← Chapters

အင်အားမသုံးခင် အရင်ပျူငှာခြင်း

Vol. 75 Ch. 1179

အင်အားမသုံးခင် အရင်ပျူငှာခြင်း

Vol. 75 Ch. 1179

ခဏအကြာတွင် ချန်လွေ့နှင့် အခြား သုံးယောက်က သိဒ္ဓိဝိညာဉ်တောင်ထွတ် နန်းတော်သို့ ရောက်ရှိလာခဲ့ကြသည်။

ထိုနန်းတော်သို့ ရောက်ရှိလာခြင်းမှာ ချန်လွေ့အတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ထိုနန်းတော်၏ ထည်ဝါမှုနှင့် ခမ်းနားမှုကို ခံစားနေရဆဲ ဖြစ်သည်။

မျက်နှာကြက်မှ ကြမ်းပြင်အထိ တစ်လက်မတိုင်းကို အဖိုးမဖြတ်နိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားလေသည်။ အခြားသော အလှဆင်မှုများ သို့မဟုတ် ရတနာများကို ထည့်မတွက်လျှင်ပင် နန်းတော်တစ်ခုလုံးက ဧရာမရတနာသိုက် တစ်ခုနှင့် ညီမျှပေသည်။ သို့သော်လည်း နဂါးများစွာ၏ နှစ်သက်မှုများကဲ့သို့ပင် ထိုပုံစံက အလွန် ‘တောကြိုက်’ဆန်နေဆဲ ဖြစ်သည်။ ၎င်းမှာ လက်၁၀ချောင်းစလုံးကို လက်စွပ်များ စွပ်ထားသကဲ့သို့ ဖြစ်နေပြီး အခြားသူများက သူတို့ ချမ်းသာကြောင်း မသိမည်ကို စိုးရိမ်နေသလို ထင်ရသည်။ အကယ်၍ အနုပညာနှင့် အသေးစိတ် အလှတရားကို ကျွမ်းကျင်သူ နတ်သူငယ် တစ်ဦးသာ ရှိခဲ့ပါက ထိုသို့ ‘ကြေးနီနံ့’ဖြင့် ပြည့်နေသော နန်းတော် ‘အကြမ်း’နှင့် ပတ်သက်၍ ရေတွက်၍ မရနိုင်သော ချို့ယွင်းချက်များကို သေချာပေါက် ထုတ်ပြောပေလိမ့်မည်။

ကံဆိုးသည်မှာ လာလာရီယာက နတ်သူငယ်တစ်ဦး မဟုတ်ပေ။ သူသည် နန်းတော်သို့ ဝင်ရောက်သည့် အခိုက်မှ စတင်၍ မျက်လုံးများမှာ သလင်းကျောက် ဒင်္ဂါးများဖြင့် ပြည့်နှက်ကာ လင်းလက် သွားခဲ့သည်။ သူ ချန်လွေ့နှင့် လက်ထပ်ရန် ကတိမတည်ခဲ့ရာ လာလာလိုလီ၏ ပစ္စည်း ဥစ္စာများကို ဖခင်ဖြစ်သူ အက်ဂ်လက်စ်မှ ပိတ်ဆို့ထားခဲ့ပြီး အရပ်ရှည်၊ ချမ်းသာ၊ ခန့်ညားသောသူမှ အရပ်ပု၊ ဆင်းရဲ၊ ပြားချပ်သော ရှုံးနိမ့်သူနဂါး အဖြစ်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားခဲ့သည်။ လာလာလိုလီ၏ ကိုယ်ပိုင်စကားများဖြင့် ဆိုရလျှင် သူက ‘အခြားတစ်ယောက်၏ အိမ်အောက်တွင်နေ’ နိုင်ရုံသာ တတ်နိုင် ခဲ့သည်။ အမှန်မှာ သူက အမှောင်လတွင် ပျော်ရွှင်သော ဘဝတစ်ခုကို နေထိုင်ခဲ့ပြီး ထိုနေရာတွင် နေ့စဉ် အခမဲ့ စားသောက် နေရုံသာမက မိန်းမလှများကိုလည်း တစ်ခါတရံ နှောင့်ယှက်တတ်လေသည်။

