မျက်လုံး
Vol. 75 Ch. 1172
ခြောက်ထောင့်ကြယ် အခင်းအကျင်းထဲ အားနည်းနေပြီ ဖြစ်သော ကြယ်စင်စုက ရုတ်တရက် တောက်ပစွာ တောက်ပ လာခဲ့သည်။
အမှိန်ဆုံး သက်တန့် နက္ခတ်တာရာ အပါအဝင် နက္ခတ်တာရာ ၁၉ခုတို့သည် သူ၏ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ပေါင်းစပ်သွားတော့မလိုပင် တဖြည်းဖြည်း ထပ်လာခဲ့သည်။ အမှန်မှာ ထိုကဲ့သို့သော ကြိုးပမ်းမှုက ချန်လွေ့အတွက် ပထမဆုံး မဟုတ်သော်လည်း ပုံမှန်လေ့ကျင့်မှုတွင် သူက ခြွင်းချက်မရှိ ကြိုးပမ်းမှုအားလုံး ကျရှုံးခဲ့လေသည်။
အကြောင်းမှာ ဖြစ်စဉ်က အလွန်ပင် ခက်ခဲပြီး နာကျင်ကာ အလွန်အမင်း အန္တရာယ်များပြီး သူ၏ ဝိညာဉ်လည်း အချိန်မရွေး ပြိုလဲသွားနိုင်၍ပင်။ သူက ၎င်းကို ပေါ့ပေါ့တန်တန် မကြိုးစားရဲခဲ့ပေ။ သို့သော် ယခုမူ သူက အစွမ်းကုန် ထုတ်သုံးခဲ့၏။
ခြောက်ထောင့်ကြယ် အခင်းအကျင်းက စတင်၍ တုန်ခါလာခဲ့လေသည်။ [စကြဝဠာပျက်သုဉ်း]၏ အားကောင်းသော အငွေ့အသက်သည်ပင် အနည်းငယ် ထိန်းချုပ်မရ ဖြစ်လာသည်။
အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ အဓိက ဒြပ်စင် သံတမန် ၆ပါးက [စကြဝဠာပျက်သုဉ်း]ကို အသုံးပြုလိုက် ကြလေသည်။
ရောယှက်နေသော ရောင်စုံအလင်းများ ချန်လွေ့ထံ ပေါက်ကွဲထွက်သွားကြသည်။ ခြောက်ထောင့်ကြယ် အခင်းအကျင်းက ဧရာမပါးစပ်နှင့် တူပြီး ချွန်ထက်လှသော သွားများကို အဖွင့်အပိတ် လုပ်ကာ အလယ်မှ ချန်လွေ့ကို အပိုင်းပိုင်းအဖြစ် ကိုက်ဖြတ်ရန် ကြိုးစားနေလေသည်။ ထိုတိုက်ကွက်က ယခင် တစ်ခုထက် အသေအချာပင် ပိုမို အစွမ်းထက်သည်။ အဓိက ဒြပ်စင် သံတမန် ၆ပါးက အစွမ်းကုန် ထုတ်သုံးခဲ့လောက်ပေသည်။
ချန်လွေ့ပတ်လည်မှ နက္ခတ်တာရာများ တစ်ဝက်နီးပါး ထပ်သွားပြီ ဖြစ်သည်။ ခန္ဓာကိုယ်တလျှောက် အရှိန်အဟုန်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ခုန်တက်သွား၏။ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသော [စကြဝဠာပျက်သုဉ်း]ကို ရင်ဆိုင်ရာတွင် သူက မရှောင်တိမ်းခဲ့ပေ။
မူလက ဧရာမဒြပ်စင် ဇစ်မြစ်စွမ်းအား ပါဝင်ပြီး ထိတွေ့သည်နှင့် ပေါက်ကွဲ ထွက်မည့် ရောယှက်နေသော အရောင်စုံ အလင်းက အမှန်တကယ်တွင် သူ၏ ပတ်ပတ်လည် ၆မီတာ အတိုင်းအတာ အတွင်း၌ ခဲသွားခဲ့လေသည်။ အဓိက ဒြပ်စင်သံတမန် ၆ပါးက မယုံနိုင်သော အမူအရာများ တပြိုင်တည်း ပြသခဲ့၏။ သူတို့က ဆက်လက်၍ စွမ်းအားများကို စီးဆင်းစေခဲ့သော်လည်း နောက်ဆုံးတွင် စွမ်းအားက အနီးကပ် မရောက်နိုင်ခဲ့ပေ။
