လိုက်ဆန်ဒါ၏ သမီး
Vol. 41 Ch. 588
…
ထိုသူက သူ၏ တည်ရှိမှုတစ်ခုတည်းကပင် အခြား မူလကြယ်များကို ကြောက်ရွံ့စေခဲ့သော ပထမမူလကြယ်ဖြစ်သူ လိုက်ဆန်ဒါမှ ဟုတ်ပါလေစ။
သူ၏ ယခုစကားပြောနေသောပုံစံနှင့် သူ၏ အမူအရာသည် အစောပိုင်းကာလနှင့် အလွန်ကွာခြားလွန်းနေခဲ့သည်။
သူ၏ ပုံစံမှ ကမ္ဘာမြေပေါ်မှ သူငယ်ချင်းတစ်ဦးဦးကို သူ့အနေနှင့် အချိန်အတော်ကြာပြီး နောက်ပိုင်းမှ ပြန်လည် တွေ့ဆုံရသည့်နှယ် အတော်ပင် ဝမ်းသာနေပုံရ၏။
“မင်းဘာလို့ အဲ့မှာ ဒီတိုင်းကြီးရပ်နေတာလဲ။ လာပါဦး ဒီမှာ ငါ့ရှေ့မှာ လာထိုင်”
လိုက်ဆန်ဒါသည် သူ၏ လက်ကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရာ ခန်းမဆောင်၏ အခြားတစ်ဖက်မှ ထိုင်ခုံတစ်ခုသည် သူ၏ဘေးတွင်ရောက်ရှိသွား၏။
အာရန်သည် ရုတ်တရက် လိုက်ဆန်ဒါ၏ ပြောင်းလဲသွားမှုကြောင့် အလွန်အံ့အားသင့်နေစဥ်မှာပင် သူ၏ ခန္ဓာကိုယ်သည် လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားလိုက်ရပါဘဲ ရှေ့သို့ အလိုလို ပျံသန်းသွားခဲ့ကာ လိုက်ဆန်ဒါဘေးရှိ ထိုင်ခုံပေါ်တွင် ထိုက်မိလျက်သားဖြစ်သွားခဲ့ရသည်။
ဤသည်မှာ သူတို့နှစ်ဦးကြားမှ ကြီးမားသော ကွာခြားချက်ပင်ဖြစ်ပြီး အာရန်သည် ၎င်းကို ခံစားမိလိုက်ပြီဖြစ်၏။
ထိုပုဂ္ဂိုလ်သည် နတ်ဘုရားတစ်ပိုင်းအဆင့် တစ်ဦးနှင့်ပင် တူညီနေသည်။
လိုက်ဆန်ဒါသည် စာရေးဆရာဆိုသူအဆင့်ထိတော့ ရောက်ရှိသေးဟန် မရသော်လည်း အာရန်တွေ့ဖူးသမျှ သေမျိုးများတိုင်းထက်မူ ပိုမို ခွန်အားကြီးမားသည်မှာ သေချာနေခဲ့သည်။
အကယ်၍ ထိုသူသာ အလိုရှိပါက သူ့အား မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်ပစ်နိုင်ပေသည်။
သူသာ အလိုရှိပါက ဤငရဲဘုံတွင် အရာများစွာကို လုပ်ဆောင်နိုင်သော လူတစ်ဦးသည် ယခု ဤနေရာတွင်မူ အာရန်ရှေ့၌ ကမ္ဘာမြေအကြောင်း ပုံပြင်များ နားထောင်ရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသောကလေးငယ်တစ်ဦးနှယ်ပင်။
“ခင်ဗျား အိမ်ကို လွမ်းနေတာလား” ဟု အာရန်တစ်ယောက် ရုတ်တရက်အမှတ်တမဲ့ မေးလိုက်မိသည်။
သူမှာမူ အိမ်မှ ခွဲခွာခဲ့ရသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။
ထို့ပြင် မူလကမ္ဘာမြေပေါ်တွင် သူ့၌ မိသားစုပင် မရှိတော့ပေ။
သူ့အတွက် တစ်ခါတစ်ရံ သတိရစရာ သူငယ်ချင်းအနည်းငယ် ရှိနေခဲ့သော်လည်း အရမ်းအများကြီးတော့ မဟုတ်ပေ။
သို့သော် လိုက်ဆန်ဒါမှာမူ မတူညီပေ။
