← Chapters

အခန်း (၃၂၉)

Vol. 24 Ch. 329

အခန်း (၃၂၉)

Vol. 24 Ch. 329

ရှစ်ချင်းချင်း၏ အိမ်တော်အတွင်းမှာတော့ သူမသည် မောပန်း နွမ်းနယ်စွာဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ တကယ်တော့ မလွယ်ကူချေ။ ပထမဦးဆုံး ပိုးချည်ထုတ်လုပ်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ရေတွက်၍မရအောင် များပြားသည့် ပိုးချည်လုံးများကို သိုလှောင်ခန်းထဲသို့ ထည့်သွင်းထားပြီးဖြစ်၏။ ထိုအရာအားလုံးကို ပိုးထည်အဖြစ်သို့ ဆက်လက်ကာ ရက်လုပ်ရမည်။ ရက်လုပ်ပြီးနောက် ရောင်းချရန်သာ ကျန်တော့သည်။

ရှစ်မိသားစု၏ အလုပ်ရုံသည် သောက်တလွဲ ရှမ့်လန်ကြောင့် မီးလောင်ကျွမ်းခဲ့ရ၏။ သို့ပေမည့် လင်းဝူ၏ အလုပ်ရုံကတော့ ကျန်ရှိနေသေး၏။ လင်းမိသားစုအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် လင်းမိသားစု၏ အလုပ်ရုံသည် ပြည်သူပိုင်ဖြစ်ခဲ့၏။

ရွှမ်ဝူနယ်စားကြီး၏ အကူအညီနှင့်အတူ ရှစ်ချင်းချင်းသည် လင်းမိသားစု၏ အလုပ်ရုံအား သင့်တော်သည့် ဈေးနှုန်းနှင့် ရရှိခဲ့၏။ သူမသည် အကြွေးလည်း တော်တော်များများ တင်ခဲ့၏။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ သူမ ပြန်လာနိုင်ခဲ့ပြီ ဖြစ်၏။ ဤပိုးထည်များကို ရက်လုပ်ပြီးနောက် သူမအနေနှင့် ရောင်းချရန် စိုးရိမ်ပူပန်စရာ မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမအစား ရောင်းချမည့် ကောင်းကင်တာအိုအဖွဲ့အစည်း ရှိနေသောကြောင့်ပင်။

မှန်လုပ်ငန်းနှင့်အတူ ကောင်းကင်တာအိုအဖွဲ့အစည်းသည် အရှေ့အနောက် ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို တန်ပြန် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်၏။ သစ်ပင်ကြီးအောက်တွင် နေထိုင်ရခြင်းက တကယ့်ကို အေးမြ၏။ သို့ပေမည့် အလွန်လည်း ပင်ပန်းလှချေ၏။

ရှစ်ချင်းချင်းသည် ရေစည်ထဲတွင် အသာလဲလျောင်းပြီး အိပ်ပျော်လုမတတ် ဖြစ်နေ၏။ ပြီးနောက် သူမ ရုတ်တရက် နိုးထလာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အိပ်မက်တစ်ခုကို မက်ခဲ့သောကြောင့်ပင်။

ချိုသာသည့် အိပ်မက်တစ်ခုလား၊ သို့မဟုတ် အိပ်မက်ဆိုးလားဆိုသည်ကတော့ သူမ မသိရှိချေ။ အိပ်မက်ထဲမှာတော့ ရှမ့်လန် သူမကို စကားပြောနေခြင်းပင်။ ဟုတ်ပေ၏။ တခြားဘာမှ မဟုတ်ချေ။ ဤကဲ့သို့ စကားပြောရခြင်းသည် စိတ်ညစ်စရာ ဖြစ်စေသည်။

“ရှစ်ချင်းချင်း... မင်းရဲ့ကိုယ်ကနေ ဘယ်လိုဖြစ်ပြီးတော့ ငါးနံ့ရနေရတာလဲ”

“ခွေးကောင်... နှာဗူး...”