ခဏအကြာ အဓိက ဒြပ်စင် သံတမန်များ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် [စကြဝဠာပျက်သုဉ်း]၏ စွမ်းအားများက နည်းနည်းစီ တွန်းလှန်ခြင်း ခံလိုက်ရ၏။
ချန်လွေ့၏ မျက်လုံးတွင် ရွှေရောင် မရှိတော့ဘဲ စူးရှ၍ တောက်ပနေသော ကြယ်အလင်းရောင်များသာ ရှိနေသည်။ သူက စူးရှတောက်ပသော နေတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ထိုသို့ ဖိသိပ်မှုနှင့် ပေါင်းစပ်မှု အတိုင်းအတာက ပုံမှန် လေ့ကျင့်မှုအတွင်း သည်းခံနိုင်သည့် ကန့်သတ်ချက်ကို ကျော်လွန်သွားလေပြီ။ ဆက်လက်တည်ရှိနေပါက ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးခြင်း ဖြစ်စေနိုင်သော်လည်း ချန်လွေ့ မရပ်တန့်သေးပေ။ ဟိန်းသံ အကြားတွင် [စကြဝဠာပျက်သုဉ်း]သည် လုံးဝ ကြေမွသွားပြီး ခြောက်ထောင့်ကြယ် အခင်းအကျင်း တစ်ခုလုံးလည်း ပြိုလဲ သွားခဲ့သည်။ အဓိကဒြပ်စင်သံတမန်များ တစ်ယောက်ပြီး တစ်ယောက် လွင့်စင်သွား ခဲ့ကြသည်။
ချန်လွေ့က အဓိက ဒြပ်စင် သံတမန် ၆ပါးကို မကြည့်ခဲ့ပေ။ သူ၏ အမြင်တွင် ကောင်းကင်မှ အလင်းပိုးအိမ်တစ်ခုတည်း ရှိနေ၏။ အလင်းပိုးအိမ်ထဲတွင် လိပ်ပြာ တောင်ပံများ တဖြည်းဖြည်း ထင်ရှား လာသော အမျိုးသမီး။
ကံဆိုးသည်မှာ အဓိကဒြပ်စင်သံတမန် ၆ပါးတို့က အသက်သွင်းလိုက်သော ခြောက်ထောင့်ကြယ် အခင်းအကျင်း ကြေမွသွားသော်လည်း ကောင်းကင်မှ အလင်းပိုးအိမ် မလှုပ်မယှက် ရှိနေဆဲ ဖြစ်နေခြင်းပင်။
မလုံလောက်သေးဘူး……
အလင်းပိုးအိမ်ရဲ့ ကြောက်မက်ဖွယ် စိတ်ဆန္ဒကို တန်ပြန်ဖို့ မလုံလောက်ဘူး။
ဇိုလာကို ကယ်တင်ဖို့ မလုံလောက်ဘူး။
သူ့ရဲ့ အသိစိတ် ဝေဝါးလာနေပြီ။
အချိန်ရောက်တော့မယ်။
ဇိုလာရဲ့ နောက်ကျောက လိပ်ပြာ တောင်ပံတွေ လုံးဝ ပုံပေါ်လာတော့မယ်။
ဒါပေမဲ့ ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က အကန့်အသတ် ရောက်ရှိနေပြီ။
နောက်တစ်ခါ အတင်းအကျပ် ဝင်ရောက်လို့ မရတော့ဘူး။
ဇိုလာ…
ထိုအခိုက်အတန့်တွင် ချန်လွေ့သည် ပြိုလဲလုနီးပါး ဖြစ်နေသည့် မခိုင်မာသော ဝိညာဉ်က တစ်စုံတစ်ခုဖြင့် ပတ်ရစ်ခြင်း ခံလိုက်ရကြောင်းကို ရုတ်တရက် ခံစားလိုက်ရပြီး ပြိုလဲမှုလမ်းကြောင်းက မမျှော်လင့်ဘဲ ရပ်တန့်သွားခဲ့သည် ။
ရုတ်တရက် နိုးလာသော ချန်လွေ့က မသိစိတ်ဖြင့် နောက်လှည့်ကြည့်လိုက်၏။ သူ၏ အနောက်ဘက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအခိုက် သူ အော်ပြောလိုက်မိသည်။
ဝတ်ရုံတစ်ထည်။
အဲဒါပဲ!
