← Chapters

အခန်း (၃၂၂)

Vol. 24 Ch. 322

အခန်း (၃၂၂)

Vol. 24 Ch. 322

ဟုတ်ပေ၏။ အကြောင်းအရင်းကတော့ ရှင်းရှင်းလေးဖြစ်၏။ ရွှယ်ရင်သည် သူမမှာ အပြစ်ကြွေးဆပ်နေရသူ ဖြစ်ကြောင်း အမြဲတမ်း ပြောဆိုနေခဲ့၏။ ရှမ့်လန်ဖြစ်စေ၊ ကျုံးချုးကဲ့ဖြစ်စေ အားလုံးသောသူတို့အား သူမမှာ အပြစ်ရှိကြောင်း ဝန်ခံ၏။ သူမသည် တကယ်ပင် ကျန်းလီ၏ သွေးသောက်ညီမငယ် ဖြစ်၏။

သို့ပေမည့် သူမတွင် အခြားသော ဂုဏ်ပုဒ်တစ်ခုကလည်း ရှိသေး၏။ ထိုအရာမှာ သူမသည် တော်ဝင်ရန် အင်ပါယာ၏ မင်းသမီးတစ်ပါး ဖြစ်နေခြင်းပင်။ သူမသည် တော်ဝင်ရန်အင်ပါယာ၏ အမိန့်ကို နာခံကာ ကျန်းလီ၏ ဘေး၌ သွားရောက်နေထိုင်ခဲ့၏။ သို့ပေမည့် နောက်ပိုင်းတွင် ကျန်းလီ၏ ဩဇာလွှမ်းမိုးမှုကို ခံရပြီး မိမိ၏ တာဝန်ကို သစ္စာဖောက်ကာ ကျန်းလီထံတွင် သစ္စာစောင့်သွားခဲ့သည်။

လောကကို တုန်လှုပ်စွမ်းနိုင်စွမ်းရှိသည့် တိုက်ပွဲကြီး ရှုံးနိမ့်ခဲ့ပြီး ကျန်းလီ သေဆုံးခဲ့၏။ ဖြစ်စဉ်တစ်ခုလုံးသည် ရှုပ်ထွေးပြီး မည်သူမှ ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိခဲ့ပေ။ ကျန်းလီသည် လောကတွင် အတော်ဆုံးသော သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး ကျန်းလီ၏ အမျိုးသမီး ဧကရီမှာမူ တတိယအတော်ဆုံးသော သိုင်းပညာရှင် တစ်ယောက် ဖြစ်၏။

ထိုလင်မယားကို မည်သူသတ်ဖြတ်နိုင်ခဲ့သနည်း။ အဘယ့်ကြောင့် ရုတ်တရက် သေဆုံးသွားရသနည်း။ အမှန်တရားကို မည်သူမှ မသိရှိကြချေ။

သို့ပေမည့် .... မည်သို့ပင်ဆိုစေကာမူ အင်ပါယာကျန်းလီသည် ရှုံးနိမ့်ခဲ့သည်။

ရွှယ်ရင်သည် တော်ဝင်ရန်အင်ပါယာ၏ သူလျှိုတစ်ဦးအနေဖြင့် အကျိုးပြုခဲ့သူအဖြစ် သတ်မှတ်ခံရနိုင်၏။ သို့သော်ငြား သူမသည် တော်ဝင်ရန်အင်ပါယာဆီသို့ ပြန်မသွားဘဲ မိမိ၏ မိသားစုဝင်အားလုံးကို အဆက်အသွယ် ဖြတ်တောက်ပြီး ကျန်းလီ၏ သွေးသောက်ညီမ ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ကြေညာခဲ့၏။ ပြီးနောက် တော်ဝင်ရန်အင်ပါယာသည် တရားမျှတမှုမရှိကြောင်းနှင့် အင်ပါယာကျန်းလီကို သတ်ဖြတ်ရန် အကောက်ကြံခဲ့ကြောင်း စွပ်စွဲခဲ့၏။

