အခန်း (၃၂၈)
Vol. 24 Ch. 328
အင်ပါယာသမားတော် တော်တော်များများတို့ ရောက်ရှိလာခဲ့ပြီး ကျန်းချုံးကို ကုသခဲ့၏။ “ဒါက တကယ့်ကို ပြင်းထန်လွန်းတဲ့ အူရောင်ငန်းဖျားရောဂါပဲ”
“ကျိန်းသေပေါက် လွှတ်ပစ်ရတော့မယ့် အခြေအနေမျိုးပဲ”
“သတိမေ့မြောတဲ့အထိ သူ့ရဲ့ အဖျားက ကြီးနေတာပဲ။ ပြီးတော့ ဆက်တိုက်တုန်ယင်နေခဲ့တယ်”
“အင်း... သူ့ကို ဆက်ပြီးတော့ ကုသလို့ မဖြစ်နိုင်တော့ဘူး”
အင်ပါယာသမားတော် တော်တော်များများတို့သည် ထိုကဲ့သို့ပဲ အနှစ်ချုပ်လိုက်၏။
“ဒုတိယသခင်လေး... အသုဘအတွက် ပြင်ဆင်ထားပါတော့” အင်ပါယာသမားတော်တစ်ယောက်က ကျန်းချွင်ကို ပြောလိုက်သည်။
ထိုအချိန်မှာပဲ ကျန်းချွင်သည် အိပ်ရာ၏ ဘေးတစ်ဖက်တွင် ဒူးထောက်လျက် ရှိနေ၏။ သူ့ကို ကြည့်ရသည်မှာ အသိအာရုံအားလုံး ပျောက်ကွယ်သွားသည့်ပုံပင်။
“ဒုတိယသခင်လေး... အခု ခင်ဗျားအဖေ နာကျင်မှုမရှိဘဲ ထွက်ခွာသွားနိုင်ဖို့ ကျုပ်တို့ ဆေးတစ်မျိုး ဖန်တီးပေးရမလား”
ကျန်းချွင်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မလိုသေးပါဘူး။ ကျုပ်အဖေက ထွက်သွားမယ်ဆိုရင်တောင် သတိရှိရှိနဲ့ ထွက်သွားလိမ့်မယ်”
အင်ပါယာသမားတော်သည် စိတ်ထဲတွင် ကြိတ်ကာ နှာခေါင်းရှုံ့လိုက်၏။ ကျန်းချုံး၏ အဖျားသည် တကယ့်ကို ကြီးမားလွန်းနေ၏။ အသိစိတ်ဟူ၍ ဝင်တော့မည် မဟုတ်ချေ။
“အင်း... ဝမ်းနည်းပါတယ် ဒုတိယသခင်လေး” အင်ပါယာသမားတော်က ပြောလိုက်၏။ ပြီးနောက် ကျန်သည့် အင်ပါယာသမားတော် တော်တော်များများနှင့်အတူ သတင်းပို့ရန် နန်းတော်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့၏။
အူရောင်ငန်းဖျားရောဂါဆိုသည်မှာ ကုသ၍ရသည့်အရာမျိုး မဟုတ်ကြောင်း အားလုံး သိရှိပြီးသားဖြစ်၏။ ဤနေရာဆီသို့ ရောက်ရှိလာခဲ့ခြင်းဆိုသည်မှာ ဘုရင်မင်းမြတ်က သွားရောက်ကြည့်ရှုရန် ပြောသောကြောင့် ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်၏။ ဤအရာက အလုံးစုံ အချိန်ဖြုန်းသည့် ခရီးတစ်ခုကဲ့သို့ပင်။
အင်ပါယာသမားတော်များ ထွက်ခွာသွားခဲ့ပြီးနောက် ကျန်းချွင်၏ မျက်ရည်များသည် မျက်နှာပေါ်သို့ ဖြည်းညင်းစွာ စီးကျလာခဲ့၏။ ထိုအချိန်မှာတော့ သူသည် နာကျင်မှုကြောင့် ထုံကျင်လျက် ရှိနေပြီး အရာအားလုံးတို့ကိုပင် စတင်ကာ သံသယဝင်လာခဲ့၏။
သူ၏ တတိယညီလေး ကျန်းကျင်း သေဆုံးခဲ့ပြီးနောက် သူသည် ရင်ကွဲလုမတတ် နာကျင်ခဲ့၏။ ယခု သူ၏အဖေ ကျန်းချုံးသည် သေဆုံးရတော့မည်။ ကျန်းချွင်၏ လောကကြီးတစ်ခုလုံးက ပျက်စီးပြိုလဲသွားတော့မည် သကဲ့သို့ပင်။ စိတ်ပျက်စရာကောင်းသည့် အခြေအနေမျိုးကို သူက ကြုံတွေ့နေရသည်။
