မိုးကြိုးနှလုံးသား နွယ်ပင်
Vol. 75 Ch. 1178
အဂ္ဂိရတ်သက်ရှိများ၏ စွမ်းဆောင်ရည် အတော်လေး မြင့်မားလှပြီး ခဏအကြာ နွယ်ပင်များစွာကို ချန်လွေ့ထံ ယူဆောင် လာခဲ့သည်။
အသွင်ပြောင်းလဲခြင်း၏ ဘေးထွက် ဆိုးကျိုးကြောင့် ဖြစ်ပေလိမ့်မည်။ လာလာရီယာက ‘ကောင်မလေးများကို ပိုးပန်း’စဉ်က ရှိခဲ့သော တက်ကြွနေသည့် စိတ်ဓာတ်များ လုံးဝ ဆုံးရှုံးသွားလေသည်။ သူက ပင်ပန်းနွမ်းနယ်နေပုံရပြီး အပင်များ အရှေ့တွင် ပေါ့ပေါ့တန်တန်နှင့် နှာခေါင်း ရှုံ့လိုက်သည်။ “ဒါတွေ မဟုတ်ဘူး။”
“ဆာ-ရစ်ချက်။ ခင်ဗျား ဘယ်အပင်ကို ရှာနေတာလဲ။” အန်ဒါလူလေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ခါရူအတွက်မူ ချန်လွေ့၏ စိတ်ထဲတွင် ရှိသော အဓိက စကားလုံးများမှာ ‘လူကောင်းကတ်ပေးခြင်း’နှင့် ‘ငယ်စဉ် ကတည်းက ဇိုလာ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော သနားစရာ မိန်းမလျာ’ တို့သာ ဖြစ်သော်လည်း အန်ဒါလူလေး အတွက်မူ မတူညီပေ။ ထိုကလေးက ချန်လွေ့အား အတော် ကောင်းမွန်သော အထင်အမြင် တစ်ခုကို ပေးစွမ်းခဲ့လေသည်။
အစပိုင်းတွင် အန်ဒါလူလေးက ဆမ်မြူရယ်၏ အရေးကိစ္စများ အတွက် ချန်လွေ့ထံ အကူအညီ တောင်းခံရန် ရောက်ရှိလာခဲ့သည်။ ချန်လွေ့က ဆမ်မြူရယ်၏ သတင်းကို ရရှိသည်နှင့် သစ္စာရှိ လက်အောက်ခံကို ကယ်တင်ရန် နဂါးလင်းလက် အင်ပါယာသို့ အချိန်မီ အပြေးသွားခဲ့လေသည်။ နောက်ပိုင်းတွင် အန်ဒါလူလေးက ဆမ်မြူရယ်အတွက် နဂါးတောင်ကြားမှ ထွက်ပြေးခဲ့ပြီး သူ့ကို သတ်ရန် ကြိုးစားနေသော နဂါးစစ်သည် ထရီနစ်ကို ဒဏ်ရာ အပြင်းအထန် ရခဲ့သော်လည်း တိုက်ပွဲတွင် အနိုင်ယူရန် ဆမ်မြူရယ်အား ကူညီပေးခဲ့သည်။
အန်ဒါလူလေးက ဆမ်မြူရယ်၏ သစ္စာ အရှိဆုံး ညီအစ်ကိုဟူ၍ ဆိုနိုင်သည်။ ဆမ်မြူရယ် နတ်ဆိုးဘုံသို့ ရောက်သွားရာ သူက ညီအစ်ကိုတစ်ဦး ကဲ့သို့သော ဧရာမနဂါး အပေါင်းအဖော်ကို မကြာခဏ သတိရနေခဲ့သည်။
“မိုးကြိုးနှလုံးသားနွယ်ပင်...” ချန်လွေ့ ၎င်းကို မဖုံးကွယ်ခဲ့ပေ။ “ဒါက ငါ့အတွက် အတော်လေးကို အရေးကြီးတယ်။ ဒါက ငါ့ရဲ့ ဇနီး တစ်ယောက်ရဲ့ အသက်နဲ့ ဆက်စပ်နေတယ်။”
“မိုးကြိုးနှလုံးသားနွယ်ပင်... ဒါနဲ့ ခါရူ၊ အရင်တစ်ခါ ချောက်ကမ်းပါးအောက်မှာ မိုးကြိုးနှလုံးသားနွယ်ပင် တချို့ကို မင်း တွေ့ခဲ့တယ်မလား။” အန်ဒါလူလေး၏ စကားကြောင့် ချန်လွေ့က စိတ်ဓာတ် တက်ကြွသွားပြီး ခါရူကို ကြည့်လိုက်၏။
