အခန်း (၃၃၃)
Vol. 24 Ch. 333
လွန်ခဲ့သည့် နှစ်နှစ်ဆယ်လုံးလုံး ဘုရင်မင်းမြတ်နှစ်ပါးတို့၏ ပြိုင်ပွဲတွင် နင်ယွမ်ရှန်းက အမြဲတမ်း အနိုင်ရရှိခဲ့၏။ ဤအချိန်မှာတော့ ဝူပြည်နယ်၏ဘုရင်အသစ်သည် နန်းပလ္လင်ကို ဆက်ခံကာစ ဖြစ်၏။ နင်ယွမ်ရှန်းသည် တစ်ဖက်လူအား ကလေးတစ်ယောက်ဟုပင် ခေါ်ဆိုခဲ့သေး၏။ ကျိန်းသေပေါက် အနိုင်ရရှိမည့်လူတစ်ယောက် ကဲ့သို့ ဟိတ်ဟန်ထုတ်ကာ ပြောဆိုခဲ့၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ရှုံးနိမ့်ခဲ့ပြီ ဖြစ်၏။
နန်းမြို့တော်တစ်ခုလုံးပင်လျှင် အောင်ပွဲအတွက် ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ ရာထူးရာခံရှိသည့် အရာရှိများအားလုံးတို့သည် ဂုဏ်ပြုစာတမ်းများကို ကြိုတင်ကာ ရေးသားထားခဲ့ပြီး ဖြစ်၏။ အောင်ပွဲခံနိုင်ရန် အတွက် မိဖုရားကြီးသည် နို့ဆန်ပြုတ်များကို ပြင်ဆင်ပြီး ဆင်းရဲနွမ်းပါးသည့် စီရင်စုများဆီသို့ သွားရောက်ကာ ဖြန့်ဝေပေးရန်ပင် ပြင်ဆင်နေ၏။ တချို့သော စီရင်စုများတို့၏ အခွန်အခများကို လျှော့ချပေးရန်ပင် စီစဉ်ထားသည်။
ထိုအရာမှာ ဘုရင်မင်းမြတ်သည် လူများနှင့်အတူ ပျော်ရွှင်မှုကို မျှဝေမည်ဟု ပြောစမှတ်တွင်ခဲ့ခြင်းပင်။ သို့ပေမည့် အဆုံးသတ်မှာတော့ ရှုံးနိမ့်ခဲ့ပြီ ဖြစ်၏။ နင်ယွမ်ရှန်းတစ်ယောက် မည်မျှ ဒေါသထွက်ပြီး မည်မျှ အရှက်ရနေမည်ကို ခန့်မှန်းကြည့်၍ပင် မရနိုင်ခဲ့ချေ။
“အင်း... ဒီနေ့ တင်ပြစရာတွေ ရှိတယ်ဆိုရင် တင်ပြကြတော့။ တင်ပြစရာတွေ မရှိဘူးဆိုရင်လည်း ညီလာခံကို သိမ်းမယ်” ညီလာခံတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျန်းချုံးက အနီးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။ မည်သူမှသည် တင်ပြချက်ကို ထုတ်ဖော်ပြသရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။ ထို့ကြောင့် သူက ရှေ့ကို လှမ်းတက်ပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းသား.. ကျုပ်ဆီမှာ တင်ပြစရာ ရှိပါတယ်”
အားလုံးသော သူတို့သည် ကျန်းချုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ တကယ့်ကို အံ့အားသင့်စရာပင်။ သေရမည်ကို ကြောက်လန့်သည့်ပုံ မပေါ်ချေ။ မကြာသေးခင်ကတင် သေမလို ဖြစ်ခဲ့၏။ အဘယ်ကြောင့် ထပ်မံကာ သေဆုံးရန် ပြင်ဆင်နေရသနည်း။
ဘုရင်မင်းမြတ်က မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ဒေါသတရားက ကျဆင်းလာပေလိမ့်မည်။ ဤအချိန်တွင် ပြဿနာ မလုပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည် မဟုတ်ပါလား။
အိမ်ရှေ့စံမင်းသား၏ အပြုံးများက တန့်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ပြောပါ”