ဤကဲ့သို့သော စိတ်ပျက်စရာကောင်းသည့် အခြေအနေမျိုးကို လွန်ခဲ့သည့်လအနည်းငယ်ထဲက သူခံစားခဲ့ခြင်း ဖြစ်၏။ သူ၏အဖေ အကျဉ်းထောင်၌ ပထမဦးဆုံး စတင်ဖမ်းဆီးခံရသည့်အချိန်က ဘုရင်မင်းမြတ်၏ ဒေါသတရားမှာ အနည်းငယ်သာ ရှိသောကြောင့် မျှော်လင့်ချက် တစ်ခုတစ်လေရှိမလားဟု ကျန်းချွင်က စိတ်ထဲတွင် ခံစားမိ၏။
သို့ပေမည့် အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ သူ ထိုကဲ့သို့သော မျှော်လင့်ချက်ကို မထားရဲတော့ချေ။ ဘုရင်မင်းမြတ်၏ နှလုံးသားထဲတွင် ရှိနေသည့် သူ့အဖေ၏ အရေးကြီးမှုသည် တဖြည်းဖြည်းနှင့် နိမ့်ပါးလာခဲ့၏။ ထို့ပြင် သူသည် ဘုရင်မင်းမြတ်ဆီသို့ သွားရောက်ပြီး သနားညှာတာပေးပါရန် တောင်းဆိုမှုကိုလည်း မပြုလုပ်ချင်ပေ။ ဘုရင်မင်းမြတ်က သူ့ကို ညှာတာပေးပါ့မလားဆိုသည်က မသေချာသောကြောင့်ပင်။ ယခု နောက်ဆုံးအချိန်မှာတော့ သူသည် စိတ်ပျက်လက်ပျက် ခံစားနေမိသည်။
“အဖေ... အဖေက တာဝန်ထမ်းဆောင်ဖို့ ကိုယ့်ရဲ့အသက်ကို ပေးဆပ်ခဲ့ရတာ ထိုက်တန်ရဲ့လား”
ဆိုးဝါးသည့် အရာရှိများ၊ အကျင့်ပျက်ခြစားလျက် ရှိနေသည့် အရာရှိအားလုံးတို့သည် ချမ်းသာမှု၊ ကြွယ်ဝမှု၊ အောင်မြင်မှုများကြားထဲတွင် ပျော်ရွှင်လျက် ရှိနေ၏။ သို့ပေမည့် အဖေသည် ဘုရင်မင်းမြတ်အတွက် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခဲ့၏။ သို့ပေမည့် ဆိုးရွားစွာ အဆုံးသတ်ခဲ့၏။
ယခင်တုန်းက ဘုရင်မင်းမြတ် မူဝါဒသစ်ကို စတင်ကာ ချမှတ်ခဲ့သည့်အချိန်တွင် မည်သူတစ်ဦးတစ်ယောက် ရှေ့ကိုထွက်ကာဖြင့် တာဝန်ယူရဲသနည်း။ ရှေ့ဆုံးမှထွက်ကာ ရဲရဲဝံ့ဝံ့ ပြုလုပ်ရဲသည့် လူသည် သူ၏အဖေပင် ဖြစ်ခဲ့သည် မဟုတ်ပါလား။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့ ဘာတစ်ခုမှ မပြုလုပ်ဘဲဖြင့် နေခဲ့သည့်လူများအားလုံးကတော့ တည်ငြိမ်အေးဆေးလျက် ရှိနေပြီး သူ၏အဖေမှာတော့ ဒုက္ခတရားကို ကြုံဆုံနေရသည်။
သစ္စာတရားဆိုသည်မှာ ထိုက်တန်ပါရဲ့လား။ သို့ပေမည့် ကျန်းချွင် မည်မျှ စိတ်ပျက်ဝမ်းနည်းလျက် ရှိသည်ဆိုဆို အရာအားလုံးက အသုံးမဝင်တော့ချေ။ ကျန်းချုံးသည် အလုံးစုံ သတိလစ်မေ့မြောနေသည့် အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်၏။ အဖျားသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အပူချိန်ဆီသို့ပင် ရောက်ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးပင် ဝါထိန်လျက် ရှိ၏။ အရိုးပေါ်အရေတင်လျက်ရှိနေသည့် ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ်နှင့် တုန်ယင်နေ၏။
