← Chapters

အခန်း (၃၂၆)

Vol. 24 Ch. 326

အခန်း (၃၂၆)

Vol. 24 Ch. 326

ယနေ့အချိန်မှာတော့ ရှားရှားပါးပါး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လို့နေ၏။ ရှမ့်လန်နှင့် ပဉ္စမမင်းသား နင်ကျန်းတို့သည် စစ်တုရင် ကစားလျက်ရှိနေ၏။

“ရှမ့်... ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တကယ်ကို လေးလေးနက်နက်ရှိနေတာလား” နင်ကျန်းက မေးမြန်းလိုက်၏။ ယခင်တုန်းက ရှမ့်လန်သည် နင်ကျန်းအား ပိုင်ရီခရိုင်၏ အုပ်ချုပ်ရေးမှူး ဖြစ်လာရလိမ့်မည်ဟု ပြောခဲ့သည်။

ရှမ့်လန်က ပြော၏။ “ဟုတ်တယ်။ အရှင်မင်းသားက ပိုင်ရီခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာရလိမ့်မယ်။ ကျုပ်က ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်ဖြစ်လာရလိမ့်မယ်။ ကျုပ်တို့နှစ်ယောက်က ကျန်းချုံးအစား အစားဝင်ပြီး မူဝါဒအသစ်ကို အကောင်အထည်ဖော်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် လောကကြီးတစ်ခုလုံးက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်လာလိမ့်မယ်”

စိတ်လှုပ်ရှားစရာတွေသာ မကသေးချေ။ တုန်လှုပ်စရာများလည်း ပါဝင်လာမှာဖြစ်၏။ ရှမ့်လန်သည် မူဝါဒ အသစ်ကို ကိုယ်စားပြုပြီး တော်ဝင်မျိုးနွယ်ဟောင်းအားလုံးကို ဒုက္ခပေးရလိမ့်မည်။ သူသည် မူဝါဒအသစ်၏ တကယ့်အလံတိုင် တစ်ခုကဲ့သို့ ဖြစ်လာပေမည်။

နင်ကျန်းက ပြောလိုက်၏။ “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. လက်ရှိဘုရင်မင်းမြတ်အတွက် အကြီးမားဆုံးဆုံးရှုံးမှုက ဘာဖြစ်မယ်ထင်လဲ။ တောင်ပိုင်းနိုင်ငံမှာသာ စစ်ဖြစ်နေတာ မဟုတ်ရင် ကျုပ်တို့ အထက်စီးရစရာအကြောင်း ဘာမှမရှိဘူးလေ။ သူ့ရဲ့အကြီးမားဆုံး ဆုံးရှုံးမှုက မူဝါဒအသစ် မအောင်မြင်ခဲ့တာပဲ။ တကယ်လို့ အရှင်မင်းသားကသာ မူဝါဒအသစ်ကို ကျေကျေပွန်ပွန်နဲ့ ထမ်းဆောင်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာမယ်ဆိုရင် သူ ကျိန်းသေပေါက် ပျော်ရွှင်လိမ့်မယ်။ ပြီးတော့ ပိုပြီး စိတ်လှုပ်ရှားလာလိမ့်မယ်”

နင်ကျန်းသည် ခေါင်းကို ခါယမ်းလိုက်၏။ “ကျုပ်ဆီမှာ အဲလို အရည်အချင်းမျိုး မရှိဘူး”

ရှမ့်လန်သည် ဝင့်ကြွားစွာဖြင့် သူ၏ရင်ဘတ်ကို ပုတ်ကာပြောလိုက်သည်။ “ကျုပ်ဆီမှာ ရှိတယ်။ ခင်ဗျားက ကျုပ်ကို ကူညီပေးဖို့ပဲ လိုအပ်တယ်။ ဒီလောက်ဆို လုံလောက်ပြီ။ ကျုပ်က စုမိသားစုကို ဖျက်ဆီးနိုင်ပြီဆိုတာနဲ့ မူဝါဒသစ်ကို အောင်မြင်မှုရအောင် ဖန်တီးလို့ရပြီ”

