← Chapters

အခန်း (၃၂၁)

Vol. 24 Ch. 321

အခန်း (၃၂၁)

Vol. 24 Ch. 321

နာရီဝက်ခန့် ထပ်မံ ကုန်ဆုံးသွားခဲ့၏။ တော်ဝင်ရန်အင်ပါယာ၏သံတမန်များ ရောက်ရှိလာခဲ့၏။ အဆင့်လေးနှင့် အဆင့်ငါးအထက်ရှိ အရာရှိများပင်။ ယွမ်မင်ကျယ်သည် ခေါင်းဆောင် ဖြစ်၏။ တခြားသောသူ လေးယောက်မှာ အသက် ၄၀ နှင့် ၅၀ နီးပါးခန့် ရှိပြီး အတွေ့အကြုံ ရင့်ကျက်သည့် အရာရှိများ ဖြစ်၏။

“ရွှဲ့ပြည်နယ်ဘုရင်ကို ဂါရဝပြုပါတယ်” ယွမ်မင်ကျယ်သည် ဒူးထောက်ကာဖြင့် အရိုအသေပြုသည်။

တော်ဝင်ရန်အင်ပါယာနှင့် ရွှဲ့ပြည်နယ်တို့သည် အပြန်အလှန် အသိအမှတ်ပြုပြီးသား ဖြစ်၏။

ရွှဲ့ဘုရင်သည် တော်ဝင်ရန်အင်ပါယာ၏ ထိပ်တန်းသစ္စာရှိနိုင်ငံခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်ပြီး ဒုတိယနေရာ၌ ကျင်းဘုရင်၊ ချန်ဘုရင်အသစ်နှင့် ချောင်ဘုရင်တို့ရှိသည်။

တော်ဝင်ရန်အင်ပါယာသည် အားလုံးကို ထိန်းချုပ်စိုးမိုးထားပြီး သူ၏ လက်အောက်၌ ကျင်း ၊ ချန်နိုင်ငံသစ်၊ ချောင် နှင့် ဝူ နိုင်ငံတို့ရှိ၏။ ဟုတ်ပေ၏ ထိုနိုင်ငံများသည် နိုင်ငံများအဖြစ် အသိအမှတ်ပြုပေးခြင်းခံရသည်မှာ နှစ်နှစ်ဆယ်ကျော်သာ ရှိသေး၏။

ယခင်က တော်ဝင်ရန်အင်ပါယာ၏ လက်အောက်တွင် နိုင်ငံကြီးတစ်ခုတည်းသာ ရှိပြီး ထိုနိုင်ငံသည် တော်ဝင်ချန် နိုင်ငံဖြစ်ခဲ့သည်။ ထိုနိုင်ငံ၏ ဘုရင် ကျန်းလီသည် ဘုရင်တစ်ပါးသည်သာမက အားလုံးသောသူတို့၏ အုပ်စိုးသူလည်း ဖြစ်ခဲ့သည်။ အင်ပါယာဖြစ်လာရန် ခြေတစ်လှမ်းသာလိုတော့သည့် အခြေအနေဆီသို့ပင် ရောက်ရှိခဲ့သည်။

ကြောက်စရာစစ်ပွဲကြီးဖြစ်ပွားခဲ့ပြီးနောက် တော်ဝင်ရန်အင်ပါယာသည် အောင်ပွဲကို ရရှိခဲ့သည်။ ပြီးနောက် တော်ဝင်ချန်နိုင်ငံသည်လည်း အစိတ်စိတ်၊ အပိုင်းပိုင်း ဖြစ်ခဲ့၏။

ရန်အင်ပါယာသည် နိုင်ငံငါးနိုင်ငံအဖြစ် ခွဲခြမ်းလိုက်သည်။ ထိုနိုင်ငံတို့၏ အုပ်စိုးသူများအား ဘုရင်ဟု ကင်ပွန်းတပ် ခေါ်ဆိုပြီး သူကိုယ်တိုင်ကမှု အင်ပါယာဟု သုံးနှုန်းသည်။

