← Chapters

အဲလိုရိုက်ချက်မျိုးက သေမျိုးလောကမှာ ရှိမှာ မဟုတ်ဘူ

Vol. 21 Ch. 311

အဲလိုရိုက်ချက်မျိုးက သေမျိုးလောကမှာ ရှိမှာ မဟုတ်ဘူ

Vol. 21 Ch. 311

အခန်း (၃၁၁) : အဲလိုရိုက်ချက်မျိုးက သေမျိုးလောကမှာ ရှိမှာ မဟုတ်ဘူး

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ၅၀၂ ခုက စိတ်ကူးပင် မယဉ်နိုင်လောက်အောင် များပြားသော ကံကောင်းမှုမျိုး ဖြစ်သည်။

ဒါတွေအကုန်လုံးသာ ဈေးကွက်မှာ ပေါ်ထွက်လာပါက မြောက်ပင်လယ်တစ်ခုလုံး တုန်လှုပ်သွားကြလိမ့်မည်။ ဘယ်သူကမှတော့ ထိုကဲ့သို့သော အရာမျိုးကို ပေါ့ပေါ့ဆဆ လုပ်မည် မဟုတ်ပေ။ ပစ္စည်းက ရှားပါးလေလေ အဖိုးတန်လေလေ ဖြစ်သည်။

ထို့ကြောင့် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို အစုလိုက် အပြုံလိုက် ရောင်းချပါက ဈေးနှုန်းက ကျဆင်းသွားမည် ဖြစ်သည်။

ပင်လယ်နတ်ဘုရား၏ မျက်ရည်စက်ကို ကျင့်ကြံခြင်းအတွက် သုံးတာ ပိုကောင်းပြီး အနည်းငယ်ကို မိတ်ဆွေများနှင့် မိသားစုကို ပေးကာ တချို့ကိုတော့ လုပ်ဆောင်ချက် အမှတ်အတွက် ဂိုဏ်းဆီ လက်လွှဲပေးတာမျိုးက ပိုပြီးကောင်းသည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကံကြမ္မာရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတယ်။ နယ်မြေငါးခုရဲ့ ပြိုင်ဘက်ကင်း ကံကြမ္မာသားတော်လို့ ပြောတာ ပိုမှန်မယ်။ အခု အဲဒီကောလဟာလတွေက မှန်တယ်ဆိုတာ အတည်ပြုလိုက်နိုင်ပြီ။ ကျွန်တော် လုံးဝ သိမ်းသွင်းခံလိုက်ရပြီ”

ငွေရောင်ရေဘဝဲမျိုးနွယ်၏ ငွေဖြူရောင် မင်းသားက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ရရှိထားသည့်အတွက် တောက်ပစွာ ပြုံးနေသည်။

ထိုအရာအားလုံးက ရှန်ထျန်းကြောင့်ဆိုတာ သေချာသည်။

ရှန်ထျန်းကြောင့်သာ မဟုတ်ပါက သူ့စွမ်းအားနှင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတစ်ခွင် တစ်နှစ်လုံး လှည့်ပတ်သွားလာ ရှာဖွေလျှင်ပင် ဒီလောက်ထိ များပြားသော အကျိုးအမြတ်ကို မရရှိနိုင်ပေ။

လက်ထဲရှိ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ၁၅ ခုနှင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှ ချက်ချင်းထွက်သွားလျှင်ပင် နစ်နာသည်ဟု ပြောလို့ မရနိုင်ပေ။

ဂဏန်းမင်းသားက သူ၏ ဂဏန်းလက်မကြီးများကို လှုပ်ရှားကာ ပြုံးရင်း ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ခရမ်းစံအိမ် သူတော်စင်ကြောင့်သာ ကြယ်မျက်ရည်စက်တွေကို ရရှိခဲ့တာ။ မဟုတ်ရင် ဒီလောက်ထိ အဆင်ပြေချော့မွေ့စွာနဲ့ စုဆောင်းနိုင်ခဲ့မှာ မဟုတ်ဘူး။

ကြယ်မျက်ရည်စက်တွေကို ရှာတွေ့ဖို့အတွက် မင်းသမီးလေး ဖန်ရှန်းကလည်း အများကြီး ကူညီပေးခဲ့တယ်။ ကျွန်တော်တို့လည်း အကျိုးအမြတ်ရခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ်”

ရှန်ထျန်းက မင်းသားလေးယောက်၏ သဘောထားကို ခံစားမိသည့်အတွက် မျက်နှာပင် နီမြန်းသွားသည်။

အဟင်း…ဟင်း… ငါလည်း မင်းတို့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို အလကားမျှယူဖို့အတွက် ဒီမှာရောက်နေတာလို့ ပြောလို့ရလား

