← Chapters

အခန်း (၄၀၆)

Vol. 28 Ch. 406

အခန်း (၄၀၆)

Vol. 28 Ch. 406

မျောလွင့်နဂါးကျွန်းကြီးသည် ကြီးမားလှသည့် ဓာတ်ငွေ့ဂြိုလ်တစ်ခုအထက်တွင် ပျံဝဲနေသည်။ မရေမတွက်နိုင်သည့် မောင်းသူမဲ့ စက်များသည် အလုပ်သမားပျားလေးများလို ဟိုဘက်ဒီဘက် သွားလာနေကြပြီး နဂါးကျွန်းအတွက် ဓာတ်ငွေ့လောင်စာများကို ရိတ်သိမ်းနေကြသည်။

အစောင့်တပ်ဖွဲ့ဌာနချုပ်တွင် ဟန်ရှောင်းတစ်ယောက် ဝီလ်ဆန်ဒါနှင့် တွေ့လိုက်ရသည်။ ဤလူသည် ခေါင်းတွင် ပတ်တီးများနှင့် သွေးများပါ စီးကျနေတုန်းပင်။

ဟန်ရှောင်းကို မြင်သည်နှင့် သူသည် အပြေးအလွှားလာပြီး ပခုံးဖက်ကာ တစ်နေရာကို ဆွဲခေါ်သွားသည်။ ပြီးတော့ စိတ်လှုပ်ရှားမှုအပြည့်နှင့် တိုးတိုးလေးပြောလိုက်သည်။ “မင်းပြောတဲ့အစီအစဉ်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ငါ ဂျန်နီကို ပြောပြတော့ သူလည်း သဘောတူတယ်။ မင်း ပစ္စည်းပါလား။”

ဟန်ရှောင်းသည် လျှို့ဝှက်ပုတီးစေ့ကို ထုတ်ပြီး ဝီလ်ဆန်းဒါ့ကို ပေးလိုက်သည်။ “ငါတို့ဆွေးနွေးထားတဲ့အတိုင်း လုပ်လိုက်ပါ။ ဒါနဲ့ မင်းဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သိတယ်မလား။ မသိရင် ငါသင်ပေးလို့ရတယ်”

“မင်းက ငါ့ကို သင်ပေးဖို့ လိုတယ်လို့ ထင်နေတာလား” ဝီလ်ဆန်ဒါက ရွံရှာသည့်ပုံစံဖြင့် ပြောလိုက်သည်။ “ငါ မျောလွင့်နဂါးကျွန်းမှာ ဝင်ဖို့အတွက် ငါ့နာမည်ကို ဘယ်လိုရှင်းခဲ့ရလဲဆိုတာ မင်းထင်လဲ။ ငါ့ဆီက သတင်းကောင်းကိုပဲ စောင့်နေလိုက်တော့!”

ထို့နောက် သူသည် လှောင်ပြုံးနှင့် လျှို့ဝှက်ပုတီးစေ့ကို ယူပြီး သူ့၏လက်အောက်ခံများကို စုစည်းလိုက်သည်။ အာကာသယာဉ်ပေါ် တက်လိုက်ပြီး ချက်ချင်းပင် ပျံတက်သွားတော့သည်။ အာကာသယာဉ်သည် အလင်းတန်းလေးနှင့် မြင့်မြတ်ကျောက်တုံးနယ်ဘက်ကို ဦးတည်သွားပြီး ချက်ချင်း ခုန်ပျံသွားလိုက်တော့ ပျောက်ကွယ်သွားခဲ့သည်။

“ဒီလူက ငါ့ထက်တောင် ဘာလို့ ဒီလောက်လောနေရတာလဲ” ဟန်ရှောင်းသည် ရယ်ရမလား၊ ငိုရမလား မသိဘဲ ခေါင်းခါယမ်းလိုက်သည်။

