သားမက်လောင်း
Vol. 41 Ch. 590
...
“ခင်ဗျားမှာ တစ်ခုခု စိတ်ပူစရာများ ရှိနေလို့လား”
အာရန်သည် ဤငရဲရှိ ခွန်အားအကြီးဆုံး လူတစ်ဦးအနေဖြင့် မည်သည့်အရာကို စိတ်အနှောက်အယှက်ဖြစ်နေရသနည်းဟု တွေးတောရင်း မေးလိုက်ခြင်းဖြစ်၏။
လိုက်ဆန်ဒါကဲ့သို့ လူမျိုးပင် မဖြေရှင်းနိုင်သော ပြဿနာတစ်စုံတစ်ရာသည် ဤငရဲဘုံ၌ အမှန်တကယ်ပင် ရှိပါ၏လော...။
ထိုသို့ဆိုလျှင် အာရန်အတွက် ၎င်းက မျက်နှရစေရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သွားနိုင်ပေသည်။
“ကျုပ်အနေနဲ့ ကူညီနိုင်တာ တစ်ခုခု ရှိရင် ပြောပြပါလား။ ကျုပ်က ခင်ဗျားလောက် စွမ်းအားမကြီးပေမဲ့ တခြားနည်းလမ်းတွေနဲ့တော့ ကူညီပေးနိုင်ပါသေးတယ်” ဟု အာရန်သည် လိုက်ဆန်ဒါအား ထိုကိစ္စကို ဖွင့်ဟပြောမိစေရန် ကြိုးစားရင်း ထပ်ပြောလိုက်သည်။
အာရန်တစ်ယောက် ထိုသို့ပြောလိုက်သော်ငြားလည်း လိုက်ဆန်ဒါတစ်ယောက်မှာမူ ချီတုံချတုံ ဖြစ်နေဆဲပင်။
“ဘာမှ မဟုတ်ပါဘူး။ လာ ညစာအတူသွားစားကြရအောင်” လိုက်ဆန်ဒါသည် အာရန်၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်ပြီးနောက် သူနောက်လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်သည်။
“ဒါက ခင်ဗျားရဲ့ သမီးနဲ့ ပတ်သက်နေတဲ့ကိစ္စမဟုတ်လား”
အာရန်သည ထိုသို့ဆက်မေးလိုက်ရာ လိုက်ဆန်ဒါတစ်ယောက် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
ပထမမူလကြယ်ကဲ့သို့ လူတစ်ဦးပင်လျှင် ဤပြဿနာကို မဖြေရှင်းနိုင်ပါက အစောပိုင်းဖြစ်ရပ်များနှင့် ဆက်စပ်တွေးကြည့်လိုက်သောအခါ ၎င်းက ဖြစ်နိုင်ချေတစ်ခုတည်းသာ ကျန်ရစ်တော့၏။
၎င်းသည် သူ၏ သမီးနှင့် ပတ်သက်နေသော ပြဿနာပင်ဖြစ်ရပေမည်။
ဖခင်တစ်ဦးသည် မည်မျှခွန်အားကြီးမားသူတစ်ဦး ဖြစ်စေကာမူ သူတို့၏ သားသမီးများနှင့် ပတ်သက်လာသောအခါများတွင် မဖြေရှင်းနိုင်သည့် ပြဿနာများ ရှိတတ်ကြပေသည်။
“ငါ့ပုံက အဲဒီလောက်တောင် သိသာလွန်းနေခဲ့တာလား”
လိုက်ဆန်ဒါသည် အာရန်၏စကားကြောင့် အနည်းငယ် အံ့အားသင့်သွားဟန် ဖြင့် ပြန်မေးလိုက်သည်။
ဤသို့ဖြင့် အာရန်သည် ပြဿနာ၏ အဓိကသော့ချက်အား ဖမ်းဆုပ်နိုင်ခဲ့၏။
ထို့နောက် လိုက်ဆန်ဒါသည် တစ်စုံတစ်ခုကို ချိန်ထိုး စဥ့်စားနေဟန်ဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
“ငါ မင်းရဲ့ အကူအညီကို တကယ်ပဲ လိုအပ်ကောင်း လိုအပ်လိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ငါ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကို ငါကိုယ်တိုင်တောင် မစဉ်းစားနိုင်လို့ပဲ။ မဟုတ်သေးဘူး… မင်းက ငါ့ကို ဒီပြသနာ ကူညီပေးနိုင်တဲ့ တစ်ဦးတည်းသောသူတောင် ဖြစ်သွားနိုင်တယ်”
