← Chapters

မွေးလာတော့မည့် ကလေး

Vol. 75 Ch. 1175

မွေးလာတော့မည့် ကလေး

Vol. 75 Ch. 1175

ဒြပ်စင်လောကကိစ္စ- လောလောဆယ် အဆုံးသတ်သွားပြီ ဖြစ်သည်။ ဒြပ်စင် လောက ကပ်ဘေး ငြိမ်သက်သွားသည်နှင့် အဓိကကုန်းမြေက တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

ချန်လွေ့၏ဘဝ အပါအဝင် အရာ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပုံ ရလေသည်။ ယခင်အဖြစ်အပျက်များက ပြီးဆုံးသွားပုံ ရသော်လည်း သူ့အတွက်မူ ထိုအရာမှာ အစသာ ဖြစ်သည်။

အချိန် ကြာလာသည်နှင့် ချန်လွေ့၏ ပြတ်သွားသောလက်က အခြေခံအားဖြင့် လုံးဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။ အကယ်၍ ယခင်ကနှင့် ကွာခြားချက် တစ်ခုခု ရှိခဲ့ပါက ၎င်းမှာ အဆောင်ပစ္စည်း ၇ခုပင် ဖြစ်သည်။ ထိုအချိန်ကတည်းက အမြဲတမ်း အောင်မြင်စွာ မစိစစ်နိုင်ခဲ့သော အရိပ်နက်ဝတ်ရုံကို တစ်နည်းနည်းဖြင့် အသုံးပြုနိုင်လာခဲ့သည်။

[ဒြပ်စင်ပိတ်ပင်]—အလိုအလျောက်အထူးစွမ်းရည်၊ ဒြပ်စင်များမှ ထိခိုက်မှုကို ၃၀%မှ ၇၀% အထိ လျှော့ချပေးနိုင်။

[ကိုယ်ပျောက်] – မိမိကိုယ်ကို လုံးဝဖုံးကွယ်ပြီး ရန်သူ၏ အာရုံခံမှုများကို ကွယ်စေကာ ကိုယ်ပျောက်အခြေအနေနှင့် တိုက်ခိုက်နိုင်သည်။ တိုက်ခိုက်ခံရလျှင် ဖုံးကွယ်မှု ဆုံးရှုံးသွားမည်။ ကြာမြင့်ချိန်မှာ ၁နာရီ ဖြစ်သည်။ ၆နာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်၏။

[လျှော့ချ] - အနီးအနားမှ ရန်သူများ၏ ဂုဏ်သတ္တိ အားလုံးကို တိုက်ရိုက် အားနည်းသွားစေသည်။ လျှော့ချမှုက မိမိကိုယ်ပိုင် စွမ်းအား၏ ခြုံငုံတန်ဖိုးနှင့် အချိုးကျသည်။ စွမ်းအား ကြီးလေလေ၊ လျှော့ချမှု ပိုကောင်းလေ ဖြစ်သည်။ ပစ်မှတ်ကို အသေမှတ်၍ ရနိုင်သည်။ ကြာမြင့်ချိန်မှာ မိနစ်၃၀ ဖြစ်သည်။ ၆နာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်၏။

အရိပ်နက် ဝတ်ရုံက အမှန်တကယ် အားကောင်းသော အဆင်တန်ဆာတစ်ခု ဖြစ်ပြီး [ဒြပ်စင်ပိတ်ပင်]က မှော်ပညာနှင့် ဒြပ်စင်ဂုဏ်သတ္တိ တိုက်ခိုက်မှု အားလုံး၏ ဝိပါက်ပင် ဖြစ်သည်။ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီ [ဒြပ်စင်အားနည်းခြင်း]နှင့် ပေါင်းစပ်လျှင် နဂါးနက်ကဲ့သို့ မှော်ပညာ အားလုံးကို ပြီးမြောက်ခြင်းနှင့် လုံးဝနီးပါး ညီမျှ၏။ ထိုမှော်ပညာ လေ့ကျင့်သူ ရန်သူများကို ကတ်သရင်းက လုံးဝနီးပါး အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