အဆောင်ပစ္စည်း ၇ခုထဲမှ တစ်ခု ဖြစ်တဲ့ အရိပ်နက်ဝတ်ရုံ!
ချန်လွေ့ မျက်လုံးများကို မယုံနိုင်ခဲ့ပေ။ အရိပ်နက်ဝတ်ရုံက သူ အောင်မြင်စွာ တစ်သားတည်း မဖြစ်နိုင်ခဲ့သော အဆောင် ပစ္စည်း၇ခုထဲမှ နောက်ဆုံးတစ်ခု ဖြစ်၏။
ဒြပ်စင်လောကသို့ ရောက်ကတည်းက နတ်ဘုရားဝါးမျို မျက်နှာဖုံး ဖြစ်စေ၊ အရိပ် လေပြေဖိနပ်ဖြစ်စေ၊ ကြယ်ကြွေတမန်ဓား ဖြစ်စေ အောင်မြင်စွာ တစ်သားတည်း ဖြစ်ခဲ့သော အဆောင်ပစ္စည်း ၇ခုထဲမှ တစ်ခုကိုမျှ အသုံးမပြုနိုင်ခဲ့ပေ။
သို့သော် ထိုအခိုက်တွင် အရိပ်နက် ဝတ်ရုံက သူ၏ အနောက်တွင် ပေါ်လာပြီး သူ၏ ပြိုလဲတော့မည့် ဝိညာဉ်ကို ကာကွယ်ပေးနေသည်။
ဒါက ဘာကို ဆိုလိုတာလဲ။
ချန်လွေ့၏ အံ့ဩမှုက အခြားကိစ္စ တစ်ခုသို့ အလျင်အမြန် ပြောင်းသွား၏။ သူ၏စွမ်းအား ပျောက်ကွယ်သွားနေသည်။
မူလက သူ၏ အသိစိတ်မှာ ပို၍ပို၍ ဝေဝါးလာခဲ့သော်လည်း [ကြယ်စုံ နတ်ဘုရားမြင်ကွင်း]၏ ပေါင်းစပ်ခြင်း စွမ်းအားက ပို၍ အားကောင်းလာခဲ့သည်။ သို့သော် ယခုတွင်မူ ထိုပေါင်းစပ်ခြင်း၏ ကြီးမားသော စွမ်းအားက တစ်ခုခုကြောင့် မထိန်းချုပ်နိုင်ဘဲ စုပ်ယူခြင်း ခံနေရပြီး လျင်မြန်စွာ မှေးမှိန်လာခဲ့သည်။
ထိုအရာက ချန်လွေ့၏ ပြိုလဲမှု အန္တရာယ်ကို ပျောက်ကွယ်စေသော်လည်း ဇိုလာကို ကယ်တင်ရန် သူ၏ နောက်ဆုံး မျှော်လင့်ချက်ကိုလည်း ဖျက်ဆီးလိုက်၏။
ချန်လွေ့က ၎င်းကို ထိန်းချုပ်ရန် သူ၏ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာပင် မလုပ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် သူက အပေါ်မှ ကြည်လင်သော အလင်းတန်း တစ်ခု လင်းလာသည်ကို ရုတ်တရက် ခံစားလိုက် ရလေသည်။ အလင်းထဲတွင် နူးညံ့ပြီး သဘာဝကျသော စွမ်းအား အစအနတစ်ခု ထုတ်ဖော်နေသည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်၏ ဒဏ်ရာများလည်း လျင်မြန်စွာ ပြန်ကောင်းမွန်လာခဲ့ပြီး သူ၏သက်လုံနှင့် စိတ်စွမ်းအားသည်လည်း ပြန်လည်၍ ဖြည့်တင်းခြင်း ခံလိုက်ရသည်။
ဆူးသရဖူ မဟုတ်ဘဲ အခြားသော စွမ်းအားတစ်ခု ဖြစ်သည်။
ထိုရောင်ခြည်က သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် တက်လာခဲ့ခြင်း ဖြစ်သည်။
[ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ စွမ်းအားကလည်း ထိုရောင်ခြည်ကြောင့် ဝါးမျိုခြင်း ခံလိုက်ရသည်။
ချန်လွေ့ မော့ကြည့်လိုက်ရာ သူက အလင်းထဲတွင် သစ်ပင်ကြီးတစ်ပင်၏ နိမိတ်ပုံရိပ်ကို တွေ့လိုက်ရလေသည်။
ဒီသစ်ပင်က... ချန်လွေ့၏ မျက်လုံးများ ပြူးသွားခဲ့သည်။
[ကြယ်စုံနတ်ဘုရားမြင်ကွင်း] စုပ်ယူခြင်း ခံရသည်နှင့် သစ်ပင်ကြီးက ပို၍ ထင်ရှားလာခဲ့သည်။ ချန်လွေ့က မိမိ၏ အင်အား အကုန်လုံး ကုန်ဆုံး သွားသလို ခံစားလိုက်ရသည်။ သူက လှုပ်ရှားနိုင်စွမ်း လုံးဝဆုံးရှုံးသွား၏။
အလင်းတန်း ၆ခုသည် ထူထပ်သော သစ်ပင်ထိပ်မှ ပျံထွက်လာခဲ့ပြီးနောက် ခြောက်ထောင့်ကြယ် အခင်းအကျင်း ပြိုလဲမှုမှ ပြန်လည်ကောင်းမွန်လာသော အဓိကဒြပ်စင်သံတမန် ၆ပါး အပေါ်သို့ ကျရောက်သွားခဲ့သည်။ အဓိက ဒြပ်စင် သံတမန် ၆ပါးက ခဏတာ မလှုပ်ရှား နိုင်တော့ပေ။
ထို့နောက် ချက်ချင်းပင် ကြီးမားသော အလင်းတန်း တစ်ခုက သစ်ပင်ထိပ်မှ ပျံ့နှံ့ ထွက်သွားခဲ့ပြီး ကောင်းကင်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
အလင်းတန်းက ကောင်းကင်သို့ ထိုးဖောက်သွားသည့် အခိုက်အတန့်တွင် ယခင်က [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ၏ ပေါင်းစပ်အင်အားကြောင့် မလှုပ်မယှက် ဖြစ်နေခဲ့သော အလင်းပိုးအိမ် ရုတ်တရက် တုန်ခါသွားလေသည်။
ထိုတုန်ခါမှု ပို၍ ပြင်းထန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အလင်းတန်း၏ ပုံစံကလည်း အချို့သော ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့နေ၏။
အလင်းတန်း၏ ပြောင်းလဲမှုသည် မျက်နှာချင်းဆိုင် တိမ်တိုက်ထဲမှ အလင်း ပိုးအိမ်ကို တိုက်ရိုက် သက်ရောက်ခဲ့သည်။ အလင်းပိုးအိမ်ပတ်လည်မှ ဒြပ်စင်ဇစ်မြစ် အပိုင်းအစ ၆ခုဖြင့် ဖွဲ့စည်းထားသော ရောင်စုံအလင်း ပိုမို၍ စူးရှလာခဲ့သည်။ ၎င်းတို့က စတင်၍ ထပ်လာခဲ့သည်။ ဇစ်မြစ်အပိုင်းအစ ၆ခုက တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားပြီး အရောင်စုံမှ အရောင်မဲ့သို့ ပြောင်းလဲ သွားခဲ့သည်။ အလင်းလည်း ပိုမို ကြည်လင်လာခဲ့သည်။
