အတွေး
Vol. 75 Ch. 1174
ညက ပိုပို နက်လာခဲ့သည်။ အမှောင်လ ခြံဝင်းတွင် လူတိုင်းက ဖရိုဖရဲ ဖြစ်နေသော ဒြပ်စင်စွမ်းအားများက တဖြည်းဖြည်း ငြိမ်သက်သွားသည်ကို အာရုံခံမိကြသည်။ သို့သော် လူတိုင်း၏ နှလုံးသားများက တင်းမာနေဆဲ ဖြစ်နေပြီး မျက်လုံးများက နေရာတစ်ခုတည်းကို စိုက်ကြည့်နေ၏။ [ကြယ်ဂိတ်] ပုံမှန်ဖွင့်လှစ်သည့် နေရာပင်။
နောက်ဆုံး ရင်းနှီးသော အလင်း တံခါးက အမြင်အာရုံထဲ ပေါ်လာခဲ့သည်။ ပုံရိပ်တစ်ခု ထွက်လာပြီး လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ထရပ်လိုက် ကြသည်။
“ဖေဖေ!” သော်သော်က ပထမဆုံး ထိုနေရာသို့ ခုန်ပျံသွားလေသည်။
မကြာမီ ကလေးမလေးက တအံ့တသြ ငိုကြွေးလိုက်သည်။ “ဖေဖေ့ရဲ့ လက်က...”
ခဏတာ အုတ်အော်သောင်းတင်း ဖြစ်ပွားပြီးနောက် ခြံဝင်းက နောက်ဆုံး ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ချန်လွေ့က သမီးလေးကို ချော့နိုင်ခဲ့ပြီး အစ်ဇဘယ်လာကို မျက်လုံး တစ်ဖက် မှိတ်ပြကာ ကလေးမလေးကို အရင်ဆုံး အိပ်ပျော်စေရန် အချက်ပြလိုက်သည်။ မဒမ်-ဒေါ်လေးက သူ၏ ပြတ်နေသော လက်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ နောက်ဆုံးတွင် သော်သော်ကို ပွေ့ချီလျက် ထွက်ခွာသွားခဲ့သည်။
ခီရာ၏ မျက်လုံးများက နီရဲနေပြီး ချန်လွေ့အား ဆေးလိမ်းပေးရန် ဂရုတစိုက် ကူညီပေးနေ၏။ ချန်လွေ့၏ ဘယ်ဘက် အပြင် အရွယ်အစား အမျိုးမျိုးရှိသော ဒဏ်ရာ ဒါဇင်ပေါင်းများစွာ ရှိနေသည်။ ၎င်းတို့မှာ ပြင်ပဒဏ်ရာများ ဖြစ်ကြောင်း သိသော်လည်း အဓိက ဒဏ်ရာများကို ဆူးသရဖူဖြင့် ကုသပြီးပြီ ဖြစ်ရာတွင် ဖြတ်ခံထားရသော လက်မောင်းသည်ပင် ပြန်ထွက်လာနိုင်မည် ဖြစ်သော်လည်း ကဝေမလေးက စိတ်ထိခိုက်စွာဖြင့် မျက်ရည်များ ကျဆင်းနေဆဲ ဖြစ်သည်။
ဇိုလာနှင့် စကားပြောနေစဉ် အသီနာက ခီရာကို အဆက်မပြတ် ကြည့်နေခဲ့သည်။ သူက အသေအချာပင် အလွန်စိုးရိမ်နေ၏။
နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်သို့ ဇိုလာ ရောက်ရှိသွားသော်လည်း သူက အလွန် စိတ်ဓာတ်ကျနေပုံရသည်။ အကြောင်းမှာ အကယ်၍ သူ့ကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများကို ခံစားရမည် မဟုတ်၍ပင်။
