန်မှာ ဖြစ်ပေါ်မလဲဆိုတာကို အတိအကျ သိနေခဲ့ရသည်။

သို့သော် လုံလောက်အောင် လုံခြုံမှု မရှိသေးပေ။

အကြောင်းအရင်းက ရှင်းလင်းလှသည်။ ကံအပြောင်းအလဲ အခွင့်အရေး အများစုက ပြောင်းလဲတတ်သောကြောင့် ဖြစ်သည်။

သူ စောသွားတာဖြစ်ဖြစ် နောက်ကျသွားတာဖြစ်ဖြစ် ကံအပြောင်းအလဲ အခွင့်အရေးကို လက်လွတ်သွားရလိမ့်မည်။ ဥပမာအားဖြင့် သူ တောင်နက်မြို့တော်တွင် ခြင်နတ်ဆိုးကို စောင့်ခဲ့စဉ်အခါက ဖြစ်သည်။ သူ စတင်လှုပ်ရှားပြီးနောက် အတိကျဆုံးသောအချိန်မှာ ရပ်တန့်ရမည် ဖြစ်၏။

သူ အရမ်းစောစောရောက်ရှိသွားပါက ခြင်နတ်ဆိုးနှင့် တွေ့ရမည် မဟုတ်ပေ။ ထို့ကြောင့် စိတ်ရှည်ရှည်ဖြင့် စောင့်နေရုံအပြင် မတတ်နိုင်ပေ။ သို့သော် သူ အရမ်းနောက်ကျပြီး ရောက်သွားပါက အားလုံးအချည်းနှီး ဖြစ်သွားမည် ဖြစ်သည်။

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုမှာ ပါဝင်တော့မည် ဖြစ်သည်။ ထိုကျွန်းကို ရှုပ်ထွေးပွေလီ အငွေ့အသက်က လုံးဝ လွှမ်းခြုံထားသည့်အတွက် ထို ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက အရမ်းဆန်းကြယ်သည်ဟု ငွေဖြူရောင်မင်းသားလေးတို့ဆီမှ ကြားခဲ့ရသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ပင်လယ်ပြင်ပေါ်မှာ မြောနေပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် ချက်ချင်း ရွေ့လျားနိုင်သည်။ ထို့ကြောင့် တည်နေရာက အမြဲတမ်း ပြောင်းလဲနေသည်။ ရှုပ်ထွေးပွေလီ အငွေ့အသက်၏ လွှမ်းမိုးမှုကြောင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတစ်ခုလုံးကို ထိုအရှိန်အဝါများဖြင့် ဖုံးလွှမ်းထားသည့်အတွက် တည်နေရာကို ခန့်မှန်းရန် အလွန်ခက်ခဲသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှန်ထျန်းက ကံအပြောင်းအလဲ အခွင့်အရေးကို ကြိုတင်သိထားလျှင်ပင် ကိုးကားစရာရှာဖို့ ခက်ခဲပေလိမ့်ဦးမည်။ သို့သော် လက်တွေ့အချိန်တွင် ကံအပြောင်းအလဲ အခွင့်အရေးကို ခြေရာခံနိုင်စွမ်း ရရှိသွားပြီးနောက် အားလုံးက ကွဲပြားသွားပြီ ဖြစ်သည်။

ဥပမာအားဖြင့် ချီရှောက်ရွှမ်က ကျွန်းပေါ်မှာ ကံအပြောင်းအလဲ အခွင့်အရေးရရှိမည်ဟု မြင်ထားပါက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ တည်နေရာက အမြဲတမ်း ပြောင်းလဲနေသည့်အတွက် တိကျသောအချိန်တွင် ကျွန်းပေါ်သွားလိုက်ရင် ရလေပြီ။

သူသာ အချိန်ကိုက်ကို လွတ်သွားပါက ရှန်ထျန်း သူမြင်ခဲ့သော ရောင်ဝါစက်ဝန်းထဲကအတိုင်း ကျွန်း၏ ပုံစံကို ရှာတွေ့လျှင်ပင် ထိုကျွန်းက တခြားနေရာသို့ ရွေ့သွားပြီးပြီ ဖြစ်လိမ့်မည်။