သို့သော် ထိုနေရာတွင် ခြွင်းချက်များ ရှိသည်။ ၎င်းမှာ နတ်မိမယ်နဂါး ဇိုလာ ဖြစ်သည်။ ဇိုလာ၏ မှော်ပညာက ‘မှော်ပညာပြီးခြင်းကိုလျစ်လျူရှုခြင်း’ အစွန်းဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အစစ်အမှန် နဂါးနက်ပင်လျှင် သူနှင့် မယှဉ်နိုင်ပေ။ လူများစွာက အမှန်တကယ်တွင် ဇိုလာနှင့် ကတ်သရင်း အကြား ပြိုင်ပွဲကို မျှော်လင့်နေခဲ့ကြသည်။ အမှန်မှာ ဇိုလာလည်း ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင် လေ့ကျင့်နေစဉ်က ထိုသို့ ရည်ရွယ်ချက် ရှိခဲ့လေသည်။ သို့သော် ထိုအချိန်တွင် ကတ်သရင်းသည် တိုင်းပြည်အဆင့် အထွတ်အထိပ်တွင်သာ ရှိခဲ့ပြီး ဇိုလာက နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်အလတ် အဆင့်တွင် ရှိနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် နတ်မိမယ်နဂါးက သူ့ကို အနိုင်ကျင့်လိုစိတ် မရှိခဲ့ပေ။ နောက်ပိုင်း ကတ်သရင်းက နတ်ဘုရား တစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားပြီး ချန်လွေ့က သော်သော်ကို အကူအညီ တောင်းရန် လူသားလောကဆီသို့ ခေါ်ဆောင်သွားရာ သူသည် ဇိုလာကို နောက်တစ်ကြိမ် ‘လွဲချော်’သွားခဲ့သည်။ ကတ်သရင်းက နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ရန် သော်သော်၏ နတ်ဘုရား ကောင်းချီး နှလုံးသား စွမ်းအား တစ်စိတ်တစ်ပိုင်းကို လက်ခံရရှိသောအခါ နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်တွင် ရှိနေသော ဇိုလာက အဆင့်တူတွင် ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိခဲ့သည်။

သူတို့နှစ်ဦးက သီးသန့် ‘ချစ်ကြည်ရေး’ ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု ဆိုကြ၏။ ပြိုင်ပွဲ၏ ရလဒ်မှာ မသိရှိရသော်လည်း ထိုအချိန်မှစ၍ ဇိုလာနှင့် ကတ်သရင်း အကြား ဆက်ဆံရေး ပိုမို၍ နီးကပ် လာခဲ့သည်။ နောက်ပိုင်းတွင် ဇိုလာက ဒြပ်စင်လောက၏ အခွင့်အရေးကြောင့် နတ်ဘုရား-ယောင် အဆင့်သို့ တက်လှမ်း သွားခဲ့သည်။ ပြောင်းလဲမှုများစွာ အပြီး သူက ယခုအခါ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ ကတ်သရင်းက နတ်ဘုရား-ယောင်အဆင့်၏ အစွန်းကို မသဲမကွဲ ထိတွေ့နေပြီ ဖြစ်သော်လည်း ကွာဟချက်မှာ နောက်ဆုံးတွင် အလွန် ဝေးကွာသွားသည်။ လောလောဆယ်တွင် နှိုင်းယှဉ်ရန် အဓိပ္ပာယ် မရှိလှပေ။

