အခန်း (၃၃၀)
Vol. 24 Ch. 330
ကျန်းချုံးက ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း... မင်းက အချိန်တော်ကြာတည်းက စီစဉ်ထားခဲ့တာ။ ပြီးတော့ ဒီနည်းလမ်းအတွက် ခြေလှမ်းတစ်ခုချင်းစီတိုင်းကို တွက်ချက်ခဲ့ပြီးသား ဖြစ်နေပြီ။ ဒီတော့ အနိုင်ရဖို့ အခွင့်အလမ်းက သေးငယ်မှာ မဟုတ်ဘူး။
ဒါပေမဲ့ စုနန်ကို တစ်ခါတည်း ဖြုတ်ချဖို့ဆိုတာကတော့ အရမ်းကို ခက်ခဲလိမ့်မယ်။ ဒီလူက ဆယ်စုနှစ်လေးခုကျော် ဩဇာအာဏာနဲ့ နေထိုင်ခဲ့တဲ့လူတစ်ယောက်လေ။ နန်းတော်ထဲမှာလည်း သူ့ရဲ့အခြေခံက အရမ်းကို အားကောင်းတယ်။
ပိုပြီးအရေးကြီးတာက သူက ချင်နိုင်ငံရဲ့ သံတမန်ရေးရာကိစ္စရပ်တွေအကုန်လုံးကို ချုပ်ကိုင်ထားခဲ့တယ်။ စုနန်သာ ရာထူးက ပြုတ်ကျသွားပြီဆိုတာနဲ့ ချင်နိုင်ငံကလည်း ဝင်ပြီး ရှုပ်ထွေးတော့မှာပဲ။ တောင်ပိုင်းနိုင်ငံနဲ့ ဖြစ်နေတဲ့ စစ်ပွဲက တင်းမာတဲ့ အခြေအနေကို ရောက်နေပြီ။ ချင်နိုင်ငံကသာ ဒီတိုက်ပွဲထဲ ထပ်ဝင်လာမယ်ဆိုရင် အကျိုးဆက်က လုံးဝ စဉ်းစားလို့မရတဲ့ အရာမျိုး ဖြစ်လိမ့်မယ်။ တစ်ခုက လွဲရင် ....”
ကျန်းချုံးက ချက်ချင်းပဲ တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ချင်နိုင်ငံသည် တခြားသောသူများ၏ အရေးကိစ္စကို စိတ်ပါဝင်စားမှု မရှိလောက်သည်အထိ အတွင်းမီး လောင်မြိုက်နေသည်ဆိုသည့် တစ်ခုသာလျှင် ဖြစ်၏။
သူသည် အထူးတရားရုံး၏ အကျဉ်းထောင်ထဲ ရောက်ရှိနေသောကြောင့် အပြင်ရှိ နိုင်ငံရေးရာ ကိစ္စရပ်များကို တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ချေ။ သူသိသည်မှာ သူ၏သား ကျန်းချွင်ရေးထားသည့် စာများသာ ဖြစ်၏။ ထိုစာများက သေးငယ်၏။ ထိုစာများသည် သေသေချာချာ ရွေးချယ်ပြီးမှ သူ့ဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ရှမ့်လန်ကတစ်ယောက် သံတမန်ရေးရာကိစ္စရပ်ဖြင့် ချင်နိုင်ငံဆီသို့ သွားခဲ့ကြောင်းကိုတော့ သူ သိရှိနေသည်။
ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း.. ချင်နိုင်ငံက မကြာခင်မှာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်တော့မယ်”
ကျန်းချုံးက ထပ်မံကာ မေးမြန်းလိုက်သည်။ “ဘုံကျောင်းကို မီးရှို့ခဲ့တဲ့ ကိစ္စရပ်က ...”