တစ်ချိန်တည်းမှာပဲ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက မြေမျက်နှာသွင်ပြင်ကိုလည်း ပြောင်းလဲလို့ ရသည်။ ထို့ကြောင့် ရှန်ထျန်းအတွက် တိကျသော ကိုးကားစရာ ရှာရတာ စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

သို့သော် ယခု ထိုအရာများက ပြဿနာ မဟုတ်တော့ပေ။

ရှန်ထျန်းက အဖြစ်အပျက်ကို ချီရှောက်ရွှမ်၏ ခေါင်းပေါ်မှာ မြင်ထားပြီးသားဖြစ်သည့်အတွက် တည်နေရာကို ချက်ချင်း ရှာနိုင်မည် ဖြစ်သည်။ ကျွန်းတွေ ဘယ်လောက်ပဲ ရွေ့လျားနေပါစေ ပြဿနာ မရှိတော့ပေ။

စစ်ဆေးမှု မစတင်ခင် စွမ်းရည်အသစ်ကို ရရှိသွားသည့်အတွက် ရှန်ထျန်း ယုံကြည်မှုအပြည့် ရှိသွားသည်။ သူ သွားဖို့ အရမ်းစိတ်အားထက်သန်နေသည်ကို လုံးဝ ထိန်းချုပ်လို့ မရနိုင်တော့ပေ။

ဒီခြေရာခံစက်က အချိန်ကိုက်ပေါ်လာတာပဲ …

ထိုအတွေးကြောင့် ရှန်ထျန်းက ပြုံးလိုက်သည်။

တစ်ဖက်တွင် ချီရှောက်ရွှမ်၏ ကနဦးဝိညာဉ်အဆင့် ရောက်အောင် ကြိုးစားခြင်းက ဖြည်းဖြည်းချင်း အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။

သူ့ကနဦးဝိညာဉ်၏ ခြေလက် လေးချောင်းက ရွှေအမြုတေမှ လုံးဝ ထွက်လာပြီ ဖြစ်သည်။ ချီရှောက်ရွှမ်က ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို စုပ်ယူနေဆဲဖြစ်ပြီး အသန့်စင်ဆုံး ဝိညာဉ် စွမ်းအင်အဖြစ် ပြောင်းလဲနေသည်။

သူ့ကနဦးဝိညာဉ်က ခရမ်းရောင်ကျောက်စိမ်းဖြင့် ထွင်းထုထားသလိုမျိုး ပိုမို တောက်ပလာသည်

သူ့ရွှေအမြုတေက လုံးဝ ကွဲအက်သွားကာ ခရမ်းရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားသော ချီရှောက်ရွှမ် အသေးစားလေးက အားလုံးရှေ့တွင် ခမ်းနားစွာ ပေါ်လာသည်။

ဂါး…

အသေးစား ချီရှောက်ရွှမ်က ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ သူ့ ခန္ဓာကိုယ်က ခိုဥလောက်သာ အရွယ်အစားရှိသော်လည်း ကြောက်စရာကောင်းသော နဂါးတစ်ကောင်၏  အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ့လက်ထဲတွင် ခရမ်းရောင် အလင်းတန်းက ခမ်းနားသော နဂါးပုဆိန်လှံရှည်အဖြစ် ပြောင်းလဲသွားပြီး သူ့ကို ဩဇာကြီးမားပုံပေါ်စေသည်။

ကောင်းကင်တေးသံ စံအိမ်ရှိ လူအားလုံး ချက်ချင်း ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ယခု ချီရှောက်ရွှမ်က ယခင်ကထက်ပိုပြီး သန်မာလာပြီ ဖြစ်သည်။