ကျန်းချွင်သည် မည်သည့်အရာကိုမှ မလုပ်နိုင်တော့ချေ။ သူ့အဖေ၏ အရိုးပေါ်အရေတင်လက်ကို အသာဆုပ်ကိုင်ကာဖြင့် အိပ်ရာဘေးတွင် ဒူးထောက်ပြီး လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ငြိမ်ငြိမ်သက်သက်ထိုင်နေ၏။ သူသည် နောက်ဆုံးသော အခိုက်အတန့် ရောက်ရှိလာမည်ကို စောင့်နေရသလိုပင်။ လောကကြီးတစ်ခုလုံး ပြိုလဲသွားမည့်အရာကို စောင့်မျှော်လျက် ရှိနေတုန်းပင်။
သူ၏မိန်းမနှင့် ကလေးနှစ်ယောက်တို့သည် အခန်းထဲတွင် တိတ်တဆိတ်ကြိတ်ကာ ငိုယိုလျက်ရှိနေ၏။ သူ၏ ကလေးနှစ်ယောက်တို့က ငယ်ရွယ်သေး၏။ တစ်ယောက်က ငါးနှစ်ဖြစ်ပြီး တစ်ယောက်မှာ သုံးနှစ်သာလျှင် ရှိ၏။ သေခြင်းတရားဆိုသည်ကို သူတို့ နားပင်မလည်သေးချေ။ သို့ပေမည့် အလုံးစုံသော စိတ်ပျက်မှု၊ ကြောက်လန့်မှု၊ ခြောက်ခြားမှု အရာအားလုံးကို သူတို့က ခံစားမိနေသည်။
ကျန်းချုံး၏ ဂုဏ်ရှိန်ဂုဏ်ဝါသည် နုကျန့်စီရင်စုတွင် ကြီးမားလွန်းခဲ့ပြီး အဆင့်မြင့် အရာရှိ တစ်ယောက်လည်း ဖြစ်ခဲ့၏။ သို့ပေမည့် ကျန်းချွင်မှာတော့ နန်းတွင်းတွင် အဆင့်ခြောက် မှတ်တမ်းရေးရာ ဝန်ထမ်း တစ်ယောက်သာလျှင် ဖြစ်သည်။ သူ၏လစာကလည်း နိမ့်ပါးလွန်း၏။ မိသားစုသည် ကျေးကျွန်အိုကြီး တစ်ယောက်နှင့် ကလေးထိန်းနှစ်ယောက်ကိုသာလျှင် ငှားရမ်းထားနိုင်၏။
ထိုအချိန်မှာတော့ မိသားစုအားလုံးတို့သည် ကျန်းချုံးသေဆုံးမည်ကို စောင့်မျှော်ကြည့်ရှုလျက် ရှိနေ၏။ တကယ့်ကို စိတ်ပျက်မှုပေါင်းများစွာနှင့် နှလုံးသားထဲတွင် ခံစားနေကြရ၏။ ဘုရင်မင်းမြတ်သည် ကျန်းချုံးကို အသိအမှတ် မပြုခဲ့သလို မည်သည့်အရာရှိ အရာခံမှလည်း ဤနေရာဆီသို့ ရောက်ရှိမလာခဲ့ချေ။
ကျန်းချုံးနှင့်ပတ်သက်၍ ကျူးကျွင်းက စိုးရိမ်ပူပန်လျက်ရှိနေ၏။ သို့ပေမည့် သူသည် ထျန်းလန်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် အချိန်တော်တော်များများ၌ နန်းမြို့တော်ထဲ မရှိချေ။ ထို့ကြောင့် ကျန်းချုံး သေဆုံးမည့်အချိန်တွင် သူ့ကို မည်သူမှ လာရောက်ကာ မတွေ့ဆုံခြင်းပင် ဖြစ်၏။
ကျန်းချွင်သည် ငိုကြွေးနေရာမှ ရပ်တန့်လိုက်၏။ သူ့အဖေ၏ လက်ကိုကိုင်ကာဖြင့် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေ၏။ သူ၏ညီမ ကျန်းချွင်းဟွာကသည် အချိန်ကိုက် ပြန်မလာနိုင်ခဲ့ချေ။ သူ၏အစ်ကိုကြီး ကလည်း တောင်ပိုင်းနိုင်ငံနှင့် စစ်မြေပြင်တွင် ရှိနေခဲ့၏။ ထို့ကြောင့် နောက်ဆုံးအချိန်ကို တွေ့ခွင့်ရရန် ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။ သူတစ်ယောက်တည်းသာလျှင် သူ့အဖေ၏ နောက်ဆုံးအချိန်ကို ကြည့်ရှုရမည့် လူတစ်ယောက် ဖြစ်လာခဲ့၏။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ကျေးကျွန်အိုကြီး၏အသံက ထွက်ပေါ်လာခဲ့သည်။ “ဒုတိယသခင်လေး... သခင်လေး ရှမ့်လန်နှင့် မင်းသားနင်ကျန်းတို့ လာလည်ပါတယ်”