ကျန်းချုံးက ပြောလိုက်သည်။ “ကျန်းယွမ်နယ်စားအိမ်တော် စုနန်ရဲ့ တူတော် စုလင်းက ဘာဘွဲ့ထူးမှ မရှိပါဘူး။ ဒါပေမဲ့ သူက ကျန်းယွမ်မြို့တော်ဝန်ရဲ့ စာရေးနေရာကို ရရှိထားခဲ့တယ်။ သူက ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့ဘူး။ ဘာတစ်ခုမှလည်း မှန်ကန်တာ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကျန်းယွမ်မြို့ကို ရေက်လာတဲ့ မြို့တော်ဝန်သုံးယောက်ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး ကျန်းယွမ်မြို့စားအိမ်တော်ရဲ့ ညီမတော်က ပြည်သူလူထုရဲ့ မြေဧကပေါင်း တစ်ထောင်ကျော်ကို အပိုင်သိမ်းခဲ့တယ်။ လူသားတွေရဲ့အသက်ကို မြက်ပင်လိုပဲ သဘောထား ခဲ့တယ်။ ဒါပေမဲ့ ပိုင်ရီစီရင်စုထဲမှာရှိနေတဲ့ ဘယ်သူကမှ ဒီကိစ္စကို စုံစမ်းစစ်ဆေးတာမျိုး မပြုလုပ်ခဲ့ကြပါဘူး”
အားလုံးသော သူတို့က ကြောင်သွားခဲ့၏။ ဤကဲ့သို့ အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်နေသည်လား။ သို့ပေမည့် အဘယ်ကြောင့် ညီလာခံတွင် ထိုအကြောင်းကို ထုတ်ဖော်ကာ ပြောဆိုရသနည်း။ ဤအရာက နန်းမြို့တော်၏ ညီလာခံတစ်ခု ဖြစ်၏။ အစိုးရအုပ်ချုပ်ရေးရုံးတစ်ခု မဟုတ်ချေ။ သေးငယ်သည့် ကိစ္စရပ်လေးတစ်ခုသာ ဖြစ်၏။ သူ ကျန်းချုံးသည် ကျိန်းသေပေါက် စုနန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်သွားမည်ကို ကြေညာခဲ့ခြင်းပင် ဖြစ်၏။
အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “နယ်စားကြီး ကျန်းယွမ်.. ဒီကိစ္စက အမှန်လား”
စုနန်သည် တုန်ယင်စွာဖြင့် ရှေ့ဆီသို့ လှမ်းလျှောက်လာ၏။ ပြီးနောက် ဦးညွှတ်လိုက်၏။ “မီးမရှိဘဲနဲ့ အငွေ့ မထွက်ပါဘူး။ ဒီလိုကိစ္စမျိုးရှိတယ်ဆိုရင် ကျုပ်တို့က သေသေချာချာ စုံစမ်းစစ်ဆေးရမှာပါ”
အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ဒါဆိုရင်လည်း စုံစမ်းစစ်ဆေးလိုက်တော့”
ပြီးနောက် အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူးကျန်း... တခြားကိစ္စရပ်တွေ ရှိသေးလား”
ကျန်းချုံးက ပြောလိုက်သည်။ “မရှိပါဘူး”
အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “တခြားဘာမှမရှိဘူးဆိုရင် ညီလာခံကို သိမ်းကြရအောင်”
အရာရှိအရာခံ အားလုံးတို့သည် ညီလာခံထဲမှ ထွက်ခွာသွားခဲ့ကြ၏။ ညီလာခံ၏ အစည်းအဝေးသည် နာရီဝက်ပင် မကြာခဲ့ချေ။
နန်းတော်အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့ပြီးနောက် အားလုံးသောသူတို့၏ လေးနက်မှု၊ အသက်ဝင်လှုပ်ရှားမှု အရာအားလုံးက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။ အရာရှိအရာခံ အားလုံးတို့သည် မည်သည့်စကားမှ မဆိုသော်လည်း သူတို့အားလုံးက စိတ်ထဲတွင် လေးလေးနက်နက် တွေးတောလျက် ရှိနေ၏။