ရှမ့်လန်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ အဲဒါ ကျုပ်လုပ်တာပဲ”
ကျန်းချုံးသည် တုန်လှုပ်သွားခဲ့မိ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် ကျန်းချွင်သည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့၏။ ရှမ့်လန်သည် ဤကဲ့သို့သော လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောနေသည်လား။ ကျန်းမိသားစုက သူ၏ရန်သူဖြစ်သည်ကို သိရှိရန်သင့်၏။ ရှမ့်လန်က ထိုအရာကို ကျန်းမိသားစုဆီ ထုတ်ဖော် ပြောကြားခဲ့ရုံသာမက ဘုရင်မင်းမြတ်နှင့် စုနန်တို့ကိုပါ ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။
ပိုမို၍ အရေးကြီးမားသည်မှာ ကျန်းချုံးသည် ရှမ့်လန်၏ လျှို့ဝှက်ချက်များကို ပိုမိုကာ သိရှိ၏။ ဘုံကျောင်း မီးလောင်ကျွမ်းသည့် လျှို့ဝှက်ချက်ထက်ပင် ပိုမိုကာ ကြီးမားသည့် လျှို့ဝှက်ချက်များကို သိရှိ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် ကျန်းချွင်က ပြောလိုက်သည်။ “ဒီတော့ အစ်ကိုရှမ့်... ကျင်းမူကုန်းကို ကယ်တင်ဖို့အတွက် ဘုံကျောင်းကို မီးရှို့ခိုင်းခဲ့ရုံ မဟုတ်ဘူးပေါ့”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “ဒါက တိုက်ဆိုင်သွားတာပါ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပေါ့”
ကျန်းချုံးက မျက်လုံးကို မှိတ်ထား၏။ သူသည် စိတ်ထဲတွင် ရှိနေသည့် တုန်လှုပ်မှုကြီးကို မဖုံးကွယ်နိုင်ခဲ့ချေ။ သူ့အနေနှင့် အဖျားအနည်းငယ် တည်ရှိနေသေး၏။ သို့ပေမည့် ယခင်ကထက် အများကြီး လျော့ကျသွားခဲ့ပြီ ဖြစ်သောကြောင့် နေသာထိုင်သာသလို ခံစားနေမိ၏။ အနည်းငယ် မူးနောက်နောက် ခံစားနေရသော်လည်း တွေးတောရန်တော့ တတ်နိုင်သေးသည်။
ရှမ့်လန်၏ အစီအစဉ်တစ်ခုလုံးသည် သူ၏စိတ်ထဲတွင် ပေါ်လာ၏။ တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ခြင်းပင်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် ဘုံကျောင်းကို မီးရှို့ခဲ့၏။ ဒုတိယခြေလှမ်းအနေနှင့် ချင်နိုင်ငံဆီသို့ သွားရောက်ခဲ့၏။ တတိယခြေလှမ်းအနေနှင့် တစ်ဖက်လူကို စိတ်ဆွသလို ညီလာခံထဲ တိုက်ခိုက်ခဲ့၏။ စတုတ္ထခြေလှမ်းအနေနှင့် စုကလန်ကို ဖျက်ဆီးရန် ဖြစ်၏။ တကယ့်ကို အထင်ကြီးလောက်စရာ ဖြစ်၏။
အရာအားလုံးတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် ရှိနေ၏။ ပြုလုပ်ရမည့် အချိန်ကာလကပင် တိကျလျက် ရှိနေ၏။ သဘာဝနှင့် လူဖန်တီးသည့် ဘေးအန္တရာယ်အားလုံးကို ယုတ္တိကျကျ၊ စနစ်ကျကျ ဖန်တီးနိုင်သည့် လူတစ်ယောက်ကဲ့သို့ပင်။ ချင်နိုင်ငံတွင် ကျောက်ရောဂါက ဖြစ်တည်လျက် ရှိနေသည်။ ဘုရင်မင်းမြတ်ကလည်း အမဲလိုက်ပေလိမ့်မည်။ ဤအရာနှစ်ခုကို အခြေပြုပြီးနောက် ရန်သူ၏လှုပ်ရှားမှုများအားလုံးကို ခန့်မှန်းတွက်ချက်ပြီး ဖြစ်နေသည်။