အသီနာက ဇိုလာ၏ အတွေးများကို မြင်ခဲ့ပြီး သူ့ကို နူးညံ့သော စကားများဖြင့် နှစ်သိမ့်ပေးခဲ့သည်။ နတ်မိမယ်နဂါးနှင့် အသီနာတို့က အမြဲပင် အကောင်းဆုံး မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့၏ ရင်းနှီးမှုက ညီမ အစ်ဇဘယ်လာထက် မနိမ့်ပါးပေ။ ရာဖာတီ၏ စိတ်ဆန္ဒ ဆင်းသက်လာသည့် နောက်ဆုံးအခိုက် သူ့စိတ်ထဲမှ ပုဂ္ဂိုလ်ကို တွေးမိသောအခါ ဇိုလာက ရုတ်တရက် တည်ငြိမ်မှု ဆုံးရှုံးသွားပြီး အသီနာကို ပွေ့ဖက်လျက် ကျယ်လောင်စွာ ငိုကြွေးလိုက်လေသည်။
စွမ်းအားက အရေးကြီးသော်လည်း ၎င်းမှာ အရေးကြီးဆုံးအရာ မဟုတ်ပေ။
ချန်လွေ့တွင် ဇိုလာကို နှစ်သိမ့်ပေးရုံ မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဇိုလာ ခဏတာ ငိုကြွေးပြီးနောက်တွင် သူက အလွန် ပင်ပန်းနွမ်းနယ်မှုကို ပြသခဲ့ပြီး လက်မောင်းထဲ အိပ်ပျော်သွားခဲ့သည်။ ထိုအချိန်အတွင်း နတ်မိမယ် နဂါးက စိတ်ရော ကိုယ်ပါ ကြီးမားလှသော ဖိအားအောက်တွင် ရှိနေခဲ့သည်။ ယခု ဖိအားများ ပျောက်ကွယ်သွားပြီး သူက အရင်းနှီးဆုံးသော လူများ၏ ဘေးတွင် ရှိနေရာ အလိုလို လုံးဝ စိတ်သက်သာရာ ရသွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကောင်းမွန်မွန် တစ်ညတာ အိပ်စက်ခြင်းက စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်၍ ကောင်းမွန်မှုအတွက် အဆင်ပြေလှသည်။
ချန်လွေ့က ဇိုလာကို အခန်းထဲသို့ ခေါ်သွားရန် ခီရာအား အကူအညီ တောင်းဆိုခဲ့သည်။ အသီနာက ယခုအခါ အဓိက ကာကွယ်ထားခံရသူ ဖြစ်ရာ အလွန် စိတ်လှုပ်ရှားမှု မဖြစ်သင့်ပေ။ ထိုအချိန်အတွင်း အသီနာကို စောင့်ရှောက် ကူညီပေးခဲ့သော ဒေလီယာနှင့် မယ်ဒီလူတို့က ထရပ်လိုက်ပြီး သူနှင့် အတူ အနားယူရန် လိုက်ပါသွားခဲ့သည်။
အိုလီဖီးရက်စ်က ချန်လွေ့ထံသို့ လာရောက်ပြီး နှစ်ပေါင်းများစွာ ‘အခမဲ့’ တန်ဖိုးထားသိမ်းထားခဲ့သော အစွမ်းထက် ကုသဆေးရည် တစ်ပုလင်းကို ကမ်းလှမ်း ခဲ့သော်လည်း ချန်လွေ့က မူလဈေးနှုန်းမှာ အနက်ရောင် သလင်းကျောက် ဒင်္ဂါး တစ်သောင်း ဖြစ်ကြောင်း ထပ်ခါတလဲလဲ အလေးထား ပြောသော မစ်-နဂါးနက်၏ ဆေးရည်ကို ပါးနပ်စွာ ငြင်းပယ်ခဲ့သည်။ အကယ်၍ သူမှတ်မိသည်မှာ မှန်ကန်ပါက ထိုဆေးရည်ကို အရင်တစ်ခေါက်က သူကိုယ်တိုင် မစ်-နဂါးနက်အား ပေးခဲ့ခြင်း ဖြစ်လေသည်။
လာလာရီယာမှာမူ ချန်လွေ့၏ ပခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုခဲ့သော်လည်း အကျင့်ပါနေကျ စကားများ ပြောလိုက်၏။ “မင်း ပြန်မလာနိုင်ရင်တောင်မှ ငါ မင်းရဲ့ မိသားစုကို ကောင်းကောင်း စောင့်ရှောက် ပေးမယ်။”
