ခွန်ပန်ကျောင်းဆောင် ရှေးဟောင်းအမွေအနှစ်
Vol. 21 Ch. 313
အခန်း (၃၁၃) : ခွန်ပန်ကျောင်းဆောင် ရှေးဟောင်းအမွေအနှစ်
အဖွဲ့က အစီအစဉ်ကျစွာဖြင့် ကျွန်းပေါ်မှာ ရှာဖွေနေကြသည်။ ဖြေရှင်းရခက်သည့် သားရဲများနှင့် ကြုံတွေ့သည့်အခါ ချီရှောက်ရွှမ်က ဝင်တိုက်ခိုက်ပေးသည်။
ရှန်ထျန်းက ကူညီပေးချင်သော်လည်း အားလုံးက သူ့ကို တားမြစ်ထားကြသည်။ ရှန်ထျန်းအနေဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်များကို ထိန်းချုပ်ဖို့အတွက် စွမ်းအင်ကို ချွေတာသင့်သည်ဟု သူတို့ ယုံကြည်ကြသည်။ ကျန်သူအားလုံးကလည်း တိုက်ခိုက်ပြီး အားလုံးကို ဖြေရှင်းလိုက်နိုင်သည်။
ထိုအရာကလည်း မှန်ကန်သည်။ အဖွဲ့သာ အားအင်ပေါင်းစည်းကာ အစွမ်းကုန် တိုက်ခိုက်လိုက်ပါ ထိုကျွန်းပေါ်ရှိ ဘယ်သားရဲမှ သူတို့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ချီရှောက်ရွှမ်နှင့် အောင်းဝူက အတူတူပူးပေါင်းကာ ထူးခြားသော တိုက်ခိုက်မှုဖြင့် တိုက်ခိုက်နေကြသည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်စွမ်းရည်က မြင့်တက်သွားလေပြီ။
ဧရာမ ရေဘဝဲကြီး အသက်ပြန်ရှင်လာလျှင်ပင် သူတို့၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
တစ်ခါတည်းနဲ့ သတ်ဖို့တော့လည်း မဖြစ်နိုင်ဘူးပေါ့
ရှာဖွေလိုက် ... …ဝေစုခွဲလိုက်
ရှာဖွေလိုက် ... …ဝေစုခွဲလိုက်
ရှာဖွေလိုက် ... …ဝေစုခွဲလိုက်
လူတိုင်းတွင် ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံ ရရှိခဲ့ပြီး ကံကောင်းမှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။ အပြင်လောကတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းကို အစားထိုးနိုင်သည့် ကံကောင်းမှုမျိုး ဖြစ်၏။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်က မြောက်ပင်လယ်တွင် ပေါကြွယ်ဝဆုံးသော ဆန်းကြယ်နယ်ပယ်အဆင့် ဖြစ်သည်။ အဖွဲ့က ကျွန်း၏ အပြင်ဘက်ပိုင်းကို သွားလာရှာဖွေပြီးပြီဖြစ်သည့်အတွက် အတွင်းပိုင်းသို့ စတင်ရွေ့လျားလာသည်။
သိပ်သည်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်က ပင်မနယ်မြေကိုလည်း လွှမ်းခြုံပြီးသွားပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့် အလယ်မှာ အပေါက်တစ်ခု ရှိနေသည်။
အတွင်းပိုင်းနယ်မြေသို့ မိုင်တစ်ရာကျော် သွားလာပြီးနောက် အဖွဲ့က အမှတ်တမဲ့ ကျောင်းဆောင်တစ်ခုကို ဖြတ်သွားမိသည်။ ထို ကျောင်းဆောင်က ခမ်းနားလှသည်။ အမြင့်က ပေပေါင်းရာကျော်ပြီး တိမ်တိုက်များထဲသို့ ထိုးဖောက်ထွက်နေသည်။ ကောင်းကင်နှင့် ပေါင်းစည်းထားသလိုပင် ဖြစ်နေသည့်အတွက် ထိုမြင်ကွင်းကို မြင်ရသူအဖို့ အံ့ဩမှင်သက်သွားစေသည်။
ခမ်းနားသော ကျောင်းဆောင်က ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ အရိုင်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကျောင်းဆောင်ရှေ့တွင် ကြီးမားသော ဝင်ပေါက်ကြီး တစ်ခု ရှိနေသည်။ တံခါးထက်တွင် ရွှေရောင်ကျောက်ပြားတစ်ခု ရှိနေပြီး နတ်ဆိုးဘာသာစကားကို ရေးထွင်းထားသည်။
ရှန်ထျန်းက ထိုနတ်ဆိုးဘာသာစကားကို စိုက်ကြည့်ပြီးနောက် သူ့ဝိညာဉ်ကို စုပ်ယူသွားသလို ခံစားလိုက်ရသည်။ သူ ထိုအထဲမှာ နစ်မြုပ်သွားလုနီးပါး ဖြစ်သွားသည်။
ရှန်ထျန်းပင် ထောင်ချောက်ထဲ ကျလုနီးပါးဖြစ်သွားသည့်အတွက် ကျန်သူများအတွက်လည်း ခြွင်းချက် မဟုတ်ပေ။
ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီး သူ့ဝိညာဉ်စွမ်းအားက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို သန့်စင်အသုံးပြုလိုက်သည့်အတွက် ပိုမိုအဆင့်မြင့်သွားသော ချီရှောက်ရွှမ်ကတော့ ခြွင်းချက် ဖြစ်သည်။ သူက ထိုစကားလုံးများ၏ အကျိုးသက်ရောက်မှုကို ခုခံနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
အောင်းဝူ၊ ယုဖန်ရှန်းနှင့် မင်းသားလေးယောက်တို့က ထိုစကားလုံးများ၏ ဆွဲငင်ညှို့ယူခြင်းကို ခံလိုက်ရသည့်အတွက် သူတို့တွေအကုန်လုံး မိန်းမောစွာဖြင့် မတ်တပ်ရပ်နေကြသည်။
“ နိုးထကြတော့”
ရှန်ထျန်းက မျက်မှောင်အသာကြုတ်ကာ သူ့ နတ်ဘုရားအသိစိတ်ထဲရှိ ပြန်လည်ဝင်စားခြင်း သန့်စင်မြေ၏ စွမ်းအားကို အသက်သွင်းပြီးနောက် အော်လိုက်သည်။ အားလုံး အသိစိတ် ချက်ချင်း ပြန်ဝင်လာကြသည်။ သူတို့၏ ကျောဘက်တွင်လည်း ချွေးစေးများဖြင့် ရွှဲနစ်နေသည်။
“ ကို့ရို့ကားရားနိုင်တဲ့ စာလုံးတွေပဲ။ သူတို့ဆီမှာ အဲလိုမျိုး နက်နဲသိမ်မွေ့တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်ပေါ့”
“ အစ်ကိုရှန်သာ ကျွန်တော်တို့ကို အသိစိတ်ပြန်ဝင်အောင် လုပ်မပေးရင် အားလုံး ပြန်လည်နိုးထလာဖို့ အခက်တွေ့သွားမှာ”
“ ရှေးအခါတုန်းက တချို့သူတွေက နှစ်ပေါင်းတစ်ရာကျော် အိမ်မွေ့ချခံရပြီးမှ လွတ်မြောက်လာတတ်တယ်လို့လည်း ပြောကြတယ်”
“ ကျွန်တော်တို့ ဒီစာလုံးကို အပြင်ဘက်ကမ္ဘာမှာ မြင်ပြီးတော့ အိမ်မွေ့ချတာကနေ လွတ်မြောက်အောင် လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲမှာတော့ အိပ်မွေ့ချခံရရင် ကျိန်စာသင့်သွားနိုင်တယ်”
“ ကျွန်တော် အရင်တစ်ခေါက်က အစ်ကိုရှန် ကျွန်တော်ကို ကယ်ပေးတာအတွက်တောင် ကျေးဇူးမဆပ်ရသေးပေမဲ့ အခု ကျွန်တော်ကို ထပ်ပြီးတော့ ကယ်တင်ပေးလိုက်ပြန်ပြီ။ ကျွန်တော်ရဲ့ အသက်ကို နှစ်ခါတောင် ကယ်တင်ပေးခဲ့တာ။ အစ်ကိုရှန်ကို ဘယ်လို ကျေးဇူးဆပ်ရပါ့မလဲ”
ရှန်ထျန်းက မခံမရပ်နိုင်ဖြစ်စွာဖြင့် ပြောလိုက်သည်
“ ကျွန်တော်တို့ ဒီနေရာကိုပဲ အာရုံစိုက်လိုက်ရအောင်။ ဒီစာလုံးတွေကို မှတ်မိတဲ့သူ ရှိလား”
ငွေဖြူရောင် မင်းသားလေးက ထိုစကားလုံးများကို သေချာဂရုတစိုက် လေ့လာလိုက်သည်။ ခဏတာ စဉ်းစားချင့်ချိန်ပြီးနောက် ထိုစကားလုံးများက ဘာကိုဆိုလိုသည်ဆိုတာ သိသွားပုံပေါ်သည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်
“ ကျွန်တော်သာ မမှားဘူးဆိုရင် ဒီစာလုံးတွေက ခွန်ပန်ကျောင်းဆောင်လို့ ဆိုလိုတာ ဖြစ်မယ်”
ခွန်ပန်ကျောင်းဆောင်တဲ့လား …
ဘယ်လောင်တောင် ဩဇာရှိလိုက်တဲ့ နာမည်လဲ။ ဒါက နတ်ဘုရားတွေအတွက် ဒဏ္ဍာရီလာ ဘုံဗိမာန်များလား
ငွေဖြူရောင် မင်းသားက အားလုံး၏ အကြည့်ထဲတွင် သံသယရှိသော အကြည့်များကို တွေ့လိုက်ရသည့်အတွက် ရှင်းပြလိုက်သည်
“ ကျွန်တော် ဒါကို ရှေးဟောင်းမှတ်တမ်း တချို့မှာ တွေ့ဖူးတယ်။ အရင်တုန်းက တောင်ပိုင်းနယ်မြေရဲ့ မဟာရွှေပန်မျိုးနွယ်နဲ့ မြောက်ပင်လယ်ရဲ့ မဟာလေဟာနယ် ခွန်မျိုးနွယ်တို့က တူညီတဲ့ မျိုးရိုးကနေ ဆင်းသက်လာတာလေ။ သူတို့က ခွန်ပန်မျိုးနွယ်ရဲ့ မျိုးဆက်တွေပဲ။
ခွန်မျိုးနွယ် မျိုးရိုးက အဆင့်တစ်ခု ရောက်ရှိသွားရင် ပန်ဖြစ်လာဖို့အတွက် ငှက်မွေးတွေ ထွက်လာနိုင်တယ်။ သူတို့က ခန္ဓာစစ်နှစ်ခု ပိုင်ဆိုင်နိုင်ပြီးတော့ အဆင့်သစ် တစ်ခုကို တက်လှမ်းနိုင်တယ်။
မဟာရွှေပန်မျိုးနွယ်မျိုးရိုးက အဆင့်တစ်ခု ရောက်သွားရင်လည်း သူတို့က မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ စွမ်းအားကို ရရှိနိုင်တယ်”