ငါ့ကို ကံကြမ္မာသားတော်လို့ ခေါ်နေတယ်…

အဲလို မထိုက်တန်တဲ့ ချီးကျူးမှုမျိုးကို ခံရတဲ့အတွက် ရှက်မိပါတယ်

နောက်ဆုံးမှာတော့ ရှန်ထျန်းက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ပေါင်း ၅၀၂ ခုထဲမှ ၂၀၀  ရရှိခဲ့သည်။

ကြယ်မျက်ရည်စက်များကို ခွဲဝေပြီးနောက် ကျွန်းပေါ်တွင် ထူးခြားသည့် ပန်းများနှင့် ရှားပါးသည့် ဆေးပင် တော်တော်များများကိုလည်း ရှာတွေ့ခဲ့သည်။

ထို ထူးခြားပန်းပွင့်များနှင့် ရှားပါးဆေးပင်များက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်နှင့် နှိုင်းယှဉ်လျှင် တန်ဖိုးနည်းသော်လည်း ထိုအရာများက အပြင်လောကတွင် ရှာရခက်သော အထွတ်အထိပ်အဆင့် ပစ္စည်းများ ဖြစ်သည်။

ထိုပစ္စည်းများက အထွတ်အထိပ်ရှင်အများစုကို ဆွဲဆောင်နိုင်ပြီး ထိုပစ္စည်းများအတွက် တိုက်ခိုက်တာမျိုးပင် လုပ်လိမ့်မည်။

နောင်တရစရာကောင်းသည့် တစ်ခုတည်းသောအရာက ကျွန်း၏ ပင်မတည်နေရာက သိပ်သည်းထူထပ်သော ရှုပ်ထွေပွေလီ အရှိန်အဝါများဖြင့် ဖုံးအုပ်နေသည့်အတွက် သူတို့ အက်ကြောင်းများကို လုံးဝ ရှာမတွေ့ပေ။

မဟုတ်ပါက သူတို့သည် ကျွန်း၏ ပြင်ပဘက်နီးသော နေရာတွင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ၅၀၀ ကို ရှာတွေ့ထားသည့်အတွက် ထူးခြားသည့် ရတနာများကိုလည်း ရှာနိုင်မည် ဖြစ်သည်။ ဤကြယ်တာရာကျွန်းက အရမ်းထူးခြားဆန်းကြယ်လှသည်။

“ ဒါက ရောက်မလာတဲ့ အခွင့်အရေးပဲ။ ပင်မနေရာက ကျွန်တော်တို့နဲ့ ကံမစပ်ဘူး”

ဤကြယ်တာရာကျွန်း၏ ပင်မနေရာနှင့် ဆက်စပ်သော မြင်ကွင်းများပါသည့် ကံအပြောင်းအလဲ အခွင့်အရေး ရောင်ဝါစက်ဝန်းများကို ဘယ်ကျင့်ကြံသူဆီမှာမှ မမြင်မိ၍ ရှန်ထျန်း စိတ်ထဲမထားပေ။

သက်သေတွေအရ ဒီပင်မနေရာက စစ်ဆေးမှုအတွက် ကန့်သတ်ထားတဲ့နေရာပဲ ဖြစ်လိမ့်မယ်။ စောင့်နေလို့ အကျိုးရှိမှာ မဟုတ်ဘူး

မကြာခင်မှာပဲ သူတို့အပေါ်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်က ကွဲအက်သွားသည့်အတွက် ရှန်ထျန်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူတို့ရှစ်ယောက်လုံး ကောင်းကင်ဆီသို့ ပျံသန်းသွားကာ အက်ကြောင်းထဲမှ အလျင်အမြန် ထွက်သွားကြသည်။

သူတို့ အပြင်ဘက်သို့ ရောက်သွားသည့်အခါ ဝင်ဖို့ အသင့်ဖြစ်နေသည့် ပင်လယ်မျိုးနွယ်ပါရမီရှင် အချို့ကို တွေ့လိုက်ရသည်။

သူတို့က ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာဖို့အတွက် အပြင်ဘက်တွင် ရက်အနည်းငယ်ကြာ စောင့်ပြီး အထဲရှိ ပစ္စည်းများကို ဝင်ယူဖို့ ပြင်ဆင်နေခဲ့ကြသည်။

သို့သော် အက်ကြောင်းထဲမှ ရှန်ထျန်းတို့အဖွဲ့ ထွက်လာသည့်အခါ အော်ငိုတော့မလိုပင် ဖြစ်သွားသည်။ ရှန်ထျန်းတို့အုပ်စုကို မလေးမစား သွားလုပ်လို့ မရနိုင်ပေ။ သူတို့က ဤကျွန်းထဲမှ ထွက်လာခဲ့သည့်အတွက် အထဲမှာ ဘာမှကျန်မည် မဟုတ်တော့ပေ။

ပြောရလျှင် သူတို့က အချိန်ကို ဖြုန်းတီးခဲ့ခြင်း ဖြစ်သည်။

“ ခုနစ်ယောက်မြောက် နဂါးမင်းသား၊ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၊ ခရမ်းစံအိမ် သူတော်စင်နှင့် မင်းသမီးလေး ဖန်ရှန်းကို နှုတ်ခွန်းဆက်သပါတယ်”

