အခန်း (၃၂၅)
Vol. 24 Ch. 325
နတ်မိမယ် ရွှယ်ရင်သည် အမြဲတမ်း ကြင်ကြင်နာနာနှင့် တည်တည်ကြည်ကြည်ရှိသူ ဖြစ်၏။ သူတို့ အတူတူ ကုန်ဆုံးခဲ့သည့်အချိန်များအတွင်း သူမ ဒေါသထွက်သည်ကို ရှမ့်လန် တစ်ခါမှ မတွေ့ခဲ့ချေ။ သူမသည် နှင်းကဲ့သို့ သန့်စင်လျက်ရှိပြီး နွေဦးလေပြည်ညှင်းကဲ့သို့ပင် ကြင်နာနူးညံ့လွန်းသည့် အမျိုးသမီးတစ်ယောက် ဖြစ်၏။
သူမ သေဆုံးခါနီးအခြေအနေသို့ ရောက်သည့်အချိန် ....
နှင်းတောင်နတ်ဘုရားကျောင်းဆီမှ ဘုန်းကြီးပေါင်းများစွာတို့၏ ကြမ်းတမ်းရက်စက်လွန်းသည့် ရန်စ ပြောဆိုမှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင်လျှင် သူမက တည်တည်ငြိမ်ငြိမ် တည်ရှိခဲ့၏။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ အလုံးစုံ မတူညီသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းမင်ကို မြင်ရသည့်အချိန်မှာတော့ သူမသည် ရုတ်တရက် ဓားကိုဆွဲထုတ်ပြီး ထိုးနှက်လိုက်၏။ သူမ၏ ဓားချက်များသည် အလုံးစုံသော သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိနေ၏။
ဆွစ် ဆွစ် ဆွစ်...
သူမသည် ဘုန်းတော်ကြီးချုပ် ခူဟိုင်ကို သတ်ဖြတ်ခဲ့သကဲ့သို့ပင် တကယ့်ကို ကြမ်းတမ်းလွန်းသည့် တိုက်ခိုက်ချက်ကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ တကယ့်ကို အရှိန်အဟုန်ပြင်းပြင်းနှင့် ကြီးမား ပြင်းထန်လွန်းသည့် မုန်တိုင်းကြီးတစ်ခု တိုက်ခိုက်နေသကဲ့သို့ပင်။
ကောင်းကင်တစ်ခုလုံးသည် အမုန်းတရားများနှင့် ပြည့်နှက်လျက်ရှိနေပြီး ဓားထဲ၌ အလုံးစုံသော ဒေါသ တရားများက ပါဝင်လျက် ရှိနေ၏။ ထိုအရာနှင့် ကျန်းမင်ကို ခုတ်ပိုင်းလျက် ရှိနေ၏။ သူမသည် တစ်ဖက်လူကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ချင်သည့်ပုံပေါ်သည်။
ကျိန်းသေပေါက် ရှမ့်လန် မြင်ဖူးခဲ့သမျှ တိုက်ပွဲများထဲတွင် အဆင့်မြင့်ဆုံး တိုက်ပွဲတစ်ခု ဖြစ်၏။ နှစ်ယောက်သားက တည်နေရာ ရွှေ့ပြောင်းနေသကဲ့သို့ပင် တစ်ဖက်နှင့်တစ်ဖက် ရွှေ့လျားကာ တိုက်ခိုက်လျက် ရှိနေ၏။ သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်သည်အထိ မြန်ဆန်လို့ နေ၏။
ရှမ့်လန်သည် ဤလူနှစ်ယောက်တို့၏ အရိပ်များကိုသာလျှင် မြင်ရ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် ဓားရိပ်ဓားရောင်များနှင့် ပြည့်နှက်လျက် ရှိနေသည်။ နှစ်မိနစ်အတောအတွင်းမှာပဲ ရွှယ်ရင်သည် တစ်ဖက်လူကို အကြိမ်ပေါင်း တစ်ထောင်လောက် ခုတ်ပိုင်းပြီးဖြစ်သည်။