ကောင်းကင်ယံအပေါ်ဆီသို့ မော့ကြည့်လိုက်၏။ နေက တောက်ပလျက် ရှိနေတုန်းပင်။ သို့ပေမည့် ကောင်းကင်ယံတွင် တိမ်မည်းများဖြင့် ဖုံးလွှမ်းလျက် ရှိနေသလိုပင် ခံစားမိစေသည်။
ဘုရင်မင်းမြတ်က ဂုဏ်သိက္ခာ ကျဆင်းခဲ့၏။ အားလုံးသော သူတို့သည် ဇက်ကိုပုကာဖြင့် ရောက်ရှိလာတော့မည့် ခက်ခဲမှုတရားများကို စောင့်မျှော်နေရုံသာ ရှိ၏။ လောကကြီးက ခက်ခဲ၏။ အားလုံးသောသူတို့က ခုခံနိုင်ရန် ကြိုးစားရပေလိမ့်မည်။
ဤတစ်ကြိမ် ဘုရင်မင်းမြတ်၏ ဒေါသတရား မည်မျှ ဆိုးရွားမည်ဖြစ်ကြောင်းကို သူတို့အားလုံး သိချင်မိ၏။ လူ မည်မျှ သေဆုံးရမည်နည်း။ သို့ပေမည့် တခြားသောလူများသေဆုံးခြင်းသည် မိမိသေဆုံးခြင်း မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် လိပ်တစ်ကောင်ကဲ့သို့ အခွံထဲတွင် ပုန်းအောင်းနေထိုင်ရန်သာ ကြိုးစားမိကြ၏။
အမြဲတမ်း ဟိတ်ဟန်ထုတ်ကာဖြင့် အပြင်ဘက်သို့ ထွက်ကာ ပြောဆိုတတ်သည့် ဝမ်ချန်လီပင်လျှင် လက်ရှိအခြေအနေ၌ ငြိမ်ငြိမ်သက်သက်နှင့် နေထိုင်လျက် ရှိနေ၏။ သူသည် ညီလာခံ၏ ကြမ်းပြင်ပေါ်တွင် ရှိနေသည့် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
မုန်တိုင်းက ရောက်ရှိလာတော့မည် ဖြစ်၏။ ငလျင်က ထွက်ပေါ်လာတော့မည် ဖြစ်၏။
ရှိရှိသမျှ သတ္တဝါအားလုံးတို့သည် မိမိ၏ ကွန်းခိုရာ အပေါက်ထဲသို့ ဝင်ရောက်ပုန်းအောင်းရန်သာ ပြင်ဆင်လျက် ရှိနေကြ၏။ မြောက်ဘက်ဆီမှ တိမ်မည်းများက ရောက်ရှိလာခဲ့၏။ မူလအားဖြင့် ကြည်လင်ရှင်းလင်းလျက် ရှိနေသည့် ကောင်းကင်ပြာပြာကြီးသည် အမှောင်ထုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ရာသီဥတုက တဖြည်းဖြည်း ပိုမိုကာ ပူလောင်လာခဲ့၏။ တိမ်မည်းများအောက်သို့ ကျဆင်းလာခဲ့သည် ဆိုသော်လည်း မည်သည့် မိုးချိန်းသံကိုမှ မကြားရချေ။ သို့ပေမည့် အချိန်မရွေး မိုးကြိုးကြီး ပစ်ချတော့မည့် ပုံမျိုးပင်။
နန်းမြို့တော်ဆိုသည်မှာ ဝူ၊ ရွှဲ့နယ်စပ်နှင့် မိုင်သုံးရာနီးပါးခန့်သာ ကွာဝေးသည့် တည်နေရာဖြစ်၏။ အမဲလိုက် ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပြီးနောက် နင်ယွမ်ရှန်းသည် ခဏပင် မနေခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပင် ပြန်လာခဲ့၏။ သူ့အနေနှင့် နေ့နေ့ညည တစ်ချက်ကလေးမှ မနားဘဲ ချက်ချင်းပြန်လာခဲ့ခြင်း ဖြစ်၏။
လူပေါင်းတစ်ထောင်ကျော်တို့က မောပန်းလျက် ရှိနေပြီး ခြေထောက်များပင်လျှင် ကျိုးကြေလုမတတ် နုံးခွေနေခဲ့ကြ၏။ သူတို့သည် အလွန်အမင်း ပင်ပန်းကာဖြင့် အိပ်ချင်စိတ်လည်း ဖြစ်နေကြ၏။ သို့ပေမည့် မည်သူမှ အသံမထွက်ရဲကြချေ။