အောင်းဝူက သိချင်စိတ်ဖြင့် မေးလိုက်သည်
“ ဒီခွန်ပန်ကျောင်းဆောင်က ခွန်ပန်မျိုးနွယ်ရဲ့ အမွေအနှစ်များ ရှိနေနိုင်လား”
ငွေဖြူရောင် မင်းသားလေးက ပြန်ဖြေလိုက်သည်
“ ဘယ်သူမှတော့ သေချာမသိဘူး။ ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ မြောက်ပင်လယ်မှာ ခွန်ပန်နတ်သားရဲ ပေါ်လာတဲ့အချိန်တိုင်း နယ်မြေငါးခုမှာ ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဆိုတဲ့ ရှေ့ပြေးနိမိတ်ပဲ။
နယ်မြေငါးခုမှာ နောက်ဆုံးတစ်ခေါက် ခွန်ပန်ပုံရိပ်သဏ္ဌာန် ပေါ်လာတုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း တားမြစ်ကာလအချိန်အတွင်းမှာလို့ ပြောကြတယ်။
အဲဒီအချိန်တုန်းက ခွန်မျိုးနွယ်မှာ ထူးခြားတဲ့အရည်အချင်းနဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ခွန်ပါရမီရှင်တစ်ယောက် ရှိခဲ့တယ်။ သူ့မျိုးရိုးက ထိပ်ဆုံးအဆင့်ရောက်သွားပြီးတော့ ခွန်ပန်အဖြစ် ပြောင်းလဲသွားပြီးတော့ အားလုံးကို လွှမ်းမိုးလိုက်တာ။ သူ့ရဲ့ အကောင်းဆုံး အခြေအနေ ရောက်ရှိနေတဲ့ အချိန်အတွင်းမှာ သူက မြောက်ပိုင်း မြေအောက်ကမ္ဘာကနေ မဟာကောင်းကင်ဝါးမျိုခြင်း ပညာရပ်ကိုတောင် အသုံးချပြီးတော့ ထာဝရရှင်သန်သူတစ်ယောက်ကိုတောင် သုတ်သင်လိုက်နိုင်တယ်တဲ့။
အဲဒီခေတ်တုန်းက သူက ထာဝရဇာမဏီအရှင်မလောက် စွမ်းအားကြီးခဲ့တယ်တဲ့”
ဟုတ်တယ် အဲဒီအချိန်တုန်းက အောင်းပင်း ကျရှုံးသွားခဲ့တာ …
ခွန်ပန်က ဘယ်လောက်ထိ စွမ်းအားကြီးခဲ့လဲဆိုသည့်အကြောင်း ငွေဖြူရောင် မင်းသားလေးဆီမှ မျက်လုံးတလက်လက်ဖြင့် နားထောင်နေကြသည်။
ဝိဇ္ဇာအဆင့်မှာ ထာဝရအရှင်တစ်ယောက်ကို နှိမ်နင်းလိုက်နိုင်တယ်ဆိုတာ ဘယ်လို စွမ်းအားမျိုးလဲ …
ပါရမီရှင်တစ်ယောက်က တိုက်ပွဲမှာ သူတို့ရဲ့ကိုယ်ပိုင်အဆင့်ထက် ကျော်လွန်ပြီးတော့ တိုက်ခိုက်လို့ရတယ်။ ဒါပေမဲ့ အဲဒါနဲ့ ပိုပြီးနိမ့်တဲ့ အဆင့်တွေ အတွက်ပဲလေ
နယ်မြေငါးခုရှိလူအများက သူတို့ အခြေတည်အဆင့်မှာ ရှိစဉ်က သူတို့အဆင့်ထက် ကျော်လွန်ပြီး တိုက်ခိုက်နိုင်ခဲ့ကြသည်။
ဒါပေမဲ့ ကနဦးဝိညာည်အဆင့် ကျင့်ကြံသူက ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်တာလား။ ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူက ဝိဇ္ဇာကို အနိုင်ယူနိုင်တာလား။ အဲလိုမျိုး လုပ်နိုင်သူတွေကို လက်တစ်ဖက်ထဲနဲ့ ရေတွက်လို့ရတယ်
ဝိဇ္ဇာကျင့်ကြံသူက ထာဝရအရှင်ကို သတ်တယ်ဆိုတာက ပိုပြီးတော့တောင် ရှားပါးသေးတယ်
ထာဝရအရှင်အဆင့်ကို ရောက်ရှိအောင် လုပ်နိုင်သောသူက သာမန်ပါရမီရှင်တစ်ယောက် သေချာပေါက် မဟုတ်ပေ။
သူတို့ကို အနိုင်ရဖို့အတွက် တစ်ဆင့် တက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်သည်။ သို့သော် ရှေးခေတ်အခါက ခွန်ပန်က လုပ်ဆောင်နိုင်ခဲ့သည်။ သူ ဝိဇ္ဇာအဆင့်မှာ ရှိနေစဉ် ထာဝရအရှင်ကို နှိမ်နင်းနိုင်ခဲ့သည်။
အဲလိုမျိုး စွမ်းအားရှိမှတော့ နယ်မြေငါးခုမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်နေတာ မဆန်းပါဘူး။
ချီရှောက်ရွှမ်က ပုဆိန်လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြောလိုက်သည်
“ ဒါဆိုရင် ခွန်ပန်က ဒီကျောင်းဆောင်ကို ထားခဲ့တယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား”
ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဒီကျောင်းဆောင်က အရမ်းခမ်းနားတယ်။ ခွန်ပန်က အရမ်းစွမ်းအားကြီးပေမဲ့ ဒီလိုမျိုး ခမ်းနားကြီးကျယ်တဲ့ ဘုံဗိမာန်ကို ဖန်တီးဖို့ သူ့အတွက် အရမ်းခက်ခဲမှာပဲ။