အဝေးမှ အဓိကဒြပ်စင်သံတမန်များ မှင်တက် သွားကြသည်။ မူလဖြစ်စဉ်မှာ ဇိုလာသည် ဒြပ်စင်နတ်ဘုရားမဝတ်ရုံနှင့် လုံးဝ ပေါင်းစပ်ပြီး မသေနိုင်သော စိတ်ဆန္ဒ၏ ရေနှစ်ခြင်း လက်ခံပြီးနောက် ဒြပ်စင် နတ်ဘုရားမ၏ သယ်ဆောင်သူ ဖြစ်လာမည် ဖြစ်သည်။ ထို့နောက်တွင် ‘ယုံကြည်မှု’ကို ကိုယ်စားပြုသော ဒြပ်စင် နတ်ဘုရားမသရဖူ၊ ‘ဝိညာဉ်’ကို ကိုယ်စားပြုသော ဒြပ်စင် နတ်ဘုရားမ တောင်ဝှေးနှင့် ‘သက်ရှိ’ကို ကိုယ်စားပြုသော ဒြပ်စင် နတ်ဘုရားမ ဝတ်ရုံတို့ ပေါင်းစပ်သွားပြီး နတ်ဘုရား ဘဝကို ပြန်လည် ကောင်းမွန်စေမည် ဖြစ်သည်။
ထိုနတ်ဘုရားဘဝက အမှန်တကယ် မပြည့်စုံရာ တည်ဆောက်ပုံ ပြုပြင်ရန်နှင့် ပြန်လည်ပုံဖော်ရန် ဇစ်မြစ်အပိုင်းအစ ၆ခု (နတ်ဘုရားအဖြစ်အပိုင်းအစပုံရိပ်)ကို လိုအပ်၏။
နတ်ဘုရားဘဝကို အောင်မြင်စွာ ပြန်လည် ပုံဖော်ပြီးသည်နှင့် ဒြပ်စင် နတ်ဘုရားမ ရာဖာတီ ပြန်လည်၍ ရှင်သန်လာပြီး သယ်ဆောင်သူ ဇိုလာတွင် အမှန်တကယ် ပြန်မွေးဖွားလာပေမည်။
ပြန်လည် ပုံဖော်ထားသော နတ်ဘုရား ဘဝ၏ စွမ်းအားက သေချာပေါက် များစွာ ကျဆင်းသွားမည်ဖြစ်ပြီး ဇိုလာ၏ ခန္ဓာက နတ်ဘုရားခန္ဓာကိုယ် မဟုတ်ပေ။ သို့သော် နတ်ဘုရားဘဝက နောက်ဆုံး နတ်ဘုရား ဘဝသာ ဖြစ်ပြီး သူ့တွင် အချိန်နှင့် ယုံကြည်မှု အလုံအလောက် ရှိသရွေ့ မူလအဆင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် သေချာပေါက် ကြီးထွားနိုင်ပေမည်။
သို့သော် လက်ရှိ အခြေအနေမှာ ဇိုလာက ဒြပ်စင်နတ်ဘုရားမဝတ်ရုံကို အပြည့်အဝ မပေါင်းစပ်သေးသောကြောင့် ဒြပ်စင်နတ်ဘုရားမ စစ်လက်နက် သုံးခုက ယူနစ်တစ်ခုတည်း အဖြစ်သို့ မပေါင်းစပ် သေးဘဲ ဒြပ်စင်နတ်ဘုရားမ၏ နတ်ဘုရား ဘဝ အပိုင်းအစ ပုံရိပ်များမှာ ပြန်လည် ပုံဖော်လာနေသည်။
ထိုပုံစံ၏ ပြန်လည် ပုံဖော်ခြင်းကို နတ်ဘုရားဘဝ၏ စိတ်ပုံရိပ် အဖြစ်သာ မှတ်ယူနိုင်သည်။ ထို့ပြင် ဒြပ်စင် နတ်ဘုရားမ၏ စိတ်ဆန္ဒက ထိုနတ်ဘုရား ဘဝ စိတ်ပုံရိပ်ကို အခြေခံကာ ပြန်လည် ရှင်သန်လာပေလိမ့်မည်။ ထိုသို့ ပြန်လည် ရှင်သန်ခြင်းက ပူဖောင်းတစ်ခု ကဲ့သို့ပင် တိုတောင်းလှသည်။ စိတ်ပုံရိပ်ပေါ် အမှီပြု နေသော စိတ်ဆန္ဒက ကြာရှည်မခံနိုင်ဘဲ မကြာမီ ပျောက်ကွယ်သွားပေလိမ့်မည်။