ကျန်းချွင်က ကြောင်အသွားခဲ့၏။ သူသည် မယုံကြည်နိုင်သလိုပင် ခံစားနေ၏။ သူ့အဖေ ကျန်းချုံး သေဆုံးခါနီး အချိန်တွင် လိုက်ပါပို့ဆောင်သူသည် တကယ့်ကို ကြီးမားလွန်းသည့် ရန်ဘက်ဟောင်းကြီး ဖြစ်နေသည်လား။
ပြီးနောက် သူက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ မျက်ရည်များကို သုတ်ကာဖြင့် အပြင်ဘက်သို့ လျှောက်ထွက်လိုက်၏။ သူသည် ဦးကိုညွှတ်လိုက်၏။ “ဂါရဝပြုပါတယ် ပဉ္စမမင်းသား။ ဂါရဝပြုပါတယ် အစ်ကိုရှမ့်”
နာကြည်းမှုများကို ထိန်းသိမ်းထားခဲ့ရသော်လည်း ကျန်းချွင်သည် အသာပင် ဦးညွတ်၍ ပြောလိုက်သည်။ ရှမ့်လန်သည် တစ်ယောက်တည်းမလာခဲ့ချေ။ သူသည် ရှမ့်ဆယ့်သုံး၊ ဟွမ်ဖန်နှင့် တခြားသောသူများကို ခေါ်ဆောင်လာခဲ့၏။ ထိုသူတို့သည် ကြီးမားသည့် သေတ္တာကြီးကို သယ်ဆောင်လာခဲ့သည်။
“ရှင်းပြဖို့အချိန်မရှိဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကျန်းချွင်... ခင်ဗျားရဲ့အဖေက အူရောင်ငန်းဖျားရောဂါ ခံစားနေရတယ်လို့ ကျုပ်ကြားတယ်။ ဒါကြောင့် ကျုပ်လာကုပေးတာပဲ”
ကျန်းချွင်က တုန်ယင်သွားခဲ့၏။ သူသည် ရှမ့်လန်ကို တုန်လှုပ်စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ “အစ်ကိုရှမ့်... အူရောင်ငန်းဖျားရောဂါဆိုတာ ကုသလို့မရတဲ့ရောဂါလေ။ ဒါကို ကုသလို့ရလား”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အင်း... ကျုပ်အရင်ဆုံးကြည့်လိုက်အုံးမယ်”
အမိကမ္ဘာမြေ၏ ခေတ်သစ်ကြီးထဲတွင် အူရောင်ငန်းဖျားရောဂါဆိုသည်မှာ ဘာမှ အရေးကြီးသည့်ရောဂါမျိုး မဟုတ်ချေ။ သေချာသည့် ခွဲစိတ်ကုသမှုမျိုး ပြုလုပ်လိုက်ပါက ကောင်းမွန်သွားနိုင်သည့် အရာမျိုးဖြစ်၏။
ထို့ပြင် ခွဲစိတ်မှုကလည်း ခက်ခဲသည် မဟုတ်ချေ။ ဒုတိယတန်းစား ဆေးရုံတစ်ခုပင်လျှင် ထိုအရာကို အောင်မြင်အောင် သက်တောင့်သက်သာ ခွဲနိုင်သည်။ သို့ပေမည့် ခက်ခဲသည့် ခွဲစိတ်မှုမျိုး မဟုတ်ဘူး ဆိုလျှင်တောင်မှ သေးငယ်သည့် ခွဲစိတ်မှုမျိုးတော့ မဟုတ်ချေ။
ရှမ့်လန်သည် အခန်းထဲသို့ ဝင်လာခဲ့ပြီး ကျန်းချုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ကျန်းချုံးသည် မမှတ်မိလောက်အောင်ပင် ပိန်ချုံးသွားခဲ့၏။ အရိုးပေါ် အရေတင်လိုမျိုးဖြစ်သည်။ မူလအားဖြင့် ဆံပင် တစ်ဝက်လောက်ကသာလျှင် ဖြူခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ဆံပင်အားလုံးက ဆွတ်ဆွတ်ဖြူလျက ရှိနေ၏။