အခြေအနေအချိန်အခါနှစ်ခုကို ယခုလို ထိန်းချုပ်ထားသည့် ကာလပတ်လုံး ရန်သူ၏လှုပ်ရှားမှုများကို ကြိုတင်ကာ ခန့်မှန်းနိုင်ပေလိမ့်မည်။ မိမိကိုယ်ကို သိရှိခြင်း၊ ရန်သူကို သိရှိခြင်းသည် စစ်ပွဲတစ်ခု အောင်မြင်နိုင်သည့် အကြောင်းအရာပင် ဖြစ်၏။
ရွှမ်ဝူမြို့တွင် ရှမ့်လန်သည် ရှေ့ကို တစ်လှမ်းလှမ်းသည့်အချိန်၌ နောက်ထပ် ခြေလှမ်းသုံးလေးလှမ်းကို ကြိုတင်ကာ ကြည့်ရှုခဲ့၏။ ထို့ကြောင့် အနိုင်ရရှိခဲ့၏။ ကျန်းချုံးသည်လည်း တစ်လှမ်းချင်း လှမ်းရင်း ရှေ့သို့ သုံး၊ လေးလှမ်း တူတူကြည့်ရှုခဲ့၏။ နှစ်ဖက်လုံးသည် အခြေခံအားဖြင့် အကွက်မြင်သည့် စစ်တုရင်ပွဲကို ကစားခဲ့သော်လည်း ရှမ့်လန်က အနည်းငယ် ပိုမိုကာ ကံကောင်း၏။ ထို့ကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဤတစ်ကြိမ်မှာလည်း စုနန်သည် ရှမ့်လန်၏ စစ်တုရင်ကစားကွက်ကို သေချာစွာဖြင့် ထိုးဖောက်မြင်နိုင်မှာ သေချာ၏။ သို့ပေမည့် ရှမ့်လန်သည် သူ၏သေစေနိုင်သည့် အားနည်းချက်များကိုပင် ရန်သူကို ထုတ်ဖော် ပြသရန် သတ္တိရှိခဲ့၏။ ဤကဲ့သို့ ရက်စက်မှုနှင့် ပြတ်သားမှုသည် တကယ့်ကို အံ့ချီးလောက်ဖွယ်ရာပင်။
ရှမ့်လန်က ပြောလိုက်၏။ “အုပ်ချုပ်ရေးမှုးကျန်း.. စုနန်ကို အနိုင်ရရှိဖို့ လုံလောက်ပြီလား”
ကျန်းချုံးက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ အမျက်ဒေါသ ထကြွလာဖို့က လုံလောက်တယ် ဆိုပေမဲ့ တရားမျှတမှု အတွက်တော့ မလုံလောက်သေးဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်ဆီမှာ နောက်တစ်ခု ရှိသေးတယ်။ ဒါက စုမျိုးနွယ်ရဲ့ အရင်မျိုးဆက် လုပ်ခဲ့တဲ့ အမှားတစ်ခုပေါ့။ ဒါက ဘုရင်မင်းမြတ်ရဲ့ သည်းမခံနိုင်တဲ့အရာကို ကျိန်းသေပေါက် ထိပါးမိမယ့် အရာမျိုးလေ”
ကျန်းချုံးက ပြောလိုက်သည်။ “ဒါက ပုဂ္ဂိုလ်ရေးရာရာ မကျေနပ်မှုမျိုးလေ။ အာဏာရှိတဲ့ နယ်စားကြီးတစ်ယောက် ပြုတ်ကျဖို့ဆိုရင် တရားနည်းလမ်းကျတဲ့ အကြောင်းပြချက်ကို လိုအပ်တယ်”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ဤအရာက အမှန်ပင် ဖြစ်၏။ စုနန်ကို နန်းတွင်းမှ ဖယ်ရှားရန်အတွက် အရေးကြီးဆုံးမှာ ဘုရင်မင်းမြတ်၏ အမျက်ဒေါသကို နှိုးဆွရန် ဖြစ်သည်ဆိုသော်လည်း တရားမျှတမှု ၊ နိုင်ငံရေးအရ မှန်ကန်မှုက ပိုမိုကာ အရေးကြီး၏။
