← Chapters

အနာဂတ်

Vol. 161 Ch. 2285

အနာဂတ်

Vol. 161 Ch. 2285

ရီဖူရှင်း၏ အလားအလာက ကောင်းကင်ဒေသ၌ပင် လုံလောက်အောင် ကောင်းမွန်လှသည်။ သို့သော် မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများသည်လည်း သူ၏ အလားအလာနှင့် သူ့ကို စောင့်ကြိုနေသည့် အနာဂတ်အား တွေ့မြင်နိုင်ပေသည်။ သူသည် ပါရမီရှင်များစွာက လိုချင်တပ်မက်ခြင်းကို ခံရသည့် အင်ပါယာအဆင့် အမွေအနှစ် အမျိုးမျိုးကို ပိုင်ဆိုင်ထားပြီး ၎င်းတို့ကို ရီဖူရှင်းမှအပ အခြား မည်သူမှ ရယူထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထိုသို့သော အံ့သြစရာကောင်းလှသည့် ပုဂ္ဂိုလ်က နောက်ထပ် ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးနိုင်ပေလိမ့်မည်။

သူက ကြီးမြတ်သော လမ်းစဥ်နှင့် သူ့ကိုယ်သူ သက်သေပြရန် အခွင့်အရေးပင် ရှိခဲ့သေးသည်။

သို့သော် လက်ရှိ အခြေအနေတွင် ရီဖူရှင်းက ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပြီး ကိုယ်ပိုင်ခွန်အား အကန့်အသတ် ရှိသည့်အတွက်ကြောင့် သူက မဟာမိတ်များ လိုအပ်ပေသည်။ ဤကဲ့သို့သော အခြေအနေ၌ ဖြစ်တည်လာသညွ မဟာမိတ်က အတည်ငြိမ်ဆုံး ဖြစ်သည်။

ယခု ဓားနတ်မိမယ်၏ ကျင့်ကြံခြင်းက အတားအဆီးတစ်နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အထွတ်အထိပ် ရန်ဟောင်အဆင့်သို့ ရောက်ပြီးနောက် နတ်ဘုရားကပ်ဘေးကို ​ဖြတ်ကျော်ရမည်ဖြစ်ကာ ၎င်း၏ အောင်မြင်မှုက ခန့်မှန်း၍ မရနိုင်အောင် ခက်ခဲသော စိန်ခေါ်မှုပင် ဖြစ်ပေသည်။ ရီဖူရှင်းက အနာဂတ်၌ သူမကို အကူအညီ ပေးနိုင်စွမ်း ရှိပေလိမ့်မည်။ ၎င်းသည် ရီဖူရှင်းအတွက်အပြင် သူမကိုယ်တိုင်အတွက်ပါ အခွင့်အရေး ဖြစ်နိုင်ပေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ။" ရီဖူရှင်းက ဓားနတ်မိမယ်ကို အရိုအသေ ပေးလိုက်သည်။ ဓားနတ်မိမယ်တွင် အားကောင်းလှသည့် ကျင့်ကြံခြင်း ရှိပြီး သေချာပေါက် အစွမ်းထက်လှသည့် မဟာမိတ်ဖြစ်သည်။

"ကျုပ် တခြားအကြီးအကဲတွေနဲ့ စကားပြောလိုက်ဦးမယ်။" ရီဖူရှင်းက ထပ်ပြောလိုက်ပြီး ဓားနတ်မိမယ်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "သွားပါ။"

သိသာစွာပင် သူမသည် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်၏ စွမ်းအားကို ခိုင်မာလာအောင် လုပ်ချင်နေသည်အား နားလည်ပေသည်။