အဓိက ဒြပ်စင်သံတမန် ၆ပါးတို့က တုန်လှုပ်သွားပြီး ၎င်းကိုရပ်တန့်ရန် ရှေ့သို့ တိုးလာချင်ခဲ့ကြသော်လည်း သူတို့က သစ်ပင်ကြီး ခုနက ထုတ်လွှတ်လိုက်သော တောက်ပမှုဖြင့် ချုပ်နှောင်ခြင်း ခံထားရရာ ခဏတာ မလှုပ်ရှားနိုင်ခဲ့ပေ။
ဇိုလာ၏ အနောက်မှ ရောင်စုံလိပ်ပြာ အတောင်ပံတစ်စုံလည်း ဖြစ်တည်ခြင်း ရပ်သွားပြီး အလင်းပိုးအိမ် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ ခဏအကြာတွင် ဒြပ်စင်၆ခု၏ ဇစ်မြစ် အပိုင်းအစများသည် ရောယှက်သွားပြီး ခမ်းနားထည်ဝါသော ဖျော့တော့တော့ ရောင်လျှံကို ထုတ်လွှတ် နေသည့် ဖောက်ထွင်း မြင်နိုင်သည့် ကျောက်မျက်သဖွယ် အရာတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
ကျောက်မျက် ကဲ့သို့သော အရာက ခဲသွားသည့် အခိုက်တွင် အလင်းပိုးအိမ်က ရောင်စုံတိမ်များထဲ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ တိမ်များ အထက်တွင် တစ်စုံတစ်ခု တဖြည်းဖြည်း ပေါ်ထွက်နေပုံ ရလေသည်။
မျက်လုံးတစ်စုံ-
ထိုအရာမှာ နှိုင်းယှဉ်၍ မရနိုင်သော လှပသည့် မျက်လုံးတစ်စုံ ဖြစ်ပြီး အထဲမှ နက်ရှိုင်းမှုမှာ အဆုံးမဲ့ ညကောင်းကင်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
ထို့ပြင် အေးစက်သော မျက်လုံး တစ်စုံလည်း ဖြစ်သည်။ အကြောင်းမှာ အရာအားလုံးကို ဂရုမထားဘဲ ကြည့်ရှုနေသည့် လျစ်လျူရှုမှုတစ်ခုက အကြည့်ထဲတွင် ရှိနေ၍ပင်။
ချန်လွေ့က ယခုအခါ ထိုမျက်လုံးကို မော့ကြည့်နေလေသည်။ သူ ရှိနေသော နေရာကြောင့် သာမက ကျော်လွှား၍ မရနိုင်သော ဖိနှိပ်မှုကြောင့်လည်း ဖြစ်၏။ သူက ယခု တိမ်များအထက် ရှိနေလျှင်ပင် မော့ကြည့်ရုံ တတ်နိုင်ပေမည်။
ထိုမျက်လုံးတစ်စုံက အောက်မှ အရာ အားလုံးကို ဂရုမထားဘဲ ကြည့်ရှုနေသည်။ ဇိုလာ၊ ချန်လွေ့၊ အဓိကဒြပ်စင်သံတမန် ၆ပါးနှင့် သစ်ပင်ကြီး။ ထိုအကြည့်တွင် လှုပ်ရှားမှု မရှိနေပေ။
ချန်လွေ့က စိတ်ထဲ စကားတစ်ခွန်းကို တွေးလိုက်မိလေသည်။ ကောင်းကင်နဲ့ မြေကြီးက မျှတတယ်။ သူတို့က ဖန်ဆင်းမှု အားလုံးကို စတေးခံ မြက်ခွေးတွေအဖြစ် ဆက်ဆံတယ်။