ခါရူက ဇိုလာကို ကြောက်နေဆဲ ဖြစ်ပြီး ခုနက မိန်းကလေးဟု အထင်မှားခြင်း ခံရပြီး လာလာရီယာ၏ အနှောင့်အယှက် ပေးခြင်းကို ခံခဲ့ရရာ သူက စိတ်နှင့်ကိုယ် မကပ်နေဘဲ ညီဖြစ်သူ ပြောခဲ့သည်ကို လုံးဝ မကြားခဲ့ပေ။ အန်ဒါလူလေးက လျှောက်သွားပြီး ခါရူအား စကား အနည်းငယ် ပြောလိုက်သည်။ သူက ချက်ချင်း တုန်လှုပ်သွားပြီး လျင်မြန်စွာ ဦးညွှတ်လိုက်သည်။ “အန်ဒါလူလေး၊ မင်း ဒီမှာနေပြီးတော့ ဆာ-ရစ်ချက်နဲ့ စကား ပြောနေလိုက်။ အခုပဲ သွားခူးလိုက်မယ်။”
မိုးကြိုးနှလုံးသားနွယ်ပင်၏ နေရာကို ကြားရာ ချန်လွေ့က နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက အန်ဒါလူလေးကို ပြောလိုက်လေသည်။ “အန်ဒါလူလေး။ ငါတို့ မတွေ့ရတာ သုံးလေးနှစ်ကြာပြီ။ နဂါးတောင်ကြားက အရင် အတိုင်းပဲလား။ တော်ဝင်ဧကရာဇ် ပါဂရစ်ဇ်... ပြီးတော့ အကြီးအကဲစုံတွဲရော ဘယ်လိုနေလဲ။”
“အရှင်မင်းကြီး ပါဂရစ်ဇ် မကြာခင်က အဆင့်တက်တာ အောင်မြင်သွားခဲ့တယ်။ ပြီးတော့ နဂါးတောင်ကြားက ၃ရက်ကြာ ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ မဒမ် မာရီယာနဲ့ ဆာ-စပန်တို့ နှစ်ယောက်စလုံး နေကောင်းကြပါတယ်။ အထူးသဖြင့် မဒမ် မာရီယာပါ။ သူက နဂါးဧကရာဇ်ရဲ့ တန်ဖိုးထားတာကို အတော်ခံနေရတယ်။ အခု မှော်ဂိမ်း၊ မှော်ဖုန်းနဲ့ တခြား အရေးကြီးတဲ့ အရေးကိစ္စတွေကို မဒမ် မာရီယာက တာဝန်ယူထားတယ်။” ထိုသို့ ပြောပြီး အန်ဒါလူလေးက ချန်လွေ့အား ဦးညွှတ်လိုက်ပြန်၏။ “နဂါးတောင်ကြား အကြောင်းဆိုမှ အရင်တစ်ခါ ကျုပ်က ကျုပ်ရဲ့ မိတ်ဆွေ ဆမ်မြူရယ်ကို ကယ်တင်ဖို့ တောင်းဆိုခဲ့တယ်။ ဆာ ဘယ်လိုနည်းလမ်းမျိုး သုံးခဲ့လဲဆိုတာကို မသိပေမယ့် ဆမ်မြူရယ်က အဲဒီနောက်မှာ အန္တရာယ်ကနေ လွတ်မြောက်ခဲ့တယ် ဆိုတာတော့ သိတယ်။ ဒါတွေအားလုံးက ဆာ့ရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီနေရာကနေ ဆာ့ကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြချင်ပါတယ်။”
“အန်ဒါလူလေး။ မင်းက အတော်လေး စိတ်ထားကောင်းတာပဲ။” ချန်လွေ့က အန်ဒါလူကို ကြည့်လိုက်သည်။ “ငါ မင်းကို တစ်ခုခု ပြောပြသင့်တယ်လို့ ထင်တယ်။ ဒါပေမဲ့ မင်း ဒါကို လျှို့ဝှက်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ ငါတို့ နဂါးလင်းလက် အင်ပါယာမှာလည်း တွေ့ခဲ့တယ်။ အိုး ဆမ်မြူရယ်လည်း ရှိတယ်... ဟုတ်တယ်။ စတန်ဝဲလ်နဲ့ ဂွယ်ရိုအက်စ်တို့ကောပဲ။”