“မင်းတစ်ခုခု မတော်တဆ ဖြစ်ခဲ့ရင် မင်းသမီးက ဒီနေ့ကစပြီး ငါ့ရဲ့အချစ်ဆုံး မိဖုရားငယ် ဖြစ်လာလိမ့်မယ်။ မဟုတ်ဘူး၊ အချစ်ဆုံး သမီးလေးစ...” စသည်ဖြင့်။
အက်ဒီလိုင်းသာ အမူအကျင့်ကောင်း ရှိလေသည်။ ထိုသူ နှစ်ယောက်က ကူညီခြင်းထက် ပိုရှုပ်စေတတ်ကြောင်း မြင်ရာ အချို့သော ဒရာမာဇာတ်လမ်းတွဲ အဆုံးပိုင်းကို ကြည့်ရှုရန် အခန်းထဲသို့ ပြန်သွားရန် လျင်မြန်စွာ ပြောခဲ့သည်။ နဂါးနက် နှစ်ကောင်၏ မျက်လုံးများ လင်းလက်သွားပြီး သူတို့က ချန်လွေ့၏ အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ ချန်လွေ့က ပြုံးလိုက်ပြီး အယ်ဒီလိုင်းကို ခေါင်းညိတ်ပြလိုက်သည်။ နာဂါမိန်းကလေးက မျက်နှာ နီရဲသွားပြီး နဂါးနက်များနောက်သို့ လိုက်သွားခဲ့၏။
ခြံဝန်းထဲတွင် ပါ့ဂ်လီအို၊ ဒိုဒိုနှင့် ဖိုက်သွန်တို့သာ ကျန်ရစ်တော့သည်။
“ဘာလို့ တစ်ဖက်တည်း ပြတ်တာလဲ။ နှစ်ဖက်လုံး ဘာဖြစ်လို့ မပြတ်ရတာလဲ။” ဆရာသခင် အဆိပ်နဂါးသည် ယခင်က စိုးရိမ်နေဆဲ ဖြစ်သည်။ သို့သော် ချန်လွေ့က ယခုအခါ အဆင်ပြေနေပြီ ဖြစ်ရာ စကားအနည်းငယ် နောက်ပြောင် နေခဲ့လေသည်။
ရုတ်တရက် ဆရာသခင် အဆိပ်နဂါးက ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။ သူ၏ ဦးခေါင်းကို လှည့်လိုက်ရာ ဖိုက်သွန်၏ အကြည့်ကို တွေ့လိုက်ရသည်။ သူ၏ နှလုံးသား တုန်လှုပ်သွားပြီး ဆင်ခြေတစ်ခု အမြန် ရှာလိုက်ကာ မစ်-ဘက်တီကို အခန်းသို့ ပြန်ဆွဲခေါ်သွားခဲ့လေသည်။
ဖိုက်သွန်က ဒိုဒိုကို ကြည့်ပင် မကြည့်ခဲ့ပေ။ သူက ကျောက်မျက်ရတနာ တစ်လုံး သို့မဟုတ် တစ်စုံတစ်ခုကို ပေါ့ပေါ့ တန်တန် ပစ်ပေးလိုက်ရာ ချွဲကျိကောင် ချက်ချင်းပင် ခုန်တက်သွားပြီး ၎င်းကို ယူလိုက်ကာ လေထဲတွင် မြှောက်ပင့် စကားများစွာကို ပြောဆိုခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်သွားခဲ့၏။ လှုပ်ရှားမှုများ၏ ဆက်တိုက်ဖြစ်ပေါ်မှုမှာ အံ့ဩဖွယ်ရာ ကောင်းလောက်အောင် ကျွမ်းကျင်နေသည်။ ၎င်းမှာ ပထမဆုံး မဟုတ်သည်မှာ ထင်ရှားပေသည်။
“ခင်ဗျား ဘာမေးချင်လဲ။” ချန်လွေ့က ဖိုက်သွန် သူနှင့် နှစ်ယောက်တည်း ရှိလိုသည့် ရည်ရွယ်ချက်ကို အလိုလို မြင်တွေ့နိုင်ပေသည်။
“ရှင်...” ဖိုက်သွန်က ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောရန် တွန့်ဆုတ်နေခဲ့သည်။ “ရှင်...”