ထိုသမုဒ္ဒရာမျိုးနွယ်စု ပါရမီရှင်များက သူတို့၏ လက်နှစ်ဖက်ယှက်ကာ ရှန်ထျန်းတို့အဖွဲ့ကို လေးစားစွာ အရိုအသေ ပေးလိုက်သည်။ ထို့နောက် လွတ်မြောက်ဖို့ ထွက်ပြေးသလိုမျိုး မတူညီသော ဦးတည်ရာများသို့ ထွက်ပြေးသွားကြသည်။

ထိုကဲ့သို့ လုပ်ရခြင်းက ရှန်ထျန်းတို့အဖွဲ့က သူတို့ကို သတ်လိုက်မှာကို ကြောက်ရွံ့ခြင်းမျိုး မဟုတ်ဘဲ ကြယ်တာရာကျွန်းများတွင် ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိဖို့က ပထမဆုံးလက အလွယ်ကူဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

ပထမလအပြီးတွင် အပြင်ဘက်ကျပြီး လုံခြုံသော ကျွန်းအများစုက များပြားသော ကျင့်ကြံသူများ၏ လုယက်ခြင်းကို ခံရပြီးပြီ ဖြစ်သည်။

ထို့နောက် စွန့်စားပြီး ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိဖို့အတွက် ပိုပြီးအတွင်းပိုင်းကျသော နယ်မြေများသို့ ဦးတည်သွားရမည်ဖြစ်သည့်အတွက် အန္တရာယ်လည်း ပိုများသည်။

သူတို့က ဤကြယ်တာရာကျွန်းရှေ့တွင် သုံးရက်တာ စောင့်စားခဲ့သည်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့ အချိန်သုံးရက် ဖြုန်းလိုက်ပြီဖြစ်ပြီး ပထမတစ်လ၏ သုံးရက်က သူတို့ တခြားကျွန်း တစ်ကျွန်း သို့မဟုတ် နှစ်ကျွန်းကို ဝင်နိုင်ဖို့အတွက် ကုန်ဆုံးနိုင်သည့် အချိန် ဖြစ်သည်။

ထို့နောက် သူတို့ အချိန်ကို ကောင်းကောင်း အသုံးချကာ နောက်ထပ် ကျွန်းတစ်ကျွန်းရှာဖို့အတွက် မြန်မြန်လုပ်ရမည်ဖြစ်သည်။

ရှန်ထျန်းက ထိုနတ်ဆိုးများကိုကြည့်ပြီး မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်

“ တကယ်ကို ယဉ်ကျေးတဲ့ နတ်ဆိုးတွေပဲ”

တကယ်ကြီးလား။ သူတို့ ဒီလောက်ကြီးထိ လောဖို့ လိုလို့လား

ကျွန်းလေး တစ်ကျွန်းပဲ ဆုံးရှုံးလိုက်ရတာ မဟုတ်ဘူးလား။ ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ လိုလို့လား။ လျင်မြန်စွာ လှုပ်ရှားပေမဲ့ အရှိန်က လျော့ထားရမယ်။ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ရှာဖွေတဲ့နေရာမှာ အလျင်စလို မလုပ်သင့်ဘူး

အားလုံးတွေ့တဲ့အတိုင်း အချိန်ယူပြီးတော့ လုပ်ခဲ့တယ်။ ရက်အနည်းငယ်လောက် အနားယူဖို့အတွက် အတိသုခမြို့တော်ကိုတောင် ပြန်ချင်နေပြီ

ဟုတ်တယ် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုစီက ဘယ်အချိန်မှာ ဖြစ်ပေါ်လာမလဲဆိုတာကို သိနေတော့ ဒီလောက်တော့ ကြိုတင်ကြံစည်လို့ရနေပါပြီ

အောင်းဝူက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို စားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အပြာရောင် အလင်းတန်းများ ထွက်လာသည်။

သူက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ အစ်ကိုရှန် ကျွန်တော်တို့ နောက်ထပ် ဘယ်ကိုသွားမှာလဲ။ ရှေ့ကနေ လမ်းပြပါဦး”

အောင်းဝူက သူ၏ စာချုပ်တွဲဖက်ဖြစ်သည့်အတွက် ဘေးမှာရှိနေသော ချီရှောက်ရွှမ်က အနည်းငယ် မနာလိုဖြစ်သွားသည်။

ငါရော လမ်းကို ဦးဆောင်သွားလို့မရဘူးလား

ငါလည်း ဆန်းကြယ်တာတွေကို ပြသပေးနိုင်ပါတယ်

ရှန်ထျန်းက ချီရှောက်ရွှမ်၏ အကြည့်ထဲရှိ ပြင်းထန်သော အငြိုးအတေးကို သတိမထားမိပေ။

သူက မျက်လုံးကို ဖြည်းဖြည်းချင်းမှိတ်ကာ ပါရမီရှင်တစ်ယောက်၏ ရောင်ဝါစက်ဝန်းထဲတွင် မြင်ခဲ့သော မြင်ကွင်းများကို ပြန်လည်စဉ်းစားနေသည်။