ပြီးတော့ ရှုပ်ထွေးပွေလီ အစီအရင်ကြောင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းကို သက်တမ်း ၅၀၀ အထက် ကျင့်ကြံသူတွေ ဝင်ခွင့်မရှိဘူးလေ။
ဒါပေမဲ့ ဝိဇ္ဇာခွန်ပန်က သူငယ်ငယ်တုန်းကတော့ ဒီကျောင်းဆောင်ဆီကို လာခဲ့မယ်လို့ ယုံကြည်တယ်”
ငွေဖြူရောင်မင်းသားလေးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင်တော့ ဝိဇ္ဇာခွန်ပန်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲကို ဝင်ခဲ့ဖူးတယ်။ သူ ပိုင်နက်ထဲမှာ လှည့်လည်ပြီးတော့ သူ့စွမ်းအားတွေက အဆမတန် တိုးမြင့်လာတယ်။ ပြီးတော့ သူနဲ့ အဆင့်တူတွေအပေါ် လွှမ်းမိုးတော့တာပဲ။ သူက ပြိုင်ဘက်ကင်းတစ်ယောက်လည်း ဖြစ်တယ်လေ။
အဲဒီဝိဇ္ဇာက ပြင်ပလောကရဲ့ မိစ္ဆာဝိညာဉ်တွေ ချုံခိုတိုက်ခိုက်သတ်ဖြတ်တာကို ခံလိုက်ရတာတော့ နှမြောစရာပဲ။ သူက သူ့အမွေအနှစ်ကို ထားမသွားခဲ့ဘူး”
ရှန်ထျန်းက ခွန်ပန်ကျောင်းဆောင်ရှေ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားရင်း ပြောလိုက်သည်
“ နှမြောစရာ ကောင်းတာ ဘာမှမရှိပါဘူး။ ဒီကျောင်းဆောင်က ဒီမှာပဲ ရှိနေသေးတော့ ကံအပြောင်းအလဲ အခွင့်အရေး ကျန်နေသေးတာလည်း ဖြစ်နိုင်တယ်။ ငါတို့အထဲဝင်သွားရင် သိရမှာပဲလေ”
ထို့နောက် ရှန်ထျန်းက ခွန်ပန်ကျောင်းဆောင်၏ ဝင်ပေါက်ကို တွန်းဖွင့်လိုက်သည်။ ကြီးမားသော အားအင်တစ်ခုက သူ့လက်များကို ပြန်ပြီးတွန်းနေသလို ခံစားရသည်။ ကြီးမားသော ဝင်ပေါက်ကြီးက တောက်ပလာကာ နတ်အက္ခရာများလည်း ပေါ်ထွက်လာပြီး ပြိုင်ဘက်ကင်း စွမ်းအားတစ်ခုကို လွှတ်ထုတ်နေသည်။
တံခါးက တောင်တစ်ခုလိုမျိုး လေးလံလာသည်ဟု ရှန်ထျန်း ခံစားရပြီး တွန်းလို့မရဖြစ်နေသည်။
ဒါက စမ်းသပ်ချက် တစ်ခုဆိုတာ သေချာသည်။
စွမ်းအားမရှိသည့်သူက ဤဝင်ပေါက်ကို ဖြတ်သန်းဖို့ မထိုက်တန်ဘူးဆိုသည့် သဘောပင် ဖြစ်၏။
“ ဒီစွမ်းအားအနည်းငယ်က ငါ့ကို တားလို့မရပါဘူး”
ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သေချာမတ်တပ်ရပ်ကာ သူ့ညာဖက်လက်က ရုတ်တရက် ဆယ်ဆလောက် ကြီးမားသွားကာ ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ရှန်ထျန်းနောက်တွင် ရွှေလင်းယုန်ပုံရိပ်ကို မြင်နေရသည်။
နဂါးဖမ်း လင်းယုန်တိုက်ကွက်
အား…
ရှန်ထျန်းကိုယ်တိုင်က နတ်လင်းယုန် တစ်ကောင်ကဲ့သို့ ပြောင်းလဲသွားကာ ဝင်ပေါက်ဆီသို့ ဦးတည်သွားသည်။ ကြီးမားသော ဝင်ပေါက်ကြီးက ဂျိန်းခနဲ မြည်သံနှင့်အတူ ဖြည်းဖြည်းချင်း ပွင့်သွားသည်။ ကျယ်ဝန်းပြီး ဗလာကျင်းနေသော ကျောင်းဆောင်တစ်ခု အားလုံး၏ မျက်စိရှေ့သို့ ရောက်ရှိလာသည်။
ဟုတ်တယ် ကျယ်ဝန်းပြီးတော့ ဗလာကျင်းတယ်
ကျောင်းဆောင်ထဲမှာ ဘာဆို ဘာမှမရှိဘူး… ထိုင်ခုံလေး တစ်လုံးတောင် မရှိဘူး
တစ်စုံတစ်ယောက်က သူတို့ထက်အရင် ဒီနေရာကို ရောက်လာပြီးတော့ ရတနာတွေ အားလုံးကို ယူသွားတာ သေချာတယ်
အားလုံးက ခဏတာ စိတ်ဓာတ်ကျသွားကြသည်။ ထိုအရာကို သိပြီးသားဖြစ်သော ရှန်ထျန်းတစ်ယောက်တည်းကသာ အထဲ ဝင်သွားလိုက်သည်။
သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ တစ်စုံတစ်ခုကို ပြန်လည်မြင်ယောင်လိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ရှေ့သို့ ဆက်သွားလိုက်သည်။ ဤကျောင်းဆောင်က ကိုယ်ပိုင်ကမ္ဘာ တစ်ခုရှိနေသလိုမျိုး အရမ်းကြီးမားလှသည်။ မြေအနေအထားက အနည်းဆုံး မိုင်တစ်ထောင်ကျော် ရှိသည်။