ကျန်းမင်မှာတော့ အကြိမ်ပေါင်းထောင်ချီ တိုက်ခိုက်ချက်ကို ရှောင်ရှားခဲ့ပြီးပြီဖြစ်သည်။ တစ်ချက်ကလေးမှ ပြန်လည် မတိုက်ခိုက်ခဲ့ချေ။ သူ၏ခန္ဓာကိုယ်သည် ရွှယ်ရင်၏ ဓားချက်နှင့် တစ်လက်မအကွာအဝေးဆီမှ ကပ်ကာ ရှောင်တိမ်းနေ၏။ ရွှယ်ရင်၏ဓားသည် သူ့ကို တစ်ချက်ကလေးမှ မထိခဲ့ချေ။
ရှမ့်လန်က အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ သူ၏ သိုင်းလောကနှင့် ပတ်သက်သည့် လောကအမြင် တစ်ခုလုံးကလည်း ပြောင်းပြန်လန်သွားခဲ့၏။
ရွှယ်ရင်၏ သိုင်းပညာ မည်မျှမြင့်မားသနည်း။ ရှမ့်လန်က ထိုအရာကို ကျိန်းသေပေါက် သိရှိပြီးဖြစ်၏။ သူမ၏ သိုင်းပညာအဆင့်အတန်းသည် ကျုံးချူကဲ့ထက်ပင် သာလွန်လျက် ရှိနေပြီး သူမသည် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ဘုန်းတော်ကြီးချုပ်ခူဟိုင်ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။
အဆိပ်ဒဏ်မှ ပြန်လည်ကောင်းမွန်လာခဲ့သောကြောင့် သူမ၏သိုင်းပညာသည် အနည်းငယ် လျော့ပါးသွားခြင်း ရှိသည် ဆိုလျှင်တောင်မှ ကောင်းကင်က ငြင်းပယ်ရလောက်သည့် အရည်အချင်းမျိုးနှင့် တိုက်ခိုက်မှုစွမ်းရည်ကို ပိုင်ဆိုင်လျက်ရှိနေတုန်းပင်။
သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူမသည် အကွက်ပေါင်း တစ်ထောင်လောက် တိုက်ခိုက်ပြီးပြီဖြစ်၏။ သို့ပေမည့် ကျန်းမင်ကို တစ်ချက်ကလေးမှ မထိခဲ့ချေ။
သို့သော်ငြား တစ်ဖက်လူသည် ပြန်လည်ကာ မတိုက်ခိုက်ချေ။ တစ်ဖက်လူ၏ သိုင်းပညာ မည်မျှမြင့်မားနေသနည်း။ ထို့အပြင် ကြည့်ရှုရသည်မှာ အလွန် ငယ်ရွယ်သေးသည့် ပုံလည်း ပေါ်၏။
နတ်မိမယ်ရွှယ်ရင်သည် ဓားကိုသိမ်းဆည်းပြီး အေးစက်စက်ပြောလိုက်သည်။ “ဝူမင်... မင်းရဲ့နာမည်ရှေ့မှာ ကျန်းဆိုတဲ့ စာလုံးကို မထည့်နဲ့။ မင်းနဲ့ မထိုက်တန်ဘူး”
“ဝူမင် ဟုတ်လား”
ရှမ့်လန်သည် မည်သူဖြစ်ကြောင်းကို ရုတ်တရက် နားလည်သွားခဲ့၏။ တော်ဝင်ချန်နိုင်ငံသည် ဖျက်ဆီးခံရပြီးနောက် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ခဲ့၏။ ထိုအရာ၏ အစိတ်အပိုင်း အနည်းငယ်တို့ကို တော်ဝင်ရန်အင်ပါယာက သိမ်းဆည်းခဲ့ပြီး တခြားသော အစိတ်အပိုင်းများကိုတော့ ကျင်းနိုင်ငံ၊ ပြီးနောက် လက်ကျန်အစိတ်အပိုင်းများကိုတော့ နိုင်ငံလေးခုဆီသို့ ရောက်ရှိခဲ့၏။
သို့ပေမည့် ထိုကဲ့သို့ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေသည်ဆိုလျှင်တောင်မှ ရွှဲ့ပြည်နယ်ထက်တော့ ကြီးမားသေး၏။ ပြောရမည်ဆိုလျှင် တော်ဝင်ချန်နိုင်ငံသည် ယခင်နှစ်ပိုင်းအတွင်း မည်မျှ အားကောင်းပြီး ကြီးကျယ်ခမ်းနားခဲ့ကြောင်း သိသာထင်ရှားလွန်းသည်။
ယခု တော်ဝင်ချန်နိုင်ငံ၏ ဘုရင်အသစ်သည် ရင်ကွမ်းပင်ဖြစ်၏။ ဖူမင်သည် တော်ဝင်ချန်နိုင်ငံ၏ အိမ်ရှေ့စံ ရင်ဝူမင် မှလွဲလျှင် တခြားသူ မဟုတ်ချေ။ အဘယ်ကြောင့် သူ့ကို ကျန်းမင်ဟု ခေါ်ဆိုရသနည်း။ ဤအရာမှာ ရှမ့်လန် မသိသည့် လျှို့ဝှက်ချက်တစ်ခုသာလျှင် ဖြစ်ပေမည်။
