← Chapters

အခန်း (၃၂၄)

Vol. 24 Ch. 324

အခန်း (၃၂၄)

Vol. 24 Ch. 324

ဤစကားကို ကြားသည့်အချိန်မှာတော့ လူတိုင်းက အံ့အားသင့်သွား၏။

‘ရွှမ်ဝူမြို့စားကြီး.. ခင်ဗျား တကယ် ရက်စက်လွန်းလိုက်တာ။ ဝူပြည်နယ်ရဲ့ သံတမန်ကို သတ်ဖြတ်ပစ်ခဲ့တာလား။ ဒါက ကိုယ့်ရဲ့ ဆုတ်ခွာရာ လမ်းကြောင်းကို ဖြတ်ပစ်လိုက်တာနဲ့ အတူတူပဲလေ’

ယခုထက်ပို၍ ကျင်းမိသားစု၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည့်အရာဟူ၍ ရှိတော့မည် မဟုတ်ချေ။ ကျင်းကျိုးသည် ထိုသူတို့ကို သတ်ရန် မလိုလားသလို ရှမ့်လန်ကလည်း ထိုသူတို့ကို မသတ်ချင်ခဲ့ချေ။ သို့ပေမည့် ကျင်းမိသားစုကို အကျပ်အတည်းဖြစ်စေရန် ဝူပြည်နယ်သည် ရွှဲ့ပြည်နယ်မှ အာဏာရှင်အရာရှိများနှင့် ပူးပေါင်းကာ ကျင်းမိသားစုကို ယုတ်မာခဲ့၏။ ထို့ကြောင့် ကျင်းမိသားစု ရက်စက်သည်ကို အပြစ်မတင်သင့် တော့ချေ။

ယွီချန်ကျူး၏ မျက်နှာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့၏။ ထောက်လှမ်းရေးသတင်းများအရ ဝူပြည်နယ်မှ ဤအရာရှိသုံးယောက်တို့သည် နုရှောင့်မြို့စားအိမ်တော်တွင် နှစ်နာရီကြာ လျှို့ဝှက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သင်္ဘောဖြင့် ထွက်ခွာသွားခဲ့သည်ဟု ဖော်ပြထားခဲ့၏။ သူတို့သည် ဘေးရန်ကင်းစွာနှင့် ပြန်သွားခဲ့သည် မဟုတ်ပါလော။ ထိုသူများထဲမှ တစ်ယောက်က အဘယ်သို့ သတ်ဖြတ်ခြင်း ခံလိုက်ရသနည်း။

ဘုရင်မင်းမြတ်၏ မျက်လုံးများက ဝင်းလက်သွားခဲ့၏။ သူ၏မျက်နှာပြင် တစ်ခုလုံးက နီရဲသွား၏။

“ကောင်းတယ်၊ ကောင်းလိုက်တာ။ မြို့စားကျင်းကျိုးက ငါ့ရဲ့ယုံကြည်မှုကို သစ္စာမဖောက်ခဲ့ဘူးပဲ”

တကယ်ပင် ဆုံးဖြတ်ချက်ရှိရှိဖြင့် သတ်ဖြတ်ပစ်ခဲ့ပြီး သူ၏ရည်ရွယ်ချက်အားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်၏။ တစ်ချက်ကလေးမှပင် နှောင့်နှေးကြန့်ကြာခြင်း မရှိခဲ့ချေ။ သစ္စာရှိ အရာရှိ ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဒုတိယအကြိမ် ထပ်မံ စဉ်းစားနေစရာပင် မလိုအပ်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဝူပြည်နယ်ရဲ့ သံတမန်သုံးယောက်တို့က နုရှောင့်မြို့ထဲကို ခိုးဝင်လာခဲ့ကြတယ်။ သူတို့က ကျင်းမိသားစုနဲ့ ညှိနှိုင်းဆွေးနွေးချင်တာပါ။ ဒါပေမဲ့ ဒီအကြောင်းအရာကို ကျုပ်ရဲ့ယောက္ခထီးက ရှာဖွေတွေ့ရှိချိန်မှာ ချက်ချင်းပဲ ဒီလူသုံးယောက်လုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။

ဝမ်ချန်ယန်က အတင်းရုန်းကန်ပြီး ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် အသတ်ခံလိုက်ရပါတယ်။ တခြားနှစ်ယောက်ကိုတော့ ဖမ်းဆီးပြီး အကျဉ်းချထားပါတယ်။ ဘုရင်မင်းမြတ်ရဲ့ အပြစ်ပေးမှုကို စောင့်မျှော်နေပါတယ်”