အန်ဒါလူလေးက အံ့အားသင့်သော အမူအရာကို ပြသခဲ့၏။ သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီးနောက် ထိတ်လန့်သွားသည်။ “ခင်ဗျား ပြောတာ ဘရက်ကလင်နဲ့ နဂါးစစ်သည်တော် တိုက်ပွဲမှာလား... ဟုတ်တယ် အကြီးအကဲ စတန်ဝဲလ်က အဲဒီတုန်းက အတော်လေး ထူးဆန်းနေတဲ့ပုံပဲ။ သူ ဘရက်ကလင်ကို တကယ်ပဲ ဆူနေခဲ့တယ်။ အာ... ဧကန္တ... အကြီးအကဲ စတန်ဝဲလ်နဲ့ စကားပြောခဲ့တဲ့ နဂါးလင်းလက် အင်ပါယာရဲ့ တတိယ မင်းသားက...”
“မင်း တော်သားပဲ။ အန်ဒါလူလေး။”
“ဒါဆိုရင် ကျုပ်...”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “‘ရစ်ချက်’လို့ပဲ ခေါ်ပါ။ မင်းသား ‘အာသာ’ က သိဒ္ဓိသားတော်ဘွဲ့ခံယူ အခမ်းအနားမှာ ‘သေဆုံး’သွားပြီ။”
“နားလည်ပါပြီ။ ဆာ။”
အန်ဒါလူလေးက သိဒ္ဓိကျောင်းတော်မှ ကြော်ငြာခဲ့သော သိဒ္ဓိသားတော် ဘွဲ့ခံယူ အခမ်းအနားကို ကြားဖူးသော်လည်း ချန်လွေ့ ထိုနေရာတွင် ပေါ်လာခြင်းနှင့် နဂါးတောင်ကြားတွင် သူ စတန်ဝဲလ်ကို အနိုင်ယူနိုင်စွမ်းအရ အဖြစ်မှန်များက ကျောင်းတော်မှ အခိုင်အမာ ပြောသည်နှင့် ကွဲပြားနေလေသည်။ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များက အတော် အံ့ဩဖွယ် ကောင်းလောက်သည်။
အန်ဒါလူလေးက ထပ်မမေးတော့ဘဲ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်သည်။ “ယုံကြည်ပေးတဲ့အတွက် ဆာ့ကို အရမ်း ကျေးဇူးတင်ပါတယ်။ ကျုပ် မေးခွန်း တစ်ခုပဲ မေးချင်တယ်။ ဆမ်မြူရယ် အခု ဘယ်မှာလဲ။ သူနဲ့ ကျုပ်ကြားမှာ အထူး ဝိညာဉ် ဆက်သွယ်မှုတစ်ခု ရှိတယ်။ သူက ဘေးကင်းနေတယ် ဆိုတာကို ကျုပ် ခံစားမိတယ်။”
“သူက ဇနီးနှစ်ယောက် ဖြစ်တဲ့ ဂျိုအန်နာနဲ့ အီနာတို့နဲ့အတူ အတော်လေး အလှမ်းဝေးတဲ့ နေရာတစ်ခုမှာ ရှိနေတယ်။ ပြီးတော့ သူက မင်းကို မိတ်ဆွေ တစ်ယောက်အနေနဲ့ သတိရနေတယ်။”
အန်ဒါလူလေး၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ “ကျုပ် သူနဲ့ တွေ့နိုင်မလား သိချင်မိတယ်။”
“ဒါက တကယ်တော့ သေသေချာချာ စဉ်းစားဖို့ လိုအပ်တဲ့ မေးခွန်း တစ်ခုပဲ။ ဘာလို့လဲဆိုတော့...” ချန်လွေ့ စကား ပြောနေစဉ်မှာပင် ရုတ်တရက် တံခါးဝကို ကြည့်လိုက်သည်။ ခါရူက လက်ထဲတွင် နွယ်ပင် အနည်းငယ်ဖြင့် ပြန်ရောက် လာခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့က အန်ဒါလူလေးနှင့် ဆက်၍ စကားမပြောတော့ဘဲ သူ၏မျက်လုံးက ထိုနွယ်ပင်များပေါ်တွင် စူးစိုက်နေ၏။ “လာလာရီယာ...”