လိုက်ဆန်ဒါသည် ဤနေရာတွင် စကားဆက်လက်ပြောနေရင်းဖြင့် အချိန်ဖြုန်းမိသလို ဖြစ်သွားခဲ့ကာ သူ၏ သမီးနှင့် ညစာစားရန် ထပ်မံနောက်ကျသွားမည်ကို စိုးရိမ်မိသည့်နှယ် သူတို့နှစ်ဦးအတွက် အချိန် စီးဆင်းမှု ကို နှေးကွေးစေရန် သီးသန့်နယ်မြေတစ်ခုကို ဖန်တီးလိုက်လေသည်။
သူ၏ ကိုယ်ပိုင် အချိန်ထိမ်းချုပ်နယ်မြေ အတွင်း၌မူ လိုက်ဆန်ဒါသည် သူလိုချင်သလောက် အချိန်ကို ဖြုန်းတီးနိုင်မည်ဖြစ်ပြီး မူလအချိန်စီးကြောင်းမှ အချိန်အား စက္ကန့်အနည်းငယ်မျှသာ ကုန်လွန်စေမည်ဖြစ်၏။
ထို့နောက် လိုက်ဆန်ဒါသည် သူ၏ ဘေးဘီဝဲယာသို့ သတိထား၍ ကြည့်လိုက်မိသည်။ လိုက်ဆန်ဒါသည် ပတ်ဝန်းကျင်ရှိ သေးငယ်သော တည်ရှိမှုလေးတစ်ခုကိုပင် ခံစားနိုင်လောက်အောင်အထိ စွမ်းအားကြီးသူတစ်ဦး ဖြစ်နေခဲ့သော်လည်း သူသည် သတိထား၍ ပြုမူနေဆဲပင်။
သူ၏ ချီတုံချတုံဖြစ်နေမှုသည် နံနက်ခင်းလင်းရောင်ချည်ကဲ့သို့ ရှင်းလင်းလွန်းနေ၏။
လိုက်ဆန်ဒါသည် ခဏတာ ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဆက်လက်၍...
“ဒါက ငါ့သမီးနဲ့ ပတ်သက်တဲ့ ပြဿနာပါ။ သူက တခြားအမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးချင်နေပုံရတယ်” ဟု ပြောလိုက်သည်။
“ဘယ်လို... ခင်ဗျားပြောချင်တာက...”
အာရန်သည် ထိုစကားကြောင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
ထိုသည်က လိုက်ဆန်ဒါ၏ ပြဿနာဆိုသည့်အရာလား။
သူ၏ သမီးက အခြားအမျိုးသမီးတစ်ဦးကို စိတ်ဝင်စားနေသည်ကို သူ့အနေနှင့် အဘယ်ကြောင့် စိုးရိမ်နေစရာလိုသနည်း။
၎င်းက အစောပိုင်းသူ၏ အပြုအမူအပေါ် လိုက်ဆန်ဒါတစ်ယောက် ဒေါသမထွက်ခဲ့ရသည့် အကြောင်းရင်းများလား...။
အနည်းဆုံး သူ၏ သမီးသည် ယောက်ျားသားတစ်ဦးနှင့် ချစ်ကြိုက်မိသွားမည် ဆိုလျှင်ပင် ယခုထက်တော့ သာဦးမည်ဟု ယူဆထားမိ၍လော...။
အာရန်သည် ရုတ်တရက် လိုက်ဆန်ဒါမှာ ၂၀၀၁ ခုနှစ်ကတည်းက ဤနေရာသို့ ရောက်လာခဲ့သူ ဖြစ်ကြောင်းအမှတ်ရလိုက်၏။
ထို့ကြောင့် ထိုအချိန်က သက်တန့်ရောင်လှုပ်ရှားမှုများ ကမ္ဘာမြေပေါ်တွင် တွင်တွင်ကျယ်ကျယ်ခေတ်စားခြင်းမျိုး မရှိသေးပေ။
အကယ်၍ လိုက်ဆန်ဒါသည်သာ ကမ္ဘာမြေပေါ်တွင် ၂၀၂၄ ခုနှစ် အထိ ဆက်လက်နေထိုင်ခဲ့မည် ဆိုပါက ဤကဲ့သို့ အတွေးအခေါ်များ ဆက်လက်၍ ထားရှိနိုင်ပ့ါဦးမလားဟု အာရန်တစ်ယောက် သံသယဝင်မိလိုက်သည်။