ရှမ့်လန်သည် လက်ရှိအခြေအနေမှာတော့ ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရ၏။ သူလုပ်နိုင်သည်မှာ ကျင်းမိသားစု၏ ဂုဏ်သိက္ခာကို ပိုမိုတိုးတက်အောင် လုပ်ခြင်းတစ်ခုသာလျှင် ရှိ၏။

နင်ကျန်းက ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျား မူဝါဒသစ်ကို ကိုင်ဆွဲမယ်ဆိုရင် စုမိသားစုကို တိုက်ခိုက်ရမယ်။ ဒီလိုမျိုး စုမိသားစုကို တိုက်ခိုက်နိုင်ဖို့အတွက်ဆိုရင် အရင်ဆုံး စုနန်ကို ရာထူးကနေ ဖယ်ရှားနိုင်မှ ဖြစ်လိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တာပေါ့။ စုနန်ကို အရင်ဆုံး ရာထူးကနေ ဖယ်ရှားရမယ်”

နင်ကျန်းက ပြောလိုက်၏။ “ဒီကိစ္စက ပိုတောင်ခက်သေးတယ်”

ဟုတ်ပေ၏။ အလွန့်အလွန်ကို ခက်ခဲ၏။ ရွှဲ့ပြည်နယ်၏ နန်းတွင်းညီလာခံ တက်ရောက်နိုင်သည့် အမှုထမ်းများ ထဲတွင် အစိတ်အပိုင်းသုံးခုအဖြစ် ကွဲလျက်ရှိသည်။

အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားနှင့် ကြားနေအဖွဲ့အစည်းတို့ပင် ဖြစ်၏။ စုနန်သည် ကြားနေအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်၏။ အဖွဲ့အစည်း၌ အမြစ်တွယ် နက်ရှိုင်းစွာ တည်ရှိနေသည့် လူတစ်ယောက်ဖြစ်ပြီး ဩဇာအာဏာလည်း ကြီးမား၏။

ရှမ့်လန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ..... ရှမ့်လန်ဆိုသည်မှာ သေးငယ်သည့် မြက်ပင်လေးတစ်ပင်ကဲ့သို့ပင် ဖြစ်၏။ စုနန်မှာတော့ ထီးထီးရပ်လျက်ရှိနေသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင်။

မြက်ပင်လေးတစ်ပင် ဖြစ်သော ရှမ့်လန်သည် တစ်ဖက်လူကို ခုတ်ပိုင်းလှီးဖြတ်ရန် ကြံစည်လျက် ရှိနေခြင်းမှာ အရူး အိပ်မက်ကဲ့သို့ပင် ဖြစ်ပေမည်။

“မကြာခင်ပေါ့” ရှမ့်လန်က ပြောလိုက်၏။

နင်ကျန်းသည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့မိသည်။ “မကြာခင် ဘာဖြစ်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “စုနန်က မကြာခင် ရာထူးက ကျသွားလိမ့်မယ်”

နင်ကျန်းက အံ့အားသင့်သွားမိ၏။ သူသည် မယုံကြည်နိုင်သလိုမျိုး ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ရှိ အချိန်တွင် မည်သည့်အရိပ်သင်္ကေတမှလည်း မရှိချေ။ စုနန်ဆိုသည်မှာ နန်းတွင်းညီလာခံထဲတွင် ကောင်းကင် ပေါ်၌ တည်ရှိနေသည့် လတစ်စင်းကဲ့သို့ပင် တောက်ပဝင့်ကြွားစွာ တည်ရှိနေသူတစ်ယောက်ဖြစ်ပြီး အရှိန်အဟုန် တစ်စက်ကလေးမှ လျော့ကျသ မဟုတ်ချေ။

နင်ကျန်းက ပြောလိုက်၏။ “ဒါဆိုရင် စုနန်နဲ့ ရင်ဆိုင်ဖို့အတွက် ခင်ဗျားဆီမှာ ဝှက်ဖဲတွေ ရှိနေတာလား”

