အပိုင်း (၃၂၃)
Vol. 24 Ch. 323
ရှမ့်လန်သည် စာကို ကောက်ယူလိုက်၏။ လက်ရေးလက်သားကို ကြည့်ရှုရန် မလိုချေ။ ထိုအရာကို သူ အလွန် ရင်းနှီးပြီး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့ယောက္ခထီး ကျင်းကျိုး၏ လက်ရေးလက်သားနှင့် တူညီနေသောကြောင့်ပင်။ အထူးသဖြင့် ကျင်းကျိုး ရေးသားသည့် လက်ရေး ခပ်သော့သော့ ပုံစံမျိုးနှင့် တစ်ပုံစံတည်းပင်။
သာမန်လူများ ခွဲခြားနိုင်မည် မဟုတ်သော်လည်း ရှမ့်လန်က ထိုအရာကို ခွဲခြား၍ရ၏။ ဤအရာက သူ့၏ယောက္ခထီး လက်ရေးမဟုတ်ကြောင်း သူ သိရှိ၏။ မျက်မှောက်ခေတ်ကာလတွင် ထိုအရာများကို သေသေချာချာ စစ်ဆေး၍ မဖြစ်နိုင်တော့သည့် အခြေအနေအထိ လိမ်လည်လှည့်စားနိုင်စွမ်း ရှိနေသည်ဆိုလျှင်တောင်မှ လက်ရှိလောကကြီးတွင်တော့ ထိုမျှအထိ သပ်ရပ်အောင် လိမ်ညာ လှည့်စားနိုင်လိမ့်မည် မဟုတ်ချေ။
ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်သည် သူ့ယောက္ခထီး၏ လက်ရာကို တထေရာတည်းတူအောင် ရေးသား ခဲ့ခြင်းသာ ဖြစ်၏။ စာ၏အကြောင်းအရာကို သူက ဆက်လက်ကာ ကြည့်ရှုလိုက်၏။ တကယ့်ကို လက်တွေ့ကျပြီး ကျင်းကျိုး၏ စရိုက်လက္ခဏာနှင့် အလုံးစုံ ကိုက်ညီလို့နေ၏။
ပထမဦးဆုံး စာထဲမှာတော့ ကျင်းကျိုးသည် ရွှဲ့ပြည်နယ်၏ ဘုရင်မင်းမြတ်အပေါ်တွင် သစ္စာစောင့်သိကြောင်း ဖော်ပြထား၏။ မူဝါဒသစ်၏ ဓားသွားသည် သူ၏လည်ပင်းပေါ်သို့ ရောက်ရှိနေသောကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် တန်ပြန်တိုက်ခိုက်ခဲ့ရပြီး နုရှောင့်မြို့ကို ပရိယာယ်နှင့် သိမ်းပိုက်ခဲ့ကြောင်း ရေးသားထားသည်။
သို့ပေမည့် ကျင်းမိသားစုသည် ရွှဲ့ပြည်နယ်ကို သစ္စာဖောက်ရန် အစီအစဉ် မရှိကြောင်းနှင့် တစ်ဖက်လူများမှ တောင်းဆိုထားသည့် ကိစ္စရပ်များ ထပ်မံ မပြုလုပ်ရန် သတိပေး ရေးသားထားသည်။ စာ၏အဆုံးမှာတော့ ကျန်းချုံးသည် အလွန်နှိမ့်ချသည့်လေသံဖြင့် ဝူပြည်နယ်၏ ချစ်ခင်မှုကို ကျေးဇူးတင်ကြောင်း ဖော်ပြထားခဲ့၏။
ဝူပြည်နယ်နှင့် မပူးပေါင်းနိုင်သော်လည်း ဝူပြည်နယ်နှင့် မိတ်ဆွေများအဖြစ် ဆက်လက်နေထိုင်လိုကြောင်း ရေးသားထားသေး၏။ စာထဲတွင် သူသည် အလုံးစုံ သစ္စာမဖောက်ဟု ပြောထား၏။ သို့ပေမည့် ဤစာသာ အစစ်ဖြစ်လျှင် ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏အမြင်၌ ခွင့်မလွှတ်နိုင်သည့် အကြောင်းအရာ အပြစ်ကြီး ဖြစ်ပေလိမ့်မည်။