စစ်မြင်းများ၏ ပါးစပ်များပင်လျှင် အသံတိတ်လျက် ရှိနေ၏။ လူပေါင်းတစ်ထောင်ကျော်တို့က ငြိမ်ငြိမ် သက်သက်ဖြင့် ပြန်လာခဲ့ကြ၏။ တချို့သော နန်းတွင်းမှ အမှုထမ်းမိန်းကလေးများသည် မည်သို့မှ မခံနိုင်တော့ချေ။ မြေပေါ်သို့ လဲကျကုန်ကြ၏။ သူတို့၏ မျက်နှာတွင် သွေးများဖြင့် ဖုံးလွှမ်းလာခဲ့ကြ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် စစ်သည်တော်များသည် မည်သည့်စကားကိုမှ မဆိုချေ။ ထိုသူတို့အား အသာ ထမ်းကာဖြင့် ပြန်လာခဲ့၏။ အစမှအဆုံးထိ တစ်ချက်ကလေးမှ အသံမထွက်ရဲကြချေ။
ဘုရင်မင်းမြတ်၏ ရထားလုံးကြီးသည် မြန်မြန်ဆန်ဆန်ဖြင့် ရွေ့လျားလျက် ရှိနေ၏။ ထိုအရာက မြင်းများ ဆွဲနေခြင်းမဟုတ်ချေ။ အလွန်သန်မာပါသည်ဆိုသော လူပေါင်းဆယ်ယောက်ကျော်တို့က ထမ်းပိုးကာ ရွေ့လျားနေခြင်း ဖြစ်၏။ ရထားလုံး၏ ရှေ့ထဲတွင် ရေတစ်ပန်းကန် ရှိ၏။ ထိုအရာ မှောက်သွားသည် ဆိုသည်နှင့် တစ်ပြိုင်နက် ထိုထမ်းပိုးနေသည့် လူများအားလုံး အသတ်ခံရပေလိမ့်မည်။
မိန်းမစိုးကြီးလီစွမ်းသည် မအိပ်ရသည်မှာ နှစ်ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူသည် ပုံမှန်အတိုင်း အလုပ်များလျက် ရှိနေ၏။ သူ၏ မျက်နှာထက်တွင် မည်သည့် ကြောက်လန့်မှုမှ မရှိချေ။ နှလုံးသားထဲတွင် ရှိနေသည့် အကြောက်တရားကိုတော့ သူ ကောင်းကောင်းသိ၏။ ဤအချိန်မှာတော့ သူ၏ ဆံပင်များက တကယ့်ကို ထောင်ထလျက် ရှိနေ၏။ သူ့အနေနှင့် ရေသောက်ခြင်း သို့မဟုတ် အစားအစာ စားခြင်းကို တွေးပင်မတွေးရဲချေ။ ပြောရမည်ဆိုလျှင် အီးပင်မပေါက်ရဲချေ။
ဘုရင်မင်းမြတ် မပျော်ရွှင်သည့် အခြေအနေမျိုးတွင် ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများက ရေသောက်ခြင်း သို့မဟုတ် အသံထွက်ခြင်းဆိုသည်မှာ မကောင်းမှု ပြုလုပ်ခြင်းပင် ဖြစ်၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ဒေါသသည် လက်ရှိအခြေအနေမှာတော့ အပြင်ဘက်သို့ မရောက်သေးချေ။ နှစ်ရက်နှင့် နှစ်ညတိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့်စကားတစ်ခွန်းကိုမှ ဘုရင်မင်းမြတ်က မပြောဆိုခဲ့သလို ဆဲဆိုကြိမ်းမောင်းသံကိုလည်း မကြားရချေ။ ထိုအရာက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင် ဖြစ်သည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်း ဆဲဆိုနေသည့်အချိန်တွင် ကြောက်လန့်စရာမရှိချေ။ သို့ပေမည့် ဘာတစ်ခုမှ မပြောသည့်အချိန်မျိုးမှာတော့ သူ၏ သတ်ဖြတ်လိုခြင်း အော်ရာများသည် ကောင်းကင်ပေါ်သို့ လွင့်တက်လျက် ရှိနေ၏။ ဤအချိန်မှာတော့ သူ၏မျက်လုံးထဲသို့ ရောက်ရှိလာခဲ့သည့် မည်သည့်အရာကပင် မဆို ပြဿနာ တက်ပေလိမ့်မည်။