“ကျုပ်က ဘာဖြစ်လဲ..” ချန်လွေ့ ပြန်မေးလိုက်သည်။
ဖိုက်သွန် ခဏတာ တွန့်ဆုတ်သွားပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ရှင် ဒြပ်စင်လောကမှာ ဘာတွေကို ကြုံတွေ့ခဲ့ရလဲ။”
“ခင်ဗျားက ကျုပ်ကို ဒြပ်စင်လောကမှာ ဘာတွေ ကြုံတွေ့စေချင်လဲ။” ချန်လွေ့ နောက်တစ်ကြိမ် မေးလိုက်လေသည်။ “ခင်ဗျား အရင်က ကျုပ်ကို ဒြပ်စင် လောကထဲကို ဝင်ရောက်ဖို့ ဒီလောက် အများကြီး ထောက်ခံခဲ့တာ ဒါကြောင့်ကိုး။ ခင်ဗျား တကယ်တမ်း ဘာမေးချင်တာလဲ။ ပြောလိုက်ပါ။”
“မလိုတော့ပါဘူး။” ဖိုက်သွန်က သူ့ကို ခဏတာ ဂရုတစိုက် ကြည့်လိုက်သည်။ သူ၏ အကြည့်က အနည်းငယ် မှေးမှိန် သွားပုံရပြီး ဆက်မပြောတော့ပေ။
“ခင်ဗျားရဲ့ ကြိုးပမ်း အားထုတ်မှုတွေ အလဟဿ ဖြစ်သွားမှာ စိုးရိမ်မိတယ်။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပြောနိုင်တာက ဒြပ်စင် လောကမှာ အဆောင်ပစ္စည်း ၇ခု...”
ဖိုက်သွန် ထိတ်လန့်သွားပုံ ရနေပြီး လွှတ်ခနဲ ပြောလိုက်၏။ “ဒြပ်စင် လောကမှာ... ဘာတွေ ပြောင်းလဲမှုမှ ဖြစ်ခဲ့တာလဲ။”
ချန်လွေ့ တွေးလိုက်၏။ “အဆောင် ပစ္စည်း၇ခုနဲ့ ဒြပ်စင်လောက ကြားက ဆက်ဆံရေးက ဘာများလဲ။ ကျုပ် ပြောချင်ခဲ့တာက အဆောင်ပစ္စည်း၇ခုက ဒြပ်စင်လောကမှာ ရုတ်တရက်ကြီး အသုံးမဝင်တော့တာပဲ။”
ဖိုက်သွန် ခဏလောက် စဉ်းစားပြီး အဖြေမပေးခဲ့ပေ။ သူ ခေါင်းခါလိုက်ကာ လှည့်ထွက်သွားလိုက်၏။ “ကျွန်မ အရင် ပြန်တော့မယ်။”
“ဖိုက်သွန်...”
ဖိုက်သွန် ရပ်တန့်သွား၏။
“တောင်းပန်ပါတယ်။”
ရုတ်တရက် တောင်းပန်မှုကြောင့် ဖိုက်သွန်က အံ့ဩသွားပြီး လှည့်ကြည့် လိုက်လေသည်။
“ကျုပ် တကယ် စိတ်မကောင်းပေမယ့် အမှန်တရားကို ပြောပြချင်သေးတယ်။ ကျုပ်က ‘သူ’ မဟုတ်ဘူး။”
ဖိုက်သွန် တစ်စုံတစ်ခု ပြောတော့မည် ပြင်လိုက်စဉ် ရုတ်တရက် ချန်လွေ့၏ အကြည့်ထဲမှ ပြတ်သားမှုနှင့် စိတ်ရင်း အမှန်ကို တွေ့လိုက်ရရာ သူ၏နှလုံးသား တုန်ခါသွား၏။ သူက တဖြည်းဖြည်းနှင့် ခေါင်းကို လှည့်လိုက်ပြီး သူ့ပုံရိပ်က ညထဲသို့ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့ ခဏတာ တိတ်ဆိတ်သွား၏။ သူက သက်ပြင်းချပြီး အခန်းဘက်သို့ လျှောက်သွားခဲ့သည်။