ဝူနှင့်ရွှဲ့ပြည်နယ်တို့သည် ရန်သူများ ဖြစ်၏။ ၁၁ ရက်ကြာလျှင် ဝူနှင့်ရွှဲ့ပြည်နယ်တို့သည် နယ်စပ်တွင် အမဲလိုက်ရန် (စစ်တုရင် နှင့် စစ်သည်ချင်း ပြိုင်ပွဲတစ်ခုလို ယှဉ်ပြိုင်ခြင်း) ချိန်းဆိုထားပြီး ဖြစ်၏။ ကျင်းကျိုးသည် ဝူပြည်နယ်နှင့် တိတ်တဆိတ် မိတ်ဆွေဖွဲ့နေသည်လား။
ဤအရာမှ နိုင်ငံတော်ကို သစ္စာဖောက်ခြင်းမဟုတ်လျှင် မည်သည့်အရာက သစ္စာဖောက်ခြင်း ဖြစ်မည်နည်း။
ရှမ့်လန်သည် လျှို့ဝှက်စာကို တစ်ချက်ကြည့်ရှုလိုက်၏။ “ဒီစာက အတုပါပဲ။ ကျုပ်ရဲ့ယောက္ခထီးက ဝူပြည်နယ်ကို ဘယ်စာမှ မရေးခဲ့ပါဘူး”
စုံစမ်းစစ်ဆေးရေးမှူး ဒုတိယဝန်ကြီး ယွီချန်ကျူးက ပြောလိုက်သည်။ “မှတ်တမ်းထိန်းအရာရှိ ရှမ့်လန်.. ဒီစာက အတုလို့ ပြောချင်တာလား။ သက်သေရှိလား။ အထဲကလက်ရေးက ရွှမ်ဝူမြို့စားကြီးရဲ့ လက်ရေးဆိုတာ ရှင်းနေတာပဲ။ ဘုရင်မင်းမြတ်ကိုယ်တိုင် ရွှမ်ဝူမြို့စားရဲ့ လက်ရေးကို မှတ်မိတယ်”
ဘုရင်မင်းမြတ် မှတ်မိသည်မှာ သေချာ၏။ တော်ဝင်မိသားစု၏ ပွဲတော်ကျင်းပသည့်အချိန်တိုင်း ကျင်းကျိုးသည် မြို့တော်ဆီသို့ ကိုယ်တိုင်မလာသော်လည်း ဂုဏ်ပြုလွှာများကို ပေးပို့လေ့ရှိ၏။ နှစ်စဉ်နှစ်တိုင်း ဆိုသလို ဂုဏ်ပြုလွှာ ဆယ်ခုကျော်မျှ ပေးပို့ခဲ့ရာ ကျင်းကျိုး၏လက်ရေးကို ဘုရင်မင်းမြတ်က အလုံးစုံ ရင်းနှီးနှင့်နေပြီ ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဘုရင်မင်းမြတ် ဒီစာက အတုပါပဲ။ တစ်စုံတစ်ယောက်က ကျုပ်ရဲ့ ယောက္ခထီး လက်ရေးအတိုင်း တုပြီး ရေးထားတာပါပဲ”
ဘုရင်မင်းမြတ်သည် ရှုပ်ထွေးသည့် ခံစားချက်များကို ရရှိလိုက်၏။ ဤစာက အတုဖြစ်နိုင်ခြေများကြောင်း သူ သိ၏။ သို့ပေမည့် ဘုရင်မင်းမြတ်တစ်ယောက်အနေနှင့် မယုံကြည်ခြင်းထက် ယုံကြည်လိုက်တာ ပို၍ကောင်း၏။ ထို့အပြင် ကျင်းမျိုးနွယ်ကို နယ်စားဘွဲ့မချီးမြှင့်ဘဲ လပေါင်းများစွာ ဆိုင်းငံ့ထားခဲ့သည်ဖြစ်ရာ ကျင်းကျိုးသည် ဒေါသထွက်၍ စိတ်မထိန်းနိုင်ဘဲ ဝူပြည်နှင့် စာများပေးပို့ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
နန်းတွင်းစစ်ဆေးရေးမှူး ဒုတိယဝန်ကြီး ယွီချန်ကျူးက ထပ်မံကာ ပြောလိုက်သည်။ “ရှမ့်လန်.. ငါ မင်းကို တစ်ခုပဲ မေးမယ်။ ဝူပြည်နယ်ရဲ့အရာရှိသုံးယောက်က နုရှောင့်မြို့ကို လာခဲ့လား။ သူတို့က ကျင်းကျိုးနဲ့ လျှို့ဝှက် ဆွေးနွေးခဲ့လား”
ရှမ့်လန်က ပြောလိုက်၏။ “လာခဲ့ပါတယ်။ သူတို့ နုရှောင့်မြို့ကို တိတ်တဆိတ် လာခဲ့ကြတယ်။ ပြီးတော့ ပင်လယ်ကုန်သည်တွေအဖြစ် ဟန်ဆောင်ပြီး မြို့ရဲ့ အစည်းအဝေးထဲ ဝင်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ယောက္ခထီးက သူတို့ကို လုံးဝ မတွေ့ခဲ့ဘူး။ လျှို့ဝှက်ဆွေးနွေးဖို့ဆိုတာ ဝေးမှဝေးပေါ့”