ကျန်းချုံးသည် ကျောင်းတော်သားတစ်ယောက်ကဲ့သို့ပင် အရှိန်အဝါမျိုး တည်ရှိပြီး သိုင်းပညာစွမ်းရည်ကလည်း အလွန်မြင့်မားလွန်း၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ အိပ်ရာပေါ်တွင် ခွေခွေလေး လဲလျောင်းလျက် ရှိနေသည်။
ရှမ့်လန်သည် စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်၏။ ဘုရင်မင်းမြတ်သည် တကယ့်ကို ကြမ်းတမ်းပြီး အညှာအတာ ကင်းမဲ့လွန်း၏။ ယခင်တုန်းက ကျန်းကျင်း၏ သေဆုံးမှုနှင့် နုရှောင့်မြို့ ကျရှုံးခြင်းသည် ကျန်းချုံးအား ပြန်လည် မတ်မတ်မရပ်နိုင်သည့် အခြေအနေဆီသို့ပင် ရောက်ရှိသွားစေခဲ့၏။ လွန်ခဲ့သည့် လအနည်းငယ်တွင် စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်မှုများသည် ကျန်းချုံးကို ဤကဲ့သို့အခြေအနေမျိုးဆီ ရောက်ရှိစေခဲ့ခြင်းသာပ ဖြစ်ပေလိမ့်မည်။
သူသည် အလျင်အမြန် ဆိုသလိုပဲ သူ၏ X-Ray အမြင်ကို အသုံးပြုပြီး ကျန်းချုံး၏ ဝမ်းဗိုက်ကို ကြည့်ရှုလိုက်၏။ ဟုတ်ပေ၏။ တကယ့်ကို တိကျသေချာ၏။ ရောင်ကိုင်းလျက်ရှိနေသည့် နေရာတစ်ခုကို သူ မြင်လိုက်ရ၏။ သူသည် ကျန်းချုံး၏ နဖူးကို အသာစမ်းကာ ကြည့်ရှုလိုက်၏။ တကယ့်ကို ပူလောင်လျက် ရှိနေ၏။ ၄၀ ဒီဂရီ စင်တီဂရိတ်ထက်ပင် ပိုမိုကာ အပြင်းဖျားလျက်ရှိနေ၏။
ပြောရမည်ဆိုလျှင် ဤကဲ့သို့ ကိစ္စမျိုးက သေသေချာချာ ကုသရမှာဖြစ်သည်။
“ခင်ဗျားအဖေက ရက်အနည်းငယ်လောက် နှောင့်နှေးခဲ့တယ်။ အထူးတရားရုံးမှာရှိတဲ့ မိစ္ဆာအရာရှိတွေ အားလုံးက သေဖို့ထိုက်တန်တဲ့လူတွေပဲ။ သူတို့က ရက်အနည်းငယ်လောက် ဒီကိစ္စကို သိုဝှက်ထားခဲ့ပြီး သတင်းမပို့ခဲ့ကြဘူး။ အခု အဖျားက ကုသလို့မရတဲ့ အခြေအနေထိတောင် ရောက်နေပြီ” ရှမ့်လန်က ပြောလိုက်၏။
စောဏတုန်းက ခန်းခြောက်သွားခဲ့ပြီဖြစ်သော ကျန်းချွင်၏ မျက်ရည်များသည် ထပ်မံကာ ကျဆင်းလာခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “အခုကျုပ်ဆီမှာ ခင်ဗျားရဲ့အဖေကို ကုသနိုင်ဖို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် မရှိဘူး။ အင်း... ၃၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲထက်နည်းတဲ့ အခြေအနေမျိုးပဲရှိတယ်”
ကျန်းချွင်က ကြောင်အသွားခဲ့ငည်။ ၃၀ ရာခိုင်နှုန်း .... ၁၀ ရာခိုင်နှုန်းဖြစ်သည်ဆိုလျှင်တောင်မှ ကျေးဇူးတင်ရမည်။ ၃၀ ရာခိုင်နှုန်းဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။ တခြားသော တစ်စုံတစ်ယောက် ဆိုပါက ရှမ့်လန်၏ စကားကို ယုံကြည်လိမ့်မည်မဟုတ်ပေ။ သို့ပေမည့် ကျန်းချွင်ကတော့ ယုံကြည်သည်။