ထို့ကြောင့် နင်ယွမ်ရှမ်းသည် သူ့ကိုယ်သူ ကောင်းကောင်းသိသည်။ သူ၏ အရင်းအမြစ်ကို မမေ့လျော့ပေ။ ဤမြေတည်နေရာသည် သူ၏ ဘိုးဘေးတို့ တည်ဆောက်ပေးခဲ့သည့်နေရာ မဟုတ်ဘဲ ရန်အင်ပါယာ ပေးထားသည့် နေရာသာ ဖြစ်သည် ဆိုခြင်းပင်။

“သံတမန်ကြီးယွမ်.. ထတော့”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်၏။ “အခုတစ်ကြိမ် ဆင့်ခေါ်တဲ့ကိစ္စက ဒီရှေ့မှာရှိတဲ့ အမျိုးသမီးကို အတည်ပြုပေးဖို့ပါ။ သူမက တော်ဝင်ရန်အင်ပါယာရဲ့ ရာဇဝတ်သား ရွှယ်ရင်လား။ ရာဇဝတ်သား ကျန်းလီရဲ့ သွေးသောက်ညီမ ဟုတ်လား၊ မဟုတ်လား အတည်ပြုပေးပါ”

အတည်ပြုရန် လိုအပ်နေသေးသည်လား။ မျက်စိရှိသူတိုင်း သူမ ရွှယ်ရင်ဖြစ်ကြောင်း ပြောနိုင်၏။ သို့ပေမည့် ကျူးဝမ်ဟွာ သိသည်မှာ လုပ်ထုံးလုပ်နည်းကိုပင်။

အမိကမ္ဘာမြေ၏ လူသတ်မှုစစ်ဆေးသလိုပင် စစ်ဆေးရ၏။ သတ်ခဲ့သည်ကို သိရှိသော်လည်း သက်သေများကို စုစည်း ရှာဖွေရ၏။ ထိုကဲ့သို့သောအချိန်အခါတွင် လူသတ်သူကို လူသတ်သမားဟု မခေါ်ဆိုဘဲ သံသယရှိသူဟုသာ ခေါ်ရ၏။

ယွမ်မင်ကျယ်သည် ရှမ့်လန်၏ တင်ပါးကို လှမ်းကြည့်ကာ ပြုံးလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။ ‘မင်း.. မင်း သရုပ်ဆောင်တာ နည်းနည်း လွန်နေပြီ’

ရှမ့်လန်က ပြောလိုက်၏။ ‘အစ်ကိုကြီး.. နန်းတွင်းညီလာခံဆိုတော့ ပြဇာတ်တစ်ခုလိုပဲ။ သေသေချာချာ ပြုလုပ်မှ ဖြစ်မှာပေါ့’

သူတို့နှစ်ယောက်သည် မျက်လုံးများနှင့် စကားပြောခဲ့ကြခြင်း ဖြစ်၏။

ပြီးနောက် ယွမ်မင်ကျယ်သည် တော်ဝင်ရန်အင်ပါယာ၏ သံတမန်လေးယောက်ကို ရွှယ်ရင်ရှေ့သို့ သွားစေပြီး ဂရုစိုက် ကြည့်ရှုလေ့လာစေ၏။ ယွမ်မင်ကျယ်သည် လက်သီးကို ဆုပ်ကာဖြင့် ဦးညွှတ်လိုက်သည်။

ရွှယ်ရင်က ခေါင်းညိတ်ပြ၏။ ဤနှစ်ဦးသည် ယခင်တည်းက တွေ့ဖူးကြပြီး အသိအကျွမ်းများပင် ဖြစ်၏။ ထို့ကြောင့် အတည်ပြုရန်ပင် မလိုအပ်ချေ။ ဤသည်မှာ တော်ဝင်ရန်အင်ပါယာ၏ ပဉ္စမမြောက် ရာဇဝတ်သား ရွှယ်ရင်ပင် ဖြစ်သည်။

ယွမ်မင်ကျယ်သည် ဘုရင်မင်းမြတ်၏ရှေ့ဆီသို့ လျှောက်သွားကာ ဦးညွှတ်လိုက်၏။ “အရှင်မင်းကြီး... ဒီမိန်းမက ရွှယ်ရင်နဲ့ အရမ်းကို တူပါတယ်။ ဒါပေမဲ့ သူမက ရာဇဝတ်သား ရွှယ်ရင် မဟုတ်ပါဘူး”

