← Chapters

ရှုပ်ထွေးပွေလီ အငွေ့အသက်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်း

Vol. 21 Ch. 312

ရှုပ်ထွေးပွေလီ အငွေ့အသက်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်း

Vol. 21 Ch. 312

အခန်း (၃၁၂) : ရှုပ်ထွေးပွေလီ အငွေ့အသက်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်း

ဧရာမရေဘဝဲကြီး၏ အလောင်းက ပင်လယ် ရေမျက်နှာပြင်ပေါ်တွင် မြောနေသည်။

ရှန်ထျန်းက သူ့ဓားကို ကိုင်ပြီး ရပ်နေသည်။ လူအုပ်၏ အကြည့်တွင် သူက အင်မတန် အရှိန်အဝါကြီးမားနေလေ၏။ ဤဓားပညာရပ်ကို ဒုတိယအကြိမ် တွေ့သည့် ချီရှောက်ရွှမ်က တူညီစွာ အံ့ဩနေဆဲ ဖြစ်သည်။

ယခင်ကလည်း မမြင်ဖူးသူများအတွက်တော့ လုံးဝ အံ့အားသင့်ဖွယ် ဖြစ်နေသည်။

ထိုအရာက စစ်မှန်သော ပြိုင်ဘက်ကင်း ဓားပညာရပ် ဖြစ်သည်။

မြွေနက်မျိုးနွယ်ရဲ့ “ကျောက်စိမ်းကျိန်စာဓား”လား။ ဒီဟာနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒါက ကလေးကစားစရာလိုပဲ

ခြားနားချက်က အရမ်းကို ကြီးလွန်းတယ်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဒီရေဘဝဲရဲ့ အတွင်းပိုင်းအမြုတေကို ကျွန်တော်ဆီ ပေးလို့ရမလား”

ငွေရောင် ရေဘဝဲမျိုးနွယ်၏ ငွေဖြူရောင် မင်းသားက ဧရာမရေဘဝဲကြီးကို စိုက်ကြည့်ကာ မျက်လုံးများက တောက်ပနေသည်။

ဤဧရာမ ရေဘဝဲကြီးက အားကောင်းသော မျိုးရိုးကို ပိုင်ဆိုင်ထားသည်။ အသိစိတ် မရှိသော်လည်း တိုက်ခိုက်စွမ်းရည် တစ်ခုတည်းကပင် ကောင်းကင်အသျှင် တစ်ယောက်ထက် ပိုမြင့်မားသည်။

ငွေဖြူရောင် မင်းသားလေးအတွက် အတွင်းပိုင်း အမြုတေကို သန့်စင်ပြီး စုပ်ယူနိုင်ပါက သူ့စွမ်းအားနှင့် မျိုးရိုးကို များစွာ တိုးမြင့်နိုင်လိမ့်မည်ဖြစ်သည်။

ငွေဖြူရောင် မင်းသားလေးက ရှန်ထျန်းကို တောက်ပသော အကြည့်များဖြင့် ကြည့်ကာ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ငါးခုကို ထုတ်ကာ ပြောလိုက်သည်

“ အဲဒါနဲ့ လဲလှယ်ဖို့အတွက် အစ်ကိုကို ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် ငါးခု ပေးပါမယ်”

ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်က တန်ဖိုးရှိသည့်အတွက် သုံးခုသုံးလျှင် လုံလောက်ပြီ ဖြစ်သည်။ ထို့ထက် အကျိုးသက်ရောက်မှုက မပြောပလောက်ပေ။

ထို့ကြောင့် သူက ထိုအရာများကို ဤရေဘဝဲ၏ အတွင်းပိုင်း အမြုတေနှင့် လဲလှယ်ဖို့ ဆန္ဒရှိခြင်း ဖြစ်သည်။ အတွင်းပိုင်းအမြုတေက သူနှင့်သာ သက်ဆိုင်သောကြောင့် တခြားသူများအတွက်လည်း အကျိုးရှိမည် မဟုတ်ပေ။

“ ငွေဖြူရောင် မင်းသားလေး လိုအပ်ရင် ယူလိုက်ပါ။ ကြယ်မျက်ရည်စက်တွေနဲ့ လဲလှယ်ဖို့ မလိုပါဘူး”

ရှန်ထျန်းက ပြုံးလိုက်သည်။ သူက ရေဘဝဲ အသေကောင်ကို လှီးဖွင့်ကာ ကြီးမားသော အတွင်းပိုင်း အမြုတေကို ထုတ်ယူလိုက်သည်။

အင်း…ရုတ်တရက် ငါ့ရဲ့ ကိုယ်ပိုင်ရွှေအမြုရဲ့ အရွယ်အစားက ပုံမှန်ပဲလို့ ရုတ်တရက် ခံစားလာရပြီ

ရှန်ထျန်းက အတွင်းပိုင်း အမြုတေကို ငွေဖြူရောင်မင်းသားဆီပေးကာ ပြောလိုက်သည်

“ ဒီမှာအမြုတေပါ။ ညီလေးငွေဖြူရောင်… ကြယ်မျက်ရည်စက်ကို ကိုယ့်အတွက်ကို သိမ်းထားနော်”

ရှန်ထျန်းက ငွေဖြူရောင် မင်းသားလေး၏ လက်ထဲရှိ အတွင်းပိုင်း အမြုတေကို စိုက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။

ငါ့ဆီမှာ ကြယ်မျက်ရည်စက် ၂၀၀ တောင်ရှိနေပြီလေ။ မင်းရဲ့ ကြယ်မျက်ရည်စက် ငါးခုကို ဘယ်သူ ဂရုစိုက်မှာလဲ

တကယ်ကြီးလား…

ဒါဆိုရင်လည်း မူမနေတော့ဘူးနော်

ငွေဖြူရောင်မင်းသားလေးက အချက်အလက်များကို မှတ်သားနေသည်။ ဤနယ်ပယ်က လူအများက များသောအားဖြင့် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ အသိပညာကို ပိုင်ဆိုင်ကြသည်။

ငွေဖြူရောင် မင်းသားလေးက တိုက်ခိုက်သည့်နေရာမှာ မတော်သော်လည်း ဉာဏ်ပညာရှိမှုကတော့ ချီရှောက်ရွှမ်၊ အောင်းဝူနှင့် ကျန်သည့်သူများ ယှဉ်လို့မရနိုင်ပေ။

ငွေဖြူရောင် မင်းသားလေးက အတွင်းပိုင်းအမြုတေကို သိမ်းဆည်းကာ ရှန်ထျန်း၏ လက်ထဲသို့ ကြယ်မျက်ရည်စက် ငါးခုကို ထည့်ပေးကာ ပြောလိုက်သည်

“ သူတော်စင်က ဒီရေဘဝဲကို သတ်ဖို့အတွက် အများကြီး ကြိုးစားခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်ကို ဒီအတိုင်း အခွင့်ကောင်း ယူခိုင်းချင်နေရတာလဲ။ ဒါက လက်မခံနိုင်စရာပဲ”