ဝှက်ဖဲ ဟုတ်လား။ ဤကဲ့သို့သောအရာမျိုး မရှိချေ။ ဟုတ်ပေ၏။ ရှမ့်လန်သည် သူ၏လက်ထဲတွင် လျှို့ဝှက်စာ တည်ရှိနေ၏။ ထိုလျှို့ဝှက်စာမှာ မြို့စားကြီး စုကျန့် ရွှမ်ဝူနယ်စားကြီးကို လာရောက်ကာ ဆွဲဆောင်သည့် လျှို့ဝှက်စာပင် ဖြစ်၏။ စုကျန့်ထင်သည် ထိုစာကို ရရှိရန်အတွက်ပင် စုမိသားစုထဲ ဝင်ရောက်ပြီး အားလုံးသော သူတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းပင် ပြုလုပ်ခဲ့သည်။

သို့ပေမည့် ထိုအရာက ဝှက်ဖဲတစ်ခု မဟုတ်ချေ။ ကိစ္စသေးသေးလေးတစ်ခုသာ ဖြစ်၏။ လက်နက်ကြီးအဖြစ် အသုံးပြုရန် လုံလောက်သည့် အရာမျိုးမဟုတ်ချေ။

ထို့ကြောင့်ပင် နင်ကျန်းသည် ရှမ့်လန်ကဲ့သို့ သေးငယ်သည့် အရာရှိလေးတစ်ယောက်အနေနှင့် ညီလာခံ တက်ရောက်နိုင်စွမ်း ရှိသည့် နယ်စားကြီးတစ်ယောက်ကို မည်ကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း အံ့အားကြီးစွာ စဉ်းစား၍ မရနိုင်ခဲ့ချေ။

ထို့အပြင် ရှမ့်လန်သည် လက်ရှိအခြေအနေ၌ ရာထူးမှ ဖယ်ရှားခြင်းခံထားရပြီး အိမ်၌ပြန်ကာ မိမိအမှားကို ပြန်လည်သုံးသပ်နေရသည့်အချိန် ဖြစ်၏။ စုနန်ကို သွားရောက်ကာ ဒုက္ခပေးဖို့ဆိုသည်မှာ ပုရွက်ဆိတ်လေး တစ်ကောင်အားဖြင့် သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေခြင်းနှင့် ဆင်တူ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသား... ကျုပ်သာ စုနန်ကို စတင်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် အချို့သော အောင်မြင်မှုတွေ ရရှိလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စက ကျိန်းသေပေါက် ကြီးကြီးမားမား ကိစ္စရပ်မျိုး ဖြစ်လာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ဩဇာအာဏာက အားနည်းလို့ပဲ။ ပြီးတော့ ကျုပ်ဆီမှာ အခြေခံ ဘာမှမရှိဘူး”

နင်ကျန်းက ခေါင်းညိတ်လိုက်၏။

ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ အန္တရာယ်ထဲရောက်နေတဲ့အချိန်က အကောင်းဆုံးအချိန်ပဲ။ တိုက်ခိုက်တာကို ခံရပြီး တန်ပြန်တိုက်ခိုက်မှုကို လုပ်တာမျိုးကမှ အကောင်းဆုံးအရာပဲ။ မကြာခင် စုနန်နဲ့ ကျုပ်ရဲ့ကြား တိုက်ပွဲ စလာတော့မယ်”

နင်ကျန်းက နားမလည်ချေ။ ထိုအချိန်မှာပဲ မျက်နှာတစ်ခုလုံး မိတ်ကပ်များနှင့် ပေပွလျက်ရှိနေသည့် ကလေးငယ်လေး နှစ်ယောက် ရောက်ရှိလာခဲ့၏။ အကြီးမလေးသည် ရှမ့်လန်၏ ပေါင်ပေါ်သို့ တက်ထိုင်ပြီး အငယ်မလေးမှာတော့ နင်ကျန်း၏ ပေါင်ပေါ်သို့ တက်ထိုင်၏။