သူမသိလိုက်သည်ကတော့ ဝီလ်ဆန်ဒါသည် မျောလွင့်နဂါးကျွန်းတွင် နေရသည့်နေ့တိုင်း သူခိုးလေးများ ဖမ်းခြင်း၊ သို့မဟုတ် စည်းကမ်းထိန်းသိမ်းခြင်းသာ လုပ်နေရသည့်အတွက် ယခုလို ထွက်ပြီး ပြဿနာအချို့ရှာနိုင်ပြီဆိုတော့ မည်သူ့ပြဿနာပဲဖြစ်ဖြစ် အားလပ်ရက်အပန်းဖြေခရီးထွက်ရသလို ပျော်ရွှင်နေသည့်အပြင် အရင်က ဂလက်စီပင်လယ်ဓားပြဟောင်းတစ်ယောက်နှင့် နတ်ဆိုးမျိုးစပ်တစ်ယောက်အနေနှင့် ကမောက်ကမဖြစ်မှုဆိုသည်က သူ့၏သွေးထဲတွင် ရှိနေ၏။ သူပျင်းရိမှုများကို သည်းခံပြီး မျောလွင့်နဂါးကျွန်းတွင် ဆက်နေနိုင်သည်က... ချစ်ခြင်းမေတ္တာကြောင့်ပင် ဖြစ်သည်။

…

မြင့်မြတ်ကျောက်တုံးနယ်နိမိတ်တွင် အာကာသစခန်းများစွာကို ကျောက်ချထားပြီး ကြီးမားသည့် သတ္တုခံတပ်တစ်ခုသည် အာကာသထဲတွင် ပျံဝဲနေသည်။ တတိယတပ်ဖွဲ့သည် တာဝန်ကျနေခြင်း ဖြစ်သည်။ မြင့်မြတ်ကျောက်တုံး၏ တပ်ဖွဲ့သည် နယ်မြေတစ်ဝိုက်ကို ကင်းလှည့်နေသည်။ စထရင်းလိုက် ထိန်းချုပ်ရေးခန်းထဲတွင် ရှီဗိတ်သည် သူ့၏တပ်မှူးထိုင်ခုံပေါ်တွင် တစ်ဝက်လောက် လှဲနေပြီး သူ့ခြေထောက်နှစ်ချောင်းကို ထိန်းချုပ်ရေးခလုတ်များပေါ် တင်ထားသည်။ သူ့လက်များကို ခေါင်းနောက်တွင် ထားပြီး တစ်မှေးအိပ်နေသည်မှာ နေပူဆာလှုံနေသလို အပန်းဖြေနေပုံရသည်။

ဤအချိန်တွင် လက်အောက်ခံတစ်ယောက်က အစီရင်ခံလိုက်သည်။

“တပ်မှူး၊ အာကာသယာဉ်တစ်စီး ချဉ်းကပ်လာနေပါသည်။ သူတို့ အဆက်အသွယ်တောင်းဆိုမှုတစ်ခု ပို့လာပါတယ်…”

မျက်လုံးတောင် မဖွင့်ဘဲ ရှီဗိတ်သည် ပျင်းရိစွာ မေးလိုက်သည်။ “ဘယ်သူလဲ”

“အင်း… နဂါးအစောင့်အရှောက် ၃ယောက်ထဲu တစ်ယောက်၊ အစောင့်အဖွဲ့မှူး ‘အတောင်ပံနီ’ ဝီလ်ဆန်ဒါပါ”

ဘုတ်!

အခန်းထဲမှလူများသည် သူတို့တပ်မှူး ထိုင်ခုံပေါ်မှ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။

ရှီဗိတ်သည် ထိုင်ခုံကိုကိုင်၍ ချက်ချင်းထရပ်လိုက်သည်။ သူ့မျက်နှာသည် တောင့်တောင့်ကြီးဖြစ်နေသည်။

မျောလွင့်နဂါးကျွန်းနာမည်ကို ကြားသည်နှင့် မကောင်းတစ်ခုခု ဖြစ်တော့မည်ဟု သူခံစားရသည်။

တစ်ဖက်လူသည် မျောလွင့်နဂါးကျွန်း၏ အစောင့်အဖွဲ့မှူးဖြစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က နဂါးဧကရာဇ်၏ အံ့အားသင့်စရာကောင်းသည့် ခွန်အားကို မြင်ခဲ့ရပြီးနောက် ရှီဗိတ်သည် သူတို့ကို မျက်နှာသာမပေးဘဲ မနေရဲတော့ပေ။ တောင်းဆိုမှုကို လျင်မြန်စွာ အတည်ပြုလိုက်သည်။

