ကျိန်စာတိုက်ခံထားရသော ပင်လယ်ပိုင်နက်တစ်ခု
Vol. 21 Ch. 308
အခန်း (၃၀၈) : ကျိန်စာတိုက်ခံထားရသော ပင်လယ်ပိုင်နက်တစ်ခု
ကြီးမားသော ကာကွယ်ရေး အစီအရင်ထဲတွင် သိပ်သည်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်များက ဆက်တိုက် လည်ပတ်နေသည်။
ထိုအရာက ကြောက်လန့်ဖွယ်ကောင်းသော စွမ်းအား ဖြစ်သည်။ ထိုအငွေ့အသက်နှင့် ထိတွေ့လိုက်ပါက ဝိဇ္ဇာတစ်ယောက်၏ စွမ်းအားပင် လုံးဝ ဝါးမျိုခံရပြီး ပျံ့နှံ့သွားစေသည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ဤလောက၏ ဆန်းကြယ်နယ်ပယ်မျိုး မဟုတ်ဘဲ ကြယ်တာရာများ ကြွေကျသော အပိုင်းအစမှ ဖြစ်ပေါ်လာသည်ဆိုသော ကောလဟာလလည်း ရှိသည်။
ရှုပ်ထွေးပွေလီ အစီအရင်ထဲရှိ ကျွန်းက နတ်ဘုရားလောကမှ ကြွေကျလာသော ဆန်းကြယ်နယ်ပယ်ဟုလည်း ပြောကြသေးသည်။
သူ့ မူလအစက အရေးမကြီးဘဲ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက နယ်မြေငါးခုတွင် ကျော်ကြားသော ဂုဏ်သတင်းရှိပြီး ထိုနေရာကို မြောက်ပင်လယ်တွင် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။
ထိပ်သီးနတ်ဆိုးမျိုးနွယ်များမှ အသိအမှတ်ပြုသည့် လူသားများသာလျှင် ဤဆန်းကြယ်နယ်ပယ်ထဲသို့ ဝင်ရောက်ပြီး ရတနာများကို ရှာဖွေနိုင်သည်။
ဤဆန်းကြယ်နယ်ပယ်က ထိပ်သီးမျိုးနွယ်များဖြစ်သော နဂါးနက်များနှင့် မဟာလေဟာနယ် ခွန်မျိုးနွယ်များကို သူတို့ ဒီနေ့အထိ အင်အားကြီးအောင် အားဖြည့်ပေးသောကြောင့် ဖြစ်သည်။
ရှုပ်ထွေးပွေလီ အစီအရင်က စတင်ကွဲအက်လာပြီး သိသာသော အက်ကြောင်းများ ဖြည်းဖြည်းချင်း ပေါ်လာသည်။
ရှုပ်ထွေးပွေလီ အစီအရင်ထဲရှိ စိမ်းပြာရောင် ရေများနှင့် ရေပေါ်တွင် မြောနေသော ကျွန်းများကို မြင်နေရပြီး သိပ်သည်းသော ဝိညာဉ်ချီအလွှာဖြင့် ဖုံးအုပ်ထားသည်ကိုလည်း အက်ကြောင်းများကြားထဲမှ တစ်ဆင့်မြင်နေရသည်။ ကျွန်းများပေါ်တွင်လည်း ထူးခြားဆန်းပြားသော အပင်များစွာ ပေါက်ရောက်နေသည်။
ထို့အပြင် ချစ်စရာကောင်းသော သတ္တဝါများကလည်း ထို ထူးခြားဆန်းပြားသည့် အပင်များကြားထဲတွင် ကစားနေသည်။
ယုန်ဖြူလေးများက မြက်များကို စားနေကြပြီး အဖြူအနက်ကြား ကျီးကန်းများက သစ်ကိုင်းများပေါ်တွင် သူတို့၏ ငှက်မွေးများကို သန့်ရှင်းနေကြသည်။ လိပ်ပေါက်လေးများက ကမ်းစပ်တွင် နေပူဆာလှုံနေပြီး ငါးများက ရေထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။