နင်ယွမ်ရှန်းသည် အိပ်ရာထက်တွင် လဲလျောင်းလျက် ရှိနေ၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းလျက် ရှိနေ၏။ နှစ်ရက်နှင့် နှစ်ညတိတိ သူ မအိပ်သေးချေ။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး အနိုင်ရရှိခဲ့သည့် နယ်စပ်၏ အမဲလိုက်ပွဲက ရှုံးနိမ့်ခဲ့ပြီ ဖြစ်၏။ ဤရှုံးနိမ့်ပွဲသည် နိုင်ငံနှစ်ခုကြား စစ်ပွဲကြီးတစ်ခုကဲ့သို့ပင် သူက ခံစားနေမိ၏။ နိုင်ငံအတွင်းတွင် ရှိနေသည့် လူများအားလုံးတို့၏ ကံကြမ္မာက ထိုပေါ်တွင် မူတည်လျက် ရှိနေ၏။
အဆုံးသတ်မှာတော့ သူသည် စစ်တုရင်ပြိုင်ပွဲကိုသာမက စစ်တပ်ချင်း ယှဉ်ပြိုင်တိုက်ခိုက်သည့် ပြိုင်ပွဲကိုပါ ရှုံးနိမ့်ခဲ့၏။ တောင်ပိုင်းနိုင်ငံနှင့် တိုက်ပွဲသည် လက်ရှိအခြေအနေတွင် အကြိတ်အနယ် တိုက်ခိုက်နေရသည်။ တကယ့်ကို ကြီးမားသည့် စစ်ပွဲကြီးအဖြစ် ဖြစ်တည်နေခဲ့သည်။
နင်ယွမ်ရှန်းသည် လက်ရှိပြိုင်ပွဲတွင် အနိုင်ရရှိချင်၏။ သို့ပေမည့် ဝူပြည်နယ်၏ ဘုရင်ငယ်သည် သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့လေပြီ ဖြစ်၏။ ဤအရာက တကယ့်ကို အရှက်ခွဲခြင်းပင်။ တစ်ဖက်လူ၏ အသက်က မည်မျှ ရှိသနည်း။ နင်ယွမ်ရှန်း၏ သားထက်ပင် ပိုမိုကာ ငယ်ရွယ်ဦးမည်ပုံပင် ဖြစ်၏။ သို့ပေမည့် နင်ယွမ်ရှန်းကို စစ်တုရင်ကစားပွဲ၌ အနိုင်ရရှိခဲ့၏။
သို့ပေမည့် ဤအရာက ကိစ္စရပ် မဟုတ်ပေ။ အဓိက သော့ချက်အားဖြင့် နိုင်ငံနှစ်ခု၏ မြင်းသည်တော်များ တိုက်ခိုက်မှုတွင် ရွှဲ့ပြည်နယ်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့၏။ ရှုံးနိမ့်ခဲ့သည့် စစ်သားများကို အပြစ်ပေးရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် အားလုံးသော သူတို့က သေဆုံးခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ထိုသတင်းသာ ထွက်လာသည်ဆိုပါက ရွှဲ့ပြည်နယ်တွင် ရှိနေသည့် လက်ရွေးစင်မြင်းသည်တော်များအားလုံးတို့၏ ဂုဏ်သိက္ခာက ရစရာပင် ရှိတော့မည် မဟုတ်ချေ။ ရွှဲ့ပြည်နယ်၏ စစ်တပ်ပိုင်းဆိုင်ရာ၏ အားနည်းချက်များ တည်ရှိနေသည်ကို အားလုံးသောသူတို့က သိရှိသည်ဆိုပါက သူတို့ အဘယ်သို့ ဆက်လက်ကာ ရှေ့ဆက်ရတော့မည်နည်း။
လူတချို့က ထိုကဲ့သို့ တွေးပင် တွေးပြီး ဖြစ်ပေလိမ့်မည်။ ဝူဘုရင်က ငယ်ရွယ်လွန်း၏။ တက်သစ်စ နေလုံးကြီး တစ်ခုကဲ့သို့ပင်။ ရွှဲ့ပြည်နယ်၏ နင်ယွမ်ရှန်းမှာတော့ မကြာခင် နေဝင်တော့မည့် နေလုံးကြီးတစ်ခုကဲ့သို့ပင်။ အဆက်မပြတ်ဆိုသလိုပဲ အောက်သို့ ကျဆင်းနေခဲ့၏။
‘ငါ အိုမင်းနေခဲ့ပြီလား’