မူလဘုံသည် ယခင်က အရေးမပါလှသော နေရာ ဖြစ်ခဲ့ဖူးသည်။ သို့သော် ရီဖူရှင်းက ၎င်းကို တစ်ပေါင်းတစ်စည်းတည်း စုစည်းခဲ့ပြီး သူ့နောက်တွင် စီဝေကြယ်ကမ္ဘာ၏ အင်အားက ရှိနေသေးကာ ယခု မူလဘုံက အစွမ်းထက် အင်အားစုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းက မဟာမိတ်အင်အားစုများ ဆက်ရှာနေလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်က အားအကောင်းဆုံး ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ဒေသမှ အခြားအင်အားစုများနှင့် နှိုင်းယှဥ်လျှင် ကျောင်းတော်က သူတို့အများစုကို သာလွန်နေခဲ့ပြီးဖြစ်လေသည်။ နယ်မြေသခင်အိမ်တော်သည်ပင် မဟာလမ်းစဥ် ဒုတိယကပ်ဘေးအဆင့်မှ ရှင်သန်နိုင်ခဲ့သော အဆင့်ရှိ ကျင့်ကြံသူအချို့ မပါဝင်ခဲ့လျှင် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့သော ပုဂ္ဂိုလ်မျိုး ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထွက်ပေါ်လာနိုင်သည်နှင့် တပြိုင်နက် သူတို့က ကောင်းကင်ဒေသအတွင်း အင်အားစုများတွင် အစွမ်းထက်ဆုံးအင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ပြင် ဤသည်က လေးမျက်နှာကျေးရွာ၏ ဆရာသခင်ကို ထည့်သွင်းစဥ်းစားခြင်း မပြုခဲ့ပေ။ ထိုဆရာသခင်ပါ ပါဝင်လာလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို အထွတ်အထိပ်အင်အားစုတစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။ သို့သော် ဆရာသခင်သည် လောက၏ အပြင်ဘက်၌ ရှင်သန်နေသလို ထင်မှတ်ရပြီး လောကီအရေးအခင်းများ၌ ပါဝင်ပတ်သတ်ရန် စိတ်မဝင်စားပေ။ သူက မူလဘုံမှ ထိုတိုက်ပွဲတွင် ထွက်ပေါ်လာလျှင်ပင် ၎င်းက ရီဖူရှင်းကို ကာကွယ်ရန်အတွက်သာ ဖြစ်ကာ သူက ခွန်အားအပြည့်အဝ မပြသခဲ့ပေ။

ရီဖူရှင်းသည် သွမ့်မိသားစုကိုလည်း သွားရှာခဲ့သည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ သွမ့်ထျန်းရှုံသည်လည်း ချက်ချင်းပင် သဘောတူခဲ့သည်။ သူသည် ထိုတိုက်ပွဲ၌ ရီဖူရှင်းဘက်၌ နေခဲ့ပြီးဖြစ်၍ ထိုသို့သော တောင်းဆိုချက်မျိုးကို မည်သည့်အခါမှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူသည် ကောင်းကင်ဒေသ၌ ရှိစဥ်ကပင် ရီဖူရှင်းအပေါ် အထင်အမြင်ကောင်းများ ရှိခဲ့သည်။ နောက်ပိုင်းတွင် သူက လေးမျက်နှာကျေးရွာမှ ဆရာသခင်၏ ကျင့်ကြံခြင်းခွန်အားကို မျက်မြင်တွေ့ခဲ့ရပြီး ရီဖူရှင်း၏ ထူးခြားပြောင်မြောက်လှသော အရည်အချင်းတို့ကလည်း တဖြေးဖြေးချင်း ပေါ်လွင်လာသည်။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ထိုသို့သော အစွမ်းထက်သော မဟာမိတ်ကို တည်ဆောက်နိုင်သည့် အခွင့်အရေးအား မည်သည့်အခါမှ လွဲချော်ခံလိမ့်မည် မဟုတ်ကြောင်း သိသာပေသည်။

နောက်ဆုံးတွင် ရီဖူရှင်းက အင်ပါယာရှီထံသို့ သွား၍ ဦးညွှတ်ကာ ပြောလိုက်သည်။ "အင်ပါယာရှီ။"

"မင်း အခု ဘာပြောမလဲ ကျုပ် သိတယ်။ မင်း ကျုပ်ကိုလည်း ကျောင်းတော်ရဲ့ မဟာမိတ်ဖြစ်လာစေချင်တာမလား။" အင်ပါယာရှီက ပြုံးကာ ရီဖူရှင်းကို မေးလိုက်သည်။

