ငါ ရုပ်ချောလို့ဆိုပြီးအပြစ်တင်လို့ မရဘူးနေ
Vol. 21 Ch. 307
အခန်း (၃၀၇) : ငါ ရုပ်ချောလို့ဆိုပြီးအပြစ်တင်လို့ မရဘူးနော်
ခွန်မင်က အပြာရောင် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အရပ်ကိုးပေ ရှိသည်။ သူ့နောက်တွင် ဓားနှစ်လက်ကို သယ်ဆောင်ထားပြီး သူက တောင်တန်းနှင့် မြစ်များကို အုပ်စိုးနိုင်သည့် ဩဇာကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူမျက်တောင်ခတ်လိုက်တိုင်း တခြားသူများကို ထိုးဖောက်မြင်နိုင်သကဲ့သို့ မျက်လုံးများက တောက်ပနေသည်။ တခြားသူများက ထိတ်လန့်တုန်လှုပ်နေသည့်အတွက် သူနှင့် အကြည့်ချင်းပင် မဆုံရဲကြပေ။
ခွန်မင်၏ ကျင့်ကြံဆင့်က သာမန်မဟုတ်သည့် အဆင့်သို့ ရောက်နေပြီဆိုတာ သေချာသည်။ နိဗာန(ကနဦးဝိညာဉ်)အဆင့်သို့ ရောက်ရှိသွားသော နတ်ဆိုးအသျှင်များထဲတွင်ပင် ခွန်မင်က သေချာပေါက် စွမ်းအားအကြီးဆုံးထဲမှ တစ်ယောက် ဖြစ်သည်။
သာမန်ကနဦးဝိညာဉ် အထွတ်အထိပ်ရှင်များသာ ခွန်မင်နှင့် တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ချက်ချင်းအသတ်ခံရလိမ့်မည်။
စစ်မှန်သော အရည်အချင်းရှိသည့် အထွတ်အထိပ်ရှင်များ မရှိပါက သာမန်အထွတ်အထိပ်ရှင် တစ်ရာ အတူတူ ပေါင်းပြီးတိုက်ခိုက်လျှင်ပင် ခွန်မင်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ခွန်မင်က သူတို့ကို တစ်ယောက်ချင်း သုတ်သင်ပစ်လိုက်နိုင်သည်။
“ ရှန်ထျန်းဆိုတာ ဘယ်သူလဲ။ ထွက်လာခဲ့စမ်း”
ခွန်မင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ့အသံက တခြားသူများအပေါ် အထင်သေးမောက်မာမှုများဖြင့် ပြည့်နှက်နေသည်။
ပေပေါင်း ထောင်ပေါင်းများစွာ မြင့်မားသော ခွန်ပုံရိပ်သဏ္ဌာန်က သူ့နောက်တွင် ပေါ်လာသည်။ ထိုအရာက အရမ်းကြီးမားသည့်အတွက် ကောင်းကင်တစ်ခုလုံးကိုပင် ကာထားနိုင်သည်။
ကြီးမားသော ခွန်ပုံရိပ်သဏ္ဌာန် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ငယ်ရွယ်သော ပါရမီရှင်များလည်း ကြောက်ဒူးတုန်ကုန်ကြသည်။ သူတို့ သွေးများ အေးခဲသွားသကဲ့သို့ဖြစ်မည့် ကြီးမားသော ဖိအားကို ခံစားနေရသည်။
ခွန်မင်က ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်သည့်အတွက် နဂါးနက်ကျွန်း၏ အကြီးအကဲများက ရှန်ထျန်းတို့၏ ရှေ့တွင် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
“ ခွန်မင် … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နဂါးမျိုးနွယ်ရဲ့ လူသားတွဲဖက်ပါ။ သူ့ကို ဒီထက်ပိုပြီးတော့ လေးစားပေးပါ”