လာလာရီယာသည် စိတ်မပါ့တပါဖြင့် တုံ့ပြန်ပြီး ရှေ့သို့ ခြေလှမ်းတိုးကာ ၎င်းကို အနံ့ခံလိုက်ပြီးနောက် ရုတ်တရက် ခါရူ၏ လက်မောင်းကို ဒေါသတကြီးဖြင့် ဆုပ်ကိုင်လိုက်သည်။ လာလာရီယာ၏ အင်အားကို ခါရူ မည်သို့ ခံနိုင်မည်နည်း။ သူက ရုတ်တရက် နာကျင်စွာဖြင့် ထိုင်ချလိုက်၏။
ချန်လွေ့က မိုးကြိုးနှလုံးသားနွယ်ပင်၌ တစ်ခုခုမှား လွဲနေကြောင်း ထင်လိုက်စဉ် လာလာလိုလီက ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။ “မင်းက ယောက်ျား တစ်ယောက် ဖြစ်နေပြီးတော့ မိန်းကလေး ရေမွှေးကို တကယ်ပဲ သုံးနေတယ်...”
ခါရူသည် နာကျင်လွန်း၍ စကား မပြောနိုင်ဘဲ အန်ဒါလူလေးက လျင်မြန်စွာ ရှင်းပြလိုက်သည်။ “ဒါက ယောက်ျားသုံး ရေမွှေးပါ။ လူသား လောကရဲ့ တော်ဝင် မိသားစုတွေ အများကြီး သုံးကြပါတယ်...”
ချန်လွေ့ ခဏတာ ပြောစရာမဲ့သွား၏။ ဒါက ရေမွှေးနဲ့ ဘာမှ မဆိုင်ဘူးလေ။ ဒါက ရှက်ရမ်းရမ်းတဲ့ ပုံမှန် ဥပမာတစ်ခုပဲ။
“လာလာရီယာ!” ချန်လွေ့က သောင်းကြမ်းတော့မည့် ရင်ပြားလိုလီကို အလျင်အမြန်ပင် တားဆီးလိုက်သည်။ “ဒါတွေက အသီနာ လိုအပ်တဲ့ မိုးကြိုး နှလုံးသားနွယ်ပင်တွေလား။”
“ဟုတ်တယ်...” လာလာရီယာက ပြန်ဖြေပြီးနောက် ခါရူအား ခပ်ကြမ်းကြမ်း ပြောလိုက်သည်။ “တကယ်လို့ နောက်တစ်ခါ ဒီလိုရွံရှာစရာ ကောင်းတဲ့ အရာတွေကို သုံးတာတွေ့ရင် ငါ မင်းကို မီးတောင်ထဲ ပစ်ချပြီး ရေချိုးပေးမယ်။”
သနားစရာ မိန်းမလျာက မျက်လုံးထဲ မျက်ရည်များဖြင့် ခေါင်းကိုသာ ခါနိုင်ခဲ့ပြီး အစွမ်းကုန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ချန်လွေ့က ၎င်းမှာ မိုးကြိုးနှလုံးသား နွယ်ပင်ဖြစ်ကြောင်း ကြားရာ ၎င်းကို ကြယ်စင်စု ဥယျာဉ်ထဲသို့ အလျင်အမြန် ရွှေ့ပြောင်း စိုက်ပျိုး လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူက အဂ္ဂိရတ် သက်ရှိအားလုံးကို ရှာဖွေခြင်း ရပ်တန့်ရန် အမိန့်ပေးခဲ့ပြီး ခါရူ၏ လက်မောင်းကို ကုသရန်အတွက် ဆူးသရဖူ စွမ်းအားကို အသက်သွင်းပေးခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။ ခါရူ။”