နောက်ဆုံးတွင် ရတနာမြေပုံ တစ်ခုကို ရရှိပြီးနောက် ရလဒ်က ညီအစ်မများကို သေဆုံးလုနီးပါး ဖြစ်စေခဲ့၏။ နောက်ဆုံး သူ့ကို ကယ်တင်ရန် ရောက်လာခဲ့သူမှာ ထိုလူသားစုတ် ဖြစ်နေသည်။ ထို့ကြောင့် သူက ချန်လွေ့တွင် ကျေးဇူးများစွာ ပို၍ တင်ရှိနေ၏။ ယခု သလင်းကျောက်နက် ဒင်္ဂါးများစွာဖြင့် ပြည့်နှက်နေသော ထိုနန်းတော်ကို မြင်တွေ့လိုက်ရာ သူ၏ မျက်လုံးများပင် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

သို့သော်လည်း လာလာလိုလီတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သေးသည်။ အကယ်၍ အိုလီဖီးရက်စ်သာ ဖြစ်ခဲ့ပါက မစ်-နဂါးနက်သည် ကြမ်းပြင်ပေါ်တွင် ချက်ချင်း ထိုင်ပြီး ပိုက်ဆံပုံထဲတွင် အိပ်စက်ရခြင်း၏ ခံစားချက်ကို ခံစားနေ ပေလိမ့်မည်။

ခန်းမထဲသို့ ဝင်သွားရာ ချန်လွေ့သည် နဂါးတောင်ကြား အုပ်ချုပ်သူ ပါဂရစ်ဇ်ကို တွေ့လိုက်ရ၏။

နဂါးဧကရာဇ်က အလယ်မှ ပလ္လင်ပေါ် ထိုင်နေပြီး အကြီးအကဲများ ဘေးနှစ်ဖက် ရပ်နေကြသည်။ ထိုအကြီးအကဲများကို တွေ့ဆုံရသည်မှာ ချန်လွေ့အတွက် ပထမဆုံး မဟုတ်ပေ။ ယခင်တစ်ခေါက် အကြီးအကဲ ကောင်စီနှင့် နှိုင်းယှဉ်လျှင် လူများစွာ ပျက်ကွက်နေသော်လည်း သူတို့ အားလုံး ရှိနေကြပုံရသည်။ စတန်ဝဲလ်၊ ပီလင်၊ တစ်ချိန်က ချန်လွေ့ထံမှ သင်ယူ လိုခဲ့သော ဆေးရည် မဟာဆရာသခင် နဂါး အဘိုးကြီး ကွီရွန်ဒစ် အပါအဝင် အားလုံး ရှိနေကြလေသည်။

“အရှင်မင်းကြီး ပါဂရစ်ဇ်။ ကျုပ်တို့ နောက်တစ်ခါ တွေ့ပြန်ပြီ။” ချန်လွေ့က ယဉ်ကျေးမှု ပြသရန် ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

အကြီးအကဲများ အံ့အားသင့်သွား၏။ အကြောင်းမှာ ထိုသို့ ဓလေ့ထုံးတမ်းမှာ အဆင့်တူ သို့မဟုတ် အဆင့်အတန်း ရှိသော ရွယ်တူများမှသာ အသုံးပြု၍ပင်။ ထိုလူသား၏ ယခင် တစ်ခေါက်က သဘောထားမှာ ထိုကဲ့သို့ မဟုတ်ခဲ့ပေ။ အနည်းဆုံး သူ ဦးညွှတ်ခဲ့သည်။

ထိုလှုပ်ရှားမှုက မာရီယာကိုလည်း အံ့ဩပြီး ကြောက်လန့်သွားစေခဲ့သည်။ သူက ပါဂရစ်ဇ်၏ စရိုက်ကို ကောင်းစွာ သိသည်။ သူက ပေါ့ပေါ့ပါးပါး ဖြစ်ပုံ ရသော်လည်း မောက်မာပြီး အကွက်ချ စီစဉ်တတ်သည်။ သူ၏ သမက်က အမြဲ ပါးနပ်ခဲ့ပြီး ရုတ်တရက် အဘယ်ကြောင့် ထိုမျှ ရိုင်းသွားကြောင်း မသိသော်လည်း ထိုသို့သော လှုပ်ရှားမှုက နဂါးဧကရာဇ်ကို သေချာပေါက် စိတ်ဆိုးစေလိမ့်မည်။