ပြီးနောက် ရှမ့်လန်က ဦးညွတ်ကာ ပြောလိုက်၏။ “ဒီလုပ်ရပ်က ဝူနဲ့ ရွှဲ့ပြည်နယ်အကြားမှာ ရှိနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို သက်ရောက်စေခဲ့တယ်။ ကျုပ်ရဲ့ယောက္ခထီးက ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို လက်ခံရရှိခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဝူပြည်နယ်အရာရှိတွေကို ဖမ်းဆီးပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။ အရှင်မင်းကြီး.. ကျေးဇူးပြုပြီးတော့ အပြစ်ပေးတော်မူပါ”

“ဟား ဟား ဟား ဟား ဟား”

ဘုရင်မင်းမြတ်သည် ရုတ်တရက် မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းတယ်။ တကယ့်ကို ကောင်းတယ်။ ရွှဲ့ပြည်နယ်အတွက် ရွှမ်ဝူက သစ္စာရှိတဲ့ အရာရှိတစ်ယောက်ပဲ။ ငါ သူ့ကို သုံးသပ်တာ မမှားယွင်းခဲ့ဘူးပဲ”

“ကျင်းကျိုးက လိပ်နက်တစ်ကောင်လိုပဲ ခေါင်းမာပြီး ကိုယ်ကျင့်တရားကောင်းမွန်တယ်။ သူ့ရဲ့ အမူအကျင့်တွေက ယုံကြည်ရတဲ့ အရာမျိုးပဲ။ အရေးအကြောင်း အခြေအနေမျိုးမှာ သူက ငါ့ကို မှီခိုခဲ့တာပဲ”

“ဘာလဲ နိုင်ငံရေးရာ မှန်ကန်မှု၊ ဝူပြည်နယ်က ငါ့ကို ရှုံးနိမ့်ခဲ့တာ ကြာမြင့်ခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက တိုက်ပွဲတည်းက ဝူဘုရင်က ကြီးကြီးမားမား ရှုံးနိမ့်ခဲ့တယ်။ ရွှဲ့ပြည်နယ်ကို စီရင်စုကိုးခုတောင် ပေးခဲ့ရတယ်။ ဒီလို အဘိုးအိုနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ငါတို့က ဘာကြောက်နေစရာလိုလဲ။ ရွှမ်ဝူက ဘာတစ်ခုမှ မှားတာမလုပ်ခဲ့ဘူး။ တကယ့်ကို ကြီးမားတဲ့ ကောင်းကျိုးတစ်ခုကို လုပ်ခဲ့တာပဲ”

ပြီးနောက် ဘုရင်မင်းမြတ်သည် အရူးကြီးကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ဒီကတုံးရဲ့ လက်ထဲက သေတ္တာက ဘာကြီးလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါကတော့ ကောင်းကင်ဆီက မင်္ဂလာပါ။ ကျင်းမိသားစုအနေနဲ့ ဒီအရာကို မောင်ပိုင်စီးထားဖို့ မရဲပါဘူး။ ဒါကြောင့် အရှင်မင်းကြီးဆီကို အထူးလာဆက်သတာပါ”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဒါဆို ဖွင့်ပြီး ကြည့်ရအောင်”

အရူးကြီးသည် သေတ္တာကို အသာချထားသည်။

ရှမ့်လန်က ရှေ့ကို လှမ်းတက်ပြီး ထိုအရာကို ဖွင့်လိုက်၏။ အားလုံးသောသူတို့သည် အံ့အားသင့်သွားခဲ့၏။ ကြီးမားလွန်းသည့် လိပ်နက်ကြီးတစ်ကောင်ပင် ဖြစ်၏။ ဤလိပ်ကြီးသည် တကယ့်ကို ကြီးမား ခမ်းနားလွန်း၏။ သာမန်လိပ်များဆိုလျှင် နှစ်ပေါင်းတစ်ရာကျော်လောက် နေထိုင်အသက်ရှင်လျှင်ပင် အရွယ်အစားက လက်သီးတစ်ခု၏ အရွယ်အစားသာ ရှိ၏။