နင်ယွမ်ရှန်းသည် မှန်ကိုယူကာ ကြည့်ရှုလိုက်မိ၏။ ကြည့်ရသည်မှာ အိုမင်းသွားခဲ့ပုံ ပေါ်၏။ ယခင်ကကဲ့သို့ အင်အားပြည့်အားပြည့် မဟုတ်တော့ချေ။ သူ၏ ဆံပင်များသည် ဖြူလျက်ရှိနေပြီ ဖြစ်ကြောင်းကိုပင် တုန်လှုပ်ဖွယ် မြင်ခဲ့ရသည်။
ဆံပင်ဖြူများ ရှိနေသည်ဆိုသည်မှာ သာမန်ပင် မဟုတ်ပါလား။ သူက အသက်သုံးဆယ်အရွယ်နီးပါးလောက်ပင် ငယ်ရွယ်လွန်းသည့်ပုံ ပေါ်၏။ တကယ်တော့ သူသည် အသက်ငါးဆယ် ဖြစ်နေပြီ။ ရွှမ်ဝူကျင်းကျိုးနှင့်ပင် အသက်အရွယ် တူညီ၏။ စုနန်ထက် အများကြီး မငယ်ချေ။
သို့ပေမည့် ဆံပင်များဖြူနေသည်ကို တွေ့ရှိသည့်အချိန်မှာတော့ နင်ယွမ်ရှန်းက ဒေါသထွက်သွားမိ၏။ သူက အသက်ငါးဆယ်ရှိပြီ ဆိုသော်လည်း သူ့ကိုယ်သူ အသက်သုံးဆယ်နီးပါးဟုသာ ထင်မှတ်ထားခဲ့သူတစ်ယောက် ဖြစ်၏။ ရှေ့တွင် ရှိနေသည့် မှန်ကလည်း အစစ်အမှန်ပြသနေသည်။ ယခင်တုန်းက ကြေးမှန်က မှုန်မှုန်ဝါးဝါးနှင့်ပင်။ ထို့ကြောင့် သူ၏ အသွင်အပြင်ကို သေသေချာချာ မမြင်ခဲ့ရချေ။
ယခုမှန်မှာတော့ သောက်ပလျက် ရှိနေပြီး ကြည်လင်ရှင်းလင်းနေ၏။ သူ၏ ဆံနွယ်ဖြူများနှင့်အတူ မျက်နှာပေါ်တွင် ရှိနေသည့် အရေးအကြောင်းများကိုပါ မြင်ရ၏။ ဤအရာက ရှမ့်လန် တီထွင် ဖန်တီးထားသည့် အရာဖြစ်၏။ အဘယ့်ကြောင်း ရှမ့်လန် ထိုအရာကို တီထွင်ဖန်တီးထားရသနည်း။ ငယ်ရွယ်တုန်းမို့ ဖန်တီးထားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
ဟုတ်ပေ၏။ ရှမ့်လန်သည် အသက်နှစ်ဆယ်နီးပါးခန့်သာ ရှိသည့်လူတစ်ယောက် ဖြစ်၏။ ဘုရင်မင်းမြတ်သည် ရှေ့တွင် ရှိနေသည့် မှန်ကို ခွဲချင်စိတ် ပေါက်သွား၏။ သို့ပေမည့် ထိုအရာကို သူ သည်းခံရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အားနည်းသည့် လူတစ်ယောက်၏ ပုံမှန်သွင်ပြင်မျိုး ပေါ်ပေါက်နိုင်သည် မဟုတ်ပါလား။ သူ့အနေနှင့် ဒေါသထွက်ချင်သည်ဆိုလျှင်တောင်မှ ပွင့်ပွင့်လင်းလင်း ထွက်၍ မရနိုင်ချေ။
ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ မြင်းခွာသံများကို ကြားလိုက်ရ၏။ မိန်းမစိုးကြီး လီစွမ်း၏ မျက်ခမ်းထောင့်များက တုန်ယင်သွားခဲ့၏။ သေလမ်းရှာနေသည်လား။
ထင်မှတ်ထားခဲ့သည့်အတိုင်းပင် မြင်းခွာသံများ ကြားရသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်၏ ဒေါသတရားများက ထွက်ပေါ်လာခဲ့၏။
“အရှင်မင်းကြီး.. ရေနက်တပ်ဖွဲ့ကနေ အရေးကြီး သတင်းပေးပို့ပါတယ်” ရေနက်တပ်ဖွဲ့ ထပ်မံရောက်ရှိ လာခဲ့၏။ ဤအရာက ဘုရင်မင်းမြတ်တစ်ယောက်တည်းသာလျှင် ပိုင်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကြမ်းတမ်းလွန်းသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