ထို အဆုံးမရှိသော အစိတ်အပိုင်းများထဲတွင် မကြာခင်မှာပဲ ရှန်ထျန်း သူ့ ပစ်မှတ်ကို ရှာတွေ့သွားသည်။
အလယ်တွင် စည်ပင်သော ဥယျာဉ်ရှိသည့် ခြံဝင်းကြီးတစ်ခု ဖြစ်သည်။
ဟုတ်တယ် ဒါက ခွန်ပန်ကျောင်းဆောင်ထဲမှာ ပေါက်ရောက်နေတဲ့ ဝိညာဉ်ဆေးပင်တွေပဲ
တခြားသူတွေက ခွန်ပန်ကျောင်းဆောင် လာရောက်ပြီးပြီဆိုပေမဲ့ ဝိညာဉ်ဆေးပင်ဥယျာဉ်က လုံးဝ မသေသေးဘူး
နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် ဥယျာဉ်ထဲရှိ ဆေးပင်များက တစ်ဖန်ပြန်လည် ပေါက်ရောက်လာခြင်း ဖြစ်သည်။ အထွတ်အထိပ်အဆင့် ဆေးပင်များက တစ်ဖန် ပြန်လည် ပေါက်ရောက်နေကြပြန်သည်။
ဥယျာဉ်ထဲရှိ မည်သည့်ဆေးပင်တစ်ပင်မဆို အပြင်ဘက်ရှိ ကောင်းကင်အသျှင်တစ်ယောက်ကို မနာလိုဖြစ်သွားစေဖို့အတွက် လုံလောက်သည်။
“ အရမ်းများတဲ့ ဆေးပင်တွေ … အရမ်းများတဲ့အပင်တွေပဲ”
“ ဒါက အနီရင့်ရင့် ချယ်ရီပဲ။ ဝိဇ္ဇာအဆင့်ဆေးလုံးထက် ပိုပြီးတော့ လိုချင်ကြတယ်လေ”
“ ဒါက သွေးရင့်ရောင် သစ်ခွ။ ဒါက မျိုးရိုးကို မြှင့်တင်ပေးနိုင်တဲ့ သန့်စင်ပြီးတော့ ဆေးလုံးလုပ်လို့ရတယ်။ ဒါက အဖိုးမဖြတ်နိုင်တဲ့အရာပဲ”
“ ဒါက ဒဏ္ဍာရီလာ ပင်လယ်နှလုံးသားမြက် မဟုတ်လား။ ဒါက ရေကို ထိန်းချုပ်နိုင်စွမ်း မြင့်တက်စေတယ်။ ဒါက ကြီးမြတ်တဲ့ ပင်လယ်ကိုယ်တိုင် ကောင်းချီးပေးထားတဲ့ အံ့ဖွယ်မြက်ပဲ”
သူတို့လိုချင်သောပစ္စည်းကို ကောင်းကောင်းသိသည့်အဖွဲ့ဖြစ်သည့်အတွက် ဤဆေးပင်များက သူတို့ကို အရမ်းဆွဲဆောင်နေသည်။
တစ်ဖက်တွင် ရှန်ထျန်းက ထိုဆေးပင်များကို လုံးဝ စိတ်မဝင်စားပေ။ ဤနေရာက ထိုဆေးပင်များက အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေး မဟုတ်မှန်း သူ သိထားသည်။
အဖွဲ့က ဆေးပင်များကို ခွဲဝေယူပြီးနောက် သူတို့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတို့ ဖြစ်တည်လာရသည်။ ရှန်ထျန်းကတော့ သေချာပေါက် အကြီးဆုံးဝေစုကို ရရှိသည်။
ရှန်ထျန်းက ကံကြမ္မာသားတော်ဟု အားလုံးက ယုံကြည်ထားကြသည်။ သူ့မှာ ကံအပြောင်းအလဲ အခွင့်အရေးများကို ကြိုမြင်နိုင်သည့် စွမ်းရည် ရှိသည်။
မဟုတ်ရင် သူတို့ ဘယ်လိုလုပ်ပြီးတော့ ဒီလိုကောင်းတဲ့အရာမျိုးကို ဆက်တိုက်ရနေနိုင်မှာလဲ …
လုပ်ဆောင်ချက်ဖြင့် ဆုလာဘ်ကို ဝေခွဲမည်ဆိုပါကလည်း ရှန်ထျန်းက အကြီးမားဆုံးဝေစုကို ရသင့်သည်။
ဆေးပင်များကို စုဆောင်းပြီးနောက် ရှန်ထျန်းက ခွန်ပန်ကျောင်းဆောင်၏ အတွင်းပိုင်းဆီသို့ အဖွဲ့ကို ဦးဆောင်ခေါ်သွားသည်။
ခွန်ပန်ကျောင်းဆောင်က အရမ်းဆန်းကြယ်သည်ဟု ပြောလို့ရသည်။ ရှေးအခါတုန်းက ရတနာ လာရှာသူများရှိခဲ့သော်လည်း များပြားသော လျှို့ဝှက်အခန်းများက ပိတ်လျက်သား ကျန်ရှိနေဆဲ ဖြစ်သည်။
ပြိုင်ဘက်ကင်း ရှေးဟောင်းပညာရပ်များဖြင့် ထိုလျှို့ဝှက်အခန်းများကို ပိတ်ထားသည်။ သာမန်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ထိုပိတ်ဆို့မှုများကို ထာဝရရှင်သန်သူ တစ်ယောက်သာ ဖျက်ဆီးဖို့ ကြိုးစားနိုင်သည်။
သို့သော် ရှန်ထျန်း၏ ပစ်မှတ်က ထိုလျှို့ဝှက်အခန်းများ မဟုတ်ပေ။ သူက ထိုအခန်းများကို ကျော်သွားကာ ခွန်ပန်ကျောင်းဆောင်၏ အတွင်းဆုံးအပိုင်းသို့ ရောက်ရှိသွားသည်။
ထိုအရာက လေထဲမှာ မြောနေသော တောင်ကြီးတစ်လုံး ဖြစ်သည်။ အမြင့်ပေ သောင်းဂဏန်းရှိပြီး အရမ်းခမ်းနားပုံပေါ်သည်။ တစ်စုံတစ်ယောက်က တောင်ကို ထက်ခြမ်းခုတ်သွားပုံရသည်။ အလယ်တွင် ပေပေါင်းရာချီရှီသော ကွာဟမှုတစ်ခု ရှိနေသည်။