[ကိုယ်ပျောက်] စွမ်းရည်က ချန်လွေ့၏ [တိတ်တဆိတ်]နှင့် အလွန် ဆင်တူသည်။ နှစ်ခုစလုံးတွင် ဖုံးကွယ်ခြင်း အာနိသင် ရှိသည်။ ခြားနားချက်မှာ [ကိုယ်ပျောက်] အခြေအနေတွင် အမှန်တကယ်ပင် အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ် နိုင်ခြင်းပင်။ ဆိုလိုသည်မှာ ကိုယ်ပျောက် တိုက်ခိုက်မှုများ ဖြစ်သည်။ အခြား တစ်ဖက်တွင်မူ [တိတ်တဆိတ်]သည် တိုက်ခိုက်မှု ပြုလုပ်သည်နှင့် ထိရောက်မှု မရှိတော့ပေ။

[ကိုယ်ပျောက်]၏ အားနည်းချက်မှာ တိုက်ခိုက်ခြင်း ခံရသည်နှင့် ပေါ်လာမည် ဖြစ်သည်။ ဂျာဂယ်ခံတပ် လွင်ပြင်ငယ်၌ ရိုင်ဇန်သည် ကတ်သရင်းအား နေရာပြန့် သက်ရောက်သော တိုက်ခိုက်မှုဖြင့် ပေါ်လာစေခဲ့သည်။ တစ်ချိန်တည်းမှာပင် [တိတ်တဆိတ်]က မတိုက်ခိုက်ဘဲ ၎င်းကို ခံနိုင်သရွေ့ ပြိုင်ဘက်က နေရာပြန့် သက်ရောက်သော တိုက်ခိုက်မှုကို မည်သို့ သုံးစေကာမူ ပေါ်လာမည် မဟုတ်ပေ။ ဖုံးကွယ်ခြင်း ပညာရပ် နှစ်ခုစလုံးတွင် အားသာချက်များ ရှိ၏။ [ကိုယ်ပျောက်]က တစ်ချက်တည်း သတ်ပစ်ပြီး ဆုတ်ခွာရန် ပိုသင့်တော်သည်။ [တိတ်တဆိတ်]က ကင်းထောက်ခြင်းနှင့် ထွက်ပြေးရန် ပိုသင့်တော်သည်။

[ဒြပ်စင်ပိတ်ပင်] အကျိုးကျေးဇူးက ပို၍ပင် သိသာသည်။ သို့သော် အဓိကမှာ မိမိကိုယ်ပိုင် စွမ်းအားနှင့် တိုက်ရိုက် အချိုးကျခြင်းပင်။ ကတ်သရင်း၏ နိဗ္ဗာန် စွမ်းအား ပြင်းထန်စွာ ကျဆင်းသွားစဉ် သူက အရိပ်နက်ဝတ်ရုံနှင့်ပင် ဘရော့ခ်ကို အနိုင်မယူနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

အဆောင်ပစ္စည်း ၇ခုလုံး အောင်မြင်စွာ စိစစ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်လေသည်။ ပုံမှန်အားဖြင့် ၎င်းမှာ ချန်လွေ့အတွက် ကြီးမားသော ဝမ်းမြောက်မှု တစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ဒြပ်စင်လောက တိုက်ပွဲကို ကြုံတွေ့ပြီးနောက် ချန်လွေ့၏ စိတ်အခြေအနေမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

အဆောင်ပစ္စည်း ၇ခုက မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းတို့မှာ ပြင်ပ အရာဝတ္ထုများသာ ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို အလွန်အကျွံ အားကိုးပါက ၎င်းတို့ ထိရောက်မှု ဆုံးရှုံးသွားသည်နှင့် ဒြပ်စင်လောက တိုက်ပွဲတွင် သူ၏လက် ဆုံးရှုံးသွားသလို ဖြစ်ပေလိမ့်မည်။

ပိုအရေးကြီးသည်မှာ အဆောင်ပစ္စည်း ၇ခုက ‘ထိုလူ’နှင့် သေချာပေါက် ဆက်စပ် နေရာ ချန်လွေ့က ၎င်းတို့ကို ယခင်ကဲ့သို့ မကြာခဏ အသုံးမပြုချင်တော့ပေ။