ထို့နောက် သူက နောက်ထပ် ကြယ်မျက်ရည်စက်ကို ထုတ်ကာ ချီရှောက်ရွှမ်ကို ပေးရင်း ပြောလိုက်သည်

“ အစ်ကိုချီလည်း စောစောက ရေဘဝဲကို သတ်ဖို့ အပြင်းအထန် ကူညီခဲ့တယ်။ ဒီသေးငယ်တဲ့ လက်ဆောင်လေးကို ကျွန်တော် ကျေးဇူးဆပ်တယ်လို့ သဘောထားပေးပါ”

ငွေဖြူရောင် မင်းသားလေးတွင် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ၁၅ ခုသာ ရှိခဲ့သည်။ ခြောက်ခုကို တစ်ခါတည်း ပေးလိုက်သည့်အတွက် သူ့ဆီမှာ ၉ ခုသာ ကျန်ရှိတော့သည်။

သို့သော် အပြန်အလှန်အနေဖြင့် ရှန်ထျန်းနှင့် ချီရှောက်ရွှမ်တို့၏ လေးစားမှုကို သူ ရရှိခဲ့သည်။

နာမည်ကောင်းကျန်ရှိဖို့အတွက် အပေးအယူ လုပ်ရမည် ဖြစ်၏။

အကယ်၍ တစ်ချိန်လုံး တခြားသူများအပေါ်တွင် ဘယ်လိုမျိုး အခွင့်ကောင်း ယူရမည်ကိုသာ စဉ်းစားနေပါက ထိုသူအပေါ်တွင် တခြားသူများ၏ ချစ်ကြည်မှုက အလျင်အမြန် ပျောက်ဆုံးသွားလိမ့်မည်။

ဟုတ်တယ်…ငွေဖြူရောင် မင်းသားလေးကို အဲဒီအကြောင်း ပြောပြတာက လီယွင်ဖုန်းပဲ။ ပြီးတော့ လီယွင်ဖုန်းကလည်း အဲဒါကို လျှိုထိုက်ယီဆီက ကြားခဲ့တာ

လီယွင်ဖုန်း၏ စကားများက မှန်ကန်သည်ဟု ငွေဖြူရောင် မင်းသားလေး ခံစားနေရသည်။ လူတစ်ယောက်ဆီမှ အကျိုးအမြတ်ကို ခံစားပြီးလျှင် သေချာပေါက် ဆုလာဘ်တစ်ခု ပြန်ပေးသင့်သည်။ မဟုတ်ပါက နတ်ဆိုးများမှာ ယဉ်ကျေးမှု မရှိဘူးဟု လူအများက ထင်သွားနိုင်သည်။

“ ညီလေး ငွေဖြူရောင်က အရမ်းကို ရက်ရောတာပဲနော်”

ငွေဖြူရောင် မင်းသားက အရမ်းရိုးသားသည့်အတွက် ရှန်ထျန်းက သူ့လက်ဆောင်ကို မငြင်းချင်ပေ။

သူ့သိုလှောင်လက်စွပ် တောက်ပလာပြီးနောက် သူ့ဓားနှင့် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက် ငါးခုကို သိမ်းဆည်းလိုက်သည်။

အမလေး…နတ်ဆိုးနဲ့ လူသားတွေက အဆင်မပြေနိုင်ဘူးလို့ ဘယ်သူပြောလဲ။ အခု ငါတို့ အရမ်းကို အဆင်ပြေနေပြီ မဟုတ်လား

လူသားများက နတ်ဆိုးများနှင့် ပတ်သက်လျှင် မလိုမုန်းထားနေသည့်စိတ်က တောင်ကြီးကဲ့သို့ ကြီးမားနေသည်ဟု ခံစားနေရသည့်အတွက် အဲဒါကို တစ်ယောက်ယောက်က ဘေးဖယ်ထားဖို့ လိုသည်ဟု ရှန်ထျန်း ထင်မိသည်။

ဧရာမရေဘဝဲကြီးကို သတ်ဖြတ်ပြီးနောက် ကျွန်းက ရှန်ထျန်းတို့ရှေ့တွင် ထွက်ပေါ်လာသည်။

သို့သော် “ လုံးဝထွက်ပေါ်လာသည်” ဟုပြောဖို့အတွက်တော့ စောသေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်းကို သိပ်သည်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်က လွှမ်းခြုံထားဆဲ ဖြစ်၏။ ထို့ကြောင့် သူတို့ ဝင်လို့ မရသေးပေ။

ကျွန်းကို ပတ်လည်ဝန်းရံထားသော ကမ်းရိုးတန်းလေး တစ်လျှောက်ကိုသာ ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် မဖုံးအုပ်ထားခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ကျွန်းထဲမဝင်နိုင်ခင် စောင့်ဖို့ လိုဦးမယ် ထင်တယ်။ စောင့်ကြတာပေါ့”

ရှန်ထျန်းက ကမ်းရိုးတမ်းပေါ်တွင် နားနေရင်း သူ့တောင်ပံများက တောက်ပနေသည်။

ချီရှောက်ရွှမ်နှင့် ကျန်သူများလည်း သူ့နောက်မှ လိုက်ပါသွားသည်။

လမ်းပေါ်မှာ အချိန်အကြာကြီး သွားလာခဲ့ရသည့်အတွက် အားလုံးလည်း စွမ်းအင်အများအပြားကို အသုံးပြုပြီးပြီ ဖြစ်သည်။ သူတို့ အားပြန်ဖြည့်လို့ လိုအပ်နေသည်။

သို့သော် ရုတ်တရက် ကျွန်းကိုလွှမ်းခြုံထားသော ရှုပ်ထွေးပွေလီ အငွေ့အသက်ဆီမှ အသံထွက်လာကာ ပွင့်သွားသည်။

“ အစ်ကိုရှန်က တကယ်ကို ကံကြမ္မာသားတော်ပဲ။ ကျွန်တော်တို့အခုမှ ကျွန်းရှေ့ကို ရောက်ခါစပဲ ရှိသေးတယ်။ အဲဒါက ပွင့်နေပြီ”

ငွေဖြူရောင်မင်းသားလေးက သူ့ရေဘဝဲလက်တံရှစ်ခုဖြင့် ကြီးမားသော အတွင်းပိုင်းအမြုတေ၏ မျက်နှာပြင်ကို သေချာကပ်ထားကာ ထိုင်နေသည်။ သူက သန့်စင်ပြီး စုပ်ယူတော့မည် ဖြစ်သည်။

ကျွန်းပတ်လည်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက် သိပ်သည်းလေလေ အငွေ့အသက် အလွှာပွင့်လာဖို့အတွက် ပိုပြီးတော့ ကြာရှည်စွာ စောင့်ရလေလေ ဖြစ်သည်။