သို့သော် ယုဖန်ရှန်း၊ အောင်းဝူ၊ ချီရှောက်ရွှမ်နှင့် တခြားသူများ၏ အမြင်တွင် ရှန်ထျန်းက လက်ရှိ လွှမ်းမိုးမရသူ ဖြစ်သည်။

သူက ဂါထာရွတ်ပြီးတော့ တစ်ခုခုကို အာရုံခံနေတဲ့ပုံပဲ။ သူ့ရဲ့ချောမောတဲ့ မျက်နှာပေါ်မှာလည်း ဆန်းကြယ်တဲ့ အပြုံးရှိနေပြီးတော့ ဘယ်အရာမှ သူ့အကြည့်အောက်ကနေ မလွတ်မြောက်နိုင်သလိုပဲ

ဟုတ်တယ် ရှန်ထျန်း ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်ကို ရှာတွေ့တယ်ဆိုတာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ ဒီဆန်းကြယ်တဲ့ သူတော်စင်ဆီမှာ ရတနာရှာဖို့ အမည်မသိ နည်းလမ်းတွေ ရှိနေတာပဲ ဖြစ်လိမ့်မယ်

သို့သော် ကျင့်ကြံရေးလောကတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိသည့်အတွက် ဘယ်သူကမှ ထိုအကြောင်းကို ရှန်ထျန်းဆီ မမေးကြပေ။

တစ်စုံတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခြင်း တည်မြဲဖို့အတွက် အချင်းချင်း၏ လျှို့ဝှက်ချက်ကို လေးစားဖို့က အဓိက လိုအပ်ချက် ဖြစ်သည်။

တခြားသူများ မဆိုထားနှင့် ကိုယ့်မျိုးနွယ်၏ ထိပ်သီးပါရမီရှင်များဖြစ်သည့် ချီရှောက်ရွှမ်၊ အောင်းဝူ၊ ယုဖန်ရှန်းနှင့် မင်းသားလေးယောက်တို့တွင် သူတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြသည်။

ရှန်ထျန်းက ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူက ပြုံးကာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ အတွင်းပိုင်းနယ်မြေသို့ ညွှန်ပြလိုက်သည်။

“ ကျွန်တော်တို့ အထဲထိဝင်သွားရင် ဘယ်လိုလဲ”

အားလုံးက ရှန်ထျန်းကို သေချာစိုက်ကြည့်လိုက်သည်။ သူတို့ ဒီတစ်ခါသာ နောက်ထပ် ကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေးကို ကြုံတွေ့ရမည်ဆိုပါက ပြဿနာ ရှိလာနိုင်ကြောင်း သေချာသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ကောင်းချီးပေးခံရသူများအဖွဲ့ရှိပြီး သူတို့ လေးစားကိုးကွယ်သူက ရှန်ထျန်းဖြစ်သည်ဆိုသော ကောလဟာလများလည်း ရှိသည်။ ထိုအဖွဲ့၏ ကနဦးသင်ကြားချက်များအရ ဆရာကောင်းကင်ကို ယုံကြည်သူများက ကံအပြောင်းအလဲ အခွင့်အရေးနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး အောင်မြင်နိုင်ချေကလည်း တစ်ရာ ရာခိုင်နှုန်းရှိသည်ဟု ပြောကြသည်။

အစတုန်းက အားလုံးက ထိုကောလဟာလများကို ပေါ့ပေါ့ဆဆသာ ယူဆခဲ့ကြသည်။ သို့သော် သူတို့က အကျိုးအမြတ် အများကြီးရရှိခဲ့သည့်အတွက် ရှန်ထျန်းကို ကျေးဇူးတင်နေမိသည်။

အားလုံးက ရှန်ထျန်းသွားသော ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း အတွင်းပိုင်းသို့ လိုက်သွားကာ တစ်လမ်းလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

အရင်တစ်ခေါက်ကလိုမျိုး ရှန်ထျန်းက လမ်းမှာတွေ့သော ကြယ်တာရာကျွန်းများကို လျစ်လျူရှုကာ သူ့ပစ်မှတ်ဆီကိုသာ ဦးတည်သွားနေသည်။

သူတို့ လမ်းတစ်လျှောက်တွင် ရှုပ်ထွေးပွေလီ အငွေ့အသက်စက်ဝန်းများကို မကြာခဏတွေ့သည့်အချိန်တွင် ဝေးဝေးသို့ ရှောင်ရသည်။ ထို့ကြောင့် သူတို့ ဘာအန္တရာယ်နှင့်မှ မကြုံတွေ့ရပေ။