နဂါးနက်ကျွန်း အကြီးအကဲများက ဧရာမစွမ်းပကားရှင် (ဝိညာဉ်အသွင်ပြောင်း)အဆင့်ရှိ စွမ်းအားကြီးသူများဖြစ်သည်။ ထို့ကြောင့် ခွန်မင်က အထွတ်အထိပ်ရှင်များထဲတွင် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လျှင်ပင် သူတို့ မကြောက်ပေ။
အကြီးအကဲတစ်ယောက်ဆီ၏ နောက်တွင် နဂါးနက်ပုံရိပ်သဏ္ဌာန်များ ပေါ်လာပြီး ခွန်မင်၏ ပုံရိပ်သဏ္ဌာန်နှင့် ရင်ဆိုင်ကာ အောင်းဝူနှင့် တခြားသူများကို ခွန်မင်၏ ဖိအားလျော့နည်းသွားစေရန် ကူညီပေးနေသည်။
ဝုန်း…
ထိုအခိုက်အတန့်တွင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအပြင်ဘက်တွင် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။
များပြားသော ရေပမာဏက ကောင်းကင်သို့ မြင့်တက်သွားကာ နေရောင်ကြောင့် သက်တန့်များပင် ပေါ်လာသည်။
နဂါးနက်ကျွန်း၏ အကြီးအကဲသုံးယောက် မျက်မှောင်ကြုတ်နေစဉ် ခွန်မင်က တိုက်ရိုက်ငြင်းဆိုနိုင်လိုက်သည့်အတွက် သူတို့၏ အကြည့်များတွင် အံ့ဩမှုတို့ဖြင့် ထင်ဟပ်သွားရသည်။
သူတို့က ပူးပေါင်းပြီး ခွန်မင်ကို အောင်မြင်စွာ ငြင်းဆိုလိုက်နိုင်သော်လည်း ခွန်မင်၏ စွမ်းအားများက ဂရုစိုက်စရာ ဖြစ်လာသည်။
အားလုံးက ခွန်မင်းသားကို လျှော့တွက်ခဲ့ကြသည်။ သူ့အရည်အချင်းနှင့် ခွန်အားက အားလုံး၏ အမြင်ထက် ကျော်လွန်သွားသည်။ နှစ်ပေါင်း ၃၀၀ ကြာပြီးနောက် ခွန်မင်၏ ကျင့်ကြံဆင့်က နိဗာနအဆင့်၏ အထက်တွင်ရှိသော ဧရာမစွမ်းပကားရှင်အဆင့်နှင့် တစ်လှမ်းသာ လိုအပ်တော့သည်။
သူပုံရိပ်သဏ္ဌာန်ကို သုံးပြီး တိုက်ခိုက်ခြင်းက ဧရာမစွမ်းပကားရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သာမန် ဧရာမစွမ်းပကားရှင်အဆင့်ထက်ပင် စွမ်းအားကြီးနေသည်။
ဤသို့မဟုတ်ပါက ဧရာမစွမ်းပကားရှင် အကြီးအကဲသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ယောက်ထဲ တောင့်ခံနိုင်စရာ အကြောင်းမရှိပေ။
နဂါးနက် ကောင်းကင်အသျှင် သုံးယောက်ကလည်း အားနည်းသောသူများ မဟုတ်ပေ။
“ ဟား…ဟား…ဟား…အိုနေတဲ့ အဖိုးကြီးသုံးယောက်က ပူးပေါင်းပြီးတော့ ငါ့ကို တားမယ်ပေါ့လေ။ မင်းက ရှန်ထျန်းမလား။ ငါ့ရဲ့ ဖန်ရှန်းကို မြူဆွယ်တဲ့ လူယုတ်မာမလား”
ခွန်မင်က ရှန်ထျန်းကို ကြည့်ပြီး လှောင်ရယ်လိုက်သည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် မင်းက ငါ့ကို မတိုက်ခိုက်ရဲဘူးလား”
သူ့မောက်မာမှုက သူ့စကားလုံးများတွင် ထင်ဟပ်နေသည်။