ဖိုက်သွန်သည် မိတ်ဆွေ တစ်ဦး မဖြစ်နိုင်သော်လည်း ယုတ်စွအဆုံး သူက ရဲဘော်တစ်ဦးနှင့် မဟာမိတ် တစ်ဦး ဖြစ်သည်။ သူက ထိုမဟာမိတ်ကို ဆုံးရှုံးသွားနိုင်သော်လည်း သူ့ကို ထိုသို့ လှည့်စားချင်စိတ် မရှိပေ။ မူလက လူများစွာ၏ ‘လွှမ်းမိုးမှု’ အောက်တွင် ချန်လွေ့က မိမိ၏ သရုပ်မှန်အပေါ် အနည်းငယ် တုန်လှုပ်နေခဲ့သော်လည်း ထိုဒြပ်စင်လောကထဲရှိ အတွေ့အကြုံ အပြီးတွင် တစ်စုံတစ်ခုကို အတည်ပြု နိုင်ခဲ့ပြီ ဖြစ်သည်။ ‘ချန်လွေ့’က ‘ထိုလူ’ မဟုတ်ပေ။ တကယ့် အစစ်အမှန် ‘ထိုလူ’ မှာ ဒြပ်စင်နတ်ဘုရားမ ရာဖာတီကို ဖျက်ဆီးပစ်ခဲ့သော လျှို့ဝှက်ဆန်းကြယ် အမျိုးသား ဖြစ်နိုင်ခြေ အများဆုံးပင်။
ဖိုက်သွန် အညံ့ခံခဲ့စဉ် တင်ပြခဲ့သော ပထမ အခြေအနေမှာ အဆောင်ပစ္စည်း ၇ခုကို စုဆောင်းရန် ဖြစ်ပြီး ဒုတိယ အခြေအနေမှာ စေတန်ကို အနိုင်ယူရန် ဖြစ်သည်။
ဖိုက်သွန် ပထမ အခြေအနေကို ပြောစဉ်က စိတ်ထဲတွင် ကြိုတင်၍ ယူဆချက်တစ်ခု အမှန်တကယ် ရှိခဲ့ပြီး ချန်လွေ့က ‘ပုဂ္ဂိုလ်’တစ်ဦး ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။ အကြောင်းမှာ သူသည် ချန်လွေ့က အဆောင်ပစ္စည်း ၇ခုထဲမှ ၃ခုဖြစ်သော ကြယ်ကြွေတမန်ဓား၊ အမျက်ဘုရင်ချပ်ကာနှင့် နတ်ဘုရားဝါးမျို မျက်နှာဖုံးတို့ကို အသက်သွင်းခဲ့သည်ကို ကိုယ်တွေ့ ကြုံတွေ့ခဲ့ဖူးသောကြောင့်ပင်။ နောက်ပိုင်း အခြေအနေမှာ ထိုသို့သော ယူဆချက်ကို အတည်ပြုရန်သာ ဖြစ်၏။ ချန်လွေ့က ဖိုက်သွန်၏ အခြေအနေ ၂ခုကို ပြီးမြောက်ပြီးနောက် ဖိုက်သွန်က သူ၏ စိတ်ထဲမှ ယူဆချက်များ ပိုသေချာသွားရာ အညံ့ခံရန် ဆန္ဒရှိခဲ့သည်။ နောက်ပိုင်းတွင် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး အချို့မှာ မတော်တဆဖြစ်သော်လည်း ဖိုက်သွန်က ထိုအပေါ်တွင် ပို၍ ယုံကြည်လာခဲ့သည်။
ထို့ကြောင့် ဖိုက်သွန်က သူ့ကို စိတ်ရောကိုယ်ပါ လိုက်နာခဲ့သည်ဟု သတ်မှတ်နိုင်ပြီး မရှိမဖြစ် လိုအပ်သော အဓိက အင်အားစုတစ်ခု ဖြစ်လာကာ တိုက်ပွဲတွင် အသက်ကိုပင် စွန့်စားခဲ့သည်။ ၎င်းမှာ ထိုစဉ်က ကြင်နာမှု တစ်မျိုးမျိုး ဖြစ်နိုင်သည်။ ပို၍ပင် ရှုပ်ထွေးလှသော ချည်နှောင်မှု တစ်ခုလည်း ဖြစ်နိုင်၏။
ထိုအရာကြောင့် ချန်လွေ့က သူ့ကို လှည့်စားပြီး အသက်စွန့်ကာ မတိုက်ခိုက် စေချင်ပေ။
ဖိုက်သွန်၏ ‘ကြိုတင်ယူဆချက်များ’ ကို ယခုတွင် ပြန်လည်ခြေရာခံကြည့်လျှင် အဆောင်ပစ္စည်း ၇ခုပင် ဖြစ်သည်။
ထိုအရာက အစွမ်းထက် ပုဂ္ဂိုလ်များစွာ ချန်လွေ့ကို အထင်လွဲသည့် အရေးကြီးဆုံး အကြောင်းရင်းလည်း ဖြစ်ပေသည်။
