မူရင်းအစစ်အမှန်များ
Vol. 41 Ch. 586
….
“သူ့ကို ငါ့လက်ထဲသာ အပ်လိုက်”
ဒုတိယ မူလကြယ်မှ ပထမ မူလကြယ် လိုက်ဆန်ဒါအား ထိုသို့ပြောလိုက်ချိန်တွင် သူသည် အနည်းငယ်မျှ စနောက်နေပုံမပေါ်ပေ။
အခြား မူလကြယ်များသည် ဖြစ်ပေါ်လာတော့မည့် ထိုပဋိပက္ခအား အတော်လေး စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။
သူတို့သည် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုအကြောင်းကို သိရှိရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သော်လည်း ဤမျှ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို ပက်ပင်း တွေ့မြင်ရမည်ဟု သူတို့ပင် မမျှော်လင့်ထားခဲ့ကြပေ။
ဤငရဲဘုံရှိ အသန်မာဆုံး မူလကြယ်နှစ်ပါးသာ အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက မည်သူနိုင်သည်ဖြစ်စေ ၎င်းသည် သူတို့အတွက်သာ အကျိုးအမြတ်များ ကြိမ်းသေရှိလာပေလိမ့်မည်။
အကယ်၍ ထိုမူလကြယ်နှစ်ပါးစလုံးသာ ဒဏ်ရာကိုယ်စီရသွားခဲ့ပါက ပို၍ပင် ကောင်းသွားပေလိမ့်မည်ဖြစ်၏။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အမှန်အကန်တိုက်ခိုက်ကြပါစေဟု ဤနေရာသို့ ရောက်ရှိနေကြသူများ၏ စိတ်များထဲတွင် ကြိတ်၍မျှော်လင့်နေကြပြီး ၎င်းက ဤငရဲမှ အားအကောင်းဆုံး မူလကြယ်နှစ်ပါးကို အလိုအလျှောက် ဖယ်ရှားပစ်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သွားနိုင်ပေသည်။
“ငါက သူ့ကိုမင်းဆီ မအပ်ရင်ရော”
ဟု လိုက်ဆန်ဒါမှ ပြန်ဖြေလိုက်ရင်း သူသည်လည်း နောက်ဆုတ်ခြင်း အလျှင်းမရှိတော့ကြောင်း ထင်ရှားစွာ ဖော်ပြလိုက်ပြီဖြစ်၏။
ဤအချိန်အခိုက်အတန့်မှာပင် အာရန်သည် ကမ္ဘာမြေမှ အမှန်တကယ်ရောက်လာသူ ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် သူ့အတွက် အရေးမကြီးတော့ပေ။
၎င်းကိစ္စသည် သူ၏ စံအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် အချိန်မရွေး စစ်မေးနိုင်သောအရာဖြစ်လေသည်။
ထိုချာတိတ်သာ အမှန်တကယ် လိမ်ညာနေခြင်းဆိုပါက သူ့အား အပြစ်ပေးရန် သူ၏ ကိုယ်ပိုင်နည်းလမ်းများ အဆင်သည့်ရှိထားသော်လည်း ယခုအချိန်အတွက်မူ ၎င်းသည် အရေးမကြီးသေးပေ။
“ငရဲခွေးမြို့က ငါ့ရဲ့ တိုက်ရိုက် ပိုင်ဆိုင်မှုလို့လဲပြောလို့ရတယ်။ သူက ဒီကိစ္စအတွက် တာဝန်ရှိတယ်လို့ မင်းပြောနေတာဆိုရင် သူ့ကို ငါ့ဆီပဲ ပိုပြီး အပ်လိုက်သင့်တာ မဟုတ်ဘူးလား”
ဤနေရာတွင် အာရန်အား သူ၏ လက်သို့ အပ်ရန် တောင်းဆိုနေသော မူလကြယ် တစ်ပါးသာ ရှိနေခဲ့သည်။
မူလကြယ်နှစ်ပါးလုံးသာ အပြန်အလှန်တိုက်ခိုက်ကြရင်း ဒဏ်ရာရသွားခဲ့လျှင် အခြားမူလကြယ်များအတွက် အကျိုးရှိသွားမည်မှာမှန်သော်လည်း အာရန်သည်လည်း နောက်ဆက်တွဲအနေနှင့် သက်သာလိမ့်မည်မဟုတ်ပေ။