“ဦးလေးတို့ ဘာတွေလုပ်နေကြတာလဲ” ယုခက်ခက်က မေးမြန်းလိုက်သည်။

ရှမ့်လန်သည် ဤကလေးမလေးကို ကြောက်ရွံ့၏။ နေ့စဉ်နေ့တိုင်း နေထွက်မလာခင်မှာပဲ သူမနှင့် သူမ၏ ညီမလေးတို့သည် သူ၏အိပ်ရာဆီသို့ ရောက်ရှိလာခဲ့ပြီး ခုန်ပေါက်ဆော့ကစားခြင်းကို ပြုလုပ်၏။ ထို့အပြင် ပါးစပ်မှလည်း အော်ဟစ်တတ်သေး၏။

“ဦးလေး... ထတော့။ ထတော့”

မထဘူးဆိုပါက စောင်များကို ဆွဲခွာကာဖြင့် အိပ်ရာမှ နှိုးတတ်၏။ ရှမ့်လန်ကို ဆော့ကစားရန် လာရောက်နှိုးခြင်း မဟုတ်ချေ။ သူတို့တောင် အိပ်ရာက နိုးနေပြီဖြစ်သောကြောင့် တခြားသောသူများလည်း မအိပ်သင့်ဟု သတ်မှတ်ကာ လာရောက်နှိုးခြင်းသာ ဖြစ်၏။ ရှမ့်လန် အိပ်ရာမှ ထသည်နှင့်တစ်ပြိုင်နက် သူတို့သည် အပြင်ဘက်သို့ ထွက်ပြေးသွားတတ်သည်။

“စစ်တုရင်ကစားနေတာလေ” ရှမ့်လန်က ပြောလိုက်၏။

“ဒါဆိုရင် ဆော့ဖို့ အစ်ကိုဝတုတ်ကို ဘာလို့သွားမခေါ်တာလဲ”

အစ်ကိုဝတုတ်.. ဟုတ်ပေ၏။ ကျင်းမူကုန်းကို ဆိုလိုခြင်းဖြစ်သည်။

ယုခက်ခက်က ပြောလိုက်၏။ “အစ်ကိုဝတုတ်က စိတ်ဆိုးနေတယ်”

ရှမ့်လန်က မေးလိုက်သည်။ “ဘာလို့ သူက စိတ်ဆိုးနေရတာလဲ”

ယုခက်ခက်က ပြောလိုက်၏။ “အင်း... ဦးလေးအဖြူမှာလည်း မိန်းမရှိတယ်။ ဦးလေးအမဲမှာလည်း မိန်းမရှိတယ်။ ဒါပေမဲ့ အစ်ကိုဝတုတ်မှာ ဘာလို့မိန်းမ မရှိရတာလဲလို့ မေးလိုက်တာ။ သူ စိတ်ဆိုးသွားခဲ့တယ်”

အင်း ... ကျင်းမူကုန်း အဘယ်သို့ စိတ်မဆိုးဘဲ နေမည်နည်း။ ဤကလေးမလေးသည် ဝတုတ်၏နှလုံးသားကို ဓားနှင့်ထိုးစိုက်ခြင်းပင် ဖြစ်၏။ ကျင်းမူကုန်းသည် ချစ်သူရည်းစားဟူ၍ မရှိခဲ့ချေ။ အပြစ်ကင်းစင်သည့် ကလေးငယ်၏ စကားကပင်လျှင် သူ၏နှလုံးသားတစ်ခုလုံးကို ကွဲကြေစေခဲ့သည်။

ယုခက်ခက် ပြောသည့် ဦးလေးအဖြူဆိုသည်မှာ ရှမ့်လန်ကို ပြောခြင်းဖြစ်၏။ ရှမ့်လန်၏ မျက်နှာက ဖြူ၏။ နင်ကျန်းကိုမူ ဦးလေးအမဲဟု ဆိုလိုခြင်းဖြစ်၏။ နင်ကျန်း၏မျက်နှာက မဲလျက်ရှိနေသောကြောင့်ပင်။

ယုခက်ခက်က ထပ်မံကာ မေးမြန်းလိုက်၏။ “ဦးလေးတို့ ဘာလုပ်နေကြတာလဲ”

ရှမ့်လန်က ထပ်ကာ ဖြေလိုက်သည်။ “အင်း... စစ်တုရင် ကစားနေတာလေ”