"ကျွန်တော် မလုပ်ရဲပါဘူး။" ရီဖူရှင်းက ခေါင်းကို ယမ်းကာ ပြောလိုက်၏။ "ကျွန်တော့်ရဲ့ အသက်ကို စီနီယာက ကယ်ခဲ့တာပါ။ မဟုတ်ရင် တုန်းဟွာနယ်မြေက တိုက်ပွဲမှာ အသတ်ခံခဲ့ရပြီး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ မိတ်ဆွေတွေ အားလုံးက စီနီယာအပေါ် အကြွေးတင်ထားတာကြောင့် ကျွန်တော့်အနေနဲ့ စီနီယာနဲ့ တစ်ခုခု အပေးအယူလုပ်နိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ ကျွန်တော်က စီနီယာနဲ့ လိပ်နတ်ဘုရားကျွန်းစုက ကျင့်ကြံသူတွေ စီဝေ့ကြယ်ကမ္ဘာမှာ ဆန္ဒရှိတဲ့အချိန်တိုင်း လာကျင့်ကြံနိုင်တယ်ဆိုတာ သိစေချင်တာပါ။ လေးမျက်နှာကျေးရွာကိုလည်း ဆန္ဒရှိရင် လာနိုင်ပါတယ်။ ရွာထဲမှာ လိပ်နတ်ဘုရားကျွန်းစုက ရန်ဟောင်တွေနဲ့ သင့်တော်မယ့် ကျင့်ကြံရေးနေရာတချို့ ရှိတယ်။"

"အင်း။" အင်ပါယာရှီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ကျုပ်မှာ အခွင့်အရေးရှိရင် ရွာမှာရှိတဲ့ ဆရာသခင်ဆီ သွားလည်ချင်ပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက်ပေးမိသလို ဖြစ်မလား မသိဘူး။"

"အင်ပါယာရှီက လူကိုယ်တိုင် လာလည်မယ်ဆိုရင် ဆရာသခင်က လက်ခံတွေ့ဆုံဖို့ ဆန္ဒရှိမှာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

အင်ပါယာရှီနှင့် ဆေးအင်ပါယာကို ရီဖူရှင်းက မဟာမိတ်အကြောင်း ပြောနေရန် မလိုပေ။ သူသည် ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျင့်ကြံခဲ့ပြီး အင်ပါယာရှီအပေါ် အသက်ကြွေးတင်နေခဲ့သည်။ သူတို့၏ ပတ်သတ်မှုက မတူညီသည့်အတွက်ကြောင့် မဟာမိတ်အကြောင်းကို ပြောနေရန် လိုလိမ့်မည် မဟုတ်ပေ။

ထို့ပြင် သူက ထိုအကြောင်းကို မညွှန်းဆိုခဲ့လျှင်ပင် အခက်အခဲ ဖြစ်လာသည့်အချိန်၌ အင်ပါယာရှီ၊ ဆေးအင်ပါယာနှင့် အခြားသူများက သူ့ဘက်မှ ရပ်တည်ပေးရန် နှေးဖင့်နေလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတိုက်ပွဲတွင် သူတို့အားလုံးလည်း ထိုနေရာ၌ ရှိနေကြပေသည်။

"ဖူရှင်း။" အင်ပါယာရှီက ရီဖူရှင်းကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ "မင်း အခု မဟာအင်ပါယာတွေရဲ့ စွမ်းအားကို နားလည်ထားပြီး မင်းရဲ့ နားလည်သဘောပေါက်မှုက နက်ရှိုင်းလာတာကြောင့် မင်းရဲ့ ကျင့်ကြံမှုက တခြား သာမန်ကျင့်ကြံသူတွေထက် ပိုပြီး မြန်ဆန်လိမ့်မယ်။ ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အချိန်ဘယ်လောက် ယူရမလဲ။"