သူမအနေနှင့် ထိုစဉ်တုန်းက ရေချိုးရန် အချိန်မရခဲ့ချေ။ ထို့ကြောင့် ရှမ့်လန်သည် သူမအား ငါးသေတစ်ကောင်၏ အနံ့ကဲ့သို့ ပြောခဲ့၏။ ဤစကားစုသည် သူမ၏ စိတ်ထဲတွင် ခိုအောင်းလျက်နေပြီး အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ခဏခဏ ပြန်လည်ကာ မြင်မက်တတ်၏။

ထို့ကြောင့်ပင်လျှင် သူမသည် နေ့စဉ်နေ့တိုင်း အချိန်ရှိသရွေ့ ရေချိုးနေခြင်း ဖြစ်၏။ ရေချိုးပြီးသည့်နောက် သူမကိုယ်သူမ နှင်းဆီရနံ့များဖြင့် သင်းပျံ့အောင် လိမ်းလိုက်၏။ ပြီးနောက် ဝတ်၍ကောင်းသော ပိုးထည် ညဝတ်အိတ်စုံကို ပြောင်းလဲဝတ်ဆင်၏။ ပြီးနောက် ပျော့ပျောင်းလွန်းသည့် အိပ်ရာထက်တွင် အသာပင် လဲလျောင်းလိုက်သည်။

အလုပ်များလွန်းသည့် နေ့ရက်က ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ သူမ ဘာမှထပ်မံလုပ်စရာ မရှိတော့ချေ။ သူမ ရှမ့်လန်အကြောင်း မတွေးတော့ချေ။ သို့ပေမည့် အချိန်ရှိသရွေ့ ရှမ့်လန်အကြောင်း တွေးမိနေ၏။ သူမ ချောင်ယောင်းအာကိုလည်း လွမ်းဆွတ်လျက်ရှိနေ၏။

သူမသာ မိသားစု၏ စီးပွားရေးလုပ်ငန်းကို ပြန်လည်တည်ဆောက်ရန် အိမ်သို့ ပြန်မလာခဲ့ပါက ကျိန်းသေပေါက် ချောင်ယောင်းအာနှင့်အတူ ပင်လယ်ပြင်ဆီသို့ ခရီးထွက်မိမှာ သေချာ၏။ ထိုသို့ဆိုလျှင် မည်ကဲ့သို့သော ဘဝမျိုးအစားကို ကြုံဆုံနေရမည်နည်း။ ဘာမှန်းမသိသော ဆန်းကြယ်သည့် လောကကြီးများအား ရှာဖွေရင်း အံ့အားသင့်စရာများ တွေ့နေမည်လား။

ချောင်ယောင်းအာ ဘာလုပ်နေမည်ဆိုသည်ကို သူမ သိချင်၏။ ဝမ်းဗိုက်ထဲတွင်ရှိနေသည့် ကလေးကော အဆင်ပြေမလား သူမ သိချင်မိ၏။ ဘယ်အချိန်ကျရင် သူ ရှစ်ချင်းချင်းသည်လည်း ကလေးတစ်ယောက် ရမည်နည်း။ ဖြစ်နိုင်သည်မှာ ဘဝတစ်သက်တာတွင် ဘယ်တော့မှ မရရှိခြင်းမျိုးလည်း ဖြစ်နိုင်၏။ ထိုသို့နှင့်ပင် ရှစ်ချင်းချင်း အိပ်ပျော်သွားခဲ့၏။

ဘာမှန်းမသိသည့် အချိန်ကာလတစ်ခုအတွင်းမှာတော့ သူမသည် ရုတ်တရက် တုန်ယင်သွားခဲ့၏။ မျက်လုံးကို အသာပင် ဖွင့်လိုက်၏။ ဤအချိန်မှာတော့ ရှမ့်လန်အကြောင်း အိပ်မက်မက်၍ မဟုတ်ချေ။ ဆိုးဝါးသည့် အန္တရာယ်၏ အငွေ့အသက်ကို ရရှိလိုက်သောကြောင့်ပင်။

အခန်းထဲတွင် လူတစ်ယောက် ရောက်ရှိလာသည်။ မျက်နှာဖုံး ဝတ်ဆင်ထားသည့် လူတစ်ယောက်ပင်။ ထိုမျက်နှာဖုံးသည် တွန့်လိမ်လျက် ရှိနေပြီး အလွန်အမင်း ထူးဆန်းလွန်း၏။