သို့ပေမည့် သူတို့၏ရှေ့ရှိ ဤလိပ်နက်ကြီးမှာတော့ စားပွဲခုံတစ်ခုလောက်ပင် ကြီးမားလွန်း၏။ ထိုအရာသည် ပေါင်တစ်ရာနီးပါးခန့် လေးမှာ သေချာ၏။ တကယ့်ကို ကောင်းကင်ကို ပုန်ကန်နိုင်သည့် လိပ်နက်ကြီးပင် ဖြစ်၏။ အချက်အလက်အားဖြင့် ဤသတ္တဝါသည် ၈၀ စင်တီမီတာ ရှိပြီး ပေါင်တစ်ရာကျော် လေးသော ကြီးမားသည့် တိုက်ခိုက်ရေး လိပ်ကြီး ဖြစ်သည်။

ရှမ့်လန်သည် ကောင်းကင်တာအိုအဖွဲ့အစည်းကို အလုံးစုံ အားကိုးကာဖြင့် ပင်လယ်ထဲမှ ထိုလိပ်ကို သွားရောက် ဖမ်းဆီးစေခဲ့ခြင်းဖြစ်သည်။ နယ်စားဘွဲ့ရရှိမည့် အခမ်းအနားတွင် ထိုလိပ်နက်ကို ဘုရင်မင်းမြတ်အား လက်ဆောင်ပေးရန် သူ ရည်ရွှယ်ထား၏။

ရွှမ်ဝူအိမ်တော်သည် အားကောင်းလွန်းသော်လည်း ပုန်ကန်ရန် ရည်မှန်းချက် မရှိကြောင်း ထုတ်ဖော် ပြသရပေလိမ့်မည်။ ကြီးမားသည့် ရွှမ်ဝူလိပ်နက်ကြီးအား ဘုရင်မင်းမြတ်ကို အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ပေးအပ်ခြင်းအားဖြင့် သူတို့၏ စိတ်ဆန္ဒကို သိရှိစေပေလိမ့်မည်။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် သူတို့၏ သစ္စာရှိမှုကို မြင်သာစေရပေမည်။

ဘုရင်မင်းမြတ်သည် ပြုံးကာ ပြောလိုက်သည်။ “ရှမ့်လန်.. ဒါက မင်းတို့မိသားစုရဲ့ နတ်ဘုရားသတ္တဝါလေ။ ဘယ်လိုဖြစ်ပြီး ငါ့ကို ပေးရတာလဲ”

“ရွှဲ့ပြည်နယ်ရဲ့ အရာအားလုံးက ဘုရင်မင်းမြတ် ပိုင်ဆိုင်တဲ့အရာပါပဲ။ နုရှောင့်မြို့၊ အင်း... ပြီးတော့ ဒီ လိပ်နက်ကြီးပေါ့”

“ဟား ဟား ဟား ဟား ဟား”

ဘုရင်မင်းမြတ်က ရယ်မောကာ ပြောလိုက်၏။ “ဒါက မင်္ဂလာရှိလား ၊ မရှိဘူးလား။ ဒီလိုအရာတွေကို ငါ မယုံကြည်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ လိပ်နက်ကြီးက တကယ့်ကို ရှားပါးတဲ့ သတ္တဝါတစ်ကောင်ပဲ။ ငါ ဒီလိုကောင်မျိုးကို သားရဲတိရစ္ဆာန်အဖြစ် မမွေးမြူဖူးဘူး။ အထူးသဖြင့် ဒီကောင်ကြီးကို ငါ ရေကန်ကြီး တစ်ခု ဖန်တီးပြီးတော့ မွေးမြူထားမယ်။ ပြီးတော့ နန်းတော်ထဲမှာ သေချာမွေးမြူပေးမယ်။ ဝင်ရောက်လာတဲ့ မိစ္ဆာတွေ၊ ဝိညာဉ်တွေ အကုန်လုံးကို သူက ဖိနှိပ်နင်းချေပေးမှာ အသေအချာပဲ”

ပြီးနောက် ဘုရင်မင်းမြတ်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ “အမိန့်ထုတ်ပြန်လိုက်တော့”

နန်းတွင်းအမိန့်ထုတ်ပြန်ရေးဌာနဆီမှ အရာရှိတစ်ယောက်သည် စားပွဲပေါ်တွင် ဦးညွတ်ကာဖြင့် မှတ်တမ်း မှတ်ရာများကို လိုက်လံရေးသားလျက် ရှိနေ၏။