အရှိန်အဝါအလွှာတွင် ဘာပြောင်းလဲမှုမှ မမြင်တွေ့ရပဲ ၁၀ ရက်မှ ၁၄ ရက်အထိ စောင့်ရလေ့ ရှိသည်။

ငွေဖြူရောင် မင်းသားလေးက သူ့စွမ်းအားကို တိုးမြင့်လာစေရန်အတွက် အတွင်းပိုင်းအမြုတေကို ရက်ပေါင်းများစွာ စုပ်ယူဖို့ ပြင်ဆင်ထားသည်။ သူ ထိုင်ပြီး စုပ်ယူမလို့ ပြင်နေစဉ်မှာပဲ ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာမည်ဟုတော့ ထင်မထားခဲ့ပေ။

ဒါက အရမ်းကို့ရို့ကားရားနိုင်တယ်…

“ ကျွန်တော်ကို စောင့်ပါဦး။ အားလုံးပဲ ကျွန်တော်ကို စောင့်ပါဦး”

ငွေဖြူရောင် မင်းသားလေးက အတွင်းပိုင်းအမြုတေကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ဖို့ ရုန်းကန်ကာ အငွေ့အသက်အလွှာထဲသို့ ဝင်ဖို့အတွက် ခန္ဓာကိုယ်ကို ကျုံ့ထားရသည်။

ထိုကဲ့သို့လုပ်တာ သူတစ်ယောက်တည်း မဟုတ်ပေ။

ငမန်းမင်းသား၊ ဂဏန်းမင်းသား၊ လိပ်မင်းသားနှင့် အောင်းဝူတို့လည်း ခန္ဓာကိုယ်ကို ကျုံ့ပြီး ဝင်နေကြသည်။

ယခု ရှုပ်ထွေးပွေလီ အငွေ့အသက်က သူတို့ ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်များ တွေ့ခဲ့သော ကျွန်းထက် အများကြီးပိုပြီး ဖိနှိပ်ထားသည့်အတွက် အားလုံးက ရွေ့လျားဖို့အတွက် အခက်တွေ့နေသည်။

ကံကောင်းစွာဖြင့် ချီရှောက်ရွှမ်နှင့် ရှန်ထျန်းက ဖိအားလျှော့ချဖို့ ကူညီပေးပြီး သူတို့အတွက် လမ်းရှင်းပေးခဲ့သည်။ မဟုတ်ပါက အက်ကြောင်းပွင့်နေသော်လည်း အထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။

ဂျိန်း…

အားလုံး အငွေ့အသက်အလွှာကို ဖြတ်သန်းနေသည့် လမ်းတစ်ဝက်တွင် ယုဖန်ရှန်း၏ မျက်နှာထား ပြောင်းလဲသွားကာ ပြောလိုက်သည်

“ တစ်ခုခုတော့ မှားနေပြီ အန္တရာယ်ပဲ”

ယုဖန်ရှန်း၏ သတိပေးချက်ကို ကြားပြီးနောက် မြောက်ပင်လယ် ပါရမီရှင်များ၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားကြသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းတွင် အငွေ့အသက်အလွှာနှစ်မျိုး ရှိသည်။ ပထမတစ်မျိုးက ပုံမှန်အတိုင်း ပွင့်သော အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော အလွှာမျိုးက ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး တစ်ခါပွင့်လျှင် အသက်ရှူထုတ် ခုနစ်ခါမှ ဆယ်ခါအထိ ကြာမြင့်တတ်သည်။

ပုံမှန်အားဖြင့် ထိုအချိန်ပမာဏက လူတစ်ယောက် ကျွန်းထဲဝင်ဖို့အတွက် လုံလောက်သော အချိန် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ပြင်းထန်သော ဖိအားကြောင့် အထဲကို မဝင်နိုင်တော့ပါက တစ်ခါတည်း နောက်ပြန်ဆုတ်ဖို့အတွက် အချိန်အလုံအလောက် ရှိသည့်အတွက် အန္တရာယ် လုံးဝမရှိပေ။

သို့သော် ဒုတိယ “လှိုင်း”သဏ္ဌာန် အလွှာတွင် ကိစ္စများက ထိုမျှလောက်ထိ မရိုးရှင်းပေ။ ထိုကဲ့သို့သော အငွေ့အသက်အလွှာက အသက်နှစ်ခါ၊ သုံးခါ ရှူစာလောက်သာ ပွင့်သွားလိမ့်မည်။

အထဲသို့ ဝင်နေစဉ် တစ်ဝက်လောက်သို့ ရောက်သည့်အခါ ထပ်ပြီး ပိတ်သွားမည် ဖြစ်သည်။

ထို့နောက် အလယ်တွင် ပိတ်မိသွားကာ အင်မတန် အန္တရာယ်များလှသည်။ မျက်စိတစ်မှိတ်အတွင်း ရှုပ်ထွေးပွေလီ အငွေ့အသက်၏ ဝါးမြိုခြင်းကို ခံရနိုင်သည်။

ထိုကဲ့သို့သော် အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ ထိပ်သီးပါရမီရှင် တစ်ယောက်ပင် အလျင်အမြန် တုံ့ပြန်ဖို့အတွက် အခက်တွေ့ရသည်။

သူတို့နောက်တွင် အငွေ့အသက် အလွှာ၏ အပြင်ဘက်ပိုင်းက စတင်ပိတ်လာသည်။

သူတို့ ပြန်စရာလမ်းမရှိတော့ပေ။

“ အားလုံးပဲ ရှေ့ဆက်တိုးနော်။ နောက်ကို လုံးဝ လှည့်မကြည့်နဲ့”

ရှန်ထျန်း၏ မျက်နှာထား မကျေမနပ် ဖြစ်သွားသည်။ သူ့ရွှေတောင်ပံများက တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည်။ သူ့အရှိန်ကို အမြင့်ဆုံးသို့ မြှင့်တင်ကာ ရွှေရောင်အလင်းတန်းအဖြစ်သို့ အသွင်ပြောင်းလိုက်သည်။

တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းနွယ်ပင်များက ရှန်ထျန်း၏ အဖော်များကို ချည်နှောင်လိုက်သည်။

“ အခုပဲ ဝင်သွားတော့”

ရှန်ထျန်း၏ ဆံပင်များပင် ရွှေရောင်သို့ ပြောင်းလဲသွားကာ ရွှေရောင်အံ့ဖွယ်မီးတောက်က တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သူ့အရှိန်ကလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ဝှီး…

ဝှီး…ဝှီး…

ဝှီး…ဝှီး…ဝှီး…

ကျောက်စိမ်းနွယ်ပင်များက သူနှင့်အတူ ပါလာသူများကို ချည်နှောင်ကာ ကျွန်းထဲသို့ ပစ်ထည့်လိုက်သည်။