ယွီချန်ကျူးက ပြောလိုက်သည်။ “လူတော်တော်များများ ရှင်းရှင်းလင်းလင်း သိပြီးသားပဲ။ အထူးသဖြင့် ရေနက်တပ်ဖွဲ့က သူလျှိုတွေပေါ့။ ဒီအရာရှိသုံးယောက် နုရှောင့်မြို့စားအိမ်တော်ထဲကို ဝင်သွားပြီး နှစ်နာရီကျော်မှ ပြန်ထွက်လာတာကို သူတို့ မြင်ခဲ့တယ်။ လျှို့ဝှက်ဆွေးနွေးမှု မရှိဘူးဆိုတာ ဘယ်သူက ယုံမှာလဲ”
ဤသည်က အမှန်ပင် ဖြစ်၏။ ဝူပြည်နယ်မှ အရာရှိသုံးဦးတို့သည် နုရှောင့်မြို့စားအိမ်တော်တွင် နှစ်နာရီ ကျော်ကြာ နေထိုင်ခဲ့၏။ သို့ပေမည့် မည်သည့်ဆွေးနွေးမှုကိုမှ မပြုလုပ်ခဲ့ချေ။ ထိုအချိန်က ကိုယ်ရေး အထောက်အထားများ ပေါ်ပေါက်ခြင်း မရှိသေးချေ။ ထို့ကြောင့် တခြားပင်လယ်ကုန်သည်များနှင့်အတူ စီးပွားရေးကိစ္စ ဆွေးနွေးရန် နုရှောင့်မြို့စားအိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်၏။
ကျင်းကျိုးသည် ထိုသူတို့ကို မတွေ့ခဲ့ချေ။ ပြီးနောက်မှာမှ ဝူပြည်နယ်၏ အရာရှိသုံးဦးတို့သည် သူတို့၏ ကိုယ်ရေး အထောက်အထားများကို တမင်တကာ ဖော်ထုတ်ခဲ့၏။ ဤအရာက ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဝူပြည်နယ်သည် ကျင်းကျိုးကို ဆွဲဆောင်ရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ရှမ့်လန်သည် ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို တစ်နေ့တခြား ပိုမိုကာ ရရှိလာကြောင်း မြင်ရချိန်မှာတော့ ဝူပြည်နယ်သည် တကယ်ပင် ဒေါသထွက်ခဲ့၏။
ထို့ကြောင့် စိတ်မရှည်တော့ဘဲ ဒေါသတကြီးဖြင့် ရွှမ်ဝူအိမ်တော်ကို ရှင်းပစ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ အခြေအနေကို အခွင့်အရေးယူပြီး သွေးခွဲရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
‘ကျင်းကျိုး.. ခင်ဗျားက ရွှဲ့ပြည်နယ်အပေါ်မှာ သစ္စာစောင့်သိတယ် မဟုတ်လား။ ကျုပ်တို့ကို သစ္စာ မစောင့်သိချင်ဘူး မဟုတ်လား။ ဒါဆိုရင် ခင်ဗျားကို အဲဘက်ခြမ်းရဲ့ သစ္စာဖောက်ဖြစ်အောင် လုပ်ပစ်ရမယ်’
“ယွီချန်ကျူး... ကျုပ်ရဲ့ယောက္ခထီးက ဝူပြည်နယ်ဆီသို့ လျှို့ဝှက်တစ်စောင် ရေးခဲ့တယ်ဆိုရင် ဒါ ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ။ ဒီစာက ဘယ်လိုဖြစ်ပြီး ခင်ဗျားလက်ထဲကို ရောက်လာတာလဲ” ရှမ့်လန်သည် လှောင်ပြောင်သလို မေးမြန်းလိုက်၏။