"နှစ်ပေါင်းနှစ်ဆယ်အတွင်း။" ရီဖူရှင်းက ပြောလိုက်သည်။

"နှစ်ပေါင်းနှစ်ဆယ်။" အင်ပါယာရှီက ခေါင်းညိတ်လိုက်၏။ သူက နှစ်ပေါင်းနှစ်ဆယ်အတွင်း အမှန်တကယ် လုပ်နိုင်ခဲ့လျှင် ၎င်းက အလွန် မြန်သည်ဟု သတ်မှတ်နိုင်သည်။ ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်နှင့် ရန်ဟောင်အထွတ်အထိပ်သို့ ခြေလှမ်းသွားနိုင်သည်နှင့် ကပ်ဘေးအဆင့်အောက်မှ မည်သည့်ကျင့်ကြံသူကိုမဆို ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။

"နတ်ဘုရားကပ်ဘေးကိုရော ဘယ်လိုလဲ။" အင်ပါယာရှီက ထပ်မေးလိုက်၏။

ရီဖူရှင်းက ခေါင်းယမ်းလိုက်၏။ "ရန်ဟောင် အထွတ်အထိပ်အဆင့်ကိုတောင် မထိတွေ့ရသေးတာမို့ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ သေချာမသိဘူး။"

"ဘယ်အဆင့်ထိ ရောက်နိုင်မယ်လို့ ထင်လဲ။" အင်ပါယာရှီက သူ့ကို ကြည့်ကာ မေးလိုက်သည်။ သူက လိပ်နတ်ဘုရားကျွန်းစုနယ်မြေ၌ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်သောအခါ အလွန် အန္တရာယ်များခဲ့သည်။ သူသည် သူ့အကန့်အသတ်ကို ခံစားမိခဲ့ပြီး ဖြစ်ကာ သူ၏ ကျင့်ကြံခြင်းက အကန့်အသတ်သို့ ရောက်နေပြီး ဖြစ်သည်။

သူသည် ကိုယ်ပိုင် တိုးတက်မှုနှင့် ပတ်သတ်ပြီး အတော်လေး စိတ်ကျေနပ်ခဲ့သည်။ သူက ဤအဆင့်၌  ရပ်တန့် နေခဲ့ရလျှင်ပင် သူက ဤလောကမှ ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် မည်သည့် ကျင့်ကြံသူမဆို ပို၍ မြင့်သော အဆင့်သို့ တက်ရောက်ချင်နေဆဲ ဖြစ်ကာ သူသည် အမြင့်ဆုံးသို့ ရောက်ရန် ခြေလှမ်းအနည်းငယ်သာ လိုတော့ပေသည်။ သို့သော် ထိုခြေလှမ်းအနည်းငယ်က အစွမ်းထက်သော လူများအတွက်ပင် ကျော်လွှား၍ မရနိုင်သော တောင်တစ်လုံးကဲ့သို့ ဖြစ်သည်။

ရီဖူရှင်းသည် သူ၏ ငယ်ဘဝအကြောင်း ပြန်စဥ်းစားနေသလို စဥ်းစားတွေးတောနေသည့် အကြည့်တို့ ရှိနေခဲ့သည်။ သူက မွေးစားအဖေကို စဥ်းစားမိသည်။ ထို့နောက် အတိတ်ကာလများတွင် တွေ့ကြုံခဲ့ရသော မှတ်ဉာဏ်များထဲ အချိန်တစ်ခုထိ ပိတ်မိနေခဲ့သည်။ သို့သော် အချို့သော ကိစ္စများက သူ၏ အတွင်းထဲမှ လောင်မြိုက်နေခဲ့ပြီး ဖြစ်သည်။

သူသည် ကြီးမြတ်သောသူ ဖြစ်လာရန် ကံကြမ္မာရှိပြီး သူက မွေးစားအဖေနှင့် သူကိုယ်တိုင်ကို ယုံကြည်ပေသည်။ သူသည် အချိန်တန်သည့်အခါ ထိုအဆင့်သို့ ရောက်ရှိပေလိမ့်မည်။