အဆောင်ပစ္စည်း ၇ခုလုံးကို ထိန်းချုပ် နိုင်တာက ‘သူ’၏ ပုံစံ ဖြစ်ရမယ်။ ဖိုက်သွန် ခုနက ပြောတဲ့ သတင်းအချက်အလက် အရဆိုလျှင် အဆောင်ပစ္စည်း ၇ခုက ဒြပ်စင်လောကနှင့် မမျှော်လင့်ထားသော အထူးဆက်ဆံရေးတစ်ခု ရှိနိုင်တယ်။
အဆောင်ပစ္စည်း ၇ခုက ချန်လွေ့ကို ဒြပ်စင်လောကတွင် အံ့ဩစရာနှစ်ခု ဖြစ်စေခဲ့သည်။ ပထမ၊ ဒြပ်စင်လောကသို့ ဝင်ရောက်ပြီးနောက် စိစစ်ပြီးဖြစ်သော အဆောင်ပစ္စည်း ၆ခုကို မသုံးနိုင်ခဲ့ပေ။ ဒုတိယ၊ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို အတင်းအကျပ် ပေါင်းစပ်စဉ် သူ၏ ဝိညာဉ်က လုံးဝနီးပါး ပြိုလဲသွားခဲ့သည်။ ထိုအချိန်တွင် ယခင်က အောင်မြင်စွာ တစ်သားတည်း မဖြစ်ခဲ့သော အရိပ်နက် ဝတ်ရုံက မမျှော်လင့်ဘဲ သူ့နောက်တွင် အလိုအလျောက် ပေါ်လာပြီး သူ၏ ဝိညာဉ်ကို ကာကွယ်ပေးခဲ့သည်။ သို့တိုင် ၎င်းက [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ၏ ကြီးမားသော စွမ်းအားကိုလည်း စုပ်ယူ သွားခဲ့သည်။
ထို့နောက် ထိုသစ်ပင်နှင့် ထိုယောက်ျား ပေါ်လာခဲ့သည်။
ထိုအရာမှ ကောက်ချက်ချနိုင်သည်မှာ ထိုယောက်ျားက ‘သူ’ ဖြစ်နိုင်ခြေ အများဆုံးပင်။
ချန်လွေ့က ‘ထိုလူ’အဖြစ် လူများစွာ၏ အထင်လွဲခြင်းကို ခံခဲ့ရသည်။
အဲဒီလူ ဒြပ်စင်နတ်ဘုရားမ ရာဖာတီရဲ့ စိတ်ဆန္ဒကို တကယ် ဖျက်ဆီးပစ်ခဲ့တယ်။
ဒါက နတ်ဘုရားကို သတ်ဖြတ်ခြင်းပဲ။
ရာဖာတီက လုံးဝ ခုခံခြင်း မရှိခဲ့ဘဲနဲ့ စိတ်သက်သာရာ ရသွားသလိုပဲ။
သူတို့ နှစ်ယောက်က အချင်းချင်း သိရမယ်။ ပြီးတော့ သူတို့ရဲ့ဆက်ဆံရေးက သာမန် မဟုတ်လောက်ဘူး။
အခြားသော ရှုထောင့်မှ ကြည့်လျှင် ထိုယောက်ျား၏ ပေါ်ပေါက်လာခြင်းက ဇိုလာကို ကယ်တင်ခဲ့လေသည်။ ထို့ပြင် သူ့ကို နတ်ဘုရား မျိုးဆက်သစ်များသာ ပိုင်ဆိုင်သော နတ်ဘုရား ကောင်းချီး နှလုံးသားကိုလည်း ရရှိစေခဲ့သည်။
ဆက်စပ်နေသော မေးခွန်းများစွာ ရှိနေ၏။ ဒြပ်စင်ဘုရင် ပြောခဲ့သလို ဒြပ်စင် နတ်ဘုရားမတောင်ဝှေးက အဘယ်ကြောင့် ‘စောစောစီးစီး’ နိုးထခဲ့သနည်း။ အသူရာချောက်နက်ကို ဒြပ်စင်လောက၌ ချိပ်ပိတ်ထားသည်လား။ ဒြပ်စင်စစ်ပွဲ ဆိုသည်မှာ အဘယ်နည်း။ အကယ်၍ သူတို့က ဒြပ်စင် နတ်ဘုရားမ တောင်ဝှေးနှင့် ဒြပ်စင် နတ်ဘုရားမ ဝတ်ရုံကို မထိန်းချုပ်ခဲ့လျှင် ဒြပ်စင် လောကက မည်သို့သော ပျက်စီးကိန်း ကပ်ဘေးမျိုးကို ယူဆောင်လာမည်နည်း။ စသည်ဖြင့်.....