တော်ဝင်ရန်အင်ပါယာသည် ဤလျှို့ဝှက်ချက်အား ထုတ်ဖော်ပြောခြင်း ခံခဲ့ရသောကြောင့် သူမကို အလိုရှိသော ရာဇဝတ်သား စာရင်းထဲ ထည့်သွင်းခဲ့၏။ သို့ပေမည့် သူမသည် တော်ဝင်ရန်အင်ပါယာ၏ ညီမ၊ ကျန်းလီ ဘေးတစ်ဖက်၌ သူလျှိုအဖြစ် တာဝန်ထမ်းဆောင်ရင်း တော်ဝင်ရန်အင်ပါယာအား အကျိုးပြုခဲ့သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

သူတို့က သူမကို အဘယ်သို့ အမှန်တကယ် ဖမ်းဆီးမည်နည်း။ သို့ပေမည့် တော်ဝင်ရန်အင်ပါယာ၏ အထက်တန်းလွှာများ နှင့် တိုင်းပြည်အသီးသီးမှ မူးမတ်များလည်း ဤလျှို့ဝှက်ချက်ကို သိရှိကြ၏။ သူမကို မြင်သည်ဆိုပါက မျက်စိပိတ်ပြီး နေပေးရုံသာ တတ်နိုင်၏။

ရန်သူသည် သူ့အား သဲကန္တာရလူရိုင်းများဆီသို့ စေလွှတ်ရန် တွန်းအားပေးခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ရှမ့်လန်သည် ဤလျှို့ဝှက်ချက်ကို အသုံးချခဲ့ခြင်း ဖြစ်၏။ အစပိုင်းတုန်းက သူသည် ကျန်းချုံး၏ ဒုတိယသား ကျန်းချွင်ဆီသို့ ထိုသတင်းအပိုင်းအစကို ပို့ခဲ့သေးသည်။

နောက်ဆုံးမှာတော့ ကျန်းချွင်သည် လျှို့ဝှက်စာတစ်စောင်ကို ပြန်လည် ပေးပို့ခဲ့သည်။ “သခင်လေးရှမ့်.. ကျုပ်တို့ မိသားစုကြားမှာရှိတဲ့ ရန်ငြိုးက ပြီးဆုံးသွားခဲ့ပြီ။ ကျုပ်ကို မတိုက်ခိုက်ပါနဲ့တော့”

ကျန်းချွင်သည် တကယ့်ကို အသိတရားရှိပြီး ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သောကြောင့် ရှမ့်လန်ပင်လျှင် ရှက်ရွံ့မိ၏။ သို့ပေမည့် ကျန်းချွင်၏စာထဲ၌ ကျူးဝမ်ဟွာမှာ စစ်ဆေးရေးရုံးသို့ အသစ်ဝင်ရောက်လာခဲ့သည့် လူတစ်ယောက် ဖြစ်ပြီး သူရဲကောင်းဆန်သော အမူအကျင့်ရှိကြောင်း ဖော်ပြခဲ့၏။ ထို့ကြောင့် ရှမ့်လန်သည် ဤခက်ခဲလွန်းသည့် တာဝန်ကို ကျူးဝမ်ဟွာဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် စစ်ဆေးရေးမှူး အသစ်လေး ကျူးဝမ်ဟွာသည် ငါးစာကို ဟပ်ရန် မစောင့်နိုင်တော့ချေ။ ငါးစာကို မြင်သည်နှင့် ချက်ချင်းလှမ်းကာ ဟပ်၏။ ရွှယ်ရင်က အလိုရှိသော ရာဇဝတ်သား ဖြစ်ကြောင်း သိရှိချိန်မှာတော့ ဝမ်းမြောက်ဝမ်းသာဖြင့် ရှမ့်လန်ကို သေဒဏ်ပေးနိုင်တော့မည့်အရာဖြစ်ကြောင်း တထစ်ချ မှတ်ယူခဲ့သည်။ နောက်ဆုံးမှာတော့ ကျင်းမိသားစုလုံးကို သူတို့က ကွပ်မျက်နိုင်တော့မည်ဟု တွေးထင်ခဲ့သည်။

ညီလာခံ တက်ရောက်ရန် အရည်အချင်းမရှိသောကြောင့် စစ်ဆေးရေးမှူး ဝမ်ချန်လီ ကို ရှာဖွေခဲ့၏။ ဝမ်ချန်လီသည် နေ့စဉ်နေတိုင်း ကြီးမားသောကိစ္စအရာတစ်ခုကို ပြုလုပ်လိုသူဖြစ်ပြီး အမှုကိစ္စကြီးမားလေ ပိုမိုကာ ကောင်းလေ ဖြစ်၏။ ထိုမှသာလျှင် သူတို့ စစ်ဆေးရေးရုံး၏ တန်ခိုးအာဏာကို ပြသနိုင်မည် မဟုတ်ပါလား။