“ဆာက ယဉ်ကျေးလွန်း နေပါပြီ။ ဆာက လူကောင်းတစ်ယောက် ဆိုတာကို ကျုပ် သိပါတယ်။” မိန်းမလျာက ချန်လွေ့ အပေါ်တွင် ကောင်းမွန်သော အမြင် ရှိသည်။ အဓိက အကြောင်းမှာ ချန်လွေ့က မိန်းမလျာ အကြောက်ဆုံး ဖြစ်သော အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး ထိုအရာက မိန်းမလျာအား ဒုက္ခ ခံစားရခြင်းမှ ကယ်တင်ခဲ့လေသည်။
မိုးကြိုးနှလုံးသားနွယ်ပင်ကို ထိုကဲ့သို့ မြန်မြန် ရှာဖွေတွေ့ရှိခဲ့ရာ ချန်လွေ့က စိတ်အခြေအနေ ကောင်းနေခဲ့လေသည်။ မင်း ကြိုက်သလို လူကောင်းကတ်တွေ ပေးလို့ရတယ်။
ခါရူ၏ ဒဏ်ရာမှာ အမှန်တကယ်တွင် ပြင်းထန်သည် မဟုတ်သော်လည်း သူ၏ ထိတ်လန့်နေသော အမူအရာအရ ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် စိတ်ဒဏ်ရာက အပြင်ပိုင်း ဒဏ်ရာထက် များစွာ သာလွန်ကြောင်း မြင်နိုင်သည်။ ဇိုလာအပြင် မိန်းမလျာ၏ နာမည်ပျက် စာရင်းတွင် နောက်ထပ် နာမည်တစ်ခု ရှိနေလောက်ပြီ ဖြစ်သည်။
“မင်းတို့ နှစ်ယောက်က အခု မုန်တိုင်းကျွန်းမှာ နဂါးတောင်ကြားရဲ့ ကိုယ်စားလှယ်တွေလား။ အချိန်ကိုက်ပဲ။ ငါ အခု နဂါးတောင်ကြားကို သွားမလို့။”
ခါရူက ခဏတာ တွန့်ဆုတ်သွားပြီး မေးလိုက်၏။ “ဆာ။ နဂါးတောင်ကြားကို သွားချင်တဲ့ ရည်ရွယ်ချက်ကို မေးလို့ ရမလား။ တောင်းပန်ပါတယ်။ ကျုပ်ရဲ့ ဘက်က အကြောင်းကြားဖို့ တာဝန် ရှိလို့ပါ။ အဲဒါမှပဲ တခြားတစ်ဖက်က နှစ်လမ်းသွား တယ်လီပို့ကို စတင်ဖို့ သဘောတူနိုင်မယ်။”
“အစ်ကို...” အန်ဒါလူက ခါရူကို ညင်သာစွာ တိုက်လိုက်သည်။ “မင်း မေ့သွားတာလား။ မဒမ် ဇိုလာက အခု အကြီးအကဲ တစ်ယောက်ပဲ။ ဒါကြောင့် မလိုအပ်...”
နတ်သမီးနဂါး၏ အမည်ကို ကြားရာ မိန်းမလျာက တုန်လှုပ်သွား၏။ သူက နောက်ဆုံးတွင် သတိ ပြန်ဝင်လာပြီး အကြီးအကဲတစ်ယောက်၏ လားရာသို့ မကြည့်ရဲဘဲ လျင်မြန်စွာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ဇို... ဇို...”
