← Chapters

ကျုပ်ရဲ့ မြေးတွေကို အလိုလိုက်ပြမယ်

Vol. 41 Ch. 592

ကျုပ်ရဲ့ မြေးတွေကို အလိုလိုက်ပြမယ်

Vol. 41 Ch. 592

…

“ခဏလေး”

အာရန်တစ်ယောက် ခန်းမအပြင်သို့ ထွက်ရန်ခြေလှမ်းပြင်လိုက်စဉ်မှာပင် အယ်လီနာ က သူ့အား လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။

“ရေဓာတ်မြှင့်တင်စမ်း” ဟု အာရန်သည် နဂါးလျှာအစွမ်းကို သုံးကာ တီးတိုးရေရွတ်လိုက်ပြီးနောက် မျက်ရည်တစ်စက်ကို ဖန်တီးကာ သူ၏ မျက်လုံးထောင့်ကို ထိလိုက်သည်။

“ဟမ်”

အာရန်သည် နောက်သို့ ပြန်လှည့်လိုက်ပြီး သူသည် စိတ်မကောင်းဖြစ်ကာ မျက်ဝန်းများအတွင်း၌ အနည်းငယ် စိုစွတ်နေဟန်ပြုမူလိုက်ကာ ထိုအမူအရာအား အယ်လီနာကို မြင်တွေ့စေလိုက်သည်။

သူသည် ထိုကဲ့သို့သော ပြဇာတ်ဆန်ဆန် လုပ်ရပ်များပြုလုပ်ရသည်ကို မုန်းတီးသူတစ်ဦးဖြစ်သော်လည်း သူ့အနေနှင့် ဘာမျှ မတတ်နိုင်ခဲ့ပေ။

သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို မိခင်ကမ္ဘာမြေ မှ ပြန်ခေါ်လာရန်နှင့် သူ၏ လုံခြုံမှုကို အာမခံနိုင်ရန်အတွက် လိုက်ဆန်ဒါ ၏ အကူအညီကို လိုအပ်နေသေးသည် မဟုတ်ပါလား။

အာရန်အနေနှင့် အယ်လီနာမှာ လိင်တူနှစ်သက်သူတစ်ဦး မဟုတ်ကြောင်း လိုက်ဆန်ဒါအား သက်သေပြရန်အချက်မှာ သူ့အတွက် အခက်ခဲဆုံးအပိုင်း ဖြစ်လေသည်။

အာရန်အနေနှင့် အနည်းငယ်ရှက်ရွံ့ဖွယ်ကောင်းသော ကနွဲ့ကလျဆန်သည့် သူ၏ ယခုကဲ့သို့ ပုံစံအား ထုတ်ဖော်ပြသမိခြင်းသည် အယ်လီနာကဲ့သို့ အမျိုးသမီးမျိုးအား ချဥ်းကပ်ရာတွင် အလားအလာကောင်းများ ရရှိလာနိုင်ချေ မြင့်မားလေသည်။

သူမအနေဖြင့် သူ့အပေါ် အမှန်တကယ် ချစ်မိစေရန်အတွက်ကိုမူ အာရန်သည် အမှန်တကယ်ပင် ဂရုမစိုက်ပေ။

အဘယ်ကြောင့်ဆိုသော် လိုက်ဆန်ဒါသည် သူ့အား အချိန်ကန့်သတ်ချက် မပေးထားပေ။

သူ့အနေနှင့် ကြိုးစားနေဟန် ပြသနိုင်နေသမျှကာလပတ်လုံး၌ ၎င်းကို ထာဝရ ကြာသည်အထိ အချိန်ဆွဲဆန့်ထားနိုင်လေသည်။

“မင်းကိုယ့်ကို တစ်ခုခု ပြောလိုက်တာလား” ဟု အာရန်သည် အယ်လီနာအား မေးလိုက်သည်။

“အာ ဒီလိုမြင်ကွင်းမျိုး ထုတ်ဖော်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်”

အာရန်သည် သူ၏ ပါးပေါ်သို့ စီးကျလာနေသော မျက်ရည်စအချို့ကို သတိပြုမိလိုက် သည့်နှယ် လက်တစ်ဖက်ဖြင့် ပြန်လည် သုတ်ပစ်ရင်းပြောလိုက်သည်။

သူသည် အယ်လီနာအား သူ၏ ထိုကဲ့သို့သော မြင်ကွင်းကို ပြသမိလိုက်ခြင်းအတွက် အတော်လေး ရှက်ရွံ့မိလိုက်သည်။