ဤစကားကို ကြားရသည့်အချိန်မှာတော့ လူတိုင်းသည် အံ့အားသင့်မှင်သက်သွားခဲ့၏။ ကျူးဝမ်ဟွာသည် ထိုစကားကို ကြားသည့်အချိန်မှာတော့ မယုံကြည်နိုင်သလို ဖြစ်သွားခဲ့သည်။

အားလုံးက မျက်စိကန်း နေသည်လား။ ဤမိန်းမသည် ကျန်းလီ၏ သွေးသောက်ညီမငယ် ရွှယ်ရင်ဖြစ်နေသည်မှာ ထင်ရှား၏။ အဘယ်သို့ သူမ မဟုတ်ဘူးဟု ပြောနိုင်ရသနည်း။

အားလုံးကလည်း အံ့အားသင့် မှင်သက်နေမိကြ၏။

ကျူးဝမ်ဟွာသည် ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။ “အရှင်မင်းကြီး... တော်ဝင်ရန်အင်ပါယာရဲ့ သံတမန် ယွမ်မင်ကျယ်က ရှမ့်လန်နဲ့ ရင်းနှီးပြီးတော့ အစ်ကိုလို့၊ ညီလို့ ခေါ်ဆိုဖူးတာကို ကျုပ် ကြားဖူးပါတယ်။ ဒီတော့ ရှမ့်လန်ကို ကူညီကာကွယ်နေခြင်းသာ ဖြစ်ပါတယ် အရှင်မင်းကြီး။ တော်ဝင်ရန်အင်ပါယာက သံတမန်တစ်ယောက် ဒါမှမဟုတ် နောက်ထပ် အရာရှိတစ်ယောက် ဒါမှမဟုတ် မင်းသားတစ်ယောက်ယောက် ကို ဆင့်ခေါ်ပြီး စစ်ဆေးပေးဖို့ တောင်းဆိုချင်ပါတယ်”

ဤသည်မှာ ရာဇဝတ်သား ရွှယ်ရင်ဖြစ်သည်မှာ ရှင်းလင်း၏။ ရှမ့်လန်သည် ယွမ်မင်ကျယ်နှင့် ပူးပေါင်းပြီး အပြစ်ဒဏ်မှ လွတ်မြောက်ရန် ကြိုးစားလျက် ရှိနေသည်လား။ အိမ်မက် မက်မနေနှင့်။ တော်ဝင်ရန်အင်ပါယာ၏ မင်းမျိုးမင်းနွယ်များသည် ရှမ့်လန်အား မျက်လုံးထဲ ထည့်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်ကို မကူညီမှာ သေချာ၏။

တော်ဝင်ရန်အင်ပါယာ၏ မင်းသားတစ်ပါးပါး ရောက်ရှိလာသည်နှင့် ရှမ့်လန် ကျိန်းသေပေါက် ကွပ်မျက်ခြင်း ခံရပေလိမ့်မည်။

‘ယွမ်မင်ကျယ်.. မင်း ရှမ့်လန်ကို ကယ်တင်ရဲတယ် ဟုတ်လား။ သေလမ်းရှာ နေတာပဲ’

အင်ပါယာ၏သံတမန် ယွမ်မင်ကျယ်သည် တခြားသော သံတမန်များကို လှည့်ကြည့်လိုက်၏။ “အကြီးအကဲတို့... ကျုပ်က အရင်တုန်းက ရာဇဝတ်သား ရွှယ်ရင်ကို မြင်ဖူးတယ် ဆိုပေမဲ့ အတော်ကြီး ငယ်သေးတယ်။ လူကြီးမင်းတို့က ပိုပြီးမြင်ဖူးမှာပေါ့။ ဒီတော့ လာကြည့်လိုက်တာ ပိုကောင်းပါမယ်။ ဒီမိန်းမက တော်ဝင်ရန်အင်ပါယာရဲ့ ရာဇဝတ်သား ဟုတ်၊ မဟုတ် အတည်ပြုပေးပါ”

တခြားသောသံတမန်နှစ်ဦးသည် အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်များ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည် ရွှယ်ရင်ကို ဂရုတစ်စိုက်နှင့် သေချာကြည့်ရှု၏။ ရွှယ်ရင်ကို အနီးကပ် ကြည့်ရှုပြီးသည့်နောက် သူတို့သည် ခေါင်းကို ခါယမ်းလိုက်သည်။