ရှန်ထျန်း စကားမပြောခင် ချီရှောက်ရွှမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ဘယ်လောက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလဲ။ မင်းက သက်တမ်း နှစ်၄၀၀ ကျော်ရှိနေပြီဆိုပေမဲ့ မင်းက ဝိဇ္ဇာတောင် မဟုတ်ဘူးလေ။ မင်းက ညီလေးရှန်ကို စိန်ခေါ်ဖို့အတွက် မထိုက်တန်ဘူး”
သူ စကားပြောပြီးသွားသည့်အခါ ချီရှောက်ရွှမ်၏ လက်ထဲရှိ ပုဆိန်လှံရှည်က ချွန်ထက်မှုတို့ဖြင့် တောက်ပနေသည်။
သူ့နောက်ရှိ ပေပေါင်း သောင်းကျော်အရှည်ရှိသည့် ခရမ်းရောင် နဂါးက ကောင်းကင်သို့ ဟိန်းဟောက်လိုက်သည့်အခါ ကောင်းကင်တစ်ခုလုံး ချက်ချင်း ဖျတ်ခနဲလင်းသွားသည်။
နဂါးအရှိန်အဝါက ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားကာ ခွန်မင်၏ ပုံရိပ်သဏ္ဌာန် အရှိန်အဝါနှင့်ပင် နှိုင်းယှဉ်လို့ရနိုင်သည်။
“ မင်းက နိဗာနအဆင့် ရောက်နေတဲ့အချိန်မှာ ရွှေရောင်ကိုယ်ထည်အဆင့်ပဲ ရှိသေးတဲ့ ညီအစ်ကိုရှန်ကို အရှက်မရှိ စိန်ခေါ်ရဲသေးတယ်ပေါ့။ ငါနဲ့ အရင်ဆုံးလာပြီး တိုက်ခိုက်လိုက်။ မင်း ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သိရအောင် ”
ထို့နောက် ချီရှောက်ရွှမ်၏ ခရမ်းရောင်အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကာ နောက်ခံက ခရမ်းရောင် နဂါးပုံစံ ဖြစ်နေသည်။
တစ်လတာ သီးသန့်ကျင့်ကြံခြင်းဖြင့် သူ့ ကနဦးဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ချီရှောက်ရွှမ်၏ တိုက်ပွဲစွမ်းရည်က အဆင့်အသစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
သူက နတ်ဧကရာဇ်တစ်ပါးဖြစ်ဖို့ အလားအလာရှိသူ တစ်ယောက် ဖြစ်သည်။
ခွန်မင်က ချီရှောက်ရွှမ်ကို တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ လူသား…မင်းက သန်မာပါတယ်။ ဒါပေမဲ့ မင်းကနဦးဝိညာဉ်အဆင့်ကို ရောက်တဲ့အချိန်က အရမ်းတိုတောင်းတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀ က ငါနဲ့ဆိုရင်တော့ တိုက်ခိုက်ချင် တိုက်ခိုက်နိုင်လိမ့်မယ်။
ဒါပေမဲ့ အခုတော့ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် ရိုရိုကျိုးကျိုးနဲ့ လက်လျှော့လိုက်တော့”
ထို့နောက် ခွန်မင်က ရှန်ထျန်းကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ကာ လှောင်ရယ်လိုက်သည်။
“ ထားလိုက်ပါတော့။ ဒီအဖိုးကြီးတွေက မင်းကို ဒီနေ့ ကာကွယ်ပေးနေကြတာဆိုတော့ မင်းကို လွှတ်ပေးလိုက်မယ်။
ဒါပေမဲ့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက သက်တမ်းနှစ် ၅၀၀ အောက် ကျင့်ကြံသူတွေကိုပဲ ဝင်ခွင့်ပေးတာလေ။ သူတို့ မင်းကို ဆက်ပြီးတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ စောင့်ကြည့်နေလိုက်”