သို့သော် တောင်၏ အမြင့်နှင့် နှိုင်းယှဉ်လိုက်လျှင် ထိုကွာဟမှုက ဘာမှအရေးမပါပေ။ အဝေးမှကြည့်လိုက်လျှင် တောင်က ပြီးပြည့်စုံသည့်ပုံပေါ်သည်။
တောင်၏ တစ်ခြမ်းစီတွင် ပန်းချီကားနှစ်ချပ် ရှိနေသည်။
ဘယ်ဖက်ရှိ ပန်းချီကားက ဧရာမ လှိုင်းလုံးပြာကြီးများက ခမ်းနားသော အပြုအမူဖြင့် တိုက်စားနေသည့်ပုံဖြစ်ပြီး ထို လှိုင်းလုံးထဲတွင် ကြီးမားသောပုံရိပ်တစ်ခုက ရေကူးနေသည်။
ထိုပုံရိပ်က ငါးတစ်ကောင်နှင့်တူပြီး တောင်ထက်ပင် အရွယ်အစား ကြီးမားလှသည်။ အနည်းဆုံးတော့ မိုင်ထောင်ပေါင်းများစွာ ရှည်လျား၏။
ဟုတ်တယ် မိုင်ထောင်ပေါင်းများစွာရှိတယ်
တောင်က အရွယ်အစားအားဖြင့် မိုင်ထောင်ပေါင်းများစွာထက် နည်းသော အရွယ်အစားဖြစ်ပြီး အဖွဲ့က ပန်းချီကားကို ကြည့်ပြီး ဧရာမငါးကြီးက ဒီလောက်အထိ ကြီးကြောင်းတန်းပြောနိုင်သည်။
ခွန်ပဲ
ထိုအရာက ပြိုင်ဘက်ကင်းဆိုတာကို အဖွဲ့က သိသွားသည်။
သူ့ကျင့်ကြံရေးက သေချာပေါက် စိတ်ကူးပင် မယဉ်နိုင်လောက်သော အဆင့်ဖြစ်ပြီး ဝိဇ္ဇာအဆင့်ထက် အများကြီး ကျော်လွန်နေသည်။
အဘယ်ကြောင့်ဆိုသော် ဒီမှာရှိနေသော သူအားလုံးက ဝိဇ္ဇာအဆင့် ကျင့်ကြံသူများကို မြင်ဖူးသော်လည်း ဘယ်သူကမှ အခုလောက်ထိ အံ့ဩထိတ်လန့်စရာ မကောင်းသောကြောင့် ဖြစ်သည်။ မိုင်ပေါင်းထောင်ချီပြီး အရွယ်ရောက်နိုင်သော ဘယ်သက်ရှိသတ္တဝါမဆို သူတို့၏ စွမ်းအားက သေချာပေါက် စိတ်ကူးယဉ်လို့ပင် ရနိုင်မည် မဟုတ်ပေ။
နံရံဆေးရေးပန်းချီထဲရှိ ခွန်မျိုးနွယ်ဝင်က တကယ် တည်ရှိခဲ့ပြီး သူ့စွမ်းအားက နယ်မြေငါးခုလုံးကို အံ့ဩတုန်လှုပ်သွားစေဖို့ လုံလောက်သည်။
ညာဖက်ရှိ ပန်းချီက အဆုံးမဲ့ကောင်းကင်ထဲတွင် ပျံသန်းနေသော ပန်တစ်ကောင် ရှိနေသည်။
သူ့ကို ကြည့်ရတာ ဘယ်ဖက်အခြမ်းရှိ ခွန်ထက်ပင် ကြီးမားသည်ဟု ထင်ရသည်။ တောင်ပံများက ကောင်းကင်ကို ကာထားပြီး နေရောင်ထိုးနေသည့်အတွက် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ သူ့အောက်ရှိ ကုန်းမြေ၊ ပင်လယ်နှင့် နိုင်ငံ အားလုံးက သူ့အရိပ်အောက်တွင် နစ်မြုပ်နေသည်။
မိုင်ထောင်ချီ ရှည်လျားသည့် သူ့တောင်ပံကို ဖြန့်လိုက်သည့်အခါ ပုံရိပ်တစ်ခု ဖန်တီးထားခဲ့သည်။ ပန်က ဗလာကျင်းနေသော ကောင်းကင်ဆီသို့ ပျံသန်းနေသည်။
အားလုံး ခဏတာ အံ့ဩမှင်သက်သွားရသည်။
ထိုအရာက ပန်းချီကားများ ဖြစ်သော်လည်း သူတို့က လက်တွေ့မှာ တကယ်ဖြစ်ပျက်လာသလို ခံစားနေရသည်။ ဘယ်ဖက်တွင် ပင်လယ်နံ့ကို ရရှိပြီး ညာဖက်တွင် အံ့ဖွယ်ပန်မျိုးနွယ်၏ အော်ကြွေးသံကို ကြားနေရသည်ဟု ခံစားလာရသည်။
ဆန်းကြယ်သော အော်သံက လေထုထဲအထိ ပျံ့နှံ့သွားသည်ကိုပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ မမြင်နိုင်သော အသံလှိုင်းများက ပန်းချီကားထဲမှ ထွက်ပေါ်လာသည်ဟု ခံစားရသည်။ အသံလှိုင်းက ရှန်ထျန်းတို့ဆီ ရောက်လာပြီး ထူးခြားသော စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သူတို့ကို အထွတ်အထိပ် တာအိုတချို့ ပေးလိုက်သကဲ့သို့ ထိုစွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ထဲ လှည့်ပတ်သွားသည်။
ဤအထွတ်အထိပ် တာအိုက အရမ်းနက်နဲသိမ်မွေ့သည်။ အဖွဲ့အနေဖြင့် ဘယ်လိုအဓိပ္ပာယ် ဖော်ရမည်ဆိုတာကိုပင် မသိတော့ပေ။
“ အခုပဲ ပင်လယ်နတ်ဘုရားရဲ့ ကြယ်မျက်ရည်စက် တစ်ခုကို ချက်ချင်း အသုံးချလိုက်ရအောင်”
ရှန်ထျန်းက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ထုတ်ယူရင်း အားလုံးကို သတိပေးလိုက်သည်။