စထရင်းလိုက်သည် နယ်နိမိတ်ကို ရောက်လာပြီး တိုက်သင်္ဘောဘေးတွင် အပေါက်တစ်ခု ပေါ်လာသည်။ သံလိုက်လက်တံသည် ထွက်လာပြီး အာကာသယာဉ်ကို စုပ်ယူလိုက်သည်။ ဝီလ်ဆန်ဒါသည် စထရင်းလိုက်ပေါ် တက်ရောက်ပြီး ရှီဗိတ်သည် သူ့လူများနှင့်အတူ သူ့ကို ကြိုဆိုရန် လိုက်လာခဲ့သည်။ သူတို့သည် တံတားပေါ်တွင် ဆုံတွေ့ကြသည်။

“မင်းက မြင့်မြတ်ကျောက်တုံးရဲ့ တပ်မှူးလား” ဝီလ်ဆန်ဒါသည် အမူအရာမရှိဘဲ ပြောလိုက်သည်။

ရှီဗိတ်သည် ခေါင်းညိတ်လိုက်သည်။ “မြင့်မြတ်ကျောက်တုံး နယ်နိမိတ်စောင့်တပ် တတိယတပ်ဖွဲ့မှူး ရှီဗိတ်ပါ။ ခင်ဗျား ဘာကိစ္စနဲ့ လာတာလဲ သိလို့ရမလား”

“ဟုတ်ကဲ့၊ အကြောင်းရင်းရှိပါတယ်။ လွန်ခဲ့တဲ့အချိန်က မျောလွင့်နဂါးကျွန်းအဖွဲ့ဝင်တစ်ယောက်ကို အမှောင်ကြယ်က လိုက်ဖမ်းခဲ့တယ်။ နဂါးဧကရာဇ်က ကိုယ်တိုင်တိုက်ခိုက်ပြီး အမှောင်ကြယ်ကို အနိုင်ယူခဲ့တယ်။ ကယ်ဆယ်ခံရတဲ့ ကြေးစားစစ်သားတွေက အမှောင်ကြယ်ရဲ့ပစ်မှတ်က အနက်ရောင်ပုတီးတစ်လုံးဖြစ်ကြောင်း ဖော်ထုတ်ခဲ့တယ်။ ဘလက်စတားက ဒီအကြောင်းကို ကျွန်တော့်ကို ပြောပြတော့ ကျွန်တော်က ကျွန်တော့်ရဲ့လက်အောက်ခံတွေကို မျောလွင့်နဂါးကျွန်းပေါ်မှာပဲ ရှာဖွေဖို့ အမိန့်ပေးခဲ့တယ်။

“အံ့အားသင့်စရာက အဲ့ဒီပုတီးလုံးက တကယ်ပဲ မျောလွင့်နဂါးကျွန်းပေါ်မှာ ရှိနေတာကို တွေ့ခဲ့တယ်။ ကျွန်တော့်အစောင့်တွေထဲက တစ်ယောက်က ရှာတွေ့ခဲ့တာပါ။ သူက ပုတီးလုံးကို လွှဲပေးလိုက်တော့ ကျွန်တော်တို့က ဂိုဒိုရာကို ပေးဖို့ စီစဉ်ထားပါတယ်။ ခင်ဗျားတို့ နယ်မြေက နီးစပ်နေတာကြောင့် ကျွန်တော်တို့ ခရီးသွားရတာ အချိန်မကုန်အောင် ဂိုဒိုရာကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”

ဝီလ်ဆန်ဒါသည် ဤအရာများ တကယ်ဖြစ်ခဲ့သည့်အတိုင်း လေးနက်သည့်လေသံနှင့် ပြောလိုက်သည်။ သူသည် လျှို့ဝှက်ပုတီးစေ့ကို ထုတ်ယူပြီး ရှီဗိတ်အံ့အားသင့်နေတုန်းမှာပင် သူ့လက်ထဲ ထည့်ပေးလိုက်သည်။

“ဒါ… ဒါက ဘာလဲ။ ငါ… ငါ၊ ခဏ…”