ရှစ်ချင်းချင်းသည် ထိုသူ့ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သို့ပေမည့် ထိုသူ၏ နာမည်ကိုတော့ ကြားဖူးသည်။ “ဓားပြကြီး နာကျည်းမှု”

ရွှဲ့ပြည်နယ်တွင် တကယ့်ကို ကြီးမားလွန်းသည့် ဓားပြကြီးနှစ်ယောက်ရှိ၏။ အနောက်ဘက်တွင် မျက်စိသုံးလုံး မိစ္ဆာဖြစ်ပြီး အရှေ့ဘက်မှာတော့ ဓားပြကြီးနာကျည်းမှု ဖြစ်၏။ ဝူနှင့် ရွှဲ့ပြည်နယ်တို့သည် ဓားပြကြီး နာကျည်းမှုကို သတ်ဖြတ်ရန် မည်မျှများပြားလှသည့် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ဖူးကြောင်း သူမ သေသေချာချာပင် အရေအတွက် မသိရှိချေ။ သို့ပေမည့် ထိုကျွမ်းကျင်သူများ ပြန်မလာနိုင်ခဲ့သည်ကိုတော့ သူမ သိရှိ၏။

ဓားပြကြီးနာကျည်းမှု၏ သိုင်းပညာက တကယ့်ကို မြင့်မားလွန်းလှ၏။ သူ့၌ နောက်လိုက်များများစားစား မရှိသော်လည်း ရှိသမျှနောက်လိုက်များသည် လက်ရွေးစင် အားကောင်းသည့်လူများသာလျှင်ဖြစ်၏။ သူတို့သည် ရုတ်တရက် ရောက်ရှိလာပြီး မည်သည့်အရိပ်အငွေ့မှမရှိဘဲ ရုတ်တရက် ထွက်ခွာသွားတတ်သည့် လူများသာ ဖြစ်သည်။

မျက်စိသုံးလုံးမိစ္ဆာသည် ဆိုးဝါးသည့်အရာများကို ပြုလုပ်ခဲ့၏။ သာမန်လူပေါင်းများစွာတို့ဆီမှ ငွေကြေးဉစ္စာများကို လုယက်တတ်ပြီး သူ၏အောက်တွင် မြင်းသည်တော်ပင်လျှင် တစ်ထောင်ကျော်ရှိ၏။

ဓားပြကြီးနာကျည်းမှုမှာတော့ သူ၏အောက်တွင် လူဦးရေတစ်ရာခန့်သာလျှင်ရှိ၏။ သို့ပေမည့် မကောင်းသည့် သူဌေးများ၊ အရာရှိကြီးများ၏ လက်ထဲတွင် ရှိနေသည့် ဉစ္စာဓနများကိုသာ လုယူတတ်ပြီး ထိုသူများကိုသာ သတ်ဖြတ်တတ်၏။ ဂုဏ်သိက္ခာအရ ပြောရမည်ဆိုလျှင် သူတို့သည် သီးခြားစီပင်။

နောက်ဆုံးအချိန်တုန်းက ထန်မျိုးနွယ်နှင့် စုကလန်တို့သည် ကျွမ်းကျင်သူ ၂၀၀ ကျော်ကို စေလွှတ်ပြီး ကျင်းမိသားစု၏ မြေပိုင်နက်ထဲတွင် ရှိနေသည့်လူများကို ဒုက္ခပေးခဲ့၏။ ထိုအချိန်တုန်းက ကျင်းမူလန်သည် နောက်ဘက်ပိုင်းဒေသဆီမှ ကျွမ်းကျင်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ဓားပြကြီး နာကျည်းမှုသာ ရောက်ရှိမလာခဲ့ပါက သူမ သေဆုံးခဲ့မှာ သေချာ၏။

ဓားပြကြီးနာကျည်းမှုသည် ထန်မိသားစုဆီမှ သားသုံးယောက်ကို သတ်ဖြတ်ခဲ့ပြီး အနောက်ပိုင်း ဒေသရှိ ကျွမ်းကျင်သူ တစ်ရာ့သုံးဆယ်ကျော်တို့ကိုလည်း သတ်ဖြတ်ခဲ့၏။ ဤလူသည် တကယ့်ကို အားကောင်းလွန်းသည်။