ရှုပ်ထွေးပွေလီ အစီအရင်၏ ဖိနှိပ်မှုကြောင့် အားလုံးက မိုင်ပေါင်းတစ်သောင်းကို တစ်ရက်နှင့်တစ်ည ပျံသန်းလိုက်ရသည်။ အထူးသဖြင့် ကျွန်းများကို ကာကွယ်ထားသော အငွေ့အသက်အလွှာများက မကြာခဏ ပိုမိုသိပ်သည်းလာသည်။

အပြင်ဘက်ပိုင်းကျသော ကြယ်တာရာကျွန်းများရှိ အငွေ့အသက်အလွှာများက ပိတ်ကျဲစ ခန်းဆီးဖြစ်ပါက ရှန်ထျန်းတို့ မြင်နေရသည့် အရှိန်အဝါအလွှာက ကြီးမားသော စောင်ကြီးတစ်ခု ဖြစ်သည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်က ထိုးဖောက်ထွက်လာကာ ကျွန်းများကို ဝန်းရံထားပြီးနောက် ကျောရိုးတစ်လျှောက်ပင် ကြက်သီးထသွားစေကာ ကျင့်ကြံသူ၏ အသက်အဆီအနှစ် အဆင့်အပေါ် ဖိနှိပ်ထားသည်။

အဆုံးတွင် ရှန်ထျန်း ရပ်တန့်သွားသည်။

ကျွန်းကြီးတစ်ကျွန်းရှေ့တွင် အားလုံးရပ်တန့်သွားသည်။

“ ဂရုစိုက်ကြနော်”

ရုတ်တရက် ကျွန်း၏ အတွင်းမှ ရေဘဝဲလက်ကြီးတစ်ခု ပေါ်လာသည်။

ထိုလက်တံက ပေပေါင်းထောင်ချီ ရှည်လျားပြီး ယုဖန်ရှန်းဆီသို့ ဦးတည်လာနေသည်။

ပေပေါင်းသောင်းချီသော လှိုင်းလုံးများ လုပ်နိုင်လောက်သည်အထိ ခွန်အားပြင်းထန်သည်။ ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်နှင့်ပင် နှိုင်းယှဉ်လို့ရနိုင်သည်။

ယုဖန်ရှန်း စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။ သူမက အစောပိုင်းအဆင့် ကနဦးဝိညာဉ် ရေသူမတစ်ယောက် ဖြစ်သည့်အတွက် တိုက်ခိုက်ရာမှာ မကျွမ်းကျင်ပေ။ သူမ၏ ခွန်အားအစစ်အမှန်က မင်းသားလေးယောက်နှင့်ပင်တူပြီး ရွှေရောင်ကိုယ်ထည် အောင်းဝူထက်ပင် ပိုပြီးဆိုးသေးသည်။

ထို့ကြောင့် ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကို လုံးဝ ခုခံနိုင်ခြင်းမရှိပေ။

“ မိစ္ဆာကောင် အတင့်ရဲလိုက်တာ”

ချီရှောက်ရွှမ်၏ လက်ထဲရှိ ကောင်းကင်ပုဆိန်လှံရှည်က တောက်ပသွားကာ ခရမ်းရောင်အရှိန်အဝါက သူ့ဘေးပတ်လည်တွင် ဝန်းရံသွားသည်။ သူက ထိုလက်တံကို ပုဆိန်လှံရှည်အရှိန်အဝါဖြင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။

သူက ပုဆိန်လှံရှည် အရှိန်အဝါကို ထုတ်လွှတ်နေစဉ် ပြင်းထန်သော ငါးညှီနံ့ရသည့် ရေဘဝဲလက်တံတစ်ခုက အနောက်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာကာ သူ့ ခန္ဓာကိုယ်ဆီသို့ ချိန်ရွယ်ထားသည်။

ထိုလက်တံက အနီနှင့် အစိမ်းရောင် ရောစပ်ထားပြီး ထူးခြားထင်ရှားသော အစက်အပြောက်များရှိသည့်အတွက် အကျည်းတန်ပြီး ထူးဆန်းလှသည်။

လက်တံက သူ့ကိုဖမ်းမိသွားကာ သူလွတ်မြောက်ပါကလည်း အနည်းဆုံး လဝက်လောက်တော့ ရွံရှာနေမိမည်ဟု ချီရှောက်ရွှမ် ခံစားနေမိသည်။

ချီရှောက်ရွှမ်က ရွေးချယ်စရာမရှိဘဲ ခုခံပြီး နောက်ဆုတ်တာကိုသာ လုပ်နိုင်သည့်အတွက် ဒုတိယလက်တံကို ဖြတ်တောက်လိုက်သည်။