ပါဂရစ်ဇ်က အလွန်အမင်း အံ့ဩခြင်း မရှိသလို မကျေနပ်ခြင်းလည်း မရှိခဲ့ပေ။ အကြောင်းမှာ သူက စတန်ဝဲလ်ထံမှ သိဒ္ဓိအလင်းတောင် ဘွဲ့ခံယူအခမ်းအနား တိုက်ပွဲအကြောင်း အမှန်တရားကို သိရှိပြီး ဖြစ်၍ပင်။ ငါ့ရှေ့က လူသား၊ မာရီယာရဲ့ သမက်က ကောင်းကင်တမန် သုံးပါးထဲမှ တစ်ပါး၊ ဝါရင့် နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် ရှိနေတဲ့ ရာဖယ်ရယ်ကို ‘တိုက်ခိုက်’နိုင်စွမ်း တကယ် ရှိတယ်။

စတန်ဝဲလ် ပြောတဲ့အတိုင်းဆို သူက တောင်ပံ၈ခုနဲ့ တမန်တော် ကာမေရယ်ကို ‘အာသာ’အနေနဲ့ အလွယ်အတူ အနိုင်ယူ ခဲ့တယ်။ နောက်ပိုင်း ရာဖယ်ရယ်ရှေ့မှာ သူက ဘွဲ့ခံယူစင်မြင့်နားက ရှေးဟောင်း မှော်စာအခင်းအကျင်းကို ဖျက်ပြီးတော့ အကျဉ်းချခံထားရတဲ့ အမျိုးသမီးတစ်ဦးကို အေးအေးဆေးဆေး ခေါ်သွားခဲ့သည်။ ရာဖယ်ရယ်က သူ့ကို မဖမ်းဆီးနိုင်ခဲ့သလို ပေါ့ဆမှုမိလို့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။

အခြေအနေအရဆိုရင် နှစ်ဖက်လုံးရဲ့ စွမ်းအား ကွာဟချက်က အတော်လေး သိသာတယ်။ ‘အာသာ’က ရာဖယ်ရယ်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အများကြီး လိုတယ်လို့ ဝန်ခံခဲ့ပေမဲ့ ‘အာသာ’က သေချာပေါက် နတ်ဘုရား-ယောင်အဆင့်ပဲ။ နတ်ဘုရား တစ်ပိုင်းအဆင့် မဟုတ်ဘူး။

စွမ်းအားအဆင့်အရ သုံးသပ်ကြည့်ရင် အထူးလျှို့ ဝှက်ရတနာ ဒါမှမဟုတ် လျှို့ဝှက် ပညာရပ် ရှိတောင် နတ်ဘုရား-ယောင်အဆင့် ကနဦးပိုင်းက နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် လက်ထဲမှ လွတ်မြောက်ရန် လုံးဝနီးပါး မဖြစ်နိုင်ဘူး။ အကယ်၍ နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်အဆင့် ဖြစ်ခဲ့ရင် ဒီလိုမျိုး ကွာခြားမှုမျိုး မရှိလောက်ဘူး။ ဒါကြောင့် သူ့ရဲ့ စွမ်းအားက အခုလက်ရှိ ငါ့နဲ့ အဆင့်တူတူ ဖြစ်လောက်တယ်။ ဒါက နတ်ဘုရား-ယောင်အဆင့် အလတ်ပိုင်း။ အကယ်၍ ရာဖယ်ရယ်၏ မထီမဲ့မြင် စိတ်ဓာတ်နှင့် လျှို့ဝှက် ရတနာများကို အသုံးချခဲ့လျှင် ပါဂရစ်ဇ်သည်လည်း ရာဖယ်ရယ်ထံမှ လွတ်မြောက်ရန် ယုံကြည်ချက် ရှိပေလိမ့်မည်။

နဂါးတောင်ကြားတွင် ရှိနေစဉ်က ‘ရစ်ချက်’သည် စွမ်းအားကို တမင်တကာ ဝှက်ခဲ့သည်လား၊ သို့မဟုတ် အကြောင်း တစ်ခုခုကြောင့် စွမ်းအား ပြန်လည်၍ မရသေးသည်လား ဆိုသည်ကို သူက အတိအကျ မသိသော်လည်း မည်သို့ပင် ဖြစ်စေကာမူ ယခု ရှေ့တွင် ပေါ်လာသော လူသားမှာ နှိုင်းယှဉ်၍ရနိုင်သော ပြိုင်ဘက် တစ်ဦး ဖြစ်ပေသည်။