လိုက်ဆန်ဒါပင် အာရန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

ဤချာတိတ်သည် ဤမျှ စိတ်ပျော့ညံ့သူတစ်ဦးလား...။ ထိုသို့မဖြစ်နိုင်ပေ။

အာရန်သည် အစောပိုင်း ပေါက်ကွဲမှုပြီးနောက် သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ ထိခိုက်မိသွားစဥ်ကပင် အနည်းငယ်မျှ ငြီးတွားခဲ့သူတစ်ဦးမဟုတ်ကြောင်း သူသိထားလေသည်။

သို့သော် ယခုသူသည် သူ့သမီးရှေ့၌ အမှန်တကယ် မျက်ရည်ကျမိသွားသည်တဲ့လား...။

လိုက်ဆန်ဒါတစ်ယောက် အတွေးထဲနစ်မြောမိသွားသည်။

၎င်းသည် ဟန်ဆောင်မှုတစ်ခုဟု စွတ်စွဲရန်မှာမူ ဤအခြေအနေအရ အနည်းငယ် ခက်ခဲနေလေသည်။

သူ၏ သမီးမှ အစောပိုင်း ရိုင်းစိုင်းသော အပြုအမူကြောင့် အာရန်သည် သူချစ်သောကောင်မလေးမှ သူ့အား ထိုသို့ဆက်ဆံသည်ဟူ၍ တွေးမိကာ စိတ်ထိခိုက်၍ ထိုသို့ဖြစ်သွားခဲ့ခြင်း ဖြစ်မည်ဟု ယူဆမိလိုက်သည်။

လိုက်ဆန်ဒါသည် တစ်စုံတစ်ရာကို တွေးမိလိုက်သောအခါ စတင်၍ ထိတ်လန့် လာခဲ့သည်။

သူ၏ သမီး အပြုအမူကြောင့် အာရန်၏ ချစ်ခြင်းတရားများသည် ပိုမို မကြီးထွားလာနိုင်ခင်မှာပင် အဆုံးသတ်သွားခဲ့ပြီလော...။

“မင်း… မင်း အဆင်ပြေရဲ့လား” လိုက်ဆန်ဒါသည် အာရန်အား စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

အစပိုင်းတွင် အယ်လီနာပင် သူမ ဖခင်၏ အပြုအမူများကို ထူးဆန်းသည်ဟု ယူဆခဲ့ပြီး ၎င်းသည် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ရမည်ဟု ယူဆထားခဲ့သည်။

သို့သော် အာရန်မှာမူ သရုပ်ဆောင်နေပုံ မပေါက်ပေ။

ယခု သူမ ဖခင်၏ ထိတ်လန့်နေသောအမူအရာကို မြင်လိုက်ရသည့်အခါတွင်မူ သူမသည် အတွေးလွန်သွားခြင်း ဖြစ်ရမည်ဟု ယုံကြည်သွားခဲ့သည်။

သူမ၏ ဖခင်သည် ဤလူငယ်အား အမှန်တကယ်ပင် ဂရုစိုက်ပုံရလေသည်။

“ကျွန်မ… ကျွန်မ ရှင့်ကို အထင်လွဲသွားတယ်ထင်တယ်။ ရှင် ကျွန်မတို့နဲ့အတူ ညစာ လာစားလို့ရပါတယ်။ ကျွန်မတို့ကြားအစောပိုင်း ဖြစ်ပျက်ခဲ့တာကို ကျွန်မ မေ့ပစ်လိုက်ပါ့မယ်”

အာရန်၏ အမူအရာကြောင့် သူမကိုယ်သူမ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားမိလိုက်သဖြင့် သူမ၏ လေသံသည် အနည်းငယ်နူးညံ့လာခဲ့၏။

အမှန်တကယ်တွေးကြည့်သောအခါ အာရန်သည် အပြစ်ကင်းသူတစ်ဦး ဖြစ်ခဲ့ပြီး သူမသည် သူ့အား ဒေါသအလျောက် ရိုက်နှက်ခဲ့မိသည်။