“သူတို့နှစ်ဦးကြားမှာ ချစ်မှုရေးရာကိစ္စတွေ လွန်လွန်ကျူးကျူးဘာမှ မရှိသေးဘူးဆိုတာကို ငါ အတည်ပြုနိုင်ခဲ့ပြီးပြီ ဒါပေမဲ့ ငါ့အနေနဲ့ စိတ်ပူနေရတုန်းပဲ” ဟု လိုက်ဆန်ဒါက အနည်းငယ်စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်သည်။
“သူတို့နှစ်ဦးက တပူးပူးတတွဲတွဲနဲ့ အချိန်အတော်ကြာ ရှိနေတတ်ကြတယ်။ ငါ့သမီးကို တခြားယောက်ျားလေး တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားတိုင်း သူမက သူတို့ကို လုံးဝ လျစ်လျူရှုထားလေ့ရှိပြီး အနည်းငယ်လေးတောင် စိတ်ဝင်စားမှု ပြန်မပြသခဲ့ဘူး”
“ဒီလိုပုံစံအတိုင်းဆိုရင် သူမ ဘယ်တော့မှ ယောင်္ကျားရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက ငါ့ရဲ့ အဓိက စိုးရိမ်မှုတော့ မဟုတ်သေးဘူး။ ငါ တကယ်စိုးရိမ်တာက တစ်နေ့နေ့မှာ သူမအနေနဲ့ အဲဒီမြေခွေးမနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ပေါင်းသင်းနေထိုင် သွားမိမှာကိုပဲ”
နောက်ဆုံးတွင် လိုက်ဆန်ဒါသည် ကမ္ဘာမြေမှလူသားတစ်ဦး ဖြစ်လေသည်။
သူ့အနေနှင့် ဤနေရာတွင် ရာစုနှစ်များစွာ နေထိုင်ခဲ့သူဖြစ်သော်လည်း သူ၏ တွေးခေါ်ပုံများမှာ ရှေးရိုးစွဲ ဆန်နေဆဲပင်။
သူသည် သူ၏ သမီးအား ယောက်ျားသားတစ်ဦးနှင့်သာ လက်ထပ်စေလိုနေပြီး သူမ၏ ကိုယ်ပိုင်မိသားစုဘဝလေးကို ထူထောင်စေလိုနေခဲ့၏။
သို့သော် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ၎င်းက သူ့အတွက် ဝေးကွာလွန်းသော အိပ်မက်တစ်ခုနှင့်ပင် တူနေခဲ့၏။
အာရန်သည်လည်း အရာများစွာကို နားလည်သွားခဲ့ရလေသည်။
သူ၏ စနစ်က ထိုသို့ ဆိုးဝါးသည့် ရွေးချယ်မှုများ အတင်းပေးကာ အနိုင်ကျင့်ရန် ကြိုးစားနေသည်ဟု ထင်ခဲ့မိသော်လည်း ၎င်းက သူ့အား ဤလမ်းကြောင်းဆီသို့ လမ်းညွှန်ပေးခြင်းသာဖြစ်ကြောင်း နောက်ဆုံး၌ သဘောပေါက်လိုက်သည်။
သို့သော် ဤအရာနှင့် ပတ်သက်၍ အာရန်တွင် မကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။
သူ၏ အယ်လီနာအပေါ် စိတ်ဝင်စားမှု ရှိနေကြောင်းကို ထုတ်ဖော်ပြသမိခဲ့ပြီးဖြစ်သည်။
ယခုလည်း သူသည် လိုက်ဆန်ဒါအား သူ၏ ပြဿနာကို ကူညီဖြေရှင်းပေးမည်ဟု ကတိပေးမိခဲ့သည်။
သူသည် ရွံ့နွံအိုင်တစ်ခုအတွင်းသို့ ခုန်ချမိခဲ့ပြီးဖြစ်ကာ သူ့အတွက် မည်သည့်အရာများ ရောက်ရှိလာတော့မည်ကို ကြိုတင်၍ မှန်းဆနိုင်နေပြီဖြစ်၏။
“ဖြစ်နိုင်တာက ခင်ဗျား စိတ်ပူလွန်နေတာမျိုး…”
သူသည် ဤ အရှုပ်ထုတ်ထဲမှ လွတ်မြောက်နိုင်မည့်လမ်းကို စဥ့်စားရင်း စကားလုံးအချို့ပြောရန် ပြင်ဆင်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူသည် အလွန်နောက်ကျသွားခဲ့လေ၏။