သူသည် ရာစုနှစ်ပေါင်းများစွာ နေအိမ်မှ ခွဲခွာလာခဲ့ရသူဖြစ်နေခဲ့သည်။
သူသည် ကမ္ဘာမြေပေါ်တွင် မိသားစုတစ်ခု ရှိခဲ့ဘူးသလော...။
သူ့အနေနှင့် ၎င်းတို့ကို လွမ်းနေခဲ့ခြင်းများလား....။
ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ထိုနေရာသို့ ပြန်ရန် မကြိုးစားခဲ့သနည်း။
အဘယ်ကြောင့် ကမ္ဘာမြေနှင့်ဆက်သွယ်ထားသည့် တစ်ခုတည်းသော ဂိတ်တံခါးပေါက်ကို ပိတ်ပစ်ခဲ့ရသနည်း။
အာရန်၏ စိတ်ထဲတွင် သူ့ရှေ့မှ နတ်ဘုရားသဖွယ် လူသား၏ တည်ရှိမှုနှင့်ပတ်သက်၍ မေးခွန်းများစွာ ရှိနေခဲ့သည်။
လိုက်ဆန်ဒါ၏ မျက်နှာပေါ်ရှိ အပြုံးသည် ထိုမေးခွန်းကို ကြားလိုက်ရသည့် အချိန်တွင်မူ လုံးဝပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
သူ၏ မျက်လုံးများတွင်း၌ ခံစားချက်များ အများအပြား ဖြတ်ပြေးသွားဟန်ရသော်လည်း သူသည် ဘာမှတော့ ထုတ်မပြောခဲ့ပေ။
ထိုခံစားချက်များသည် ပေါ်လာပြီးသည်နှင့် တပြိုင်နက် ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားသည့်အလားပင်။
“ကိုယ့်အိမ်ကို ကိုယ် မလွမ်းတဲ့သူ ဘယ်သူရှိလို့လဲ”
လိုက်ဆန်ဒါသည် တစ်ချက် ပြုံး၍ ပြန်ပြောလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ အပြုံးက အနည်းငယ် အတင်းအကြပ် လုပ်ယူထားရသလို ဖြစ်နေခဲ့၏။
“မင်းအနေနဲ့ နယ်မြေရပ်ခြားမှာ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ… မင်း ဘယ်လောက်ပဲ ခွန်အားကြီးမားလာပါစေ မွေးရပ်မြေက အချို့အရာတွေက မင်းအတွက် ဘယ်တော့မှ အစားထိုးလို့ ရနိုင်မှာမဟုတ်ဘူး”
အာရန်သည် အနည်းငယ် လေးလံသွားသောလေထုအား သတိထားမိလိုက်သည်။
ထိုအရာမျိုးကို သူ မနှစ်သက်ပေ။
ဤပုဂ္ဂိုလ်သည် ရုတ်တရက် သူ၏ စိတ်ကို မည်သည့်အချိန်တွင် ပြောင်းလဲသွားမည်ကို မသိနိုင်သောကြောင့် သူ့အနေနှင့် ဤလေးလံလာသော လေထုကို အလျှင်အမြန် ပြောင်းလဲပစ်မှ ဖြစ်တော့မည်။
“အမ်...ဒါနဲ့ ကမ္ဘာမြေက လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အများကြီး ပြောင်းလဲသွားတယ်ဆိုပေမဲ့ ခင်ဗျား ယူဆထားသလိုတော့ မဟုတ်ပါဘူး။ လပေါ်မှာ အိမ်တွေ မဆောက်နိုင်ကြသေးဘူး။ ကောင်းကင်မှ ပျံသန်းနိုင်တဲ့ ကားတွေလည်း မရှိကြသေးဘူး ဒါပေမဲ့ … နည်းပညာအရအဲ့လိုတွေ ဖြစ်သွားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့…”