သို့ပေမည့် သူ၏ရာထူးဖြင့် ရွှယ်ရင်သည် အလိုရှိနေသော ရာဇဝတ်သားဖြစ်ကြောင်း လျှို့ဝှက်ချက်ကို မသိရှိခဲ့ချေ။ ထို့ကြောင့် မြင်းပေါ်သို့တက်၍ သွားရောက်ရန် မစောင့်နိုင်တော့ဘဲ ဖြစ်နေ၏။ အရေးကြီးဆုံးမှာ သူ့သည်လည်း ရှမ့်လန်ကို မုန်းတီးလွန်းသောကြောင့်ပင်။

ရလဒ်အားဖြင့် ရှမ့်လန်သည် ယနေ့ နန်းတွင်းညီလာခံ၌ သူ၏ ပထမဦးဆုံး တိုက်ပွဲကို အလုံးစုံ အောင်ပွဲခံ တိုက်ခိုက်ခဲ့၏။

ဤအချိန်မှာတော့ ရှမ့်လန်က သဘောပေါက်လိုက်လေ၏။ ရန်သူသည် မဟာမိတ်ထက်ပင် ပိုမိုကာ အသုံးဝင်၏။ တစ်ခါတစ်ရံတွင် မဟာမိတ်သည် မိမိအတွက် ထောင်ချောက်တစ်ခုပင် ဖြစ်၏။ ဥပမာအားဖြင့် ကျားမင်းသမီး .... အာ.. ထားလိုက်ပါတော့။

..............

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မွန်းတည့်တော့မယ်။ ကိစ္စဝိစ္စတွေကို အမြန် ဆွေးနွေးကြတော့။ ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးက ပင်လယ်ဓားပြ ချောင်ထျန်းဝေကို ချေမှုန်းပြီး နုရှောင့်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ငါတို့နိုင်ငံအတွက် နယ်မြေသစ်တစ်ခုကို ဖန်တီးပေးခဲ့တယ်ဆိုတော့ သူ့ကို ရွှမ်ဝူနယ်စားကြီး အဖြစ် သူကောင်းပြုရမယ်။ ကန့်ကွက်သူ မရှိဘူးဆိုရင် ဒီတိုင်း ပြုလုပ်လိုက်ကြတော့”

ထိုအချိန်မှာတော့ ရှမ့်လန်သည် ဂဏန်းတစ်ကောင်ကဲ့သို့ ဇောင်ပေဇောင်ပေနှင့် အသာလှမ်းထွက်လာခဲ့၏။ သူသည် သားသတ်သမား၏ ဓားကို ကိုင်ဆောင်ထားသည့် လူတစ်ယောက်ကဲ့သို့ပင်။

မည်သူ ရှိသေးသနည်း။ မည်သူက သူ့ကို တားဆီးခွင့်သနည်း။ လူတိုင်းသည် စောဏတုန်းက ဥပမာကို မြင်ခဲ့ပြီးသား ဖြစ်နေ၏။

တစ်စုံတစ်ယောက်သည် သူ့ကို ထိခိုက်အောင် ပြုလုပ်ချင်သည်ဆိုပါက သူက သေလုမျောပါး ပြန်လည် ရိုက်နှက်မှာ ဖြစ်၏။ သူ့ကို ဒုက္ခပေးခဲ့တဲ့သူသည် သေလုမျောပါးအထိ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အထူးတရားရုံး၏ အကျဉ်းထောင်ဆီသို့ ပို့ဆောင်ခြင်း ခံရသည်။

မည်သူက ရှမ့်လန်၏ ရန်သူ ပြုလုပ်ချင်သနည်း။

လည်ပင်းကို စမ်းကြည့်သင့်၏။ မည်မျှ မာကျောသနည်းဆိုသည်ကို သိရှိမှသာလျှင် အပြင်ဘက်ကို ထွက်လာသင့်၏။ သူ၏ ယောက္ခထီး နယ်စားဘွဲ့ချီးမြှင့်ခံရခြင်းကို တားဆီးလိုသူသည့် မည်သူမဆိုသည် သူ၏ရန်သူ ဖြစ်လာပေလိမ့်မည်။ သူသည် မရပ်မနား ထိုးနှက်သတ်ဖြတ်ရပေလိမ့်မည်။