ရှီဗိတ်သည် လုံးဝကို ရှုပ်ထွေးနေပြီး စကားအပြည့်အစုံတောင် မပြောနိုင်ဖြစ်နေသည်။

“ပစ္စည်းအပ်ပြီးပြီဆိုတော့ ကျွန်တော် သွားတော့မယ်”

ဝီလ်ဆန်ဒါသည် အေးဆေးတည်ငြိမ်စွာနှင့်ပင် လှည့်ထွက်သွားသည်။

သူသည် မြန်မြန်ဆန်ဆန်လာပြီး မြန်မြန်ဆန်ဆန်ပင် ထွက်သွားကာ အာလူးပူကြီးကို ထားခဲ့သည်။

ရှီဗိတ်အတွက်ကတော့ ဤသည် ကောင်းကင်မှ ကျလာသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး သူ မငြင်းပယ်နိုင်ပေ။ ဤသည် ထိလွယ်ရှလွယ်ကိစ္စတစ်ခုဖြစ်သော်လည်း ကူညီရန်အတွက် အားစိုက်ထုတ်စရာမလိုပေ။ ထို့ကြောင့် မျောလွင့်နဂါးကျွန်းကို မျက်နှာသာမပေးဘဲ နေစရာအကြောင်းမရှိပေ။ မျောလွင့်နဂါးကျွန်းသည် အမှောင်ကြယ်၏ မိခင်ယာဉ်ကို ဝင်တိုက်လိုက်သည်ကို မြင်ယောင်လိုက်သည်နှင့် သူ့ခြေထောက်များ တုန်ရီလာသည်။ မျောလွင့်နဂါးကျွန်းသည် သူ မလေးစားဘဲ မနေရဲသည့်အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်။

ရှီဗိတ်သည် ဤအကြောင်းကို အထက်လူကြီးများကို ချက်ချင်းအစီရင်ခံလိုက်သည်။ သူတို့ဆွေးနွေးပြီးသည့်နောက် လျှို့ဝှက်ပုတီးစေ့ကို မသိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ကြသည်။ မျောလွင့်နဂါးကျွန်းသည် ဤအကြောင်းကို သိပြီးသားဖြစ်သည့်အတွက် သူတို့ယူသွားသည်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ ဒါ့အပြင် လျှို့ဝှက်ပုတီးစေ့ကို သိမ်းထားသည်က အမှောင်ကြယ်၏ ရန်လိုမှုကို ဦးတည်စေမည်သာ ဖြစ်သည်။ ဤအရာက အမှောင်ကြယ်အတွက် မည်မျှအရေးကြီးသည်ကို ရှင်းရှင်းလင်းလင်းသိထားသည်။ သူတို့သည် အတွင်းထဲတွင် ဘာရှိမလဲဆိုသည်ကို သိချင်နေကြသည်။

လက်ရှိတွင်တော့ မြင့်မြတ်ကျောက်တုံးသည် ရွေးချယ်စရာတစ်ခုနှင့် ရင်ဆိုင်နေရသည် - သူတို့ လျှို့ဝှက်ပုတီးစေ့ကို ဖွင့်ကြည့်သင့်သလော။

အဖြေက သေချာပေါက် ဖွင့်ကြည့်သင့်သည်။

ဤသည် သူတို့လက်ထဲမှ ဖြတ်သန်းသွားသည့်အတွက် သူတို့မယူထားလျှင်တောင် အနည်းဆုံးတော့ ချောင်းကြည့်သင့်သည်။ ဘာများဖြစ်နေသလဲဆိုသည်ကို သိသင့်သည်။ မည်သို့ပင်ဖြစ်စေကာမူ ချိတ်စည်းကို ပြန်ပိတ်လို့ရသည့်အတွက် ကြောက်နေစရာအကြောင်းမရှိပေ။

မြင့်မြတ်ကျောက်တုံးသည် အထောက်အထားခွဲခြားသိမြင်ခြင်းမှော်ဆရာကို ချက်ချင်းစေလွှတ်လိုက်သည်။ သူသည် တစ်နေ့ာလုံး လျှို့ဝှက်ပုတီးစေ့ကို ဖွင့်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ရလဒ်က သူတို့ကို အံ့အားသင့်သွားစေ၏။