သူသည် လိုက်ဆန်ဒါ၏ အတိတ်အကြောင်းပြန်ပြောင်းအမှတ်ရစေမည့် မေးခွန်းများ မမေးတော့ဘဲ ယင်းအစား ကမ္ဘာမြေ၏ တိုးတက်ပြောင်းလဲမှုများအကြောင်းကိုသာ ပိုမို အလေးပေးပြောပြလာခဲ့ရာ လိုက်ဆန်ဒါ၏ မျက်နှာပေါ်တွင် အစောပိုင်းကကဲ့သို့ စစ်မှန်သော အပြုံးများ ပြန်လည်ပေါ်လာခဲ့သည်။
လိုက်ဆန်ဒါသည် အာရန်ပြောပြသည့် အကြောင်းအရာများကို အလွန်စိတ်ဝင်စားစွာ နားထောင်နေခဲ့သည်။
အထူးသဖြင့် ဉာဏ်ရည်တု (AI) များခေတ်စားလာခြင်းအကြောင်း၊ facebook Youtube တို့ကဲ့သို့ ဆိုရှယ်မီဒီယာများခေတ်စားလာခြင်း၊ စမက်ဖုန်းများပေါ်လာခြင်း စသည့်အကြောင်းအရာမျာပါမကျန် ကမ္ဘာမြေပေါ်တွင် ဖြစ်ပျက်သွားခဲ့သော အခြား သိသာထင်ရှားသည့် ပြောင်းလဲမှုများ အကြောင်းကို ကြားသိလိုက်ရသောအခါ လိုက်ဆန်ဒါ၏ စိတ်ဝင်စားမှုမှာ အတော်လေးမြင့်တက်လာခဲ့၏။
အာရန်သည် ကမ္ဘာမြေမှ အချို့အရာများအကြောင်းကို ပုံပြင်များသဖွယ် နားထောင်ကောင်းအောင် အာဘောင်အာရင်း သန်သန်ဖြင့် အားပါးတရ ပြန်ပြောပြလိုက်သောအခါ လိုက်ဆန်ဒါတစ်ယောက် ဟက်ဟက်ပက်ပက် ထရယ်မိသည့် အခိုက်အတန့်များကိုပင် တစ်ချက်ချက် မြင်တွေ့ရတတ်လေသည်။
ဤသို့ဖြင့် နာရီများ ကုန်လွန်သွားသော်လည်း အာရန်သည် ကမ္ဘာမြေမှ စာပေ၊ သိပ္ပံနှင့် ဆေးပညာ နယ်ပယ်များတွင် ဖြစ်ပေါ်တိုးတက်မှုများအကြောင်းကို ဆက်လက်ပြောပြနေခဲ့၏။
ဤငရဲဘုံရှိ လူများအတွက်မူ ဤတိုးတက်ပြောင်းလဲမှုများသည် အရေးမပါဟု ယူဆနိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် ဤလောကရှိလူများသည် သာမန်လူများထက် သာလွန်သော စွမ်းရည်များ၊ မှော်ပညာများ၊ ကျင့်စဥ်များကို အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်လေသည်။
သူတို့သည် သေဆုံးသူများကိုပင် အသက်ပြန်သွင်းနိုင်သော အစွမ်းများရှိနေကြကာ အပြင်းထန်ဆုံး ဒဏ်ရာများကိုပင် ပြန်လည်ကုစားနိုင်ကြသည်။
အချို့ဆိုလျှင် လက်သီးတစ်ချက်စာဖြင့်ပင် မြို့များကို ဖျက်ဆီးနိုင်စွမ်း ရှိကြသည်။
သို့သော် လိုက်ဆန်ဒါအတွက်မူကွဲပြားလေသည်။
သူ့အတွက်မူ အာရန်ပြောပြသည့် အကြောင်းအရာများသည် လွန်စွာ စိတ်ဝင်စားစရာကောင်းနေဆဲပင်။
အာရန်သည် လိုက်ဆန်ဒါနှင့် စကားပြောရသည်မှာ အနည်းငယ် ပိုမိုအဆင်ပြေလာသည်ဟု ခံစားလိုက်ရသည်။
သူသည် ယခုကဲ့သို့ သူ၏ စကားများကို နားထောင်ပေးနိုင်သော တစ်စုံတစ်ဦးနှင့် သူ၏ ဇာတိမြေ အကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ကောင်းမွန်စွာ စကားလက်ဆုံပြောနိုင်ခဲ့ခြင်းလည်း ဖြစ်လေ၏။