“ငါ... နာကျည်းမှုက မကောင်းတဲ့လူတွေ၊ အကျင့်ပျက်ခြစားတဲ့ မင်းမှုထမ်းတွေကိုပဲ သတ်ဖြတ်တာ။ ဒါပေမဲ့ ဒီနေ့မှာတော့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ရတော့မယ်။ ဘာလို့လဲဆိုတော့ ရွေးချယ်ခွင့် မရှိလို့ပဲ”

ဤထိပ်သီးဓားပြကြီး၏ အသံက ခြောက်ကပ်လျက်ရှိနေ၏။

“ကျုပ်... မင်းရဲ့ခေါင်းနဲ့ တစ်စုံတစ်ခုကို လဲလှယ်ချင်တယ်။ တောင်းပန်ပါတယ်။ ငါမင်းရဲ့ခေါင်းကို လိုချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် လုပ်လိုက်ပါ့မယ်။ မင်းနာကျင်မှုကို ခံစားရမှာမဟုတ်ဘူး” ဓားပြကြီး နာကျည်းမှုသည် ထက်ရှသည့် ဓားတစ်စင်းကို ထုတ်ယူလိုက်၏။ ပြီးနောက် ရှစ်ချင်းချင်း၏ လည်ကုပ်ပေါ်သို့ တင်ကာ ခုတ်ပိုင်းရန် ပြင်ဆင်လိုက်သည်။

ရှစ်ချင်းချင်းက သနားညှာတာပေးပါရန် တောင်းဆိုခြင်းမရှိချေ။ သူမ၏ လှပသည့် မျက်ဝန်းတစ်စုံနှင့်အတူ ဓားပြကြီးနာကျည်းမှုကို စူးစိုက်ကာ ကြည့်ရှုနေ၏။ “နာကျည်းမှု... ဘာလိုချင်လဲ။ ဖြစ်နိုင်တာ...”

…………

နန်းမြို့တော်

ထိုည၌ ရှမ့်လန်သည် ကျန်းချွင်၏ အိမ်မှာပင် အိပ်ခဲ့၏။ ကျန်းချုံး တစ်စုံတစ်ခုဖြစ်သည်ဆိုပါက ပထမဦးဆုံး သူ သွားရောက်ကာ ကယ်တင်နိုင်ရန် အဆင်သင့် ရှိနေချင်သောကြောင့်ပင်။ ကျန်းချွင်မှာတော့ တစ်ချက်ကလေးမှ မအိပ်ခဲ့ချေ။ အိပ်ရာ၏ ဘေးတစ်ဖက်တွင်သာ ဒူးထောက်လျက် ရှိနေသည်။ သူ၏ဘိုးဘေးများကို တိုင်တည်ကာ ဆုတောင်းလျက် ရှိနေသည်။

မနက်ခင်းအစောပိုင်းမှာတော့ နေအလင်းရောင်သည် ဖြည်းဖြည်းတောက်ပလာခဲ့၏။ ထိုနေအလင်းရောင်သည် ကျန်းချုံး၏ အရိုးပေါ်အရေတင် မျက်နှာပေါ်သို့ ကျဆင်းနေ၏။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲနက်လျက် ရှိနေပြီး ညအိပ်မက်ဆိုးကြားထဲတွင် နစ်မြုပ်လျက်ရှိနေသည့် လူတစ်ယောက်ကဲ့သို့ပင်။ တစ်ချက်ကလေးမှ နိုးထမလာခဲ့ချေ။

ရှိသမျှအားအင်များကို အသုံးပြုခဲ့ပြီးနောက် သူ၏အသက်သည် လိုလိုချင်ချင်နှင့် သေဆုံးသွားတော့မည့် အခြေအနေမျိုးဆီသို့ပင် ရောက်ရှိနေ၏။ သူသည် ဆိုးဝါးသည့် အိပ်မက်ဆိုးများထဲတွင် ရှုံးနိမ့်ခဲ့၏။ သူ၏ ရှိရှိသမျှသော အားအင် ပေါင်တစ်ထောင်လောက်ကို အသုံးပြုကာဖြင့် မျက်လုံးကို အသာပင် ဖွင့်ကြည့်လိုက်၏။

သူ၏အဖေ၏ လက်က တုန်ယင်သွားသည်ကို ကျန်းချွင်က ခံစားမိ၏။ မည်သို့မှ မနေနိုင်ဘဲ ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။ အံ့အားသင့်စရာပင်။