တာအိုအသစ်ကို နားလည်အောင် လုပ်ဖို့အတွက် များပြားသော ဝိညာဉ်စွမ်းအင်များကို လိုအပ်သည်။ ကံကောင်းစွာဖြင့် အဖွဲ့ဝင်အားလုံးက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်များကို သိုလှောင်ထားခဲ့သည်။ ကြယ်မျက်ရည်စက်များက ဝိညာဉ်စွမ်းအား ဖြည့်တင်းမှုအတွက် အသုံးပြုပါများလျှင် အာနိသင် လျော့နည်းလာတတ်ပြီး ငါးခုအထက် ကျော်လွန်သွားပါက သက်ရောက်မှု မရှိတော့ပေ။ သို့သော်လည်း ဝိညာဉ်စွမ်းအား ပြန်လည် အားဖြည့်ရာ၌ ကန့်သတ်ချက် မရှိပေ။
အားလုံးက ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်စက်ကို ဝါးမြိုလိုက်သည့်အခါ ဖျော့တော့သော အပြာရောင်အလင်းက သူတို့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အံ့ဖွယ်ညည်းသံက တစ်မိနစ်ချင်းစီမှာ ပိုမိုရှင်းလင်းလာသည်။ ယခု စကြာဝဠာက ပြောင်းပြန် လည်ပတ်နေသည်ဟုလည်း ခံစားရသည်။ သူတို့က ကြီးမြတ်သော သမုဒ္ဒရာနှင့် ကျယ်ပြန့်သော ကောင်းကင်ကြားမှာ ပိတ်မိနေသလို ဖြစ်နေသည်။
သူတို့အောက်တွင် သမုဒ္ဒရာထဲမှာ ရေကူးနေသော ဧရာမခွန် ရှိနေသည်။ သူတို့အပေါ်တွင် ကောင်းကင်နှင့် နေမင်းကို တောင်ပံဖြင့် ကာထားသော ဧရာမ အံ့ဖွယ်ပန်ရှိသည်။
ဧရာမခွန်နှင့် အံ့ဖွယ်ပန်တို့က သူတို့၏ တာအိုကို ဆန်းကြယ်သော အသံလှိုင်းများအဖြစ် ပြောင်းလဲပေးကာ ဗဟုသုတကို သူတို့၏ ဦးနှောက်ထဲသို့ တန်းထည့်ပေးလိုက်သည်။
ထိုအရာက ခွန်ပန်တာအို ဖြစ်သည်။
အချိန်တွေ ကုန်ဆုံးသွားပြီးနောက် အားလုံးလည်း အတော်လေး ရရှိသွားသည်။
ကြီးမားသော ခွန်ပုံရိပ်သဏ္ဌာန်က ယုဖန်ရှန်း၏ နောက်တွင် ပေါ်လာသည်။ သူမက ခွန်တာအိုကို ပိုပြီးတော့ ကောင်းကောင်းနားလည်သည်။
ချီရှောက်ရွှမ်၏ ခရမ်းရောင်အရှိန်အဝါက ပျံသန်းနေသော ပန်တစ်ကောင်အသွင် ပြောင်းလဲသွားသည်။ သူ အထွတ်အထိပ်အဆင့် ပညာရပ်အသစ်ကို သင်ယူခဲ့သည်။
ဒီထက်ပိုပြီး အံ့ဩသွားရသည်က ငမန်းမင်းသား ဖြစ်၏။ သူ့ကျောပေါ်တွင် တောခုတ်ဓားတစ်ချောင်း ရှိပြီး အဖွဲ့၏ အတည်ငြိမ်ဆုံးသူ တစ်ယောက် ဖြစ်သည်။
သို့သော် ယခုတော့ သူက ကြီးမားသော အသိစိတ်ကို ရရှိလိုက်သလိုမျိုး အမူအရာများ ကြီးမားစွာ ပြောင်းလဲသွားသည်။
သူ့နောက်တွင် သွေးရင့်ရောင် ငမန်းကြီးတစ်ကောင်၏ ပုံရိပ်သဏ္ဌာန်ရှိပြီး သမုဒ္ဒရာလှိုင်းလုံးများကြားတွင် ပျော်ရွှင်စွာ ကူးခတ်သွားလာနေသည်။ ငမန်း၏ ရေယက်တောင်များက ငှက်တောင်ပံအဖြစ် စတင်ပြောင်းလဲလာသည်။
ဟုတ်တယ် သူက ဆန်းကြယ်အသံလှိုင်းရဲ့ “ တောင်ပံအသွင်ပြောင်းခြင်း” အပိုင်းကို နားလည်ခဲ့လို့ သူ့ပုံရိပ်သဏ္ဌာန်က “ ငမန်းလင်းယုန်”အဖြစ် ပြောင်းလဲသွားတာ
ထိုအရာက အရမ်းကို့ရို့ကားရားနိုင်သော်လည်း သူသာ တကယ်နားလည်ပါက ကြီးမားသော အကျိုးအမြတ် တစ်ခု ဖြစ်သည်။
ရှန်ထျန်းကတော့ အများဆုံး ရရှိခဲ့သည်။
သူ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည့်အခါ သက်တံအံ့ဖွယ် အလင်းတန်းက သူ့ကို ရစ်ပတ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုးက စွမ်းအင်များ ပြည့်ဝသွားကာ ရှန်ထျန်း၏ စွမ်းအားအရင်းအမြစ်ကို တိုးပွာအောင် ကူညီပေးနေသည်။
ရှန်ထျန်း၏ ဘေးပတ်လည်တွင် ယင်နှင့်ယန်ကို ကိုယ်စားပြုသော အနီနှင့် အဖြူရောင်ပန်းများ ပွင့်လာကာ ခွန်ပန်ပန်းချီကားများကို ပြီးပြည့်စုံစွာ အင်အားဖြည့်ပေးနေသည်။
အဖြူရောင် ပြန့်ဟွားပန်းက ယင်နှင့် ပုံရိပ်ယောင်ကို ကိုယ်စားပြုပြီး ခွန်တာအိုနှင့် လိုက်ဖက်သည်။ အနီရောင်ပြန့်ဟွားပန်းက ယန်နှင့် လက်တွေ့ကို ကိုယ်စားပြုပြီး ပန်တာအိုနှင့် လိုက်ဖက်ညီသည်။