ချန်လွေ့က မိန်းမလျာ စကားထစ် နေသည်ကို ကြားရာ တိတ်တဆိတ် ခေါင်းခါလိုက်သည်။ အချစ်လေး ဇိုလာက တစ်ခါတလေ ဟန်ဆောင် ငေးငိုင်တာကို ကြိုက်ပြီးတော့ ဝမ်းတွင်းမည်း ဖြစ်ပေမဲ့ ပုံမှန်ဆိုရင်တော့ သူက အတော်လေး ချစ်စရာ ကောင်းပါတယ်။ ဘယ်လိုလုပ် ခါရူရဲ့ နှလုံးသားထဲမှာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စိတ်ဒဏ်ရာကို ဖြစ်စေခဲ့တာလဲ။
“တကယ်တော့ အရှင်မ ဆိုဖီယာဆီကို သွားပြီးတော့ သူ့မှာ ရွှေနဂါးတံတွေးပန်း ရှိမရှိ သွားကြည့်ချင်တာပါ။”
“ရွှေနဂါးတံတွေးပန်း!” အန်ဒါလူလေး တအံ့တသြနှင့် ပြောလိုက်သည်။
ချန်လွေ့ အမြန် မေးလိုက်သည်။ “မင်း သိတာလား။”
အန်ဒါလူလေး ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။ “ဒေါ်လေး ဆိုဖီယာမှာ တစ်ပင် ရှိတယ်။ သူက ဒါကို အမြဲတမ်း ရတနာတစ်ခုလိုမျိုး မှတ်ယူထားခဲ့တယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ အဲဒါကို တစ်ခါမက ခိုးဖို့ ကြိုးစားခဲ့ပေမယ့် ဒါက အကာအကွယ် မှော်စာကို နိုးစေခဲ့ပြီးတော့ ကျုပ် အထဲမှာ ပိတ်မိသွားခဲ့တယ်။ နောက်တော့ အဖေက ကျုပ်ကို လာခေါ်ပြီး ရိုက်ခဲ့သေးတယ်။ ပြီးတော့ ဒေါ်လေး ဆိုဖီယာက ကျုပ်ကို စေတနာနဲ့ ငွေနဂါးတံတွေးပန်းတစ်ပွင့် ပေးခဲ့တယ်။”
ချန်လွေ့က လာလာရီယာထံမှ နဂါးတံတွေးပန်းများ၏ နဂါးငယ်လေးများ အပေါ် အကျိုးကျေးဇူးများကို ကြားဖူး၏။ သူက အန်ဒါလူလေး၏ အဖြေကို ကြားရာ အလွန်ပင် ဝမ်းမြောက်သွားခဲ့လေသည်။ “သိပ်ကောင်းတယ်။ နဂါးတောင်ကြားကို အခုပဲ သွားကြတာပေါ့။”
အကြီးအကဲ ဇိုလာ ပြန်ရောက်လာပြီ ဖြစ်ကြောင်း ခါရူနှင့် အန်ဒါလူတို့ထံမှ သတင်းရပြီးနောက် နဂါးတောင်ကြား၏ နှစ်လမ်းသွား တယ်လီပို့ အစီအရင်က ခဏအကြာ ပွင့်လာခဲ့သည်။
ချန်လွေ့က ဇိုလာနှင့် အမျိုးသမီး နှစ်ဦးကို တယ်လီပို့ လမ်းကြောင်းမှ တစ်ဆင့် ခေါ်ဆောင်သွားပြီး နောက်တွင် ပထမဆုံး မြင်တွေ့ခဲ့ရသည်မှာ သူ၏ ယောက္ခထီးနှင့် ယောက္ခမတို့ပင်။
သူတို့၏ သမီး ပြန်ရောက်လာသည့် သတင်းကို ကြားပြီးနောက် မာရီယာနှင့် စပန်တို့က တယ်လီပို့ လမ်းကြောင်း၏ အရှေ့သို့ ချက်ချင်းရောက်လာခဲ့ကြသည်။