“အဖေ... အဖေ နိုးလာပြီလား”

ကျန်းချုံး၏ မျက်လုံးများသည် တဖြည်းဖြည်း အသိစိတ်ကပ်လာခဲ့သည်။ အချိန်တော်ကြာပြီးနောက် သူသည် တဖြည်းဖြည်းနှင့် သူ၏သားကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။ ဤတစ်ကြိမ် မျက်လုံး ဖွင့်လိုက်သည့်အချိန်မှာတော့ သူသည် ဘဝသစ်တစ်ခုကို ပြန်လည်ကာ ရရှိသွားသကဲ့သို့ပင်။

“အူရောင်ငန်းဖျားရောဂါက ကုသလို့ရတာလား” ကျန်းချုံးသည် တီးတိုး မေးလိုက်၏။

ဟုတ်ပေ၏။ ဤကဲ့သို့သောရောဂါမျိုးသည် အချိန်မရွေး သေဆုံးသွားနိုင်သည့် ရောဂါဖြစ်ကြောင်း သူ ကောင်းကောင်းသိရှိသည်။

ကျန်းချွင်သည် ပျော်ရွှင်စွာဖြင့် ငိုယိုလျက် ရှိနေ၏။ ဤအချိန်မှာတော့ သူ၏နှလုံးသားတွင် ဖြစ်ပေါ်နေသည့် ပျော်ရွှင်မှုများကို ဖော်ညွှန်းရန် စကားလုံးပင် ရှိတော့မည် မဟုတ်ချေ။ မူလအားဖြင့် သူ၏ လောကကြီး တစ်ခုလုံးက ပြိုလဲပြီး ဖျက်စီးခံရတော့မည့်အလား ဖြစ်ခဲ့၏။ နှလုံးသားတွင် ရှိနေသည့် တောင်တန်းကြီး တစ်ခုလုံးက ပြိုကျတော့မတတ်ပင်။ ထိုအချိန်မှာပဲ သူ၏အဖေသည် ပြန်လည်ရှင်သန်လာခဲ့၏။

‘လူနာအနေနှင့် ပထမဦးဆုံး သတိပြန်လည်ရရှိရန် လိုအပ်သည်’ ဟု ရှမ့်လန်က ပြောထားခဲ့၏။ နာရီ အနည်းငယ် ကြာမြင့်ပြီးနောက် သူ၏အဖေက နိုးထမလာခဲ့ချေ။ ထို့ကြောင့် သေဆုံးတော့မည်ဟု သူ ထင်မှတ်ခဲ့၏။ သို့ပေမည့် သူ၏အဖေသည် တကယ်ပင် နိုးထလာခဲ့ပြီ။

“အဖေ့ကို ကယ်တင်လိုက်တာ ရှမ့်လန်ပါပဲ။ သူက တကယ့်ကို နတ်ဘုရားစွမ်းရည်ရှိတဲ့ လူတစ်ယောက်ပဲ”

ထိုအချိန်မှာတော့ ကျန်းချွင်သည် အလုံးစုံ မယုံကြည်နိုင်သလိုပင် ခံစားနေမိ၏။ ရှမ့်လန်၏ဉာဏ်ပညာသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ နီးကပ်လျက်ရှိနေကြောင်း သူ သိရှိ၏။ သို့ပေမည့် အလုံးစုံကုသ၍ မရနိုင်သည့် ရောဂါမျိုးကိုပင် ကုသနိုင်စွမ်းရှိသည့် စွမ်းအင်မျိုး ပိုင်ဆိုင်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ တကယ့်ကို မထင်မှတ်ထားလောက်သည့် နည်းလမ်းမျိုးနှင့် ကုသခဲ့သေး၏။

ကျန်းချွင်၏စကားကို ကြားရသည့်အချိန်မှာတော့ ကျန်းချုံးသည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့၏။ သူ၏ အကြည့်များသည် ရှုပ်ထွေးသွားခဲ့၏။ ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်၏။ လောကကြီးက တကယ့်ကို ဟာသပင်။ သူ၏အသက်ကို ကယ်တင်ခဲ့သည့်လူသည် သူ၏ အကြီးမားဆုံးသော ရန်ဖက်ဟောင်းကြီး ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