အဘယ့်ကြောင့်ဆိုသော် ဤလူသည် သူ့အဖေ၏ ရန်ဘက်ကြီး ဖြစ်၏။ ကျိုးကြောင်းမဆီလျော်သည့်ပုံ ပေါ်သော်လည်း ဘယ်တော့မှ လိမ်ပြောလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ရှမ့်လန် ပြောခဲ့သည့် အရာအားလုံးကလည်း တကယ်အမှန် ဖြစ်လာခဲ့သည့်အရာများပင် ဖြစ်၏။
ကျန်းချွင်သည် ချက်ချင်းပဲ ဒူးထောက်ထိုင်ချကာဖြင့် ဦးတိုက်လိုက်သည်။ “ကျုပ်အဖေကို ကယ်နိုင်၊ မကယ်နိုင်နိုင် အစ်ကိုရှမ့်... ကျုပ် အစ်ကိုရှမ့်ရဲ့ ကြင်နာမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အနာဂတ်မှာ ကျုပ်ဆီကနေ တစ်စုံတစ်ခု လိုချင်တယ်ဆိုရင် ကျိန်းသေပေါက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး။ ဓားတောင်ကိုပဲ တက်ရတက်ရ၊ မီးပင်လယ်ကြီးထဲပဲ ခုန်ချရခုန်ချရ ကိစ္စမရှိပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကျန်း... ခင်ဗျား ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျုပ် အကောင်းဆုံး လုပ်ပေးပါ့မယ်”
ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “ဖန်အာ.. ရေနွေးပြင်လိုက်တော့။ ဆယ့်သုံး... ဖယောင်းတိုင်မီးတွေ အကုန်လုံးကို ထွန်း။ လင်းလေကောင်းလေပဲ။ ပြီးတော့ မှန်တစ်ချပ်ပြင်ထား”
ရှမ့်ဆယ့်သုံး၊ ဟွမ်ဖန်နှင့် ကျင်းမိသားစုဆီမှ တခြားသောစစ်သည်တော်များသည် စတင်ကာ အလုပ် လုပ်ကြတော့၏။ သူတို့၌ ရာဘာလက်အိတ်များ မရှိချေ။ ထို့ကြောင့် တိရစ္ဆာန်အရေခွံနှင့် ပြုလုပ်ထားသည့် လက်အိတ်တချို့ကို အသုံးပြုခဲ့ရ၏။ တကယ့်ကို ပါးလွှာပြီး ဆွဲဆန့်၍လည်းရ၏။
အခန်းတစ်ခုလုံးသည် ဒါဇင်နှင့်ချီသည့် ဖယောင်းတိုင်ကြီးများနှင့် ပြည့်နှက်လျက် ရှိနေပြီး မှန်များနှင့်အတူ အလင်းများ လင်းထိန်နေ၏။ ကျန်းချုံး၏ ဝမ်းဗိုက်ဆီသို့ အလင်းထိုးထားသည်။
ဟွမ်ဖန်သည် ချက်ချင်းပဲ ရေနွေးပူကို စတင်ကာ ပြင်ဆင်၏။ ပြီးနောက် ဆေးမြစ်ပေါင်းများစွာကို ထိုထဲသို့ ထည့်ကာ ကျိုချက်၏။ ဤအရာက အားကောင်းလွန်းသည့် မေ့ဆေး ပြုလုပ်ရန်ပင်။ အနည်းငယ် အအေးခံခဲ့ပြီးနောက် ရှမ့်ဆယ့်သုံးသည် ထိုအမှုန့်များကို ကျန်းချုံး၏ ပါးစပ်ထဲသို့ အသာပင် လောင်းထည့် လိုက်၏။ ခဏလောက်ကြာပြီးနောက် ကျန်းချုံးသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့၏။ ဆေးက အစွမ်းပြလေပြီ။