တစ်ချိန်တည်းမှာပဲ တတိယ၊ စတုတ္ထနှင့် ပဉ္စမလက်တံများကလည်း အဘက်ဘက်မှ ထွက်ပေါ်လာသည်။

ဤသမုဒ္ဒရာက ကျင့်ကြံသူ၏ အာရုံခံမှုများကို တားဆီးထားသည့်အတွက် အားကြီးပြီး ရက်စက်သော သားရဲများ ကိုယ့်ကိုယ်ကို ဖုံးကွယ်ပြီးနေလို့ကောင်းသော ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော သမုဒ္ဒရာမျိုးတွင် ပျံသန်းရခြင်းမှာ လုံးဝ မလုံခြုံပေ။

“ သေစမ်း ဒီရေဘဝဲစုတ်က ငါ့ကို ဖမ်းရဲလို့လား။ ငါ့လိပ်မျိုးနွယ်ရဲ့ စွမ်းအားနဲ့ သင်ခန်းစာပေးလိုက်မယ်။ ဆက်တိုက် လိပ်လက်သီးချက်”

“ ဒီရေဘဝဲက တကယ်ကို စွမ်းအားကြီးတာပဲ။ အဲဒါက မင်းတို့ ငွေရောင် ရေဘဝဲမျိုးနွယ်ရဲ့ ဘိုးဘေးဘီဘင်လား။ ငွေဖြူရောင် မင်းသားလေး အဖိုးလို့ ခေါ်လိုက်ရင် ဘယ်လိုလဲ။ သနားညှာတာဖို့အတွက် တောင်းဆိုလို့ရတယ်လေ”

“ သေစမ်း။ ငါ့မျိုးနွယ်ရဲ့ စီနီယာတွေကို ရှုပ်ထွေးပွေလီ အရှိန်အဝါက တိုက်စားသွားမယ်ဆိုရင် သေးငယ်ပြီးချစ်ဖို့ကောင်းတဲ့ ပင်လယ်သားရဲတွေအဖြစ်ပဲ ပြောင်းလဲသွားမှာ အခုလိုမျိုး ကြီးမားပြီးတော့ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးကြီး ဖြစ်သွားမှာ မဟုတ်ဘူး။ ဒီရေဘဝဲရဲ့ အရောင်နဲ့ ပုံစံက အရမ်းကို အကျည်းတန်တယ်”

“ နဂါးလက်သည်းတွေကို မြည်းကြည့်လိုက်”

ပင်လယ်ထဲတွင် ပုန်းကွယ်နေသော ရေဘဝဲက အင်မတန် စွမ်းအားကြီးလှသည်။

ချီရှောက်ရွှမ်၏ တိုက်ပွဲစွမ်းရည်ဖြင့်ပင် အချိန်တိုအတွင်း အနိုင်ယူဖို့ မဖြစ်နိုင်ပေ။

ယုဖန်ရှန်းက တောင့်မခံနိုင်လောက်အောင် ဖြစ်လာသည်။ သူမ၏ ခုခံပညာက အကျိုးသက်ရောက်မှု မရှိဘဲ ရွံစရာကောင်းသော ရေဘဝဲလက်တံက သူမအနား ဖြည်းဖြည်းချင်း တိုးကပ်လာပြီဖြစ်သည်။ သူမ လုံးဝကို ထိတ်လန့်နေမိလေပြီ။

ငါက ဒီရွံရှာစရာကောင်းတဲ့ မကောင်းဆိုးဝါးရဲ့ လက်တံထဲမှာပဲ သေရတော့မှာလား

ငါ သေသွားမယ်ဆိုရင်တောင် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး

ထိုလက်တံက ယုဖန်ရှန်းကို ချုပ်နှောင်ခါနီးတွင် ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာသည်။

ထိုအခိုက်အတန့်တွင် ယုဖန်ရှန်းက နွေးထွေးသော ရင်ခွင်ထဲသို့ ဝင်လိုက်ရသလိုမျိုး စိတ်သက်သာမှုကို ခံစားလိုက်ရသည်။

သူမက ခေါင်းမော့ကာ စိုက်ကြည့်လိုက်သည့်အခါ အချောမောဆုံးသော မျက်နှာဘေးဖက်ကို မြင်လိုက်ရသည်။

သူပဲ…သူပဲ…အဲဒါသူပဲ

ယုဖန်ရှန်း၏ လှပသောမျက်နှာလေး လုံးဝ နီရဲသွားသည်။

သူ ဖက်တာကို ခံရသည့်အတွက် သေဖို့ပင် လုံလောက်နေပြီ ဖြစ်သည်။

“ မင်းသမီးလေး ဖန်ရှန်းက ကျွန်တော်အပေါ် ပင်လယ်နတ်ဘုရားရဲ့ မျက်ရည်စက်နှစ်ခုကို အကြွေးတင်ထားတယ်လေ။ ဒီတစ်ခေါက် ထပ်ကယ်ခဲ့တယ်ဆိုတော့ နောက်ထပ် ပင်လယ်နတ်ဘုရားရဲ့ မျက်ရည်စက်ကို ရဖို့ ထိုက်တန်တယ် မဟုတ်လား”