ယုဖန်ရှန်းကို အထဲထည့်ပြီးပြီ

အောင်းဝူလည်း ရောက်ပြီ

ဂဏန်းမင်းသား၊ ငမန်းမင်းသား၊ ဝူဝုတိ အားလုံးရောက်ပြီ

စွမ်းအားကြီးသော ချီရှောက်ရွှမ်ကတော့ အငွေ့အသက်အလွှာကို သူ့ကိုယ်ပိုင် အရည်အချင်းနှင့် အောင်မြင်စွာ ထိုးဖောက်နိုင်သည်။ သို့သော် အားအင်စိုက်ထုတ်မှုကြောင့် ချွေးစေးများပင် ထွက်နေသည်။

အဆိုးဆုံးကတော့ ငွေဖြူရောင် မင်းသားလေး ဖြစ်သည်။ သူက ကြီးမားသော အတွင်းပိုင်းအမြုတေကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီးခါစ ဖြစ်သည်။

ယခု အငွေ့အသက်အလွှာက ပိတ်လာပြီဖြစ်သည့်အတွက် လည်ပတ်နေသော ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့နောက်တည့်တည့်သို့ ရောက်ရှိနေလေပြီ။

“ ကယ်ပါဦး။ ငါ အခုထိ သေဖို့ အဆင်သင့် မဖြစ်သေးဘူး”

ငွေဖြူရောင် မင်းသားလေး၏ လက်တံရှစ်ခုက တာတိုအပြေးပြိုင်ပွဲများပြေးနေသလိုမျိုး ရုန်းကန်လှုပ်ရှားနေသည်။

ရှန်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ သူက အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ငွေဖြူရောင် မင်းသားရှေ့သို့ ရောက်သွားပြီး သူ့ကို အထဲသို့ ထည့်လိုက်သည်။

လွှမ်းခြုံနေသော ရှုပ်ထွေးပွေလီ အငွေ့အသက်များက သေစေချင်သော ရည်ရွယ်ချက်ဖြင့် ရှန်ထျန်းရှိရာဆီသို့ မြင့်တက်လာသည်။

ဒါက သူ့ရဲ့ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် ငါးခုကို ရဖို့ တကယ် ထိုက်တန်သွားပြီ။ သူ ငါ့ကို နောက်ထပ် လျော်ကြေးလည်း ပေးဖို့ လိုအပ်လာပြီ

ရှန်ထျန်းက စိတ်ထဲမှာသာ ငြီးတွားနေပြီး သူ့တောင်ပံခတ်တာကိုတော့ ရပ်တန့်သွားခြင်း မရှိပေ။

မင်းက ငါ့အသက်ကို လိုချင်တယ်ပေါ့ ဟုတ်လား။ ဒီရှုပ်ထွေးပွေလီ အစီအရင်က ငါ့ကို သတ်ဖို့ မလုံလောက်သေးပါဘူး

အရှိန်အပြည့်နဲ့ ရှေ့ဆက်မယ် …

သူက တစ်ဝက်ပွင့်နေသော နေရာကို ဖြတ်သန်းသွားပြီးနောက် သူ့ရွှေတောင်ပံ၏ မရေတွက်နိုင်သော ပုံရိပ်များ ကျန်ရှိခဲ့သည်။ သူ့နောက်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်ကလည်း အရှိန်မြင့်တက်လာသည်။

“ မြန်မြန် မြန်မြန်”

“ လုံးဝ မရပ်နဲ့။ လုံးဝ မရပ်နဲ့နော်”

“ အစွမ်းကုန် ကြိုးစားလိုက်”

ရေသူမင်းသမီးက ရှန်ထျန်းကို မျက်ရည်ဝဲသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ရှန်ထျန်းက သူမကို အံ့ဖွယ်ဝါးမျိုနွယ်ပင် အသုံးပြုပြီး ပို့မပေးခဲ့ပါက ဘယ်တော့မှ လွတ်မြောက်နိုင်မည် မဟုတ်ခဲ့ပေ။ ကျန်သူအားလုံး၏ အတွေးကလည်း တူညီနေသည်။ ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ချီရှောက်ရွှမ်မှ လွဲပြီး တခြားသူများ၏ ကျင့်ကြံဆင့်က ရွှေအမြုတေ သို့မဟုတ် ရွှေရောင်ကိုယ်ထည် အဆင့်မှာသာ ရှိကြသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၏ အတွင်းကျသော နယ်မြေများဖြစ်သည့် ဒီလိုကျွန်းမျိုးကို ဝင်ခွင့်ရသည်ကိုက သူတို့အတွက် အရမ်းများနေပြီ ဖြစ်သည်။ ပုံမှန်ဖွင့်ခြင်းက အဆင်ပြေသော်လည်း ယခုလိုမျိုး “လှိုင်း” သဏ္ဌာန် ဖွင့်လှစ်ခြင်းက သူတို့ကို သေခြင်းတရားနှင့် ကြုံတွေ့စေနိုင်သည်။

ရှန်ထျန်းက သူတို့အားလုံး၏ အသက်ကို ကယ်ခဲ့ခြင်း ဖြစ်သည်။

“ အစ်ကိုရှန် ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကို အထိခိုက်မခံနဲ့နော်”

ငွေဖြူရောင် မင်းသားက လက်တံရှစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့ကို အကူအညီပေးသည့်အတွက် ရှန်ထျန်းကို ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ပေးခဲ့သည်။

သို့သော် ယခု သူ၏ ရှန်ထျန်းအပေါ် ချစ်ခင်မှုနှင့် လေးစားမှုက လုံးဝ စစ်မှန်သွားပြီ ဖြစ်သည်။

အဲဒီ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက်က တန်ဖိုးရှိတယ်ဆိုပေမဲ့ တစ်စုံတစ်ယောက်ရဲ့ အသက်ထက် ပိုပြီးတော့ တန်ဖိုးရှိပါဦးမလား

ရှန်ထျန်းက ငွေဖြူရောင် မင်းသားလေး၏ အသက်ကို ကယ်ပေးရုံတင်သာမက ထိုကဲ့သို့သော် အန္တရာယ်များသည့် အခြေအနေမျိုးတွင် အသက်ကို စွန့်စားပြီး လုပ်ပေးခဲ့သည်။

အဖွဲ့ထဲရှိ ကျန်သောသူများထက် ငွေဖြူရောင် မင်းသားလေးက ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ပိုနီးသည်ဟု ပြောလို့ရသည်။ ရှန်ထျန်းလည်း တခြားသူများကို ကယ်တုန်းကထက် သူ့ကို ကယ်ရတာ ပိုပြီး စွန့်စားမှု ရှိသည်။

အစ်ကိုရှန်က ငါ့ကို ကယ်ဖို့ ကြိုးစားသွားရင်း တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ငါ ဘာလုပ်ရမလဲ။ သူ သေချာပေါက် ပြန်လာမှဖြစ်မယ်

ထိုအခိုက်အတန့်တွင် စိတ်လက်ပေါ့ပါးစွာ နေတတ်သော လီယွင်ဖုန်းက ရှန်ထျန်းနှင့် စကားပြောသည့်အခါ ဘာလို့ အဲလောက်ထိ စိတ်အားထက်သန်လာရလဲဆိုတာကို ငွေဖြူရောင်မင်းသားလေး သိသွားပြီ ဖြစ်သည်။