အတွင်းတွင် ဗလာသက်သက်ဖြစ်နေသည်။

မည်သို့လုပ်၍ ဗလာဖြစ်နိုင်မည်နည်း။

အမှောင်ကြယ်သည် ဤအရာကို အဘယ်ကြောင့် လိုချင်နေရသနည်း။ သို့မဟုတ် အတွင်းထဲတွင် လျှို့ဝှက်မက်ဆေ့ချ်တစ်ခုများ ရှိနေသလော။

ဤအရာသည် ဂိုဒိုရာကို ပေးလိုက်လျှင် ဘာဖြစ်မလဲဆိုသည်ကို မြင့်မြတ်ကျောက်တုံးသည် သဘောပေါက်သွားသည်။ လျှို့ဝှက်ပုတီးစေ့သည် ဗလာဖြစ်နေသည့်အတွက် ဂိုဒိုရာသည် သံသယဝင်သွားမည်သာ ဖြစ်သည်။ အတွင်းထဲမှ ပစ္စည်းများကို သူတို့ယူသွားပြီဟု ထင်သွားမည်သာ ဖြစ်သည်။ ပြီးတော့ သူတို့ မယူခဲ့သည်ကို သက်သေပြရန်လည်း မရနိုင်ပေ။

မြင့်မြတ်ကျောက်တုံးသည် စိတ်ပျက်အားငယ်နေသော်လည်း အတွေးတစ်ခုသည် သူတို့စိတ်ထဲ ဝင်လာသည်။ မျောလွင့်နဂါးကျွန်းသည် အတွင်းထဲမှပစ္စည်းများကို ယူသွားသည်လော။ သူတို့ဆီကို ပေးလိုက်သည်က သူတို့ကို အကွက်ဆင်ရန်လော။ သို့သော်လည်း မျောလွင့်နဂါးကျွန်းသည် ထိုသို့လုပ်ရန် လိုအပ်သည်လော။ အမှောင်ကြယ်က သူတို့ကိုတော့ သွားရှုပ်လိမ့်မည်မဟုတ်ပေ။

မြင့်မြတ်ကျောက်တုံးသည် အစပိုင်းတွင် ချိတ်စည်းကို ဖွင့်လိုက်သည့်အချက်ကို ဖုံးကွယ်ထားချင်ခဲ့သည်။ ယခုတော့ သူတို့ ဂိုဒိုရာကို ဆက်သွယ်ပြီး အမှန်တရားကို ပြောပြရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ လျှို့ဝှက်ပုတီးစေ့သည် အစကတည်းက ဗလာသက်သက်ဖြစ်နေပြီး သူတို့ ဘာမှမယူထားပေ - မျောလွင့်နဂါးကျွန်း ပေးခဲ့စဉ်ကတည်းက ဗလာဖြစ်နေခဲ့သည်။ မျောလွင့်နဂါးကျွန်းသည် ယူသွားသည်မှာ ကြာပြီဖြစ်လောက်သည်။

ဂိုဒိုရာ၏ တုံ့ပြန်မှုက ရှင်းလင်းပြတ်သားနေသည်။ “ငါက အဲ့ဒါကို ယုံမယ်လို့ မင်းတို့ ထင်နေတာလား”

“မင်းဘယ်လိုလုပ်ရဲတာလဲ၊ မြင့်မြတ်ကျောက်တုံး။ မင်းတို့ အတွင်းမှ ပစ္စည်းများကို ခိုးယူရုံတင်မကဘဲ၊ မျောလွင့်နဂါးကျွန်းကိုပါ ငါတို့ အထင်အမြင်လွဲမှားပြီး ငါတို့ကို ပြဿနာရှာစေချင်တာ။ ဘယ်လောက်ယုတ်မာလိုက်လဲ”