လက်ရှိ ဘုရင် ရင်ကွမ်း၏ နာမည်သည် ကျန်းကွမ်းဖြစ်ခဲ့ဖူး၏။ တော်ဝင်ချန်နိုင်ငံ၏ ဘုရင်မင်းမြတ် ကျန်းရီသည် တော်ဝင်ရန်အင်ပါယာဆီသို့ လာရောက်လည်ပတ်ပြီး အပြန်လမ်းတွင် စွန့်ပစ်ထားသည့် မွေးခါစကလေးလေးတစ်ယောက်ကို တွေ့ရှိခဲ့၏။ ထိုကလေး၏ နဖူးစပ်တွင် ဂျိုတစ်ခု ပေါက်လျက်ရှိနေပြီး ထူးဆန်းသလို ခံစားရ၏။ ထို့အပြင် စွန့်ပစ်ခြင်းကိုလည်း ခံထားရ၏။
ကောင်းကင်က သနားညှာတာမှုကို ပြသလိုစေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကျန်းရီသည် ဤကလေးကို အိမ်ဆီသို့ ခေါ်ဆောင်လာပြီး မွေးမြူခဲ့၏။ ကလေး၏နာမည်အား ကျန်းကွမ်းဟု အမည်ပေးခဲ့၏။ ဤကလေးသည် ကျန်းလီနှင့်အတူ အတူတူအရွယ်ရောက်လာသည့် လူတစ်ယောက်ဖြစ်ပြီး ကျန်းလီ နှင့် ညီအစ်ကိုရင်းကဲ့သို့ပင် နီးစပ်၏။ ကျန်းကွမ်းသည် နိုင်ငံရေးနှင့် သိုင်းပညာနှစ်ခုလုံးတွင် ထူးချွန်ပြီး ယခင်ဘုရင်မင်းမြတ် ကျန်းရီပင်လျှင် အားကိုးခဲ့ရသည်။
ဟုတ်ပေ၏။ မကြာသေးသောနှစ်ပိုင်းအတွင်း အရာအားလုံးတို့သည် ကျန်းလီ၏ လောကကြီးတစ်ခုဖြစ်ခဲ့၏။ အားလုံးသောသူတို့သည် သူ၏အရိပ်အောက်၌ လွှမ်းမိုးခြင်း ခံရ၏။ ကျန်းကွမ်းကလည်း ခြွင်းချက်မရှိခဲ့ချေ။ သူတို့နှစ်ယောက်သည် တကယ့် ညီအစ်ကိုရင်းများ မဟုတ်ကြချေ။ သို့ပေမည့် ထိုထက်ပင် ပိုမိုကာ ရင်းနှီးခဲ့၏။
ကျန်းလီသည် အိမ်ရှေ့စံမင်းသားအဖြစ် ရှိစဉ်တည်းက တောက်ပသည့် ပါရမီ နှင့် လုပ်နိုင်ကိုင်နိုင်စွမ်းကို ထုတ်ဖော်ပြသနိုင်ခဲ့သူဖြစ်ပြီး သူ၏ စစ်ဖက်ဆိုင်ရာ စွမ်းရည်ကလည်း ကြောက်ခမန်းလိလိပင်။
နန်းပလ္လင် ဆက်ခံရသည့်အချိန်တွင် ပိုမိုကာ တောက်ပသွားခဲ့၏။ ပြိုင်ဖက်ကင်းဘုရင်တစ်ပါး ဖြစ်လာခဲ့ပြီး ပတ်ဝန်းကျင် နိုင်ငံအသီးသီးတို့အား သူ၏ မြင်းခွာသံအောက်တွင် တုန်ယင်လျက်ရှိနေစေသည်။
ဆယ်နှစ်အတွင်းမှာပဲ ကျန်းလီသည် လျန်နိုင်ငံ၊ ချီနိုင်ငံ၊ ကျုံရှန်နိုင်ငံနှင့် ဝေနိုင်ငံတို့ကို သိမ်းပိုက်အနိုင်ယူခဲ့၏။ တော်ဝင်ချန်နိုင်ငံတစ်ခုလုံးသည် အဆပေါင်းများစွာ ပိုမို ကြီးမားမြင့်မားလာခဲ့၏။ အရှေ့ဘက် လောကကြီး တစ်ခုလုံးသည် သူ၏အောင်မြင်မှုအောက်၌ တည်ရှိနေခဲ့သကဲ့သို့ပင်။
သူ၏ သွေးသောက်ညီအစ်ကို ကျန်းကွမ်းမှာတော့ အစဉ်အမြဲ ကျန်းလီ၏ ဘေးတစ်ဖက်တွင် တည်ရှိခဲ့ပြီး ကျန်းလီ၏ အလုံးစုံ ယုံကြည်ရသည့် နံပါတ်တစ် တိုက်ရိုက်မျိုးဆက် လူယုံတော်အဖြစ် ဖြစ်လာခဲ့၏။ ကျန်းလီ အင်ပါယာဖြစ်လာသည့်အချိန်တွင် သူ၏ညီသုံးယောက်တို့အား မင်းကြီးဘွဲ့များကို ပေးအပ်ခဲ့ပြီး ကျန်းကွမ်း ကိုတော့ ဘုရင်ဘွဲ့ကို ပေးအပ်ခဲ့၏။