အားလုံးသော သူတို့သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သူမှ ရှေ့ထွက်မလာကြချေ။ ရှမ့်လန်၏ စောဏတုန်းက တိုက်ခိုက်မှုသည် အားလုံးသောသူတို့ကို ကြောက်လန့်စေခဲ့ပုံပေါ်၏။ မတရား ရက်စက်လွန်း၏။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ကန့်ကွက်သူ မရှိဘူးဆိုရင် ဆုံးဖြတ်လိုက်ပြီ”

ထိုအချိန်မှာပဲ အမတ်ကြီးတစ်ယောက်သည် ရှေ့သို့ ထွက်လာ၏။ ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ရွှမ်ဝူအိမ်တော်က ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ ကျုပ် သတင်းပို့ပါတယ်။ သက်သေ အထောက်အထား လည်း ခိုင်လုံပါတယ်။ အရှင်မင်းကြီး... ရွှမ်ဝူကျင်းကျိုးကို နယ်စားကြီးဘွဲ့ မချီးမြှင့်သင့်ပါဘူး။

အခုချက်ချင်းပဲ ရေနက်အဖွဲ့မှ စစ်သည်တွေကို စေလွှတ်ပြီး ကျင်းကျိုးကို ဖမ်းဆီးဖို့ တောင်းပန်ပါတယ်။ ကျင်းမိသားစုရဲ့ နယ်မြေဖြစ်တဲ့ နုရှောင့်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ အရှေ့တောင်ပိုင်းတပ်တွေကို စေခိုင်းပေးပါ အရှင်မင်းမြတ်ဘုရား။

ရှမ့်လန်က မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ နန်းတော်ထဲ ဝင်လာခဲ့တာပါ။ သူက ကျင်းမိသားစုရဲ့ ပုန်ကန်မှုအတွက် အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ အရှင်မင်းကြီး... သူ့ကို ဖမ်းဆီးဖို့ တောင်းပန်အပ်ပါတယ်။ ဒါက အရမ်း အရေးကြီးပါတယ်။ မဟုတ်ရင် အလှည့်အပြောင်းကြီးတစ်ခု ပေါ်ပေါက်လာနိုင်ပါတယ်။

ကျင်းမိသားစုက ဝူပြည်နယ်နဲ့ ပူးပေါင်းပြီး နိုင်ငံတော်အပေါ် သစ္စာဖောက်ထားပါတယ်။ အရှင်မင်းကြီး... ကျုပ်ဆီမှာ ခိုင်လုံတဲ့ သက်သေတွေ ရှိပါတယ်”

ရှမ့်လန်၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ထပ်လာပြန်ပြီလား။ ယနေ့ သူ ကောင်းကောင်းကြီး ပျော်ရွှင်ရပေတော့မည်။

…….

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။ သူသည် ကောက်ကျစ်စဉ်းလဲ၍ မာနကြီး၏။ အသေးစိတ်အချက်အလက်များကို ထုတ်နှုတ်ကာဖြင့် အနုစိတ်ခံစားတတ်သူတစ်ယောက်လည်း ဖြစ်၏။

ဤအချက်အလက်များကို တိုက်ဆိုင်ကြည့်ရှုပါက ရင်းနှီးနေသည်ဟု ခံစားရသည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည်လည်း ထိုကဲ့သို့သော စရိုက်လက္ခဏာမျိုးကို ပိုင်ဆိုင်သောကြောင့်ပင်။

ကျန်းချုံးသည် တခြားနည်းလမ်းအရ စဉ်းစားမည်ဆိုလျှင် ဘုရင့်အတွက် အကျိုးတော်ထမ်းဆောင်ခဲ့သူ တစ်ယောက် ဖြစ်သော်လည်း ယခု တရားရေးရာဌာန၏ အကျဉ်းထောင်ထဲတွင် လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရပြီး ယခုထက်တိုင် ပြန်မလွတ်သေးချေ။