အများအမြင်တွင် တင့်တယ်သည့် စွပ်စွဲချက်တစ်ခု တည်ရှိရပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ စုနန်သည် အိမ်ရှေ့စံ၏ အငယ်တန်း ကာကွယ်စောင့်ရှောက်သူ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးလည်း ဖြစ်၏။ နန်းတွင်းမှ ဩဇာအာဏာကြီးမားသည့် နယ်စားကြီး တစ်ယောက်လည်း ဖြစ်လို့နေသေးသည်။
ကျန်းချုံးက ပြောလိုက်၏။ “သူ့ကို ဖြုတ်ချဖို့အတွက် တရားနည်းလမ်းကျတဲ့ အကြောင်းပြချက်တစ်ခု ကျုပ်မှာ ရှိတယ်။ သက်သေအထောက်အထားကလည်း ခိုင်လုံတယ်”
ရှမ့်လန်သည် ကြက်သေသေသွားမိသည်။
ကျန်းချုံးက ပြောလိုက်၏။ “ကျုပ်က မူဝါဒသစ်ရဲ့ ရှေ့ပြေး အလံတိုင်တစ်ခု ဖြစ်ခဲ့တယ်။ ကျုပ်ရဲ့ နံပါတ်တစ် ပစ်မှတ်က ရွှမ်ဝူအိမ်တော် မဟုတ်ဘူး။ ကျန်းယွမ် စစ်သူကြီး အိမ်တော်ပဲ။ စုမျိုးနွယ်က ရှေးရိုးစွဲ တော်ဝင်မျိုးနွယ်တွေ ရဲ့ အကြီးအကဲပဲလေ။ မူဝါဒသစ်က သူ့ကို ဖြုတ်ချနိုင်မယ်ဆိုရင် ပိုပြီးအရေးပါလိမ့်မယ်။ ဒါကြောင့် ဘုရင်မင်းမြတ်က စုမျိုးနွယ်ကို မဖြုတ်ချနိုင်တာမို့ ကျင်းမိသားစုကို ဖြုတ်ချဖို့ ကြိုးစားခဲ့တာပဲ”
ပြီးနောက် ကျန်းချုံးက ပြောလိုက်သည်။ “၁၃ ရက် .... ၁၃ ရက်ပဲ လိုတော့တယ်။ မင်းနဲ့ စုနန်နဲ့ကြားမှာ ရှိနေတဲ့ အဆုံးအဖြတ်တိုက်ပွဲက အရမ်းကို စွန့်စားလွန်းရာတော့ ကျတယ်။ ပြီးတော့ မင်းဆီမှာ နန်းတွင်းရဲ့ မဟာမိတ်အဖွဲ့ဆိုပြီး လုံးဝ မရှိဘူး။ ဒီတော့ ဒီလိုလုပ်။ ငါလည်း ပါမယ်”
“ခင်ဗျားလည်း ပါမယ် ဟုတ်လား။ ကျုပ်နဲ့ စုနန်ရဲ့ တကယ့်ပြင်းထန်တဲ့ တိုက်ပွဲမှာ ခင်ဗျားလည်း ပါမယ် ဟုတ်လား”
ကျန်းချုံးက ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် ငါက မူဝါဒသစ်ရဲ့ ရှေ့ပြေးတစ်ယောက်လေ”
ရှမ့်လန်သည် ချက်ချင်းပင် ဦးညွှတ်ကာ ပြောလိုက်သည်။ “အင်း... အုပ်ချုပ်ရေးမှူးကျန်းကို ကျေးဇူးတင်ပါတယ်”
………
ဓားပြကြီး နာကျည်းမှု၏ ချွန်ထက်သည့်ဓားသွားသည် ရှစ်ချင်းချင်း၏လည်ပင်းပေါ်တွင် တေ့ထားပြီး မကြာခင် လှီးဖြတ်တော့မည့် အခြေအနေမျိုးသို့ ရောက်ရှိနေသည်။
ဘာစည်းမျဉ်းရှိနေသေးသနည်း။ အရေးကြီးသည့်အချိန်တွင် မည်သည့် စည်းမျဉ်းစည်းကမ်းအကြောင်းကို လာကာ ပြောနေရသနည်း။ သူသည် ရှစ်ချင်းချင်း၏ခေါင်းကို ဖြတ်ပစ်ချင်မိ၏။ သို့ပေမည့် သူ၏လက်မောင်းသည် ကျောက်တုံးကြီးတစ်ခုကို ဆွဲထားရသကဲ့သို့ပင် လေးလံလျက်ရှိနေပြီး လှုပ်ရှား၍မရနိုင်ချေ။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှင် ဘာလိုချင်လဲ။ ကျွန်မ ရှင်နဲ့အတူနေပေးလို့ရတယ်”
“ပါးစပ်ပိတ်ထားစမ်း။ မင်းပါးစပ်ကို ပိတ်ထားစမ်း” ဓားပြကြီး နာကျည်းမှုသည် ကွဲအက်လျက်ရှိနေသည့် အသံကြီးနှင့် ပြောလိုက်သည်။