ဒုတိထပ်ရှိ သီးသန့်ခန်းထဲ၌…

ပိရွှမ်ချင်းက တောက်ခေါက်ကာ ရှန်ထျန်း ကြောက်လန့်နေသော အခန်းထဲသို့ ကြည့်လိုက်သည်။

“ အဲဒီလူ အဆင့်တက်သွားပြီပဲ”

ချီရှောက်ရွှမ်က သူ့အရှိန်အဝါကို မထိန်းချုပ်ထားသည့်အတွက် ပိရွှမ်ချင်း သူ့မျိုးရိုးဆီမှ ပြင်းထန်သော ဖိအားကို ခံစားလာမိသည်။

ချီရှောက်ရွှမ် ကနဦးဝိညာဉ်အဆင့်သို့ မရောက်ခင်ကတည်းက ပိရွှမ်ချင်းကို ဖိနှိပ်နိုင်ပြီး အနိုင်ယူနိုင်ခဲ့သည်။

ယခု ချီရှောက်ရွှမ်၏ ခွန်အားများ တိုးမြင့်သွားပြီဖြစ်သည့်အတွက် သူတို့သာ နောက်ထပ် မျှတသောတိုက်ပွဲတစ်ခု တိုက်မည်ဆိုပါက ပိရွှမ်ချင်း အနိုင်ရဖို့ ယုံကြည်မှု လုံးဝမရှိတော့သည့်အပြင် ဆိုးရွားသော အရှုံးကိုပါ ခံစားသွားရနိုင်သည်။

သေစမ်း…ဘာလို့ ဒီမျိုးဆက်မှာ လူသားပါရမီရှင်တွေ အရမ်းများနေရတာလဲ။ ကောင်းကင်တာအိုက တကယ်ပဲ လူသားတွေကို တကယ် ဘက်လိုက်တာလား

ဒီလူသာ နှစ် ၃၀၀ ကျင့်ကြံလိုက်မယ်ဆိုရင် ခွန်မင်တောင် သူ့ကို နိုင်အောင် တိုက်နိုင်မှာ မဟုတ်တော့ဘူး

................

ထိပ်ဆုံးအထိပ်ရှိ ရေသူမင်းသမီး ယုဖန်ရှန်း ရှိနေသော အခန်းထဲတွင်…

ချီရှောက်ရွှမ် ဝိညာဉ်၏ ခွန်အားထိုးဖောက်ထွက်လာမှုကို အာရုံခံမိပြီးနောက် ယုဖန်ရှန်း၏ မျက်နှာမှာ မကျေနပ်မှုတို့ ထင်ဟပ်သွားသည်။

ဤကမ္ဘာတွင် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ခွန်အားကို တိုးပွားစေနိုင်သည့် အထွတ်အထိပ်ရတနာက အင်မတန် ရှားပါးသည်။ ထိုကဲ့သို့သော ပစ္စည်းကို ရဖို့က ဤမျှလောက်အထိ မရိုးရှင်းပေ။

ချီရှောက်ရွှမ်ရဲ့ ဝိညာဉ်ခွန်အား တိုးလာတဲ့အချိန်က ရှန်ထျန်း အလောတကြီး ထွက်သွားပြီးတော့ သီးသန့်ခန်းကို ပြန်သွားတဲ့အချိန်ပဲ။ ဒါက အရမ်းတိုက်ဆိုင်လွန်းတယ်

ယုဖန်ရှန်းက သေးသွယ်ပြီး ဖြူသော လက်များကို မြှောက်ကာ လေထဲတွင် ဆန်းကြယ်သော အစီအရင်ကို လုပ်လိုက်ပြီးနောက် အပြာရောင်အလင်းတန်း ဖြာထွက်နေသည်။