ဤမိန်းကလေး၏ မျက်ဝန်း နက်နက်များသည် အမည်းရောင်နှင့်အဖြူရောင် စစ်တုရင်ခုံဆီသို့ သေသေချာချာ ကြည့်ရှုလိုက်၏။ “ဦးလေး... ဒါ ဘာတွေလဲ”

“ဒါက စစ်တုရင်တွေပေါ့”

“ဒါတွေကို စားလို့ရလား”

“မရဘူး”

“ဒါတွေကို တကယ်စားလို့မရဘူးပေါ့”

“အင်း.. တကယ်စားလို့မရဘူး”

ရှမ့်လန်တစ်ယောက် သူမကို လိမ်ညာနေခြင်းဖြစ်မည်ဟု ယုခက်ခက်က ခံစားမိ၏။ ထို့ကြောင့် သူမ၏ နှစ်နှစ်အရွယ် ညီမငယ်ကို လှမ်းကာ ပြောလိုက်၏။ “ညီမလေး... ဒါကို ကိုက်ကြည့်လိုက်လေ။ အရသာရှိလား၊ မရှိလား”

“ကောင်းပြီ”

ယုရှစ်ရှစ်သည် ကြောင်အအဖြင့် စစ်တုရင်ရုပ်ကို လှမ်းယူကာ ပါးစပ်ထဲထည့်၍ ကိုက်ဝါးလိုက်သည်။

သူမ၏ လှုပ်ရှားမှုက မြန်ဆန်သောကြောင့် နင်ကျန်းသည် အချိန်ကိုက် မတားဆီးနိုင်ခဲ့ချေ။ စစ်တုရင်ရုပ်များက မာကျောလွန်း၏။ ထို့အပြင် ယုရှစ်ရှစ်ကလည်း နှစ်နှစ်အရွယ်သာလျှင် ရှိသေး၏။ ပါးစပ်နှင့် ပြင်းပြင်းထန်ထန် ကိုက်ပြီးနောက် အလွန်နာကျင်သွားခဲ့၏။ သူမသည် ကျယ်လောင်စွာ အော်ဟစ် ငိုယိုလျက်ရှိနေ၏။

နင်ကျန်းသည် သူမ၏ ပါးစပ်ထဲဆီမှ စစ်တုရင်ရုပ်ကို လျင်လျင်မြန်မြန်ပင် ဆွဲထုတ်ပြီး သူမ၏ သွားသေးသေးလေးများ ဒဏ်ရာရရှိသွားမလားဟု စစ်ဆေးလိုက်၏။ ကံကောင်းစွာဖြင့် မည်သည့် အနာတရမှ မရှိခဲ့ချေ။

ကတော်ကျိုးသည် ငိုသံကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပြေးလာပြီး ယုရှစ်ရှစ်ကို ခေါ်ယူသွားခဲ့၏။ ရှမ့်လန်သည် အကူအညီမဲ့စွာဖြင့် လက်ထဲတွင် ရှိနေသည့် ယုခက်ခက်ကို ကြည့်ရှုလိုက်၏။ ဤမိန်းကလေးသည် တကယ့်ကို နောက်နောက်ပြောင်ပြောင် ရှိလွန်း၏။ သူ့၏ညီမကိုပင်လျှင် ပြန်လည်ကာ စနောက် လှည့်စားတတ်၏။ ယုရှစ်ရှစ်က တကယ့်ကို ညံ့ဖျင်း၏။ အချိန်တိုင်း သူမအစ်မကြီး၏ လှည့်စားခြင်းကို ခံနေရသည်။

ရှမ့်လန်၏အကြည့်ကို မြင်ရသည့်အချိန်မှာတော့ သူမ အဆူခံရတော့မည်ဟု ယုခက်ခက်က ခံစားမိ၏။ ထို့ကြောင့် ရှမ့်လန်၏ပေါင်ဆီမှ လျှောဆင်းပြီး ထွက်ပြေး၏။

“ဒီအရာက တကယ့်ကို စားလို့မရဘူးပဲ”

သူမက ထွက်ပြေးသွား၏။ သို့ပေမည့် ခပ်ဝေးဝေး မပြေးရချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ပင်းသည် သူမ၏ ဘောင်းဘီစကို လှမ်းကာ ဆွဲထားသောကြောင့်ပင်။