ထို့နောက် ခွန်မင်က နှာခေါင်းရှုံ့ကာ ရှုပ်ထွေးပွေလီ အစီအရင်၏ အက်ကွဲကြောင်းဆီသို့ လမ်းလျှောက်သွားသည်။
ရှန်ထျန်းက အစကနေ အဆုံးအထိ ငြိမ်သက်နေပြီး ခွန်မင်၏ ခေါင်းပေါ်ကိုသာ အာရုံအပြည့်ဖြင့် စိုက်ကြည့်နေသည်။
“ ညီအစ်ကိုရှန် … မင်းရဲ့ တိုက်ပွဲစွမ်းရည်က အံ့ဩဖို့ကောင်းတယ်ဆိုတာကို သိတယ်။ အဲဒါကြောင့် ဒီ မောက်မာနေတဲ့ကောင်ကို လုံးဝ ရှုံးမှာ မဟုတ်ဘူး။
ဒါပေမဲ့ အခု အရေးကြီးဆုံးအရာက ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိဖို့ပဲ။ အဲဒီကောင်ကို သင်ခန်းစာပေးဖို့ အလောတကြီး လုပ်စရာမလိုဘူး”
ရှန်ထျန်းက ခွန်မင်ကို စိုက်ကြည့်နေသည့်အတွက် ခွန်မင်က ရှန်ထျန်းကို ဒေါသထွက်အောင် လုပ်သွားသည်ဟု ချီရှောက်ရွှမ်တွေးနေမိသည်။
ထို့ကြောင့် သူက အလျင်အမြန် လှောင်ရယ်ကာ ပြောလိုက်သည်
“ သူက နှစ်လေးရာသက်တမ်းရှိ ငါးအိုတစ်ကောင်သက်သက်ပဲ။ ငါသာ နောက်ထပ်နှစ် ၄၀၀ လေ့ကျင့်လိုက်ရင် သူ့ကို လက်ဖျောက်တစ်ချက်ထဲနဲ့တင် နှိမ်နင်းလို့ရတယ်။
ညီအစ်ကိုရှန်သာ ကနဦးဝိညာဉ်အဆင့် ဒါမှမဟုတ် နိဗာနအဆင့်ကို အောင်အောင်မြင်မြင်နဲ့ ရောက်ရှိသွားပြီဆိုရင် အဲဒီကောင်လောက်ကတော့ ဟာသပဲ ဖြစ်သွားလိမ့်မယ်”
အရှေ့ပိုင်းလွင်ပြင်၏ အသန်မာဆုံး ပါရမီရှင်ဟောင်းဖြစ်သည့် ချီရှောက်ရွှမ်မှာလည်း ကိုယ်ပိုင်မာန ရှိသည်။ နယ်မြေငါးခုတွင် ရှန်ထျန်းမှလွဲ၍ တခြားသူများကို မရှုံးဖို့အတွက် ယုံကြည်မှု ရှိသည်။
တစ်ချိန်တည်းမှာပဲ ချီရှောက်ရွှမ်က ရှန်ထျန်းကို သူ့ရည်မှန်းချက်အဖြစ် သတ်မှတ်ထားပြီး သူသာ ရှန်ထျန်းကို အနိုင်ယူဖို့ ထိုက်တန်သည်ဟု ထင်သည်။
ကျင့်ကြံဆင့် ပိုမြင့်တာကို အသုံးချပြီး ဤအရှက်မဲ့သည့် ငါးက ရှန်ထျန်းကို အနိုင်ယူသွားမှာကို သူ ခွင့်မပြုနိုင်ပေ။ ခွင့်ပြုလိုက်ပါက ညီအစ်ကိုရှန်အတွက် လှောင်ပြောင်စရာ ဖြစ်လာလိမ့်မည်။
အနာဂတ်တွင် သူတို့ ကျင့်ကြံဆင့် တူညီသွားသည့်အခါမှသာ ချီရှောက်ရွှမ်က ရှန်ထျန်းကို အနိုင်ယူချင်သည်။ ထိုအရာကမှ ပါရမီရှင်များကြားထဲက တိုက်ပွဲ ဖြစ်သည်။
ရှန်ထျန်းက ခွန်မင်၏ ခေါင်းပေါ်တွင် အာရုံအပြည့်အဝ စိုက်ထားသည့်အတွက် ချီရှောက်ရွှမ် ဘာတွေ တွေးနေလဲဆိုတာကို မသိပေ။ သူတို့ ဘာအကြောင်းပြောနေလဲဆိုတာကိုပါ လုံးဝ သတိမထားမိပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူ့အတွက်တော့ ခြိမ်းခြောက်မှု တစ်ခု မဖြစ်နိုင်ဘူး