“အင်း.... နိုးလာပြီကိုး။ ဒါဆိုရင် အသက်ကို ကယ်နိုင်ပြီပေါ့” ရှမ့်လန်က လျှောက်ဝင်လာခဲ့၏။

ကျန်းချွင်သည် မူလအားဖြင့် ဒူးထောက်လိုက်ချင်၏။ သို့ပေမည့် သူ မလုပ်နိုင်တော့ချေ။ ဤမျှလောက်နှင့် သူ၏ ကျေးဇူးတင်တရားကို ထုတ်ဖော်ပြော၍ မရနိုင်ချေ။

ကျန်းချုံးမှာတော့ ရှမ့်လန်ကို လှမ်းကာ ကြည့်ရှု၏။ သူ၏အမူအရာတစ်ခုလုံးကလည်း ရှုပ်ထွေးလျက်ရှိနေ၏။ သူသည် စကားပြောရန် ခက်ခဲလို့နေခဲ့၏။ ဤဘဝတွင် သူ ဘုရင်မင်းမြတ်ရှေ့တွင် ဒူးထောက်ခဲ့ဖူး၏။ ထို့အပြင် ကျူးကျွင်းကိုလည်း ဒူးထောက်ခဲ့ဖူး၏။ ဦးရီးတော်နင်ချီကိုလည်း ဒူးထောက်ခဲ့ဖူး၏။ သို့ပေမည့် ဤကဲ့သို့ ကြီးမားသည့် ကြင်နာမှုမျိုးကို တစ်ခါမှ မရရှိခဲ့ဖူးချေ။ ဘာလုပ်ရမှန်း မသိချေ။ လက်ရှိ အခြေအနေမှာတော့ သူ၏အားနည်းလွန်းသည့် မျက်နှာထက်တွင် ရှက်ရွံ့မှုများနှင့်သာ ပြည့်နှက်လျက် ရှိနေသည်။

“သခင်လေးရှမ့်က စုကလန်ကို ဖျက်ဆီးချင်နေတယ်။ အခြေအနေက ဘယ်လိုရှိနေပြီလဲ”

နောက်ဆုံးမှာတော့ ကျန်းချုံးသည် ဤစကားစုကို ညှစ်ထုတ်ကာ ပြောလိုက်၏။ အလုပ်ကိစ္စအကြောင်းကို ပြောရသည်မှာ သဘာဝ ပို၍ကျ၏။

ရှမ့်လန်သည် လက်ချောင်းများကို ရေတွက်ကာဖြင့် ပြောလိုက်သည်။ “အင်း.. တကယ့်ကြီးမားတဲ့ တိုက်ပွဲ မရောက်ခင် ၁၃ ရက်လောက် လိုသေးတယ်”

ဘေးတစ်ဖက်တွင် ရှိနေသည့် ကျန်းချွင်က ကြောင်သွားခဲ့၏။ ထိုစကားကို ကြားသည့်အချိန်မှာတော့ ပဉ္စမမင်းသား နင်ကျန်းပင်လျှင် ကြောင်သွားခဲ့၏။ အဘယ့်ကြောင့် တိုက်ပွဲ၏ နေ့ရက်ကိုပင် တိတိကျကျ သိရှိနေရသနည်း။ ပို၍အရေးကြီးမားသည်မှာ ဤကျန်းချုံးသည် မိတ်ဆွေလား၊ ရန်သူလား သေသေချာချာ မသိရှိချေ။ သူတို့အနေနှင့် ရှင်းရှင်းလင်းလင်း ပြုလုပ်သင့်သည် မဟုတ်ပါလား။

ကျန်းချုံးက ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “တစ်ဖက်လူက ပထမဦးဆုံး တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီလား။ ပြီးရင် တန်ပြန်တိုက်ခိုက်မှု လုပ်မှာလား”