ထိုအရာက သာယာငြိမ်းချမ်းပြီး လိုက်လျောညီထွေဖြစ်သော ကမ္ဘာတစ်ခုဖြစ်ပြီး ကြည့်လိုက်ရုံဖြင့် အေးချမ်းတည်ငြိမ်မှုကို ချက်ချင်း ခံစားလို့ရနိုင်သည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ခရမ်းစံအိမ် သူတော်စင် မင်းတို့နှစ်ယောက်လုံးက မြောက်ပင်လယ်က မဟုတ်တော့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအကြောင်းကို သိမှာ မဟုတ်သေးဘူး”
နဂါးအကြီးအကဲက ရှင်းပြလိုက်သည်
“ ဒီစစ်ဆေးမှုမှာ အရေးကြီးတဲ့ အချက်သုံးချက်ကို မှတ်ထားရမယ်။ နံပါတ်တစ်က ရှုပ်ထွေးပွေလီ အစီအရင်ကက အခုဖွင့်ပြီးပြီဆိုပေမဲ့ တစ်နှစ်အကြာအထိ ဖွင့်ရက် ရှိနေလိမ့်မယ်။
အဲဒီနှစ်ကုန်ဆုံးသွားရင် အားလုံးက တတ်နိုင်သလောက် ကာကွယ်ရေး အစီအရင်ထဲကနေ မြန်မြန် ထွက်လာရမယ်။ အဲဒီထဲမှာပဲ ပိတ်မိနေသွားရင် နတ်ဘုရားတောင် မင်းတို့ကို မကယ်နိုင်ဘူး။”
ချီရှောက်ရွှမ်က တုန်လှုပ်သွားသည်။
သူက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲရှိ သတ္တဝါများကို စိုက်ကြည့်ကာ မေးလိုက်သည်
“ ဒါပေမဲ့ ဒီသတ္တဝါတွေက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာ နေကြတာ မဟုတ်ဘူးလား”
နဂါးအကြီးအကဲက ချီရှောက်ရွှမ်ကို စိတ်ထိခိုက်ခံစားရသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်
“ အဲဒီသတ္တဝါတွေက ကျွန်းကနေ အချိန်မီ ထွက်မသွားနိုင်တဲ့ ပါရမီရှင်တွေရဲ့ အသွင်ပြောင်းပုံစံတွေလေ”
အားရို့ ... ကြက်သီးထစရာကြီး…
နဂါးအကြီးအကဲ၏ စကားများကြောင့် အပူချိန်ပင် ကျသွားသလို ခံစားရသည်။
အားလုံးက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို စိုက်ကြည့်ပြီးနောက် ကြောက်စိတ်ဝင်နေကြသည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲကနေ အချိန်မီ မထွက်သွားနိုင်တဲ့သူတွေက ဒီလို သတ္တဝါငယ်လေးတွေအဖြစ် ပြောင်းလဲသွားတာတဲ့လား။ အသိစိတ်တွေလည်း အားလုံး ပျောက်ဆုံးသွားတာတဲ့လား
ဒီလိုမျိုး ကျိန်စာက အရမ်းကို ရက်စက်လွန်းတယ်
နဂါးအကြီးအကဲက ထပ်ပြောလိုက်သည်
“ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာ လောဘက ကြီးမားတာက ကပ်ဘေးတစ်ခုပဲ။ အဲဒါကြောင့် စစ်ဆေးမှုတိုင်းမှာ ပါရမီရှင်တိုင်း ပျက်စီးသွားကြတာ။
ရတနာတွေအများကြီး ရှာတွေ့ပေမဲ့လည်း မကျေနပ်တဲ့သူတွေလည်း အများကြီး ရှိတယ်။ သူတို့ အချိန် ဆယ့်နှစ်လ ပြည့်သွားတာတောင် ထွက်မသွားနိုင်ကြဘူးလေ။ ရှုပ်ထွေးပွေလီ အစီအရင် ပြန်ပြီးတော့ ပိတ်သွားတော့မယ့်အချိန်ဆိုရင် အဲလိုလူမျိုးတွေက အထဲမှာ ပိတ်မိဖို့ အခွင့်အရေး ပိုများတယ်။
ငါတို့ခေတ်တုန်းက ငါ့ရဲ့ မိတ်ဆွေကောင်းတွေ အများကြီးလည်း အဲဒါကြောင့် တစ်သက်လုံး ကျိန်စာမိပြီးတော့ ပိတ်မိသွားတာ”