သူမ၏ အကြည့်များတွင် အံ့ဩမှုများဖြင့် ပြည့်နှက်သွားကာ ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းတိကျပြတ်သားတာပဲ။ သူက ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို ချီရှောက်ရွှမ် အဆင့်ဖြတ်ကျော်တာကို ကူညီဖို့အတွက် ပေးလိုက်တယ်ပေါ့လေ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ခရမ်းစံအိမ် အထွတ်အမြတ်မြေက ဆက်ဆံရေး မကောင်းကြောင်း ယုဖန်ရှန်းတစ်ယောက် ငွေဖြူရောင်မင်းသားလေးဆီမှ ကြားထားသည်။

ခရမ်းစံအိမ် သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို စိန်ခေါ်ဖို့ သွားခဲ့သေးသည်ဟုလည်း ကြားထားသည်။

သူတို့ရဲ့ ဆက်ဆံရေးအရဆိုရင် ရှန်ထျန်းက ဘာလို့ သူ့ကို ကြယ်မျက်ရည်စက် ပေးရတာလဲ ... သူက အရှေ့ပိုင်းလွင်ပြင်မှာ အရမ်းပြိုင်ဘက်ကင်းလို့ သူ့အတွက် ပြိုင်ဘက်ကို ပျိုးထောင်ချင်နေတာလား

ဒါမှမဟုတ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ချီရှောက်ရွှမ်ကို ဘာမှအရေးမပါဘူးလို့ တွေးပြီးတော့ သူ့ကို ခွန်အားအပြည့်နဲ့ လွှမ်းမိုးချင်နေတာလား

ငါ အမြဲစောင့်ကြည့်ပြီးတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူက တကယ်ကို ထူးချွန်တာပဲ။ သူ့မှာ ပြိုင်ဘက်ကင်း ရုပ်ရည်ရှိနေရုံတင်မကဘူး ရက်ရောမှုလည်း ရှိတယ်

အင်း…ဒီတစ်ခါတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့  တစ်လှေတည်းစီးဖို့ နည်းလမ်းကို သေချာပေါက် စဉ်းစားရမယ်

ငါ ပြန်ရောက်တာနဲ့ ငါတို့ ရေသူမျိုးနွယ်မှာလည်း လူသားပါတနာ လိုအပ်တယ်လို့ အဖေကို ချက်ချင်းပြောရမယ်

ကောင်းကင်တေးသံ စံအိမ်၏ သီးသန့်ခန်း အသီးသီးရှိ လူတိုင်းက ချီရှောက်ရွှမ်ကို အာရုံစိုက်နေကြသည်။

သို့သော် ချီရှောက်ရွှမ်၏ မျက်လုံးထဲတွင်တော့ ရှန်ထျန်း တစ်ယောက်တည်းသာ ရှိသည်။

“ ရှန်ထျန်း … ငါက ငါ့ရဲ့ အားနည်းချက်ကို ဘယ်သူ့ကိုမှ မပြဖူးဘူး။ အဲဒါကြောင့် မင်းကို အကြွေးမတင်ချင်ဘူး”

ချီရှောက်ရွှမ်က အဆင့်ကျော်ဖြတ်ခြင်း အောင်မြင်သွားသော်လည်း သိပ်ပြီး ဝမ်းမသာပေ။

တစ်ဖက်တွင် ရှန်ထျန်းက သူ့ကို ချည်နှောင်ပြီး အားလုံးကြည့်နေသည့် အကြည့်များအောက်တွင် နွယ်ပင်ဖြင့် ပါးစပ်ထဲသို့ ထိုးသွင်းခဲ့သေးသည်။

ထိုအရာက သူကောင်းဖို့အတွက် လုပ်ပေးသည်ဆိုတာကို သေချာသိသော်လည်း ချီရှောက်ရွှမ် ရှက်နေမိသည်။ ဤအရာက လူအများကြားထဲတွင် အရှက်ခွဲခံရခြင်း ဖြစ်ပေသည်။

ချီရှောက်ရွှမ်က အသက်ပြင်းပြင်းရှူပြီးနောက် ပြောလိုက်သည်

“ မင်းဆီကနေ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို မင်းဆီကနေ ခဏလောက် ချေးတယ်လို့ သဘောထားလိုက်။ ဒီစစ်ဆေးမှုပြီးသွားရင် သေချာပေါက် ပြန်ပေးမယ်။