“ကျင်းကျိုးက သစ္စာရှိတယ်။ သတ္တိကောင်းတယ်။ မှန်ကန်ပြီး တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့တယ်။ ပင်လယ်ဓားပြတွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရွှဲ့ပြည်နယ်ရဲ့ ပိုင်နက်ကို ချဲ့ထွင်နိုင်ခဲ့တယ်။ နိုင်ငံ့အတွက် ကြီးမားတဲ့ ကောင်းကျိုးကို ပြုလုပ်ခဲ့တာကြောင့် ငါ သူ့ကို ရွှမ်ဝူနယ်စားကြီးဆိုတဲ့ဘွဲ့ကို ပေးအပ်မယ်။

နုရှောင့်မြို့က ရွှဲ့ပြည်နယ်ရဲ့ ဌာနေတည်နေရာတစ်ခု ဖြစ်တယ်။ ဒါ သံသယရှိစရာ မလိုဘူး။ ကျင်းမိသားစုအနေနဲ့ ငါ့အစား စီမံခန့်ခွဲဖို့အတွက် အမိန့်တော်ချတယ်”

အမိန့်တော်နှစ်ခုက ထွက်ပေါ် လာခဲ့ပြီးသည့်နောက် ဘုရင်မင်းမြတ်က ဆက်လက်ကာ ပြောလိုက်၏။ “ဒီအမိန့်တော်နှစ်ခုကို ချက်ချင်းပဲ တော်ဝင်မိသားစု အသီးသီးဆီကို ဖြန့်ဝေပေးလိုက်”

ပြီးနောက် သူသည် ဦးရီးတော်နင်ချီကို လှမ်းကာ ကြည့်ရှုလိုက်၏။ “တော်ဝင်ဦးရီးတော်... ဒီခရီးကိုသွားဖို့ ကျုပ် ခင်ဗျားကို လွှတ်မယ်ဆိုရင် ဒုက္ခပေးတယ် မထင်ဘူးမဟုတ်လား”

[တတိယမင်းသား နှင့် ဦးရီးတော်နင်ချီတို့သည် နင်ချီဆိုသော နာမည်တူညီသည်]

နယ်စားခန့်အပ်ခြင်းဆိုသည့် ကိစ္စရပ်က ကြီးမားသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ ဦးရီးတော်နင်ချီသည် အသာထရပ်ပြီး ဦးညွှတ်လိုက်သည်။ “ကျုပ် ချက်ချင်းပဲ သွားလိုက်ပါ့မယ်”

ပြီးနောက် အမိန့်တော်နှစ်ခုကို စည်းခတ်ပြီး ရွှေရောင်သေတ္တာကြီးထဲသို့ ထည့်သွင်းလိုက်၏။ တော်ဝင်ဦးရီးတော်နင်ချီသည် အမိန့်တော်ကို လက်ခံရရှိခဲ့ပြီး တစ်ချက်လေးမှ နှောင့်နှေးခြင်းမရှိဘဲ နန်းမြို့တော်ဆီမှ လူများကို ခေါ်ဆောင်ကာ ရွှမ်ဝူအိမ်တော်ဆီသို့ ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။

ထိုအချိန်မှာတော့ ကျင်းမိသားစုသည် နုရှောင့်မြို့တစ်ခုလုံးကို တရားဝင် အုပ်ချုပ်ခွင့်ရခဲ့ပြီ ဖြစ်၏။ ကျင်းကျိုး၏ ရွှမ်ဝူနယ်စားကြီးအဖြစ် အဆင့်တိုးမြှင့်ခြင်းက အောင်မြင်သွားခဲ့ပြီး ဖြစ်သည်။

သို့ပေမည့် ဆရာလန်၏ တာဝန်ကတော့ မပြီးသေးချေ။ နောက်ဆုံးတော့ ကြောက်လန့်ထိတ်လန့်ရမည့် အရာတစ်ခု ရှိသေး၏။

“အရှင်မင်းကြီး.. ကျုပ်ရဲ့ ယောက္ခထီးက ဝူပြည်နယ်ရဲ့ သံတမန်ငယ်တစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီစာရဲ့ ရက်စွဲကတော့ လွန်ခဲ့တဲ့ ရှစ်ရက်တုန်းက ပို့လိုက်တဲ့စာ ဖြစ်နေတယ်။ ဒီကိစ္စက တစ်ခုခု ထူးဆန်းနေတယ် မထင်ဘူးလား။ ကျုပ်ရဲ့ ယောက္ခထီးက ဝူပြည်နယ်က သံတမန်ကို သတ်ဖြတ်ပစ်ခဲ့ပြီးမှ ဝူပြည်နယ်ဆီကို လျှို့ဝှက်စာတစ်စောင် ပေးပို့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။”