ပြန့်ဟွားပန်းများက အနီနှင့် အဖြူကြားတွင် သွားလိုက်ပြန်လိုက် ဖြစ်နေသည်။ ခွန်နှင့် ပန်တာအိုများကလည်း အလျင်အမြန် ပြောင်းလဲနေသည်။
ဧရာမအံ့ဖွယ် သားရဲနှစ်ကောင်၏ ပုံရိပ်သဏ္ဌာန်များက ရှန်ထျန်း၏ နောက်တွင် ပေါ်လာသည်။
တစ်ခုက အနက်ရောင် ဧရာမခွန်ဖြစ်ပြီး တခြားတစ်ခုက ရွှေရောင် အံ့ဖွယ်ပန်ဖြစ်သည်။ နှစ်ခုက ပေါင်းစပ်ပြီးနောက် ပြိုင်ဘက်ကင်း စွမ်းအား အရင်းအမြစ်အဖြစ် ပြောင်းလဲသွားသည်။
ဂျိန်း…
မြင့်မားသော ကျောက်ဆောင်က ညင်သာစွာ တုန်ခါသွားသည်။ ငြိမ်သက်နေသော အသံလှိုင်းများက ရှန်ထျန်းထဲသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
ရှန်ထျန်း၏ ဝိညာဉ်က တာအိုကို နားလည်ခြင်းလမ်းစဉ်မှာ နစ်မြုပ်နေသည့်အတွက် သူ့ဘေးပတ်လည်မှာ ဖြစ်နေသော အရာများကို သတိမထားမိပေ။
မူလက ပန်းသီးတစ်လုံး၏ အရွယ်အစားရှိသော သူ့ရွှေအမြုတေက အလျင်အမြန် အရွယ်အစား ကြီးသွားသည်။
ကျင့်ကြံသူတစ်ယောက်၏ ရွှေအမြုတေက သူတို့၏ တာအိုအပေါ် နားလည်ခြင်းကြောင့် ပြောင်းလဲသွားနိုင်သည်။ ပုံမှန်အားဖြင့် ပိုပြီး နားလည်လေလေ အက်ကြောင်းများ ဖြစ်လာလေလေဖြစ်ပြီး ရွှေအမြုတေက ပိုပြီးတော့ စွမ်းအားကြီးလာလေလေ ဖြစ်သည်။
ဥပမာအားဖြင့် ဖန်ချန်းက မိုးကြိုးတာအိုနှင့် ပတ်သက်ပြီး နားလည်မှုအသစ်ကို ရရှိသွားသည့်အတွက် ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။
ချီရှောက်ရွှမ်က ခရမ်းစံအိမ် တာအို၊ နိဗာနတာအိုနှင့် အံ့ဖွယ်နဂါးတာအိုများအပေါ်တွင်လည်း နားလည်မှုအဆင့်အသစ်သို့ ရောက်ရှိသွားသည့်အတွက် ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခြင်း ဖြစ်သည်။
ဓာတ်နှောနတ်မိုးကြိုး တာအိုအပေါ်တွင် ရှန်ထျန်းက ယခု ယင်ယန် ခွန်ပန်တာအိုကို နားလည်သွားပြီ ဖြစ်ရာ အကျိုးရလဒ်အနေဖြင့် သူ့ရွှေအမြုတေလည်း ပိုမို ကြီးမားလာသည်။
အချိန်အနည်းငယ်အတွင်းမှာပင် ရှန်ထျန်း၏ ခေါင်းပေါ်ရှိ ရွှေအမြုတေက ယခု ကျွဲကောသီး အရွယ်အစားလောက် ဖြစ်လာလေပြီ။ ထိုရွှေအမြုတေမှ လွှတ်ထုတ်သော အရှိန်အဝါက အင်မတန် ဖိအားများလှသည်။
ပြဿနာက ထိုအမြုတေပေါ်တွင် နတ်သင်္ကေတ တစ်ခုမှ မရှိပေ။
“ မြောက်ပိုင်းမြေအောက်ကမ္ဘာမှာ ခွန်လို့ လူသိများတဲ့ ငါး ရှိခဲ့တယ်။ သူတို့ရဲ့ အရွယ်အစားက မိုင်ထောင်ပေါင်းများစွာထိ ရှိနိုင်တယ်။
သူတို့က ငှက်တွေအဖြစ် အသွင်ပြောင်းသွားရင်တော့ ပန်ဆိုပြီးတော့ လူသိများကြသည်။ အဲဒီပန်တွေကလည်း အရွယ်အစားက မိုင်ထောင်ပေါင်းများစွာထိ ရှိတာပါပဲ။ ဒေါသတကြီး ပျံသန်းရင် သူတို့ရဲ့တောင်ပံတွေက ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ တိမ်တိုက်တွေလိုပါပဲ။ ရေထဲမှာဆိုရင် မိုင်ပေါင်း သုံးထောင်လောက်ထိ ရေတွေလှိုင်းဂယက် ထသွားပြီးတော့ ကောင်းကင်မှာဆိုရင် လေရဲ့ အကူအညီနဲ့ မိုင်ပေါင်း ၉ သောင်းကျော်အထိ ပျံသန်းနိုင်ကြတယ်”
ရှန်ထျန်း ရေရွတ်လိုက်သည်။
သူ့ရွှေတောင်ပံများကို ရုတ်တရက် ဖွင့်လိုက်သည့်အခါ မျက်စိကျိန်းလောက်သည်အထိ တောက်ပသွားသည်။
ရုတ်တရက် အလင်းရောင်က ရှန်ထျန်းကို လွှမ်းခြုံသွားသည်။ ထိုအခိုက်အတန့်တွင် သူကိုယ်တိုင် ရှေးဟောင်း ခွန်ပန်အဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။
တော်ဝင်ဆန်ပြီး စွမ်းအားကြီးကာ ခမ်းနားပြီး လွှမ်းမိုးလို့ မရနိုင်ဘူး
ဝုန်း…
ရှန်ထျန်း လှုပ်ရှားလိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ အာကာပြင်က ရုတ်တရက် စတင် တုန်လှုပ်သွားသည်။