အရာအားလုံး ပြုလုပ်ပြီးနောက် ရှမ့်လန်သည် သေးငယ်သည့် ဓားပါးလေးတစ်ခုကို ယူပြီး ကျန်းချုံး၏ ဝမ်းဗိုက်ကို စတင်ကာ ခွဲ၏။ သူသည် ခွဲစိတ်မှုကို စတင်ပြုလုပ်လိုက်သည်။ ဤလောကကြီးဆီ ရောက်ရှိလာခဲ့ပြီးနောက် အစစ်အမှန် ခွဲစိတ်ခန်းတစ်ခုကဲ့သို့ ဖန်တီးပြီး သေသေချာချာ ခွဲစိတ်ခြင်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်၏။ ချောင်ယောင်းအာနှင့် နင်ယန်တို့ကို သူ ထည့်မတွက်ခဲ့ချေ။
ဘဝတစ်သက်တာလုံး ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ဖူးသူမို့ သူ့အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် တကယ့်ကို တည်ငြိမ်ကျွမ်းကျင်လျက် ရှိနေ၏။ X-Ray အမြင်ကို အသုံးပြုရင်း သူသည် ရောင်ရမ်းနေသည့် အူတည်နေရာကို သေသေချာချာ ကြည့်ရှုလိုက်၏။
ထို့ပြင် ယခင်ဘဝတုန်းက သူသည် ကျော်ကြားလွန်းသည့် ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော ရောဂါမျိုးကို အကြိမ်ပေါင်းများစွာ ခွဲစိတ်ကုသဖူးပြီးဖြစ်၏။ ထို့ကြောင့် သူ့အတွက် ဤအရာမျိုးသည် မျက်စိမှိတ်ပြုလုပ်လျှင်ပင် လွယ်ကူသည့် အရာမျိုး ဖြစ်သည်။
သူသည် ရောင်ကာ ဖောင်းလျက်ရှိနေသည့် အူတည်နေရာကို ဖြတ်ချလိုက်၏။ ထိုအရာက ဖြတ်ရ လွယ်ကူ၏။ အဓိကသော့ချက်အားဖြင့် တခြားသောနေရာများသို့ ကူးစက်နေသလားဆိုသည်ကို သူ သေသေချာချာ ထပ်မံကာ ကြည့်ရှု၏။ အရာအားလုံး ပြုလုပ်ပြီးနောက် ရှမ့်လန်သည် စီစီရီရီဖြင့် ပြန်လည်ကာ ချုပ်၏။
အပြင်ဘက်မှာတော့ ကျန်းချွင်သည် ဒူးထောက်ကာ ထိုင်လျက်ရှိနေ၏။ သူ၏မိန်းမ၊ ကလေးနှစ်ယောက်နှင့် မိသားစု၏ ကျေးကျွန်အိုကြီးကလည်း ဒူးထောက်လျက် ရှိနေတုန်းပင်။ ထိုနေရာတွင် ကျန်းကျင်း၏ အသုဘခုံ ကလည်း သေချာရှိနေ၏။
“ဘိုးဘေးတို့ ကျေးဇူးပြုပြီး အဖေ့ကို ဒီရောဂါကနေ အသက်ရှင်အောင် ကူညီပေးကြပါ။ တတိယညီလေး... မင်းရဲ့ဝိညာဉ်က ကောင်းကင်ယံမှာ ရှိနေတယ်ဆိုရင် အဖေ့ကို ကောင်းချီးပေးပါ။ တကယ်လို့ အဖေသာ အသက်ရှင်နိုင်မယ်ရင် ငါ့ရဲ့သက်တမ်း ၃၀ လောက် လျှော့ကျမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ မဟုတ်ဘူး... မဟုတ်ဘူး။ ငါ သူ့အစား သေရမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး”
အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။ ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ကောင်းကောင်း အိပ်မပျော်ခဲ့ချေ။ သူသည် ကျန်းချုံး၏ နောက်ဆုံး ထွက်သက်ကို စောင့်မျှော်နေခြင်း ဖြစ်၏။ အမိန့်စာ ထုတ်ပြန်ခဲ့ပြီးပြီ ဖြစ်၏။ သူ့အနေနှင့် ကျန်းချုံး၏ အပြစ်ဟူသမျှကို ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ယခင်ရာထူးကိုလည်း ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သည်။