“သမီးလေး!” မာရီယာက နှစ်ပေါင်း များစွာ မတွေ့ခဲ့ရသော သမီးဖြစ်သူကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ဇိုလာက မိခင်၏ လက်မောင်းများထဲသို့ ပစ်ဝင်သွားခဲ့သည်။ နတ်ဘုရားမ အလောင်းအလျာ ဖြစ်စေ၊ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် ဖြစ်စေ ဇိုလာက မာရီယာ၏ သမီးသာ ဖြစ်သည်။
မာရီယာနှင့် စပန်တို့၏ စွမ်းအားများက နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေသည်ကို သတိပြုမိလိုက်၏။ စပန်မှာမူ စွမ်းအား ပြန်လည်ရရှိခြင်း အဖြစ်သာ မှတ်ယူနိုင်ပြီး မာရီယာမှာမူ ယခင်တစ်ခေါက် ထွက်ခွာသွားစဉ်က အဆင့်တက်ရန် ခြေလှမ်း တစ်လှမ်းသာ လိုတော့သည်။ မှန်ပေသည်။ ချန်လွေ့၏ ဆေးရည်များကလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေသည်။
ယောက္ခထီး နတ်သူငယ်ဘုရင် စပန်က လမ်းလျှောက် လာခဲ့ပြီး ချန်လွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ “ပြန်လည် ကြိုဆိုပါတယ်။”
ထိုသို့ မိသားစုဆန်သော လေသံက ချန်လွေ့အား နွေးထွေးမှု ခံစားရစေသည်။ “အင်း ဦးလေး စပန်။ ခင်ဗျားကို မိတ်ဆက် ပေးပါရစေ။ ဒါက အဲလစ်။ ပြီးတော့ ဒါက လာလာရီယာ။ သူတို့က ကျုပ်ရဲ့... အဲ ညီမတွေပါ။”
ယောက္ခထီး နတ်သူငယ်ဘုရင် စကား မပြောနိုင်ခင်မှာပင် မာရီယာက သတိ ကြီးစွာထားသည့် အမူအရာ ပြသခဲ့သည်။ “ညီမတွေ ဟုတ်လား။”
“ငါက မင်းကို ပိုက်ဆံတွေ အများကြီး အကြွေးတင်ပေမယ့် မင်းရဲ့ ညီမအဖြစ် ကိုယ့်ကိုယ်ကိုယ် ရောင်းရလောက်တဲ့ အဆင့်အထိ မနိမ့်ကျသေးဘူး။ ပြီးတော့ ငါ့အသက်က ဟွန့် ဟွန့်...” လာလာရီယာက မာရီယာကို ဂရုမထားဘဲ ကြည့်လိုက်သည်။ “ကျုပ်တို့က ဇိုလာရဲ့... အဲ သူငယ်ချင်းကောင်းပဲ။ ခင်ဗျားက ဇိုလာရဲ့ အမေ ဆိုမှတော့ ကျုပ်ရဲ့ အဒေါ်လည်း ဟုတ်တယ်။ အမ်... ဇိုလာရဲ့ အဖေကတော့ စိတ်မပူပါနဲ့။ ကျုပ်ရဲ့ ပစ်မှတ်က ခင်ဗျားရဲ့ သမီးပဲ။ အဲဒါကြောင့် ခင်ဗျားရဲ့ မိန်းမက အခုလောလောဆယ် အန္တရာယ်ကင်းပါတယ်။”
နောက်ဆုံးစကားက အသေအချာပင် စပန်ကို ရည်ရွယ်ခြင်း ဖြစ်လေသည်။ ယောက္ခထီး နတ်သူငယ်ဘုရင်က ထိုသို့ ထူးဆန်းသည့် ခုန်ပေါက်သွားနေသော တွေးခေါ်မှု စည်းချက်ကို အသေအချာ မလိုက်မီနိုင်သဖြင့် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။ “ဘာပြောတယ်။”