ညီအစ်ကိုရှန် ကနဦးဝိညာဉ်အဆင့် ရောက်ပြီးသွားရင် ညီအစ်ကိုရှန်နဲ့ ထပ်ပြီးတော့ တိုက်ခိုက်ချင်ပါသေးတယ်။ ညီအစ်ကိုရှန်ထက် ခဏလောက် အားနည်းသွားပေမဲ့လည်း အရှုံးကို ဝန်မခံဘူး”

ချီရှောက်ရွှမ် ကနဦးဝိညာဉ်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီးနောက် စိတ်ဓာတ် တက်ကြွနေသည်ကို ကြည့်ပြီး ရှန်ထျန်း အနည်းငယ် ကြောင်အသွားရသည်။

သူက ယုံကြည်မှုကို ထပ်ပြီးတော့ ရလာတာလား …. သူက ဒဏ္ဍာရီလာ ချီဆာဆုကဲရှောက်ရွှမ်များလား

ဒါပေမဲ့ ငယ်ရွယ်တဲ့သူတွေ စိတ်ဓာတ်တက်ကြွတာ ကောင်းတယ်လေ။ သူ လက်မလျှော့ဘဲ ဆက်လက်စွန့်စားနေမှ ငါလည်း ပိုပြီးတော့ များပြားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို မျှဝေယူလို့ ရမှာလေ

ထိုအတွေးကြောင့် ရှန်ထျန်းက ချီရှောက်ရွှမ်၏ ပုခုံးကို ကျေနပ်အားရစွာဖြင့် ပုတ်လိုက်သည်။

“ ညီအစ်ကိုချီက ဇွဲကောင်းတာပဲ။ ညီအစ်ကိုက နတ်ဧကရာဇ်တစ်ပါး ဖြစ်ဖို့ တကယ် အလားအလာ ရှိတယ်။ ကျွန်တော် ကနဦးဝိညာဉ်အဆင့်ကို ရောက်ပြီးသွားရင် ညီအစ်ကိုချီနဲ့ ထပ်ပြီး တိုက်ခိုက်မယ်လို့ ကတိပေးပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။”

ချီရှောက်ရွှမ်၏ အကြည့်တို့ တောက်ပသွားကာ မေးစေ့ကို ဖြည်းဖြည်းချင်း မော့ရင်း ပြောလိုက်သည်

“ ညီအစ်ကိုရှန် ပြောသာပြောလိုက်ပါ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ဒီပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို ပေးတဲ့သူက ရေသူမင်းသမီးလေး ယုဖန်ရှန်းပါ။

အပြန်အလှန်အနေနဲ့ ဒီစစ်ဆေးမှုမှာ သူမကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒါကြောင့် ညီအစ်ကိုချီလည်း ကျွန်တော်နဲ့အတူ လိုက်မယ်လို့ မျှော်လင့်ပါတယ်”

ညီအစ်ကိုရှန်နဲ့အတူ ရေသူမင်းသမီးလေးကို ကာကွယ်ဖို့အတွက် ခရီးထွက်ရမယ်တဲ့လား

ချီရှောက်ရွှမ် မျက်မှောင်ကြုတ်လိုက်မိသည်။ အရှင်းဆုံးပြောရလျှင် ချီရှောက်ရွှမ်၏ အမြင်အရ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတွင် အန္တရာယ်နှင့် အခွင့်အရေးက ဒင်္ဂါးပြား၏ တစ်ဖက်တစ်ချပ်လိုမျိုး ဒွန်တွဲနေတတ်သည်ဟု မြင်သည်။ ထို့ကြောင့် လူအများကြီးနှင့်အတူ ခရီးသွားဖို့ မသင့်တော်ပေ။