သို့သော် ခွန်မင်၏ ရောင်ဝါစက်ဝန်းက ခရမ်းရွှေရောင် ဖြစ်သည့်အတွက် ရှန်ထျန်း အထင်မကြီးဘဲ မနေနိုင်ပေ။
အခု လူတွေအတွက် အဲလိုမျိုး အရမ်းကောင်းမွန်တဲ့ ကံကြမ္မာ ရဖို့အတွက်က သာမန်ပဲ ဖြစ်သွားပြီလား
ခရမ်းရောင်အလင်းတန်းနဲ့ ကံကြမ္မာသားတော်တွေ မကြာခဏပေါ်လာတော့ ငါ့လို အနီရောင် ရောင်ဝါစက်ဝန်း ရှိတဲ့သူအတွက် နည်းနည်းတော့ ကို့ရို့ကားရားနိုင်တယ်
ရှန်ထျန်း ချွေးစေးများပင် ပျံလာမိသည်။
ငါက ဘယ်အချိန်မှ ရွှေရောင် ရောင်ဝါစက်ဝန်းရှိတဲ့ ကံကောင်းတဲ့သူ ဖြစ်လာမှာလဲ။ ဒါမှမဟုတ် ပိုကောင်းတဲ့ သန့်စင်တဲ့ ခရမ်းရောင် ရောင်ဝါစက်ဝန်းက ဘယ်အချိန်မှ ရလာမှာလဲ
“ သူတော်စင်ထျန်း ကြောက်ဖို့ မလိုပါဘူး။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာ နေရာတွေက ပြောင်းလဲနေတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ခြေရာခံဖို့ အရမ်းခက်ခဲတယ်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ ရှုပ်ထွေးပွေလီ အရှိန်အဝါတွေနဲ့ ပြည့်နှက်နေတော့ နတ်ဘုရားအသိစိတ်ကလည်း အသုံးမဝင်ဘူး”
ရှန်ထျန်း၏ “ခပ်တည်တည်” မျက်နှာထားကြောင့် ရှန်ထျန်းက ခွန်မင် သူ့ကို ပစ်မှတ်ထားမှာကို စိုးရိမ်နေသည်ဟု သူတွေးမိသည်။
နဂါးနက်ကျွန်း၏ အကြီးအကဲက ရှန်ထျန်းကို နှစ်သိမ့်လိုက်သည်
“ မင်း ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲကို ခွန်မင်နဲ့ အချိန်တစ်ချိန်တည်း ဝင်မသွားတာနဲ့တင် မင်း သူနဲ့ ထိပ်တိုက်တိုးမှာကို တကယ် စိုးရိမ်စရာ မလိုတော့ဘူး”
သူနဲ့ ထိပ်တိုက် တိုးမှာကို စိုးရိမ်စရာ မလိုတော့ဘူးတဲ့လား
ရှန်ထျန်းက ကြောင်သွားသည်။
သူက ဘာလို့ သူနဲ့ ထိပ်တိုက်တွေ့မှာကို စိုးရိမ်နေရမှာလဲ
ယုံကြည်စရာ မကောင်းပေမဲ့ ဖြစ်နိုင်ရင် ငါက သူနဲ့ သွေးသောက်ညီအစ်ကိုတွေတောင် လုပ်ချင်သေးတယ် … ခရမ်းရောင် ရောင်ဝါရှိတဲ့ ပါရမီရှင်တွေက အခွင့်ကောင်းယူဖို့ အကောင်းဆုံးသူတွေပဲ
ငါ ကံကောင်းမလား ကံမကောင်းဘူးလားဆိုတာက သူတို့အပေါ်မှာပဲ မူတည်နေတယ် ... ဒါပေမဲ့ အခုအခြေအနေအရ ခွန်မင်က ငါ့ကို တစ်ခုခု အထင်လွဲနေသလိုပဲ
အဲဒါက ရေသူမင်းသမီးလေးကြောင့်များလား
ဟင်း…ဒါက မိန်းကလေးတွေကြောင့်ဖြစ်လာတဲ့ သဝန်တိုမှုနဲ့ မုန်းတီးမှုပဲ
ဒေါသဖြင့် ထွက်သွားသော ခွန်မင်၏ ပုံရိပ်ကို ကြည့်ကာ ရှန်ထျန်း သက်ပြင်းချမိသည်။
ခွန်မင်ကို ကျိုးကြောင်းဆီလျော်အောင် လုပ်ဖို့ တကယ်ပြောချင်နေလေပြီ။
ငါ ဒီလောက်ထိ ချောနေတာကိုတော့ လာပြီးအပြစ်တင်လို့ မရဘူးလေ …