တောင်ပိုင်းနိုင်ငံ၏ စစ်ရေးအခြေအနေတွင် အရေးနိမ့်လျက်ရှိနေသည်ဖြစ်ရာ မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အတွက် ချင်နိုင်ငံဆီမှ သေးငယ်သောအောင်ပွဲလေးတစ်ခုကို တစ်စိတ် တစ်အိတ်လုပ်ကာ ကြီးကျယ်ခမ်းနားစွာဖြင့် နိုင်ငံ၏အောင်ပွဲတစ်ခုကဲ့သို့ ပြုလုပ်ခဲ့သူဖြစ်သည်။

သို့ပေမည့် ဘုရင်မင်းမြတ်သည် တကယ့်ကို ဉာဏ်ကောင်းလွန်းသည့် လူတစ်ယောက်လည်း ဖြစ်၏။ အရာရာတိုင်းကို ရှင်းလင်းပြတ်သားစွာမြင်နိုင်စွမ်းရှိသည်ဆိုသော်လည်း သူ၏အတ္တကြီးမှုနှင့် မာနတရားတို့က ထိုအရာများကို ဖုံးကာ မသိဟန်ဆောင်နေခြင်းပင်။

ဤကဲ့သို့သောလူမျိုးသည် နှစ်ခြိုက်နေသည့် အခြေအနေမျိုးတွင် အရာရာ ကောင်းမွန်နေပေလိမ့်မည်။ သို့ပေမည့် မနှစ်ခြိုက်တော့သည့် အချိန်မျိုးတွင်မှာတော့ အရာရာတိုင်းကို မုန်းတီးရွံရှာမိပေလိမ့်မည်။ အနည်းဆုံး လက်ရှိ အခြေအနေတွင် သူသည် ရှမ့်လန်ကို နှစ်ခြိုက်ဆဲ ဖြစ်၏။ ထို့အပြင် တစ်နေ့တခြား ပိုမို၍ နှစ်ခြိုက်လာခဲ့၏။

ရှမ့်လန်သည် အနုစိတ် ခံစားတတ်သူတစ်ယောက် ဖြစ်ပြီး ဉာဏ်ကောင်း၏။ ထို့အတူ ရည်မှန်းချက်လည်း ကြီးကြီးမားမား မရှိချေ။ အပြစ်အနာအဆာများနှင့် ပြည့်နှက်နေသော်လည်း ထိုအပြစ်အနာအဆာများကို ဖုံးကွယ်ရန် မကြိုးစားခဲ့ဘဲ သူ့ကဲ့သို့ပင် မာနကြီးစွာဖြင့် ခပ်တည်တည် ဘယ်သူ့မှ ဂရုမစိုက်ဘဲ နေထိုင်ခဲ့သူတစ်ယောက် ဖြစ်သည်။

ကြည့်ရှုမည်ဆိုလျှင် ရှမ့်လန်သည် မည်မျှ ကြီးမားသည့်ကိစ္စရပ်များကိုမဆို ပြုလုပ်ရဲ၏။ ဥပမာအားဖြင့် နန်းတော် ညီလာခံဝင်ပေါက်၏အရှေ့တွင် စုနန်ကို တိုင်စာရေးသားရန် ဝန်ကြီးပေါင်းများစွာတို့အား အော်ကြီးဟစ်ကျယ် အားပေးခဲ့ခြင်း၊ ယခု ညီလာခံထဲတွင် ကျူးဝမ်ဟွာကို ထိုးကြိတ် ရိုက်နှက်ခဲ့ခြင်းတို့ပင် ဖြစ်၏။

ရွှဲ့ပြည်နယ်၏ ဘုရင်မင်းမြတ်သည် ပညာရှိမင်းတစ်ပါး မဟုတ်ချေ။ သို့ပေမည့် ပညာရှိမင်းတိုင်းသည် နိုင်ငံ့အုပ်စိုးသူများ မဟုတ်ကြချေ။ တစ်ခါတစ်ရံတွင် ပညာရှိမင်းတစ်ပါး ဖြစ်ရခြင်းက အလွန်တရာ ပင်ပန်းဆင်းရဲလှသည်။

ရှမ့်လန်သည် ဉာဏ်ကောင်းသူဖြစ်သောကြောင့် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် သူ့ကို တစ်နေ့တခြား ပိုမိုကာ နှစ်ခြိုက်သဘောကျလာ၏။ ထိုအချက်ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်သည် တချို့သော အကြောင်းအရာ ကိစ္စရပ် များတွင် ရှမ့်လန်ကို တကယ်ကို တင်းတင်းကြပ်ကြပ် ထိန်းကွပ်ထား၏။