ကျန်းချုံး နောက်ဆုံးအသက်ကို ရှူရှိုက်ပြီး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် အမိန့်စာသည် ကျန်းမိသားစုဆီသို့ ရောက်ရှိသွားပေမည်။ ပြီးနောက် ကျန်းချွင်ကို ရာထူးတိုးပေးရန် စိတ်ကူးထားခဲ့၏။
“အင်း... ဘယ်အရာရှိတွေ ကျန်းချုံးဆီ သွားခဲ့သေးလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။
လီစွမ်းက ပြန်လည်ကာ ဖြေဆို၏။ “မသွားပါဘူး”
ဘုရင်မင်းမြတ်က သက်ပြင်းချလိုက်သည်။ “အင်း... လူသားတွေရဲ့ စိတ်ခံစားချက်က တကယ့်ကို အေးစက်လွန်းတာပဲ”
သူသည် စာအုပ်တစ်အုပ်ကို အသာပင် ကောက်ယူလိုက်၏။ ပြီးနောက် စတင်ကာ ဖတ်ရှု၏။ သို့ပေမည့် ထိုစာအုပ်ပေါ်၌ စိတ်အာရုံ မရှိချေ။
ခဏလောက်ကြာပြီးနောက် မိန်းမစိုးလီစွမ်းက သတင်းပေးပို့လိုက်၏။ “အရှင်မင်းကြီး... ရှမ့်လန်က ကျန်းချုံးဆီ သွားလည်ခဲ့ပါတယ်”
ဘုရင်မင်းမြတ်သည် မည်သို့မှ မနေနိုင်ချေ။ သက်ပြင်းကိုသာ ချလိုက်၏။ ရှမ့်လန်သည် တကယ့်ကို ထူးခြားလွန်း လှသည့် လူတစ်ယောက်ပင် ဖြစ်၏။ တခြားသောသူများအား နွေးထွေးမှုပေးတတ်သည့် လူတစ်ယောက်လည်း ဖြစ်လို့နေသည်။
............
နှစ်နာရီလောက်ကြာမြင့်ပြီးနောက် ရှမ့်လန်သည် ကျန်းချုံး၏ ဝမ်းဗိုက်ကို တစ်ထပ်ပြီးတစ်ထပ် ပြန်လည်ကာ ချုပ်ပြီးဖြစ်၏။ ခွဲစိတ်မှုက ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ သူသည် လက်အိတ်ကို ချွတ်၏။ ပြီးနောက် ရေနွေးနွေးနှင့် သူ၏လက်များကို ဆေးကြောပြီး အပြင်ဘက်သို့ လျှောက်လိုက်၏။
မြေပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိနေသည့် ကျန်းချွင်သည် တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူသည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ ကျန်တာက ခင်ဗျားအဖေရဲ့ ကံကြမ္မာပေါ်ပဲ မူတည်တော့တယ်”
ဤအရာက အမှန်ပင်ဖြစ်၏။ ရောင်လျက်ရှိနေသည့် အူကို ဖြတ်ထုတ်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမည့် ကျန်းချုံး အသက်ရှင်နိုင်ပါ့မလားဆိုသည်က မသေချာချေ။ ပထမဦးဆုံး နိုးထလာရန် လိုအပ်၏။ ပြီးနောက် အဖျားကို ဆက်လက် ကုသရန် လိုအပ်၏။ သူ့အနေနှင့် အူရောင်ခြင်းကြောင့် သေဆုံးတော့မည် မဟုတ်ချေ။ သို့ပေမည့် ငန်းဖျားခြင်းကြောင့်တော့ သေဆုံးသွားနိုင်သေးသည်။
ရှမ့်လန်သည် အနာကို သေသေချာချာ စစ်ဆေးကြည့်ရှုခဲ့ပြီးဖြစ်ပြီး အနားပတ်ဝန်းကျင်တွင် ရှိနေသည့် ပိုးဝင်နိုင်သည့် အရာအားလုံးကို ဆေးကြောပေးပြီးသား ဖြစ်၏။ အရာအားလုံးက ကံကြမ္မာပေါ်တွင် မူတည်၏။ ရှမ့်လန်သည် ဆက်လက်စောင့်ကြည့်ရန်သာ ကျန်ရှိတော့၏။
………