ငါကိုယ်တိုင်က အားကိုးလို့ ရနိုင်တဲ့ စစ်မှန်တဲ့ စွမ်းအားပဲ။

ချန်လွေ့သည် ယခင်က စူပါစနစ် တစ်ခုလုံးကို သံသယ မဝင်ခဲ့သည်တော့ မဟုတ်ပေ။ သို့သော် စူပါစနစ်သည် သူ လောကကူးပြောင်း လာကတည်းက တည်ရှိခဲ့ပြီး အဆောင်ပစ္စည်း ၇ခုထဲမှ ပထမဆုံး တစ်ခုကို မရရှိခင်အချိန်က ဖြစ်သည်။ ၎င်းမှာ သူ ကမ္ဘာပေါ်တွင် ကောက်ခဲ့သော ဖုန်းကြောင့် ဖြစ်နိုင်၏။ ကြယ်စင်စု နတ်ဘုရားကျောင်းနှင့် စူပါစနစ် စကြဝဠာ တစ်ခုလုံး၏ သခင် အနေဖြင့် ချန်လွေ့က မိမိသည် တစ်ဦးတည်းသော အန္တိမထိန်းချုပ်သူ ဖြစ်ကြောင်း သေချာနိုင်ပြီး သူသည် ကြယ်စင်စု တစ်ခုချင်းစီ၏ ‘နတ်ဘုရား’ အထက်၌ပင် ရှိနေ၏။ တစ်နည်းအားဖြင့် သူက ထိုနေရာတွင် အန္တိမ နတ်ဘုရား ဖြစ်သည်။

စူပါစနစ်က ယခု အချိန်အထိတော့ အန္တရာယ် ကင်းနေသေးသည်။ ထို့ကြောင့် သံသယ ဖြစ်စရာ အကောင်းဆုံးမှာ ကြယ်အပ်နှင်း စင်မြင့်ပေါ် ရှိနေသော နတ်သူငယ် မျိုးနွယ်စု၏ သိဒ္ဓိသစ်ပင် ဖြစ်လေသည်။

ထိုအရာမှာ ယုံကြည်မှုသက်ရှိ တစ်ခု ဖြစ်ပြီး စူပါစနစ်မှ တစ်ခုတည်းသော ကြီးထွားနိုင်သည့်အမျိုးအစား ယုံကြည်မှု သက်ရှိလည်း ဖြစ်သည်။ လက်ရှိပျိုးပင်မှ လက်ရှိ သစ်ပင်ကြီးအထိ ကြီးထွားမှု အရှိန်မှာ အံ့ဩဖွယ်ရာ ကောင်းလှသည်။ ထိုသစ်ပင်က နေ့စဉ်တွင် ယုံကြည်မှု သလင်းကျောက် တစ်ထောင်ကို သုံးစွဲရန် လိုအပ်သည်။ ယခုအချိန်အထိ စူပါစနစ်မှ ပြသသော အချက်အလက်များတွင် ၎င်း၏ လုပ်ဆောင်ချက်မှာ ‘မသိရှိရသေး’ ဟူ၍ ရှိနေဆဲပင်။

နတ်သူငယ် မျိုးနွယ်စုအတွက် သဘာဝ သစ်ပင် အသုံးဝင်ပုံများကို အသေးစိတ် ပြောဆိုရန် မလိုအပ်ပေ။ အကယ်၍ ချန်လွေ့သာ ထိုသိဒ္ဓိသစ်ပင်ကို ဖျက်ဆီးခဲ့ပါက နတ်သူငယ်မျိုးနွယ်စုမှာ မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားပြီး မျိုးသုဉ်းခြင်း ဖြစ်သွားပေမည်။ နတ်သူငယ်မျိုးနွယ်စု၏ သေခြင်းရှင်ခြင်းက ချန်လွေ့ လက်ထဲတွင် အချိန်မရွေး ရှိနေသည်ဟု ဆိုနိုင်၏။ ထို့ကြောင့် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာက ချန်လွေ့အား ထိုသစ်ပင်ကို ယူဆောင်သွားရန် တောင်းဆိုခဲ့စဉ်က နတ်သူငယ် မျိုးနွယ်စု တစ်ခုလုံးက တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့၏ ‘နတ်သူငယ်ဘုရင်’ဘွဲ့က ၎င်းမှ လာခြင်း ဖြစ်သည်။