သူမသည် ထိုအပြုအမူအတွက် အနည်းငယ်ပင် နောင်တရမိလိုက်သည်။

သို့သော် ပြန်တွေးကြည့်သောအခါ သူမသည်လည်း မှားသည်ဟု မဆိုနိုင်ပေ။

အာရန်သည် ထိုစကားလုံးများကို ပြောစဥ်က သူမထင်သလို ရည်ရွယ်ထားခဲ့ခြင်း မဟုတ်ပဲ သူ၏ဒေသဆိုင်ရာ ယဥ်ကျေးမှုအရ နှုတ်ဆက်ခြင်းသာဖြစ်သဖြင့် အပြစ်တင်၍ မရပေ။

သို့သော် ထိုအရာနှင့်ပတ်သတ်၍ သူမသည် သူ့အားနားလည်မှု လွဲမှားသွားခဲ့ခြင်းသာ ဖြစ်လေ၏။

“တွေ့လား... ငါ့သမီးတောင် မင်းကို ခွင့်လွှတ်ဖို့ သဘောတူလိုက်ပြီပဲ။ သူ မှားခဲ့တာဆိုတော့ မင်းလည်း အဲ့ကိစ္စကို မေ့ပစ်လိုက်သင့်တယ်”

လိုက်ဆန်ဒါသည် အာရန်အား အားပေးစကားဆို၍ စိတ်ကို ပြန်ထိမ်းရန် ပြောဆိုလိုက်သည်။

အာရန် တစ်ယောက် ဘာမှ ပြန်မပြောနိုင်မှီမှာပင် လိုက်ဆန်ဒါသည် အာရန်အား ကစားစရာတစ်ခုပမာ စားသောက်ပွဲရှိရာဆီသို့ ပြန်လည် ဆွဲခေါ်သွားတော့၏။

ဤသို့ဖြင့် အာရန်သည် လိုက်ဆန်ဒါ၏ အပြုအမူများကို အနည်းငယ် အသားကျသလို ဖြစ်သွားခဲ့ရသည်။

လိုက်ဆန်ဒါသည် အာရန်အား သူ၏ သမီးဘေးတွင် ထိုင်စေခဲ့သည်။

သူတို့နှစ်ဦး ပိုမို ရင်းနှီးသွားစေရန် သို့မဟုတ် အနည်းဆုံး တစ်ဦးကိုတစ်ဦး ပိုမို၍ မျက်မှန်းတန်းမိလာနိုင်စေရန် ထိုသို့ နေရာချပေးလိုက်ခြင်းလည်း ဖြစ်လေသည်။

“ရှင်က ဒီက မဟုတ်ဘူးလို့ ပြောခဲ့တယ်နော်။ ဒါဆိုရှင်က ဘယ်ကမ္ဘာကလာတဲ့သူလဲ။ ရှင့်ရဲ့ ကမ္ဘာက ဘယ်မှာလဲ”

အယ်လီနာသည် အာရန်၏ အစောပိုင်း စကားများကို ပြန်လည်စဉ်းစားမိလိုက်သဖြင့် အာရန်အား မေးခွန်းအချို့မေးလိုက်သည်။

သူမအနေဖြင့်ပင် ဤကမ္ဘာတွင် ကျွန်ပြုခံရခြင်းမရှိသော ပြင်ပလူစိမ်းတစ်ဦးကို မြင်တွေ့ရခြင်းသည် အတော်လေးရှားပါးသော ဖြစ်စဥ်ဖြစ်လေသည်။

ထို့အပြင် သူမထံမှ ရိုက်နှက်မှုကို ခံလိုက်ရပြီးနောက်တွင်ပင် သူသည် ဘာမှမဖြစ်သကဲ့သို့ နေနိုင်ခဲ့သဖြင့် သူသည် သန်မာသူတစ်ဦးဟုလည်း ယူဆ၍ ရလေသည်။

၎င်းသည် ဤငရဲတွင် မွေးဖွားကြီးပြင်းခဲ့သော စားဖိုမှူးများ အများအပြားပင် မလုပ်ဆောင်နိုင်သော စွမ်းဆောင်ချက်တစ်ခုဖြစ်လေသည်။

သူမသည် အာရန်အား မေးမြန်းခြင်း၌ အာရုံစိုက်နေစဉ်မှာပင် သူမ ဖခင်၏ မျက်နှာပေါ်တွင် ပေါ်လာသော အပြုံးတစ်ခုကို သူမ သတိမထားမိလိုက်ပေ။