“ဘာကိစ္စလဲ” လီစွမ်းက အေးစက်စက် မေးမြန်းလိုက်၏။
“လျန်စီရင်စုရဲ့ ဟယ်ဝမ်ဝမ် က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်” ရေနက်တပ်ဖွဲ့ဆီမှ အရာရှိက ပြောလိုက်သည်။
ရွှဲ့ပြည်နယ်ထဲတွင် ဘုရင်မင်းမြတ် မျက်နှာသာပေးခြင်းကို ခံရသည့် အမျိုးသမီးများရှိ၏။ သို့ပေမည့် မိဖုရားဟု နာမည်တပ်ခြင်းမခံရသည့် အမျိုးသမီးမှာတော့ ဟယ်ဝမ်ဝမ် ပင် ဖြစ်၏။
သူမသည် ဘုရင်မင်းမြတ် ချစ်ခင်နှစ်သက်ရသည့် ထိပ်တန်းကချေသည် ဖြစ်သည်။ သို့ပေမည့် လီဝမ်ကျန့်နှင့်ကိစ္စ ဖြစ်ပြီးနောက် ဘုရင်မင်းမြတ်သည် သူမကို အကျယ်ချုပ်ချထားခဲ့၏။
လျန်စီရင်စုတွင်ရှိနေသည့် သူမ၏ မွေးရပ်မြေဆီသို့ ပို့လွှတ်ခဲ့ပြီး နေအိမ်ကျယ်ချုပ်အဖြစ် ထားရှိခဲ့ခြင်းပင်။ ရှမ့်လန်တစ်ယောက် နန်းမြို့တော်ဆီသို့ ပြန်လာရာလမ်းတွင် လျန်စီရင်စုဆီမှ ဖြတ်သွားခဲ့၏။ သူမသည် လာရောက်ကာ လည်ပတ်ခဲ့ပြီး နာရီဝက်နီးပါးခန့် စကားပြောဆိုခဲ့သေးသည်။
ဘုရင်မင်းမြတ်၏ မျက်လုံးများက ပြူးထွက်သွားခဲ့၏။ ပြီးနောက် တင်းမာခက်ထန်စွာဖြင့် မေးမြန်းလိုက်၏။ “ဘယ်အချိန်တုန်းက ဖြစ်ခဲ့တာလဲ”
“လွန်ခဲ့တဲ့ နှစ်ရက်တုန်းကပါ”
ရေနက်တပ်ဖွဲ့၏ ကျွမ်းကျင်သူက ပြောလိုက်၏။ “ဒါ ဟယ်ဝမ်ဝမ်ရဲ့ စိတ်ဆန္ဒအတိုင်းပါပဲ။ ယူခဲ့ကြ”
ခဏလောက်ကြာပြီးနောက် ဟယ်ဝမ်ဝမ်၏ လက်ရေးစာသည် နင်ယွမ်ရှန်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။ “အရှင်မင်းကြီး.. ကျွန်မက အပြစ်ကင်းစင်ပါတယ်။ ဒါတွေအားလုံးက ရှမ့်လန်ရဲ့ ဇာတ်ကွက်ပါပဲ။ လီဝမ်ကျန့်ကို သတ်ဖြတ်ဖို့အတွက် သူ ကျွန်မကိုပါ ရောပြီး ဒုက္ခပေးခဲ့တယ်။ ကျွန်မက မူလအားဖြင့် သန့်စင်ပြီး အပြစ်ကင်းတဲ့ လူတစ်ယောက်ပါ။ ကျွန်မက အစောကြီးတည်းက ကျော်ကြားတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါတွေအားလုံးက သူ့ရဲ့အပြစ်ပါပဲ။
သူက ကျွန်မကို ကဗျာတစ်ပုဒ် ရေးသားပေးခဲ့ပြီး အရှင်မင်းကြီး မေ့ပျောက်လို့မရနိုင်မယ့် ဝတ်စုံတစ်ခု ကိုလည်း ကျွန်မကို ရောင်းချခဲ့သေးတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းက လျန်စီရင်စုဆီကို ဖြတ်သန်းသွားတဲ့အချိန်မှာ ကျွန်မကိုယ်တိုင် သူ့ကို သွားမေးခဲ့တယ်။ လီဝမ်ကျန့်ရဲ့ အိမ်ထဲမှာ ရှိနေတဲ့ ပုံတူပန်းချီကားနဲ့ သွေးစွန်းနေတဲ့ လက်ကိုင်ပုဝါတွေ အားလုံးက သူ့ရဲ့ လက်ချက်တွေချည်းပါပဲ။