ကျန်းကွမ်းသည် မူလအားဖြင့် စွန့်ပစ်ခံရသောကြောင့် အေးခဲပြီး သေဆုံးရမည့် လူမျိုးဖြစ်၏။ သို့ပေမည့် ကျန်းမိသားစုနှင့် တွေ့ဆုံခဲ့ပြီးနောက် သူသည် ဘုရင်ကျန်းမင် ဆိုသည့်ဘွဲ့တံဆိပ်ကိုပင် ရရှိခဲ့သည်။
ဤကဲ့သို့ ကောင်းမွန်သည့်ကံတရား၊ ဤကဲ့သို့သော ကြင်နာမှုမျိုး .... အရာအားလုံးတို့သည် နှစ်ပေါင်းရာချီ ပြန်လည် ပေးဆပ်မည်ဆိုလျှင်တောင် ကျေးဇူးကြွေး ကုန်လိမ့်မည် မဟုတ်ချေ။
လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်တုန်းက တော်ဝင်ချန်အင်ပါယာ နှင့် တော်ဝင်ရန်အင်ပါယာတို့သည် တိုက်ပွဲ တစ်ခုကို စတင်တိုက်ခိုက်ခဲ့၏။ အရှေ့ဘက်ပိုင်းလောကတစ်ခုလုံး၏ ကံကြမ္မာသည် ဤတိုက်ပွဲအပေါ်တွင် မူတည်ခဲ့၏။ မည်သူ အနိုင်ရရှိသည်မဆို လောကကြီး၏တစ်ဝက်လောက်ကို သိမ်းဆည်း အနိုင်ယူနိုင်မည့်သူ ဖြစ်လာပေမည်။
ကျန်းလီသည် တိုက်ပွဲတိုင်းကို အနိုင်ယူရရှိခဲ့သူဖြစ်ပြီး သူ၏စစ်တပ်များကို တော်ဝင်ရန်နိုင်ငံဆီသို့ ရွှေ့လျားစေခဲ့၏။ သို့ပေမည့် တစ်ညအတွင်းမှာပဲ အင်ပါယာကျန်းလီနှင့် သူ၏မိဖုရားက သေဆုံးသွားခဲ့၏။ ဤကိစ္စသည် ဆန်းကြယ်လွန်းသည့်ကိစ္စအဖြစ် ကျန်ရှိခဲ့၏။
ကျန်းလီသည် သိုင်းလောက၌ အားကောင်းလွန်းသည့် ပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူ့၏မိဖုရားမှာတော့ တတိယမြောက် အားအကောင်းဆုံး သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
ဤကောင်းကင်က ငြင်းပယ်ရလောက်သည့် စုံတွဲအား မည်သူက သတ်ဖြတ်သွားသနည်း။
ဟုတ်ပေ၏။ အမှန်တရားက အမှန်တရားသာ ဖြစ်လေ၏။ ကျန်းလီနှင့် သူ၏မိဖုရားတို့ သေဆုံးသွားခဲ့ပြီးနောက် ကျန်းကွမ်းသည် တော်ဝင်ချန်နိုင်ငံ၏ အဓိက အမိန့်ပေးသူတစ်ယောက်ဖြစ်လာခဲ့၏။ သူသည် ကျန်းလီ၏ စိတ်ဆန္ဒကို အမွေဆက်ခံပြီး တော်ဝင်ရန်နိုင်ငံတော်ကို ဆက်လက်တိုက်ခိုက်ခြင်း သို့မဟုတ် တော်ဝင်ချန်နိုင်ငံမှ စစ်သည်များကို နောက်သို့ပြန်လည် ခေါ်ဆုတ်သွားခြင်း၊ သို့နောက်မှာမှ သင့်တော်သည့် အမွေခံတစ်ယောက်ယောက်ကို ရွေးချယ်ပြီး နန်းပလ္လင် ဆက်ခံစေခြင်း .... ထိုသို့သောအရာများကို ပြုလုပ်ခြင်းဖြင့် ကျန်းမိသားစုကို သစ္စာရှိကြောင်း ပြသသင့်၏။
သို့ပေမည့် သူသည် သစ္စာဖောက်ခဲ့၏။ ကျန်းလီနှင့် သူ၏မိဖုရားတို့ သေဆုံးသွားခဲ့ပြီးနောက် ကျန်းကွမ်းသည် တော်ဝင်ချန်အင်ပါယာကို သစ္စာဖောက်ခဲ့၏။ တော်ဝင်ရန်အင်ပါယာနှင့် ကျင်းနိုင်ငံတို့သည် အတူတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်ဝင်ချန်နိုင်ငံ၏ သိန်းနှင့်ချီသည့် စစ်သည်အားလုံး သေဆုံးခဲ့သည်။