ယွီချန်ကျူးက ပြောလိုက်သည်။ “တိုက်ဆိုင်လို့ပေါ့။ ဝူပြည်နယ်မှာ ကျုပ်တို့ ရွှဲ့ပြည်နယ်ရဲ့ အဆင့်မြင့်သူလျှို တစ်ယောက်ရှိနေပြီး ဒီစာကို ကြားဖြတ်လုယူနိုင်ခဲ့တယ်။ ဒါတင်သာ မကသေးဘူး။ ခင်ဗျားရဲ့ ယောက္ခထီး ဆီမှာလည်း ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိတဲ့ လူတစ်ယောက် ရှိနေတယ်။ ဒီလျှို့ဝှက်စာရဲ့ တည်နေရာကို ရေနက်တပ်ဖွဲ့က လူတွေကို သတင်းပေးခဲ့တယ်။ ဒါကြောင့် ဒီလျှို့ဝှက်စာကို ကျုပ်တို့ ယူခဲ့နိုင်တာပေါ့။
ကောင်းကင်ဘုံက ကျုပ်တို့ရွှဲ့ပြည်နယ်ကို ကောင်းချီးပေးခဲ့တာပဲ။ မဟုတ်ရင် ကျင်းကျိုး နိုင်ငံတော်ကို သစ္စာဖောက်တာ ဘယ်သူမှသိမှာ မဟုတ်ဘူး။ ဟား ဟား ဟား ဟား”
ယွီချန်ကျူးသည် ရှမ့်လန်၏နှလုံးသားထဲသို့ ဆူးတစ်ချောင်းကို စိုက်ဝင်စေခဲ့၏။ ကျင်းကျိုး၏ဘေးတွင် သူလျှိုရှိနေကြောင်း တမင်တကာ ပြောခဲ့၏။ သို့ပေမည့် ဤသူလျှိုသည် မရှိနိုင်ခြေများ၏။
ရန်သူ၏အဆိပ်အတောက် ဖြစ်စေသည့် အကြံအစည်သည် တကယ့်ကို ထူးချွန်လွန်းပြီး ရှုပ်ထွေးခြင်းလည်း မရှိချေ။ သို့ပေမည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသည့် အရာမျိုးပင်။
အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်သည် သံသယကြီးမားလွန်းသည်။ ဘုရင်မင်းမြတ်၏ ဒေါသကို ဆွဲထုတ်နိုင်သည်ဆိုပါက သူ့ နှလုံးသားထဲတွင် ရှိနေသည့် သံသယက ပိုမိုကာ ကြီးမားလာပေလိမ့်မည်။
“ရှမ့်လန်.. ဒီလျှို့ဝှက်စာက အတုဖြစ်တယ်ဆိုတဲ့အကြောင်း မင်း ... ဘယ်လိုသက်သေပြမလဲ။ မပြနိုင်ဘူး မဟုတ်လား”
နန်းတွင်းစုံစမ်းစစ်ဆေးရေးမှူး ဒုတိယဝန်ကြီး ယွီချန်ကျူးက ပြောလိုက်၏။ “အရှင်မင်းကြီး... ဝူပြည်နယ်ရဲ့ အရာရှိသုံးဦးတို့က နုရှောင့်မြို့ကိုသွားပြီး ကျင်းကျိုးနဲ့ လျှို့ဝှက်ဆွေးနွေးခဲ့တာ အမှန်ပါပဲ။ ကျင်းကျိုးနဲ့ ဝူပြည်နယ်တို့ လျှို့ဝှက်စာတွေ အပြန်အလှန်ပေးပို့ခဲ့တာလည်း အမှန်ပါပဲ။ ကျင်းမျိုးနွယ်တွေက ကျုပ်တို့ကို သစ္စာမဖောက်သေးဘူးဆိုပေမဲ့ ပုန်ကန်လိုစိတ်ရှိနေတာ ရှင်းလင်းနေပါပြီ။ အချိန်မီမတားဆီးနိုင်ဘူးဆိုရင် တကယ့်ကို ကြီးမားတဲ့ ဘေးဒုက္ခတွေ ရောက်ရှိလာနိုင်ပါတယ်”
ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။ “ယွီချန်ကျူး.. ကျုပ် ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲ။ ရွှမ်ဝူမြို့စား သစ္စာဖောက်တာကို ဘယ်လိုတားဆီးရမလဲ”