လိုက်ဆန်ဒါသည် သူ၏ ပခုံးကို ဖမ်းဆုပ်ထားလိုက်ပြီး သူ့အား လေးလေးနက်နက် စိုက်ကြည့်နေလိုက်သည်။
“မင်း ငါ့သမီးကို သဘောကျတယ် မဟုတ်လား။ ဒါက ကမ္ဘာမြေပေါ်မှာဆိုရင် မြင်မြင်ချင်း အချစ်လို့ ခေါ်ကြတယ် မဟုတ်ဘူးလား”
လိုက်ဆန်ဒါတစ်ယောက် သူ့အား ကြည့်နေသော ပုံစံအရ သူသည် ယခင်ကကဲ့သို့ သာမန် ကြည့်နေခြင်းမျိုး ဖြစ်ဟန်မရတော့ပေ။
အာရန်သည် ယခုတွင် ဤပျားရည်နွံအိုင်အတွင်းသို့ အမှန်တကယ် ကျရောက်ခဲ့ပြီးဖြစ်ကြောင်းသဘောပေါက်လိုက်ကာ ယခုမှတော့ ထိုအရာကို ရှောင်ရှားရန် သူ့တွင် နည်းလမ်းမရှိတော့ပေ။
အကယ်၍ သူသည်သာ အယ်လီနာအား စိတ်မဝင်စားပါဟု ဒဲ့ငြင်းလိုက်မိပါက သူ၏ အစောပိုင်း အပြုအမူများသည် သူမအား ပြောင်လှောင်ရန်ကြိုးစားခဲ့ခြင်းသက်သက်ဟု အဓိပ္ပာယ်သက်ရောက်သွားပေလိမ့််မည်။
ပို၍အရေးကြီးသည်မှာ အာရန်မှ သူ၏ သမီးအား ပြောင်လှောင်နေစဉ် လိုက်ဆန်ဒါသည် သူ၏ အနက်ရှိုင်းဆုံးသော နှလုံးသားမှ စိုးရိမ်မှုများကို ဖွင့်ပြောမိခဲ့ပြီးဖြစ်သည်။
ထို့အတွက် သူ့ကိုယ်သူ လူမိုက်တစ်ဦးကဲ့သို့ပင် ခံစားမိသွားပေလိမ့်မည်။
ထိုအခါ သူ၏ အနာဂါတ်သည် ကောင်းစရာလမ်းမမြင်တော့ပေ။
“ဒါ… ဒါကတော့ အင်။ မြင်မြင်ချင်း အချစ် အင် အဲ့လိုဖြစ်မယ်ထင်တယ်”
အာရန်သည် ထိုကံကြမ္မာအားငြင်းဆန်ရန်အတွက် လက်လျှော့လိုက်ပြီးနောက် အလိုက်အထိုက် ရေလိုက်ငါးလိုက်သာ ဆက်လက်ကပြရန် ဆုံးဖြတ်လိုက်သည်။
ထိုအရာမှာ စနစ်က သူ့ကို လုပ်ခိုင်းခဲ့သော်လည်း အမှန်တကယ်ပြုလုပ်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်နေခဲ့သောကြောင့် အခြားမည်သူ့ကိုမျှ အပြစ်ဖို့၍ မရနိုင်တော့ပေ။
“ဒီလိုဆိုရင် မင်းအနေနဲ့ ငါ့သမီးရဲ့ နှလုံးသားကို အနိုင်ယူဖို့ ဘာလို့ မကြိုးစားကြည့်ချင်ရတာလဲ”
လိုက်ဆန်ဒါသည် စိတ်လှုပ်ရှားစွာဖြင့် အာရန်အား ပြောလိုက်ရာ သူ၏ မျက်လုံးများ သည် မျှော်လင့်ချက်များဖြင့် ပြန်လည်လင်းလက်လာခဲ့၏။
ဤသည်မှာ ငရဲဘုံရှိ ခွန်အား အကြီးဆုံး လူသားတစ်ဦးက အာရန်အား သူ၏ သားမက် ဖြစ်စေလိုကြောင်း တိုက်ရိုက်နီးပါးပင် ပြောလာခြင်းမျိုး မဟုတ်ပါလား...။
ပုံမှန်အားဖြင့် ၎င်းကိစ္စက အာရန်အား တစ်နည်းနည်းဖြင့် စိတ်လှုပ်ရှားသွားစေမည့် ကိစ္စတစ်ခုဖြစ်နေသော်လည်း မေးခွန်းထုတ်ခံရသော အမျိုးသမီးမှာ သူ့ထက်ပင် ခွန်အားကြီးနေနိုင်သော အယ်လီနာကိုယ်တိုင်ပင် ဖြစ်နေလေ၏။
ထို့ပြင် သူမသည် ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမည် ဟုတ်မဟုတ်ကိုပင် သူ့အနေနှင့် မသေခြာနေခဲ့ပေ။