ရှမ့်လန်က နားလည်၏။ ဤကဲ့သို့ ဉာဏ်ကောင်းလွန်းသောလူများနှင့် စကားပြောရသည်မှာ တကယ့်ကို လွယ်ကူလွန်း၏။ ရှမ့်လန်သည် ၁၃ ရက်ဟု ပြောရုံသာ ရှိသေး၏။ သို့ပေမည့် ကျန်းချုံးသည် စုနန်တစ်ယောက် ဤတိုက်ပွဲအတွက် ပထမဦးဆုံး စတင်လှုပ်ရှားမည်ကို တွက်ချက်ပြီးသား ဖြစ်၏။ ဤနေရာတွင် ရှိနေသည့် ယုတ္တိဗေဒက ရေးပြရန် တကယ့်ကို ရှုပ်ထွေးလွန်းလျက်ရှိ၏။

ယခု ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို ပိုမိုကာ နှစ်သက်၏။ လက်ရှိအခြေအနေမှာတော့ ရှမ့်လန်သည် ဘုရင်မင်းမြတ် ဒေါသအထွက်ဆုံးသော အခြေအနေတွင် နောက်ဆုံးသော ရိုက်ချက်တစ်ခုကို ပြုလုပ်ရန် စီစဉ်လျက် ရှိနေ၏။ ဘုရင်မင်းမြတ်သည် ကြမ်းတမ်း ရက်စက်လွန်းသည့် လူတစ်ယောက်ဖြစ်ပြီး သူ၏ ဒေါသတရားများကို တခြားသောသူများတွင် ပုံချရသည်ကို နှစ်သက်သည့် လူတစ်ယောက် ဖြစ်သည်။

ရှမ့်လန်က ထိုအရာကို အသုံးချရန်ပင် စဉ်းစားထားသေးသည်။ အံ့ချီးလောက်စရာပင်။

ရှမ့်လန်သည်သာ စုနန်ကို စဦးတိုက်ခိုက်သည် ဆိုပါက ဘုရင်မင်းမြတ် ပျော်ရွှင်နေသည့် အခြေအနေမျိုးကို ရွေးချယ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်က စုနန်ကို မကြိုက်နှစ်သက်သောကြောင့်ပင်။

ပြီးနောက် ကျန်းချုံးက ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ ဒီတစ်ကြိမ် နယ်ခြားအမဲလိုက်ပွဲကိစ္စကို ဘယ်လိုတွေးထားတာလဲ။ ဘုရင်မင်းမြတ် ရှုံးနိမ့်မယ်လို့ ထင်နေတာလား”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်မိ၏။ ကျန်းချုံးက ကျန်းချုံးသာလျှင် ဖြစ်၏။ ပြင်းပြင်းထန်ထန် နာမကျန်းမှုမှ ရုတ်တရက် နိုးထလာခဲ့သော်လည်း အမြင်ထက်ရှလျက် ရှိနေတုန်းပင်။ သူ၏ကြီးမားသည့် အဖျားဒဏ်က ရှိနေသေး၏။ စိတ်တစ်ခုလုံးက ရှုပ်ထွေးနေသင့်သည် မဟုတ်ပါလား။

ကျန်းချုံးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း.. ကျုပ်လည်း အဲလိုထင်တယ်။ အရင် အမဲလိုက်မှုမှာ ဝူဘုရင်က ရှုံးနိမ့်ခဲ့တယ်။ ဒါက အားနည်းမှုရဲ့ အရိပ်သင်္ကေတကို ထုတ်ဖော်ပြသတာပဲ။ အခုရွှဲ့ပြည်နယ်က တောင်ပိုင်းနယ်မြေရဲ့ ပုန်ကန်မှုနဲ့အတူ စစ်ပွဲက ကြီးကြီးမားမား ဖြစ်တည်နေတယ်။ ဝူဘုရင်က ဒီအရာကို အခွင့်အရေးယူပြီး သူ့ကိုယ်သူ အားကောင်းအောင် ပြုလုပ်လိမ့်မယ်။ ဒါကြောင့် ဒီအမဲလိုက်ပွဲမှာ ဘုရင်မင်းမြတ်က ရှုံးနိမ့်လိမ့်မယ်”