ယွီချန်ကျူးက ပြောလိုက်၏။ “ရွှမ်ဝူမြို့စားကြီးရဲ့ သခင်လေး ကျင်းမူကုန်းနဲ့ သမက်တော် ရှမ့်လန်တို့ နှစ်ယောက်လုံးက မြို့တော်မှာ ရှိပါတယ် ဘုရင်မင်းမြတ်။ သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျင်းကျိုးကို နုရှောင့်မြို့ပေါ်မှာ သိမ်းဆည်းထားတဲ့အရာအားလုံးကို စွန့်လွှတ်ဖို့ အတင်းအကျပ် ဖိအားပေးလိုက်ပါ။ ဒါဆိုရင် ပြဿနာကို တစ်ခါတည်း အပြီးအပြတ် ဖြေရှင်းသလို ဖြစ်သွားမှာပါ”
ဤစကားကို ကြားသည့်အချိန်မှာတော့ လူတိုင်း၏ နှလုံးသားများအားလုံးသည် တင်းကျပ်သွားခဲ့၏။ တကယ့်ကို ယုတ်မာလွန်းသည့်လူ ဖြစ်၏။ ဤသည်မှာ ကျင်းကျိုးနယ်စားကြီး ဖြစ်လာမည့် လမ်းကြောင်းကို တားဆီးရုံ သာမက ရှမ့်လန်နှင့် ကျင်းမူကုန်းတို့၏ အသက်ရှင်ရပ်တည်မှုကိုပါ ဖြတ်တောက်ပစ်ရန် ကြိုးစားခြင်း ဖြစ်သည်။
ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် ဓားစာခံအဖြစ် ဖမ်းဆီးခံရသည်နှင့်တစ်ပြိုင်နက် သူတို့သည် ရွှမ်ဝူမြို့စားကို ပုန်ကန်ရန် အတိအကျ ဖိအားပေးသလို ဖြစ်ပေလိမ့်မည်။ ရွှမ်ဝူမြို့စား ပုန်ကန်သည်နှင့်တစ်ပြိုင်နက် ကျင်းမူကုန်းနှင့် ရှမ့်လန်တို့၏အသက်သည် အန္တရာယ်ကျရောက်လာပေလိမ့်မည်။ ဒုက္ခိတ ပျားတုတ်သလိုပင် ဖြစ်ပေမည်။
ရှမ့်လန်သည် ဦးညွတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ယွီချန်ကျူးက ဝူပြည်နယ်နဲ့ ပူးပေါင်းပြီး ရွှဲ့ပြည်နယ်ရဲ့ အမှုထမ်းတွေကြားမှာ သွေးခွဲနေတယ်လို့ ကျုပ် စွပ်စွဲချင်ပါတယ်။ ဒီလူက ဝူပြည်နယ်ရဲ့ သူလျှိုတစ်ယောက် ဖြစ်ရမယ်။ အရှင်မင်းကြီး.. သူ့ကို သတ်ဖြတ်ပစ်တော်မူပါ”
နန်းတွင်း စုံစမ်းစစ်ဆေးရေးဌာန၏ ဒုတိယဝန်ကြီး ယွီချန်ကျူးသည် လှောင်ပြောင်ရယ်မောကာဖြင့် ပြောလိုက်သည်။ “မှတ်တမ်းထိန်းအရာရှိ ရှမ့်လန်.. မင်း တကယ့်ကို စိတ်ပျက်လက်ပျက် ဖြစ်နေပြီလား။ မင်းရဲ့လှည့်ကွက်တွေ အကုန်လုံး ကုန်သွားပြီဆိုတော့ စကားနဲ့ ပြန်ကိုက်ဖို့ ကြိုးစားနေတာလား။ ငါ မင်းကို မေးမယ်။ ကျင်းကျိုး ဝူပြည်နယ်ဆီပို့ခဲ့တဲ့ လျှို့ဝှက်စာက အတုဖြစ်ကြောင်း သက်သေပြဖို့ မင်းဆီမှာ အထောက်အထား ရှိလား။
ဝူပြည်နယ်ရဲ့ အရာရှိသုံးယောက် နုရှောင့်မြို့ကို လျှို့ဝှက်ရောက်ရှိလာခဲ့ပြီး မြို့စားအိမ်တော်မှာ နှစ်နာရီ ကျော်ကြာ ဆွေးနွေးခဲ့တယ်ဆိုတာ အမှန်ပဲ မဟုတ်ဘူးလား။ မင်းတို့ ကျင်းမိသားစုက အရင်ထဲက မသန့်မရှင်း နေထိုင်ခဲ့တာကို အခုမှ လာပြီး သန့်ရှင်းချင်နေတယ် ဟုတ်လား။ ရယ်ချင်စရာ ကောင်းလိုက်တာ”