ဤလူသား သူတော်စင်က မွေးရာပါ ခေါင်းဆောင် တစ်ယောက်ပဲ။ တခြားသူတွေ သူ့ကို ယုံကြည်လေးစားလာအောင် လုပ်နိုင်တယ်

သူက ရုပ်ချောမောရုံတင် မကဘူး သူ့ အဖွဲ့သားတွေကိုလည်း ဘေးကင်းအောင် လုပ်ပေးတယ်

သူ သေချာပေါက် ကျော်ဖြတ်နိုင်မှ ဖြစ်မယ်

အားလုံးက ပညာရပ်ပေါင်းစုံကို အသုံးချကာ အငွေ့အသက် အလွှာပိတ်လာတာကို တားဆီးဖို့အတွက် အကောင်းဆုံးကြိုးစားနေကြသည်။

သို့သော် သူတို့၏ တိုက်ခိုက်မှုအားလုံးက ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ထိတွေ့သည့်အခါ ပျောက်ကွယ်သွားပြီး စုပ်ယူခံလိုက်ရသည်။

ထိုရှုပ်ထွေးပွေလီ အငွေ့အသက်က သူတို့၏ တိုက်ခိုက်မှုများကြောင့် နောက်ဆုတ်သွားရမည့်အစား ဒေါသထွက်သွားပုံပေါ်ကာ ပိုပြီးတော့ လျင်မြန်စွာပင် ရွေ့လျားလာသည်။

ဂျိန်း…

ရှန်ထျန်းက အငွေ့အသက်အလွှာထဲမှ ထွက်နိုင်ခါနီးတွင် လုံးဝ ပိတ်သွားခဲ့သည်။

ရှန်ထျန်းကို ရှုပ်ထွေးပွေလီ အငွေ့အသက်က လုံးဝ လွှမ်းမိုးသွားသည်။ အားလုံးမြင်နိုင်သည်က အဆုံးမဲ့ရစ်ပတ်နေသော အငွေအသက်အပြင် မရှိတော့ပေ။ ထိုအရာက စိတ်ဓာတ်ကျစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

“ မဖြစ်ဘူး”

ငွေဖြူရောင်မင်းသား ဒူးထောက်ကျသွားကာ ကြော့ရှင်းသော မျက်နှာမှာလည်း အားနာစိတ်၊ မချိတင်ကဲ ဝေဒနာတို့ဖြင့် ပြည့်နှက်နေသည်။

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သူ ငါ့ကို ကယ်ဖို့ ကြိုးစားခဲ့လို့။ ငါသာ နောက်မှာ ကျန်မနေခဲ့ရင် အစ်ကိုရှန် သေသွားမှာ မဟုတ်ဘူး”

အောင်းဝူနှင့် ကျန်သူများကို ကြည့်ရတာလည်း အတော်လေး ဝမ်းနည်းပူဆွေးနေပုံ ပေါ်သည်။ သို့သော် သူတို့ကလည်း အသိစိတ်ရှိသောသူများ ဖြစ်သည်။ ကောင်းမှုတစ်ခုအတွက် ပြန်လည်ပေးဆပ်မှုကို လူသားအများကြီးထက် သူတို့က ပိုပြီး နားလည်ကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူတို့ကို ကယ်ဖို့အတွက် သူ့အသက်ကို စတေးသွားတယ်

ဒါက ဘယ်လို စိတ်ဓာတ်မျိုးပါလိမ့်။ ဒါက ကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓာတ်မျိုးပဲ။ နတ်ဆိုးအားလုံးကို ငိုကြွေးသွားစေမဲ့ စိတ်ဓာတ်မျိုးပေါ့

ရှေးခေတ်အခါတုန်းက လင်းယုန်များကို အစာကြွေးဖို့အတွက် ကိုယ့်အသားကို လှီးထုတ်ခဲ့သော ဘုရင်များပင် ရှိခဲ့သည်။

အခုလည်း အစ်ကိုရှန်က နတ်ဆိုးအချို့ကို ကယ်တင်ဖို့အတွက် သူ့အသက်ကို စတေးခဲ့တာပေါ့။ အရမ်း ခံစားရတယ်

ဒါကမှ စစ်မှန်တဲ့ လူသားတွဲဖက်ပဲ။ နတ်ဆိုးနဲ့ လူသားကြားထဲက ပေါင်းကူးတံတားပဲ …

“ အခုကစပြီး‌တော့ ကျွန်တော် အစ်ကိုရှန်ရဲ့ မိသားစုကို သူ့အစား စောင့်ရှောက်ချင်ပါတယ်။

အစ်ကိုရှန်ရဲ့ မိဘတွေကို ကျွန်တော်ရဲ့ မိဘတွေလို ဆက်ဆံမယ်။ အစ်ကိုရှန်ရဲ့ မောင်နှမတွေကို ကျွန်တော်ရဲ့ မောင်နှမတွေလို ဆက်ဆံမယ်။ အစ်ကိုရှန်ရဲ့ ဇနီးကိုလည်း … ကျွန်တော်ရဲ့ ဇနီးလို စောင့်ရှောက်မယ်။

ကျွန်တော်ရဲ့ လေးနက်တဲ့ ကတိစကားနဲ့ အစ်ကိုရှန်ရဲ့ နတ်ဆိုးတွေအတွက် စတေးမှုကို ဂုဏ်ပြုပါတယ်။ ကတိကို ဖျက်မိခဲ့ရင် ကောင်းကင်ဘုံက ကျွန်တော်ကို သတ်ပါစေ”

ငွေဖြူရောင် မင်းသားလေးက ကျိန်ဆိုရင်း သူ့လက်တံ လေးခုကို လေထဲသို့မြှောက်လိုက်သည်။

ကျင့်ကြံသူတစ်ယောက်အတွက် ကတိစကားက အရမ်းလေးနက်သည်။ အထူးသဖြင့် ရွှေအမြုတေအဆင့်နှင့်အထက်ရှိ ကျင့်ကြံသူများအတွက် ပိုမိုလေးနက်သည်။ သူတို့က သူတို့၏ ကတိစကားကို အမြဲတမ်း တည်လေ့ ရှိသည်။

မရိုးဖြောင့်သော အကြံအစည် ကတိစကားများကိုတော့ ချန်လှပ်ထားသည်။

“ ကိုယ့်ရဲ့ ကျင့်ကြံရေးတွဲဖက်ကို ကောင်းကောင်း ဆက်ဆံပါ ဒါမှမဟုတ် ကျင့်ကြံရေးလမ်းစဉ် အဆင်ပြေချောမွေ့လိမ့်မယ်”ဟု ကျိန်ဆိုပါက ကောင်းကင်က လုံးဝ လျစ်လျူရှုထားလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သော ကတိစကားမျိုး လုပ်သည့်အတွက် ကောင်းကင်၏ အပြစ်ပေးမှုကိုပင် ခံရနိုင်သည်။