တော်ဝင်ရန်အင်ပါယာသည် နောက်ဆုံးရယ်မောနိုင်ခဲ့သူဖြစ်ခဲ့ပြီး လောကကြီး၏ အုပ်စိုးသူဖြစ်လာခဲ့၏။ အရှေ့ဘက်ပိုင်း၏ အုပ်စိုးသူ .... ဘုရင်အားလုံးတို့၏ အုပ်စိုးသူ၊ အင်ပါယာတစ်ယောက်ဖြစ်လာခဲ့၏။
အလွန် အားကောင်းသည့် တော်ဝင်ချန်နိုင်ငံကြီးသည် အစိတ်စိတ်အပိုင်းပိုင်း ပျက်စီးခဲ့ပြီး နိုင်ငံလေးခုဆီသို့ အသီးသီး ပြောင်းရွှေ့ရောက်ရှိသွားခဲ့၏။ သစ္စာဖောက် ကျန်းကွမ်းမှာတော့ တော်ဝင်ချန်နိုင်ငံ၏ ဘုရင်သစ် ဖြစ်လာခဲ့သည်။
နှင်းတောထဲတွင် သေဆုံးလုနီးပါး ဖြစ်နေသောကြောင့် ခေါ်ယူကာ မွေးစားခဲ့သည့် ဤကလေးငယ်သည် လောကကြီး၏ ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိခဲ့ပြီး နိုင်ငံတစ်ခု၏ အုပ်စိုးသူပင် ဖြစ်လာခဲ့၏။ တော်ဝင်ရန် အင်ပါယာသည် ကျန်းကွမ်းကို ရင် ဆိုသည့် မျိုးရိုးနာမည်အသစ်ကို ပေးခဲ့၏။ ထိုနေ့မှစ၍ ကျန်းကွမ်းသည် ရင်ကွမ်းဖြစ်လာခဲ့ပြီး သူ၏သား ကျန်းမင်မှာတော့ ရင်ဝူမင် ဖြစ်လာခဲ့၏။
သို့ပေမည့် ရင်ဝူမင်သည် အဘယ်ကြောင့် ကျန်းဟူသည့် မျိုးရိုးနာမည်ကို ဆက်ခံထားရသနည်း။ အဘယ်ကြောင့် ဆိုသော် သူသည် ကျန်းလီ၏ တိုက်ရိုက်တပည့် တစ်ယောက်ဖြစ်သလို ကျန်းလီ၏ မွေးစားသားလည်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့်ပင်လျှင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သိုင်းပညာတွင် ဤမျှအထိ ကျွမ်းကျင်နေခြင်း ဖြစ်သည်။
ရွှယ်ရင်သည် ကျန်းလီ၏ သွေးသောက်ညီမတစ်ယောက်ဖြစ်ပြီး လောကတွင် သူမ အမုန်းတီးဆုံးသောလူသည် ကျန်းကွမ်းနှင့် သူ၏သားသာလျှင် ဖြစ်၏။ ကျန်းရီကြောင့်သာ မဟုတ်ပါက ရင်ကွမ်းသည် အစောကြီးတည်းက သေဆုံးနေမှာ သေချာ၏။ ထိုသို့သောသူကို နှင်းတောထဲ ပစ်ထားခဲ့သင့်၏။
ဘုရင်မင်းမြတ် ကျန်းလီသည် တစ်ဖက်လူကို သေသေချာချာ အထင်တကြီးနှင့် ဆက်ဆံခဲ့၏။ လူယုံအဖြစ် သာမက တကယ့်ညီရင်းတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့၏။ သို့ပေမည့် အရှက်မဲ့စွာဖြင့် တစ်ဖက်လူက ဘုရင်မင်းမြတ်ကို သစ္စာဖောက်ခဲ့၏။ ထို့အပြင် ယခု တော်ဝင်ချန်နိုင်ငံ၏ ဘုရင်မင်းမြတ်ပင် ဖြစ်လာခဲ့ပြီး တော်ဝင်ရန်အင်ပါယာ၏ သစ္စာရှိခွေးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
“ရင်ကွမ်း... မင်းနဲ့ မင်းရဲ့သားက သစ္စာဖောက်တွေပဲလေ။ မင်းတို့ရဲ့ နာမည်ရှေ့မှာ ကျန်းဆိုတဲ့ နာမည်ကို မတပ်နဲ့” ရွှယ်ရင်၏မျက်နှာတစ်ခုလုံးသည် မျက်ရည်များနှင့် ဖုံးလွှမ်းလာခဲ့၏။ အလွန်အားကောင်းလွန်း လှသည့် နတ်မိမယ်၏ အားနည်းမှုက ပေါ်ပေါက်လာခဲ့၏။