မြင့်မြတ်ကျောက်တုံးသည် သူတို့ပြောသည်ကို ရှင်းပြရန် သို့မဟုတ် သက်သေပြရန် နည်းလမ်းမရှိခဲ့ပေ - သူတို့ မည်သည်ကိုမှမယူခဲ့ကြောင်းကိုသာ ခိုင်ခိုင်မာမာ ပြောရုံသာတတ်နိုင်သည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး အချင်းချင်း သံသယဝင်နေကြသည်။ သို့သော်လည်း ပစ္စည်းသည် ပေးအပ်ရအုံးမည်သာ ဖြစ်သည်။ ဆွေးနွေးပြီးသည့်နောက် သူတို့ လျှို့ဝှက်စွာ တွေ့ဆုံရန် ဆုံးဖြတ်လိုက်ကြသည်။

မျောလွင့်နဂါးကျွန်းပေါ်တွင် ဟန်ရှောင်းသည် ဝီလ်ဆန်ဒါဆီမှ သတင်းကြားပြီးနောက် သက်ပြင်းချလိုက်သည်။

“နောက်ဆုံးတော့ တခြားတစ်ယောက်ဆီ အပြစ်ပုံချနိုင်ခဲ့ပြီ”

အမှောင်ကြယ်သည် တစ်ကြိမ်ရှုံးနိမ့်ခဲ့သော်လည်း သူတို့သည် အလွယ်တကူ လက်လျှော့မည်မဟုတ်ပေ။ သူတို့သည် လျှို့ဝှက်ပုတီးစေ့ကို ဆက်လက်ခြေရာခံနေမည်ဖြစ်ပြီး ကြေးစားစစ်သားများနှင့် သူကိုယ်တိုင်သည် ထိပ်တန်းပစ်မှတ်များပင်။ ဤသည် ဖုံးကွယ်ထားသည့် အန္တရာယ်တစ်ခု ဖြစ်သည်။

ဟန်ရှောင်းသည် သူ့၏သံသယကို ရှင်းရန်နှင့် အာရုံကို လွှဲပြောင်းရန်အတွက် ဤအရာကို လုပ်ခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူနှင့် တခြားကြေးစားစစ်သားများ လုံခြုံသွားမည်သာ ဖြစ်သည်။

ဂိုဒိုရာနှင့် မြင့်မြတ်ကျောက်တုံးတို့သည် ဤအရာကို လျှို့ဝှက်ထားကြမည်သာ ဖြစ်သည်။ သို့သော်လည်း အစီအစဉ်၏နောက်တစ်ဆင့်ကတော့ ဝီလ်ဆန်ဒါကို ‘မတော်တဆ’ သတင်းပေါက်ကြားစေခြင်း ဖြစ်သည်။ ဤအရာဖြစ်လာသည့်အခါ အမှောင်ကြယ်၏ ပစ်မှတ်မဖြစ်ချင်သည့်အတွက် မြင့်မြတ်ကျောက်တုံးသည် သူတို့ လျှို့ဝှက်ပုတီးစေ့ကို ဂိုဒိုရာကို ပေးလိုက်သည်ကို အလေးအနက်ထားပြောမည်သာ ဖြစ်သည်။ အမှောင်ကြယ်သည် လျှို့ဝှက်ပုတီးစေ့သည် မည်သည့်နေရာတွင် ရှိသည်ကို ခန့်မှန်းစရာမလိုတော့ဘဲ ဂိုဒိုရာကို တိုက်ရိုက်ပစ်မှတ်ထားမည်ဖြစ်ပြီး အခြားသူများကို မထိခိုက်တော့ပေ။ ဤသည် ဖုံးကွယ်ထားသည့် အန္တရာယ်ကို ဖြေရှင်းပြီးသားဖြစ်သွားမည်။ ဤသည်မှာ ဟန်ရှောင်းအတွက် အလွန်အရေးကြီးသည်။

ဂိုဒိုရာနှင့် အမှောင်ကြယ်သည် အစကတည်းက ရန်သူများဖြစ်နေသည့်အတွက် သူတို့သည် ဂရုစိုက်မည်မဟုတ်ပေ။ သို့သော်လည်း မြင့်မြတ်ကျောက်တုံးကတော့ အကံဆိုးဆုံးသာ ဖြစ်သည်။ သူတို့သည် ဘယ်ကမှန်းမသိဘဲ ပါဝင်လာပြီး ဂိုဒိုရာက သူတို့ကို သံသယဝင်သွားသည်။ ဟန်ရှောင်းသည် တကယ်တော့ သူ ရွေးချယ်နိုင်သည့် ပစ်မှတ်များရှိသော်လည်း သူသည် မြင့်မြတ်ကျောက်တုံးကို ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူ့ကို တစ်ကြိမ်အကွက်ဆင်ခဲ့ဖူးသည့်အတွက်ပင်။ ယခုတော့ သူ့အလှည့်ပင်။