“ဆာ-ရစ်ချက်။ မင်းကို အဲဒီလိုပဲ ခေါ်တာပေါ့။ နောက်တစ်ခါ တွေ့ရတာ ဝမ်းသာပါတယ်။” ပါဂရစ်ဇ် ပြုံးလိုက်ပြီး သူလည်း ယဉ်ကျေးမှု ပြန်လည်ပြသသည့် အနေဖြင့် ခေါင်းအနည်းငယ် ငုံ့လိုက်၏။ “လာပါ။ ထိုင်ပါဦး။”

ပါဂရစ်ဇ်၏ သဘောနှင့် အပြုအမူက အကြီးအကဲများကို နောက်တစ်ကြိမ် လှုပ်ရှားသွားစေသည်။ နဂါးဧကရာဇ်က တစ်ဖက်လူ၏ ဓလေ့ထုံးတမ်းကို အမှန်ပင် အသိအမှတ်ပြုခဲ့သည်။

အမြန်ဆုံး တုံ့ပြန်သူမှာ စတန်ဝဲလ်ပင် ဖြစ်သည်။ သူက ချက်ချင်း ချန်လွေ့၏ ရှေ့တွင် ရောက်ရှိလာပြီး နဂါးဧကရာဇ်၏ ပလ္လင်အောက် လှေကားထစ် ၁၀မီတာ အကျော် နေရာတွင် ကုလားထိုင်တစ်ခုကို ချထားလိုက်လေသည်။ ကုလားထိုင်၏ အလှဆင်မှုနှင့် သတ်မှတ်ချက်များအရ ဆိုလျှင် ပလ္လင်ထက် အနည်းငယ်သာ နိမ့်ကျပေသည်။ ၎င်းမှာ ပုံမှန်အားဖြင့် အဆင့်အတန်းတစ်ခုရှိသော ဂုဏ်သရေရှိ ဧည့်သည်များကို ဧည့်ခံရန် အသုံးပြုပုံ ရလေသည်။

ချန်လွေ့က စတန်ဝဲလ်ကို ခေါင်းညိတ် ပြလိုက်သည်။ “အကြီးအကဲ စတန်ဝဲလ်။ အရင်တစ်ခါ မီးလျှံနေမီးတောင်ဆီကို ခေါ်သွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ယခင်တစ်ခါ နဂါးချိုမြို့တွင် ကတ်သရင်းက သော်သော်ကို ခေါ်သွားရင်း အထင်လွဲခဲ့ပြီး စတန်ဝဲလ်နှင့် ပဋိပက္ခတစ်ခု ရှိခဲ့သည်။ နောက်ပိုင်းတွင် စတန်ဝဲလ်က ချန်လွေ့နှင့် အဖော်များကို မီးလျှံနေမီးတောင်သို့ ခေါ်သွားခဲ့ရာ ၎င်းသည် သော်သော်အား အဖိုးတန် အချိန်များစွာ သက်သာစေခဲ့သည်။

ယခင်တစ်ခါ အထင်လွဲမှားခြင်းကို တွေးမိရာ စတန်ဝဲလ်က အနည်းငယ် မျက်နှာနီရဲသွား၏။ သူက ဦးညွှတ်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ပါဂရစ်ဇ်ထံသို့ ပြန်သွားခဲ့သည်။

ချန်လွေ့ ထိုင်ပြီးနောက် ပါဂရစ်ဇ်က အဲလစ်နှင့် လာလာရီယာကို ကြည့်သည်။ “ဒီတခြားလောက ကနေလာတဲ့ မိန်းမလှ နှစ်ယောက်ကို အရင်ဆုံး မိတ်မဆက် ပေးဘူးလား။”

ထိုစကားက အမျိုးသမီး နှစ်ယောက်၏ ဇစ်မြစ်ကို ဖော်ထုတ် ပြသခဲ့သည်။ ချန်လွေ့က သိဒ္ဓိနဂါးတွင် အမှောင် ဒြပ်စင်များအတွက် အထူးအာရုံခံနိုင်စွမ်း ပါရမီ ရှိကြောင်း သိလေသည်။ သာမန် ပစ္စည်းများက ထိုပါရမီကို တားဆီးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ခါရူသည် ယခင်က လာလာရီယာထံမှ ပြင်းထန်လှသော အမှောင်ဒြပ်စင် အငွေ့အသက်များကို အာရုံခံမိခဲ့ရခြင်း ဖြစ်သည်။ ပါဂရစ်ဇ်၏ အမြင်ကို အသာထား။ အစ်ဇဘယ်လာ ထိုစဉ်က လျှို့ဝှက်ရတနာဖြစ်သော မိစ္ဆာ မျက်ရည်ပြာကို ဝတ်ဆင်ထားလျှက်နှင့် သိမြင်ခံခဲ့ရသည်။