သူ ဓားပြကြီး နာကျည်းမှုသည် ဘဝတွင် ရေတွက်၍မရအောင် များပြားသည့် လူများကို သတ်ခဲ့၏။ အဘယ့်ကြောင့် မိန်းမတစ်ယောက်ကို မသတ်ဖြတ်နိုင်ရသနည်း။ လူဆိုးတွေကိုပဲ သတ်ပြီး အသက်ကြီးတဲ့လူ၊ ကလေးနှင့် မိန်းကလေးတွေကို မသတ်ဟု သူ ကြွေးကျော်ခဲ့၏။ အဘယ့်ကြောင့် လက်ရှိအချိန်တွင် ထိုအရာကို ချိုးဖောက်မိရသနည်း။
အနောက်အရပ်မှာ မျက်စိသုံးလုံး မိစ္ဆာကောင်၊ အရှေ့အရပ်မှာ နာကျည်းမှု၊ မည်သူပင်မဆို လူဆိုးတွေချည်းပဲ ဖြစ်၏။ အဘယ့်ကြောင့် သူတော်ကောင်းယောင် ဆောင်နေရမည်နည်း။
“သတ်ပစ်လိုက်။ သတ်ပစ်လိုက်စမ်း။ သတ်ပြီးရင် အားလုံးပြီးပြီပဲ”
ခဏကြာပြီးနောက် သတ္တိကို ပြန်မွေးလိုက်၏။ ပြီးနောက် ဓားပြကြီး နာကျည်းမှု၏ လက်ထဲမှ ဓားသွားသည် အောက်ဆီသို့ ရောက်ရှိသွားခဲ့၏။
ဘုတ်
ရှစ်ချင်းချင်း၏ ကုတင် အပိုင်းအစတစ်ခု တိုက်ရိုက်ပြတ်ထွက်သွား၏။ သူမ၏ဆံချည်တစ်မျှင်လည်း ပြတ်ထွက်သွား၏။ ဓားပြကြီး နာကျည်းမှုသည် ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “အင်း.. ရွှမ်ဝူအိမ်တော်ကို သွားမယ်”
ပြီးနောက် သူက လှည့်ထွက်သွားခဲ့၏။ သူသည် ရွှေရောင်ဆိုင်းဘုတ်ကို ယူဆောင်သွားခဲ့၏။
ထိုအချိန်မှာတော့ ရှစ်ချင်းချင်းက နောက်မှ လိုက်ပါလာခဲ့၏။ “နာကျည်းမှု.. ရှင် ဘာလိုချင်တာလဲ”
“မင်းနဲ့ မဆိုင်ဘူး”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “မြို့တော်ကို သွားပြီး ရှမ့်လန်ကို ရှာလိုက်။ အဲဒီလူယုတ်မာက အရမ်းစွမ်းတယ်။ ရှင် ဘာပဲလိုချင်လိုချင် သူပေးနိုင်တယ်”
ဓားပြကြီး နာကျည်းမှုက ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း ရှစ်ချင်းချင်းကတော့ အနောက်မှ လိုက်ပါနေဆဲပင်။ “နာကျည်းမှု... မသွားပါနဲ့အုံး”
နာကျည်းမှုသည် ဒေါသထွက်သွား၏။ “ဒီမိန်းမ.. အတင့်ရဲမလာနဲ့။ ကျုပ်နောက်ကို မလိုက်နဲ့လို့ ပြောထားတယ်နော်။ ဘယ်လိုဖြစ်ပြီး လာတားရဲနေတာလဲ။ သေမှာမကြောက်ဘူးလား”
ရှစ်ချင်းချင်းက လေးနက်စွာ ပြောလိုက်သည်။ “နာကျည်းမှု... ကျွန်မတို့အားလုံးက အမှောင်ထဲက သနားစရာ လူတွေချည်းပဲ။ ကျွန်မကို ချောင်ယောင်းအာက ကယ်ခဲ့တယ်။ ရှင့်ကိုလည်း ကယ်တင်မဲ့သူတစ်ယောက် လိုအပ်တယ်။ ရှင်က သူရဲကောင်းတစ်ယောက်ပါ။ ရှင် ဘာတွေဖြစ်ခဲ့လဲ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှမ့်လန်ကို သွားရှာတာ ပိုကောင်းမယ်။ သူ ရှင့်ကို ကူညီပေးနိုင်လိမ့်မယ်”
ဓားပြကြီး နာကျည်းမှုက ဒေါသပေါက်ကွဲသွားခဲ့၏။ “ကျုပ် ဘယ်သူ့အကူအညီမှ မလိုဘူး”
ပြီးနောက် ခြေတစ်ချက်ဆောင့်ပြီး အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
..........