ရင်ဝူမင်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “အဒေါ်.. ကျန်းမိသားစုရဲ့ တော်ဝင်မျိုးနွယ်အကုန်လုံးက သတ်ဖြတ်ခြင်း ခံခဲ့ရပြီ။ ကျုပ်ရဲ့မျိုးရိုးနာမည်ကသာ ကျန်းမဟုတ်ဘူးဆိုရင် လောကကြီးမှာ တော်ဝင်ချန် အင်ပါယာရဲ့ ကျန်းမျိုးနွယ်ဆိုတာ မရှိတော့ဘူး”
သူပြောသည်က အမှန်ပင်ဖြစ်၏။ ကျန်းလီ သေဆုံးခဲ့ပြီးနောက် တော်ဝင်ရန်အင်ပါယာသည် ကျန်း တော်ဝင်မျိုးနွယ်အားလုံးကို သတ်ဖြတ်ခဲ့၏။ မည်မျှဝေးကွာသည့် နေရာသို့ ရောက်နေသည်မဆို လိုက်လံရှာဖွေ သတ်ဖြတ်ခဲ့၏။ အနည်းဆုံး လူပေါင်း နှစ်သောင်းနီးပါးခန့် သေဆုံးခဲ့၏။
တော်ဝင်ရန်အင်ပါယာသည် အရှေ့အရပ်မှ ဒဏ္ဍာရီစာအုပ်ကို တားဆီးပိတ်ပင်ခဲ့သည်သာမက ကျန်းမျိုးရိုး နာမည်ကိုလည်း တားဆီးပိတ်ပင်ခဲ့၏။ အဆိုးဝါးဆုံးမှာ ကျန်းလီ၏ တစ်ဦးတည်းသောသားသည် ဝမ်းဗိုက် ထဲမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“သစ္စာဖောက်ဝံပုလွေ... မင်းက ဘုရင်မင်းမြတ်ရဲ့ သင်ကြားပြသမှုကို ရရှိခဲ့တယ်။ ဒါကြောင့် ငါမင်းကို မသတ်နိုင်ဘူး”
နတ်မိမယ်ရွှယ်ရင်၏ မျက်လုံးများထဲတွင် မျက်ရည်များနှင့် ရစ်သိုင်းနေ၏။ သူမသည် ခြောက်ကပ်ကပ်နှင့် ပြောလိုက်၏။ “သွားတော့.. ငါ့ရဲ့အရှေ့မှာ ထပ်ပြီး ပေါ်မလာနဲ့တော့။ ငါ့ရဲ့မျက်စိကို ညစ်ပတ်အောင် မလုပ်နဲ့တော့”
ရင်ဝူမင်သည် လေးလေးစားစားဖြင့် ဦးညွတ်၏။ ပြီးနောက် ရွှဲ့ပြည်နယ်၏ မြို့တော်ဆီသို့ ထွက်ခွာသွားခဲ့၏။ ဟုတ်ပေ၏။ သူသည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့သည်မှာ ရွှယ်ရင်ကို လာရောက်တွေ့ဆုံရန် မဟုတ်ချေ။ ရွှဲ့ပြည်နယ်၏ ဘုရင်မင်းမြတ်ဆီသို့ လာရောက်လည်ပတ်ခြင်း ဖြစ်၏။ သူသည် အရေးကြီးသည့် အလုပ်ကိစ္စ တစ်ခုကို ပြုလုပ်ရန် ရှိသည်။
ကျန်းလီ လောကကြီးတစ်ခုလုံးကို လွှမ်းမိုးချုပ်ထိန်းနိုင်စဉ်က မရေတွက်နိုင်အောင် များပြားလွန်းသည့် အမာခံပရိသတ်များ ရှိခဲ့၏။ ရွှဲ့ပြည်နယ်၏ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည်လည်း ငယ်ရွယ်စဉ်က ကျန်းလီ၏ ပရိသတ်တစ်ယောက်ဖြစ်ခဲ့၏။
ကျန်းလီသည် သူ၏သားမှာ လောကတွင် ရှိနေသည့် မင်းသမီးပေါင်းများစွာတို့ကို လက်ထပ်လိမ့်မည်ဟု ကြွေးကျော်ခဲ့ဖူး၏။ ထိုစဉ်က နင်ယွမ်ရှန်း သူ၏သမီးနင်ဟန်ကို မွေးဖွားပြီးကာစဖြစ်သည်။
နင်ဟန်အသက် ငါးနှစ်ဆီသို့ ရောက်ရှိသည့်အချိန်တွင် နင်ယွမ်ရှန်းသည် သူမကို ခေါ်ဆောင်ကာဖြင့် တော်ဝင်ချန်နိုင်ငံ ဆီသို့ သွားရောက်လည်ပတ်ခဲ့၏။
ထိုအချိန်တုန်းက သူသည် ပြုံးကာ မေးမြန်းခဲ့သည်။ “အရှင်မင်းကြီး.. အရင်တုန်းက စနောက်ခဲ့တဲ့အရာတွေက အကျုံးဝင်သေးရဲ့လား”
ထိုအချိန်မှာပဲ ကျန်းလီ၏မိဖုရားက ကိုယ်ဝန်ဆောင်လျက်ရှိနေတုန်းပင်။ ကျန်းလီသည် နင်ဟန်ကို လက်ထဲတွင် အသာပွေ့ချီလိုက်၏။ ဤမိန်းကလေးသည် အလွန်လှပပြီး ပါရမီရှိသည်ဟု ခံစားမိ၏။ ထို့ကြောင့် သူက ဟိတ်ဟန်ကြီးကြီးနှင့် ပြောဆိုခဲ့၏။