ဝန်ကြီး၊ ဝန်ထောက်၊ ဝန်မတ်တု့သည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုနေကြ၏။ အားလုံးသောသူတို့၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အရောင်များ ပေါ်ပေါက်နေ၏။ ဤအချိန်မှာတော့ ကျင်းမိသားစုသည် မြစ်ထဲသို့ ခုန်ချလျှင်ပင် မိမိကိုယ်ကိုယ် သန့်စင်ကြောင်း သက်သေပြနိုင်တော့မည် မဟုတ်ချေ။
ရှမ့်လန်ကဲ့သို့ သာမန်အရာရှိ တစ်ယောက်အနေနှင့် စုနန်ကို ဖက်ပြိုင် တိုက်ခိုက်နိုင်မည်လား။ မည်သို့မှ မဖြစ်နိုင်ပေ။
နယ်စားကြီးစုနန်၏ အခွင့်အာဏာသည် တကယ့်ကို ကြီးမားလွန်း၏။ သူကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုအပ်ချေ။ ရှမ့်လန်ကို သတ်ဖြတ်ပစ်ရန် နောက်လိုက်နောက်ပါတစ်ယောက်ကို စေလွှတ်လိုက်ရုံနှင့် ကျင်းမိသားစု တစ်ခုလုံး ကံဆိုးမိုးမှောင်ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
ယွီချန်ကျူး၏နောက်ကွယ်၌ စုနန်ရှိနေကြောင်း ရှမ့်လန်က ကောင်းကောင်းသိရှိ၏။ ချင်နိုင်ငံတွင် ရှမ့်လန်ကို လုပ်ကြံရန် မအောင်မြင်ခဲ့ပြီးနောက် စုနန်၏တိုက်ခိုက်မှုများသည် လှိုင်းလုံးများပမာပင် တစ်ခုပြီးတစ်ခု ထပ်မံကာ ရောက်ရှိလာခဲ့၏။ ရှမ့်လန်ကို အသက်ရှူရန် အခွင့်အရေးပေးလိမ့်မည် မဟုတ်ချေ။
ရှမ့်လန် ခြေကုပ်ရပြီး ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရရှိသည်အထိ စောင့်ဆိုင်းပြီးမှ တိုက်ခိုက်မည် ဆိုလျှင် အဘယ်သို့ ဖြစ်တော့မည်နည်း။
ရှမ့်လန် မြို့တော်ဆီပြန်ရောက်လာသည်နှင့် တပြိုင်နက် သားသတ်ဓားကို မြှောက်ကိုင်ကာ သတ်ဖြတ်ရ ပေလိမ့်မည်။ နန်းတွင်း၌ ရန်သူကို သက်သာ ထောက်ထား၍ ဘယ်တော့အခါမှ မရချေ။
ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ရှမ့်လန်.. ငါမင်းကို ကတိပေးထားတယ်။ ငါ ကျိန်းသေပေါက် သေချာပေးမယ်။ ဒါပေမဲ့ မင်းက ငါ့ကို ရှင်းရှင်းလင်းလင်းနဲ့ ဖြေရှင်းပေးစေချင်တယ်။ ဒါမှ ငါ ရှင်းရှင်းလင်းလင်း ပေးနိုင်မယ်”
ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် ကျင်းမိသားစု၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် တခြားသော သူများထက် ပိုမို၍ စိတ်အားထက်သန်လျက် ရှိနေ၏။ ရှမ့်လန်ဆီမှ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် စွမ်းရည်မျိုး သူက မြင်ချင်၏။ သူအတွက် တစ်စုံတစ်ယောက်ကို နှစ်သက်၊ သဘောကျရခြင်းမှာ လွယ်ကူသည့် အရာမျိုး မဟုတ်ပေ။