ငွေဖြူရောင် မင်းသား၏ ကတိစကားက တကယ်စစ်မှန်ပြီး ရင်ထဲကလာသော ကတိစကား ဖြစ်သည်။

သို့သော် ယုဖန်ရှန်းက သူ့ကို စိုက်မကြည့်ဘဲ မနေနိုင်ပေ။

အဲလိုမျိုး ကတိစကားကို ပေးသင့်တာက သူမ ဖြစ်သင့်တာ မဟုတ်ဘူးလား

“ ဒီအချိန်ကစပြီးတော့ မောင်လေးရှန်ရဲ့ မိသားစုကို သူ့အစား စောင့်ရှောက်ပါမယ်။

မောင်လေးရှန်ရဲ့ မိဘများကို ကျွန်မ မိဘများသဖွယ် စောင့်ရှောက်ပြီး မောင်လေးရှန်ရဲ့ မွေးချင်းများကို ကိုယ့်မွေးချင်းကဲ့သို့ သဘောထားပါမည်။ မောင်လေးရှန်ရဲ့ ဇနီးကိုလည်း… ညီအစ်မတစ်ယောက်အဖြစ် သတ်မှတ်ပါ့မယ်။

ယခုလိုမျိုး လေးနက်သော ကတိဖြင့် နတ်ဆိုးများအတွက် စတေးသွားသော မောင်လေးရှန်ကို ဂုဏ်ပြုအပ်ပါတယ်။ ကတိကို ဖျက်မိခဲ့ရင် ကောင်းကင်၏ အပြစ်ပေးမှုကို ခံရပါစေ”

သူမ ကတိပေးပြီးနောက် ရေသူမင်းသမီးလေး၏ မျက်နှာက နီရဲလာသည်။

ဝူဝုတိ၊ အောင်းဝူ၊ ဂဏန်းမင်းသားနှင့် ငမန်းမင်းသားတို့အားလုံးလည်း လက်များမြှောက်ကာ တူညီသော ကတိစကားကို ဆိုကြသည်။

“ ကျွန်တော်လည်း အတူတူပါပဲ”

“ ကျွန်တော်ရောပါပဲ”

“ ကျွန်တော်ရောပဲ”

“ ကျွန်တော်လည်း အတူတူပဲ”

အင်း သူတို့က ကတိစကားကို ထပ်မံ မရွတ်ဆိုခဲ့ကြတော့ဘူး

အဓိက အကြောင်းအရင်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပတ်လည်တွင် ရေများ အလုံအလောက်ရှိနေပြီးပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ရှန်ထျန်းက ရုတ်တရက် ဟန်ပြပစ္စည်းတချို့ ရရှိပြီးတော့ အငွေ့အသက် အလွှာအတွင်း ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါလာလေသည်။

တောက်ပသော ဓားအလင်းတန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲမှ ထိုးဖောက်ထွက်လာသည်။

ဝိဇ္ဇာအဆင့် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသော ရှုပ်ထွေးပွေလီ အငွေ့အသက်က ကွဲအက်ကာ ပွင့်သွားသည်။

ဟုတ်တယ် တောက်ပတဲ့ ဓားအလင်းတန်းကြောင့် ပွင့်သွားတာ …

ရှေးခေတ်အချိန်နှင့် နေရာကို ဖြတ်တောက်လိုက်သကဲ့သို့ ဓားအလင်းတန်းက အထင်ကြီးစရာ ကောင်းလှသည်။ ထိုအရာက ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုပင် ကွဲအက်သွားအောင် လုပ်နိုင်သည်။

ထိုအရာက အရမ်းကို ရင်းနှီးနေသော ဓားအလင်းတန်း ဖြစ်သည်။ သိပ်မကြာခင်ကမှ အားလုံးက ရှန်ထျန်း ဓားပညာရပ် အသုံးပြုသည်ကို မြင်ထားရသည်။

ဖြစ်နိုင်မလား …

အားလုံး၏ စိတ်ထဲတွင် မျှော်လင့်ချက်တို့ မြင့်တက်လာသည်။

“ကောင်းကင်ခြေမွလက်ဝါး”

အော်သံက ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည့် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။

အဖြူ၊ အစိမ်း၊ အနက်၊ အနီ၊ အဝါ။ ရောင်စဉ်ငါးသွယ်က ပွင့်အက်သွားသည့် နေရာမှ ထွက်ပေါ်လာသည်။

ထို့နောက် ကြီးမားသော ရောင်စုံလက်ဝါးကြီး တစ်ခုပေါ်လာကာ အငွေ့အသက်အလွှာကို ကလော်ပြီး ဖွင့်လိုက်သည်။

အငွေ့အသက်အလွှာက ပြင်းထန်စွာ တုန်ခါနေပြီး ထိုလက်ဖဝါးကြီးကို ဖျက်ဆီးဖို့အတွက် အစွမ်းကုန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ရောင်စုံလက်ဖဝါးကြီးရှိ တိုက်စားမှုက တခြားပညာရပ်များပေါ်ရှိ တိုက်စားမှုထက် အများကြီး ပိုမိုနှေးကွေးသည်။

ထိုပွင့်နေသော အက်ကြောင်းထဲမှ ရွှေရောင်ပုံရိပ်တစ်ခု ထွက်လာသည်။

ဟုတ်တယ် အဲဒါ ရှန်ထျန်းပဲ

သူ့မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး သူ့တောင်ပံများကလည်း အနည်းငယ် မှေးမှိန်နေသည်။ သူက လွတ်မြောက်ဖို့အတွက် များပြားသည့် စွမ်းအင်များကို သုံးလိုက်ပုံပေါ်သည်။

သို့သော် ထို အားကောင်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲမှ ထွက်လာနိုင်သေးသည်။ ထိုသတင်းသာ ပြန့်သွားပါက နယ်မြေငါးခုလုံး အံ့ဩတုန်လှုပ်သွားကြလိမ့်မည်။

ရှေးခေတ်အခါကတည်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသည် တားမြစ်နယ်မြေအဖြစ် နာမည်ကြီးခဲ့သည်။ ထို့နောက် ရှုပ်ထွေးပွေလီ အငွေ့အသက်က “ သေခြင်းတရား၏ အငွေ့အသက်” ဟု လူသိများသည်။ ထိုအရာက ဓာတ်အားလုံး၏ စွမ်းအင်ကို ပျက်ပြယ်စေနိုင်သည်။ ဝိဇ္ဇာအဆင့် တိုက်ခိုက်မှုပင် ချက်ချင်း ဝါးမြိုခံရမည် ဖြစ်သည်။

သို့သော် ရှန်ထျန်း၏ ဓားအလင်းတန်းနှင့် ဧရာမ လက်ဝါးပညာရပ်က ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဖွင့်လိုက်နိုင်သည်။