"မဟာအင်ပါယာ။" ရီဖူရှင်းက အင်ပါယာရှီကို ကြည့်လိုက်သည်။

အင်ပါယာရှီက ရီဖူရှင်း၏ မျက်လုံးများကို ကြည့်လိုက်လျှင် ထိုမျက်လုံးများထဲမှ ယုံကြည်ချက်ကို မြင်နိုင်ပေသည်။ စကားလုံးတစ်လုံးတည်းနှင့် ဤလောကရှိ မည်သူကများ သူတို့ မည်သည့်အဆင့်ထိ ရောက်နိုင်သည်ဟု ကြေညာရဲပါသနည်း။

မဟာလမ်းစဥ် ဒုတိယအဆင့် ကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သည့် သူပင်လျှင် သူတို့ကိုယ်သူတို့ အတင့်ရဲပြီး ထိုကဲ့သို့ ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။

သို့သော် ရီဖူရှင်းသည် သူ ထိုအဆင့်သို့ ရောက်နိုင်သည်ဟု ရှင်းလင်းစွာ ပြောခဲ့ပေသည်။

အင်ပါယာရှီက ရင်ထဲ ထိခတ်သွားခဲ့သည်။ ဤလူငယ်က သူ့ကိုယ်သူ မယိမ်းယိုင်သော ယုံကြည်ချက် ရှိပေသည်။

"ကျုပ် အဲဒါကို မြင်တွေ့ရဖို့ မစောင့်နိုင်လောက်ဘူး။" အင်ပါယာရှီက မျှော်လင့်ချက်တချို့နှင့် ပြုံးကာ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အလွန် အစွမ်းထက်သည့် အရှိန်အဝါတစ်ခုက သူတို့ပေါ်သို့ တိုက်ရိုက်ကျရောက်လာကာ ရီဖူရှင်းနှင့် အင်ပါယာရှီတို့၏ စကားဝိုင်းကို ရပ်တန့်သွားစေသည်။ သူတို့က အဝေးသို့ ကြည့်လိုက်လျှင် ကြယ်များ၏ အောက် အနှိုင်းမဲ့ကြယ်ရောင်တို့နှင့် လွှမ်းခြုံခံထားရသော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရသည်။ ကြယ်ကောင်းကင်အထက်၌ အင်ပါယာကြယ်တစ်ခုမှ ခမ်းနားထည်ဝါလှသော နတ်ရောင်ဝါတို့ ထုတ်လွှတ်နေခဲ့သည်။ အင်ပါယာကြယ်၏ နတ်ရောင်ဝါတို့က ထိုကျင့်ကြံသူပေါ်သို့ ကျရောက်နေပြီး သူ့ခန္ဓာကိုယ်၌ ကြောက်မက်ဖွယ် အပြောင်းအလဲတို့ ဖြစ်ကာ သူ၏ အရှိန်အဝါက ပို၍ အားကောင်းလာသည်။

"ဦးလေးထျယ်။" ရီဖူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ထွက်ပေါ်လာသည်။ နတ်ရောင်ဝါတို့ဖြင့် လွှမ်းခြုံခံထားရသူမှာ မျက်မမြင်ထျယ် ဖြစ်လေသည်။

ဖော်ပြ၍မရနိုင်သော နတ်ရောင်ဝါတို့က မျက်မမြင်ထျယ်ထံမှ ပေါက်ကွဲထွက်လာပြီး နတ်ဘုရားတူ၏ သဏ္ဌာန်က ခပ်ရေးရေး ထွက်ပေါ်လာကာ ထိတ်လန့်ဖွယ် စွမ်းအားတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူက ရွှေရောင်ချပ်ဝတ်ဖြင့် လွှမ်းခြုံခံထားရပြီး သူ့အနီးတွင် တောက်ပသည့် အလင်းတို့ စီးဆင်းနေသည်။ သူ့ထံမှ ပို၍ ပြီးပြည့်စုံသော အရှိန်အဝါတို့ ဖြန့်ကျက်ထွက်ပေါ်လာသည်။

လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများသည်လည်း ထိုနေရာသို့ ကြည့်နေကာ အတော်လေး စိတ်လှုပ်ရှားနေကြသည်။

မျက်မမြင်ထျယ်က အဆင့်တက်သွားခဲ့ပြီ ဖြစ်၏။

All Chapters