အဲလစ်က ကြီးကျယ်သော မြင်ကွင်းကို မမြင်ဖူးသော မိန်းကလေး တစ်ယောက် မဟုတ်ပေ။ ချန်လွေ့ စကားမပြောနိုင်ခင် သူက ရှေ့သို့တက်လာပြီး နတ်ဆိုးဘုံမှ တော်ဝင်မိသားစုများ၏ ဓလေ့ထုံးတမ်းကို ပြုလုပ်လိုက်သည်။ “နတ်ဆိုးဘုံရဲ့ ကြယ်ကြွေတမန်အင်ပါယာက ပထမဆုံး မင်းသမီးနှင့် အမှောင်လနယ်မြေ သခင်မ၊ အဲလစ်လူစီဖာက အရှင်မင်းကြီး ပါဂရစ်ဇ်ကို အရိုအသေ ပြုပါတယ်။”

“ငါက လူသားလောကမှာ ရှိနေပေမယ့် လေ့ကျင့်မှုကနေ ပြန်လာခဲ့တဲ့ နဂါးတွေ ဆီကနေ အမှောင်လနယ်မြေရဲ့ နာမည်ကို ကြားဖူးတယ်။ တော်ဝင်မင်းသမီးလေးက ဒီလောက်အသက်ငယ်ငယ်နဲ့ နတ်ဆိုးဘုံရဲ့ အကြီးဆုံး နယ်မြေရဲ့ သခင်မဖြစ်မယ်လို့ လုံးဝ မတွေးခဲ့ဖူးဘူး။ အံ့ဩစရာပါပဲ။” ပါဂရစ်ဇ်၏ မျက်လုံးက လာလာရီယာ အပေါ်သို့ ကျရောက်သွားသည်။ “ဒါဆိုရင် ဒီ... မစ်-နဂါးနက်ကရော။”

နဂါးနက်! အကယ်၍ အဲလစ်က ယခင် ‘နတ်ဆိုးဘုံ’မှ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခြင်းကြောင့် အကြီးအကဲများက တိတ်တဆိတ် တိုးတိုးလေးပြောနေကြပြီး ပါဂရစ်ဇ်မှ ထောက်ပြသော ‘နဂါးနက်’ ဟူသည့် စကားက လေသံများကို ပို၍ပင် ကျယ်လောင်သွားစေသည်။

နဂါးနက်က သိဒ္ဓိနဂါး မိသားစုရဲ့ ရန်သူပဲ။ လူသားလောကမှာ နဂါးနက်တွေ လုံးဝနီးပါး မရှိသလောက်ပဲ။ ဒီနေ့ အဲဒီ ‘ရစ်ချက်’က နဂါးနက် တစ်ကောင်ကို သိဒ္ဓိ ဝိညာဉ်တောင်ထွတ်ရဲ့ နန်းတော်ဆီကို ပြောင်ပြောင်းတင်းတင်း ခေါ်လာခဲ့တယ်။

“ဒီလို နေရာမျိုးမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရမှာ ဆိုတော့ နည်းနည်း ပိုပြီးတော့ လေးနက်ရမယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က အဘိုးကြီးရဲ့ သမီးပဲလေ...” လာလာရီယာ၏ အသံနေ အသံထား ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ပုံမှန် ပေါ့ပျက်ပျက်ဖြစ်မှုနှင့် လုံးဝကွဲပြားသော ခြိမ်းခြောက်မှု ရှိသည့် စိတ်နေသဘောထားကို အမှန်တကယ် ပြသခဲ့သည်။ သူက နဂါးဧကရာဇ်၏ စေ့စေ့စပ်စပ်ကြည့်ရှုမှုကို အားနည်းဟန် မပြဘဲ ရင်ဆိုင်လိုက်သည်။ “နတ်ဆိုးဘုံ နဂါးကျွန်းရဲ့ အမွေဆက်ခံသူ၊ လက်ရှိ နဂါးဧကရာဇ် အက်ဂ်လက်စ်ရဲ့ သမီး၊ လာလာရီယာ ဆိုင်ရာဆာလိုမဲခရီ။”