အာရန်သည် ကမ္ဘာကူးလာခဲ့စဥ်မှစ၍ အမြဲတမ်း လိုလိုအားလပ်ချိန်မရှိအောင်ပင် ဆက်တိုက်အလုပ်များနေခဲ့ပြီး သူ၏ ဇာတိမြေနှင့် သူငယ်ချင်းများကို ပြန်ပြောင်းသတိရရန်ပင် အချိန်များများစားစား မရှိခဲ့သော်လည်း သူသည် ဤခံစားချက်ကိုတော့ အနည်းငယ် လွမ်းဆွတ်နေဆဲပင်။
ဤသို့ဖြင့် အာရန်တို့နှစ်ဦး၏ စကားဝိုင်းသည် အချိန်အတော်ကြာ ဆက်လက်တည်ရှိနေခဲ့ပြီး တံခါးခေါက်သံတစ်ခု ကြားလိုက်သောအခါမှသာ ရပ်တန့်သွားခဲ့သည်။
“ဖေဖေ အထဲမှာ ရှိလား”
တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“သမီးကို ကတိပေးထားတာ ဖေဖေ ထပ်မေ့ပြန်ပြီထင်တယ်”
“အာ ငါ သမီးနဲ့ ညစာစားဖို့ စီစဉ်ထားတာ... ငါတို့ စကားကောင်းနေတာနဲ့ မေ့သွားတယ်”
လိုက်ဆန်ဒါသည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားဟန်ဖြင့် သူ၏ နဖူးကို ပြန်ရိုက်လိုက်သည်။
ထို့နောက် တံခါးတွန်းဖွင့်လိုက် သံတစ်ခုကြားလိုက်ရကာ အမျိုးသမီးတစ်ဦး ဝင်ရောက်လာနေသည့် ခြေသံခပ်စိတ်စိတ်များသည် ခန်းမတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။
အာရန်သည် သည် ထိုခြေသံများဦးတည်ထွက်ပေါ်လာရာ နောက်သို့ လှည့်ကြည့်မိလိုက်ရာ အချိုးအစား ပြေပြစ်လွန်းလှသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရကာ သူမသည် ကိုယ်ကျပ်ဝတ်စုံ တစ်ထည်ကို ဝတ်ဆင်ထားလေသည်။
သူမဝတ်ဆင်ထားသော ထိုကိုယ်ကျပ်ဝတ်စုံသည် အနည်းငယ် တင်းကျပ်လွန်းနေခဲ့ပြီး မည်သည့်အချိန်တွင်မဆို အနည်းငယ်အားစိုက်လိုက်မိရုံဖြင့်ပင် ပြဲစုတ်သွားနိုင်သည့် အလားပင် ထင်မှတ်ရလေသည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် မည်သည့်နေရာတွင်မျှ အပြစ်ရှာမရလောက်အောင် ပြီးပြည့်စုံလွန်းလှလေသည်။
သူမဝတ်ဆင်ထားသော ကိုယ်ကျပ်အင်္ကျီကြောင့်လည်း သူမ၏ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်သည် သူမ၏ ကောက်ကြောင်းအလှအပများအား အပြည့အဝ ပေါ်လွင်နေစေခဲ့၏။
ပို၍အရေးကြီးသည်မှာ သူမသည် အလွန် ခွန်အားကြီးသော အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။
အမှန်အတိုင်းဝန်ခံရလျှင် အာရန်အနေဖြင့် သူမ၏ အချက်အလက်များကို ခွဲခြားသတ်မှတ်ခြင်းအစွမ်းကိုအသုံးပြုလိုက်သောအခါမှသာ သတိထားမိလိုက်ခြင်းဖြစ်သည်။
သူမသည် သူ့ထက်ပင် ပိုမို ခွန်အားကြီးမားပုံရလေသည်။