“ကျိန်းသေပေါက် ဒါက ဝူပြည်နယ်နဲ့ ဒီလူ့ကြားထဲမှာ ရှိနေတဲ့ ပူးပေါင်းကြံစည်မှုဆိုတာ သေချာပါတယ်။ ဒီလူက ကျင်းမိသားစု ဒုက္ခရောက်အောင် ကြံစည်ခဲ့တာပဲ”

“ယွီချန်ကျူးက ဝူပြည်နယ်က လူတွေနဲ့ သီးသန့်ဆွေးနွေး ပြုလုပ်နေခဲ့တာပဲ ဖြစ်မယ်။ မဟုတ်ရင် ဒီလျှို့ဝှက်စာကို သူ ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။ ဝူပြည်နယ်ရဲ့ လူသုံးယောက်တို့ နုရှောင့်မြို့ထဲ ခိုးဝင်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျင်းမိသားစုကို သူက ပြဿနာရှာခဲ့တာ။ ဒီကိစ္စက လျှို့ဝှက်ချက်တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ယွီချန်ကျူးက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိရှိနေတယ်။ သူက ကျိန်းသေပေါက် ဝူပြည်နယ်ရဲ့ သူလျှိုတစ်ယောက် ဖြစ်လိမ့်မယ်။ ဒီလူကို ကျိန်းသေပေါက် သတ်ပစ်ရပါလိမ့်မယ်”

ယွီချန်ကျူး၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ သူသည် တုန်ယင်နေသည့် လက်ညှိုးအစုံဖြင့် ရှမ့်လန်ကို ထိုးလိုက်၏။ “မင်း...မင်း... မင်းချောက်ချတာ။ ဒါ ချောက်ချတာပဲ။ အရှင်မင်းကြီး... သူ့ကို မယုံပါနဲ့။။ ကျုပ်က ဘုရင်မင်းမြတ်အပေါ်မှာ သစ္စာရှိတဲ့ လူတစ်ယောက်ပါ။ ဒီကိစ္စက နေလို၊ လလို ရှင်းလင်းပါတယ်”

ဘုရင်မင်းမြတ်သည် တစ်ဖက်လူကို အထင်မြင်သေးသလို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ “ဒီကောင်ကို ဖမ်းလိုက်။ ပြီးတော့ ရေနက်တပ်ဖွဲ့ရဲ့ အကျဉ်းထောင်ထဲ ပို့လိုက်။ သေသေချာချာ ပြန်ပြီး စစ်ဆေးရမယ်”

ဤအရာသည် ရေနက်အဖွဲ့၏ အကျဉ်းစခန်းထဲသို့ ပေးပို့ခြင်း ဖြစ်၏။ အထူးတရားရုံးဆီသို့ ပေးပို့ခြင်း မဟုတ်ချေ။ တကယ့်ကို ကြီးမားကြောက်မက်ဖွယ်ရာကောင်းသော တည်နေရာတစ်ခု ဖြစ်ပြီး ဤနေရာတွင် ရှိနေသည့် တပ်ဖွဲ့သားအားလုံးတို့သည် ဘုရင်မင်းမြတ်၏ ဓားသွားများ ဖြစ်၏။ ထိုသူများအားလုံးတို့သည် ဘုရင်မင်းမြတ်၏အမိန့်ကိုသာ လိုက်နာကြ၏။ ထိုထဲသို့ ရောက်ရှိသည်ဆိုပါက သေသလား၊ ရှင်သလား ဆိုသည်မှာ မသေချာတော့ပေ။ ကြည့်ရမည်ဆိုလျှင် ယွီချန်ကျူးနှင့် ပတ်သက်၍ ဘုရင်မင်းမြတ်၏ ဒေါသတရား မည်မျှ ကြီးမားသည်ကို သိရှိနိုင်၏။

ဘုရင်မင်းမြတ်၏အမိန့်ကို ရရှိပြီးနောက် ရေနက်အဖွဲ့မှ စစ်သည်တော်နှစ်ယောက်တို့သည် အရှေ့ကို လှမ်းတက်လာခဲ့ပြီး ဒုတိယဝန်ကြီး ယွီချန်ကျူးကို တစ်ခါတည်း ဆွဲခေါ်သွားခဲ့သည်။