ဒီနဂါးနက်က တကယ်ပဲ နတ်ဆိုးဘုံရဲ့ နဂါးဧကရာဇ် အလောင်းအလျာ ဖြစ်နေတယ်။ အကြီးအကဲများက ရုတ်တရက် မငြိမ်မသက် ဖြစ်သွား၏။

နတ်ဆိုးဘုံ၏ ဧရာမနဂါးကို ကြယ်ကြွေ နဂါးဟု လူသားလောကမှ ခေါ်ကြသည်။ နဂါးကျွန်းနှင့် နဂါးတောင်ကြားတို့သည် သဟဇာတ မဖြစ်နိုင်သည်မှာ ပုံမှန်ပင်။ နတ်ဆိုးဘုံရဲ့ နဂါးဧကရာဇ်လောင်းက တကယ်ကြီး လူသားလောကမှာရှိတဲ့ နဂါးတောင်ကြားကို ရောက်လာတယ်။ ဒါက စစ်ဖြစ်တော့မယ်လို့ ဆိုလိုတာလား။

“ဟေး ဟေး... ဟိုက အဘိုးကြီးတွေ။ တိုးတိုးလေး ပြောမနေကြနဲ့။ ကျုပ်က စစ်ပွဲစတင်ဖို့၊ တစ်ခုခုလုပ်ဖို့ ဝင်လာခဲ့တာ မဟုတ်ဘူး။” လာလာရီယာ စကားဆုံးပြီး နောက်တွင် ဂရုမထားသော အသွင်သို့ ပြန်ရောက်သွားပြီး ချန်လွေ့ကို ယုံကြည်မှု ရှိရှိနှင့် လက်ညှိုးထိုးပြလိုက်လေသည်။ “ကျုပ်က ဒီနေ့ ဒီကောင်နဲ့အတူ ဒီကို ရောက်လာတာ။ ပြဿနာ ရှာချင်ရင် သူ့ကို အရင်ရိုက်။”

“မဒမ် လာလာရီယာ။ ခင်ဗျားက ပိုပြီးတော့ ကောက်ကျစ်လာတဲ့ပုံပဲ။” ချန်လွေ့ လာလာလိုလီအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒါပေါ့။ ငါက ဘယ်သူ မို့လို့လဲ။ အိုဟိုဟိုဟို...”

ပါဂရစ်ဇ် လက်ကို ဝှေ့ယမ်းလိုက်ရာ အကြီးအကဲများ၏ မငြိမ်မသက်မှုများမှာ ရုတ်တရက် တိတ်ဆိတ် သွားခဲ့သည်။ နဂါးဧကရာဇ်က လာလာရီယာကို စိတ်ဝင်စားမှုဖြင့် ကြည့်နေလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ အရှင်မလာလာရီယာ ပြောတာ မှန်ပါတယ်။ အခုက စစ်ပွဲစဖို့ အချိန်မဟုတ်ဘူး။ အရှင်မက စွမ်းအား၊ သတ္တိနဲ့ စိတ်နေစိတ်ထားက ချီးကျူး စရာပါ။ အရှင်မ နှစ်ယောက်အတွက် ထိုင်ခုံတွေ ပေးလိုက်ပါ။”

ရလဒ်အနေဖြင့် ချန်လွေ့၏ ဘေးတွင် နိမ့်ကျသော သတ်မှတ်ချက်နှင့် ထိုင်ခုံ နှစ်လုံး ထပ်တိုးလာခဲ့သည်။

“ဆာ-ရစ်ချက်။ မင်း ဒီကိုလာတာက ငါ့ကို ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ပေးခဲ့တယ်။ မင်းဘက်မှာ ထိုင်နေတဲ့ လူတွေက ငါ့ဘက်ထက် ပိုများတယ်။” ပါဂရစ်ဇ်က ချန်လွေ့အား ပြုံးလျက် ပြောလိုက်သည်။ “မင်းက ငါတို့ နဂါးတောင်ကြားရဲ့ ထိပ်တန်း ပါရမီရှင် အကြီးအကဲ ဇိုလာကို ဒီလောက် အကြာကြီး ပြန်ပေးဆွဲသွားခဲ့တယ်။ အခု တစ်ခေါက်က အကြီးအကဲ မာရီယာ... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တဲ့ မိတ်ဆွေဟောင်း ကျုပ်ဆီကို လာလည်ရုံ သက်သက်လို့တော့ မပြောနဲ့။”