လိုက်ဆန်ဒါတစ်ယောက် တွေးလိုက်မိသည်မှာ သူနှင့်ဒုတိယမူလကြယ် နှစ်ဦးစလုံးသည် အာရန်အား အလိုရှိနေခြင်းဆိုပါက ထိုကောင်လေးနှင့်ပတ်သက်၍ အရေးကြီးသောတစ်စုံတစ်ရာ ရှိနေနိုင်သည်ဟု သူ စတင်ခံစားလာရသည်။
ပြင်ပလူတစ်ဦးအနေဖြင့် သူတို့ အစောပိုင်းကြားသိခဲ့ရသော ထိုပေါက်ကွဲမှုသည် ထိုချာတိတ်ကြောင့်သာဆိုပါက ထိုချာတိတ်သည် အမှန်တကယ် အဖိုးတန် ကျောက်ရိုင်းတုံးတစ်တုံး ဖြစ်ရပေသည်။
ထို့အပြင် ထိုပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင်ပင် သူသည် အနည်းငယ်မျှ ထိတ်လန့်သွေးပျက်သွားခဲ့ဟန်ပင် မမြင်ရပေ။
ထို့နောက် လိုက်ဆန်ဒါသည် စိတ်ပျက်စွာဖြင့် သူ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်မိသည်။
သူက ထိုချာတိတ်အား ကောင်းမွန်စွာ စကားအနည်းငယ်ပြောဆိုမိလိုက်ရုံဖြင့် သူတို့၏ အခွင့်အရေးယူမှုသည်အတော်လေး များလာခဲ့သည်။
သူ့အနေနှင့် ထိုချာတိတ်အပေါ် အနည်းငယ် နူးညံ့လွန်းနေခဲ့၍လားဟုပင် သူ တွေးလိုက်မိသည်။
“ဒီနေရာမှ သူ့ကို လိုချင်တဲ့သူရှိရင် ရှေ့ထွက်ခဲ့လို့ရတယ်”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လိုက်ဆန်ဒါက စတင်ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် သူနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှာမူ ပြောင်းလဲသွားခဲ့သည်။
သူသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များပြည့်နှက်နေခဲ့ကာ အစောပိုင်းကနှင့် လုံးဝ မတူညီသည့် လူတစ်ဦးဖြစ်သွားခဲ့ပုံရနေသည်။
ပတ်ဝန်းကျင်ရှိ သေခြင်း အဆီအနှစ်များပင်လျှင် လိုက်ဆန်ဒါ၏ အော်ရာ ရှေ့တွင် တုန်လှုပ်နေကြဟန်တူ၏။
သူသည် ဤနေရာရှိ လူတိုင်းအား သတိပေးနေသည့်နှယ်ပင်။
ဤအချိန်တွင် တစ်စုံတစ်ဦးသာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာမိပါက တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပွားပေလိမ့်မည်။
လိုက်ဆန်ဒါသည် နောက်ဆုတ်ရန် စိတ်ကူးရှိဟန် မပေါ်ချေ။
ဒုတိယ မူလကြယ်သည်လည်း ထိုအချိန်တွင်မူ တုံ့ဆိုင်းသွားခဲ့သည်။
သူသည် လိုက်ဆန်ဒါကို ချေမှုန်းလိုနေသော်လည်း သူ၏ ပြင်ဆင်မှုများသည် ပြည့်စုံမှု မရှိသေးပေ။
သူသည် ဆယ်ကြိမ်မြောက် အကြီးတန်း ဆင့်ကဲပြောင်းလဲမှုနှင့် အလွန်ပင် နီးကပ်နေပြီဖြစ်ကာ ထိုဆင့်ကဲပြောင်းလဲမှုသာပြီးဆုံးသွားပါက သူ၏ ခွန်အားသည် အဆမတန် တိုးပွားသွားပေလိမ့်မည်။
ထိုကဲ့သို့ သူ၏ ဆင့်ကဲပြောင်းလဲမှုနှင့် ဤမျှနီးကပ်နေချိန်တွင် အရာအားလုံးကို စွန့်စားကြည့်သင့်သလော။
အာရန်ကို ခေါ်ဆောင်သွားရန်အတွက်မူ အနာဂတ်၌ အခြားနည်းလမ်းများကို အသုံးပြုရန် အချိန်များစွာရှိပေသေး၏။