“အရှင်မင်းကြီး.... ကျေးဇူးပြုပြီး ညှာတာပါ။ ကျုပ်ကို ညှာတာပေးပါအုံး။ ကျုပ်က အပြစ်ကင်းစင်ပါတယ်”

ရှမ့်လန်သည် နားကို အသာစွင့်ကာဖြင့် ယွီချန်ကျူးတစ်ယောက် နယ်စားကြီးစုဆီသို့ အကူအညီတောင်း အော်ဟစ်မည့်အသံကို စောင့်မျှော်နေမိ၏။ သို့ပေမည့် ယွီချန်ကျူးသည် အဆုံးထိ နယ်စားကြီးစု ဆိုသော နာမည်ကို တစ်ချက်ကလေးမှ မအော်ခဲ့ချေ။ ထိုအရာက စိတ်ပျက်စရာပင်။

သို့ပေမည့် ဆရာလန်သည် သဘောကျနေပြီ ဖြစ်၏။ ယနေ့တိုက်ပွဲတွင် သူ တစ်ယောက်တည်း ဖြစ်၏။ ထို့အပြင် အားကောင်းလွန်းလှသည့် ရန်သူပေါင်းများစွာတို့၏ တည်နေရာအနှံ့ဆီမှ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရ၏။ သို့သော်ငြား သူသည် အောင်မြင်မှုသရဖူကို လှမ်းကိုင်နိုင်ခဲ့၏။

ထိုအချိန်မှာတော့ သူသည် ခြေထောက်ကို ခပ်မတ်မတ်ရပ်ကာဖြင့် လက်ထဲတွင် ဓားမကြီးကို ကိုင်ဆောင်ကာ ဟိတ်ဟန်များသည့် အခြေအနေမျိုးကို ထုတ်ဖော်ပြသနေသကဲ့သို့ပင်။

‘ဘယ်သူကျန်သေးလဲ။ ဘယ်သူများ ကျန်သေးလဲ’

ညီလာခံထဲတွင် ရှိနေသည့် အရာရှိအရာခံအားလုံးတို့သည် ခေါင်းကို အသာလွှဲလိုက်ကြသည်။

အင်း ..... ပြိုင်ဖက်ကင်းရတာ အထီးကျန်တယ်။

ပြိုင်ဖက်ကင်းရတာ ဗလာနတ္တိပဲ။

ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို အထင်အမြင်သေးသလို လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်၏။ “အင်း.. မှတ်တမ်းအရာရှိ ရှမ့်လန်.. ညီလာခံထဲ လျှောက်အော်နေတယ်။ ညီလာခံကို ဘာထင်နေတာလဲ။ သူ့ကို ရိုက်နှက်လိုက်ကြစမ်း။ ပြီးတော့ သူ့ရဲ့ရာထူးကို ဖယ်ရှားလိုက်။ အိမ်ကို ပြန်လွှတ်ပြီး အမှားကို ပြန်လည် ဆင်ခြင်စေ”

“ဟမ်” ရှမ့်လန်က ကြောင်အသွားခဲ့သည်။

‘ငါ.. ငါ ခုဏတုန်းက အဲလောက်တောင် မောက်မာခဲ့တာလား။ ဘုရင်မင်းမြတ်တောင် ငါ့ကို ဆက်ပြီး မကြည့်နိုင်တော့ဘူး’

ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို ထူးမခြားနားသလို လှမ်းကာ ကြည့်ရှုလိုက်သည်။

‘ကောင်လေး... အရမ်းကြီး ဟိတ်ဟန်ထုတ်မနေနဲ့။ တစ်စုံတစ်ယောက်က မင်းကို သဲကန္တာရလူရိုင်းတွေဆီ သွားစေချင်နေတယ်လေ။ ဒီတော့ သူတို့ရဲ့မျှော်လင့်ချက်တွေကို ငါ ဒီလိုလုပ်ပြီး ဖျက်ဆီးမှ ဖြစ်မယ်”

ရှမ့်လန်သည် အိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။ ယုမိသားစု၏ အကြီးဆုံးသမီးလေး ယုခက်ခက်သည် ရှမ့်လန်၏ပေါင်ကို တအားဖက်ကာ ငိုယိုပြန်၏။ သို့ပေမည့် သူမသည် ငိုယိုရုံသာ ရှိ၏။ မျက်ရည်တစ်စက်မှ မထွက်ချေ။