ငွေဖြူရောင် မင်းသားလေးက ပြင်းထန်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်
“ ကျွန်တော်တို့ရဲ့ အကြီးအကဲတွေ အများကြီးလည်း ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲမှာ ပိတ်မိပြီးတော့ ထွက်မလာနိုင်တော့ဘူးလေ”
နဂါးမျိုးနွယ် အကြီးအကဲက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အဲဒါကြောင့် အားလုံးကို ပထမကိုးလအတွင်း ကျွန်းအနှံ့ လျှောက်သွားကြဖို့ ပြောချင်တယ်။
ဒါပေမဲ့ အဲဒီလပြီးသွားရင် ထွက်တဲ့လမ်းကို ရှာသင့်ပြီ။ အစွန်အဖျားမှာ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံတွေ့တာမျိုး ဖြစ်တတ်တယ်။
အဲဒီ ကံအပြောင်းအလဲ အခွင့်အရေးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မင်းတို့ရဲ့အသက်တွေက ပိုပြီးတော့ အရေးကြီးနေသေးတယ်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အကြီးအကဲက ရှန်ထျန်းကို ကျေနပ်သည့် အကြည့်ဖြင့်ကြည့်ကာ ဆက်ပြောလိုက်သည်
“ နံပါတ်နှစ်အချက်အနေနဲ့ ရှုပ်ထွေးပွေလီ အစီအရင်အတွင်းမှာ ဖျော့တော့တဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်တွေ လည်ပတ်သွားလာနေတာ။ အဲဒါကြောင့် ကာကွယ်ရေး အစီအရင်ထဲကို အထဲထိ ဝင်သွားလေလေ အငွေ့အသက်က ပိုပြီးတော့ ပျံ့နှံ့လေလေပဲ။ အဲဒါက ကျွန်းတစ်ခုလုံးကိုတောင် ဖုံးလွှမ်းထားလောက်တယ်။
အဲဒီရှုပ်ထွေးတဲ့ အငွေ့အသက်တွေကို ရှောင်ရှားဖို့အတွက် အကောင်းဆုံး ကြိုးစားရမယ်။ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ မင်းတို့ရဲ့ စွမ်းအင်အဆီအနှစ်တွေ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။
မင်းတို့ စွမ်းအင်အဆီအနှစ် အသေးအမွှား ပျက်စီးမှု ခံစားရရင် မင်းတို့ရဲ့ ခြေလက်တွေ ကျိုးသွားနိုင်တယ်။ ဒါပေမဲ့ မင်းတို့ အဓိကပျက်စီးမှုကို ခံစားရပြီဆိုရင် လုံးဝအစိတ်စိတ်အမြွာမြွာ ဖြစ်သွားလိမ့်မယ်။ အဲဒါက လွဲပြီးတော့ အစီအရင်ထဲမှာ ရှိနေတဲ့ သတ္တဝါတွေကို ခေါ်ထုတ်လာဖို့ မစဉ်းစားနဲ့။ သူတို့က ကျိန်စာမိနေပြီးသား ဖြစ်နေပြီ။
သူတို့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကနေ ထွက်သွားတာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်က ပြိုကွဲသွားလိမ့်မယ်”
ရှုပ်ထွေးပွေလီ အစီအရင်ထဲမှာလည်း ရှုပ်ထွေးပွေလီ အငွေ့အသက်တွေ ဆက်ပြီးတော့ ရှိနေမှာတဲ့လား
ဒါက လုံးဝ သတင်းဆိုးပဲ။ ဒါဆိုရင် စစ်ဆေးမှုအတွင်းမှာ တစ်ချိန်လုံး သတိထားနေရမယ်ဆိုတဲ့ သဘောပေါ့