“ကျုပ်ရဲ့သားက ဒီမိန်းကလေးကို လက်ထပ်လိမ့်မယ်”
ကျန်းလီ၏ကလေးသည် ဝမ်းဗိုက်ထဲမှာပင် ရှိသေး၏။ ယောက်ျားလေးလား၊ မိန်းကလေးလားပင် မသိရှိသေးချေ။ သို့ပေမည့် နင်ဟန်ကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ကျားမသည် နင်ဟန်ကို မျက်နှာတစ်ခါမှ မမြင်ဖူးခဲ့သည့် ယောက်ျားတစ်ယောက်ကြောင့် မုဆိုးမ ဖြစ်နေသည်ဟု ရည်ညွန်းခဲ့ခြင်း ဖြစ်၏။ ထိုကဲ့သို့သော လက်ထပ်ပွဲကြောင့်ပင် နင်ဟန်သည် ပင်လယ်ပြင်၏ တစ်ဖက်ဆီသို့ သွားရောက်ကာ တော်ဝင်ရန်အင်ပါယာ၏ ပြဿနာကို ရှောင်ရှားနေရသည်။
ဟုတ်ပေ၏။ နင်ယွမ်ရှန်းသည် ဤကဲ့သို့သော ပါးစပ်နှင့် လက်ထပ်ပွဲကို ဖန်တီးခဲ့သည့်အတွက် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရ၏။ ကျန်းလီ ရုတ်တရက် သေဆုံးခဲ့ပြီးသည့်နောက် နင်ယွမ်ရှန်းသည် မိဖုရားကြီးကို လက်ရှိရာထူးမှ ဆွဲချခဲ့ရ၏။ ထို့ကြောင့် မိဖုရားကြီးသည် စိတ်ဓာတ်ကျစွာဖြင့် သေဆုံးသွားခဲ့၏။
မိဖုရားကျူးသည် နင်ယွမ်ရှန်း၏ မိဖုရားခေါင်ကြီးဖြစ်လာခဲ့ပြီး သူမ၏သားကလည်း အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့၏။ ဤအရာအားလုံးမှာ တော်ဝင်ရန်အင်ပါယာ၏ ဖိအားပေးမှုကြောင့်သာ ဖြစ်၏။ တော်ဝင်ရန်အင်ပါယာ သည် မိဖုရားကျူးအား နင်ယွမ်ရှန်း၏ မိဖုရားခေါင်ကြီးအဖြစ် ခန့်အပ်ရန် အတင်း ဖိအားပေးခဲ့သည်။
ရင်ဝူမင် ထွက်ခွာသွားခဲ့ပြီးနောက် နတ်မိမယ်ရွှယ်ရင်သည် အရူးကြီးကို လှမ်းကာပြောလိုက်၏။ “အရူးကြီး.. ဒီလူကို သေချာမှတ်ထား။ အနာဂတ်မှာ သူ့ကို သေတဲ့အထိ အနိုင်ယူတိုက်ခိုက်ရမယ်”
အရူးကြီးက မည်သူ့ကိုမျှ မနေနိုင်ချေ။ ရှမ့်လန်ဆီသို့ လှမ်းကာကြည့်ရှုလိုက်သည်။
ရှမ့်လန်သည် ခပ်တင်းတင်းပြောလိုက်၏။ “ဟုတ်တယ်။ သူ့ကို သေတဲ့အထိ ရိုက်နှက်ရမယ်”
အရူးကြီးက ခေါင်းညိတ်လိုက်၏။ သူသည် ဤကိစ္စကို သေချာပေါက်မှတ်ထားလိုက်သည်။
“လန်အာ... ဒီသားအဖကို သတ်ဖို့အတွက် ငါ့ဆီမှာ လုံလောက်တဲ့စွမ်းရည် မရှိဘူး”
ရွှယ်ရင်က ဝမ်းနည်းစွာ ပြောလိုက်၏။ “ဒါကြောင့် အစစ်အမှန်တရားတွေကနေ ရှောင်ရှားနိုင်ဖို့ ငါ နှင်းတောင်ပေါ်မှာ ပုန်းအောင်းနေခဲ့တာပေါ့”
သူမ ဆိုလိုသည်ကို မည်သူမှ နားလည်လိမ့်မည် မဟုတ်ချေ။ “ဟုတ်တယ်။ အခု ငါ သွားတော့မယ်။ အချိန် အတိုင်းအတာတစ်ခုထိ ရင်ဝူမင်နဲ့ ပြဿနာမတက်စေနဲ့”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ရင်ဝူမင်နှင့် သူဆိုသည်မှာ အလှမ်းဝေးကွာ၏။ သူတို့နှစ်ခုကြား ပတ်သက်ဆက်နွယ်စရာ အကြောင်းအရင်း တစ်ခုမှ မရှိချေ။