ဤမိန်းကလေးသည် လည်လွန်းကြောင်း ရှမ့်လန်က သိရှိ၏။ ထို့ကြောင့် အနည်းငယ် စိုးရွံ့လို့နေခဲ့၏။ သုံးနှစ်သမီးသာ ရှိသေးသော်လည်း ရှမ့်လန်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိသူပင်။

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ချေ။ သူမကို အသာကောက်ချီကာ မေးလိုက်၏။ “အခု ဘာဖြစ်ခဲ့တာလဲ”

သုံးနှစ်သားသမီးလေး ယုခက်ခက်သည် နှစ်နှစ်အရွယ် သူမ၏ညီမကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဦးရီး.. ညီမလေးက ဦးရီးရဲ့ ပန်းချီတွေကို ဆွဲဖြဲလိုက်ပြီ”

ရှမ့်လန်သည် နှစ်နှစ်အရွယ်ကလေးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူမ၏ ခပ်ဝဝလက်လေး၌ ထပ်ပိုင်းပြတ်လျက် ရှိနေသည့် ပန်းချီကားကို ကိုင်ဆောင်ထား၏။ ရှမ့်လန်သည် တုန်လှုပ်သွားခဲ့၏။ ဤအရာသည် နတ်မိမယ် ရွှယ်ရင်၏ ပန်းချီကား ဖြစ်၏။ ပို၍အရေးကြီးမားသည်မှာ ပန်းချီပုံထဲတွင် ရှိနေသည့် နတ်မိမယ်သည် အနည်းငယ် ဆွဲဆောင်မှုရှိသည့် ပုံစံမျိုးနှင့် ဖြစ်နေခြင်းပင်။

ဆရာလန်သည် သူမ၏ ခန္ဓာကိုယ်ကို သေသေချာချာ ကြည့်ရှုကာဖြင့် တစ်ညလုံး ဆွဲထားရသည့်အရာ ဖြစ်၏။ သူသည် ထိုပန်းချီကားကို သေသေချာချာ ဖွက်ထားခဲ့သည်။ ဤကလေးမများ မည်သည့်နေရာက သွားကာ ဆွဲထုတ်ခဲ့သနည်း။

နတ်မိမယ်ရွှယ်ရင် မြင်သွားလေသလား။ တကယ့်ကို ရှက်ရွံ့စရာပင်။

နှစ်နှစ်အရွယ်ရှိသည့် ယုရှစ်ရှစ်သည် ပန်းချီကားကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေ၏။ သူမသည် ပန်းချီကားကို သေသေချာချာ ကြည့်ရှုနေတုန်း သူမ၏ အစ်မကြီး ရောက်ရှိလာခဲ့ပြီး ဆွဲဖြဲသွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဦးရီး.. ကျွန်မ မဖြဲပါဘူး။ ကျွန်မ မဖြဲပါဘူး”

သူမသည် ငိုယိုလျက် ရှိနေ၏။ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လျက် ရှိနေပြီး သနားဖွယ်ရာပင်။

ရှမ့်လန်သည် အကြီးဆုံးမလေးကို လှမ်းကာ ကြည့်ရှု၏။ သုံးနှစ်သာ ရှိသေး၏။ သို့ပေမည့် တကယ့်ကို ကောက်ကျစ်စဉ်းလဲနေပြီဖြစ်သည်။

ထိုအချိန်မှာတော့ အမျိုးသမီးသုံးယောက်တို့သည် ရှမ့်လန်နှင့် ကလေးနှစ်ယောက်တို့၏ မြင်ကွင်းကို ကြောင်အအနှင့် ကြည့်ရှုနေကြ၏။ နှစ်ယောက်သည် ပဉ္စမမင်းသား နင်ကျန်း၏မိန်းမ အမျိုးသမီးကျိုးနှင့် ရှောင်ပင်းတို့ ဖြစ်၏။ တတိယလူမှာတော့ မေးခွန်းထုတ်နေစရာ မလိုချေ။ ရွှယ်ရင်ပင်။