“မဟုတ်ပါဘူး။ ဒါ ရာဇဝတ်သား ရွှယ်ရင် မဟုတ်ပါဘူး။ ဘယ်လိုလုပ် ရွှယ်ရင်က ဒီလောက် ငယ်ရွယ်မှာလဲ” အားလုံးသောသူတို့က အံ့အားသင့်သွား၏။

ယွမ်မင်ကျယ်က အဓိပ္ပာယ် မရှိသည်ကို ပြောနေ၏။ သို့ပေမည့် ဤအသက် ၄၀ ၊ ၅၀ ခန့် လူများသည် မျက်စိကန်း နေတာမျိုး မဖြစ်နိုင်ပေ။ အဓိပ္ပာယ်မရှိသည်ကို အဘယ့်ကြောင့် ပြောနေရသနည်း။

ကျူးဝမ်ဟွာက စိတ်လှုပ်ရှားလာခဲ့၏။ အားလုံးက မျက်စိကန်းနေကြသည်လား။ သူမ ရွှယ်ရင်ဖြစ်သည်မှာ ရှင်းလင်းနေ၏။ သူမက သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ ထို့ကြောင့် နုပျိုသည့် အသွင်အပြင်ကို ထိန်းသိမ်းထား နိုင်စွမ်း ရှိသည်။

“ရှမ့်လန်... မင်း တခြားနိုင်ငံရဲ့ သံတမန်တွေကိုတောင် ခေါ်ပြီး လိမ်လည်လှည့်စားရဲတယ်ပေါ့။ ဒီနေရာမှာ မင်းတင် ကွပ်မျက်ခံရမှာ မဟုတ်ဘူး။ သူတို့ပါ ကွပ်မျက်ခံရလိမ့်မယ်”

ကျူးဝမ်ဟွာသည် ချက်ချင်းဆိုသလိုပဲ ဦးတိုက်ကာ ပြောပြန်၏။ “အရှင်မင်းကြီး... ယွမ်မင်ကျယ်က ရှမ့်လန်ရဲ့ မိတ်ရင်းဆွေရင်းကောင်းပါပဲ။ သူက ရူးသွပ်နေပါပြီ။ ရှမ့်လန်အတွက် ကိုယ့်အသက်ကိုတောင် မမှုဘဲ ရူးသွပ်နေပါပြီ။ တခြားသံတမန်တွေကိုလည်း ခြိမ်းခြောက်ပြီး လာဘ်ထိုးထားတာ ဖြစ်နိုင်ပါတယ် အရှင်မင်းကြီး။ တော်ဝင်ရန်အင်ပါယာကို တစ်စုံတစ်ယောက်ကို ဆင့်ခေါ်ပြီး ရန်အင်ပါယာရဲ့ တရားခံကို အတည်ပြုပေးဖို့ တောင်းပန်အပ်ပါတယ်”

အရှင်မင်းမြတ် နင်ယွမ်ရှန်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

“ဘာပဲပြောပြော .... ငါ ဒီလိုထပ်လုပ်ဖို့ မလိုတော့ဘူး။ သံတမန်လေးယောက်လုံးက မဟုတ်ကြောင်း ပြောခဲ့ပြီဆိုတော့ ငါလည်း စိတ်အေးသွားပြီ။ ဒီအမှုကလည်း အမှန်တရား ပေါ်လွင်သွားခဲ့ပြီ။ ဒီမိန်းမက ရာဇဝတ်သား ရွှယ်ရင် မဟုတ်ဘူး”

ကျူးဝမ်ဟွာသည် ထိုစကားကိုကြားသည့်အချိန်မှာတော့ ပါးစပ်ဟောင်းသား ဖြစ်သွား၏။

အားလုံးကလည်း မှင်သက်သွားသည်။

ဘာတွေ ဖြစ်နေသနည်း။ ဤသူသည် ရွှယ်ရင်ဖြစ်ကြောင်း ရှင်းလင်းနေ၏။ သံတမန်များသည်လည်း အမှန်တရားကို လိမ်ညာနေကြခြင်းသာ ဖြစ်၏။ ဘုရင်မင်းမြတ်သည် သမင်ကို မြင်းဖြစ်အောင် လက်ညှိုးထိုးပြ နေခြင်းအား အဘယ့်ကြောင့် ယုံကြည်နေရသနည်း။