မူလက ချန်လွေ့သည် သိဒ္ဓိသစ်ပင်ကို ကတိအတိုင်း နတ်သူငယ် မျိုးနွယ်စုထံသို့ ပြန်ပေးရန် စီစဉ်ခဲ့သော်လည်း အလူစီယာက ဖီနိုအီရာအား သူ့ကို လောလောဆယ် သိဒ္ဓိသစ်ပင်ကို ပြန်မပေးရန် ပြောခိုင်းခဲ့၏။ ‘ထိုလူ’ ပေါ်ထွက်လာခြင်းက ၎င်းနှင့် ဆက်စပ် နေမနေကို သူ မသိခဲ့ပေ။

ချန်လွေ့က ကြယ်အပ်နှင်းစင်မြင့်မှ သဘာဝသစ်ပင်ကိုလည်း တိတ်တဆိတ် လေ့လာခဲ့သော်လည်း အပေါ်ယံတွင် ထူးခြားသောအရာ မတွေ့ခဲ့ပေ။ ချန်လွေ့ စဉ်းစားပြီးနောက် သဘာဝသစ်ပင်ကို ရွှေ့ပြောင်း မစိုက်ပျိုးရန်၊ ဖျက်ဆီးရန် မကြိုးစားခဲ့ပေ။ နတ်သူငယ်မျိုးနွယ်စုက စိုးရိမ်မှုများထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ချန်လွေ့က ‘ထိုလူ’ အတွက်လည်း စိုးရိမ် နေခဲ့၏။ ‘ထိုလူ’ကို မသိသေးသော်လည်း သူသည် အခြား တစ်ယောက်ယောက်က မိမိကိစ္စ ဝင်စွက်ဖက်ခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ချန်လွေ့က ထိုသို့ ချိန်ကိုက်ဗုံး တစ်လုံး၏ တည်ရှိမှုကို သေချာပေါက် သည်းမခံနိုင်ပေ။ သို့သော် ယခုအချိန်အထိ ‘သူ့’ကို မနှောင့်ယှက်ဘဲ သတိထားခြင်းက ပိုကောင်းပေသည်။ အကြောင်းမှာ သူက နတ်ဘုရားများကို ဖျက်ဆီးပစ်နိုင်သည့် တည်ရှိမှု ဖြစ်၍ပင်။ အကယ်၍ မတော်တဆ တစ်ခုခု ဖြစ်ပွားလျှင် အကျိုးဆက်များမှာ ဆိုးရွား သွားပေလိမ့်မည်။

ချန်လွေ့ ယခု လုပ်ရမည့် အရာမှာ ကိုယ်ပိုင် စွမ်းအားကို ပိုမိုတိုးတက်စေရန် ဖြစ်သည်။ မူလက သူသည် မိုက်ကယ်နှင့် စေတန်ကို မသဲမကွဲ လွှမ်းမိုးနိုင်ပြီးနောက် အနည်းငယ် ကျေနပ်နေခဲ့သည်။ သို့သော် ဒြပ်စင်လောက တိုက်ပွဲတွင် သူက အဓိကဒြပ်စင်သံတမန်၏ စစ်မှန်သော SSSS++ စွမ်းအားကို ကြုံတွေ့ခဲ့ရသည်။ အဆောင်ပစ္စည်း ၇ခုကို သုံးမရသောအခါ သူသည် တစ်ယောက်ချင်း တိုက်ပွဲတွင် မနည်းမနော အနိုင်ရရန် အပြင်းထန်ဆုံး [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို ထုတ်သုံးခဲ့ရသည်။ ထို့နောက်တွင် သူက နတ်ဘုရား-ယောင်အဆင့် အထက်ရှိ တည်ရှိမှုကို ကိုယ်တွေ့ ကြုံခဲ့ရသည်။ ကိုယ့်ထက် ပိုစွမ်းသူ အမြဲရှိသည် ဟူသော စကားအတိုင်းပင်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက မရှိမဖြစ် လိုအပ်သော်လည်း အလွန်အကျွံ ယုံကြည်ခြင်းက ရှေ့သို့ ဆက်မသွားနိုင်အောင် တားဆီးလိမ့်မည်။