ထိုအထဲမှတစ်ခုသည် ကျင်းမိသားစုနှင့် ဝူပြည်နယ် ပူးပေါင်းဆက်နွယ်နေခြင်းပင် ဖြစ်ပြီး ထိုအရာက လုံးဝကို ခွင့်မလွှတ်နိုင်သော အပြစ်ကြီးတစ်ခု ဖြစ်၏။ ရှမ့်လန်သည် ရည်မှန်းချက်မရှိ၊ ပုန်ကန်မှုမရှိသည်ကို သူ ကောင်းကောင်း သိ၏။ ထို့အပြင် ကျင်းကျိုးကို သူ လူပုဂ္ဂိုလ်ပိုင်းအရ နှစ်ခြိုက်ခြင်း မရှိသော်လည်း ကျင်းကျိုး၏ ဂုဏ်သိက္ခာ၊ စာရိတ္တနှင့် ကိုယ်ကျင့်တရားကိုတော့ သူ ယုံကြည်နေဆဲ ဖြစ်သည်။ ထိုသူသည် ဖြောင့်မတ်လွန်းသည်။

မူဝါဒသစ်နှင့်ပတ်သက်၍ သူ၏ ဂုဏ်သိက္ခာကျဆင်းခဲ့ပြီးဖြစ်သည်။ ယခုထိ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်မကြည်သေးပေ။ ကျင်းမိသားစု၏ နုရှောင့်မြို့ကို စစ်ချီတိုက်ခိုက်၍ မဖြစ်နိုင်သောကြောင့်သာ ဤအတိုင်း လွှတ်ထားရခြင်း ဖြစ်၏။

သို့ပေမည့် ရှမ့်လန်သည် သူ၏ စိတ်ထဲတွင်ရှိနေသော အငြိုးအတေးနှင့် စိတ်မကြည်လင်သည့် အကြောင်းအရာများ ပျောက်ကွယ်သွားအောင် ချင်နိုင်ငံသို့သွား၍ အကျိုးဆောင်ခဲ့သည်။ ထို့ကြောင့် လပေါင်းများစွာ ဆိုင်းငံ့ထားခဲ့သော ရွှမ်ဝူနယ်စားကြီးဘွဲ့ကို ချီးမြင့်ခြင်း ဖြစ်သည်။

ကျင်းမိသားစုသည်သာ ဝူပြည်နယ်နှင့် တကယ် ပူးပေါင်းဆက်နွယ်နေပါက ဘုရင်မင်းမြတ်၏ ရှမ့်လန်အပေါ်တွင် တည်ရှိနေသော သဘောထားမှတ်ချက်ကောင်းများက အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။ ရွှမ်ဝူနယ်စားကြီး ဟူသည့် ချီးမြှင့်မည့် ကိစ္စရပ်လည်း ပျက်စီးသွားပေလိမ့်မည်။

ရှမ့်လန်သည် သူ၏ယောက္ခထီးအား အရေးကြီးသော အခြေအနေမျိုးတွင်တောင်မှ ဝူပြည်နယ်နှင့် ပေါ်ပေါ်ထင်ထင် မပူးပေါင်းရန် အစဉ်အမြဲ သတိပေးခဲ့၏။ ထို့အပြင် ဘုရင်မင်းမြတ်ကို ခြိမ်းခြောက်သည့် ကိစ္စရပ်မျိုး မဖြစ်အောင် အထူးမှာကြားထားခဲ့၏။ ဤကဲ့သို့သော ပြုမှုဆောင်ရွက်ခြင်းသည် နောင်ဖြစ်လာမည့် ကိစ္စရပ်များအတွက် ကြိုတင်ကာကွယ်ခဲ့ခြင်း ဖြစ်၏။

ကျင်းမိသားစု၏ နိုင်ငံရေးရန်သူများသည် ဝူပြည်နယ်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ကျင်းမိသားစု သစ္စာဖောက်သွားမည်ကို အနှစ်သက်ဆုံးဖြစ်သည်။

ကျင်းမိသားစုသည် ထိုအရာကို မဖြစ်မနေ ပြုလုပ်ရတော့မည့်အခြေအနေမျိုးမှလွဲ၍ ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