ရွှဲ့ပြည်နယ်၏ နန်းမြို့တော် …။
“ကျန်းချုံးကို ကယ်လိုက်နိုင်တယ် ဟုတ်လား” ဘုရင်မင်းမြတ်သည် မယုံကြည်နိုင်သည့်အသံဖြင့် မေးမြန်း လိုက်၏။
မိန်းမစိုး လီစွမ်းက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်။ ရှမ့်လန်က ကျန်းချုံးကို ကယ်လိုက်တာပါ။ သူ အဖျားကျပြီး ပြန်သတိရလာပါပြီ”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဒီကောင်လေးက ဆေးပညာစွမ်းရည်ကလည်း ဒီလောက် မြင့်မား နေရတာလား။ မယုံနိုင်စရာပဲ”
မိန်းမစိုး လီစွမ်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အူရောင်ငန်းဖျားရောဂါဆိုတာ သေစေနိုင်တဲ့ ရောဂါတစ်ခုပဲ။ ဒါပေမဲ့ သူ ကုသနိုင်ခဲ့တယ်”
ဘုရင်မင်းမြတ်သည် သူ၏ပထမဦးဆုံး မိဖုရားခေါင်ကို သတိရသွား၏။ သူမလည်း ထိုကဲ့သို့သော ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်၏။ အကယ်၍ ရှမ့်လန်သာ ရှိခဲ့မည်ဆိုပါက သူမ သေလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူမသည် ထိုရောဂါကို ကုသနိုင်ခဲ့သည်ဆိုလျှင်တောင်မှ စိတ်ကျရောဂါဖြင့် သေဆုံးသွားနိုင်ဖွယ် ရှိ၏။ ဤကောင်လေးရှမ့်လန်သည် ပထမ နင်လော့ကို ကုသပေးခဲ့၏။ ပြီးနောက် နင်ယန်၊ ယခု ကျန်းချုံး။ ဤကောင်လေး၏ ဆေးပညာက တကယ့်ကို အံ့ချီးလောက်စရာပင်။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် မလုပ်နဲ့အုံး။ ကျန်းချုံးရဲ့ရောဂါ ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်။ တရားရေးဌာနမှာ ရှိနေတဲ့ ကျန်းချုံးကို တာဝန်ယူရတဲ့ ထောင်မှူးတွေ အကုန်လုံးကို ရှင်းပစ်လိုက်”
“ဟုတ်ကဲ့ပါ” လီစွမ်းက ပြန်လည်ကာ ပြောလိုက်သည်။
ဘုရင်မင်းမြတ်သည် သူပြင်ဆင်ထားသည့် အမိန့်တော်ကို ကောက်ကိုင်လိုက်၏။ မူလက ကျန်းချုံး သေဆုံးသွားသည်နှင့် တပြိုင်နက် ဤအမိန့်တော်ကို ထုတ်ပြန်ရန် စီစဉ်ထား၏။ သို့ပေမည့် ယခု မလိုတော့ပုံ ပေါ်၏။
“အမိန့်တော်အသစ်ကို ရေးဆွဲရမယ်။ ကျန်းချုံးကို နိုင်ငံတော်ဘဏ္ဍာရေး အလွဲသုံးစားမှုက လုပ်ကြံ ဖန်တီးထားခြင်း ဖြစ်တယ်။ မဟုတ်မမှန် စွပ်စွဲသည့်သူတွေကို ဖမ်းဆီးရမယ်။ ကျန်းချုံးကို အပြစ်ဒဏ်မှ လွှတ်ပြီးတော့ မူလရာထူးကို ပြန်လည်ခန့်အပ်စေရမယ်”
မိန်းမစိုး လီစွမ်းသည် ချက်ချင်းပင် ဦးခိုက်လိုက်၏။
“ကောင်းပါပြီ” သူ၏အသံမှာ တုန်ယင်နေဆဲ ဖြစ်သည်။
ဘုရင်မင်းမြတ်သည် သူ့ကို ကြည့်ကာ ပြောလိုက်၏။ “မင်း ဘာဖြစ်နေတာလဲ”
လီစွမ်းက ပြန်လည်ကာ ဖြေဆိုလိုက်၏။ “ဘာ.. ဘာမှမဖြစ်ပါဘူး”
လီစွမ်းသည် ဘုရင်မင်းမြတ်အပေါ်တွင်သာ သစ္စာစောင့်သိသူ ဖြစ်ရမည်။ ဘုရင်မင်းမြတ်အပေါ် သစ္စာရှိသည့် အမတ်များကို အထူးသဘောကျ၏။ ကျန်းချုံး၏ မတရားခံရမှုအတွက် သူ စိတ်မကောင်းဖြစ်မိခဲ့၏။ သို့ပေမည့် မိန်းမစိုးများသည် နိုင်ငံရေးရာ ကိစ္စရပ်များတွင် ဝင်ရောက်ပြောခွင့် မရှိခဲ့ချေ။