အသည်းအသန် ကြိုးပမ်းခဲ့စဉ်တွင် [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားနှင့် အလားအလာကို အတည်ပြုပြီး ဖြစ်သည်။ ၎င်းက စွမ်းအားမြှင့်ရန် ထိရောက်သော နည်းလမ်းတစ်ခု ဆိုသည်မှာ အသေအချာ ဖြစ်လေသည်။ ကျန်အရာများက နေ့စဉ် လေ့ကျင့်မှုတွင် ချန်လွေ့၏ ကြိုးပမ်း အားထုတ်မှုများနှင့် စမ်းသပ်မှုများအပေါ် မူတည်နေလိမ့်မည်။

တစ်နေ့ ချန်လွေ့ လေ့ကျင့်ရေးကွင်းထဲ လေ့ကျင့်မှု ပြီးရုံသာ ရှိသေးသည်။ သူ၏ အသိစိတ် စူပါစနစ်မှ ဆုတ်ခွာသွားရာ ကျယ်လောင်သော အသံ ကြားလိုက်ပြီး ၎င်းမှာ အစီအရင်ပါဝင်သော အခန်းကိုပင် တုန်ခါသွားစေခဲ့သည်။

ချန်လွေ့ ထိတ်လန့် သွားခဲ့ပြီးနောက် လျှပ်တပြက်အတွင်း ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့သည်။

ခြံဝင်းထဲမှ အသုံးအဆောင်ပစ္စည်းများ ပါဝင်သော တဲငယ်နှစ်လုံး ပြိုသွားပြီ ဖြစ်သည်။ အသီနာ၊ အဲလစ်နှင့် အခြား သူများက အမှန်ပင် မျက်နှာချင်းဆိုင်တွင် ရှိနေကြလေသည်။

“အသီနာ!” ချန်လွေက အသီနာ၏ ရှေ့တွင် ချက်ချင်းပေါ်လာသည်။ “မင်း အဆင်ပြေရဲ့လား။”

“ကျွန်မ ဘာမှမဖြစ်ပါဘူး...” အသီနာ ခါးသက်သက် ပြုံးလိုက်လေသည်။ “တောင်းပန်ပါတယ်။ ကျွန်မ တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး။”

“မင်း ပြောတာက...” ချန်လွေ့က အသီနာ၏ ဖောင်းနေသော ဝမ်းဗိုက်ကို ကြည့်လိုက်သည်။

“ဒီရက်ပိုင်း ပိုဆိုးလာတယ်။” အသီနာ အပြစ်ရှိသော အမူအရာကို ပြသခဲ့ပြီး ထိတ်လန့်နေဆဲ ဖြစ်သော အဲလစ်နှင့် ခီရာကို ကြည့်လိုက်သည်။ “ဘယ်သူမှ မထိခိုက်လို့ တော်သေးတယ်။”