ယုဖန်ရှန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

ဒါဆို ရှင် ကျွန်မကို ကယ်ခဲ့တာက ရှင့်ရဲ့ အကြွေးကို ပြန်ပေးစေချင်လို့ပေါ့လေ

လူသားယောက်ျားတွေအားလုံးက စိတ်ကူးယဉ်မဆန်တတ်ကြဘူးလား

ယုဖန်ရှန်းက စိတ်ဆိုးနေသည့်အတွက် နှုတ်ခမ်းကို ဆူထားသည်။

ဝှီး…

ရှန်ထျန်းက သူ့သားကောင်ကို လုယူသွားသည့်အတွက် မကောင်းဆိုးဝါးက စိတ်ဆိုးကာ သမုဒ္ဒရာ ရေပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများကို ချက်ချင်းဖန်တီးတော့သည်။

မျက်လုံးများနီရဲနေသော အစိမ်းနှင့်အနီရောစပ်ထားသည့် ဧရာမရေဘဝဲကြီးက အားလုံးရှေ့တွင် ပေါ်လာသည်။

လက်တံတစ်ခုချင်းစီက ပေပေါင်းထောင်ချီ ရှည်လျားပြီး အင်မတန် ကြောက်ဖို့ ကောင်းသည်။ ထိုအရာများက နေမင်းကိုပင် တားမြစ်နိုင်ပြီး ကောင်းကင်ကို အမှောင်ချကာ ရိုးရှင်းသော လုပ်ဆောင်ချက်လေးဖြင့် လှိုင်းလုံးကြီးများကို ဖန်တီးနိုင်ပြီး သမုဒ္ဒရာ၏ အရှင်ဘုရင်သဖွယ် ဖြစ်နေသည်။

“ ဒီရေဘဝဲက ဝိညာဉ်အသွင်ပြောင်းအဆင့် ဖြစ်ဖို့များတယ်။ ညီအစ်ကိုရှန်ကို ကူညီပါရစေ”

ချီရှောက်ရွှမ်၏ မျက်ခုံးနှစ်ခုကြားက ခရမ်းရောင်မျက်လုံးက အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပသွားသည်။ သူ့ကို များပြားသော ခရမ်းရောင်အရှိန်အဝါများက ဖုံးလွှမ်းသွားကာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအသွင်ဆောင်နေသည်။

“လွင်ပြင်ရှစ်ခု ပုဆိန်လှံရှည်တိုက်ကွက် - နဂါးတိမ်တိုက်ခြေမွ တိုက်ကွက်”

ချီရှောက်ရွှမ် အော်ကြွေးရင်း သူ့ ကောင်းကင်ပုဆိန်လှံရှည်ကို ယမ်းလိုက်သည့်အတွက် အရိပ်များစွာ ကျန်နေခဲ့သည်။ သူ ရွေ့လျားနေသည့်အတွက် အဆုံးမဲ့ ခရမ်းရောင်အရှိန်အဝါများ စတင်စုစည်းလာသည်။

မကြာခင်မှာပဲ အဆုံးမဲ့ ခရမ်းရောင်အရှိန်အဝါများက ကြီးမားသော ခရမ်းရောင်အရှိန်အဝါ အံ့ဖွယ်နဂါးအဖြစ် ပြောင်းလဲသွားသည်။ နဂါးကြေးခွံတစ်ခုချင်းစီက တောက်ပြောင်ကာ သက်ဝင်လှုပ်ရှားနေပြီး ပြင်းထန်သော နဂါးအရှိန်အဝါကို ထုတ်လွှတ်ပေးနေသည်။

အရမ်းမကြီးမားသော်လည်း ထိုနဂါးက ယခင်ကထက် ပိုပြီး ကြက်သီးထစရာကောင်းလှသည်။

ချီရှောက်ရွှမ်က ထိုခရမ်းရောင်နဂါးနှင့် ရုတ်တရက် ပေါင်းစပ်သွားကာ ထိုရေဘဝဲအပေါ် ခုန်အုပ်လိုက်သည်။

ထို ခရမ်းရောင်နဂါးက ရေဘဝဲခန္ဓာကိုယ်၏ သုံးပုံပုံတစ်ပုံသာ အရွယ်အစားရှိသော်လည်း တိုက်ခိုက်သည့်အခါ ညီမျှသည်။

သို့သော် ချီရှောက်ရွှမ်က ထိုရေဘဝဲကို အချိန်တိုအတွင်း တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

“ ငါတို့ အမြန်အဆုံးသတ်မှရမယ် မဟုတ်ရင် တခြားစွမ်းအားကြီး ပင်လယ်သားရဲတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်” ရှန်ထျန်း ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်။ သူက များပြားသော လက်ဟန်များ ပြုလုပ်ပြီးတော့ တောက်ပသော အလင်းတန်းက ချက်ချင်း သိပ်သည်းလာသည်။