ပြဿနာမလိုချင်ဘူးလား။ ကိစ္စမရှိဘူး၊ ငါတို့က မင်းကို ပေးမှာပဲ…

လျှို့ဝှက်ပုတီးစေ့သည် ဂိုဒိုရာ၏လက်ထဲ ရောက်သွားသည်က အမှောင်ကြယ်သည် ဤသည်ကို လုံးဝပြန်ယူနိုင်တော့မည်မဟုတ်ဆိုသည့် အဓိပ္ပာယ်သာ ဖြစ်သည်။ မြင့်မြတ်ကျောက်တုံးနှင့် ဂိုဒိုရာတို့သာ ဤသည် ဗလာဖြစ်နေသည်ကို သိသည်။ အမှောင်ကြယ်သည် ဘာမှမသိပေ။ အမှောင်ကြယ်သည် အခြားနေရာများမှ သိလာလျှင်ပင် ဂိုဒိုရာသို့မဟုတ် မြင့်မြတ်ကျောက်တုံးသည် အတွင်းမှ ပစ္စည်းများကို ယူသွားပြီဟု ထင်မည်ဖြစ်ပြီး ထိုအချိန်တုန်းက လျှို့ဝှက်ပုတီးစေ့ကို ခြေရာခံနေသည့် ‘လျှို့ဝှက်ဆန်းကြယ်အင်အားစု’ ကို သူတို့ သံသယအဝင်ဆုံး ဖြစ်မည်သာ။

စက္ကူပေါ်တွင် လျှို့ဝှက်ပုတီးစေ့ကို အရင်ဆုံး တွေ့ရှိခဲ့သည့်အဖွဲ့အစည်းသည် မျောလွင့်နဂါးကျွန်းဖြစ်သည်။ ဟန်ရှောင်းသည် အမှောင်ထဲတွင် တစ်ချိန်လုံး ပုန်းကွယ်နေခဲ့ပြီး ယခုအချိန်တွင်တော့ သူကိုယ်တိုင်ကို ဤညီမျှခြင်းထဲမှ ဆွဲထုတ်လိုက်ပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ အရင်က လိုက်ဖမ်းခံခဲ့ရသည့် သူနှင့် တခြားကြေးစားစစ်သားများသည် ယခုတော့ လုံခြုံသွားချေပြီ။

“ဒီလိုဆိုရင် အန္တရာယ်က အနိမ့်ဆုံးဖြစ်သွားသင့်ပြီ။ ငါ့မှာ မျောလွင့်နဂါးကျွန်းက နောက်ခံရှိနေပေမဲ့ သူတို့က ကြောက်ရွံ့ပြီး လေးစားနေတာက ငါ့ကြောင့်မဟုတ်ဘူး။ ငါ့ရဲ့ခွန်အားက အမှောင်ကြယ်နဲ့ ရင်ဆိုင်ဖို့ လုံလုံလောက်လောက်ခြင်း အားမကောင်းသေးဘူး။ ငါ ခွန်အားတွေကို စုဆောင်းဖို့ လိုအပ်တယ်၊ တည်ငြိမ်တဲ့တိုးတက်မှုကို ထိန်းသိမ်းဖို့က ပိုအရေးကြီးတယ်”

ပြဿနာသည် နောက်ဆုံးတွင် ပြေလည်သွားပြီ။ ဟန်ရှောင်းသည် သူ့၏တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

မျောလွင့်နဂါးကျွန်းပေါ်တွင် သူ့၏ဝိသေသသည် စစ်ဆင်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အတွက် သူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်၏။ ယခု သူ့၏ပန်းတိုင်ကို အောင်မြင်ပြီးသွားပြီဖြစ်သည့်အတွက် ကြာကြာ မနေတော့ပေ။