အသီနာ၏ ခုတလော အခြေအနေမှာ အလွန်ကို ပုံမှန်မဟုတ်ပေ။ ပထမဆုံး အနေဖြင့် သူ၏ စွမ်းအားက တိုင်းပြည် အဆင့် အလတ်ပိုင်းသို့ တစ်ခါတည်း ဖောက်ထွက်သွားခဲ့လေသည်။ ထိုအရာမှာ ကောင်းသောအရာ ဖြစ်သည်။ ပြဿနာမှာ သူ၏ စွမ်းအား တစ်ခါတစ်ရံ မသိစိတ်ဖြင့် ပေါက်ကွဲသွားပြီး စိတ်ကူး၍ မမီနိုင်သော ပျက်စီးမှုကို ဖြစ်ပေါ်စေခြင်းပင်။

“ဇိုလာက နည်းလမ်းတွေ အများကြီးကို စမ်းသပ်ခဲ့ပေမယ့် ဘယ်တစ်ခုမှ သူ့ရဲ့ စွမ်းအားကို ထိန်းချုပ်ဖို့ မကူညီနိုင်ခဲ့ဘူး။ သူက ဒီမနက် ဖြေရှင်းနည်း တစ်ခုရှာဖို့ ဖိုက်သွန်ဆီကို သွားခဲ့တယ်။ မကြာခင် သူ ပြန်ရောက်လာလောက်တယ်။”

“တောင်းပန်ရမှာသူက ကိုယ်ပါ။ ကိုယ် ဒီရက်ပိုင်း လေ့ကျင့်ပဲ လေ့ကျင့်နေခဲ့တာ။” ချန်လွေ့က အပြစ်ရှိသော အမူအရာကို ပြသခဲ့သည်။ ထိုကာလအတွင်း သူက ထိုသံသယများ၊ အထူးသဖြင့် ကိုယ်ထဲမှ တစ်စုံတစ်ယောက်ကြောင့် ဒုက္ခရောက် နေခဲ့သည်။ ရလဒ်အနေဖြင့် သူက လေ့ကျင့်ခြင်း အပေါ်၌ အချိန်ပိုယူခဲ့ရာ ပတ်ဝန်းကျင်မှ လူများကို လုံးဝနီးပါး လျစ်လျူရှုမိခဲ့သည်။

အသီနာ ခေါင်းခါလိုက်ပြီး ရုတ်တရက် မျက်နှာ နောက်တစ်ကြိမ် ပြောင်းသွား၏။ ချန်လွေ့က ချက်ချင်း သတိပေးလက္ခဏာ တစ်ခု ခံစားမိလိုက်ပြီး သူ၏လက်သီးကို ဖမ်းဆုပ်လိုက်သည်။ ချန်လွေ့၏ ဆံပင် ရုတ်တရက် နောက်သို့ လွင့်သွားခဲ့သည်။ အဝတ်အစားများ လေတိုက်ခံရသကဲ့သို့ ဖောင်းတက်လာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ပတ်ဝန်းကျင်မှ လူများက အထူး ခံစားချက်ကို အနည်းငယ်မျှပင် မခံစားမိခဲ့ပေ။

ချက်ချင်း နားလည် သွားခဲ့သော အစ်ဇဘယ်လာနှင့် အခြားသူများက ချန်လွေ့သည် အသီနာ၏ ပေါက်ကွဲမှု စွမ်းအားကို အတင်းအကျပ် ခံလိုက်ခြင်းကို မြင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းကို အလွန်ပါးနပ်သော နည်းလမ်း တစ်ခုဖြင့် ဖယ်ရှားပစ်လိုက်သည်။

“ဒါက နည်းနည်း အထိန်းအချုပ် လွတ်နေတာ အသေအချာပဲ။” ချန်လွေ့ ပြုံးလိုက်သည်။ “ဒါပေမဲ့ အဆင်ပြေ ပါတယ်။ ကိုယ် မင်းနဲ့အတူ ရှိနေမှာပါ။”

ထိုသို့ပြောပြီး ချန်လွေ့က ဘေးသို့ ကြည့်လိုက်ရာ ဇိုလာနှင့် ဖိုက်သွန်တို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခုနက အသီနာ၏ စွမ်းအား ထိန်းချုပ်မှု လွတ်သွားသည့် အခိုက်တွင် ဇိုလာနှင့် ဖိုက်သွန်တို့ ခြံထဲသို့ ရောက်ရှိနေပြီး ဖြစ်လေသည်။