အာရန်တစ်ယောက် ဤမြို့တော်တွင် ရှိနေသမျှကာလပတ်လုံး ၎င်းထံမှ အဖြေအချို့ ရရှိရန်အတွက် နည်းလမ်း ထောင်ပေါင်းများစွာ ရှိနေပြီး အထူးသဖြင့် သူ့နှင့် အထူးရင်းနှီးပုံရသော ညအတောင်ပံမျိုးနွယ်စုဝင် မိန်းကလေးမှာလည်း သူ၏ လက်ထဲတွင် ရောက်ရှိနေသောအချိန်၌ ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ်စိုးရိမ်စရာ တစ်ချက်မှာ မူလကြယ်နှစ်ပါး အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုပါက ထိုကောင်လေးသည် သူတို့၏ တိုက်ပွဲရိုက်ခက်မှုကြောင့်ပင် အနီးအနား၌ သေဆုံးသွားနိုင်ချေရှိနေခြင်းပင်။
စိတ်မရှည်မှုတစ်ခုကြောင့် အရာအားလုံးကို စွန့်စားပစ်ရန်မှာ သူအတွက် အဓိပ္ပာယ်မရှိပေ။
“ဒါက အဆုံးသတ်မဟုတ်သေးဘူး”
ဒုတိယ မူလကြယ်သည် ထိုစကားတစ်ခွန်းကိုသာ ပြောလိုက်ကာ သူ၏ ခန္ဓာကိုယ်သည် နဂါးတစ်ကောင်ပုံစံသို့ ပြန်လည်ပြောင်းသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ကာ ပြင်ဆင်မှုအချို့ ကြိုတင်ပြုလုပ်ထားရန် မြို့တော်ဘက်သို့ ထွက်ခွာသွားတော့၏။
အာရန်အား မျက်စိကျနေသော အခြား မူလကြယ်တစ်ပါးသည်လည်း အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အတော်လေး တုန်လှုပ်သွားခဲ့သည်။
သူသည် ဒုတိယ မူလကြယ်နှင့်သာ ပူးပေါင်းဆောင်ရွက်ခဲ့ပါက သူ့အတွက် အခွင့်အရေး အချို့ ရရှိနိုင်သေး၏။
သို့သော် ယခုမူ ထိုအခွင့်အရေးသည်လည်း ပျောက်ဆုံးသွားခဲ့ရလေပြီ။
“အခု သေခြာပြန်စဉ်းစားကြည့်တော့ ငရဲခွေးမြို့ကလေးက အဲ့လောက်ကြီးလဲ အရေးကြီးလှတာတော့ မဟုတ်ပါဘူး။ ကောင်လေးကို မင်းက ဒီလောက် အရေးပေးနေတယ် ဆိုမှတော့လည်း သူ့ကို မင်းလက်ထဲပဲ အပ်ခဲ့ပါတော့မယ်။”
တတိယ မူလကြယ်သည်လည်း ထိုသို့ပြောဆိုပြီးသည်နှင့် ချက်ချင်းပင် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
“အခြားဘယ်သူကျန်သေးလ”
လိုက်ဆန်ဒါသည် ကျန်သော မူလကြယ်များအား မေးလိုက်ရာ သူတို့ထဲမှ အများစုမှာ ပြန်လည် ခေါင်းခါပြခဲ့ကြသည်။
သူတို့ထဲမှ အချို့သည် တိုက်ပွဲတစ်ခု မဖြစ်ပွားခဲ့ခြင်းအတွက် အတော်လေး စိတ်မကျေနပ်ဖြစ်နေကြသော်လည်း သူတို့အနေနှင့် ဘာမှတော့ မတတ်နိုင်ကြပေ။
“သူက အပြင်လူအဆင့်ပဲရှိသေးတယ်။ ဒါ့ကြောင့် မင်းအနေနဲ့ သတိထားဆက်ဆံသင့်တယ်လို့ အကြံပေးချင်တယ်”
သူတို့ထဲမှ တစ်ဦးက ထိုသို့ ပြောလိုက်ပြီးနောက် အခြားသူများနှင့်အတူ နောက်ပြန်လှည့်သွားခဲ့၏။
ဤသို့ဖြင့် ဤနေရာတွင် အာရန်နှင့် လိုက်ဆန်ဒါတို့နှစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။
ထို့နောက်အာရန်သည်လည်း စနစ်ဆီမှ ကံကောင်းခြင်း ဆေးရည်ကို ဆုလာဘ်အဖြစ် ရရှိနိုင်ခဲ့သည်။
သို့သော် အစစ်အမှန် စမ်းသပ်မှုမှာ ယခုမှ စတင်မည်ဆိုသည်ကိုမူ သူနားလည်ထားသည်။
“ကျုပ်…”
အာရန်သည် လိုက်ဆန်ဒါအား စိုက်ကြည့်ပြီး တစ်ခုခု ပြောရန် ကြိုးစားလိုက်သည်။
သို့သော် စကားတစ်လုံးမျှ မပြောနိုင်မီမှာပင် သူသည်ရုတ်တရက် ဖီးနစ်ငှက်ကိုယ်ပေါ်မှ တွန်းချခြင်းကို ခံလိုက်ရလေသည်။
ထိုသို့ တွန်းချခံလိုက်ရသည့်အချိန်မှာပင် သူ၏ ရှေ့တွင် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်တစ်ခု ပေါ်လာခဲ့ပြီး သူ့အား မတူညီသောနေရာ တစ်ခုသို့ ခေါ်ဆောင်သွားတော့သည်။