အဲဒါကို ရှုပ်ထွေးပွေလီ အငွေ့အသက်က မကြာခင် ဝါးမြိုသွားမည်ဖြစ်သော်လည်း သူ့ပညာရပ်များက ဝိဇ္ဇာတစ်ယောက် တောင့်ခံနိုင်တာထက် ပိုပြီး တောင့်ခံနိုင်သည်။

ဒါက ဘာကိုဆိုလိုတာလဲ

ရှန်ထျန်းရဲ့ စွမ်းအားတွေက အတိဒုက္ခလွန် ကျော်ဖြတ်နိုင်တဲ့ ဝိဇ္ဇာတစ်ယောက်ထက်ကို ကျော်လွန်တာလား

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အတွေးမျိုးလဲ

“ အစ်ကိုရှန် အဆင်ပြေရဲ့လား”

အားလုံးက စိတ်ပူသော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာကြသည်။

သို့သော် ရှန်ထျန်းက အားလုံးကို နောက်ဆုတ်ဖို့ အချက်ပြကာ ကမ်းစပ်တွင် တင်ပျဉ်ခွေထိုင်ပြီး ပြောလိုက်သည်

“ မလာနဲ့နော်”

ထို့နောက် သူ့ခန္ဓာကိုယ်ပတ်လည်တွင် အဖြူနှင့် မီးခိုးရောင်မီးခိုးများ ပတ်လည် ရစ်ပတ်နေပြီး တားမြစ်အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်…

ရှန်ထျန်းဆီမှာ ရှုပ်ထွေးပွေလီ အငွေ့အသက်များ စွန်းထင်းနေသည်။

မူလက စိတ်အေးသွားသော လူအုပ်လည်း ထပ်ပြီးတော့ စိတ်ပူလာကြသည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက အပြင်မှာ ရှိနေစဉ်ကထက် ခုခံရတာ ပိုပြီးအန္တရာယ်များသည်။ ဘယ်လိုပညာရပ်မျိုးကို အသုံးပြုနေပါစေ အရာအားလုံးကို လွှမ်းခြုံသွားနိုင်စွမ်း တားမြစ်လို့ မရနိုင်ပေ။

အငွေ့အသက်က အပြင်ဘက်မှာ ရှိနေပါက ပုန်းကွယ်ပြီးနေလို့ ရသေးသည်။

သို့သော် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်၊ ရွှေအမြုတေ၊ ကနဦးဝိညာဉ်နှင့် ဝိညာဉ်ကို စွန်းထင်းသွားပြီ ဖြစ်သည်။ ထိုလူက မသန်စွမ်းတာမျိုး ဖြစ်သွားနိုင်သလို သူတို့၏ ဝိညာဉ် ပြိုကွဲသွားတာမျိုးလည်း ဖြစ်နိုင်သည်။

“ မစိုးရိမ်ပါနဲ့။ ဒီလောက် ရှုပ်ထွေးပွေလီ အငွေ့အသက်က ကျွန်တော်ကို မထိခိုက်နိုင်ပါဘူး”

ရှန်ထျန်း၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေသော်လည်း ကြောက်ရွံ့မှုကို လုံးဝ မတွေ့ရပေ။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့ကို လုံးဝ မထိခိုက်စေနိုင်သည်ကို သူ သိထားပြီးသောကြောင့် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းငါးခု၏ စွမ်းအားကို ဝါးမျိုပြီးနောက် ရှုပ်ထွေးပွေလီ အငွေ့အသက်က ပစ္စည်းများနှင့် ဟန်ချက်ညီသွားသည်။

သူ့ ဝါးမျိုမှုက ကြောက်ဖို့ ကောင်းလှသည်။

ထိုအရာက သေးငယ်သော ရှုပ်ထွေးပွေလီ အငွေ့အသက်လေး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုး၏ ၃၀ရာခိုင်နှုန်းကို  ဝါးမျိုနိုင်သွားသည်။

သို့သော် ထိုအရှိန်အဝါက စွမ်းအား ၃၀ ရာခိုင်နှုန်းကို ဝါးမျိုသွားပြီးနောက် ရပ်တန့်သွားသည်ကို ရှန်ထျန်း ခံစားလိုက်မိသည်။ ထိုအရာက ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက်ထဲ ဝင်သွားပြီး သေးငယ်သော လေထုလုံးလေးအဖြစ် ပြောင်းလဲသွားကာ တည်ငြိမ်နေပြီး မလှုပ်ရှားတော့ပေ။

အစာ အများကြီးစားပြီး ခဏလောက် တစ်ရေးအိပ်ပြီး အနားယူသွားပုံ ပေါ်သည်။ ထိုအရာ ဒုက္ခလည်း မရောက်သလို ဘယ်သူ့ကိုမှလည်း နှောင့်ယှက်မှုမပေးပေ။

ရှန်ထျန်း သူ့ကို သွားစလျှင်ပင် ဘာမှတုံ့ပြန်ခြင်း မရှိတော့ပေ။

ဒါဆိုရင် ငါက သူဌေးကြီး တစ်ယောက်ကို ငါ့ထဲ ဖိတ်ခေါ်ပြီး အဆုံးသတ်သွားတာလား

ရှန်ထျန်း ဘယ်တုန်းကမှ အခုလောက်ထိ မကျေမနပ် မဖြစ်ဖူးပေ။

ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ၏ ကျန်းမာပြီး ခုနစ်ပေရှိသော ခန္ဓာကိုယ်ကြီးကို အပိုင်စားရထားသည်။

ဒါက ဘာတွေလဲ။ ဒီအကြောင်းကို ငါ ဘယ်သူ့ကို သွားပြောရပါ့မလဲ

ဟူး…

ရှန်ထျန်းက လေမှုတ်ထုတ်ကာ ဖြည်းဖြည်းချင် မတ်တပ်ထရပ်လိုက်သည်။

အဖွဲ့၏ သိချင်စိတ်ပြင်းပြသော အကြည့်ကြောင့် ရှန်ထျန်းက အားပြုပြုံးကာ ပြောလိုက်သည်

“ အားအင်အနည်းငယ် စိုက်ထုတ်ပြီးတော့ ကျွန်တော် အဲဒါကို ထိန်းချုပ်နိုင်သွားပါပြီ”

အားလုံး၏ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ ရှုပ်ထွေးပွေလီ အငွေ့အသက်က ဘယ်လောက်ထိ ကြောက်ဖို့ ကောင်းလဲဆိုတာကို သူတို့ ကောင်းကောင်းသိသည်။ ထိုအရာမှာ အားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသည်။

ရှန်ထျန်းသာ သူ့ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထိန်းချုပ်သွားနိုင်မည်ဆိုပါက ထိုအတွက် စိတ်ကူးမယဉ်နိုင်သော တန်ကြေးကို ပေးဆပ်ရမည် ဖြစ်သည်။

ကံမကောင်းပါက ရက်အနည်းငယ်အကြာတွင် ဘေးအန္တရာယ်ကို ခံစားရမည်ဖြစ်ပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရသည်။