မူလက ဖိုက်သွန်သည် အချို့သော လေ့ကျင့်ရေး ကိစ္စများကို ချန်လွေ့နှင့် ဆွေးနွေးရန် နေအိမ်သို့ အခါအားလျော်စွာ လာရောက်လေ့ ရှိသည်။ ဒြပ်စင်လောက စစ်ပွဲကတည်းက ဖိုက်သွန် နောက်တစ်ခါ မလာခဲ့ပေ။ ယခုမှာ ထိုအချိန်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်လေသည်။

ဖိုက်သွန်က ချန်လွေ့ကို နောက်တစ်ခါ မကြည့်ခဲ့ပေ။ သူက အသီနာဆီသို့ တန်းတန်းမတ်မတ် သွားပြီး သူ၏ ခန္ဓာကိုယ်ကို ခဏတာ စစ်ဆေးကာ ခေါင်းညိတ်လိုက်သည်။ “ငါ ခုနက စွမ်းအား ပေါက်ကွဲမှုကို တွေ့လိုက်တယ်။ ကိုယ်ဝန်ဆောင်ခြင်းလိုမျိုး ကိစ္စတွေမှာ ငါ အရမ်းတော့ မကျွမ်းကျင်ပေမယ့် နင့်ရဲ့ ကလေးက မွေးတော့မယ်ဆိုတာကိုတော့ သေချာတယ်။ ဒီထိန်းချုပ်မှု လွတ်နေတဲ့ အခြေအနေတွေက တကယ်တော့ သန္ဓေသားကြောင့် ဖြစ်လာတာပဲ။ နင့်ရဲ့ ကလေးက အသန့်စင်ဆုံး ပျက်စီးခြင်း ဇစ်မြစ်ကို သယ်ဆောင်ထားတယ်။ ဒါက သာမန်လူတစ်ယောက် မဟုတ်ဘူး။”

“မွေးတော့မှာလား။” ချန်လွေ့သာမက အသီနာနှင့် အခြားသူများပါ တပြိုင်တည်း မေးလိုက်ကြသည်။ သူတို့ အားလုံးက အံ့ဩနေပုံရသည်။

“ဒီကလေးရဲ့ စွမ်းအားက ငါ့ရဲ့အရင်က ထင်ထားတာတွေကို ကျော်လွန်သွားခဲ့ပြီ။ ဒါပေမဲ့ ဒါက မိခင် ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အရာတော့ မဟုတ်နိုင်ဘူး။ အနာဂတ်မှာ ဒီလိုစွမ်းအား ထိန်းချုပ်မှု လွတ်သွားမှာကို စိုးရိမ်မိတယ်။ ပြီးတော့ စွမ်းအားက ပိုပြီး အားကောင်းလာမှာ... ဒီအတိုင်း ဆက်သွားရင် မွေးဖွားဖို့အတွက် အန္တရာယ်ကလည်း အဆများစွာ တိုးလာလိမ့်မယ်။ သတိမထားမိရင် ရှင့်ရဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အသက်တင် မကဘူး။ အသီနာကိုယ်တိုင်ပါ အန္တရာယ် ရှိလိမ့်မယ်။”

ချန်လွေ့ လန့်သွားသည်။ “ဒါဆိုရင် ကျုပ်တို့ ဘာလုပ်သင့်လဲ။”

“ဘာပဲဖြစ်ဖြစ် ကျွန်မက ကလေးကို မွေးမှာပဲ။” အသီနာ၏ မျက်လုံးထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ မိခင်တစ်ဦးနှင့် သက်ဆိုင်သော ပြတ်သားမှု ဖြစ်လေသည်။ “ဖိုက်သွန်။ ကျွန်မကို ကူညီပေးပါ။”

All Chapters