ထို့နောက် အာရန်သည် အမည်မသိ ခန်းမတစ်ခုအတွင်းရှိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။
ထို ဂိတ်တံခါးပေါက်မှပင် သူ၏ ဖီးနစ်သည်လည်း ထပ်မံရောက်ရှိလာခဲ့ကာ သူ၏ နောက်ဘက်တစ်နေရာတွင် သိမ်မွေ့စွာ ဆင်းသက်လိုက်သည်။
ဤသို့ဖြင့် နောက်ဆုံးတွင် ရောက်ရှိလာသူမှာမူ လိုက်ဆန်ဒါကိုယ်တိုင်ပင် ဖြစ်လေ၏။
အာရန်၏ ရှေ့တွင်ပင် လိုက်ဆန်ဒါသည် ခန်းမအဆုံးဘက်တစ်နေရာရှိ ပလ္လင်တစ်ခု ဆီသို့ လျှောက်သွားလိုက်သည်။
ဤနေရာ၏ အတွင်းပိုင်းတည်ဆောက်ထားပုံသည် အာရန်အတွက် အနည်းငယ် ထူးခြားနေဟန်ရသော်လည်း တစ်ချိန်တည်း၌ ရင်းနှီးနေပုံလည်းရလေသည်။ အထူးသဖြင့် အာရန်သည် သူ့အတွက် မူလကမ္ဘာမြေအား သတိရစေသော အရာများစွာကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်လေ၏။
နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားများစွာရှိနေခဲ့ပြီး ၎င်းတို့သည် အလွန်နာမည်ကြီးသောပန်ချီကားများဖြစ်သည်။
ထိုပန်းချီကားများထဲမှ အများစုသည် အလွန် အတွေးအခေါ်ဆန်သော အကြောင်းအရာများ ပါဝင်နေသောကြောင့် ၎င်းတို့နှင့်ပတ်သက်၍ သူပင် ခန့်မှန်းနိုင်ခြင်းမရှိချေ။
သူ မှတ်မိသောအရာ အနည်းငယ်သာ ရှိပြီး ၎င်းတို့ထဲမှ တစ်ခုမှာ မိုနာလီဆာ ပန်ချီကားပင် ဖြစ်၏။ သို့တိုင် သူသည် ၎င်းကိုသိပ်တော့ စိတ်မပူခဲ့ပေ။
သူသည် ထိုပန်းချီကားများ၏ အမည်ကို ကမ္ဘာမြေမှ မည်သည့် ပန်ချီကားများဖြစ်ကြောင်း သက်သေပြရန်အတွက် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အားကိုး၍ရနေသေးသည် မဟုတ်ပါလား...။
ဤသည်မှာ သာမန် ဗဟုသုတရှိရုံလောက်ဖြင့် သိနိုင်သောအရာများတော့ မဟုတ်ပေ။
“ဒါ မိုနာလီဆာလား” ဟု သူသည် ကမ္ဘာမြေမှ အမှန်တကယ်ဖြစ်ကြောင်း ပြသရန် ကြိုးစားရင်း မေးလိုက်သည်။
ပန်းချီကားသည် မူရင်းပန်ချီကားများဟုပင် ထင်မှတ်ရလောက်အောင် ကောင်းမွန်နေကြသဖြင့် အာရန်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူသည် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုခဲ့သော်လည်း ၎င်းက ဤပန်ချီကားများကို မူရင်းပန်းချီကားအစစ်များအဖြစ်သာ ဖော်ပြထားလေသည်။
ထိုအရာက ဆိုလိုသည်မှာ ကမ္ဘာမြေပေါ်ရှိ ပန်းချီကားများမှာ အတုများ ဖြစ်နေသည်တဲ့လား...။
“မင်းလည်း ဒီပန်ချီကားတွေအကြောင်းကို နည်းနည်းပါးပါးတော့ သိထားပုံရတယ်။ ဒါပေမဲ့ ဒီငရဲဘုံမှာ ဒီအရာတွေအကြောင်း အသေးစိတ်အချက်အလက်တွေ ရယူနိုင်တဲ့ နည်းလမ်းတွေ၊ မှော်စွမ်းရည်တွေ အများကြီးရှိနေတယ်။ အဲဒါလောက်နဲ့ မင်းကို ကမ္ဘာမြေကဆိုတာ သက်သေပြဖို့ မလုံလောက်သေးဘူး”
လိုက်ဆန်ဒါသည် ပလ္လင်ပေါ်တွင် ထိုင်လိုက်ကာ ပန်းချီကားများထံ အကြည့်ရောက်နေသော အာရန်အား ပြောလိုက်လေသည်။