မျှော်လင့်ထားသည့်အတိုင်းပင် လက်ရှိထွက်ပေါ်လာခဲ့သည့် အခြေအနေတစ်ခုသည် ဘုရင်မင်းမြတ်အား ဒေါသဆွသကဲ့သို့ ဖြစ်ခဲ့၏။ မျက်လုံးထဲတွင် လျှပ်စီးကြောင်းများ ဖြတ်ပြေးသွားသကဲ့သို့ပင်။

သူသည် ကျင်းမိသားစုကို နယ်စားဘွဲ့ချီးမြှင့်ရန် လအနည်းငယ် ဆွဲဆန့်ထားခဲ့လေ၏။ သို့ပေမည့် တစ်ဖက်လူများသည် သူ ချီးမြင့်မည်ကို မစောင့်နိုင်ပေဘူးလား။ ထို့ကြောင့် ဝူပြည်နယ်နှင့် ပြောဆို ဆွေးနွေးခြင်းမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်ပေမည်။

ရှမ့်လန်သည် ယခင်ထဲက သူ့ထံမှ ရွှမ်ဝူနယ်စားဘွဲ့ကို တောင်းခံခဲ့သော်လည်း ဘုရင်မင်းမြတ်က ဂရုမစိုက်ခဲ့ချေ။ ထိုအရာမှာ ကလေးတစ်ယောက်က သကြားလုံးတောင်းသကဲ့သို့ပင် ဖြစ်၏။ ထို့ကြောင့် သူ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ချေ။ အတင်းအကျပ် ခြိမ်းခြောက်တောင်းဆိုလျှင်တော့ သူ ... ဘုရင်မင်းမြတ်သည် ဘယ်တော့မှ လက်ခံလိမ့်မည် မဟုတ်ချေ။

“ယွီချန်ကျူး... မင်းဆီမှာ သက်သေရှိလို့လား” ဘုရင်မင်းမြတ်သည် အေးစက်စက်နှင့် မေးမြန်းလိုက်၏။

ဤအမတ်သည် ရှမ့်လန်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သော်လည်း ရှမ့်လန်သည် ထိုသူ၏နာမည်ကို ကောင်းကောင်းကြားဖူး၏။ နန်းတွင်းစစ်ဆေးရေးဌာန၏ ဒုတိယဝန်ကြီးဖြစ်ပြီး ကျန်းချုံးထက် ရာထူးတစ်ဝက်မျှ မြင့်၏။ သူသည် အဆင့်မြင့်အရာရှိတစ်ဦးဟု မှတ်ယူနိုင်၏။ ကျင်းမိသားစုနှင့် သူတို့ကြား ရန်ငြိုးရန်စ မရှိချေ။ ဤပုဂ္ဂိုလ်သည် ကျင်းမိသားစုကို လိုက်လံကိုက်ခဲရသည့် အကြောင်းအရာဟူ၍ တစ်ခုတည်းသာရှိ၏။ စုမိသားစုပင် ဖြစ်၏။ နောက်ကွယ်တွင် စုနန်က ရှိလို့နေသည်။

ဘုရင်မင်းမြတ်က ထပ်မံကာ မေးမြန်းလိုက်၏။ “သက်သေရှိလား”

ထိုသူက ပြန်လည်ကာ ဖြေဆို၏။ “ရှိပါတယ်။ ကျင်းကျိုးနဲ့ ဝူပြည်နယ်ဘုရင်ခံ ကြား စာပေးစာယူ ကိစ္စရပ်မျိုးတွေ ရှိပါတယ်။ ဝူပြည်နယ်အဆင့်မြင့်အရာရှိ သုံးယောက်က နုရှောင့်မြို့ကို တိတ်တဆိတ်သွားပြီး ကျင်းကျိုးနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ဝူပြည်နယ်ရဲ့ဝန်ကြီးငယ် ဝူမုန်၊ ယဉ်ကျေးမှုဝန်ကြီးဌာနက အရာရှိ ကျုံးရဲ့နဲ့ စီမံကိန်းဝန်ကြီးဌာနက ဝန်ကြီးငယ် ဝမ်ချန်ယန်တို့ ဖြစ်ပါတယ်”