ရက်အနည်းငယ်အကြာတွင် ဟန်ရှောင်းသည် ခရီးသွားအေဂျင်စီတစ်ခုကို ငှားယမ်းပြီး ဂျူဘာလီ အာကာသစခန်းကို ပြန်လာသည်။ ဟားလပ်စ်သည် အဖွဲ့ကို ပြန်ခေါ်လာပြီး စခန်းတွင် အနားယူနေသည်။

တပ်ဖွဲ့ကြီး ၃ခုသည် ဂိုဒိုရာဆီမှ ဆုလာဘ်ကို နှစ်ရက်စောပြီး ပို့ပေးခဲ့သည်။ ပမာဏက အများကြီးပင်၊ ၃၀,၀၀၀ Enas ဖြစ်သည်။ ဤပိုက်ဆံအပါအဝင် ဟန်ရှောင်း၏အကောင့်တွင် ၇၀,၀၀၀ Enas ကျော်ရှိပြီး စံချိန်တင်ခဲ့သည်။ ဤသည်မှာ တိုက်ရိုက်ဝင်ငွေသာဖြစ်သည် - သူသည် ကစားသမားများ၏လက်ထဲတွင် ရှိနေသည့်ပမာဏကို မရေတွက်ရသေးပေ။

ဤမစ်ရှင်သည် ကစားသမားများအတွက် သိပ်အန္တရာယ်မရှိပေ။ သူတို့ရထားသည့် သတင်းအချက်အလက်က အလွန်နည်းသည့်အတွက် သူတို့ တစ်ချိန်လုံး ဘာတွေဖြစ်နေသလဲဆိုသည်ကို မသိခဲ့ကြပေ။ ဟန်ရှောင်းသည် လျှို့ဝှက်စွာ လုပ်ခဲ့သည့်အတွက် သူတို့သည် ကြီးမားသည့်ငွေကြေးပမာဏကို ရခဲ့ကြသည်။ ဟန်ရှောင်းလည်း ကျေနပ်မိသည်။ သူ့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဖြစ်ခဲ့ပေ။ ဤသည်က ကစားသမားများ၏ ဝယ်ယူနိုင်စွမ်းကို တိုက်ရိုက်ပြောင်းလဲပေးခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ရိုးရိုးရှင်းရှင်းပင် ဖြစ်သင့်သည့် ငှားရမ်းမှုမစ်ရှင်သည် ဤမျှလောက် ရှုပ်ထွေးသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဟန်ရှောင်းသည် ဤမစ်ရှင်တစ်ခုလုံးတွင် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသည်။ သူသည် အစပိုင်းတွင် ဖိသိပ်နည်းပညာအတွက် ဤမစ်ရှင်ကို လုပ်ခဲ့သော်လည်း သူသည် အကျိုးကျေးဇူး ပိုမိုခံစားခဲ့ရပြီး ဆုလာဘ်၏တန်ဖိုးသည် သူမျှော်လင့်ထားသည့်ထက် အများကြီး ပိုများ၏။

အကျိုးအမြတ်သည် အန္တရာယ်နှင့်အတူ ပါလာသည်။ ကံကောင်းစွာနှင့် သူသည် မုန်တိုင်းထဲမှ လုံခြုံစွာ ထွက်လာနိုင်ခဲ့သည်။

အချိန်အတော်ကြာပြီးနောက်မှာတော့ ဟန်ရှောင်းသည် သူ့၏ဆုလာဘ်ကို သိမ်းယူရန် အချိန်ရလာသည်။

“ဖိသိပ်နည်းပညာကို သင်ယူပြီးတဲ့နောက် ငါ့ရဲ့တိုက်ခိုက်ရေးပုံစံက အတိုင်းအတာတစ်ခုအထိ တိုးတက်လာနိုင်တယ်။ နောက်ဆုံးတော့ ငါကိုယ်တိုင် တိုက်ခိုက်စရာ မလိုတော့ဘူး”

စက်ပစ္စည်း ပြုပြင်ပြောင်းလဲရေးအခန်းထဲတွင် ဟန်ရှောင်းသည် စိတ်အားထက်သန်စွာ သူ့လက်များကို ပွတ်သပ်နေသည်။

All Chapters