“ အစ်ကိုရှန် ဘာမှ မစိုးရိမ်နဲ့နော်။ ကျွန်တော်အဖေကို သူ တတ်နိုင်တာအားလုံး ကူညီဖို့ တောင်းဆိုလိုက်မယ်” အောင်းဝူက သူ့လက်သီးလေးများကို ဆုပ်ကာ ပြောလိုက်သည်

“ နဂါးနက်ကျွန်းမှာ မရေတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်။ အစ်ကိုရှန် လိုအပ်တာရှိရင် ဘာပဲဖြစ်ဖြစ် ပြောသာပြောလိုက်ပါ။ ကျွန်တော် အစ်ကိုအတွက် ရအောင် ယူပေးမယ်”

ယုဖန်ရှန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ရေသူမျိုးနွယ်မှာ နဂါးနက်မျိုးနွယ်လောက်တော့ ရတနာတွေ မရှိပါဘူး။ ဒါပေမဲ့ မောင်လေးရှန်က ကျွန်မရဲ့ အသက်ကို ကယ်ပေးခဲ့တာဆိုတော့ လိုချင်တာရှိရင် ပြောသာပြောလိုက်ပါ”

အားလုံးက တူညီသော စကားကို ပြောနေသည်။ ရှန်ထျန်း တောင်းဆိုလိုက်ရုံဖြင့် သူတို့က သူ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ကျော်ဖြတ်နိုင်အောင် အကောင်းဆုံး ကူညီပေးကြမည် ဖြစ်သည်။

သူက သူ့ကို နိဗာနထာဝရ တော်ဝင်ကျမ်း တစ်ဝက်ပေးထားသည့်အတွက် ချီရှောက်ရွှမ်က ဘေးဖက်မှာရပ်နေကာ ခေါင်းကို တဆတ်ဆတ် ညိတ်နေသည်။

ဟုတ်တယ် အားလုံးက နွေးထွေးပြီးတော့ စိတ်အားထက်သန်နေကြတယ်

သူတို့ကို ကယ်တင်သည့်အတွက် ဆုလာဘ်များ ပြန်ပေးခြင်းက ရှန်ထျန်းကို ထူးဆန်းသွားသလို ခံစားရစေသည်။

ထိုခံစားချက်များနှင့် ပတ်သက်မှုများက သူ့နှလုံးသားကို နာကျင်သွားစေသည်။

“ အားလုံးပဲ မစိုးရိမ်ကြပါနဲ့နော်။ ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို ရှုပ်ထွေးပွေလီ အငွေ့အသက်တွေ စွန်းထင်းသွားပေမဲ့ ကျွန်တော်ရဲ့ ဝိညာဉ်တော့ မပါပါဘူး”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ အဆိုးရွားဆုံး ကိစ္စတွေဆိုရင် ကျွန်တော်က ဒီခန္ဓာကိုယ်ကို စွန့်ပစ်ပြီးတော့ တခြားခန္ဓာကိုယ်တစ်ခု ပြောင်းလဲလို့ ရပါတယ်”

သူပြောတာကိုကြားပြီးမှ အားလုံးလည်း သက်ပြင်းချနိုင်တော့သည်။

ဟုတ်တယ် ... အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရွှေအမြုတေအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့ တိုက်ခိုက်စွမ်းရည်က အံ့ဩစရာပဲ

ရှန်ထျန်း၏ ထူးဆန်းသော ရွှေအမြုတေက အရမ်းကြီးနေသည်က ရှန်ထျန်းက သူ့လောက် လုပ်ဆောင်နိုင်စွမ်းရှိလို့ဆိုတာ ချီရှောက်ရွှမ် သေချာနေသည်။

ရှန်ထျန်းသာ အလိုရှိပါက ကနဦးဝိညာဉ်ကို ဖန်တီးဖို့အတွက် သူလိုချင်သည့်အချိန်တွင် အမြုတေကို ခွဲနိုင်သည်။

ရှန်ထျန်း ထိုအရာကို လုပ်နေစဉ်တွင် သူ လုပ်နိုင်တာက ပြန်လည်ဝင်စားဖို့အတွက် သင့်တော်သော ခန္ဓာကိုယ်တစ်ခု ရှာတွေ့ဖို့ ဖြစ်သည်။

ဒါပေမဲ့ ညီအစ်ကိုရှန်လိုမျိုး ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို အင်မတန်ခက်ခဲလှသည်။

ထိုအခိုက်အတန့်မှ စတင်ပြီး အားလုံးက မှိုင်သွားကြသည်။ ရတနာရှာဖို့အတွက် စိတ်ဓာတ်ပင် အရင်ကလောက် မပြင်းထန်တော့ပေ။

သို့သော် ရှန်ထျန်း လုံးဝ စိတ်ထဲမထားပေ။ သူက ကြိုးစားကြည့်ဖို့ပင် မျှော်လင့်နေမိသည်။ ရှန်ထျန်း၏ ဦးဆောင်မှုအောက်တွင် အားလုံးက ကျွန်းပေါ်တွင် စတင်ရှာဖွေကြတော့သည်။ ထိုကျွန်းက သိပ်သည်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် နှစ်ပေါင်းထောင်ချီပြီး လွှမ်းခြုံထားသည့်အတွက် ဘယ်သူမှ ဤကျွန်းပေါ်သို့ မရောက်ဖူးပေ။

ကျွန်းပေါ်တွင် များပြားသော အဖိုးမဖြတ်နိုင်သည့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။ အပင်တစ်ပင်ချင်းစီက အပြင်ဘက်ရှိ ကောင်းကင်အသျှင် တစ်ယောက်ကို ဆွဲဆောင်ဖို့အတွက် လုံလောက်သည်။

တချို့ ဆေးပင်များက သက်တမ်းကို ရာချီပြီး ပေါင်းထည့်ပေးနိုင်သည်။ အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားသော ဝိဇ္ဇာတစ်ယောက်ပင် ဆွဲဆောင်ခံရနိုင်သည်။

သို့သော် ယခု ရှန်ထျန်း အသက်အန္တရာယ် ရှိနေသည့်အတွက် သူတို့ စုဆောင်းမိသော ဆေးပင်များအားလုံး၏ တစ်ဝက်ကို ရှန်ထျန်းဆီ ပေးလိုက်သည်။

ရှန်ထျန်း ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ အားလုံးက သူ့လက်ထဲသို့ အတင်းထိုးထည့်နေကြသည်။

ချီရှောက်ရွှမ်က ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ချိန်တည်းမှာ အားကျသလို လေးစားနေမိသည်။ ရှန်ထျန်းက လူသားမျိုးနွယ်၏ စစ်မှန်သော စံပြတစ်ယောက် ဖြစ်သည်။

ညီအစ်ကိုရှန်က ကျုပ်ရဲ့ တစ်ဦးတည်းသော ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ

All Chapters