ရှမ့်လန်သည် နယ်စားကြီးစုနန်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် အိုမင်းနွမ်းနယ်ပြီး အိပ်ပျော် တော့မည့်အလားပင် သမ်းဝေကာ ငိုက်မြည်းနေ၏။ ဤအဆိပ်ပြင်းလွန်းသည့် မြွေဟောက်ကြီး၌ ခြေသည်း၊ လက်သည်းများစွာ တည်ရှိလို့နေ၏။
ယွီချန်ကျူးသည် စုနန်၏ ဘက်တော်သား တစ်ယောက် မဟုတ်သကဲ့သို့ပင်၊ ပတ်သက်ဆက်နွယ်မှု မရှိသလို နေထိုင်လျက် ရှိ၏။ ထိုမျှသာမကသေးချေ။ ယွီချန်ကျူးသည် ယခင်က စုနန်ကို ပိုးစိုးပက်စက် ပြော ဝေဖန်ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်၏။ မျက်နှာပြင်ထက်တွင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် မသိကျိုးကျွန်ပြုနေသည့် လူများပင် ဖြစ်သည်။
ရှမ့်လန်သည် လှောင်ပြောင်ရယ်မောကာ ပြောလိုက်၏။ “ယွီချန်ကျူး.. ခင်ဗျားရဲ့သခင်က ခင်ဗျားကို ဘာတွေများ ကတိပေးထားတာလဲ။ ဘာဖြစ်လို့ ခင်ဗျားက ကျုပ်ကို ဒီလောက်ထိ စိတ်အားထက်သန်စွာဖြင့် လာတိုက်ခိုက် ပြီးတော့ အသေခံချင်ရတာလဲ”
နန်းတွင်းစုံစမ်းစစ်ဆေးရေးမှူး ဒုတိယဝန်ကြီး ယွီချန်ကျူးက ပြောလိုက်သည်။ “မှတ်တမ်းထိန်းအရာရှိ ရှမ့်လန်.. ငြင်းပယ်မနေနဲ့တော့။ မင်းတို့ ကျင်းမိသားစုက ဝူပြည်နယ်နဲ့ ပူးပေါင်းဆက်နွယ်ခဲ့တဲ့ သက်သေ အထောက်အထားတွေက ခိုင်လုံနေပြီ။ မင်းဆီမှာ ထက်မြက်တဲ့ ဦးနှောက်တစ်ခု ပိုင်ဆိုင်နေတယ် ဆိုရင်တောင် အမှန်တရားကို လိမ်လည်လို့ မရနိုင်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျင်းမိသားစုရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ဆိုတာ မုန့်တစ်ခုကို အသာဖဲ့စားရသလောက်ကို လွယ်ကူပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အင်း.. နေ့လည်တောင် ရောက်နေပြီ။ ငါ ဆာနေပြီ။ ဒါဆိုလည်း မြန်မြန် လုပ်လိုက်တော့”
ရှမ့်လန်က ပြောလိုက်၏။ “သက်သေက အပြင်မှာ ရှိပါတယ် အရှင်မင်းကြီး။ ခေါ်ယူခွင့် ပြုတော်မူပါ”
ဘုရင်မင်းမြတ်သည် လက်ကို အသာ ဝှေ့ယမ်းလိုက်၏။ ပြီးနောက် ရှမ့်လန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်ရှုလျက် ရှိနေ၏။ သူ၏မျက်လုံးထဲရှိ အဓိပ္ပာယ်သည် အလွန်ရှင်းလင်း၏။ သူသည် အနုစိတ်ခံစားတတ်သူတစ်ယောက် ဖြစ်၏။ သူ့ကို စိတ်မပျက်စေသင့်ပေ။
ခဏကြာပြီးနောက် ရှမ့်ဆယ့်သုံးသည် သေတ္တာကြီးတစ်လုံးနှင့်အတူ ဝင်လာ၏။ အရူးကြီးမှာမူ ထိုထက်ပိုမိုကာ ကြီးမားသည့် သေတ္တာကြီးတစ်လုံးနှင့်အတူ ထပ်မံကာ ဝင်ရောက်လာ၏။
ရှမ့်ဆယ့်သုံးသည် ဝင်လာပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချ၏။ အရူးကြီးမှာတော့ ငေးကြောင်ကာ ရပ်လျက်ရှိနေပြီး ဒူးထောက်ရမလား၊ မထောက်ရမလား မသိချေ။