သူနှင့်အတူ ရှန်ထျန်းနှင့် အောင်းဝူသာ အတူလိုက်လာပါက ချီရှောက်ရွှမ် စိတ်ထင့်တာမျိုး ဖြစ်မည်မဟုတ်ပေ။ သူ မင်းသားလေးယောက်ကိုလည်း လက်ခံနိုင်သေးသည်။

သို့သော် ချီရှောက်ရွှမ်က ဝန်ထုပ်ဝန်ပိုးဖြစ်သည့် ရေသူမင်းသမီးလေးကို စစ်ဆေးမှုမှာ အတူခေါ်လာဖို့ တွေဝေနေမိသည်။

အားလုံးသိသည့်အတိုင်း ရေသူမများတွင် ကောင်းမွန်သော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ခြင်း မရှိကြပေ။ သူတို့သာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတွင် အန္တရာယ်ကြုံတွေ့ပါက ယုဖန်ရှန်းက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေမည်။

ချီရှောက်ရွှမ်က ရှန်ထျန်းကို သဘောမတူသည့် ပုံစံဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်

“ ညီအစ်ကိုရှန်က ဆုံးဖြတ်ပြီးသွားပြီဆိုတော့ မင်း တောင်းဆိုတာကို လိုက်လျောပါ့မယ်”

ထို့နောက် သူ သီးသန့်ခန်းထဲမှ လှည့်ထွက်သွားသည်

“ ကျုပ်က အခုမှ အဆင့်ဖြတ်ကျော်တာ ပြီးဆုံးသွားတာဆိုတော့ ကျုပ်ရဲ့ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်ဖို့ အချိန်နည်းနည်းလိုတယ်။ အဲဒါကြောင့် ကျုပ် အရင်သွားနှင့်ပြီ။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှု စတင်တာနဲ့ မင်းတို့ဆီ လာခဲ့ပါ့မယ်။ အခုတော့ သွားပြီ”

ချီရှောက်ရွှမ်၏ အသံက ဖြည်းဖြည်းချင်း တိုးဝင်သွားကာ ပုံရိပ်လည်း လမ်းအဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။ သူ့ကို ကြည့်ရတာ တမင်သက်သက် ထွက်သွားပုံပေါ်သည်။

အဲဒါက သူ ခံစားခဲ့ရတဲ့ အရှက်ကွဲမှုနဲ့လည်း သက်ဆိုင်နေမယ်ထင်တယ်

ချီရှောက်ရွှမ် ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သီးသန့်နေပြီး ကျင့်ကြံတော့သည်။

တစ်ဖက်တွင် အတိသုခမြို့တော်တွင် ရှန်ထျန်းက အိမ်ရှင်ဖြစ်သော မင်းသားလေးယောက်နှင့်အတူ စတင်ပျော်ပါးတော့သည်။

အမှန်အတိုင်းပြောရလျှင် အတိသုခမြို့တော်က အတိသုခမြို့တော်ဟု ခေါ်တွင်ရလောက်အောင် ထူးခြားမှု ရှိသည်။ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော ခုံးနတ်မိမယ်လေးများနှင့် ရေသူမင်းသမီးလေးအပြင် ဤမြို့ထဲတွင် ပင်လယ်တစ်ခွင်မှ ရရှိထားသော စားကောင်းသောက်ဖွယ်များ၊ သေရည်နှင့် ရှားပါးသောရတနာများက မရေမတွက်နိုင်အောင် များပြားသည်။

ဂဏန်းမင်းသားက အားလုံးကို ရှင်းပေးသည့်အတွက် ရှန်ထျန်းက ပိုက်ဆံကုန်မှာ စိုးရိမ်စရာမလိုဘဲ ပျော်ရွှင်နေသည်။

ရှန်ထျန်း စားသောက် ကစားပြီး သီချင်းများကိုလည်း နားထောင်သည်။ သူက ခုံးနတ်မိမယ်လေးများ ပင်လယ်ရေမှော်အက ကတာကို ကြည့်ဖို့အတွက် ကောင်းကင်တေးသံ စံအိမ်သို့ အလည်သွားလေ့ရှိသည်။