သူ၏ စကားတစ်ခွန်း၊ အပြုအမူတစ်ခုချင်းစီတိုင်းသည် ဘုရင်မင်းမြတ်၏အမိန့်တော်ကို နာခံရန်သာလျှင် ရှိ၏။ ထို့ကြောင့် လွန်ခဲ့သည့်ခြောက်လအတွင်း သူသည် ကျန်းချုံးအစား အသနားခံရန် မဝံ့ရဲခဲ့ခြင်းပင်။ ယခု ကျန်းချုံး ရာထူး ပြန်လည်ရရှိသည်ကို ကြားရချိန်မှာတော့ အနည်းငယ် စိတ်လှုပ်ရှားနေမိခြင်းပင်။
မိန်းမစိုးကြီး လီစွမ်းသည် ကျန်းအိမ်တော်ဆီသို့ ရောက်ရှိလာပြီး အမိန့်ကို ကြေညာ၏။ “ကျန်းချုံး.. နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားမှုဆိုတာက လုပ်ကြံဖန်တီးထားတဲ့ ကိစ္စတစ်ခုပဲ။ ဒါကြောင့် အပြစ်ကနေ လွှတ်ပေးပြီး မူလရာထူးကို ပြန်လည်ခန့်အပ်စေ.. ဘုရင်မင်းမြတ်အမိန့်တော်”
ကျန်းချုံး၏ ပိန်လှီသည့်ခန္ဓာကိုယ်သည် မြေပြင်တွင် ဝပ်သွားရင်း တုန်ယင်လျက် ရှိနေသည်။ “ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်”
မိန်းမစိုးကြီး လီစွမ်းသည် ရှေ့ကို တိုးလာကာဖြင့် ကျန်းချုံးကို အသာထူပေးလိုက်၏။
“အုပ်ချုပ်ရေးမှူးကျန်း... ကောင်းကောင်းအနားယူပါအုံး။ ဘုရင်မင်းမြတ်က အုပ်ချုပ်ရေးမှူးကျန်းလိုမျိုး အရာရှိမျိုးကို လိုအပ်ပါသေးတယ်”
ကျန်းချုံးသည် ဦးညွှတ်ကာဖြင့် ပြောလိုက်သည်။ “မိန်းမစိုးလီကိုလည်း ကျေးဇူးတင်ပါတယ်”
လီစွမ်းသည် ကျန်းချုံး၏ ပိန်လှီခြောက်ကပ်လျက် ရှိနေသည့် လက်ကို အသာဆုပ်ကိုင်ပြီး အားပေးကာ ပြန်လည် ထွက်ခွာသွားခဲ့၏။
............
ကျန်းချုံး ရာထူးပြန်လည်ခန့်အပ်ခံရသည့်သတင်းသည် နန်းမြို့တော်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့၏။ အမတ်ပေါင်းများစွာတို့ကလည်း သက်ပြင်းချမိ၏။ ဤလူ၏ကံကြမ္မာသည် တကယ့်ကို ခန့်မှန်း၍မရနိုင်ခဲ့ချေ။ ပြီးခဲ့သည့် ခြောက်လအတွင်း ကျန်းချုံးသည် သနားစရာအကောင်းဆုံး ဖြစ်ခဲ့၏။ အကြောင်းမဲ့သက်သက် အထူးတရားရုံး၏ အကျဉ်းထောင်၌ အကျဉ်းချခြင်းကိုခံရပြီး ဘယ်သောအခါမှ ပြန်လည်ထွက်ခွာလာလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။
ပြင်းထန်စွာ နာမကျန်းဖြစ်ခဲ့ပြီး သေဆုံးမည့်အခြေအနေဆီသို့ပင် ရောက်ရှိခဲ့၏။ သို့ပေမည့် အသက် ပြန်လည်ရှင်သန်နိုင်သည် သာမကချေ၊ ရာထူးပါ ပြန်လည်ရရှိခဲ့၏။ ဤအရာမှာ အမှန်ပင် သေလမ်းမှ ရှင်လမ်းဆီသို့ ကူးပြောင်းသွားခဲ့ခြင်း ဖြစ်၏။
ထိုအချိန်မှာတော့ ဝမ်ချန်းလီသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ကျန်းချုံးသည် ပို၍နာခံတတ်လိမ့်မည်ဟု မျှော်လင့်မိသည်။ “အင်း.. ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းရဲ့ ခေါင်းဆောင်ပဲ”
...........