ထိုစကား၏ ယေဘုယျ အဓိပ္ပာယ်မှာ ကောင်းကင်နှင့် မြေကြီးတွင် စစ်မှန်သော ကြင်နာမှုမရှိ။ သူတို့က အရာခပ်သိမ်းကို စတေးခံ ခွေးမြက်များ (ရှေးခေတ် ပူဇော်ပွဲများတွင် အသုံးပြုသော မြက်ဖြင့် လုပ်ထားသော ခွေးများ) ကဲ့သို့ တန်းတူ ဆက်ဆံပြီး သူတို့ဘာသာ ရပ်တည်စေ၏။
ကောင်းကင်ဘုံ လမ်းစဉ်က ကိုယ်ကျိုး မဖက်တာလို့ပဲ ဆိုဆို၊ မျှတတယ်လို့ ဆိုဆို၊ ဒါက ရက်စက်တာပဲ။
ဒါဆိုရင် ကောင်းကင်နဲ့ မြေကြီးက သူ့ကိုယ်သူ မြက်ခွေးတစ်ကောင်လိုမျိုး မှတ်ယူတာလား။ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်ကလွဲရင် လူတိုင်းက စတေးခံ မြက်ခွေးတွေလား။ ချန်လွေ့ လျင်မြန်စွာ တွေးတောနေစဉ် ထိုမျက်လုံး တစ်စုံက သူ၏ ခေါင်းအထက်မှ အလင်းတန်းကို ကြည့်နေလေသည်။
ထိုအခိုက် ဂရုမထားသော အကြည့်က နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။
ထိုအလင်းတန်း၌ မျက်လုံးတစ်စုံလည်း ပွင့်လာခဲ့ပြီး ရောင်စုံ တိမ်တိုက်များထဲမှ မျက်လုံးကို စိုက်ကြည့်နေသည်။
မျက်လုံးနှစ်စုံက တစ်ယောက်ချင်းစီ၏ မျက်လုံးထဲ၌ ကောင်းကင်နှင့်မြေကြီးသာ ရှိသည့်အလား အချင်းချင်း ကြည့်နေ၏။ အခြားသော မည်သူကမျှ ဒုတိယအကြိမ် ကြည့်ရှုခြင်းကို မထိုက်တန်ပေ။
ထိုအချိန်တွင် အရောင်စုံတိမ်များနှင့် သစ်ပင်ကြီး၏ အလင်းတန်းတွင် ဝေဝါးဝါး မျက်နှာ သွင်ပြင်များနှင့် ခြေလက်များ ဖြစ်ပေါ်လာခဲ့လေသည်။ ၎င်းတို့က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခမ်းနား ထည်ဝါလှပေသည်။
တိမ်များထဲမှ ပုဂ္ဂိုလ်မှာ အသေအချာ အမျိုးသမီး တစ်ဦး ဖြစ်၏။ ၎င်းမှာ အဓိက ဒြပ်စင်သံတမန် ၆ပါးပြောခဲ့သော ဒြပ်စင် နတ်ဘုရားမ ရာဖာတီ ဖြစ်ပေလိမ့်မည်။
သစ်ပင်ကြီး၏ အလင်းတန်းတွင် အမျိုးသားတစ်ဦး ရှိနေသည်။ ချန်လွေ့၏ အနေအထားနှင့် ကျန်ရှိနေသော စွမ်းအား အနည်းငယ်ဖြင့် သူက ၎င်းမှာ အမျိုးသား တစ်ဦး၏ ပုံစံ ဖြစ်ကြောင်း ခပ်ရေးရေး အာရုံခံနိုင်ရုံသာ ခံစားနိုင်သော်လည်း သူ ပို၍ အာရုံမခံနိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်နေဆဲ ဖြစ်သည်။ ချန်လွေ့က သေသေချာချာ မြင်နိုင်သည်မှာ ဒြပ်စင် နတ်ဘုရားမ၏ အကြည့်ပင် ဖြစ်သည်။ ဂရုမထားပုံရသော အကြည့်က အမြဲတမ်း မျက်နှာချင်းဆိုင်ကို စိုက်ကြည့်နေပြီး ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှုတစ်ခု လင်းလက်နေ၏။