အချိန်တစ်လတာက လျင်မြန်စွာ၊ ပျော်ရွှင်စွာဖြင့် ကုန်ဆုံးသွားသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို ဝင်ဖို့ရက်က နီးကပ်လာပြီဖြစ်သည့်အတွက် အတိသုခမြို့တော်ထဲရှိ လူအရေအတွက် ပို၍ ပို၍ များပြားလာသည်။

ရှန်ထျန်း ယခင်က မမြင်ခဲ့ဖူးသော ပင်လယ်မျိုးနွယ် နတ်ဆိုးများကိုလည်း မြင်နေရသည်။ အများစုက ငါးနတ်ဆိုးများဖြစ်ပြီး ရေနဂါးနှင့် ပင်လယ်ဖျံကဲ့သို့သော နတ်ဆိုးများလည်း မရှားပါးပေ။

ထိုနတ်ဆိုးအများစုက စွမ်းအားကြီးသော နောက်ခံအင်အားမရှိသည့်အတွက် သန်မာမှုလည်း မရှိပေ။ ထို့ကြောင့် သူတို့က စစ်ဆေးမှု ခံယူခွင့် မရှိပေ။

ပင်လယ်နတ်ဆိုးများ၏ အဓိကမျိုးနွယ်စုအချို့မှ အနည်းစုသာ ခြွင်းချက်အဖြစ် စစ်ဆေးမှုကို ခံယူဖို့ အသိအမှတ်ပြုခံရသည်။ တစ်ချိန်တည်းမှာပဲ တစ်ကိုယ်တော်သမား ပင်လယ်နတ်ဆိုးများ၏ ခံစားချက်များကိုလည်း နှစ်သိမ့်ပြီးသား ဖြစ်သွားသည်။

အရမ်းစွမ်းအားကြီးပြီး နောက်ခံအင်အား ကောင်းကောင်းမရှိသော “တစ်ကိုယ်တော်သမား” ပင်လယ်နတ်ဆိုး အနည်းငယ်သာ ရှိသည်။

ဥပမာအားဖြင့် ကနဦးဝိညာဉ်ထိပ်သီးအဆင့် ဖြစ်သော ပင်လယ်ဖျံနတ်ဆိုးက အာ့ထုံထျန်းနှင့် တိုက်ခိုက်နိုင်ပြီး ရှုံးမည် မဟုတ်ပေ။ သို့မဟုတ် ခရုနတ်ဆိုးပင် ပိရွှမ်ချင်းထက် မြန်ဆန်နေနိုင်သည်။

အရမ်းများပြားသော ပါရမီရှင်များက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုသို့ လာနေကြပြီဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းမှာ သက်ဝင်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသော အတိသုခမြို့တော်က ပိုပြီးတော့ အောင်မြင်စည်ကားလာသည်။

တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာသော သတင်းတစ်ခုက မြောက်ပင်လယ်တစ်ခုလုံးကို လှုပ်ခါသွားစေပြီး အားလုံးက ရှန်ထျန်းကို အာရုံစိုက်လာကြသည်။

သတင်းက “ မဟာလေဟာနယ် ခွန်မင်းသား ခွန်မင်က သီးသန့်ကျင့်ကြံခြင်းမှ တရားဝင် ထွက်လာကာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လူပုံအလယ်မှာ စိန်ခေါ်ခြင်း” ဆိုသော သတင်းဖြစ်သည်။

ခွန်မင်က ပြိုင်ဘက်ကင်း နိဗာနနတ်ဆိုးဖြစ်ပေမဲ့ ငယ်ရွယ်တဲ့ သူတော်စင်ကို ပစ်မှတ်ထားတယ်ပေါ့လေ

ထိုကဲ့သို့သော အပြုအမူမျိုးကို နဂါးနက်ကျွန်းက ပြင်းထန်စွာ အပြစ်တင်ရှုတ်ချသည်။

All Chapters