သူမအား အစောပိုင်းက ပရောပရည်လုပ်မိခဲ့ခြင်းတစ်ခုတည်းကပင် သူမအား အတော်လေး စိတ်ပျက်သွားစေခဲ့မိပြီး မဟုတ်ပါလား...။
ထိုလုပ်ရပ်တစ်ခုတည်းနှင့်ပင် သူမအနေနှင့် သူ့အား သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာခဲ့သောကြောင့် ယခုပြောနေသော အလုပ်သည် လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်နိုင်တော့ပေ။
သို့သော်တစ်ဖက်တွင်လည်း အာရန်အနေနှင့်သာ သူမ၏ အချစ်ကို ရယူနိုင်ခဲ့ပါက အာရန်သည် ဤနေရာတွင် ရှိနေသမျှကာလပတ်လုံး ငရဲဘုံတွင် သူ၏ လုံခြုံမှုကို လုံးဝ အာမခံချက်တစ်ခု ရှိသွားပေလိမ့်မည်။
လိုက်ဆန်ဒါကဲ့သို့သော ယောက္ခထီးတစ်ဦးသာ ရရှိသွားခဲ့မည်ဆိုပါက အခြား အရှင်သခင်များ သို့မဟုတ် သူတို့ နောက်ကွယ်ရှိ ဆိုင်ရာပိုင်ရာ အထက်ပုဂ္ဂိုလ်များ နှင့်ပတ်သက်၍ပင် သူ့အနေနှင့် ထိုမျှ စိုးရိမ်နေရန် လိုအပ်တော့မည်မဟုတ်ပေ။
၎င်းသည် စွန့်စားထိုက်သော အလုပ်တစ်ခုပင်ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ လိုက်ဆန်ဒါ၏ ကမ်းလှမ်းမှုကို သူ့အနေနှင့် ငြင်းပယ်၍ မရနိုင်ပေ။
ပထမမူလကြယ်ဖြစ်သူ လိုက်က်ဆန်ဒါအား ဆန့်ကျင်မိခြင်းထက်စာလျှင် သူ၏ သမီးအား လိုက်ရခြင်းက မည်သည့်ဘက်မှကြည့်သည်ဖြစ်စေ ပို၍ကောင်းမွန်းသော ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်နေသည် မဟုတ်ပါလား....။
“ဒါပေမဲ့ ကျုပ် သူမရဲ့ နှလုံးသားကိုဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ သူမအနေနဲ့ ကျုပ်ကို မုန်းတောင်မုန်းသွားပုံရတယ်။ သူမအနေနဲ့ ကျုပ်ကို ထပ်ပြီး မြင်ချင်တော့မယ်တောင် မထင်ပါဘူး” ဟု အာရန်သည် စိတ်ပျက်အားငယ်သွားဟန်ဖြင့် လိုက်ဆန်ဒါအား ပြန်ပြောလိုက်၏။
သူသည် တိုက်ရိုက်မပြောလိုက်သော်လည်း ထိုအရာက လိုက်ဆန်ဒါ၏ အကူအညီကို သူ့အနေနှင့် လိုအပ်နေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းပင်။
“အဲဒါနဲ့ပတ်သက်ပြီး မင်း ဘာမှ စိတ်ပူစရာမလိုဘူး။ မင်း နောက်ကို ဒီမှာပဲ ငါတို့နဲ့ အတူနေရတော့မှာ။ မင်း သူမနဲ့ ထပ်ပြီးတွေ့ဆုံနိုင်ဖို့ အခွင့်အရေးတွေအများကြီး ငါ သေချာဖန်တီးပေးမယ်။ အဲဒီ မြေခွေးမက သူမရဲ့ နှလုံးသားကို ခိုးယူမသွားခင် မင်း အနေနဲ့ သူမရဲ့ နှလုံးသားကို အနိုင်ယူဖို့ကြိုးစားနိုင်မှဖြစ်မယ် သိတယ်မလား…”
လိုက်ဆန်ဒါသည် သူ၏ စကားကို အဆုံးမသတ်ခဲ့သော်လည်း သူ၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်မှာမူ ရှင်းလင်းနေလေ၏။