တော်ဝင်မိသားစုများဖြစ်သော ကျူကျွင်း၊ စုနန်၊ နင်ချီနှင့် တခြားသော ထိပ်တန်းမင်းမျိုးနွယ်အားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေကြ၏။

ကျူးဝမ်ဟွာသည် နန်းတွင်းညီလာခံမှာ အလွန်မှောင်မိုက်သည့် တည်နေရာတစ်ခုဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ လူပုံအလယ်တွင် သမင်ကို မြင်းဖြစ်သည်ဟု အားလုံးသောသူတို့က လက်ညှိုးထိုးပြလျက် ရှိနေ၏။ ထိုအရာကို ဘုရင်မင်းမြတ်ကလည်း လက်ခံထားသည်။

ဘုရင်မင်းမြတ်သည် ရှမ့်လန်၏လှည့်စားမှုအား ဝင်ရောက်ကာ ကူညီပေးလျက် ရှိနေလေ၏။

ဘာတွေ ဖြစ်နေသနည်း။ ရူးသွပ်နေကြလေသည်လား။ အားလုံး ရူးသွပ်နေကြလေသည်လား။

‘ဒီအမှုကို ငါ တော်ဝင်ရန်အင်ပါယာဆီသို့ တင်သွင်းရမယ်။ ဒီလောကမှာ တရားမျှတမှု မရှိဘူးဆိုတာ ငါမယုံဘူး’

ထိုအခိုက်မှာပဲ ရှမ့်လန်သည် အလွန်ခက်ခဲစွာဖြင့် မတ်တပ်ထရပ်ရန် ကြိုးစား၏။ ပြီးနောက် ထော့နဲ့ထော့နဲ့နှင့် အသာလှမ်းလျှောက်သွားရင်း ပြောသည်။ “ကျုပ်ပြောခဲ့တယ်မလား။ ဒါ ကျုပ်ရဲ့အဒေါ် ရွှယ်ရင်ပါလို့။ ရာဇဝတ်သား ရွှယ်ရင် မဟုတ်ပါဘူးလို့။ အခုတော့ အမှန်တရား ပေါ်ပေါက်လာခဲ့ပြီ။ အဒေါ်.. အိမ်ကို ပြန်နှင့်ပါ။ ကျုပ် ခဏနေရင် လိုက်ခဲ့မယ်”

ရွှယ်ရင်သည် အသာခေါင်းညိတ်ပြီး လေနှင့်အတူ အသာပျောက်ကွယ်သွားခဲ့၏။

ကျူးဝမ်ဟွာက ရုတ်တရက် အက်ကွဲခြောက်လျက် ရှိနေသည့် အသံဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒီမိန်းမက ရာဇဝတ်သား ရွှယ်ရင်ပါ။ ကျိန်းသေပေါက် ရာဇဝတ်သား ရွှယ်ရင်ပါပဲ”

ရှမ့်လန်သည် ရှေ့ကိုတိုးပြီးနောက် တစ်ဖက်လူကို လက်သီးနှင့်ထိုး၊ ခြေထောက်ဖြင့် အားရပါးရ ကန်ကျောက်တော့၏။ “မင်း ငါ့အဒေါ်ကို စွပ်စွဲရဲတယ်ပေါ့ ဟုတ်လား။ မင်း ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားရဲတယ်ပေါ့ ဟုတ်လား။ မင်းကို ငါ ရိုက်သတ်ပစ်မယ်။ မင်းကို ငါ ရိုက်သတ်ပစ်မယ်”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ ‘ရှမ့်လန်... ခုနလေးတင် မင်းရဲ့ တင်ပါးက သွေးတွေ ထွက်နေတာ မဟုတ်ဘူးလား။ ခုဏ လမ်းလျှောက်လာတုန်းကတောင် ထော့နဲ့ထော့နဲ့နဲ့လေ။ အခု ဘယ်လိုဖြစ်ပြီး ဖျက်လတ် သွက်လက်နေရတာလဲ။ သူများကိုတောင် ကန်ကျောက်နိုင်သေးတယ်ပေါ့။’