“နောက်နောက်ပြောင်ပြောင်နိုင်တဲ့ ကလေးမ၊ ကိုယ့်ရဲ့ညီမကို ထပ်ပြီးတော့ အနိုင်ကျင့်နေပြန်ပြီလား”

ပြီးနောက် ငိုသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ သို့ပေမည့် မျက်ရည်မကျသော ငိုသံပင် ဖြစ်၏။

ပြီးနောက် ရှမ့်လန်နှင့် နင်ကျန်းတို့က ဆက်လက်ကာ စကားပြောကြသည်။

နင်ကျန်းက ပြောလိုက်၏။ “ခင်ဗျားနဲ့ စုနန်တို့ရဲ့ တိုက်ပွဲက တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲမျိုးလား။ တဖြည်းဖြည်းချင်း ဖြစ်လာမယ့် တိုက်ပွဲမျိုးလား”

ရှမ့်လန်က ပြန်လည်ကာ ပြောလိုက်၏။ “အင်း.. ဖြည်းဖြည်းချင်း ဖြစ်လာမယ့် တိုက်ပွဲမျိုးပါပဲ”

နင်ကျန်းက မေးလိုက်သည်။ “ဘယ်အချိန်လောက်လဲ”

ရှမ့်လန်က ဖြေလိုက်၏။ “မကြာခင် .... သိပ်ပြီး မကြာခင်ပေါ့”

..........

အိမ်ရှေ့စံမင်းသား၏ နန်းဆောင်တစ်ခုအတွင်းမှာတော့ ......

အုပ်ချုပ်ရေးမှူးကျူးကျွင်းက ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား.... ကျင်းကျိုးက ရွှမ်ဝူနယ်စားကြီးဘွဲ့ကို ရရှိခဲ့ပြီ။ ဘုရင်မင်းမြတ်ကလည်း တကယ့်ကို ပျော်ရွှင်နေပါတယ်”

အိမ်ရှေ့စံမင်းသားသည် သူ့၏လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းရုပ်တစ်ခုကို ဆော့ကစားရင်း စစ်တုရင် ကစားလျက်ရှိနေ၏။ မည်သည့်စကားမှ မဆိုချေ။

ကျူးကျွင်းက ပြောလိုက်သည်။ “ဒီတော့ ကျန်းချုံးကို ကယ်တင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ အိမ်ရှေ့စံသာ တောင်းဆိုပေးမယ်ဆိုရင် အရှင်မင်းကြီးက ကျိန်းသေပေါက် ကျန်းချုံးကို လွှတ်ပေးမှာပါ”

အိမ်ရှေ့စံမင်းသားက ပြုံးလိုက်၏။

ကျောင်းယန်က ပြောလိုက်သည်။ “အင်း... အုပ်ချုပ်ရေးမှူးကျူးရဲ့ မျက်လုံးထဲမှာ ကျန်းချုံးက တကယ့်ကို အရေးကြီးတဲ့လူတစ်ယောက်။ ဒါပေမဲ့ အိမ်ရှေ့စံရဲ့ နှလုံးသားထဲမှာတော့ သူက ကျန်းချုံးထက် ပိုပြီးတော့ အရေးကြီးတယ်။ ပြီးတော့ မဟာဗျူဟာတွေကိုလည်း ကောင်းကောင်း ချမှတ်နိုင်တယ်။ အိမ်ရှေ့စံမင်းသားရဲ့ ပါးစပ်က ရွှေပါးစပ်လိုပဲလေ။ သူ့ရဲ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတိုင်းက တန်ဖိုးကြီးမားတယ် မဟုတ်လား”

မှန်ပေ၏။ ထို့အပြင် အိမ်ရှေ့စံမင်းသားက အိမ်ရှေ့စံမင်းသားသာ ဖြစ်၏။ အိမ်ရှေ့စံမင်းသားဆိုသည့် ရာထူးသည် တကယ့်ကို အရေးကြီးမားလှသည်။ သူပြောသည့် စကားလုံးတိုင်း ... သူ ဘုရင်မင်းမြတ်ဆီသို့ တောင်းဆိုသည့် တောင်းဆိုချက်အားလုံးတို့သည် အရေးပါလွန်း၏။