ဒီလူက ကျွန်မရဲ့ ကံကြမ္မာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး အရှင်မင်းကြီးကို ဆော့ကစားခဲ့ပါတယ်။ အရှင်မင်းကြီးနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့အချစ်က နေလိုလလို ရှင်းလင်းကြည်လင်လွန်းပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မဗိုက်ကိုခွဲပြီးတော့ ကျွန်မနှလုံးသားက နီလား၊ ဖြူလား ဆိုတာကို ကြည့်ရှုနိုင်ပါတယ်။ ကျွန်မက ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ဒီလို လိုလိုချင်ချင်နဲ့ သေဆုံးခဲ့ပါပြီ”
ဘုရင်မင်းမြတ်သည် ဟယ်ဝမ်ဝမ်၏ သေတမ်းစာကို ဖတ်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် ပေါက်ကွဲ လုမတတ် ဖြစ်နေသည့် မီးတောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်သွား၏။ သူသည် သစ္စာဖောက်ခြင်းကို ခံခဲ့ရ၏။ အရှက်မဲ့လွန်းသည့် သစ္စာဖောက်မှုမျိုးပင်။
“ရှမ့်လန်.. ငါမင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။ မင်းက ငါ့ကို ဘယ်လိုဖြစ်ပြီး ဒီလိုဆက်ဆံရဲရတာလဲ။ လီဝမ်ကျန့်ကို သတ်ဖို့အတွက် မင်း ဟယ်ဝမ်ဝမ်ရဲ့ ကံကြမ္မာတစ်ခုလုံးကိုပါ ဆော့ကစားရဲခဲ့တာလား။ ငါ့ကိုတောင် ဆော့ကစားရဲခဲ့တာလား။ ဒါဆိုရင် လီဝမ်ကျန့်ရဲ့ အိမ်ထဲမှာ ရှိနေတဲ့ အိမ်ရှေ့စံမင်းသားကို ကျိန်ဆဲတဲ့စာကလည်း မင်းရဲ့လက်ချက်ပဲပေါ့။
မင်းက တကယ့်ကို ကြမ်းတမ်းတဲ့ လူတစ်ယောက်ပဲ။ ရန်သူသေးသေးလေးတစ်ယောက်ကို သတ်ပစ်ဖို့ အတွက်တောင်မှ မင်းက ဒီလိုကြီးကျယ်တဲ့ ကိစ္စရပ်ကို လုပ်ခဲ့တယ်။ အိမ်ရှေ့စံမင်းသားကိုတောင် ကျိန်စာတိုက်ရဲတယ် ဟုတ်လား”
လီဝမ်ကျန့် အိမ်ရှေ့စံမင်းသားကို ကျိန်ဆဲခဲ့သည့် စာနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်ရလဒ်မှ မရခဲ့ချေ။ လက်ရှိ နင်ယွမ်ရှန်းသည် အမဲလိုက်ပြိုင်ပွဲ ရှုံးနိမ့်ခဲ့သောကြောင့် ဆိုးဆိုးဝါးဝါး ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့၏။ သူ၏ စိတ်ခံစားချက်များအားလုံးက ဆုံးရှုံးတော့မည့်သကဲ့သို့ပင်။ လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့သော ပေါက်ကွဲလုမတတ် ဖြစ်နေသည့် မီးတောင်ကြီးပေါ်သို့ ရေနံဆီများ ကျဆင်းလာခဲ့၏။
“သေချင်နေတာပဲ။ သေချင်နေတာပဲ”
ဘုရင်မင်းမြတ်က ရူးရူးမူးမူး အော်ဟစ်လိုက်သည်။ “ငါမင်းကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ကို သစ္စာဖောက်ရဲတယ်ဟုတ်လား။ လူတွေရဲ့ နှလုံးသားတွေ အေးစက်ကုန်ကြပြီ။ ဒီကောင်က တကယ့်ကို ကြမ်းတမ်းလွန်းတယ်။ ရေနက်တပ်ဖွဲ့ .... သွား၊ ရှမ့်လန်ကို သွားဖမ်းစမ်း။ ပြီးတော့ ရေနက်တပ်ဖွဲ့ရဲ့ အကျဉ်းထောင်ထဲကို ပို့လိုက်”
ဝုန်း....
ကောင်းကင်ယံထက်တွင် တိမ်မည်းများက ကျဆင်းလာခဲ့၏။ နောက်ဆုံးမှာတော့ ကျယ်လောင်လွန်းသည့် မိုးချိန်းသံက ထွက်ပေါ်လာခဲ့သည်။
လူပေါင်းများစွာတို့က တုန်ယင်သွားခဲ့၏။ တလောကလုံးက တုန်ယင်လျက် ရှိနေ၏။