မိန်းမစိုးကြီးလီစွမ်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့၏။ ပြီးနောက် သူက တီးတိုး ပြောလိုက်၏။ “ရှမ့်လန်... ဖြည်းဖြည်းလုပ်။ မင်းလုပ်တာနဲ့ တင်ပါးပေါ်ကနေ သံအပျော့ချပ်ဝတ် ကျွတ်ကျလိမ့်မယ်။ ဒါဆိုရင် အားလုံး မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်”

ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် အားထည့်ကာ ကန်ထည့်လိုက်သည်။ ယခင်ကလည်း အားထည့်သည်။ ယခု အားပိုထည့်လိုက်ခြင်းပင်။

ကျူးဝမ်ဟွာသည် နာကျင်မှုကို ခံစားရ၏။ သူ၏သွားများသည် ကျိုးကြေသွားခဲ့ပြီး သွေးများလည်း ထွက်လာခဲ့သည်။

ရှမ့်လန်က တီးတိုးပြောလိုက်၏။ “ဒီသောက်ရူး... တော်ဝင်ရန်အင်ပါယာရဲ့ ရာဇဝတ်သား ရွှယ်ရင် သတင်းကို ငါ အစောကြီးတည်းက သိပြီးသား။ မင်းလို အဆင့်ခုနစ် နန်းတွင်းစစ်ဆေးရေးအရာရှိလေးဆီကို ဒီသတင်းက ဘယ်လိုရောက်လာတာလဲ သိလား။

ငါပေးလို့ပေါ့ကွ၊ ငါပေးလို့။ တော်ဝင်ရန်အင်ပါယာရဲ့နန်းတော်အတွင်းမှာတောင် ရန်အင်ပါယာကိုယ်တိုင် သမင်ကို မြင်းဖြစ်အောင်လို့ လက်ညှိုးထိုးပြလိမ့်မယ်။ သူက ရွှယ်ရင် မဟုတ်ဘူးလို့ ပြောမှာပဲ။ ဒီလိုမျိုး ရွှဲ့ပြည်နယ်ထဲ မှာဆိုရင် ပြောနေစရာတောင် မလိုဘူး။

ဒီနေ့ ငါ့ကို အမြင့်ဆုံးထိလှမ်းတင်ပြီး သဲကန္တာရလူရိုင်းတွေဆီကို ပို့လွှတ်ချင်တဲ့လူတွေရှိတယ်။ သူတို့ လှုပ်ရှားတော့မယ့် အချိန်မှာ ထွက်လာပြီး ငါ့ကို ကယ်တင်ခဲ့တယ်။ ကျေးဇူးတင်တယ်။ ညီတော်လေးသောက်ရူး... မင်းက တကယ့်ကို အကူအညီ ဖြစ်စေခဲ့တဲ့ လူတစ်ယောက်ပဲ”

ကျူးဝမ်ဟွာသည် ချက်ချင်းပဲ မှင်သက်သွား၏။ ဘာတွေဖြစ်နေသနည်း။ လောကကြီးသည် ဤကဲ့သို့ ဆိုးသွမ်းသည်လား။

ဤတစ်ကြိမ်မှာတော့ ဘုရင်မင်းမြတ်သည် ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်နေ၏။

“ရှမ့်လန်.. မင်း မင်း မိုက်ရိုင်းလွန်းတာပဲ။ မင်း ကျူးဝမ်ဟွာကို ရိုက်နှက်ခဲ့တယ်။ ဒါကြောင့်ပဲ ရိုက်နှက်ခံရပြီးပြီ။ အခု ကျူးဝမ်ဟွာကို ထပ်ရိုက်နေသေးတာလား။ မင်း ညီလာခံကို အထင်သေးနေတာလား။ မိုက်ရိုင်းလှချည်လား၊ မိုက်ရိုင်းလှချည်လားကွ”

ဘုရင်မင်းမြတ်သည် ဒေါသတကြီးဖြင့် ဆူငေါက်လိုက်သည်။ “လီစွမ်း.. ရှမ့်လန်ကို ခေါ်သွား။ သူ့ကိုဆွဲပြီး ထပ်ရိုက်စမ်း”

ရှမ့်လန်သည် တဖန် ဆွဲထုတ်ခြင်းကို ခံရပြန်၏။

ဖြောင်း.. ဖြောင်း.. ဖြောင်း

ရှမ့်လန်သည် နာကျင်စွာ အော်ဟစ်ဟန် ဆောင်လိုက်၏။ သို့ပေမည့် နောက်ဆုံးတစ်ချက်တွင်တော့ ...