ထိုစိတ်ခံစားမှုက မည်သို့ပင် ဖြစ်စေ၊ ယခင်ကဲ့သို့ ရက်စက်ခြင်း မရှိပေ။
ထိုအမျိုးသားက ရုတ်တရက် တစ်ခုခု ပြောလိုက်သော်လည်း ချန်လွေ့က သေသေချာချာ မကြားနိုင်ခဲ့ပေ။ ဧရာမ လက်တစ်ဖက်က သစ်ပင်ကြီးအထက်မှ တဖြည်းဖြည်း ဆန့်ထွက်လာခဲ့သည်။
ဒြပ်စင် နတ်ဘုရားမက ထိုလက် လာနေသည်ကို မမြင်နေရသလိုပင် မျက်နှာချင်းဆိုင် မျက်လုံးကို စိုက်ကြည့် နေဆဲ ဖြစ်သည်။
ထိုလက်က နတ်ဘုရားမ ရာဖာတီ၏ မျက်နှာထံသို့ တဖြည်းဖြည်း ဆန့်တန်း သွားခဲ့၏။ လှုပ်ရှားမှု နူးညံ့ပုံရသော်လည်း ထိတွေ့သည့် အခိုက် အက်ကွဲကြောင်း အများအပြားမှာ နတ်ဘုရားမ၏ မူလက ပြီးပြည့်စုံသော မျက်နှာပေါ်တွင် အမှန် တကယ်ပင် ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အောက်မှ ကျောက်မျက်ကဲ့သို့သော နတ်ဘုရားဘဝ ပုံရိပ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။
ဒြပ်စင် နတ်ဘုရားမ မလှုပ်ရှားခဲ့ပေ။ သူ၏ အကြည့်က အရင်လို ရှိနေဆဲပင်။
လက်က မရပ်တန့်သေးပေ။
အောက်မှ ဖောက်ထွင်း မြင်နိုင်သော အရောင်မဲ့ ကျောက်မျက်က ချက်ချင်းပင် အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားခဲ့သည်။ နောက်တစ်ခဏ လုံးဝကြေမွသွား၏။
တစ်ချိန်တည်းပင် ဇိုလာ၏ ခန္ဓာကိုယ် အပြင်ဘက်မှ တစ်စုံတစ်ခုသည်လည်း ကွဲကြေကာ ပျောက်ကွယ်သွားပြီး လိပ်ပြာ တောင်ပံ တစ်စုံသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ သူ မော့ကြည့်လိုက်ရာ တိမ်တိုက်များထဲမှ နတ်ဘုရားမ၏ ပုံသဏ္ဌာန် ပျောက်ကွယ် သွားပြီ ဖြစ်သည်။ အစမှ အဆုံးအထိ ပျက်စီးခြင်း၏ နောက်ဆုံး အခိုက်အတန့် အထိ ထိုမျက်လုံးက အခြားတစ်ဖက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။
အဓိက ဒြပ်စင် သံတမန် ၆ပါးသည် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်ကို မယုံကြည်နိုင်ခဲ့ပေ။ ဒြပ်စင် နတ်ဘုရားမ ရာဖာတီ ချေမှုန်းခံလိုက်ရပြီ...