ထိုသူက ခပ်တည်တည်ဖြင့် လျှောက်တင်လိုက်သည်။

ဤကိစ္စမှာ အမှန်ပင် ဖြစ်၏။ ကျင်းမိသားစုသည် နုရှောင့်မြို့ကို သိမ်းပိုက်ပြီးသည့်အချိန်မှစ၍ ဝူပြည်နယ်၏ သံတမန်များက အဆက်မပြတ် တွေ့ဆုံခွင့်တောင်းခဲ့၏။ သူတို့သည် ကျင်းမိသားစုအား နယ်စားကြီးဘွဲ့ ပေးအပ်ရန် သဘောတူညီထားကြပြီး လေ့ကျိုးကျွန်းစုကို သိမ်းပိုက်ကာဖြင့် ကျင်းမိသားစုအား အုပ်ချုပ်ရန် လွှဲပြောင်းပေးမည် ဟုလည်း တောင်းဆိုခဲ့၏။

အခြေအနေမှာ တစ်ခုတည်းသာ ရှိ၏။ ကျင်းကျိုးအနေနှင့် ရွှဲ့ပြည်နယ်ကို သစ္စာဖောက်ရန်ပင်။ တစ်ဖက်မှ စေလွှတ်ထားခဲ့သည့် သံတမန်များ၏ရာထူးသည် အဆင့်အတန်း မြင့်မား၏။ မကြာသေးမီကလည်း အဆင့်မြင့်အရာရှိကြီး သုံးဦးကို စေလွှတ်ခဲ့ပြီး ဖြစ်၏။ ဝူပြည်နယ်၏ တော်ဝင်မျိုးနွယ်ကို ကိုယ်စားပြုသည့် ဝန်ကြီးငယ်တစ်ပါးပင် ပါဝင်လာခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကျိုးရဲ့သည် ဝူပြည်နယ်ကို အစစ်အမှန် ကိုယ်စားပြု၏။ စီမံကိန်းဌာနဆီမှ ဝန်ကြီးငယ် ဝမ်ချန်ယန်သည် သံတမန်ရေးရာ ညှိနှိုင်းမှုများကို တာဝန်ယူပြီး တကယ်လည်း ကျွမ်းကျင်လွန်းသည့် လူတစ်ယောက် ဖြစ်၏။ အဆင့်အတန်းမြင့်မားလွန်းလှသည့် ရာထူးအရာခံနှင့်လူပင်။

သိထားရမည်မှာ ဤအရာသည် တရားဝင် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု မဟုတ်ဘဲ တစ်ဖက်သက် တောင်းဆိုသည့် အရာတစ်ခုသာ ဖြစ်ခဲ့သည်။

“စာဘယ်မှာလဲ” ဘုရင်မင်းမြတ်သည် လေသံမာမာဖြင့် မေးမြန်းလိုက်၏။

နန်းတွင်းစစ်ဆေးရေးမှူး ဒုတိယဝန်ကြီး ယွီချန်ကျူးသည် လျှို့ဝှက်စာတစ်ခုကို ထုတ်ကာ ဆက်သလိုက်သည်။ “ဒါ ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးနဲ့ ဝူဘုရင်မင်းမြတ်တို့ ကိုယ်တိုင်ရေးတဲ့စာပါ။ မယုံကြည်ရင် လက်ရေးလက်သားကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်”

ဘုရင်မင်းမြတ်သည် လျှို့ဝှက်စာကိုယူ၍ တစ်ချက်ကြည့်၏။ ချက်ချင်းဆိုသလိုပဲ သူ၏မျက်နှာက ပြောင်းလဲ သွားခဲ့၏။

ခဏအတွင်းမှာပဲ နန်းတော်ကြီး၏ ကောင်းကင်ယံထက်၌ မိုးသားများ ဖုံးလွှမ်းသွားခဲ့ပြီး အချိန်မရွေး မိုးကြိုးပစ်ချမည့် သကဲ့သို့ပင် မှောင်မိုက်အေးစက်သွားခဲ့သည်။

“ရှမ့်လန်... ကိုယ်တိုင်ကြည့်ပေတော့” ဘုရင်မင်းမြတ်သည် စာကို အသာပင် ပစ်လွှတ်လိုက်၏။

ဤကဲ့သို့ ပါးလွှာသော စက္ကူစာတစ်ခုသည် ဓားသွားတစ်ခုကဲ့သို့ပင် ရှမ့်လန်၏ ရှေ့မှောက်သို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့၏။ ဘုရင်မင်းမြတ်၏ သိုင်းပညာသည် ကြောက်ခမ်းလိလိပင်။

All Chapters