“ရိုင်းစိုင်းလိုက်တာ။ ဘုရင်မင်းမြတ်ရဲ့အရှေ့မှာ ဘာလို့ ဒူးမထောက်သေးတာလဲ” စစ်သူကြီးတစ်ဦးသည် ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်၏။
အရူးကြီးသည် ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ “အရူးလေး... ငါ ဒူးထောက်ရမှာလား”
ဘုရင်မင်းမြတ်သည် အရူးကြီးကို အံ့အားသင့်စွာ ကြည့်ရှုလိုက်၏။ ပြီးနောက် အရူးကြီး၏ လက်ကောက်ဝတ်မှ တိမ်တိုက်ပုံစံ ကျောက်စိမ်းလက်ပတ်ကိုမြင်ရချိန်မှာတော့ သူ၏ညီမတော် မင်းသမီးနင်ကျဲ့၏ ပစ္စည်းဖြစ်ကြောင်း သိရှိလိုက်ရ၏။ ဤအရူးကြီးသည် ရွှဲ့ပြည်နယ်သိုင်းလောကကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်မည့် အလားအလာနှင့် လူပင်။
ဘုရင်မင်းမြတ်သည် ပရိယာယ်ကြွယ်ပြီး ကောက်ကျစ်သည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးအပေါ်တွင်တော့ အမြင်ကောင်း တည်ရှိ၏။
“ဒူးထောက်စရာ မလိုဘူး။ မင်း ဒီလောက်အရပ်အရှည်ကြီးနဲ့ ကြီးပြင်းလာခဲ့တာ လွယ်တာမဟုတ်ဘူး။ ဒီတော့ အရပ် ဆက်ရှည်အောင်သာနေ။ ဒူးထောက်ပြီး အရပ်ပုသွားအောင် မလုပ်နဲ့”
“ဟား ဟား ဟား ဟား” အရူးကြီးက ရယ်မောလိုက်သည်။
နန်းတွင်းစုံစမ်းစစ်ဆေးရေးမှူး ဒုတိယဝန်ကြီး ယွီချန်ကျူးက ပြောလိုက်၏။ “ရှမ့်လန်... မင်းဆီမှာ ကျင်းမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေရှိတယ်ဆို ... ဒါဆိုရင် ပြလေ”
လူတိုင်းသည် ရှမ့်လန်ကို စူးစိုက်ကြည့်ရှုနေပြီး ထိုအကြည့်များထဲတွင် အဆုံးအစကင်းမဲ့သည့် သိလိုစိတ်များနှင့် ပြည့်နှက်နေ၏။ ထိုအချိန်မှာတော့ ရှမ့်လန်သည် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်မည်လား။
မည်သို့ ဖြစ်နိုင်မည်နည်း။ သံသယကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် သူ၏နှာခေါင်းကို အသာအုပ်ကာကာဖြင့် ပြောလိုက်သည်။ “ဖွင့်လိုက်”
ရှမ့်ဆယ့်သုံးသည် မျက်နှာသေနှင့်ပင် သေတ္တာကို ဖွင့်လိုက်၏။
ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
ယွီချန်ကျူး၏ မျက်လုံးများကလည်း ပြူးကျယ်သွားခဲ့၏။ “ဒီအရာနဲ့ ကျင်းမိသားစုရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြချင်တာလား။ ရယ်စရာ ကောင်းလိုက်တာ”
ရှမ့်လန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ဘုရင်မင်းမြတ်.. ဒါ ဝူပြည်နယ်ရဲ့ သံတမန်ရေးရာဌာနက ဝန်ကြီးငယ် ဝမ်ချန်ယန်ရဲ့ ခေါင်းပဲ ဖြစ်ပါတယ်”