နတ်မိမယ် ရွှယ်ရင်သည် ထွက်ခွာသွားရန် ပြင်ဆင်ထား၏။ သူမသည် ရှမ့်လန်ကို နန်းမြို့တော်ဆီသို့ လိုက်ပါ ပို့ဆောင်ခဲ့ပြီး ဖြစ်ပြီး ရှမ့်လန်ကို ကူညီရန် နှစ်ရက်တိုင် နေထိုင်ခဲ့ပြီး ဖြစ်၏။ သူမကို ကယ်တင်ရန်အလို့ငှာ ကျုံးချူးကဲ့သည် စေတီတောင်ဆီသို့ သွားရောက်ပြီး အဆိပ်ဖြေဆေးရှာခဲ့၏။ ထို့ကြောင့် စေတီတောင်ဆီသို့ သူမ လိုက်ပါသွားရန် ပြင်ဆင်ခဲ့၏။

“အရာအားလုံးက ကွဲပြားသွားခဲ့ပြီ။ စေတီတောင်က ငါ့ကို ဘာမှ လုပ်မှာ မဟုတ်တော့ဘူး။ ဒီတော့ စိတ်မပူနဲ့ လန်အာ”

အကယ်၍ ကျုံးချူးကဲ့နှင့် သူမ ပြန်မလာဘူးဆိုပါက အရူးကြီးကို လီချင်းချိုးဆီသို့ ပို့ဆောင်ရန် မှာခဲ့သေး၏။ ရှမ့်လန်က တကယ့်ကို နှမြောတသစွာဖြင့် ရွှယ်ရင်နှင့် လမ်းခွဲခဲ့၏။ ဤအမျိုးသမီးကို ဆက်လက်နေထိုင်ဖို့ တောင်းဆို၍ မရနိုင်ကြောင်း သူ သိရှိ၏။ ထို့ကြောင့်ပင်လျှင် ရွှယ်ရင်အား ဆယ်မိုင်နီးပါးခန့်ထိ လိုက်ပါကာ ပို့ဆောင်ခဲ့၏။

“ကောင်လေး... ငါ့ကို ထပ်ပြီး လိုက်မပို့နဲ့တော့။ မဟုတ်ရင် မင်း လုံခြုံမှာ မဟုတ်ဘူး” ရွှယ်ရင်သည် ကြင်နာစွာ သတိပေးလိုက်သည်။

ရှမ့်လန်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “အဒေါ်.. လုံလုံခြုံခြုံနဲ့ ပြန်လာရမယ်နော်။ အားရင် ကျုပ်ကို လာတွေ့ပါအုံး”

ရွှယ်ရင်၏ လှပလွန်းသည် မျက်လုံးများသည် ရှမ့်လန်ဆီသို့ ရောက်ရှိလာသည်။

သူမက ကြင်နာစွာ ပြောလိုက်၏။ “အင်း.. မင်းက တကယ့်ကို နတ်သားတစ်ပါးလိုပဲ။ အဒေါ်က မင်းကို အရမ်းကြိုက်တယ်။ မင်းနဲ့အတူတူ နေထိုင်ခဲ့ရတဲ့ အချိန်တွေက ဘဝမှာ အပျော်ရွှင်ဆုံးနေ့တွေပဲ”

ပြီးနောက် သူမသည် ရှမ့်လန်၏နဖူးကို အသာနမ်းရှိုက်လိုက်၏။ သို့နှင့် နတ်မိမယ် ရွှယ်ရင်သည် ထွက်ခွာသွားသည်။

သို့ပေမည့် ထိုအချိန်မှာပဲ အရှေ့ဘက်၌ လူတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုသူသည် ရွှယ်ရင်ကို ဦးညွှတ်လိုက်၏။

“ကျန်းမင်က အဒေါ်ကို ဂါရဝပြုပါတယ်။ နှစ်နှစ်ဆယ်လောက် ရှိနေပြီ။ ကျုပ် နောက်ဆုံးတော့ အဒေါ်ကို ထပ်ပြီး တွေ့ရပြီ။ အင်ပါယာအဖေက လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်တည်းက သေဆုံးသွားခဲ့ပါပြီ။ အဒေါ် ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ အကြိတ်အခဲတွေက ပျောက်ကွယ်သွားသင့်ပါပြီ”

ရှမ့်လန်က မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့၏။

“အင်ပါယာအဖေ ဟုတ်လား” ချန်အင်ပါယာ ကျန်းလီ၌ မည်သည့်သားမှ မရှိချေ။ အဘယ်ကြောင့် တစ်ယောက်က ရုတ်တရက် ပေါ်ပေါက်လာရသနည်း။

All Chapters