ထိုအရာက ဝိဇ္ဇာတစ်ပါးကိုပင် ခြိမ်းခြောက်နိုင်သော စွမ်းအားတစ်ခု ဖြစ်သည်။
နဂါးမျိုးနွယ် အကြီးအကဲက ဆက်ပြောလိုက်သည်
“ နံပါတ်သုံးအချက်က ရှုပ်ထွေးပွေလီ အစီအရင်ထဲက သတ္တဝါတွေက မင်းတို့ထင်ထားသလောက် မသိမ်မွေ့ဘူး။
စစ်ဆေးမှုအတွက် ရှုပ်ထွေးပွေလီ အစီအရင်ထဲ ဝင်သွားတဲ့သူအားလုံးက သူတို့စုဆောင်းထားတဲ့ အပင်တွေရဲ့ အမြစ်တွေကို ချန်ထားခဲ့ရမယ်။ သူတို့က အပင်တစ်ခုလုံးကို သေအောင် မလုပ်ရဘူး။ မဟုတ်ရင် တစ်နည်းအားဖြင့် သူတို့က အစွမ်းကုန်တိုက်ခိုက်တာ ဒါမှမဟုတ် ကြောက်စရာကောင်းအောင် တိုက်ခိုက်တာမျိုးကို လုပ်လိမ့်မယ်”
လိပ်မင်းသားက ပြုံးကာ ပြောလိုက်သည်
“ အဲဒီသေးသေးလေးတွေက ကျွန်တော်ကို ဘာများ လုပ်နိုင်မှာမလို့လဲ”
သူ့ဆီမှာ နှစ်ဆကာကွယ်ရေး အခွံမာ ချပ်ဝတ်တန်ဆာရှိသည့်အတွက် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းအပေါ် ယုံကြည်မှု အပြည့်ရှိသည်။
နဂါးမျိုးနွယ် အကြီးအကဲက ဝူဝုတိကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ အဲဒီသတ္တဝါတွေက စွမ်းအားကြီးတဲ့ ပါရမီရှင်တွေကနေ အသွင်ပြောင်းသွားကြတာလေ။ သူတို့ဆီမှာ အသိစိတ် မရှိတော့ပေမဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်စွမ်းရည်က အရင်အတိုင်း ရှိနေတုန်းပဲ။
သူတို့ကို အရမ်းဖိအားပေးရင် ယုန်တွေအများကြီးက နဂါးလက်သည်း ပညာရပ်ကို အသုံးပြုပြီးတော့ မင်းကို သုတ်သင်ပစ်မှာက တကယ်ကိုဖြစ်နိုင်တဲ့ ဖြစ်နိုင်ချေတစ်ခုပဲ။
ရာချီနေတဲ့ စာကလေးတွေက မင်းတို့ကို သူတို့ရဲ့ ကျောက်စိမ်းကျိန်စာဓားနဲ့ ထိုးသတ်တာမျိုးလည်း ဖြစ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီသတ္တဝါတွေရဲ့ ပုံစံကို ကြည့်ပြီးတော့ ပေါ့ပေါ့ဆဆ မနေမိစေနဲ့။ သူတို့က သူတို့ရဲ့ မြင်နေရတဲ့ပုံစံထက် ပိုပြီးတော့ အန္တရာယ်များတယ်”
နဂါးမျိုးနွယ် အကြီးအကဲက ထိုစကားများကို ပြောပြီးနောက် စိတ်ဖိစီးစေသော မှတ်ဉာဏ်များကို သတိရသွားသကဲ့သို့ အကြည့်ထဲတွင် ကြောက်ရွံ့မှုတို့ ဖြတ်ပြေးသွားသည်။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ စီနီယာ မစိုးရိမ်ပါနဲ့နော်။ ကျွန်တော် ညီအစ်ကိုချီ၊ အောင်းဝူနဲ့ ကျန်တဲ့သူတွေကို စောင့်ရှောက်လိုက်ပါ့မယ်”
စောင့်ရှောက်မယ်တဲ့လား ... ငါက မင်း စောင့်ရှောက်တာကို လိုအပ်မဲ့သူလား
မင်းက ဘာကိုဆိုလိုတာလဲ။ ငါက သုံးနှစ်သားနဲ့ တူနေလို့လား
ချီရှောက်ရွှမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ ကျုပ်က ကနဦးဝိညာဉ်အဆင့်ကို ရောက်ဖို့အတွက် အမြုတေကို အောင်မြင်စွာ ခွဲနိုင်ခဲ့ပြီလေ။ ကျုပ် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ပါတယ်။