“ကျွန်မက သူ့ရဲ့ညီမ မဟုတ်ဘူး...” အဲလစ်က မကျေမနပ်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။ သူက မာရီယာထံသို့ ရောက်လာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။ “ဒေါ်လေး မာရီယာ။ မင်္ဂလာပါ။ ကျွန်မက ဇိုလာ... အစ်မရဲ့ ညီမလေး အဲလစ်ပါ။”
(ဟွန့် ဟွန့် ဇိုလာနဲ့ ငါက မကြာခင် ညီအစ်မတွေ ဖြစ်တော့မယ်)
မာရီယာက အဲလစ်ကို ကြည့်ပြီးနောက် ချန်လွေ့ကို ကြည့်လိုက်၏။ ထိုကဲ့သို့ စေ့စေ့စပ်စပ် ကြည့်ရှုမှုက ချန်လွေ့ကို အနည်းငယ် ကြောက်သွားစေသော်လည်း အဲလစ်၏ ချစ်စဖွယ် အသွင်အပြင်က မာရီယာကို အတော်လေး သဘောကျ နေစေဆဲ ဖြစ်သည်။ “အရင်တစ်ခေါက်က ရင်းနီ။ အခုတစ်ခေါက်က အဲလစ်။ သူတို့ နှစ်ယောက်လုံးက သဘောကျစရာတော့ ကောင်းတယ်။ ဒါပေမဲ့ ပိုပိုပြီး သဘော မကျစရာ ကောင်းလာတဲ့ ကောင်လေး တစ်ယောက်ရှိတယ်... ဟေး... လက်က ဘာဖြစ်သွားတာလဲ။”
ချန်လွေ့က အပြည့်အဝ ပြန်လည်၍ မကောင်းသေးသော ဘယ်ဘက်လက်ကို ကြည့်လိုက်ပြီး လှုပ်ခါလျက် ပြောသည်။ “ဘာမှမဖြစ်ပါဘူး။ ပြန်ကောင်းတော့မှာ။ သိပ်မကြာတော့ပါဘူး။”
ချန်လွေ့ လက်အကြောင်း ပြောရာတွင် ဇိုလာ၏ မျက်လုံးများ နီရဲလာ၏။ “ဒါက သူ ကျွန်မကို အရင်တစ်ခေါက် ကယ်တင်ဖို့ အသက်ကို စွန့်စားခဲ့တုန်းက...”
မာရီယာ၏ မျက်လုံးများ ရုတ်တရက် နူးညံ့သွားပြီး အပြစ်တင်မှု အနည်းငယ်က အသိအမှတ်ပြုခြင်းနှင့် စိတ်သက်သာရာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့တိုင် သူက ဆူပူသည့် လေသံဖြင့် ဆက်၍ ပြောနေဆဲ ဖြစ်သည်။ “လူငယ်လေး။ သိပ်ပြီးတော့ အလောမကြီးနဲ့...”
ငါ့သမီးကို အသက်ရင်း ကာကွယ်နိုင်တဲ့ သမက်တစ်ယောက်ပဲ။ သူ့ဆီ ငါ့သမီးကို စိတ်ချလက်ချ အပ်နှံလို့ရပြီ။
မာရီယာ၏ လေသံထဲမှ စိုးရိမ်မှုကို ကြားသောအခါ ချန်လွေ့ ပြုံးလိုက်ပြီး ယောက္ခထီး နတ်သူငယ် ဘုရင်က သူ၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်လေသည်။ “အခုက အဆင်ပြေသွားပြီ ဆိုမှတော့ ကောင်းပါတယ်လေ။”
ထိုအချိန်တွင် မျက်နှာချင်းဆိုင်မှ နောက်ထပ် အသိတစ်ဦး ရောက်လာ၏။ ထိုသူမှာ ဂွယ်ရိုအက်စ်ပင်။
ချန်လွေ့နှင့် ဇိုလာကို မြင်သောအခါ ဂွယ်ရိုအက်စ်က ခေါင်းညိတ်ပြီး စကားစလိုက်သည်။ “အရှင်မင်းကြီး ပါဂရစ်ဇ်က အကြီးအကဲ မာရီယာ၊ အကြီးအကဲ ဇိုလာနဲ့ ဧည့်သည်သုံးဦးကို သိဒ္ဓိဝိညာဉ် တောင်ထွတ်ဆီ ဖိတ်ကြား လိုက်ပါတယ်။”