နှစ်ရက်ကြာမြင့်ပြီးနောက် ဘုရင်မင်းမြတ်သည် မြို့တော်မှထွက်ခွာခဲ့ပြီး ဝူဘုရင်နှင့် အမဲလိုက်ပွဲ ဆီသို့ သွားရောက်ခဲ့၏။ ဝူဘုရင်နှင့် အမဲလိုက်ပွဲသည် စစ်ရေးပြိုင်ပွဲတစ်မျိုးပင် ဖြစ်၏။ ဝူနှင့်ရွှဲ့ပြည်နယ် တို့သည် တစ်နှစ်ပတ်လုံး စစ်ဖြစ်နေခဲ့ကြ၏။ လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ပျံ့ရှောင်းသည် သူ၏စစ်သည်တစ်သိန်းကျော်ကို ခေါ်ဆောင်ပြီး ရွှဲ့ပြည်နယ်ဆီသို့ ချီတက်ရောက်ရှိလာခဲ့၏။ ထို့ကြောင့်ပင်လျှင် ဝူပြည်နယ်က ကြီးကြီးမားမား ရှုံးနိမ့်ခဲ့၏။
ထိုအချိန်မှစ၍ ဝူပြည်နယ်သည် သူတို့၏ စစ်အင်အားကို ပြန်လည်ကာ စုဆောင်းနေခဲ့၏။ စစ်ပွဲများ ထပ်မံ မဖြစ်ပွားတော့ချေ။ သို့ပေမည့် နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားလျက် ရှိနေသည်။ လူတို့သည် မွေးရာပါ တိုက်ခိုက်လိုစိတ် ရှိကြ၏။ မည်သို့မှ မတတ်နိုင်ချေ။ တွေ့သည်နှင့် တိုက်ခိုက်သည်မှာ သဘာဝပင် ဖြစ်၏။ နှစ်နိုင်ငံ အဆင်မပြေသည့်အချိန်တွင် မည်သူတိုက်ခိုက်၍ အနိုင်ရရှိမည်ကို ကြည့်ရှုချင်ကြသည်။ သို့ပေမည့် တကယ်တမ်း စစ်ပွဲကြီးဖြစ်ရန်လည်း သူတို့ မစွမ်းသာချေ။ ထိုသို့ဆိုလျှင် ဘာလုပ်သင့်သနည်း။ နယ်စပ်၌ ဘုရင်မင်းမြတ်နှစ်ပါး၏ အမဲလိုက်ပွဲကို ကျင်းပရမှာ ဖြစ်၏။ ယဉ်ကျေးသော စစ်တုရင်ကစားပွဲနှင့် ကြမ်းတမ်းသော တပ်ဖွဲ့တိုက်ပွဲ။
ယဉ်ကျေးသော စစ်တုရင်ကစားပွဲမှာတော့ ဘုရင်မင်းမြတ်နှစ်ပါး စစ်တုရင်ကစားခြင်း ဖြစ်၏။ ကြမ်းတမ်းသော တိုက်ပွဲဆိုသည်မှာ ကြီးမားကျယ်ပြန့်လွန်းလှသည့် ကွင်းပြင်ကြီးတစ်ခုထဲတွင် နှစ်နိုင်ငံဆီမှ လက်ရွေးစင်မြင်းတပ်များ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ဖြစ်၏။
ဝူပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့သည် ငါးနှစ်လျှင်တစ်ကြိမ် ဤကဲ့သို့သော အမဲလိုက်ပွဲကို ကျင်းပလေ့ ရှိ၏။ အချိန်တိုင်း ရွှဲ့ပြည်နယ်က အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို ကြီးစွာမြှင့်တင် ထိန်းသိမ်းထားနိုင်ခဲ့၏။ နင်ယွမ်ရှန်း ၏ စစ်တုရင်ပညာက တကယ့်ကို ကောင်းမွန်၏။ ထို့ကြောင့် အကြိမ်တိုင်း ဝူဘုရင်ကို အနိုင်ရရှိခဲ့၏။ ရွှဲ့ပြည်နယ်၏ မြင်းတပ်ကလည်း ဝူပြည်နယ်၏ မြင်းတပ်ကို အကြိမ်တိုင်း အနိုင်ယူနိုင်ခဲ့၏။ ဤသို့ဖြင့် နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။