ကျုပ်က အရင်ကတည်းက ဆန်းကြယ်နယ်ပယ်တွေအားလုံးမှာ အသက်ရှင်လျက် လွတ်မြောက်လာတာပဲလေ။ ကျုပ်က အမြဲတမ်း ကံကောင်းပါတယ်။ ကျုပ်က ဘာအန္တရာယ်နဲ့မှ ကြုံတွေ့မှာ မဟုတ်ပါဘူး။
ညီအစ်ကိုရှန်က မင်းသမီးလေးဖန်ရှန်းနဲ့ ကျန်တဲ့သူတွေကိုပဲ စောင့်ရှောက်လိုက်ရင် ရပါပြီ”
ဒီလူရဲ့ အသံက မကျေမနပ်ဖြစ်နေသလိုပဲ …
ရှန်ထျန်းက ချီရှောက်ရွှမ်ကို တွေးဆဆဖြင့် ကြည့်လိုက်သည်။ သို့သော် ချီရှောက်ရွှမ်က ဂုဏ်မောက်စွာဖြင့် ခေါင်းမော့ကာ လှည့်ထွက်သွားသည်။
သူတို့က အဆင့်တူဖြစ်သော်လည်း သူ့အဆင့်က ရှန်ထျန်းထက် အနည်းငယ် နိမ့်နေသေးသည်ဟု ချီရှောက်ရွှမ် ခံစားလာရသည်။
ဒါပေမဲ့ တိုက်ပွဲစွမ်းရည်က တိုက်ပွဲစွမ်းရည်ပဲ။ ကံကြမ္မာက ကံကြမ္မာပဲလေ
ချီရှောက်ရွှမ်၏ တိုက်ပွဲစွမ်းရည်က နိမ့်နေသော်လည်း သူ့မှာ သူ့ကို ကာကွယ်ပေးသည့် သဘာဝကံကြမ္မာ ရှိသည်။
သူ့ရဲ့ ချပ်ဝတ်တန်ဆာနဲ့ ပုဆိန်လှံရှည်ကိုပဲ ကြည့်လိုက်လေ။ အဲဒါတွေက အဖိုးဖြတ်မရတဲ့ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းတွေ။ ပြီးတော့ သူက တော်ဝင်ကျမ်းတွေနဲ့ အမွေအနှစ်တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်
ငါက သေချာပေါက် ကံကြမ္မာရဲ့သားတော်ပဲ
သူ ငါ့ကို စောင့်ရှောက်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ
ငါ့မှာလည်း မာနရှိသေးတယ်လေ
ပြင်ဆင်မှုတချို့ပြီးသွားသည့်အခါ အချိန်ကျရောက်လာပြီ ဖြစ်သည်။
ရှန်ထျန်း၊ ချီရှောက်ရွှမ်၊ အောင်းဝူ၊ မင်းသားလေးပါးနှင့် ယုဖန်ရှန်းတို့က တစ်ဖွဲ့ ဖြစ်သည်။ ရှုပ်ထွေးပွေလီ အစီအရင် နောက်ထပ် လှိုင်းမထခင်ကို အခွင့်ကောင်းယူကာ အက်ကွဲကြောင်းအတွင်းသို့ အားလုံး ဝင်ရောက်သွားကြသည်။
ရှုပ်ထွေးပွေလီ အစီအရင်ကို ဖန်တီးထားသည့် ရှုပ်ထွေးပွေလီ အငွေ့အသက် အရမ်းသိပ်သည်းသည်။ လည်ပတ်နေသော စွမ်းအင်ကပင် ပေပေါင်း သောင်းချီပြီး ထူသည်။ ထိုအရာက တိမ်တိုက်များကဲ့သို့ သွားလာနေသည်။ သို့သော် အဖြူရောင်တော့ မဟုတ်ဘဲ ဖော်ပြရ ခက်ခဲသော အရောင်မျိုး ဖြစ်သည်။ အဖြူရောင်နှင့် မီးခိုးရောင်ကြားက အရောင်ဖြစ်ပြီး ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။
ထိုအနားကို ကပ်သွားပါက အသိစိတ်အားလုံး ပျောက်ဆုံးသွားကာ ထိုအငွေ့အသက်ထဲသို့ ဝင်သွားလိမ့်မည် ဖြစ်သည်။
ရှုပ်ထွေးပွေလီ အစီအရင်က ကွဲအက်နေပြီ ဖြစ်သော်လည်း အက်ကြောင်းများကို ဖြတ်သန်းသွားရသည့်ခါမှာတော့ ကြောက်ရွံ့ပြီး တုန်လှုပ်နေဆဲ ဖြစ်သည်။