အသူရာချောက်နက်၊ စတေးခြင်း စသည်တို့ အပါအဝင် မေးခွန်းများစွာ ရှိနေသည်။ သို့သော် ထိုမေးခွန်းများ၏ အဖြေများက အရေးတကြီး မဟုတ်ပေ။ ချန်လွေ့က ယခု တစ်ခုတည်းကိုသာ အာရုံစိုက်နေ၏။
ထိုလျှို့ဝှက်ဆန်းကြယ်သော ယောက်ျား....
ချန်လွေ့က ထိုလောကသို့ ပြန်လည် မွေးဖွားလာသူအဖြစ် လောက ကူးပြောင်း လာခဲ့ပြီး အသူရာ အဖြစ်အပျက်ကိုလည်း ကြုံတွေ့ခဲ့ဖူးရာ ထိုအချက် အပေါ်တွင် အလွန်အမင်း အာရုံခံစားလွယ်လေသည်။ ဒီယောက်ျား ဘယ်တုန်းက ရှိခဲ့တာလဲ။ ဘာလို့သူက ငါ့ကိုယ်ထဲ ရှိနေရတာလဲ။
ကြောက်စရာ အကောင်းဆုံး အရာက ရာဖာတီလိုမျိုး တည်ရှိမှုကို ဖျက်ဆီးပစ် နိုင်သော ထိုယောက်ျား၏ ခွန်အားပင်။ ထိုထဲတွင် မသိရသေးသော အချက်များစွာ ရှိနေလျှင်ပင် ချန်လွေ့၏ လက်ရှိ စွမ်းအားမှာ မယှဉ်နိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ဝင်ပူးခြင်း ခံရသည့် သမိုင်းကို ထပ်မံ ဖြစ်ခွင့်မပြုနိုင်ပေ။
‘အာသာ’ကိုယ်တိုင်များလား။
မဖြစ်နိုင်ဘူး။ အာသာက မဟာလက်ဇ် ဧကရာဇ်ရဲ့ သားအရင်းပဲ။ သွေးသား ဆက်နွယ်မှုကို အာရုံခံနိုင်တယ်။ ပြီးတော့ အခု သူ့ဝိညာဉ်က ပျောက်ကွယ်သွားပြီ။
ယနေ့ ယခုလို စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်ရခြင်း၏ အကြောင်းရင်းက ချန်လွေ့၏ ရေတွက်၍ မရနိုင်အောင် ခက်ခဲသော လေ့ကျင့်မှုများနှင့် စူပါစနစ်၏ အကူအညီနှင့် တိုက်ခိုက်မှုကြောင့်ပင်။
ထိုသူနှင့် စူပါစနစ် အကြားတွင် အဆက်အသွယ် မရှိလောက်ပေ။ သို့မဟုတ်ပါက သူသည် ကြယ်စင်စု နတ်ဘုရားကျောင်းကို ထိန်းချုပ်ပြီးပြီ ဖြစ်နေလောက်သည်။ ထို့ပြင် သူက ချန်လွေ့၏ အန္တိမ တိုက်ကွက် စွမ်းအားကို စုပ်ယူရန် မလိုအပ်ပေ။ ယခု အချိန်အထိ စူပါစနစ်တွင် ချန်လွေ့က အမြင့်ဆုံး၊ တစ်ဦးတည်းသော အုပ်စိုးရှင် ဖြစ်နေဆဲ ဖြစ်ပြီး အရာအားလုံး ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
[ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ ကြီးမားသော ယုံကြည်မှုနှင့် အသက် စွမ်းအားအကူအညီဖြင့် ပေါ်လာခဲ့ကြောင်း ချန်လွေ့က ရေးရေးလေး ထင်နေမိသည်။
ဒါနဲ့ အဲဒီသစ်ပင်...