“အရှင်မင်းကြီး။ အမှန် ပြောရရင် ဒီတစ်ခေါက် ကျုပ်က နဂါးတောင်ကြားကို အကူအညီတောင်းဖို့ အထူး လာခဲ့တာပါ။”

“ပြောပါ။”

“ကျုပ်မှာ ကျန်းမာရေး ပြဿနာတချို့ ရှိတဲ့ ဇနီးတစ်ယောက် ရှိနေတယ်။ သူက ရွှေနဂါး တံတွေးပန်းကို အရေးတကြီး လိုအပ်နေတယ်။ အရှင်မင်းကြီးရဲ့ ဘုရင်မ၊ အရှင်မ ဆိုဖီယာမှာ တစ်ခု ရှိတယ်လို့ ကြားလို့ပါ။ ဒါကြောင့် ကျုပ် အဲဒါကို အရှင်မင်းကြီးရဲ့ အကူအညီကို ရှာဖွေဖို့ ရောက်လာခဲ့တာပါ။”

“ရွှေနဂါးတံတွေးပန်း...” ပါဂရစ်ဇ်က အနည်းငယ် အံ့ဩသွားပုံရသည်။ သူက ခဏ စဉ်းစားနေလိုက်သည်။ “ဒါက... မကူညီနိုင်လောက်ဘူး။”

ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ “အရှင်မင်းကြီး။ ဒီရွှေနဂါးတံတွေးပန်းက ကျုပ်အတွက် အရမ်း အရေးကြီးတယ်။ ဘာပဲဖြစ်ဖြစ် ပေးဖို့ ဆန္ဒရှိပါတယ်။”

“ဒါက တန်ဖိုးကြောင့် မဟုတ်ဘူး။” ပါဂရစ်ဇ်က ခေါင်းခါလိုက်သည်။ “ဒါက ဆိုဖီယာကြောင့်ပါ.. ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူး။”

၎င်းမှာ အသေအချာ ငြင်းပယ်သည့် သဘောထားပင်။ ချန်လွေ့က စကား မပြောနိုင်ခင်မှာပင် အခြားတစ်ဖက်မှ လာလာရီယာက မကျေမနပ်ဖြစ်နေပြီး အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်။ “မင်း သူနဲ့ ဘာလို့ ဒီလောက်တောင် ဈေးဆစ်နေရတာလဲ။ ခင်ဗျား မပေးဘူး ဆိုရင် နဂါးတောင်ကြားကို ဖျက်ဆီးမယ် ပြောလိုက်ရင် လုံလောက်ပြီကို။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမထဲမှ လေထုက ရုတ်တရက် မွန်းကြပ် သွားခဲ့သည်။ နဂါးဧကရာဇ်၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာ မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ချန်လွေ့၏ မျက်နှာကို အနီးကပ် စိုက်ကြည့်နေလေသည်။ “ဒါက မင်းရဲ့ သဘောထားလား။”

လာလာရီယာ ပြောလိုက်ပေမဲ့ သူ့ရဲ့ စွမ်းအားက နတ်ဘုရား တစ်ပိုင်း အဆင့်မှာပဲ ရှိနေသေးတယ်။ သူက ဒီလို သေလမ်း ရှာရဲမှာ မဟုတ်ဘူး။ သူ့ကို ‘ရစ်ချက်’က ပြောခိုင်းတာ ဖြစ်ရမယ်။

ချန်လွေ့ ခဏတာ တိတ်ဆိတ်သွား၏။ “အရှင်မင်းကြီ။ အမှန်အတိုင်း ပြောရရင် ကျုပ်တို့က တကယ့် မိတ်ဆွေတွေ မဟုတ်ရင်တောင်မှ ကဏ္ဍပေါင်းများစွာမှာ မိတ်ဖက်တွေပဲ။ မှော်ဂိမ်း၊ မှော်ဖုန်းတွေ၊ ဒါမှမဟုတ် ရနံ့မွှေး ပြောင်းဆန်ဝိုင်ပဲ ဖြစ်ဖြစ်...။ ပြီးတော့ ဒေါ်လေး မာရီယာနဲ့ ဦးလေး စပန်တို့က ဇိုလာရဲ့ မိဘတွေ ဖြစ်ပြီးတော့ ကျုပ်ရဲ့ ဆွေမျိုးတွေလည်း ဟုတ်တယ်။ ရွှေနဂါး တံတွေးပန်းကို တန်းတူညီမျှ ဒါမှမဟုတ် ပိုပြီးတော့ တန်ဖိုးကြီးတဲ့ ပစ္စည်း၊ အဆောင် ပစ္စည်း၊ ဆေးရည်မည်း ဒါမှမဟုတ် ပိုများတဲ့ ကုန်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒ ရှိပါတယ်... ဒါပေမဲ့ တကယ်လို့ ဒါတွေက အရှင်မင်းကြီးရဲ့ ဆန္ဒကို မဖြည့်ဆည်း နိုင်ဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။ ကျုပ် အဲဒါကို အင်အားသုံးပြီးတော့ ယူရပါလိမ့်မယ်။”