ဒါက သတ္တိကြောင်တာ မဟုတ်ဘူးနော်။ ဒါက ရှုပ်ထွေးပွေလီအရှိန်အဝါအတွက် သက်ရှိသတ္တဝါတိုင်းမှာ ရှိတဲ့ ပင်ကိုယ်ကြောက်ရွံ့စိတ်နဲ့ လေးစားမှုပဲ
အက်ကြောင်းများကို ဖြတ်သန်းသွားရခြင်းက ပြင်းထန်သောဖိအားကို ခံစားရသည့်အတွက် သွားရတာ မလွယ်ကူပေ။
အကွာအဝေးက ပေပေါင်းသောင်းကျော် ရှိသည့်အတွက် ပါရမီရှင်များအနေဖြင့် ဖြတ်သန်းဖို့ အချိန်တစ်ရာရီကျော် အချိန်ယူရသည်။ မမြင်ရသော အလွှာတစ်ခုကို ကျော်ဖြတ်ပြီးသွားပါက ကမ္ဘာအသစ်တစ်ခုကို ရောက်ရှိသွားသကဲ့သို့ သူတို့ ချက်ချင်း ပျော်ရွှင် ပေါ့ပါးသွားပေမည်။
ဤနေရာက အင်မတန် ကျယ်ဝန်းသော သမုဒ္ဒရာပိုင်နက် ဖြစ်ပြီး ကောင်းကင်နှင့် သမုဒ္ဒရာက အဖိုးတန်ရတနာများကဲ့သို့ ပြာလဲ့နေသည်။
ကောင်းကင်အလယ်တွင် နေမင်းက အရောင်စုံစွာ တောက်ပနေပြီး အရမ်းအားကောင်းသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။
ရှန်ထျန်း အတွင်းစွမ်းအားများ တက်ကြွလာသည်။ ဤနေရာရှိ ဝိညာဉ်ချီများက သူတော်စင်တောင်ပေါ်တွင် ရှိသော ပမာဏထက် ၁၀ဆလောက် ပိုများနေသည်ကို သူ သတိထားမိသည်။
ဒါက ဘာကိုဆိုလိုတာလဲ
အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဒီနေရာမှာ တစ်ရက်ကျင့်ကြံခြင်းက သူတော်စင်တောင်ပေါ်တွင် ၁၀ရက် ကျင့်ကြံတာနဲ့ တူညီတယ်လို့ ဆိုလိုတာပဲ
ဒီမှာ တစ်ရက်ဆိုတဲ့အချိန်က ကောင်းချီးနယ်မြေ၊ ချိုင့်ဝှမ်းတွေနဲ့ တခြား နယ်မြေတွေအတွက် နှစ်ပေါင်းများစွာနှင့် ညီမျှသည်။
ဒီဆန်းကြယ်နယ်ပယ်က အရမ်းကို ထူးခြားတာပဲ
“ သဘာဝရဲ့ ဖိအားတွေနဲ့ ဖန်တီးထားတာ။ ကမ္ဘာပေါ်မှာ ဒီလို အံ့ဩဖို့ကောင်းတဲ့ နေရာမျိုး ရှိတယ်ဆိုတာကို ယုံတောင် မယုံနိုင်ဘူး”
နဂါးနက်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ချီရှောက်ရွှမ်က အသက်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်သည်။
သူ၏ အံ့ဩဖွယ်ကောင်းသော ကံကြမ္မာနှင့် ဆန်းကြယ်နယ်ပယ်များနှင့် ပတ်သက်ပြီး ကျယ်ပြန့်သော အတွေ့အကြုံများရှိလျှင်ပင် ဤ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ထူးခြားအံ့ဖွယ်ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။
အစမှာတင် အရမ်းစိတ်ဝင်စားဖို့ ကောင်းနေပြီ။ သူတို့ အထဲထိ ဝင်သွားရင် ဘာတွေများ ထပ်ပြီး ကြုံတွေ့ရဦးမှာပါလိမ့်
ထိုအခိုက်အတန့်တွင် နောက်ဖက်မှ အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့နောက်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်က ရှေ့သို့ ရုတ်တရက်တိုးမြင့်လာကာ များပြားသော သမုဒ္ဒရာမျိုးနွယ် ပါရမီရှင်များကို လွှမ်းခြုံသွားသည်။