သူ၏ သမီးက အာရန်ကို စိတ်ဝင်စားနေခြင်းကြောင့် သူသည် အမှန်တကယ် ပျော်ရွှင်နေမိသည်။

လိုက်ဆန်ဒါ၏ စိတ်ထဲတွင် ယူဆထားသည်မှာ သူ့သမီးအနေဖြင့် အခြားသူတစ်ဦးအပေါ် ထိုသို့ သိလိုစိတ်ပြင်းပြနေခြင်းသည် ချစ်ခြင်းမေတ္တာများ၏ ပထမခြေလှမ်းဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူသည် ၎င်းတို့နှစ်ဦးအား မနှောင့်ယှက်တော့ဘဲ တိတ်ဆိတ်စွာသာ စားသောက်နေခဲ့သည်။

ထို့ပြင် လိုက်ဆန်ဒါသည် အခန်းပတ်လည်တွင် အကာအကွယ်လွှာတစ်ခုကိုပင် ဖန်တီးထားခဲ့ကာ ဤအချိန်ကို အနှောင့်အယှက်မပေးစေရန် အစေခံများကိုပင် ဝင်မလာနိုင်စေရန် ပြုမူလိုက်ခြင်းဖြစ်လေသည်။

‘ကျုပ်ရဲ့ ဇာတိမြေ အကြောင်း သူမကို ပြောပြရင် အဆင်ပြေပ့ါမလား’

အာရန်သည် ကမ္ဘာမြေအကြောင်း အယ်လီနာအား အသိပေး၍ ဖြစ်ပါ့မလားဟု စိုးရိမ်နေဟန်ဖြင့် လိုက်ဆန်ဒါအား မေးလိုက်သည်။

အာရန်သည် လိုက်ဆန်ဒါမှာ မိခင်ကမ္ဘာမြေမှ ‌ရောက်ရှိလာသူ ဖြစ်သောကြောင့် ကမ္ဘာမြေကို ချစ်မြတ်နိုးကြောင်း သိထားခဲ့သည်။

သို့သော် သူ၏ သမီးမှာ မတူပေ။

သူမသည် ဤကမ္ဘာတွင်သာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်နေသည်။

သူမသည် ကမ္ဘာမြေမှ မည်သည့်အရာကိုမျှ တွယ်တာမိစရာအကြောင်းမရှိပေ။

ထို့ပြင် သူမအနေဖြင့် သူမဖခင်၏ ကမ္ဘာမြေအပေါ် စွဲလမ်းမှုအား မြင်တွေ့ပြီးနောက် ကမ္ဘာမြေအကြောင်း မကောင်းသည့် အမြင်များပင် ရှိနေနိုင်ပေသည်။

‘မင်း င့ါသမီးကို ပြောပြလို့ရတယ်။ င့ါသမီးက ကမ္ဘာမြေကို မမုန်းပါဘူး။ မင်း ငါ့ကို ပြောပြခဲ့တဲ့ ပုံပြင်အချို့ကိုလည်း သူမကို ပြောပြနိုင်ပါတယ်’

လိုက်ဆန်ဒါသည် သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကိုပင် ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ အာရန်အား ပြန်ဖြေလိုက်သည်။

လိုက်ဆန်ဒါသည် သူ၏ မြေးကလေးများ သူ့ဆီသို့ ပြေးလာပြီး သူ့အား ဘိုးဘိုးကြီး ဟု ခေါ်နေသည့်မြင်ကွင်းကိုပင် စိတ်ကူးယဥ်နေမိပြီဖြစ်၏။

သူသည် သူ၏ မြေးလေးများအား ပေးချင်သည့် နာမည်များအကြောင်းနှင့် ထိုမြေးလေးများအား တလောကလုံးသိအောင် မည်သို့ အလိုလိုက်ပြမည် ဆိုသည့်အကြောင်းများကိုပါ အတွေးနယ်ချဲ့လျက် သူ၏မျက်နှာတွင် ပြုံးဖြီးဖြီးကြီး ဖြစ်နေလေသည်။

အာရန်သည် လိုက်ဆန်ဒါ၏ အတွေးများကို ဖတ်နိုင်ရန် မလိုအပ်ခဲ့ပေ။

မျက်နှာအမူအရာမှတစ်ဆင့် ထိုလူကြီး မည်သည့်အရာများ ကြိတ်‌တွေးနေသည်ကို သူ့အနေနှင့် ခန့်မှန်းနိုင်လေသည်။

အဘယ့်ကြောင်းမှန်းမသိ လိုက်ဆန်ဒါ၏ မျက်နှာအမူအရာသည် ဤအချိန်၌ အတော်လေး ထုရိုက်ချင်စရာ ကောင်းလွန်းနေခဲ့သည်။