မည်သို့ဖြစ်စေ ရွှေနဂါးတံတွေးပန်းက နဂါးတောင်ကြား၏ ရတနာ ဖြစ်သည်။ ထို့အပြင် ဇိုလာ၏ မိဘများနှင့် အတိတ်က နဂါးတောင်ကြားနှင့် ဆက်ဆံရေးကို ထည့်သွင်း စဉ်းစားလျှင် ချန်လွေ့က သူတို့ကို အင်အားဖြင့် ခြိမ်းခြောက်လိုစိတ် မရှိခဲ့ပေ။ သို့သော် သူက အရင်ဦးစွာ ပျူငှာပြီးမှ အင်အားသုံးခဲ့လေသည်။

နောက်ဆုံးစကားကို ပြောပြီးနောက် ပါဂရစ်ဇ်၏ မျက်နှာအမူအရာ နောက်ဆုံး ပြောင်းလဲသွားခဲ့လေသည်။ မာရီယာနှင့် ဂွယ်ရိုအက်စ်တို့လည်း ထိတ်လန့်သွားပြီး အကြီးအကဲများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဒီ‘ရစ်ချက်’ သေလမ်း ရှာနေတာလား။ နဂါးတောင်ကြားမှာ နဂါးဧကရာဇ်ကို တကယ်ပဲ ရန်စခဲ့တယ်။

ပါဂရစ်ဇ်က ပလ္လင်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီးနောက် နတ်ဘုရား-ယောင် စွမ်းအားက ပျံ့နှံ့ထွက်သွားခဲ့လေသည်။ “ပြောသွားတာ ကောင်းတယ်။ မင်းက ရာဖယ်ရယ် လက်ထဲကနေ လွတ်မြောက် ခဲ့တယ်လို့ ကြားထားတယ်။ ငါ ဒီနေ့ အဲဒါကို ကြည့်ချင်တယ်။”

ရာဖယ်ရယ်ရဲ့ လက်ထဲကနေ လွတ်မြောက်ခဲ့တယ်လား။ စတန်ဝဲလ်မှ လွဲ၍ မာရီယာအပါအဝင် အကြီးအကဲများ တုန်လှုပ်သွားကြသည်။ နဂါးဧကရာဇ်က ‘ရစ်ချက်’ကို ခုနက အဲဒီလို ယဉ်ကျေးမှုနဲ့ ဆက်ဆံခဲ့တာ ဒါကြောင့်ကိုး။

ပါဂရစ်ဇ်၏ မျက်လုံးက ချန်လွေ့၏ ဘယ်ဘက်လက်ပေါ် ရောက်သွားသည်။ “မင်းလက်မှာ ပြဿနာ ရှိနေတဲ့ပုံပဲ။ ငါ မင်းကို အခွင့်အရေး မယူဘူး။ ဒါကြောင့် ငါ လက်တစ်ဖက်ပဲ သုံးမယ်။ မဟုတ်လည်း ပြန်ကောင်းလာတဲ့အထိ စောင့်မယ်...”

“ကိုယ့်ကိုယ်ကို မှန်တယ် ထင်မနေနဲ့။ ဒီကောင်က ခင်ဗျားကို လက်တစ်ဖက်နဲ့ အလွယ်လေး သတ်ပစ်လို့ ရတယ်။” လာလာရီယာက တည်ငြိမ်စွာဖြင့် ဆက်၍ ပြောလိုက်သည်။ ထိုစကားကြောင့် ခန်းမ တစ်ခုလုံး လောင်ကျွမ်းလုမတတ် ဖြစ်သွား ခဲ့လေသည်။

All Chapters