ကျန်းချုံးက ထိုအရာကို မြင်သည်သာမက စုနန်ကလည်း ထိုအရာကို မြင်ပေလိမ့်မည်။ လွန်ခဲ့သည့် ဆယ်ရက် အတွင်း စုနန်နှင့် ရှမ့်လန်တို့သည် တိုက်ခိုက်ရာမှ ရပ်တန့်ပြီး ရှားရှားပါးပါး ငြိမ်ငြိမ်သက်သက်နှင့် ပျော်ရွှင်စွာ နေထိုင်နေသည် မဟုတ်ပါလား။ မည်သည့်ကိစ္စရပ်ကိုမှ အစမဖော်ခဲ့သလို တစ်စုံတစ်ယောက်၏ဒဏ်ရာကို လျှာနှင့် ယက်ခြင်းလည်း မရှိခဲ့ချေ။

ပထမအကဲစမ်းတိုက်ပွဲတွင် ရှမ့်လန်သည် အနိုင်ယူခဲ့၏။ သို့ပေမည့် နှစ်ဖက်စလုံးသည် ထိခိုက်ခဲ့၏။ သူတို့ တိုက်ခိုက်သည်ကို ရပ်လိုက်သည်မှာ ဘုရင်မင်းမြတ်နှင့် ဝူဘုရင်တို့၏ကြား အမဲလိုက်ပွဲမှ ဖြစ်တည်လာခဲ့သည့် ရလဒ်ကို စောင့်မျှော်နေသောကြောင့်ပင်။

“အင်း... ပြစ်ချက်တစ်ခု ရှိနေသေးတာပဲ” ကျန်းချုံးက ပြောလိုက်၏။

“ဟုတ်တယ်”

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အဲ့ဒီပြစ်ချက်က ပြန်လည်ပြင်ဆင်လို့မရတဲ့ ပြစ်ချက်မျိုးပဲ။ ချက်ချင်း သေဆုံးခြင်းဆီ ရောက်သွားနိုင်တဲ့ ပြစ်ချက်မျိုး။ ဒီကိစ္စကို ပြင်လို့မရဘူးဆိုမှတော့ ပြစ်ချက်ကို ပြစ်ချက်အတိုင်းပဲ ထားလိုက်ရုံပေါ့။ အဲဒီပြစ်ချက်ထဲကို အဆိပ်ထပ်ထည့်ရမယ်။ ဒါမှ ရန်သူ့ကို သေစေနိုင်တဲ့ တန်ပြန်တိုက်ခိုက်မှုမျိုး ပေးနိုင်မှာပေါ့”

ကျန်းချုံးသည် ခဏလောက် တွေးတောရင်းမှ ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း.. ကျုပ် အကြမ်းဖျင်း အကြံအစည်တစ်ခုကို စဉ်းစားမိတယ်”

ပြီးနောက် ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်လန်.. မင်းက တကယ့်ကို စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့ လူမျိုးပဲ။ ဒီလိုတိုက်ပွဲမျိုးက အရမ်းကို အန္တရာယ်ကြီးမားလိမ့်မယ်”

ရှမ့်လန်ပြောလိုက်သည်နှင့် မည်သည့်ပြစ်ချက်ဖြစ်ကြောင်း ကျန်းချုံးက အဘယ့်ကြောင့် သိရှိနေရသနည်း။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် ကျန်းချုံး၏ အကြီးမားဆုံးသော ရန်ဖက်ဟောင်းကြီး ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ပြစ်ချက်တစ်ခုချင်းစီတိုင်းကို သူ အကြိမ်ကြိမ် လေ့လာခဲ့ဖူး၏။

ဤပြစ်ချက်ကို ကျန်းချုံးကလည်း ကောင်းကောင်းသိ၏။ သို့ပေမည့် အကျိုးသင့်အကြောင်းသင့်ကို ချိန်ဆပြီးနောက် ထိုအရာက အသုံးမဝင်ကြောင်း သူ သိရှိ၏။ အဘယ့်ကြောင့်ဆိုသော် စုနန်ပြုလုပ်နိုင်သည့် အရာများသည် ကျန်းချုံးပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်သောကြောင့်ပင်။ ဤအရာက အောက်ခြေစည်းမျဉ်း တစ်ခု ဖြစ်ရုံသာမက တကယ့်ကို အရေးကြီးသည့် အရာတစ်ခုလည်း ဖြစ်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒီတိုက်ပွဲမှာ အနိုင်ရရှိနိုင်မှု အခွင့်အလမ်း ဘယ်လောက်လို့ ခင်ဗျားထင်လဲ”

All Chapters