အဲဒါ တကယ်ပဲ နတ်သူငယ်မျိုးနွယ်စုရဲ့ သဘာဝသစ်ပင်ပဲ...
သဘာဝသစ်ပင်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ။
တကယ်လို့ သဘာဝ သစ်ပင်မှာ တကယ်ပဲ ဒီလောက် အားကောင်းတဲ့၊ နတ်ဘုရားကိုတောင် သတ်နိုင်လောက်တဲ့ စွမ်းအားမျိုး ရှိနေခဲ့ရင် ခီလီအန်နာရဲ့ ကိုယ်ပွားကို ရှင်းပစ်ဖို့ ငါ့ရဲ့စွမ်းအားကို ငှားဖို့ လိုမှာ မဟုတ်ဘူး။
ဒါပေမဲ့ သဘာဝ သစ်ပင်က သေချာပေါက် သော့ချက် ချိတ်ဆက်မှု တစ်ခုပဲ။
ချန်လွေ့ အမြန်ပင် တွေးလိုက်ရာ စိတ်ထဲတွင် မှတ်ဉာဏ် အပိုင်းအစများစွာ စတင်၍ ပေါ်ပေါက်လာပြီး ရုတ်တရက် သော့ချက်ကို ဆုပ်ကိုင်လိုက်နိုင်သည်။
ဇိုလာက ‘ငွေရောင်ဘုရင်မဝှက်ဖဲ’ကို လှန်ပြီးတော့ ဒြပ်စင်နတ်ဘုရားမသရဖူကို ရရှိခဲ့တယ်။ မသိလိုက်ဘဲနဲ့ အဲဒါက ဒြပ်စင် သံတမန် တစ်ဦးဖြစ်လာဖို့ အရည်အချင်း ရှိခြင်းနှင့် ညီမျှနေခဲ့တယ်။
ငါ ‘သစ်သား’ဝှက်ဖဲကို ရခဲ့ပြီးတော့ ခီလီအန်နာရဲ့ ကိုယ်ပွားကို အနိုင်ယူခဲ့ပြီး သဘာဝသစ်ပင်ကို ပြန်ရှင်သန်စေခဲ့တယ်။
စူပါစနစ်ထဲမှာ စိုက်ထားတဲ့ သဘာဝ သစ်ပင် ပျိုးပင်များကို ယူသွားခွင့် ရရှိခဲ့တယ်။
ဖီနိုအီရာ သတင်း ယူလာပေးပြီးတော့ ငါ့ကို ကတိအတိုင်း သဘာဝသစ်ပင်ကို နတ်သူငယ် မျိုးနွယ်စုဆီသို့ ပြန်မပေးဖို့ တောင်းဆိုခဲ့တယ်။
ဇိုလာက အဓိက ဒြပ်စင် သံတမန် ဖြစ်လာခဲ့တယ်။ ငါက သူ့ကို ကယ်တင်ရန် ဒြပ်စင် လောကထဲကို ဝင်ရောက်ခဲ့တယ်။ ဒြပ်စင်နတ်ဘုရားမ ရာဖာတီ ပေါ်လာတယ်။ သဘာဝ သစ်ပင်က ‘အဲဒီလူ’နဲ့အတူ ပေါ်လာပြီး ရာဖာတီက ပျက်စီးသွားခဲ့တယ်။
ဒီအဖြစ်အပျက်တွေထဲမှာ အကြောင်း အကျိုး ဆက်စပ်မှု တစ်ခုခု ရှိနေတာလား။
အထူးဆက်စပ်မှု ရှိရှိ၊ မရှိရှိ၊ ဒီထဲမှာ လူတစ်ယောက် အရိပ် ရှိနေတယ်။
နတ်သူငယ် ရှေ့ဖြစ်ဟော အလူစီယာ!