သူတို့က စွမ်းအားကြီး ပညာရပ်များကို ထုတ်သုံးကာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ရုန်းကန်နေကြသည်။ တောက်ပသော အလင်းတန်းများနှင့် ပုံရိပ်သဏ္ဌာန်များ ပေါ်လာသည်။ သို့သော် ကြိုးစားသမျှ အရာမထင်ပေ။ သူတို့ ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်မှုအားလုံးလည်း ပျက်ပြယ်သွားရသည်။
ထို့အပြင် ရှုပ်ထွေးပွေလီ အငွေ့အသက်က ဒေါသထွက်နေပုံပေါ်သည်။ ထိုပါရမီရှင်များဆီသို့ မကျေနပ်စွာဖြင့် ပိုမိုတိုးမြင့်လာသည်။
ထိုပါရမီရှင်များက သိပ်မကြာခင်တွင် ရှုပ်ထွေးပွေလီ အငွေ့အသက်၏ လုံးဝ ဝါးမျိုခြင်းကို ခံရပေတော့မည်။
သူတို့၏ ခန္ဓာကိုယ်များက စတင် လွင့်ပြယ်လာပြီ ဖြစ်သည်။ သူတို့၏ ဝိညာဉ်အသုံးအဆောင် ပစ္စည်များနှင့် ကာကွယ်ရေးအဆောင်များလည်း ပျော်ဝင်သွားသည်။ ထိုအရာက ကြက်သီးထစရာ မြင်ကွင်းတစ်ခု ဖြစ်သည်။
“ မဟုတ်သေးဘူး။ ဘာတွေဖြစ်နေတာလဲ။
ဒီရူးကြောင်ကြောင် ရှုပ်ထွေးပွေလီ အငွေ့အသက်တွေက ဘာလို့ ငါ့ကို ပစ်မှတ်ထားနေကြတာလဲ။ ဒါက လုံးဝ မတရားဘူး။
ကယ်ပါဦး။ ငါက ပင်လယ်အနီမိုနီမျိုးနွယ်ရဲ့ မင်းသားပဲ။ ဘယ်သူ ငါ့ကို ကယ်နိုင်လဲ။ ကယ်ပေးတဲ့သူကို ငါ့ရဲ့ ရတနာတွေအားလုံး ပေးပါ့မယ်။
ဝင်လာ… ဝင်လာပြီးတော့ မင်း ငါ့ကို ကယ်နိုင်ပါတယ်။ ငါ မသေချင်သေးဘူး။ ငါက အဲလောက်ပထိ လွယ်လွယ်နဲ့ မကျရှုံးဘူး”
ပါရမီရှင်များထဲမှ တစ်ယောက်က ရူးသွားပုံပေါ်သည်။ သူက တားမြစ်အဆောင်တစ်ခုကို ဖြဲပစ်ကာ သူ့ ခန္ဓာကိုယ်က အရိပ်အဖြစ် ပြောင်းလဲသွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သူက စိတ်အေးသက်သာစွာ ပြုံးနေသည့်အတွက် သူ့နောက်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်က ပေါက်ကွဲသွားသည်။
ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းက လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို သေသွားအောင် ရိုက်ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစွမ်းအားကြီး ပါရမီရှင်က အနီရောင်ငါးအဖြစ် ပြောင်းလဲသွားကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
အဆုံးမဲ့ပင်လယ်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ထသွားပြီး ခဏအကြာတွင် အရာအားလုံး ပြန်လည်ငြိမ်သက်သွားပြန်သည်။
ကြီးမြတ်သော ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲရှိ ကြီးမြတ်သော သမုဒ္ဒရာထဲ၌…
ဘာမှမဖြစ်ခဲ့သလိုပင် …