ရွှယ်ရင်က ပြောလိုက်၏။ “စိတ်မပူနဲ့။ မင်းအတွက် လျန်ခရိုင်က ကိစ္စကို ငါကိုင်တွယ်ပေးသွားမယ်”
ရှမ့်လန်သည် ရှက်ရွံ့စွာ ပြောလိုက်သည်။ “အဒေါ်.. ခင်ဗျားက သန့်စင်ပြီး ကြင်နာလွန်းတဲ့ လူတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်မှာလဲ”
ရွှယ်ရင်သည် ခေါင်းခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ ငါက မင်းထင်သလို သန့်စင်တဲ့လူတစ်ယောက် မဟုတ်ဘူး။ ငါလူတွေ အများကြီးကို ကယ်တင်ပေးခဲ့တယ်။ ဒါက သန့်စင်လွန်းလို့ .. ကြင်နာတတ်လွန်းလို့ မဟုတ်ဘူး။ ငါ့ရဲ့အပြစ်တွေကို ပျောက်ကွယ်စေချင်လို့ပဲ။ ဒါကြောင့် ငါက ကုသိုလ်တရားတွေကို စုဆောင်းခဲ့ တာ။ ငါ့အနေနဲ့ ဒီလိုအရာတွေ ပြုလုပ်ပြီး ငါ့ရဲ့မကောင်းမှုတွေ ပျောက်ကွယ်စေချင်တာ တကယ်တော့ ငါက အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိနေတဲ့ ကြမ်းတမ်းရက်စက်လွန်းတဲ့ မိန်းမတစ်ယောက်ပဲ”
ရှမ့်လန်က မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားမိ၏။ ကြမ်းတမ်းရက်စက်လွန်းလှသည့် မိန်းမတစ်ယောက် ဖြစ်နေသည်တဲ့လား။
“အဒေါ်... ခင်ဗျားက တကယ့်ကို သူတော်စင်မတစ်ပါးလို သန့်စင်ပြီး ကြင်နာတတ်တဲ့ လူတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီးတော့ ကြမ်းတမ်းရက်စက်လွန်းတဲ့ မိန်းမတစ်ယောက်ဖြစ်ရမှာလဲ”
ရွှယ်ရင်သည် ရှမ့်လန်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “လန်အာ.. မင်းက တကယ့်ကို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ အလှပတွေကြားထဲမှာ မင်း ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့။ လောကကြီးမှာ သန့်စင်ပြီး ပြည့်စုံတဲ့အရာဆိုတာ မရှိဘူး။ မိန်းကလေးတွေဆိုရင် ပိုဆိုးတာပေါ့။ မိန်းမတွေက ပိုပြီးတော့ ပြည့်စုံလာလေ၊ ဟန်ဆောင်နိုင်မှုက ပိုပြီး များလာလေပဲ။
ငါလည်း ခြွင်းချက်မရှိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ငါက ကြမ်းတမ်းရက်စက်လွန်းတဲ့ မိန်းမတစ်ယောက်ပဲ။ ဒီအပြစ်တွေအားလုံးကို ပျောက်ကွယ်ဖို့အတွက် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တာ ... နားလည်လား။ ဒါကြောင့် အခုလိုပုံစံမျိုး ဖြစ်နေရတာပဲ”
ပြီးနောက် နတ်မိမယ်ရွှယ်ရင်သည် ရှမ့်လန်၏ မိသားစု ရတနာလေးကို ဖမ်းညှစ်ကာ ထွက်ခွာသွားခဲ့၏။
ရှမ့်လန်သည် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့၏။ နတ်မိမယ်သည် သူမမှာ ဘာမဆိုပြုလုပ်နိုင်စွမ်းရှိသော မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း သူ၏ မိသားစုရတနာကိုပင် ညှစ်ပြသွားခဲ့သည်။
သောက်ကျိုးနည်း ...။