ကျောက်စိမ်းရေစင် ဓားရှည်တစ်ချောင်းက ရှန်ထျန်း၏ လက်ထဲတွင် ချက်ချင်းပေါ်လာသည်။

ရှန်ထျန်းက နဂါးဖြူချိတ်ဝတ်ရုံကို ဝတ်ဆင်ထားကာ ဓားကို ကိုင်ပြီး မတ်တပ်ရပ်နေသည့်အတွက် သူ့ကို ကြည့်ရတာ ကျက်သရေရှိပြီး ဆန်းကြယ်လှသည်။

သူက သေမျိုးလောကမှ မဟုတ်သည့်အတိုင်း ထူးခြားလှသည်။

ချွင်…

ရှန်ထျန်းက ဓားကို ဆွဲထုတ်လိုက်သည်။ သူ့ လုပ်ဆောင်ချက်များက ရိုးရှင်းလှသည်။ သူက ဓားကို ရှေ့ထုတ်ကာ ညင်သာစွာ ခုတ်လိုက်သည်။

သို့သော် ဓားခုတ်ချက်တွင် မရေတွက်နိုင်သော ဓားပညာရပ်များ ပါဝင်ပြီး ပညာရပ်တစ်ခုချင်းစီက မမှတ်မိနိုင်လောက်အောင် လေးနက်သည်။

ဟုတ်တယ် … သူတို့က ရှန်ထျန်းရဲ့ ဓားခုတ်ချက်ကို မြင်လိုက်ပေမဲ့ ဓားပညာရပ်နဲ့ ပတ်သက်ပြီးတော့ ဘာမှမမှတ်မိဘူး

ထိုအခိုက်အတန့်တွင် ရှန်ထျန်းက အားလုံး၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်။

သူ့ကို အစားထိုးသည်က အံ့ဖွယ်အရှိန်အဝါဖြင့် လွှမ်းခြုံထားသော ဓားအလင်းတန်းတစ်ခု ဖြစ်သည်။

ထိုအလင်းတန်းက လဆီမှ အလင်းရောင်က မြစ်ပြင်ပေါ်သို့ ဖြာကျနေသလိုမျိုး အချိန်များစွာ ဖြတ်ကျော်သွားသည်။ အချိန်မီဖြတ်တောက်လိုက်တဲ့ ကံကြမ္မာ အပိုင်းအစတစ်ခုဟုလည်း ပြောလို့ရနိုင်သည်။

ချွင်…

ကျောက်စိမ်းရေစင်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ပေတစ်ထောင်ရှိသည့် ခရမ်းရောင်နဂါးက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။

အောင်းဝူနှင့် ကျန်သူများကလည်း သူတို့၏ အသိစိတ် ပြန်ရဖို့အတွက် ခေါင်းများကို ယမ်းလိုက်ကြသည်။

ဝှီး…

ကြီးမားသော လက်တံရှစ်ချောင်းလုံးကို ဖြတ်တောက်ကာ ပင်လယ်ထဲသို့ ပစ်ချလိုက်သည့်အတွက် ညှီစော်သော သွေးက ပင်လယ်တစ်ခုလုံးကို အနီရောင်ခြယ်သလိုက်သည်။

ထိုရိုက်ချက်က ဝိညာဉ်အသွင်ပြောင်းအဆင့် ဧရာမရေဘဝဲကြီးကို တစ်ခါထဲ သေဆုံးသွားစေသည်။

ထိုတိုက်ခိုက်မှု၏ ခွန်အားက နယ်မြေငါးခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။

“ အဲလိုရိုက်ချက် ထပ်ပြီးတော့ ပေါ်လာပြီ”

ချီရှောက်ရွှမ်က သူ့ခရမ်းရောင်အရှိန်အဝါ ပုံရိပ်သဏ္ဌာန်ကို ပြန်ခေါ်ပြီးနောက် သူ့မျက်လုံးများလည်း တောက်ပနေသည်။

အရှင်းဆုံးပြောရလျှင် ရှန်ထျန်း၏ ဓားချက်က သူ့နှလုံးသားထဲမှာ ကျော်လွန်လို့မရသော ထိပ်သီးနေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။

သူက ထိုထိပ်သီးနေရာကို အောင်မြင်စွာကျော်လွန်သွားနိုင်သည်နှင့် သူ့ထဲရှိ အလွှာကိုပါ ဖြတ်ကျော်နိုင်မည်ဖြစ်ပြီး သူ၏ အနာဂတ်ရလာဒ်များကလည်း အကန့်အသတ်ရှိမည် မဟုတ်ပေ။

တခြားသူများအတွက် ဓားပျံတိုက်ကွက်ကို ပထမဆုံးအကြိမ်မြင်လိုက်ရသည့်အတွက် တူညီသော အတွေးများ ရှိနေသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ထာဝရရှင်သန်သူပဲ။ အဲလို ဓားချက်မျိုးက… သေမျိုးလောကမှာ မရှိနိုင်ဘူး။

All Chapters