ကျန်းချုံးသည် ကျူးကျွင်း၏ လူယုံတော်တစ်ယောက် ဖြစ်၏။ သို့ပေမည့် အိမ်ရှေ့စံမင်းသားအတွက်တော့ မဟုတ်ချေ။ အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲတွင်တော့ ကျန်းချုံးသည် ဘာတစ်ခုမှ မဟုတ်ချေ။ ထို့အပြင် ကျန်းချုံးသည် အိမ်ရှေ့စံမင်းသား၏ဘက်ခြမ်းတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည်ဟု သတ်မှတ်၍ ရသော်လည်း သူ၏သစ္စာတရားသည် ဘုရင်မင်းမြတ်အပေါ်၌သာလျှင် ရှိသည်။

ထို့အပြင် အိမ်ရှေ့စံမင်းသား သဘောမတွေ့သည့် အရာတစ်ခုကိုလည်း ကျန်းချုံးက ပြုလုပ်ခဲ့၏။ ယခင်တုန်းက သူသည် ရှစ်ကွမ်းယွမ်အား ရွှေစာတမ်းတစ်ခု လက်ဆောင်ပေးခဲ့၏။ ရလဒ်အနေနှင့် ရှစ်မိသားစုတစ်ခုလုံး သုတ်သင်ခြင်း ခံရ၏။ ရှစ်မိသားစု ပြန်လည်ကာ ထူထောင်ကာ ထလာချိန်မှာတော့ ရှစ်ချင်းချင်းသည် ကျင်းမိသားစုနှင့် ပူးပေါင်းသွားခဲ့၏။ ထိုအရာက သူ၏မျက်နှာကို ပိတ်ရိုက်ခြင်းပင် မဟုတ်ပါလား။

ကျူးကျွင်းက ပြောလိုက်၏။ “အရှင်မင်းသား.. ကျန်းချုံးက နိုင်ငံအတွက် တကယ့်ကို သစ္စာရှိတဲ့ လူတစ်ယောက်ပါပဲ။ အခု အရှင်မင်းသားအနေနဲ့ သူ့ကိုကယ်တင်ဖို့ အချိန်ကောင်းပဲလို့ ထင်ပါတယ်။ သူက ကျိန်းသေပေါက် အရှင်မင်းသားကို ကျေးဇူးတင်ပြီး အရှင်မင်းသားအတွက် သေတဲ့အထိ အလုပ်အကျွေး ပြုပါလိမ့်မယ်”

အိမ်ရှေ့စံမင်းသား နင်ယီက ပြုံးလိုက်သည်။ “ဦးရီးတော်.. ဘာလုပ်ရမလဲဆိုတာ ကျုပ်သိပါတယ်”

ကျူးကျွင်း ထွက်ခွာသွားခဲ့ပြီးနောက် အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်၏။ “ရှစ်ချင်းချင်းက ရှမ့်လန်ရဲ့ ကျင်းမိသားစုထဲကို ရောက်သွားတာလား”

ကျောင်းယန် က ပြောလိုက်၏။ “ဟုတ်ပါတယ်။ ရှမ့်လန်က တကယ် နှာဗူး တဏှာရူးလေ။ သူက ရှစ်ချင်းချင်းလို လှပတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် လက်လွှတ်ပေးမှာလဲ။ သူတို့နှစ်ယောက်က အချိတ်အဆက် ရှိနေမှာတော့ အသေအချာပဲ”

အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ဒါဆိုရင် ငါ ရှစ်မိသားစုကို ပေးထားတဲ့ ရွှေရောင်စာတမ်းရော ရှိသေးလား”

ကျောင်းယန်က ပြောလိုက်သည်။ “ရှိနေလောက်ပါသေးတယ်”

အိမ်ရှေ့စံမင်းသားက ပြန်လည်ကာ ပြောလိုက်၏။ “အဒါကို ပြန်တောင်းခဲ့လိုက်တော့”

.............

All Chapters