သူမ၏ ကျင့်စဥ်အဆင့်သည် ရှစ်ဆယ်ကျော်နားတွင် ရှိနေပြီး အာရန်ထက် များစွာ များစွာ မြင့်မားနေသည်။
သူမသည် သူ၏ ဖခင်ထံမှ အရည်အချင်းများ အားလုံးကို အမွေဆက်ခံထားသည့်နှယ် ပင် ထင်မှတ်ရလေ၏။
အာရန်သည် ဤအမျိုးသမီး၏ ရှေ့တွင် သတိထားဆက်ဆံရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူမသည် သူမ၏ ဖခင်နှင့်မတူဘဲ မူလကမ္ဘာမြေသို့ တစ်ခါမျှ ခြေချ နေထိုင်ခဲ့ဖူးခြင်းမရှိပေ။
သူမသည် ထိုကမ္ဘာနှင့် ပတ်သက်၍ မည်သည့် ဆက်နွှယ်မှုမှ ရှိမနေခဲ့သဖြင့် သူပြောပြသည့် အရာများကိုလည်း ကြိုက်နှစ်သက်ချင်မှ ကြိုက်နှစ်သက်ပေလိမ့်မည်။
ထို့နောက်အာရန်သည် သူ၏အကြည့်ကို ပြန်ပြောင်းလိုက်ပြီး ပုံမှန်အနေအထား အတိုင်း ပြန်ထိုင်နေလိုက်သည်။
အာရန်သည် ထိုအမျိုးသမီးအား စူးစမ်းနေခြင်းအား ကျိုးစား၍ ရပ်တန့်လိုက်ရသည်။
“ကျုပ်တို့ စကားဝိုင်းက နောက်မှပြောလဲ ရပါတယ်။ သမီးကို ပေးထားတဲ့ ကတိ စောင့်ထိန်းဖို့က ပိုအရေးကြီးပါတယ်” ဟု အာရန်က လိုက်ဆန်ဒါအား ပြောလိုက်သည်။
“မဟုတ်တာ။ ငါ့အနေနဲ့ မင်းလို ဇာတိမြေက လူတစ်ယောက်နဲ့ မတွေ့ရတာ အတော်ကြာပြီ။ လာပါ ငါတို့နဲ့ အတူတူ လိုက်စားပါလား။ မင်းလည်း ဗိုက်ဆာနေရော့ပေါ”
လိုက်ဆန်ဒါသည် အာရန်၏ ပခုံးကို ပုတ်လိုက်ပြီးနောက် သူ့အား မတ်တပ်ရပ်စေရန် ဆွဲထူလိုက်သည်။
ထို့နောက် လိုက်ဆန်ဒါသည် သူ၏ သမီးဆိုသူ ဆီသို့ ထွက်ခွာသွားလိုက်ကာ အာရန်သည်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့နောက်မှ လိုက်ပါလာခဲ့ရသည်။
အာရန်သည် ၎င်းမှာ ယခုအချိန်ထိ အရာရာ ပုံမှန် အခြေအနေတစ်ခု ဖြစ်နေဆဲဟု ယူဆမိနေဆဲပင်။
သူ့အနေနှင့်သာ တစ်ခုခု အလွန်ဆိုးရွားစွာ မလုပ်ဆောင်မိသရွေ့ အရာအားလုံးသည် ချောမွေ့စွာ အဆင်ပြေသွားပေလိမ့်မည်။
သို့သော်ထိုစဥ်မှာပင် စနစ်ဆီမှ ရွေးချယ်စရာအသစ်များ စတင်ပေါ်လာခဲ့တော့၏။
ဤရွေးချယ်စရာများတွင် လိုက်ဆန်ဒါ၏ သမီးဖြစ်သူပင် ပါဝင်နေခဲ့ပြီး သူမသည် အာရန်၏ မျက်လုံးများတွင် အစွမ်းထက်သော နတ်ဆိုးမ တစ်ဦးနှင့်ပင် တူညီနေလေ၏။
အာရန်သည် ထူးဆန်းသော ရွေးချယ်မှုအသစ်များကို မြင်လိုက်ရသည့်အခါ လုံးဝကို မှင်သက်မိသွားခဲ့သည်။
[ရွေးချယ်မှု တစ်: ဤမိန်းကလေးအတွက် အချစ်ကဗျာ တစ်ပုဒ် ရွတ်ဆိုပြပါ။ ထို့နောက် ကဗျာ အဆုံးသတ်သွားသောအခါတွင် သူမ၏ လက်ကို နမ်းရှိုက်လိုက်ပါ။ ဆုလာဘ်: ဆွဲဆောင်မှု+၁]