ကံမကောင်းစွာဖြင့် သူသည် အလိုရှိလျှင်ပင် ထိုသို့ မပြုလုပ်နိုင်ပေ။

လိုက်ဆန်ဒါသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်တည်မှုတစ်ခုဖြစ်နေပြီး သူ့ထက် အဆပေါင်းများစွာ ခွန်အားကြီးမားသူတစ်ဦးလည်း ဖြစ်လေသည်။

အာရန်သည် လိုက်ဆန်ဒါအကြောင်း တွေးတောခြင်း သို့မဟုတ် သူ၏ စိတ်တိုစရာ မျက်နှာအား ကြည့်နေခြင်းအား အလျှင်အမြန်ပင် ရပ်တန့်လိုက်ရသည်။

သူသည် အယ်လီနာ၏ လှပသော မျက်နှာပေါ်တွင်သာ ပြန်လည် အာရုံစိုက်ထားလိုက်ရာ ထိုအခါမှသာ ပို၍ သက်တောင့်သက်သာဖြစ်သွားဟန်ရ၏။

“ကိုယ်က ကမ္ဘာမြေလို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ဝေးလံခေါင်ဖျား ကမ္ဘာတစ်ခုကပါ” အာရန်သည် အယ်လီနာအား ထိုသို့ ပြန်ပြောလိုက်ရာ သူမသည် သူမ၏ အံ့အားသင့်မှုကိုပင် မဖုံးကွယ်နိုင်တော့ပေ။

“အိုး....ရှင် နောက်နေတာလား။ ဒါက မဖြစ်နိုင်ဘူး။ ကမ္ဘာမြေဆီသွားတဲ့ ဂိတ်တံခါးပေါက်ကို ကျွန်မ အဖေကိုယ်တိုင် ပိတ်ပစ်ခဲ့တာ အတော်ကြာနေပြီလေ” ဟု အယ်လီနာတစ်ယောက် အာမေဋိတ်သံအချို့ ပြုမိလိုက်ရင်း အံ့အားသင့်စွာ ပြန်ပြောလိုက်မိသည်။

သူမ၏ စကားကို ကြားလိုက်ရသောအခါတွင်မှ လိုက်ဆန်ဒါတစ်ယောက်လည်း ထိုအကြောင်းကို ပြန်လည် သတိထားမိလိုက်သည်။

သူကိုယ်တိုင်ပင် ဤငရဲနှင့် ကမ္ဘာမြေကို ဆက်သွယ်ထားသော ဂိတ်တံခါးပေါက်ကို ပိတ်ပစ်ခဲ့ပြီးဖြစ်သည် မဟုတ်ပါလား။

သို့ဆိုလျှင် အာရန်သည် ဤကမ္ဘာသို့ မည်သို့ ရောက်ရှိလာနိုင်ခဲ့သနည်း။

သူသည် ကမ္ဘာမြေမှ လူတစ်ဦးကို ရှာတွေ့ခဲ့အဖြင့် စိတ်လှုပ်ရှားလွန်သွားခဲ့ကာ ထိုကိစ္စကို လုံးဝ သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။

“အဲ့ဒါတော့ ကိုယ်လဲ သေချာမသိဘူး။ တစ်နေ့ ကိုယ့် မျက်လုံးပြန်ဖွင့်လာတဲ့အချိန်မှာ ဒီနေရာကို ရောက်နေမှန်း သိလိုက်ရတာပဲ။ အနီးအနားမှာ ဂိတ်တံခါးပေါက်လို ဟာမျိုးတော့ မတွေ့ခဲ့မိပါဘူး။ ဒါကြောင့် ကမ္ဘာမြေကို ပြန်သွားနိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့ဖို့အတွက် ဒီငရဲဘုံမှာ နေရာအစုံ ချေဆန့်ဖို့ ဆုံးဖြတ်ခဲ့မိတာပါ”

အာရန်သည် သူ့အနေနှင့် အယ်လီနာကိုသာမက သူမ၏ ဖခင်ဖြစ်သူ ပထမမူလကြယ်ကိုပါ စကားလုံးအချို့ဖြင့် လှည့်ဖြားရန်လိုအပ်နေကြောင်း သဘောပေါက်လိုက်မိသဖြင့် လိမ်ဆင်တစ်ခုကို လုပ်ကြံဖန်တီးလိုက်လေသည်။

All Chapters