“အား..”

အော်သံသည် နားကွဲမတတ် ကျယ်လောင်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အမှန်တကယ် နာကျင်သောကြောင့်ပင်။ “လီစွမ်း... ခင်ဗျား ကျုပ်ကို တကယ် ရိုက်ရဲတယ်ပေါ့”

မိန်းမစိုးကြီး လီစွမ်းသည် သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ထား၏။ “ကောင်လေး.. ငါ မင်းကို သည်းခံနေတာ ကြာပြီ။ ဒါ ငါ့ရဲ့ ခွန်အား ၃၀ ရာခိုင်နှုန်းကိုတောင် မသုံးရသေးဘူး။ ပြီးတော့ သိပ်မောက်မာ မနေနဲ့။ ငါမင်းနဲ့အတူ သရုပ်ဆောင်နေပေးတာ။ မင်းက သေလုမျောပါး အခြေအနေမျိုး ခံစားနေရမယ့်အစား တခြားလူကို ထပြီး လက်သီးနဲ့ထိုး၊ ခြေနဲ့ကန် လုပ်နေသေးတယ်ပေါ့။ ဘာလဲ၊ ငါ့ရဲ့ သရုပ်ဆောင်ပညာကို လူတွေ မသိမှာ စိုးလို့လား။ မင်း ငါ့ကို သိက္ခာချနေရတာလား”

ရှမ့်လန်သည် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့လျက် ရှိနေ၏။ သူသည် ထော့နဲ့ထော့နဲ့ နှင့် ညီလာခံထဲသို့ ပြန်လည်ကာ လှမ်းလျှောက်သည်။ “လီစွမ်း… အဘိုးကြီး၊ ခင်ဗျားကို ကျုပ် မှတ်ထားမယ်”

“ဒါပေမဲ့ မင်းကို ငါ တကယ်ပဲ အားအင်ရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရိုက်ခဲ့တာ”

“မသိဘူး။ ကျုပ် လက်စားချေမှာပဲ”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း.. ရာဇဝတ်သား ရွှယ်ရင်ရဲ့ စစ်ဆေးမှုက မဟုတ်ဘူးဆိုတာ ပေါ်သွားခဲ့ပြီ။ ဒီတော့ ကျူးဝမ်ဟွာက လုပ်ကြံဖန်တီးပြီး ပေါက်ကရတွေ လျှောက်ပြောခဲ့တာ။ ဒါကြောင့် သူ့ကို ရာထူးက ထုတ်ပယ်ရမယ်။ ပြီးရင် ဖမ်းဆီးပြီး အကျဉ်းချထားရမယ်။ အထူးတရားရုံးက သူ့ကို သေသေချာချာ စစ်ဆေးရမယ်”

ရေနက်တပ်ဖွဲ့ဆီမှ စစ်သည်တော်လေးဦးသည် ချက်ချင်းဆိုသလိုပင် ရှေ့ထွက်လာခဲ့၏။ ကျူးဝမ်ဟွာ၏ အရာရှိ ဦးထုပ်ကို ဆွဲချွတ်ကာဖြင့် အရာရှိဝတ်စုံများကိုလည်း အသာချွတ်ယူ၏။ ပြီးနောက် အထူးတရားရုံး၏ အကျဉ်းထောင်ဆီသို့ ခေါ်ဆောင်သွားခဲ့တော့သည်။

“အရှင်မင်းကြီး... ဒါ စွပ်စွဲခံရတာပါ။ ဘာဖြစ်လို့လဲ။ ရှမ့်လန်... ရှမ့်လန်... ဘာဖြစ်လို့လဲ။ မင်း တကယ့်ကို ဆိုးရွားလွန်းတဲ့ ကောင်ပဲ”

............

All Chapters